နတ်ဆိုးသားရဲများ
Vol. 75 Ch. 1046
ထန်ရှုအား အလွန်ယုံကြည်သဖြင့် မြောင်ဝမ်ထန်နှင့်ရှောက်မင်ကျန်းတို့က သူ့အား ကျေးဇူးတင်စွာ ကြည့်ကာ ဆေးလုံးအား ချက်ချင်း သောက်လိုက်သည်။ သို့သော် တာအိုဆရာသခင်ကျီရီက ခဏတုံ့ဆိုင်းနေခဲ့ပြီး သူတို့နှစ်ယောက် သောက်ပြီးမှသာ သုံးစွဲခဲ့၏။
လျင်မြန်စွာနှင့် သူတို့၏ဒဏ်ရာများအား ကုသပေးခဲ့ပြီး သူတို့၏စိတ်အခြေအနေက ယခင်ကထက် ပိုသန်မာလာသည်။
"ဒီသားရဲတွေရဲ့ အနေအထားက ဘယ်လိုရှိလဲ"ထန်ရှုက မေး၏"သူတို့က ဒီတားမြစ်စည်းကို ခြိမ်ခြောက်မှု ဖြစ်စေလား"
"ဘာကြောင့်လဲ ငါ မသိပေမယ့် သားရဲရိုင်းတွေအားလုံးက မထွက်လာဘူး"မြောင်ဝမ်ထန်က ခါးသီးစွာ ပြုံးလျက် ပြန်ဖြေသည်"သားရဲအဖွဲ့ငယ်တစ်ခုပဲ အကြိမ်တိုင်း ထွက်ထွက်လာတာ။ ဒါပေမယ့် ဒါက ငါ့ကို တစ်ခုတော့ သေချာသွားစေတယ်၊ သားရဲအားလုံး ထွက်လာတာနဲ့ ငါတို့က ဆယ်ဆရှိရင်တောင် မလုံလောက်မှာကို ငါ ကြောက်တယ်"
ထန်ရှုက သက်ပြင်းတစ်ချက် ရှိုက်၏၊ ကောင်းကင်ဘုံမှော်ဆရာကလန်ကို သတ်ဖြတ်လိုသော သူ့ဒေါသက ပိုတောင် ပြင်းထန်လာသည်။ သူတို့ ထုတ်လွှင့်ခဲ့သည့် ကောလဟာလများကသာ ကမ္ဘာတစ်ဝှမ်းရှိကျင့်ကြံခြင်းအင်အားစုများအား ပစိဖိတ်သမုဒ္ဒရာထဲသို့ မစုဝေးစေခဲ့လျှင် သူက ထန်ဂိုဏ်းမှ လူများအား ဤအခွင့်အရေးကို အသုံးပြုလျက် တရုတ်ပြည်သူများကို ကာကွယ်ရင်း လေ့ကျင့်ပေးနိုင်သည်။
အနာဂတ်တွင် ဤကလန်အား ဖယ်ရှားရမည်။ အသေအချာပင်။
စိတ်ထဲ၌ ကျမ်းကျိန်ပြီးနောက် ထန်ရှုက သွမ်မုလင်အား ပြောလိုက်သည်"စီနီယာသွမ်မုလင်၊ ဒီသားရဲရိုင်းတွေရဲ့ခွန်အားနဲ့အားနည်းချက်တွေကို ကျုပ် စုံစမ်းဖို့ လိုမယ်။ သူတို့က တကယ်အားကောင်းတယ်ဆိုရင် အထူးနည်းလမ်းအချို့ကိုပဲ ကျုပ်တို့တွေ မှီခိုရမယ်"
"ဘာအထူးနည်းလမ်းတွေလဲ"သွမ်မုလင်က အမူအရာပြောင်းလဲသွားလျက် ကမန်းကတန်း မေးလိုက်သည်။
ထန်ရှုက သူ့အား တစ်ချက်ကြည့်ကာ ဘာမှ မပြောဘဲ ခေါင်းသာ ခါယမ်းလိုက်သည်။ သူ့ထံတွင် သေစေနိုင်သည့်ဝှက်ဖဲအချို့ ရှိ၏၊ သူတို့အထဲက တစ်ခုက စွမ်းအားကောင်းလွန်း၏။ သို့သော် အသုံးပြုပြီးသည်နှင့် စိုးရိမ်ဖွယ်ရာအကျိုးဆက်များ ရှိလာနိုင်သည်။
များမကြာမီ လူတိုင်းက တားမြစ်စည်း၌ ထွက်ပေါ်လာခဲ့သည်။ ဆန့်ကျင့်ဘက်ခြမ်းရှိ နှင်းဖုံးလွှမ်းသောတောင်တန်းအား စိုက်ကြည့်ရင်း ထန်ရှုက ထိုးထွင်းသိမြင်မှုကို ထုတ်လွှတ်ကာ နက်ရှိုင်းသောအသံနှင့် ပြောလိုက်၏"ခင်ဗျားတို့အားလုံး ဒီမှာနေခဲ့။ ကျုပ် တစ်ယောက်တည်း အထဲဝင်ပြီး တစ်ချက် သွားကြည့်လိုက်မယ်"
"မင်း မဆင်မခြင်လုပ်လို့မရဘူး၊ ထန်ရှု"သွမ်မုလုင်က ကပျာကယာပြောလိုက်သည်"အရင်က စုံစမ်းဖို့ လူအချို့ ငါ လွှတ်ခဲ့တယ်၊ ဒါပေမယ့် တစ်ယောက်မှ ပြန်မရောက်လာကြဘူး။ ငါ ခန့်မှန်းတာ မှန်ရင် သူတို့အားလုံးက အဲဒီသားရဲတွေရဲ့လက်ထဲမှာ သေသွားတာ ဖြစ်ရမယ်"
"သားရဲရိုင်းအချို့လောက်က ကျုပ်ကို သတ်ဖို့ မဖြစ်နိုင်ဘူး"ထန်ရှုက ခေါင်းခါကာ ပြောသည်"စီနီယာသွမ်မု၊ မသေချာဘဲနဲ့ ထန်ရှုက ဘာမှ မလုပ်ပါဘူး။ စိတ်အေးအေးထားပါ"
သူ့ပုံရိပ်က မြားတစ်ချောင်းအလား နှင်းဖုံးလွှမ်းသောတောင်ထိပ်ဆီသို့ ရုတ်ချည်း ရောက်သွား၏။ ဆယ်ကီလိုမီတာအောက် ဖြတ်သန်းပြီးနောက် လူသားခန္ဓာကိုယ်နှစ်ခုအား တကျွတ်ကျွတ်ဝါးနေသည့် ကြံ့နှင့်တူသောသတ္တဝါအနည်းငယ်အား တွေ့လိုက်ရသည်။
ဟိန်းသံ...
ကြံ့နှင့်တူသောသတ္တဝါများထဲမှတစ်ကောင်က တစ်ခုခုအား ရုတ်တရက် အာရုံခံမိပုံရ၏။ ထန်ရှုရှိရာဘက်သို့ လှည့်ကာ ၎င်းက ဟိန်းဟောက်လိုက်သည်။
ထန်ရှုအကြည့်က ထိုကြံ့နှင့်တူသောသတ္တဝါများထံ ရောက်သွားချိန်တွင် သူ့မျက်ခုံးများက ရုတ်တရက် ကျုံ့သွားပြီး မယုံကြည်နိုင်သောအကြည့်တစ်ခုက မျက်နှာပေါ်တွင် ရေးခြယ်သွား၏။ သူ့အား အံ့အားသင့်စေသည်ကား ထိုကြံ့တူသက်ရှိများက သားရဲရိုင်းများ မဟုတ်ကြဘဲ နတ်ဆိုးသားရဲများ ဖြစ်နေခြင်းပင်။
"ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"
"နတ်ဆိုးသားရဲတွေက နတ်ဆိုးကမ္ဘာမှာပဲ နေတာလေ၊ ဟင်းလင်းပြင်ကို ဆုတ်ဖြဲပြီး နတ်ဆိုးကမ္ဘာမှ ထွက်လာနိုင်တဲ့အားကောင်းသူသာ မရှိရင် ဘယ်နတ်ဆိုးကျွမ်းကျင်သူမဆို သူတို့ကို ဒီနေရာကို ခေါ်လာရင်တောင် သူတို့က တဖြည်းဖြည်း အားနည်းပြီး သေသွားရမှာပဲ။ ဒီနတ်ဆိုးသားရဲတွေက အရမ်းအားနည်းတယ်ဆိုပေမယ့် သူတို့က ကမ္ဘာမြေပေါ်ကို ဘယ်လိုရောက်လာပြီး ဘယ်လိုရှင်သန်နိုင်ရတာလဲ"
သူမြင်သမျှအရာအားလုံးက ထန်ရှုအား ခေါင်းရှုပ်သွားစေသည်။ ဂနာမငြိမ်ဖြစ်သည့်ခံစားချက်က သူ့နှလုံးသားထဲ၌ ပိုပြင်းထန်လာ၏။ သားရဲရိုင်းများက နတ်ဆိုးသားရဲများနှင့် ကမ္ဘာအလား ကွာခြားသည်ကို သိရပေမည်၊ သားရဲရိုင်းသုံးကောင်မှငါးကောင် ပေါင်းလျှင်ပင် နတ်ဆိုးသားရဲတစ်ကောင်အား ယှဉ်ရန် မလုံလောက်ပေ။
ကြံ့နှင့်တူသောနတ်ဆိုးသားရဲအနည်းငယ်က ခွာဆောင့်နင်းလျက် ထန်ရှုထံ ပြေးလာသည်။ အမည်းရောင်အခိုးအငွေ့များက သူတို့ခြေထောက်အောက်တွင် ရေးရေးလေး ရစ်ဝဲနေပြီး အနက်ရောင်ခြည်တန်းများက သူတို့ဦးချိုများမှ ဖျော့တော့တော့ ထုတ်လွှတ်နေလေ၏။
"သေကြစမ်း..."
အေးစက်စက်အလင်းက မျက်လုံးထဲတွင် ဖျတ်ခနဲ ပေါ်သွားပြီး ထန်ရှုက နတ်ဘုရားဓားအား ထုတ်လွှတ်လိုက်သည်။ ဓားပုံရိပ်အလွှာများက အသားကြိတ်စက်များအဖြစ် နတ်ဆိုးသားရဲခန္ဓာကိုယ်များ၏အပြင်ပိုင်းအကြေးခွံများအား ဆုတ်ဖြဲသွားခဲ့၏။ ထို့နောက် ဒဏ်ရာများ ပေါက်ကွဲထွက်လျက် အသားအစအနများအဖြစ် နေရာအနှံ့ သွေးမိုးရွာသွန်းကျသွားတော့သည်။
"ဒီနတ်ဆိုးသားရဲတစ်ကောင်စီက ချီသန့်စင်ခြင်းအဆင့်ကျင့်ကြံသူတစ်ယောက်နှင့် ယှဉ်နိုင်တယ်။ သူတို့အားလုံးက ဒီခွန်အားလောက်ပဲ ရှိမယ်ဆိုရင် ဒီကိစ္စကို အလွယ်တကူ ဖြေရှင်းနိုင်တယ်။ ဒါပေမယ့် ဒီနတ်ဆိုးသားရဲများစွာက အခြေခံအုတ်မြစ်တည်ဆောက်ခြင်းအဆင့်ဒါမှမဟုတ်ရွှေအမြုတေအဆင့်ကျင့်ကြံသူတွေနဲ့ ယှဉ်နိုင်မယ်ဆိုရင် ပြဿနာတစ်ခု ဖြစ်လိမ့်မယ်"
ထန်ရှုက ဘယ်လက်မြှောက်ကာ ခဏစဉ်းစားလိုက်သည်။ သူ့တွင် ဝှက်ဖဲအမျိုးမျိုးရှိသည်။ ကျီးချီမိန်နှင့်ကူးယန်အာတို့အပြင် သူ့တွင် ကြယ်သုံးပွင့်အကြွင်းအကျန်မှ ယူလာသည့် ကြယ်ဝါးမျိုခြင်းအင်းဆက်ရှိသည်၊ သို့သော် ၎င်းက အိပ်မောကျနေ၏။ ၎င်းအား နိုးလိုက်လျှင် ပြဿနာကြီးတစ်ခု ဖြစ်လာမည်မှာ သေချာ၏။ ဤကမ္ဘာ၏ကောင်းကင်ဘုံတာအိုဥပဒေသအား ဘယ်လိုရှောင်တိမ်းရမလဲ ၎င်းက မသိပေ။ ဤနေရာတွင် ၎င်း၏စွမ်းအားကို အသုံးပြုသည်နှင့် ကောင်းကင်ဘုံတာအိုက ရှာတွေ့ကာ ၎င်းအား ထိခိုက်စေလိမ့်မည်။
ဟူး၊ ဟူး...
နတ်ဆိုးသားရဲအူသံများက တောင်တန်းအတွင်းပိုင်းမှ ပဲ့တင်ထပ်လာသည်။ နှင်းဖုံးလွှမ်းသောတောင်ထိပ်ပေါ်တွင် အနက်ရောင်အရိပ်တစ်အုပ်က လျှပ်စီးအလား ပြေးလွှားလာ၏။ တောင်ပံရှည်ငှက်မျိုးစိတ်နတ်ဆိုးသားရဲဒါဇင်က တိုက်ရိုက်ပျံသန်းလာသည်။ သူတို့က နိမ့်နိမ့်ပျံသန်းသော်လည်း အခြားပြေးလွှားနေသောနတ်ဆိုးသားရဲများထက် ပိုမြန်၏။
ငါ ထွက်ခွာရမယ်။
ထန်ရှုက နတ်ဘုရားဓားအား သိမ်းဆည်းကာ ပြန်ဆုတ်ခဲ့သည်။ သူ့အရှိန်က ထိုငှက်မျိုးစိတ်နတ်ဆိုးသားရဲဆယ်ကောင်ထက် ပိုမြန်သည်။ များမကြာမီ သူတို့အား နောက်ချန်ထားလျက် သူက တားမြစ်စည်းသို့ ပြန်ရောက်လာခဲ့၏။
"ထန်ရှု"သွမ်မုလုင်နှင့်ကျန်လူများက သူ့အား အော်ခေါ်လိုက်သည်၊ သူတို့မျက်နှာပေါ်ရှိစိုးရိမ်မှုများက တဖြည်းဖြည်း လျော့ကျသွား၏။
"ဒါ ဒုက္ခများပြီ"ထန်ရှုက အားတင်းပြုံးကာ ပြောလိုက်သည်"အဲဒီတောင်တန်းမှာရှိတဲ့သားရဲတွေက သားရဲရိုင်းတွေမဟုတ်ဘူး"
"သူတို့က သားရဲရိုင်းတွေ မဟုတ်ရင် ဒီလိုခွန်အားနဲ့အရှိန် ဘယ်လိုလုပ် ရှိနေရတာလဲ"သွမ်မုလင်၏အမူအရာက ပြောင်းလဲသွားပြီး ကမန်းကတန်း မေးလိုက်သည်"မင်းက ဗသုသုတများတာပဲ၊ ထန်ရှု။ သူတို့က သားရဲရိုင်းတွေ မဟုတ်ရင် ဘယ်လိုသားရဲတွေလဲ"
"သူတို့က နတ်ဆိုးသားရဲတွေ၊ အခြားကမ္ဘာမှာ တည်ရှိတဲ့ သက်ရှိတွေ"ထန်ရှုက ပြန်ဖြေသည်"ကမ္ဘာမြေပေါ်မှာ သူတို့ ဘယ်လိုထွက်ပေါ်လာလဲ ကျုပ် မသိဘူး"
သွမ်မုလင်က ကျန်လူများနှင့် အကြည့်တို့ ဖလှယ်လိုက်သည်။ ခဏကြာပြီးနောက် သူက စိုးရိမ်သောမျက်နှာနှင့် မေး၏"ဒီနတ်ဆိုးသားရဲတွေက အရမ်းသန်မာတာလား။ သားရဲရိုင်းတွေထက် ပိုသန်မာတာလား"
"သူတို့က အရမ်းသန်မာတယ်"ထန်ရှုက ပြော၏"နတ်ဆိုးသားရဲတစ်ကောင်ကို ရင်ဆိုင်ဖို့ အဆင့်တူတဲ့သားရဲရိုင်းအချို့ လိုအပ်တယ်။ ပြီးတော့ ဒီနတ်ဆိုးသားရဲတွေမှာ ပြောင်မြောက်တဲ့စွမ်းအား ရှိတာကို ကျုပ် တွေ့ခဲ့တယ်။ ချီသန့်စင်ခြင်းအဆင့်နဲ့ ညီမျှတဲ့ အချို့ကို ငါ သတ်ခဲ့တယ်၊ ဒါပေမယ့် သူတို့ရဲ့ဟိန်းသံက အတွင်းပိုင်းမှ တစ်ရာကျော်ကို ဆွဲဆောင်ခဲ့တယ်။ ကျုပ် သူတို့ကို စစ်ဆေးကြည့်ပြီးပြီ၊ သူတို့ထဲကအချို့က အနည်းဆုံး အခြေခံအုတ်မြစ်တည်ဆောက်ခြင်းအဆင့်နဲ့ ညီမျှတယ်"
ဟူး...
မြောင်ဝမ်ထန်၊ ရှောက်မင်ကျန်းနှင့်တာအိုဆရာသခင်ကျီရီက လေအေးတစ်ချက် ရှုသွင်းလိုက်မိသည်၊ အံ့အားသင့်သွားပုံပေါ်လျက် အရိုးထိတိုင် အေးစိမ့်စိမ့်ဖြစ်သွား၏။
နှစ်ပေါင်းများစွာ ကျင့်ကြံပြီးနောက် တာအိုဆရာသခင်ကျီရီ၏ခွန်အားက အခြေခံအုတ်မြစ်တည်ဆောက်ခြင်းအလယ်ဆင့်၌သာ ရှိသည်ကို မှတ်ထားရမည်။ အခြားတစ်ဖက်တွင် မြောင်ဝမ်ထန်နှင့်ရှောက်မင်ကျန်းတို့က အခြေခံအုတ်မြစ်တည်ဆောက်ခြင်းနှောင်းပိုင်းအဆင့်ခွန်အားရှိသည်။ သို့သော် ကျားတစ်ကောင်ပင် ဝံပုလွေတစ်အုပ်အား မတိုက်ခိုက်နိုင်ပေ။ နတ်ဆိုးသားရဲများကသာ အမှန်တကယ် တစ်ရာရှိလျှင် သူတို့အနည်းငယ်လောက်နှင့် မရင်ဆိုင်နိုင်ပေ။
ထို့ပြင် ဤတောင်တန်းတွင် နတ်ဆိုးသားရဲထောင်ချီရှိသည်။ သူတို့က သားရဲလှိုင်းတစ်ခုအဖြစ် ပြောင်းသွားခဲ့လျှင် သူတို့ဆင်ထားသည့်တားမြစ်စည်းက အလွယ်တကူ ဖျက်ဆီးခံရပေလိမ့်မည်။ ထိုအချိန်ကျလျှင် ၎င်းတို့က လူ့အဖွဲ့အစည်းထဲ ရောက်ရှိကာ လူ့ကမ္ဘာကြီးက ငရဲအဖြစ် ပြောင်းသွားပေလိမ့်မည်။
မြောင်ဝမ်ထန်က ထန်ရှုအား ကြည့်ကာ အနည်းငယ်တုန်ယင်သောအသံနှင့် မေးလိုက်သည်"မင်းမှာ တန်ပြန်ဖို့အစီအစဉ်တစ်ခုခုများ ရှိလား။ ငါတို့အားလုံးက ကျင့်ကြံသူတွေပဲ၊ လူသားမျိုးနွယ်ရဲ့အစစ်အမှန်စွမ်းအားရှင်တွေပဲ။ ဒါပေမယ့် ငါတို့က ဒီနတ်ဆိုးသားရဲတွေကို မတားနိုင်ရင် သာမန်လူတွေအတွက် ကပ်ဘေးတစ်ခု ဖြစ်လာလိမ့်မယ်။ သူတို့သယ်ဆောင်လာမယ့်ကပ်ဘေးက စိတ်ကူးလို့မရနိုင်တဲ့အနေအထားတစ်ခုကိုတောင် ဖြစ်စေလိမ့်မယ်"
ထန်ရှုက သွမ်မုလင်အား ရုတ်တရက် လှည့်ကြည့်ကာ နက်ရှိုင်းသောအသံနှင့် မေးလိုက်သည်"စီနီယာသွမ်မုလင်၊ ကျုပ် ခင်ဗျားရဲ့အကူအညီရော၊ တိုင်းပြည်ရဲ့အကူအညီကိုရော လိုအပ်တယ်"
"ဘယ်လိုအကူအညီမျိုး မင်းလိုအပ်တာလဲ"သွမ်မုလင်က ချက်ချင်း မေးလိုက်သည်"အဲဒီနတ်ဆိုးသားရဲတွေကို မင်း ဖြေရှင်းနိုင်သရွေ့ ထိပ်တန်းခေါင်းဆောင်တွေနဲ့ ငါ ဆက်သွယ်ပေးမယ်။ မင်း ဘာပဲ လိုအပ်လိုအပ် ကိစ္စမရှိဘူး"
"လက်ရှိမှာ ပစိဖိတ်သမုဒ္ဒရာမှာ ကျုပ်လူတွေက ကမ္ဘာတစ်ဝှမ်းက ကျင့်ကြံခြင်းအဖွဲ့တွေနဲ့ ပဋိပက္ခဖြစ်နေတယ်"ထန်ရှုက ပြောသည်"အဓိကအကြောင်းရင်းကတော့ ကောင်းကင်ဘုံမှော်ဆရာကလန်က ထုတ်လွှင့်ထားတဲ့ ကောလဟာလတွေကြောင့်ပဲ၊ ပစိဖိတ်သမုဒ္ဒရာထဲမှာ ကျင့်ကြံသူတွေအတွက် မြှုပ်နှံထားတဲ့ရတနာတွေ ရှိတယ်လို့ ပြောကြတယ်။ အမှန်တကယ်တော့ တည်နေရာက ဂိုဏ်းတစ်ခုရဲ့နေရာပဲ။ ဒါကြောင့် ဒီအနေအထားကို ဖုံးဖိဖို့ တိုင်းပြည်ရဲ့ပူးပေါင်းဆောင်ရွက်မှုကို လိုအပ်တယ်"
"ပိုတိတိကျကျပြောပါ"သွမ်မုလင်က ပြောလိုက်သည်။
"ကျုပ်ဂိုဏ်းက ကျင့်ကြံသူတွေကို ဒီနေရာကို လွှတ်ပြီး နတ်ဆိုးသားရဲတွေကို တားဆီးခိုင်းဖို့ လိုမယ်။ ဒါကြောင့် ပစိဖိတ်သမုဒ္ဒရာထဲက အဲဒီကျွန်းက တရုတ်အထူးစွမ်းရည်ဗျုရိုရဲ့ဌာနတစ်ခုလို့ တိုင်းပြည်က ကြေညာပေးရမယ်။ ကောင်းကင်ဘုံမှော်ဆရာကလန်နဲ့ ပဋိပက္ခဖြစ်ခဲ့တာကြောင့် ဒီကလန်က ကောလဟာလတွေကို ရည်ရွယ်ချက်ရှိရှိ ထုတ်လွှတ်ပြီး အခြားအဖွဲ့တွေကို အသုံးပြုပြီး အဲနေရာက ကျုပ်တို့ရဲ့ဌာနခွဲကို ဖျက်ဆီးဖို့ ကြိုးစားခဲ့တယ်ပေါ့"
သွမ်မုလင်က ခေါင်းညိတ်လိုက်သည်"ငါတို့က အခု အန္တရာယ်ကြုံနေတာဆိုတော့ မင်းရဲ့တောင်းဆိုချက်ကို ငါ သဘောတူတယ်။ ငါ အထက်ကို ချက်ချင်း မေးလိုက်မယ်၊ ဒါပေမယ့် သူတို့ သဘောတူလိမ့်မယ်လို့ ငါ ယုံတယ်"
"နောက်တစ်ခုရှိတယ်။ အဲနေရာက ပြဿနာကို အမြန်ဆုံး ဖြေရှင်းဖို့ ကျုပ် တစ်ချက် သွားဖို့ လိုတယ်။ ဒါ့အပြင် အခြားသူတွေကို သတိပေးဖို့ တစ်ခု လုပ်ဖို့ လိုအပ်တယ်"
"အဲအတွက် ငါတို့ ဘာလုပ်ပေးရမလဲ"သွမ်မုလင်က နက်ရှိုင်းသောအသံနှင့် မေးလိုက်သည်။
"အဲနေရာကို တိုက်လေယာဉ်အချို့ စေလွှတ်ဖို့ ကျုပ် မျှော်လင့်တယ်"ထန်ရှုက ခဏစဉ်းစားပြီးနောက် ပြောလိုက်သည်"ဒါက ကျွန်းက အထူးစွမ်းရည်ဗျူရိုရဲ့ဌာနခွဲတစ်ခုလို့ ကျေညာတာထက် ပိုကောင်းတဲ့နည်းလမ်းတစ်ခုပဲ။ သတင်း ထွက်သွားတာနဲ့ အဲနေရာက ကျုပ်တို့ရဲ့အဖွဲ့ဝင်တွေကို ပြန်ရုတ်သိမ်းပြီး အဲဒီဌာနခွဲကို ပယ်ဖျက်ရမယ်"
သွမ်မုလင်က မျက်မှောင်ကြုတ်ကာ အားတင်းပြုံးလိုက်သည်"အိမ်နီးချင်းတိုင်းပြည်တွေနဲ့ ညှိနှိုင်းဖို့ လိုအပ်တာကြောင့် အနည်းငယ် ဒုက္ခများမှာကို ငါ စိတ်ပူတယ်။ ဒါပေမယ့် ရအောင် လုပ်ပေးဖို့ ငါ ကတိပေးပါတယ်"
ထန်ရှုက ခေါင်းညိတ်ကာ တုံ့ပြန်လိုက်သည်။ ဟိမဝန္တာတောင်တန်း၏အတွင်းပိုင်းသို့ ပြန်ငေးကြည့်လိုက်၏။ ထို့နောက် နက်ရှိုင်းသောအသံနှင့် သူ ပြောသည်"အချိန်အချို့ ကြာတဲ့အထိ ကျုပ် ပြန်လာမှာမဟုတ်ဘူး၊ ဒါကြောင့် အလွန်အန္တရာယ်များတဲ့အနေအထားတစ်ခုကို ခင်ဗျားတို့ ရင်ဆိုင်ရလိမ့်မယ်။ အဲအချိန်အထိ ခင်ဗျားတို့တွေ ထိန်းထားနိုင်ဖို့ မျှော်လင့်တယ်။ အနေအထား ဆိုးလာရင် ကျုပ်ကို ချက်ချင်း ဆက်သွယ်ပါ။ အများဆုံးနှစ်ရက်အတွင်း ကျွမ်းကျင်သူတစ်အုပ်နဲ့ ကျုပ် ပြန်လာခဲ့မယ်"
***