← Chapters

အခြားသူများက အထင်အမြင်သေးခြင်း

Vol. 75 Ch. 1049

အခြားသူများက အထင်အမြင်သေးခြင်း

Vol. 75 Ch. 1049

ဤနေရာတွင် နတ်ဆိုးသားရဲများ ထွက်ပေါ်လာရသည့်အကြောင်းရင်းကို ကြယ်ဝါးမျိုအင်းဆက်ကလည်း မသိသည့်အတွက် ထန်ရှုက စိတ်ပျက်သွားခဲ့သည်။

"မင်း ထပ်ပြီး အိပ်မောကျအုံးမှာလား၊ ကြယ်ဝါးမျိုအင်းဆက်"ထန်ရှုက မေးလိုက်သည်။

"ဒီကမ္ဘာမြေက ငါ့ကို အရမ်းဖိနှိပ်ထားတယ်"ကြယ်ဝါးမျိုအင်းဆက်က ပြောသည်"ဒီနေရာမှာ ငါ့ရဲ့စွမ်းအားအကုန်လုံးကို ထုတ်ဖော်လိုက်မယ်‌ဆိုရင် ငါ့အတွက် အရမ်းအန္တရာယ်များလိမ့်မယ်။ ငါ့အသက်ကို ကယ်နိုင်ရင်တောင် အချိန်အကြာကြီး အိမ်မောကျနိုင်ခြေက အရမ်းမြင့်မားတယ်"

ထန်ရှုက ဘာမှမပြောဘဲ ခေါင်းညိတ်လိုက်သည်။ ကြယ်ဝါးမျိုအင်းဆက်ပြောသည်မှာ မှန်ကန်မှန်း သူက ရှင်းရှင်းလင်းလင်း သိ၏။ ဤကမ္ဘာမြေ၏ကောင်းကင်ဘုံတာအိုက အလွန်အမင်း အားကောင်းပြီး ဘယ်လိုကျွမ်းကျင်သူအတွက်မှ နေရာမရှိပေ။ ကြယ်ဝါးမျိုအင်းဆက်အား ကာကွယ်ရန် သူ့တွင် အထူးနည်းလမ်းများရှိလျှင်ပင် ၎င်းပြောခဲ့သလို ပြင်းပြင်းထန်ထန်ထိခိုက်ဒဏ်ရာရပြီး အိမ်မောကျသွားရန်က သေချာသလောက်ပင်။

"ဒါဆိုလဲ အခြေအနေပေါ် မူတည်ပြီး ဆောင်ရွက်ကြတာပေါ့။ ဒီနတ်ဆိုးသားရဲတွေက အန္တရာယ်အများကြီး သယ်လာမယ်ဆိုရင် ငါ မင်းကို ဆောင်ရွက်စေရမှာပဲ။ ဒါပေမယ့် ငါ မင်းအသက်ကို မထိခိုက်စေဘူးဆိုတာ စိတ်ချပါ၊ ဒါကြောင့် အများဆုံး မင်း အိပ်မောကျရုံပဲရှိမယ်။ ဒါ့အပြင် နောက်ကျရင် မင်းအတွက် အကျိုးရှိတဲ့ ဆေးလုံးတွေကိုလဲ ငါ သန့်စင်ပေးမယ်"

"ဆေးလုံးတွေလား"ကြယ်ဝါးမျိုအင်းဆက်က အတော်ကလေး ထူးဆန်းသွားသည်။

"ဟုတ်တယ်၊ အဲဒါက အသင်္ချေတိရစ္ဆာန်ဆေးလုံးပဲ"ထန်ရှုက ပြောလိုက်သည်"ဒီဆေးလုံးက အင်မော်တယ်ကမ္ဘာရဲ့အင်မော်တယ်သားရဲတွေဆီကပဲ။ လက်ရှ်ိမှာ ငါတို့က အင်မော်တယ်ကမ္ဘာမှာ မဟုတ်ဘူး၊ ဒါကြောင့် ဒီဆေးလုံးကို သန့်စင်ဖို့ လိုအပ်တဲ့ ဆေးလုံးတွေကို ငါ ရှာလို့မရဘူး။ ဒါပေမယ့် အဆင့်အနည်းငယ်နိမ့်တာကိုတော့ ငါ သန့်စင်နိုင်ပါသေးတယ်။ မင်း ဒဏ်ရာမရထားဘူးဆိုရင်တောင် မင်းအတွက် အကျိုးအများကြီး ရှိစေမှာပါ"

"ငါ ဒီဆေးကို သိတယ်၊ အဲဒါကို အင်မော်တယ်ကမ္ဘာမှာ အင်မော်တယ်ဆေးလုံးလို့ ခေါ်တယ်"ကြယ်ဝါးမျိုအင်းဆက်က စိတ်လှုပ်ရှားစွာ ပြန်ပြောသည်"ဒါ အရမ်းကောင်းတာပဲ၊ ဆရာသခင်။ ဒီအင်မော်တယ်ဆေးလုံးကို ရဖို့ အခွင့်အလမ်းရှိလိမ့်မယ်လို့ ငါ ဘယ်တော့မှ မထင်ထားခဲ့ဘူး"

ထို့နောက် ထန်ရှုက ကြယ်ဝါးမျိုအင်းဆက်နှင့် ထပ်စကားမပြောတော့ပေ။ ယခုက သူ့အစီအစဉ်အား ချက်ချင်းစတင်ရန် ညအချိန်အခါဖြစ်၏။

မကြာမီ ထန်ဂိုဏ်း၏တပည့်၂၀၁ယောက်က စုဝေးလာခဲ့သည်။ သူ့အရှေ့ရှိ အဖွဲ့ငါးဖွဲ့အား တစ်ချက်ကြည့်ပြီးနောက် ထန်ရှုက နက်ရှိုင်းသောအသံနှင့် ပြောလိုက်သည်"မိုအားဝူ၊ ကျင်းရှီ၊ ယဲ့ရှစ်စန်းနဲ့ဟောင်လဲ့။ မင်းတို့လေးယောက်က မင်းတို့ရဲ့အဖွဲ့တွေကို ဦးဆောင်ပြီး တောတွင်းပိုင်းထဲကို ချက်ချင်းဝင်ရောက်ပြီး နတ်ဆိုးသားရဲတွေကို စတင်အမဲလိုက်ရမယ်။ ဒါ့အပြင် မင်းတို့က ညတိုင်း ဒီနေရာကို ပြန်လာရမယ်။ ညတိုင်း မင်းတို့အမဲလိုက်ထားတဲ့နတ်ဆိုးသားရဲတွေရဲ့အရေအတွက်ကို မှတ်တမ်းတင်ဖို့ အချို့ကို ငါ ခိုင်းထားမယ်၊ ဆုလာဒ်အနေနဲ့ ကျင့်ကြံခြင်းအရင်းအမြစ်တွေကို ရရှိလိမ့်မယ်။ ဒီတစ်ကြိမ်က မင်းတို့အားလုံးအတွက် အခွင့်အလမ်းတစ်ခုပဲ။ မင်းတို့က မှတ်တမ်းကောင်းတစ်ခု ရရှိသရွေ့ ကျင့်ကြံခြင်းအရင်းအမြစ်အမြောက်အများကို မင်းတို့ မျှော်လင့်ထားလို့ရတယ်"

"နားလည်ပါပြီ"

ထန်ဂိုဏ်း၏တပည့်၂၀၁ယောက်က ချက်ချင်း စိတ်လှုပ်ရှားသွားကြသည်။ ကျင့်ကြံခြင်းတိုးတက်လာသည်နှင့်အမျှ သူတို့လိုအပ်သောကျင့်ကြံခြင်းအရင်းအမြစ်အရေအတွက်က တိုးလာသည်၊ သို့သော် ကျင့်ကြံခြင်းအရင်းအမြစ်များရရှိရန်က ပုံမှန်အားဖြင့် မလွယ်ကူပေ။ သူတို့၏ငွေကြေးများအား အသုံးပြုကာ ဝယ်သူသည်က လွဲပြီး တစ်ခုတည်းသောနည်းလမ်းက နှစ်စဉ်ခွဲတမ်းသာ ဖြစ်၏။

ထို့ကြောင့် လက်ရှိအချိန်တွင် သူတို့က အကျိုးအမြတ်နှစ်ဆရမည်ဟု ဆိုလိုသည်။ သူတို့ကိုယ်သူတို့ လေ့ကျင့်‌ရင်း ကျင့်ကြံခြင်းအရင်းအမြစ်များကိုလည်း ရရှ်ိနိုင်၏။

ဤအခွင့်အရေးအား အမိအရ ဆုပ်ကိုင်ရမည်...

ဤကား သူတို့ကိုယ်သူတို့ ပြောပြနေသည့် သတိပေးချက်တစ်ခုပင်။

လူတိုင်း၏မျက်နှာပေါ်ရှိ ခိုင်မာပြတ်သားသောအမူအရာများကို မြင်ပြီး ထန်ရှုက စိတ်ကျေနပ်သွား၏။ ထို့နောက် သူက ခေါင်းညိတ်ကာ ပြောလိုက်သည်"ကဲ...စထွက်ကြတော့"

"သွားကြမယ်..."

မိုအားဝူ၊ ကျင်းရှီ၊ ယဲ့ရှစ်စန်းနှင့် ဟောင်လဲ့တို့က သူတို့၏အဖွဲ့များအား ဦးဆောင်လျက် ဟိမဝန္တာတောနက်ထဲသို့ ဝင်ရောက်သွားခဲ့သည်။

ထန်ရှုက သွားရန် အလျင်မလိုပေ။ သူ့မျက်လုံးများက ကျန်ရှိနေသည့်တပည့်၃၇ယောက်ထံ ကျရောက်သွား၏။ ခဏနှုတ်ဆိတ်သွားပြီးနောက် ကူးရင်အား ကြည့်ပြီး‌နောက် ကျန်လူများထံ ပြောလိုက်သည်"လက်ရှ်ိမှာ ကူးရင်က ရွှေအမြုတေအဆင့်ကျွမ်းကျင်သူတစ်ယောက်ဆိုပေမယ့် သူမမှာ လက်တွေ့တိုက်ခိုက်ရေးအတွေ့အကြုံတွေ မရှိသေးဘူး၊ ဒါကြောင့် တိုက်ခိုက်ရေးကျွမ်းကျင်မှုအရ သူမက မင်းတို့လောက် မကောင်းဘူး။ ဒါကြောင့် တိုက်ပွဲအတွင်း မင်းတို့အားလုံး သူမကို ကာကွယ်နိုင်မယ်လို့ ငါ မျှော်လင့်တယ်။ သူမက ရက်စက်တဲ့တိုက်ပွဲတွေနဲ့ အကျွမ်းဝင်လာတာနဲ့အမျှ နောက်ပိုင်းကျရင် နတ်ဆိုးသားရဲအမြောက်အများကို သတ်နိုင်မှာပါ၊ အပြောင်းအလဲအနေနဲ့ သူမက ဒီအဖွဲ့အတွက် အရင်းအမြစ်တွေကို ပိုယူဆောင်ပေးပါလိမ့်မယ်"

"ဟုတ်ကဲ့ပါ"

ထန်ဂိုဏ်း၏အခြားတပည့်သုံးဆယ့်ခြောက်ယောက်က ကူးရင်အား လေးစားအားကျစွာ ကြည့်လိုက်ကြသည်။ ကူးရင်က အလွန်ငယ်ရွယ်သော်လည်း သူမ၏ကျင့်ကြံခြင်းပါရမီက ကောင်းကင်ပမာ မြင့်မားသည်။ တစ်နှစ်နှင့်ခြောက်လအတွင်း သူမက ရွှေအမြုတေအဆင့်ထိ ရောက်ရှိနိုင်ခဲ့၏။

လက်ရှိတွင် သူတို့အားလုံးက အခြေခံအုတ်မြစ်တည်ဆောက်ခြင်းအဆင့်တွင် ရှိသည်။ ကျင့်ကြံခြင်းအဆင့်ပိုမြင့်မားလာသည်နှင့်အမျှ အဆင့်များကြားကွာဟချက်က ပိုကြီးမားသည်ကို သူတို့က သိ၏။ သူတို့က ချီသန့်စင်ခြင်းအဆင့်ကျွမ်းကျင်သူများအား အလွယ်တကူသတ်နိုင်သော်လည်း တစ်ချိန်တည်းတွင် သူတို့က ရွှေအမြုတေတည်ဆောက်ခြင်းအဆင့်ကျွမ်းကျင်သူများအတွက် လွယ်ကူသောသားကောင်များ ဖြစ်ကြသည်။ ကူးရင်က သူတို့အဖွဲ့ထဲတွင် တစ်ဦးတည်းသောရွှေအမြုတေအဆင့်ကျွမ်းကျင်သူဖြစ်ပြီး သူမ၏တိုက်ခိုက်ရေးကျွမ်းကျင်မှုက မြင့်မားခဲ့လျှင် သူတို့အတွက် နတ်ဆိုးသားရဲများအားသတ်ဖြတ်နိုင်မည့်အခွင့်အရေးကလည်း တိုးမြှင့်လာပေလိမ့်မည်။ ထို့ကြောင့် သူတို့က ကျင့်ကြံခြင်းအရင်းအမြစ်များ ပိုရရှိနိုင်ပေမည်။ ဤကား သူတို့အားလုံးအတွက် သေချာပေါက် ကောင်းသောအရာတစ်ခု ဖြစ်သည်။

"ဒါဆို သွားကြတော့"

ထန်ရှုက ဆက်မနေတော့ဘဲ သူ့ပုံရိပ်က လျှပ်စီးလက်သည့်အလား ဟိမဝန္တာတောနက်ပိုင်းထဲသို့ ဝင်ရောက်သွားခဲ့သည်။

မိနစ်အနည်းငယ်ကြာပြီးနောက် လူတိုင်းထွက်ခွာသွားသည့်နေရာတွင် ပုံရိပ်အနည်းငယ်က ထွက်ပေါ်လာခဲ့၏။ သွမ်မုလင်ဖြစ်ပြီး သူ့မျက်နှာက လေးနက်တည်ကြည်နေသည်။ သူ့မျက်လုံးများက အနည်းငယ်ရှုပ်ထွေးနေပုံပေါ်ပြီး ထန်ရှုနှင့်ကျန်လူများပျောက်ကွယ်သွားရာဦးတည်ဘက်သို့ ကြည့်နေခဲ့၏။

အတိတ်တွင် သူက ထန်ရှု၏ခွန်အားအား ကြောက်ရွံ့ခဲ့သည်၊ ထာဝရခန်းမ၏တည်ရှ်ိမှုအား ကြောက်ရွံ့ခဲ့သည်။ ထန်ရှုတွင် သစ္စာဖောက်သည့်အတွေးများရှိပြီး ဤတိုင်းပြည်၌ အပြောင်းအလဲများဖြစ်စေလိမ့်မည်ကို သူ ကြောက်ရွံ့ခဲ့၏။

သို့သော် ထန်ရှုနှင့် အကြိမ်ပေါင်းများစွာ ဆက်သွယ်ပြီးနောက် သူ၏ကြောက်ရွံ့မှုက အခြေအမြစ်မရှိသည်ကို တဖြည်းဖြည်း တွေ့ရှိလာခဲ့၏။ ထန်ရှုက ပုန်ကန်ရန် အမှန်တကယ် တွေးခဲ့လျှင် သူ့ကိုယ်ပိုင်ခွန်အားနှင့် သူ့လက်အောက်ရှိ ကျွမ်းကျင်သူများ၏အရေအတွက်အရ သူက ဆောင်ရွက်ပြီးလောက်ပြီ။

သို့သော် သူ မလုပ်ခဲ့ပေ။

တိုင်းပြည်က သူ့အား လိုအပ်သည့်အချိန်တိုင်း သူက အကြိမ်ကြိမ် ရပ်တည်ပေးခဲ့ပြီး တိုင်းပြည်တိုးတက်စေရန်နှင့် လူအများအား ကူညီရန်အတွက် ကြီးမားသောအခန်းကဏ္ဍ၌ ပါဝင်ခဲ့၏။ နတ်ဆိုးသားရဲများနှင့်ပတ်သက်သည့် ဤအရေးအခင်းက သက်သေပင်။

"သစ္စာရှိတယ်၊ ရဲရင့်တယ်၊ တရားမျှတမှုရှိတယ်၊ မျိုးချစ်စိတ်ဓာတ်ရှိတယ်။ တရုတ်နိုင်ငံမှာသာ သူ့လို လူငယ်မျိုး အနည်းငယ်ထပ်ရှိလာမယ်ဆိုရင် တိုင်းပြည်ရဲ့စွမ်းအားက အကြီးအကျယ် တိုးတက်သွားလိမ့်မယ်"သဘောကျသောအမူအရာနှင့် သွမ်မုလင်က သက်ပြင်းချလိုက်သည်။

ဘေးနားတွင် အနက်ရောင်ဝူရှုးဝတ်စုံနှင့် ဆံထုံးထုံးထားသည့် သက်လတ်ပိုင်းအရွယ်ယောက်ျားတစ်ယောက်က အထင်သေးသောအမူအရာနှင့် ကြားဖြတ်ပြောလိုက်သည်"ညွှန်ကြားရေးမှူးသွမ်မုလင်၊ ခင်ဗျားဟာက ပိုလွန်းမနေဘူးလား။ သူတို့ကို အားကိုးရုံနဲ့ ကျုပ်တို့တိုင်းပြည်ရဲ့နိုင်ငံ့ခွန်အားကို အကြီးအကျယ်တိုးစေနိုင်မှာတဲ့လား။ သူတို့ရဲ့ခွန်အားက အနည်းငယ်ကောင်းတယ်ဆိုတာ ကျုပ်ဝန်ခံတယ်၊ ဒါပေမယ့် အခုလို ဟိမဝန္တာတောတွင်းပိုင်းထဲကို အရမ်းမဲ့ပြေးဝင်သွားတာကတော့ ရူးနေတာပဲ၊ သူတို့ရဲ့ပျက်ဆီးခြင်းကို သူတို့ကိုယ်တိုင် ရှာဖွေနေတာပဲ"

တရုတ်သင်တိုင်းအင်္ကျီ၊ လမ်းလျှောက်တုတ်တစ်ချောင်းနှင့် အခြားလူအိုကြီးတစ်ယောက်က ခေါင်းညိတ်ကာ ထောက်ခံလိုက်သည်"အဲဒီနတ်ဆိုးသားရဲတွေရဲ့စွမ်းအားကို ငါတို့ ကောင်းကောင်းမြင်ဖူးသွားပြီ။ ငါက အရမ်းအားကောင်းတယ်လို့ ပြောနိုင်သလို ငါက သူတို့ထဲက အချို့ထက် အနည်းငယ်နိမ့်ကျတယ်ဆိုတာကိုလဲ ရှင်းရှင်းလင်းလင်း သိပါတယ်။ အဲဒီထန်ရှုက သူ့လူတွေ ခေါ်လာပြီး အတွင်းပိုင်းထဲ ဝင်သွားရဲတယ်ဆိုတာက မဆင်မခြင်လုပ်ရပ်တစ်ခုပဲ။ 'မင်းက နယ်ပယ်တစ်ခုမှာမြှုပ်နှံမှသာ မင်းရဲ့စွမ်းရည်ကို ဓားသွေးသလို သွေးနိုင်လိမ့်မယ်'လို့ ငါတို့ရဲ့ဘိုးဘေးတွေ ပြောခဲ့တာက မှန်ပုံရတယ်။ သူက တရုတ်တိုင်းရင်းဆေးပညာမှာ ပါရမီအချို့ရှိပေမယ့် တိုက်ခိုက်ရာမှာတော့ ငချွတ်ကလေးသာသာပါပဲ"

သူတို့၏စကားများကို ကြားပြီး သွမ်မုလင်က အနည်းငယ်မျက်မှောင်ကြုတ်ကာ သက်လတ်ပိုင်းယောက်ျားနှင့်လူအိုကြီးတို့အား ဖျတ်ခနဲကြည့်လိုက်သည်။ ဤလူနှစ်ယောက်က ထူးခြားသည့်နောက်ခံများရှိကြသည်။ ရှေ့လူက လျှို့ဝှက်ကျင့်ကြံရေးကလန်တစ်ခုမှ ကျင့်ကြံသူဟွင်းစမ်ဖြစ်သည်။ လူအိုကြီး၏နာမည်က ကျန်းရွှေရှန့်ဖြစ်ပြီး သူလည်း ရွှေအမြုတေအဆင့်ရှိကျင့်ကြံသူတစ်ယောက်ဖြစ်ကာ တပည့်ပေါင်းဒါဇင်ကျော်ရှိသည်။ အားအနည်းဆုံးက ချီသန့်စင်ခြင်းအဆင့်ရှိပြီး အများစုက အခြေခံအုတ်မြစ်တည်ဆောက်ခြင်းအဆင့်ကျွမ်းကျင်သူများဖြစ်ကြ၏။

သူတို့အား ဖိတ်ခေါ်နိုင်ရန်အတွက် သူက အများကြီးအားထုတ်ခဲ့ရသည်။ သူတို့သည်လည်း သူတို့၏လူများကို ဦးဆောင်ကာ ထိုနတ်ဆိုးသားရဲများနှင့် တိုက်ခိုက်ခဲ့၏။

သူ့မျက်လုံးများက တောင်တန်းဆီသို့ ပြန်ရောက်သွားပြီးနောက် သွမ်မုလင်က အဓိပ္ပါယ်ရှိသောစကားလုံးအချို့ကို ထုတ်ပြောလိုက်သည်"အခြားသူတွေကို နားမလည်ပေမယ့် သူနဲ့ ပတ်သက်ပြီး တစ်ခုတော့ ငါ သိသေးတယ်။ အကြိမ်တိုင်းမှာ အံ့အားသင့်စရာကောင်းတဲ့အလားအလာတွေနဲ့အတူ သူက ငါ့ကို အမြဲတမ်း အံ့အားသင့်စေတယ်။ ဒီတစ်ခေါက်လဲ သူ ငါ့ကို စိတ်မပျက်‌စေဘူးလို့ ငါ ထင်တယ်"

ဟွင်းစမ်နှင့်ကျန်းရွှေရှန့်တို့က အကြည့်ချင်း ဖလှယ်လိုက်ပြီး အထင်သေးသောအမူအရာများအား တစ်ပြိုင်နက်တည်း ထုတ်ဖော်လိုက်ကြသည်။

ရှေ့လူက ထူးဆန်းစွာ ပြုံးလျက် သွမ်မုလင်အား ကြည့်လိုက်သည်"ညွှန်ကြားရေးမှူး၊ ခင်ဗျားက အဲကလေးကို ခပ်မြင့်မြင့်မှန်းထားတယ်ဆိုတော့ သူ့ရဲ့စွမ်းရည်ကို ကျုပ်တို့ မြင်တွေ့ချင်မိပါရဲ့။ အဲကို တစ်ချက်သွားကြည့်ကြရင် ဘယ်လိုလဲ။ ပြီးတော့ အန္တရာယ်တွေ ဖြစ်လာတဲ့အခါ ကျုပ်တို့လဲ သူတို့ကို ကူညီနိုင်တာပေါ့"

ကျန်းရွှေရှန့်က ‌ခေါင်းညိတ်ကာ ထောက်ခံလိုက်သည်"ညွှန်ကြားရေးမှူးသွမ်မုလင်က သူ့ကို တန်ဖိုးထားနေမှတော့ ကျုပ်အတွေးလဲ အတူတူပဲ။ ငါလဲ သူ့နောက်လိုက်တွေရဲ့ခွန်အားကို မြင်ချင်တယ်။ ပြီးတော့ နောက်ထပ်နာရီအနည်းငယ်အတွင်း နတ်ဆိုးသားရဲတွေက ကျုပ်တို့ရဲ့တားမြစ်စည်းကို လာတိုက်ခိုက်မယ်လို့ ကျုပ် မထင်ဘူး။ ဒီတော့ အဲကို တစ်ချက်သွားကြည့်ရင် ဘယ်လိုလဲ"

သွမ်မုလင်က ခဏတုံ့ဆိုင်းသွားပြီးနောက် ခေါင်းခါလိုက်သည်"မဟုတ်ဘူး။ အနေအထားတစ်ခုလုံးကို ကွပ်ကဲဖို့ ကျုပ် ရှိနေဖို့ လိုအပ်တယ်။ ကျုပ် ထွက်သွားလို့ မရဘူး။ ဒါပေမယ့် သူတို့ရဲ့လုပ်ဆောင်ချက်တွေကို ခင်ဗျားတို့ မြင်ချင်တယ်ဆိုရင် သွားလို့ရပါတယ်"

ဟွင်းစမ်နှင့်ကျန်းရွှေရှန့်တို့က တစ်ချိန်တည်း ခေါင်းညိတ်လိုက်သည်။ ထို့နောက် သူတို့နှစ်ယောက်က ထန်ရှုနှင့်သူ့လူများ ပျောက်ကွယ်သွားရာ ဦးတည်ဘက်သို့ ထွက်ခွာသွားခဲ့၏။

အပြုံးတစ်ခုက သွမ်မုလင်၏နှုတ်ခမ်းထောင့်၌ ထွက်ပေါ်လာခဲ့သည်။ ထန်ရှု၏လက်ရှိခွန်အားအား သူက ရှင်းရှင်းလင်းလင်း မသိသော်လည်း လုံးဝ‌အားကောင်းမည်ဆိုသည်တော့ သေချာ၏။  ဟွင်းစမ်နှင့်ကျန်းရွှေရှန့်တို့နှစ်ယောက်စလုံးက မောက်မာလွန်းကာ သူတို့အား စေလွှတ်ရာ၌ သူ့အတွက် အနည်းငယ်ဒုက္ခများပေသည်။ အားကောင်းသောပုဂ္ဂိုလ်က ဘယ်လိုလဲဆိုသည်ကို ထန်ရှုက သူတို့အား မြင်တွေ့စေနိုင်သည်၊ သူတို့က သဘောထား ပြောင်းလဲသွားလောက်မည်၊ သို့ဆိုလျှင် နောက်ထပ်အစီအစဉ်များ ပြုလုပ်ရာတွင် သူ အတော်လေးစိတ်သက်သာရာရပေမည်။

ဝှစ်...

လျှပ်စီးလိုအရိပ်တစ်ခုက သွမ်မုလင်၏အရှေ့၌ ချက်ချင်း ထွက်ပေါ်လာသည်။ ရေမိန်းက‌လေးဖြစ်ပြီး သူမမျက်နှာက အလွန်အမင်း လေးနက်နေပြီး ဓာတ်ပုံတစ်ထုပ်ကမ်းပေးလျက် နက်ရှိုင်းသောအသံနှင့် တင်ပြလိုက်၏။"ခေါင်းဆောင်၊ အလယ်စည်းကနေ ၄၆ကီလိုမီတာအကွာမှာ ရှိတဲ့ ရွာတစ်ရွာမှာ နတ်ဆိုးသားရဲတွေ စုဝေးနေတယ်လို့ ထောက်လှမ်းရေးဗီဒိီယိုမှတ်တမ်းက ပြသနေတယ်။ ဒါတွေက သူတို့ပို့ထားတဲ့ဓာတ်ပုံတွေပဲ"

အမူအရာပြောင်းလဲသွားလျက် သွမ်မုလင်က ဓာတ်ပုံများအား လျင်မြန်စွာ ကြည့်ကာ နက်ရှိုင်းသောအသံနှင့် မေးလိုက်သည်"အရေအတွက်ဘယ်လောက်ရှိလဲ။ သူတို့အထဲမှာ ထူးခြားတဲ့နတ်ဆိုးသားရဲတစ်ကောင်များ ပါရှိသလား"

***

All Chapters