← Chapters

ယူဂလေ့သို့ အပြေးအလွှား

Vol. 75 Ch. 1045

ယူဂလေ့သို့ အပြေးအလွှား

Vol. 75 Ch. 1045

မွေးနေ့ဧည့်ခံပွဲကို လေးထောင့်ပုံမြေကွက်လပ်တွင် ကျင်းပ၏။ အရမ်းခမ်းနားသည် မဟုတ်သော်လည်း ဟင်းပွဲများက အရသာရှိပြီး ခမ်းနားသောထန်စီးပွားရေးလုပ်ငန်းစုက နတ်ဘုရားဝိုင်အား ထောက်ပံ့ပေးထားသည်၊ ထို့ကြောင့် လူတိုင်းက စိတ်ရှိသလောက် သောက်နိုင်၏။ သို့သော် ထန်ကောရှန်၏စိတ်ကမူ အလွန်လေးလံနေသည်။

သို့သော် မွေးနေ့ဧည့်ခံပွဲ ပြီးခါနီးတွင် ထန်ရှုက ဖုန်းအခေါ်တစ်ခု ရုတ်တရက် ရရှိလာပြီး သူ့အမူအရာက အပြင်းအထန် ပြောင်းလဲသွား၏။

ထန်ရှုက ‌ထန်ကောရှန်ထံ လျင်မြန်စွာ ရောက်လာကာ တီးတိုးပြောလိုက်သည်"ငါ မင်းနဲ့ စကားပြောဖို့ လိုတယ်၊ အဖိုး"

သူ၏လေးနက်သောအမူအရာကို မြင်ပြီး ထန်ကောရှန်က ရုတ်တရက် မျက်မှောင်ကြုတ်ကာ မေးလိုက်သည်"ဘာဖြစ်တာလဲ"

"အနေအထားက အရေးကြီးနေတယ်၊ မြို့‌တော်ကနေ ကျွန်တော် ချက်ချင်း ထွက်သွားရမယ်"ထန်ရှုက ပြန်ဖြေသည်။

"နောက်ထပ်ဖြစ်ရပ်တစ်ခုလား၊ ဘာဖြစ်တာလဲ"ထန်ကောရှန်က မေးလိုက်သည်။

"ကြောက်စရာကောင်းတဲ့သားရဲရိုင်းတွေက ဟိမဝန္တာတောင်တန်းမှာ ထွက်ပေါ်လာတယ်"ထန်ရှုက တိုးတိုးပြောလိုက်သည်"တည်‌နေရာက ယူဂလေ့လို့ခေါ်တဲ့မြို့ငယ်တစ်ခုနဲ့ အရမ်းနီးကပ်ပြီး မြို့သူမြို့သားတစ်သောင်းလောက်က တိုက်ခိုက်ခံခဲ့ရတယ်။ နေထိုင်သူတွေ များစွာ အသတ်ခံခဲ့ရပြီး မြို့က အပျက်အဆီးတစ်ခု ဖြစ်သွားပြီလို့ သွမ်မုလင်က ငါ့ကို ပြောခဲ့တယ်"

ထန်ကောရှန်က ရုတ်ချည်း ထရပ်လိုက်သည်။ အလင်းတန်းများက သူ့မျက်လုံးများအား အကြိမ်အနည်းငယ် ဖြတ်သန်းသွားပြီး သူက အသံနှိမ့်ကာ ပြောလိုက်သည်"ဒါဆို အဲကို မြန်မြန်သွားပြီး အဲဒီသားရဲတွေကို သတ်ပစ်။ မှတ်ထားပါ၊ မင်း ဘေးကင်းရမယ်။ မင်းရဲ့အသက်က မင်းရဲ့ပထမဦးစားပေးပဲ"

ထန်ရှုက လေးနက်စွာ ပြောလိုက်သည်"ငါ သိပါတယ်"

ထန်ကောရှန်က ထန်ရှု၏လက်အား ရုတ်တရက် ဆွဲကိုင်ကာ ကမန်းကတန်း ပြောလိုက်သည်"ကျီချန်ကို ကာကွယ်၊ ရှုအာ။ အတိတ်မှာ သူက အသက်စွန့်ပြီး ငါနဲ့အတူ အန္တရာယ်တွေ ရင်ဆိုင်ခဲ့တယ်၊ ငါ့အသက်ကို အကြိမ်မရေမတွက်များစွာ ကယ်ခဲ့တယ်။ သူ့ကြောင့်သာမဟုတ်ရင် ငါ သေတာ အကြိမ်မရေနိုင်တော့ဘူး။ တန်ဖိုးက ဘယ်လောက်ပဲ ကြီးကြီး၊ သူရဲ့ဘေးကင်းမှုကို အာမခံရမယ်။ သူ့ကို ငြိမ်းငြိမ်းချမ်းချမ်းနဲ့ သေခွင့်ပေးလိုက်ပါ"

ထန်ရှုက ခေါင်းညိတ်ကာ ပြောလိုက်သည်"ငါ သိပါပြီ"

များမကြာမီ ထန်ရှုက ထန်ဂိုဏ်းတပည့်များနှင့် ဆက်သွယ်ခဲ့သည်။ သူတို့အား စောင့်ကြပ်ရန် ထန်မိသားစုက အစစ်အမှန်ကျွမ်းကျင်သူများ လိုအပ်သည်၊ ထို့ကြောင့် ထန်ဂိုဏ်းတည်ထောင်ပြီးနောက် တပည့်ဆယ်ယောက်ကျော်လွှတ်ကာ ထန်များအား သူက စောင့်ကြပ်စေခဲ့၏။

"အဲဒီအကြီးအကဲကို တားပြီး ငါ့ကို စောင့်နေ"

ဖုန်းချပြီးနောက် ထန်၂၈တို့ငါးယောက်အဖွဲ့နှင့်အတူ သူက အလျင်အမြန် ထွက်လာခဲ့သည်။ ဘူတာရုံသို့‌ ရောက်ပြီး ကျိုးကျီချန်၏ရှုပ်ထွေးသောမျက်နှာအား မြင်သောအခါ သူက အားတင်းပြုံးလျက် ပြောလိုက်၏"အဖိုးကျိုး၊ အဖိုးက ငါ့ကို ဒီနေရာကို လွှတ်လိုက်တာ မဟုတ်ဘူး။ သားရဲရိုင်းအချို့က ယူဂလေ့မှာ ထွက်ပေါ်လာပြီး လူများစွာ သတ်ဖြတ်ခဲ့တယ်လို့ ငါ သတင်းတစ်ခု ရခဲ့တယ်။ အဲကို သွားပြီး သူတို့ကို ဖယ်ရှားဖို့ဆိုတာ ငါ့ရဲ့တာဝန်ပဲ။ မင်း ပြန်မယ့်အချိန်မှာ ဒါက တိုက်တိုက်ဆိုင်ဆိုင် ဖြစ်ပျက်ခဲ့တာပဲ။ ဒါကြောင့် ငါတို့ အတူသွားကြမယ်၊ လမ်းမှာ တစ်ယောက်ကိုတစ်ယောက် ဂရုစိုက်လို့ရတာပေါ့"

ခါးသီးသောအကြည့်တစ်ခုက ကျိုးကျီချန်၏မျက်နှာပေါ်တွင် ထွက်ပေါ်လာပြီး သူက သက်ပြင်းချလိုက်သည်"အဲဒီသားရဲရိုင်းတွေက သောင်းကျန်းနေတာပေါ့။ မြန်မြန်ပြောင်းရွှေ့ဖို့ လူတိုင်းကို ငါ ပြောခဲ့တာပဲ။ ဒေသခံအာဏာပိုင်တွေကိုတောင် ငါ သတိပေးခဲ့တယ်။ တစ်ယောက်မှ ဒီလူအိုကြီးရဲ့စကားကို နားမထောင်ခဲ့ကြဘူး။ တစ်ယောက်မှ ငါ့ကို မယုံကြည်ကြဘူး"

"အဖိုးက ဒီသားရဲရိုင်းတွေရဲ့တည်ရှိမှုကို သိတာလား"ထန်ရှုက အမူအရာပြောင်းလဲသွားလျက်ကမန်းကတန်း မေးလိုက်သည်"အဲဒီသားရဲတွေက အဖိုးကို ဒီဒဏ်ရာတွေ ရစေခဲ့တာလား"

"သားရဲတစ်ကောင်ထက် ပိုတယ်။ အဲဒါက သားရဲတစ်အုပ်ပဲ။ အဲတစ်ကောင်ဆိုရင် အရမ်းအားကောင်းတယ်။ အဲကောင်သာ ငါ့ကို တိုက်ခိုက်ခဲ့ရင် ငါ သေသွားနေလောက်ပြီ။ ငါ့ကို ဒဏ်ရာရစေခဲ့တာက ပိုအားနည်းတဲ့အကောင်ပဲ၊ ငါ အပြေးမြန်သွားလို့ အသက်ရှင်နိုင်ခဲ့တာ"

"အဖိုးကျိုး၊ ငါ့ကို အဲနေရာက အနေအထားကို ပြောပြပါ"ထန်ရှုက အလျင်စလို ပြော၏။

"ယူဂလေ့က ဟိမဝန္တာတောင်တန်းအနားမှာ တည်ရှိတယ်"ကျိုးကျီချန်က ခေါင်းညိတ်ကာ ပြောလိုက်သည်"နှင်းကြာပန်းကို ရဖို့ ဟိမဝန္တာတောင်တန်းထဲကို အကြိမ်မရေမတွက်များစွာ ငါ ဝင်ရောက်ခဲ့တယ်။ နောက်ဆုံးအကြိမ် ငါ အဲကို သွားတဲ့အချိန်မှာ အနက်ပိုင်းကို ရောက်သွားပြီး အဲဒီသားရဲသိုက်ကို တွေ့ခဲ့တာပဲ။ အကြီးဆုံးနဲ့အကြမ်းကြုတ်ဆုံးအကောင်က အဆောက်အဦးငယ်နှစ်ခုစာလောက် မြင့်တယ်။ ၎င်းက မွန်းစတားကြီးတစ်ကောင်ပဲ။ ဒါပေမယ့် အခြားကောင်တွေက မရေမတွက်များစွာ ရှိတယ်။ သူတို့က အဲလောက် မကြီးပေမယ့် ကြောက်စရာကောင်း‌တုန်းပဲ။ သူတိုအသိုက်ရဲ့အစွန်အဖျားကို ငါ ရောက်သွားတဲ့အချိန်မှာ တစ်ယောက်က ငါ့ကို တွေ့သွားပြီး ဒဏ်ရာရစေခဲ့တယ်"

"ငါ သိပြီ"ထန်ရှုက ခေါင်းညိတ်ကာ ထပ်မေးလိုက်သည်"အဲနေရာမှာ ဒီလောက်များတဲ့သားရဲတွေ ရှိမှတော့ သူတို့ အရင်က မထွက်လာဖူးလား။ အခုမှ ဘာလို့ သူတို့ရဲ့အသိုက်ကနေ ထွက်လာတာလဲ"

"အကြောင်းရင်းအတိအကျကိုတော့ ငါ မသိဘူး"ကျိုးကျီချန်က သက်ပြင်းချလိုက်သည်"ဒါပေမယ့် ငါ သေချာတာကတော့ သားရဲတွေကို တစ်ခုခုက တားဆီးထားတာပဲ၊ သူတို့ ထွက်လို့မရခဲ့ဘူး။ ငါ့နောက်လိုက်လာတဲ့တစ်ကောင်ကိုတောင် မမြင်နိုင်တဲ့စွမ်းအင်အလွှာတစ်ခုက တားဆီးခဲ့တယ်။ ဒါပေမယ့် အဲသားရဲတွေက ငါမမြင်နိုင်တဲ့အတားအဆီးလိုအရာတစ်ခုကို အဆက်မပြတ် တိုက်ခိုက်နေတယ်။ ဒါက သူတို့ အခုလို ထွက်လာရတဲ့ အကြောင်းရင်းလို့ ငါ ထင်တယ်"

အစီအရင်ဝင်္ကပါတစ်ခုလား။

ထန်ရှုက စိတ်ထဲ၌ တုန်လှုပ်သွားသည်။ ထို့နောက် သူက လျင်မြန်စွာ ပြောလိုက်သည်"အဖိုးကျိုး၊ ဒါက အရေးကြီးတဲ့အခြေအနေတစ်ခုပဲ၊ ဒါကြောင့် ငါတို့ အဲနေရာကို မီးရထားနဲ့ သွားလို့မရဘူး။ ငါ လေယာဉ်လိုင်းတစ်ခုနဲ့ ချိတ်ဆက်ထားပြီးပြီ၊ ဒါကြောင့် ငါတို့ အဲကို လေယာဉ်နဲ့ သွားမယ်၊ ပြီးရင် ကားပြောင်းစီးမယ်"

သိသာစွာပင် ကျိုးကျီချန်လဲ ယူဂလေ့ရှိ လက်ရှိအနေအထားအား သိချင်သည်၊ ထို့ကြောင့် သူက ခေါင်းညိတ်ကာ ပြောလိုက်၏"မင်း ပြောသလိုပဲ လုပ်ကြတာပေါ့"

တစ်နေ့တာ ကုန်ဆုံးပြီး နောက်တစ်နေ့ မွန်းတည့်ချိန်တွင် သူတို့က ဟိမဝန္တာတောင်တန်း၏နှင်းထူထပ်‌သောတောင်ထိပ်အနီးရှိယူဂလေ့မြို့သို့ ရောက်ရှိလာခဲ့၏။

"ကောင်းကင်ဘုံ...ဘယ်လိုလုပ်ပြီး ဒီလို ပြောင်းလဲသွားတာလဲ"

ယူဂလေ့ရှိအနေအထားကို မြင်ပြီးနောက် ကျိုးကျီချန်၏မျက်နှာက မယုံကြည်နိုင်မှုတို့နှင့် ပြည့်သွားသည်။ ယူဂလေ့မြို့က အပျက်အဆီးတစ်ခုအဖြစ်သို့ ပြောင်းလဲနေခဲ့ပြီ။ သားရဲများ၏ဒေါသလက်အောက်မှ အသက်ရှင်လာသော စစ်သားများ၊ မြို့သူမြို့သားများက အပြင်ဘက်သို့ ရွှေ့ပြောင်းခဲ့ကြပြီး မြို့စောင့်တပ်တစ်ခုက ခုခံရန် နေရာယူထားသည်။

"ထန်ရှု..."

ပုံရိပ်နှစ်ခုက အဝေးမှ ထန်ရှုအရှေ့သို့ လျင်မြန်စွာ ထွက်ပေါ်လာခဲ့သည်။ ကျူးလုံနှင့်ရေမိန်းကလေးတို့ဖြစ်ပြီး သူတို့၏မျက်နှာက အလွန်စိုးရိမ်နေသည်။ ဒဏ်ရာများက သူတို့ခန္ဓာကိုယ်ပေါ်တွင် သိသာထင်ရှားစွာနှင့် သူတို့အဝတ်များအား အနီရောင်ဆိုးသွားစေ၏။

"လက်ရှိအနေအထား ဘယ်လိုလဲ"ထန်ရှုက ကမန်းကတန်းမေးလိုက်သည်"မင်းတို့ အဲဒီသားရဲတွေနဲ့ တိုက်ခိုက်ခဲ့တာလား"

"သနားစရာပဲ။ ဒါ သနားစရာပဲ"ကျုးလုံက ခါးသီးသောမျက်နှာနှင့် ပြောလိုက်သည်"လက်ရှိသေဆုံးမှုကိန်းဂဏာန်းအချက်အလက်နဲ့တင် လူထောင်ချီ အသတ်ခံရပြီး လူထောင်ချီ ဒဏ်ရာရထားတယ်။ ထပ်ပြောရရင် ငါတို့ အဲသားရဲတွေနဲ့ ထိပ်တိုက်ရင်ဆိုင်ခဲ့ပေမယ့် အနေအထားက အကောင်းဘက်မရှိဘူး။ အထူးစွမ်းရည်ဗျူရိုမှငါတို့အဖော်လေးယောက်က တိုက်ပွဲမှာ သေခဲ့ရပြီး ဒါဇင်ကျော် ဒဏ်ရာရခဲ့တယ်"

"သူတို့ရဲ့အရေအတွက်က ဘာလဲ။ သားရဲတွေ ဘယ်လောက်တောင် ရှိတာလဲ"ထန်ရှုက မေးလိုက်သည်။

"မသိဘူး။ ထွက်ပေါ်လာတဲ့သားရဲတွေရဲ့အရေအတွက်က တစ်ထောင်လောက် ရှ်ိိမယ်"ကျူးလုံက ဖြေ၏"ကြောက်စရာကောင်းတဲ့တစ်ကောင်လဲ ရှိတယ်။ ဒါ့အပြင် သားရဲတွေက မကြာမကြာ ထွက်လာနေတယ်၊ ဒါကြောင့် သူတို့ရဲ့အရေအတွက်ကို ရေတွက်ရတာ ခက်ခဲတယ်"

ထန်ရှုက ခေါင်းညိတ်ကာ ထပ်မေးလိုက်သည်"စီနီယာသွမ်မုလင်ကရော"

"လမ်းကြောင်းပိတ်ဆို့ဖို့ သူက အဖွဲ့တစ်ဖွဲ့နဲ့အတူ ဟိမဝန္တာတောင်တန်းထဲကို ဝင်သွားပြီ"ကျူးလုံက ပြော၏"ငါတို့နဲ့ လိုက်လာ၊ ငါ မင်းတို့ကို အဲနေရာကို ခေါ်သွားပေးမယ်"

"ကျူးလုံ၊ မင်း အဖိုးကျိုးကို အရင် နေရာချပေးလိုက်"ထန်ရှုက ပြောသည်"သူက ဒီနေရာရဲ့ဒေသခံတစ်ယောက်ပဲ၊ ဒါပေမယ့် သူက ငါ့ထန်မိသားစုရဲ့ဆွေမျိုးတစ်ယောက်လဲဟုတ်တယ်၊ ငါ့အဖေရဲ့ညီအကိုတစ်ယောက်လိုပဲ"

ထန်ရှု၏စကားကို ကြားပြီးနောက် ကျိုးကျီချန်က စိတ်ထဲ၌ နွေးထွေးသွားသည်။ သို့သော် သူက လက်ဝှေ့ယမ်းကာ ပြောလိုက်သည်"ငါနဲ့ပတ်သက်ပြီး မစိုးရိမ်နဲ့။ မင်း လုပ်ရမှာကိုပဲ လုပ်။ ပြီးတော့ မင်းက လူတွေကို ဘေးကင်းအောင် စောင့်‌ရှောက်ပေးရမှာဆိုပေမယ့် မင်းရဲ့ကိုယ်ပိုင်ဘေးကင်းမှုကိုလဲ ဂရုစိုက်ရမယ်"

ထန်ရှုက ခဏတုံ့ဆိုင်းသွားပြီးနောက် ခေါင်းညိတ်လိုက်သည်"ဒါဆို မင်းလဲ ဘေးကင်းဖို့ ဂရုစိုက်ပါ၊ အဖိုးကျိုး"

"ထန်ရှု၊ ဒီကလေးငါးယောက်ကို ဒီမှာပဲ ချန်ထားခဲ့ရအောင်"ကျူးလုံက ကြားဖြတ်ပြောသည်"အထဲမှာ အန္တရာယ်များတယ်။ အဲဒီသားရဲရိုင်းတွေ ထပ်ပေါ်လာရင် သူတို့ကို ကာကွယ်ဖို့ ငါတို့မှာ လူပိုမရှိဘူး"

"မလိုဘူး။ သူတို့ကို ကာကွယ်ဖို့ မလိုဘူး။ သွားကြရအောင်"ထန်ရှုက ခေါင်းခါယမ်းလိုက်သည်။

သူ၏တုံ့ပြန်ချက်ကို ကြားပြီး ကျူးလုံက အတော်ကလေး အားကိုးရာမဲ့ဖြစ်သွားသည်။ ထန်ရှုက အသက်ဆယ်နှစ်အောက်သာ ရှိသေးသည့် ကလေးငါးယောက်အား ဘာကြောင့် ခေါ်လာသလဲကို သူ တကယ် နားမလည်ပေ။

နာရီဝက်ကြာပြီးနောက် သူတို့အုပ်စုက နှင်းဖုံးလွှမ်းသောတောင်ထိပ်တစ်ခုကို ဖြတ်ကာ တောင်တန်း၏အတွင်းပိုင်းထဲသို့ ဝင်ရောက်ခဲ့သည်။ များမကြာမီ စစ်တပ်ရွက်ဖျင်တဲတစ်ခုက ထန်ရှု၏မြင်ကွင်းထဲ၌ ထွက်ပေါ်လာသည်။ ထို့ပြင် ရွက်ဖျင်တဲအနီးနားတွင် အထူးစွမ်းရည်ဗျူရိုမှစွမ်းရည်အသုံးပြုသူလူတစ်ရာကျော်နှင့် ပုံဖျက်ထားသည့်စစ်သားများစွာက စတည်းချနေလျက်ရှိ၏။

"မင်း ရောက်လာပြီပေါ့၊ ထန်ရှု"

သွမ်မုလင်က တဲထဲမှာ မရှိဘဲ အပြင်ဘက်၌ ထန်ရှုအား စောင့်နေသည်။

"ငါ အခုပဲ ဒီနေရာကို ရောက်လာတာ။ လက်ရှိအနေအထား ဘယ်လိုလဲ၊ စီနီယာ"ထန်ရှုက မေးလိုက်သည်"ပိတ်ဆို့ရေးမျဉ်းကြောင်းထဲကို အဲဒီသားရဲတွေ ဝင်လာ‌နေလား"

"သူတို့နဲ့ပတ်သက်ပြီး တစ်ခုခု ထူးဆန်းတာ ငါ တွေ့ခဲ့တယ်။ သူတို့က သားရဲရိုင်းစစ်တပ်တစ်ခုနဲ့ တူတယ်၊ သူတို့ကို အမိန့်ပေးနေတဲ့ ဉာဏ်ရည်မြင့်မားတဲ့သားရဲတွေ ရှိသလိုပဲ"သွမ်မုလင်က ခေါင်းညိတ်ကာ ရှင်းပြလိုက်သည်"ငါတို့ ဒီနေရာကို ရောက်လာတဲ့အချိန်ကစပြီး သေးငယ်တဲ့သားရဲဒီရေလှိုင်းတွေက ငါတို့ကို တိုက်ခိုက်ခဲ့တယ်။ ကံကောင်းစွာနဲ့ ကျင့်ကြံသူအချို့က ငါတို့ကို ကူညီခဲ့တယ်။ မဟုတ်ရင် အထူးစွမ်းရည်ဗျူရိုနဲ့စစ်တပ်ရဲ့ခွန်အားလောက်နဲ့ဆိုရင် သူတို့ကို တားနိုင်မှာ မဟုတ်ဘူး"

"အဆင့်နိမ့်နဲ့အလယ်ဆင့်သားရဲရိုင်းတွေက ဉာဏ်ရည်နိမ့်တယ်၊ ဒါပေမယ့် အဆင့်မြင့်သားရဲရိုင်းတွေက လူတွေနဲ့ ညီမျှတဲ့ ဉာဏ်ရည်ရှိတယ်"ထန်ရှုက ပြောသည်"ဒီအဆင့်မြင့်သားရဲတွေရဲ့အထက်မှာ သာလွန်အဆင့်သားရဲတွေနဲ့မွန်းစတားသားရဲတွေရှိတယ်။ သာလွန်အဆင့်သားရဲတွေပဲဖြစ်ဖြစ်၊ မွန်းစတားသားရဲတွေပဲဖြစ်ဖြစ်၊ သူတို့အားလုံးက မြင့်မားတဲ့ဉာဏ်ရည်ကို ပိုင်ဆိုင်ပြီး သားရဲစစ်တပ်တွေကို ထိန်းချုပ်နိုင်တဲ့စွမ်းရည် ရှိတယ်"

"အဆင့်မြင့်သားရဲတွေတောင် ကြောက်စရာကောင်းနေပြီ။ ဒါက သာလွန်အဆင့်ဒါမှမဟုတ်မွန်းစတားသားရဲတစ်ကောင်ဆိုရင် ကပ်ဒုက္ခကြီး ဆိုက်တာပဲ"သွမ်မုလင်က မျက်ခုံးများတွန့်လျက် အံ့အားသင့်စွာ ပြောလိုက်သည်။

"သာလွန်အဆင့်နဲ့မွန်းစတားသားရဲဖြစ်နိုင်ချေက အရမ်းနည်းတယ်လို့ ငါ ထင်တယ်"ထန်ရှုက ထပ်ပြော၏"အကြီးဆုံးသားရဲတစ်ကောင်က အဆင့်မြင့်ပဲ ဖြစ်ရမယ်။ ဒါပေမယ့် ဒါက ငါ့ရဲ့ခန့်မှန်းချက်တစ်ခုမျှပါ၊ ငါ့အနေနဲ့ ရှင်းလင်းအောင် လုပ်ဖို့ လိုအပ်တယ်။ ဟုတ်ပြီ။ ကျင့်ကြံသူအချို့က ကူညီနေတယ်လို့ မင်း ပြောခဲ့တယ်နော်။ သူတို့က ဘယ်သူတွေလဲ"

"အချို့က လျှို့ဝှက်ဂိုဏ်းက၊ အချို့က တာအိုနဲ့ဗုဒ္ဓကျင့်ကြံသူတွေ၊ ပြီးတော့‌ ရှေးဟောင်းသိုင်းကလန်တွေရဲ့ကျွမ်းကျင်သူတွေ"သွမ်မုလင်က ဖြေလိုက်သည်"တကယ်တော့ ငါတို့တိုင်းပြည်က ဒီလူတွေနဲ့ လျှို့ဝှက်သဘောတူညီချက်အချို့ ချုပ်ဆိုထားတယ်။ တိုင်းပြည်က အရေးတကြီးဖြစ်လာရင် အကူအညီအတွက် သူတို့ကို ဆင့်ခေါ်လို့ရတယ်"

"ငါ သိပြီ"ထန်ရှုက ခေါင်းညိတ်ကာ ပြောလိုက်သည်"ဒါပေါ့၊ သမာဓိရှိတဲ့၊ တရားမျှတတဲ့သူတွေက သူတို့ရဲ့တိုင်းပြည်ကို ဂရုစိုက်ရလိမ့်မယ်။ အရေးအခင်းတစ်ခုဖြစ်တိုင်း သူတို့က ရှေ့ထွက်လာရလိမ့်မယ်"

"ထန်ရှု"

ရုတ်တရက် အော်သံတစ်ခုအား အဝေးမှ ကြားလိုက်ရသည်။

အဝေးသို့ ကြည့်လိုက်သောအခါ မြောင်ဝမ်ထန်၊ ရှောက်မင်ကျန်းနှင့် တာအိုဆရာသခင်ကျီရီတို့ လျှပ်စီးအလား  ပြေးလာနေသည်ကို မြင်လိုက်ရသည်။ သို့သော် သူတို့သုံးယောက်လုံး ဒဏ်ရာရထားသည်ကိုလဲ တွေ့လိုက်ရ၏၊ အထူးသဖြင့် တာအိုဆရာသခင်ကျီရီ၏ဒဏ်ရာများက အတော်လေးစိုးရိမ်ရသည်။

"ဒီဆေးလုံးကို ယူလိုက်"

သန့်စင်ဒဏ်ရာပျောက်ဆေးသုံးလုံးအား ယူထုတ်ကာ ထန်ရှုက သူတို့ထံ ပစ်ပေးလိုက်သည်။

***

All Chapters