← Chapters

ကျုပ် ဘာမှမရှိဘူး

Vol. 77 Ch. 1065

ကျုပ် ဘာမှမရှိဘူး

Vol. 77 Ch. 1065

လီထန်းက မကျေမနပ် မပြုဝံ့ဘဲ လေးလေးစားစား ဆက်ပြောလိုက်သည်

“ စီနီယာ … ကျုပ်တို့ ရောက်လာတာက တာအိုရောင်းရင်းမိုကို လာရှာတာပါ။ ကျုပ် တာအိုရောင်းရင်းမိုကို လက်ဆောင်ပေးချင်တာလေး ရှိလို့ပါ။ စီနီယာကိုလည်း နတ်ဘုရားမျိုးနွယ်ရဲ့ သဟဇာတ နတ်ဘုရားကို သတ်ပေးပြီး နတ်ဘုရားနယ်မြေက ကျင့်ကြံသူတွေရဲ့ အသက်ကို ကယ်တင်ပေးတဲ့အတွက် နတ်ဘုရားနယ်မြေကိုယ်စား ကျေးဇူးတင်ချင်ပါတယ် … ”

မိုဝူကျိ၏ ဝါစဉ်နှင့် ကျင့်ကြံဆင့်တို့မှာ နတ်ဘုရားဘုရင် လီထန်းနှင့် နတ်ဘုရားဘုရင် ဟုန်ချီတို့ထက် နိမ့်ကျနေသော်လည်း နတ်ဘုရားဘုရင် လီထန်းက  မလေးမစား မပြုရဲပေ။ ခွန်းယွင်က မိုဝူကျိအား သူ့ညီအစ်ကိုအဖြစ် သုံးနှုန်းထားသည် မဟုတ်ပါလော။

ခွန်းယွင်က နေရခက်စွာ ချောင်းဟန့်လိုက်၏။ သူက ထိုလူနှစ်ယောက်သည် သူ့ကို ကပ်ဖားရန် ရောက်လာသည် ထင်နေသော်လည်း ထိုသူနှစ်ဦးက မိုဝူကျိအား ကပ်ဖားဖို့ရာ ရောက်လာလိမ့်မည်ဟု မည်သူက ထင်ထားမည်နည်း။

မိုဝူကျိက အသာပြောလိုက်သည်

“ တာအိုရောင်းရင်း လီထန်းရဲ့ လက်ဆောင်ကို လက်မခံရဲပါဘူးဗျာ။ ကျုပ် သတိမထားမိရင် နောက်တစ်ခေါက် နိဗာန တိတ်ဆိတ်မှုပင်လယ်ဘက် ထွက်ပြေးနေရပါဦးမယ် ”

နတ်ဘုရားဘုရင် လီထန်းက မိုဝူကျိသည် သူအပေါ် အမြင်မကြည်ကြောင်း သိလိုက်၍ ကြောင်အမ်းသွားသည်။ သို့သော်လည်း သူက မိုဝူကျိသည် နိဗာနတိတ်ဆိတ်မှုပင်လယ်ထဲ အမှန်တကယ် ထွက်ပြေးလိမ့်မည်ဟု မထင်မိပေ။ နိဗာန တိတ်ဆိတ်မှုပင်လယ်ထဲ ရောက်သွားပြီးနောက် မိုဝူကျိက မည်သို့ အသက်ဆက်ရှင်နိုင်မည်နည်း။ သိပ်မကြာခင် နတ်ဘုရားဘုရင် လီထန်းက မိုဝူကျိသာ သာမာန်ကျင့်ကြံသူ ဖြစ်နေလျှင် သူ့အနေနှင့် မိုဝူကျိကို လက်ဆောင်လာပေးဖို့ ကိုယ်တိုင်ကိုယ်ကျ လာစရာ လိုမည် မဟုတ်ပေ။ အကယ်၍ မိုဝူကျိက သာမာန် ကျင့်ကြံသူ ဖြစ်နေလျှင် ရှေးဦးမူလ နတ်ဘုရားအသွင်သဏ္ဍာန်ကျောက်ကို တခြားသူဆီ အဘယ်ကြောင့် ပေးနိုင်မည်နည်း။

ဘေးတွင် ရပ်နေသည့် နတ်ဘုရားဘုရင် ဟုန်ချီက ဝင်ပြောပေးလိုက်သည်

“ ဝူကျိ … မင်းက အစ်ကိုကြီး လီထန်းကို အထင်မှားနေတာပါ။ အစ်ကိုလီထန်းက နတ်ဘုရားနယ်မြေအတွက် အမြဲတာဝန် သယ်ပိုးထားပြီးတော့ နတ်ဘုရားနယ်မြေအတွက်ဆိုရင် သူ့အသက်ကိုတောင် စွန့်ပေးဖို့ လိုလားသူပါ။ အရင်တုန်းက အစ်ကိုလီထန်း မင်းကို လိုက်ရှာနေတာက မင်းဆီကနေ အသိအမြင်တွေ ရချင်လို့ပါ။ အဲဒီအခါကျ သူလည်း သဟဇာတ နတ်ဘုရားအဆင့်ကို တက်လှမ်းနိုင်မှာလေ။ မင်းကို နာကျင်အောင် လုပ်ဖို့ ရည်ရွယ်ချက် မရှိခဲ့ပါဘူး ”

မိုဝူကျိက လက်ဝေ့ပြကာ  “ အခု ကျုပ် သိပြီဆိုတော့ ခင်ဗျားတို့အပေါ်မှာလည်း အငြိုးမထားတော့ပါဘူး။ နောင်ကျ ကျုပ်တို့တွေ ကိုယ့်လမ်းကို လျှောက်ကြတာပေါ့ ”

မိုဝူကျိက နတ်ဘုရားဘုရင် ဟုန်ချီနှင့် ပတ်သတ်၍ ဆိုးရွားသည့် အမြင် မရှိပေ။ အကြောင်းမှာ သူက တခြားသူများဆီမှ တရားမျှတသည့် နတ်ဘုရားဘုရင် ဖြစ်ကြောင်း ကြားထား၍ ဖြစ်သည်။ သို့သော်လည်း နတ်ဘုရားဘုရင် လီထန်း နောက်မှ လိုက်ဖမ်းမှုသည် သူ့အား အတော်လေး စိတ်မပျော်မရွင် ဖြစ်စေသည်။ ထိုအချိန်၌ သူက ခံရသူ အစစ်အမှန်သာ ဖြစ်၏။

နတ်ဘုရားဘုရင် လီထန်းက နတ်ဘုရားဘုရင် ယီမင်နှင့် နတ်ဘုရားဘုရင် ယန်ထင်းတို့အား ကောင်းကင်လူသားဂိုဏ်းကို အကြောင်းပြချက်မရှိ ဖျက်စီးပစ်ခဲ့သည့် ကိစ္စအတွက် အပြစ်မပေးခဲ့ပေ။ ထို့အစား သူက အားနည်းသူကို ဆန့်ကျင်သောကြောင့် မိုဝူကျိအနေနှင့် နတ်ဘုရားဘုရင် လီထန်းအပေါ် လေးစားမှု ပျောက်သွားခြင်း ဖြစ်သည်။ သူက တမင် မဟုတ်သည့်အတွက် သူ့ဘက်မှ လိုက်လျောမည်ဟု ဆိုလိုခြင်းတော့ မဟုတ်ပေ။

ခွန်းယွင်က ရယ်မောကာ  “အစ်ကိုကြီး ဝူကျိ လီထန်းရဲ့ ရည်ရွယ်ချက်ကို လက်ခံပေးသင့်တယ်လေ။ မင်း ကျင့်ကြံရေး အရင်းအမြစ် လက်ခံလိုက်ရင်တောင် မင်းကို ဘာမှထိခိုက်မှာမှ မဟုတ်တာ ”

ထိုသို့ပြောပြီးနောက် မိုဝူကျိအား စိတ်ဖြင့် ဆက်သွယ်ကာ

“ ဒီလူက မင်းရဲ့ အနာဂတ် တောက်ပနေတာကို သိလို့ မင်းအပေါ် ကျင့်ကြံရေး အရင်းအမြစ် ပုံအောပေးမလို့ ကြံထားတာ နေမှာ …. သူက မင်းကို သဟဇာတ နတ်ဘုရားအဆင့် ရောက်အောင် ကူညီပေးပြီး နတ်ဘုရားမျိုးနွယ်နဲ့ တိုက်ပွဲမှာ နတ်ဘုရားနယ်မြေဘက်ကနေ ကူညီပေးစေချင်တာ။ နတ်ဘုရားကမ္ဘာမှာ ဘယ်လိုဖြစ်လာမလဲဆိုတာ မင်းလည်း သိပါတယ် ဟားဟား … ”

မိုဝူကျိက ခွန်းယွင်၏ ဆိုလိုရင်းကို ကောင်းကောင်း သိ၏။ လီထန်းက သူ့အား ကူညီပေးနေသည့်အတွက် ငြင်းဆန်လိုက်လျှင် အလကား ဖြစ်ပေလိမ့်မည်။

နတ်ဘုရားကမ္ဘာက ပြန်လည် ကောင်းမွန်လာတော့မည် ဖြစ်၏။ နတ်ဘုရားမျိုးနွယ်ဝင် ကျင့်ကြံသူများက တခြားသော မျိုးနွယ်စုများကို အထင်သေးလျှင်ပင် သူတို့က လူသားမျိုးနွယ်ဆီ တိုက်ခိုက်ဖို့ ထပ်မံ လာရောက်တော့မည် မဟုတ်ပေ။ နတ်ဘုရားကမ္ဘာ၏ စည်းမျည်းများ ပြန်လည် ကောင်းမွန်လာသည့်အခါ အားလုံးက ကျင့်ကြံဖို့ရာ အလုပ်ရှုပ်နေကြမည် ဖြစ်ကာ မည်သူကများ တိုက်ခိုက်ဖို့ အချိန်ရှိမည်နည်း။

မိုဝူကျိက ခွန်းယွင်လောက် အရည်မထူပေ။ သူ့အသိစိတ်အရ တခြားသူများ၏ လက်ဆောင်ကို လက်ခံလိုက်ခြင်းက သူတို့အတွက် တစ်စုံတစ်ခု ပြန်လုပ်ပေးရမည်သာ ဖြစ်၏။ မိုဝူကျိက နတ်ဘုရားနယ်မြေကို ကာကွယ်ဖို့ရန် ရည်ရွယ်ချက် မရှိသောကြောင့် ပစ္စည်းတချို့ကို လက်ခံ၍ နတ်ဘုရားနယ်မြေအတွက် သူ့အသက်ကို စတေးမထားလိုပေ။

နတ်ဘုရားဘုရင် လီထန်းက တည့်တိုးပြောလိုက်သည်

“  တာအိုရောင်းရင်းမို … မင်းရဲ့ အလားအလာက တကယ်ကောင်းပြီးတော့ ကံကောင်းတဲ့သူမှန်းလည်း သိပါတယ်။ ကျုပ်တို့ မျှော်လင့်မိတာက နတ်ဘုရားနယ်မြေကနေ နှစ်များစွာ စုဆောင်းထားတဲ့ ကျင့်ကြံရေး အရင်းအမြစ်တွေကို မင်းဆီ လက်ဆောင်ပေးဖို့ပါ။ နောင်ကျ တကယ်လို မင်း နတ်ဘုရားနယ်မြေကို တစ်ခါကူညီပေးရင် ကျုပ်တို့က အရမ်းကို ကျေးဇူးတင်နေမှာပါ …

တကယ်လို့ ဘာအကူအညီမှ မပေးနိုင်ဘူးဆိုရင်လည်း စိတ်ကြိုက် ထွက်သွားလို့ ရပါတယ်။ ဘာဖြေရှင်းချက်မှ ပေးနေစရာ မလိုပါဘူး ”

နတ်ဘုရားဘုရင် လီထန်း၏ လေးလေးနက်နက် စကားလုံးများနှင့် သဘောထားကို ခံစားမိ၍ နတ်ဘုရားဘုရင် ဟုန်ချီ စကားများက အမှန်ဖြစ်ကြောင်း စတင် ယုံကြည်လာမိသည်။ နတ်ဘုရားဘုရင် လီထန်းက နတ်ဘုရားနယ်မြေအတွက်ဆိုလျှင် သူ့အသက်ကိုပင် စတေးမည့်သူ ဖြစ်နိုင်၏။

နတ်ဘုရားဘုရင် လီထန်း၏ လေးနက်မှုကြောင့် မိုဝူကျိက သူ့ကို အနည်းငယ် လေးစားလာမိသည်။ သူက လက်နှစ်ဖက် ယှက်၍

“ နတ်ဘုရားဘုရင် လီထန်း၊ နတ်ဘုရားဘုရင် ဟုန်ချီ …. ခင်ဗျားတို့ နှစ်ယောက်လုံး ကိုယ်တိုင် လက်ဆောင်လာပေးတာဆိုတော့ ပစ္စည်းတွေက တန်ဖိုးနည်းမှာ မဟုတ်ဘူးဆိုတာ သိပါတယ်။ ကျုပ်မှာလည်း ကျုပ်နိယာမနဲ့ကို ရှိပါတယ်။ တကယ်လို့ နောင်ကျ နတ်ဘုရားကမ္ဘာ အန္တရာယ်ထဲ ကျရောက်နေတာကို မြင်မိပြီး ကျုပ် လုပ်နိုင်ရည်အတွင်း ရှိတယ်ဆိုရင် သေချာပေါက် ကူညီပေးပါ့မယ်။

တကယ်လို့ ကျုပ်သာ အဲလိုအခွင့်အရေးမျိုး မရှိရင်တော့ အားနာစွာနဲ့ ငြင်းပယ်ရမှာပဲ …. ဒီကိစ္စက ဘယ်လိုဖြစ်ဖြစ် ကျုပ်က ကျင့်ကြံရေး အရင်းအမြစ်တွေကိုလည်း မလိုချင်ပါဘူး။ ကျုပ်ဆီမှာ လိုအပ်နေတဲ့ တစ်ခုတည်းသော အရာကအချိန်ပါ … တကယ်လို့ ခင်ဗျားတို့နှစ်ယောက် ဘာမှပြောစရာ မရှိတော့ရင် နှုတ်ဆက်ခဲ့ပါတယ် ”

မိုဝူကျိက ကံတရားကို ယုံကြည်ပေသည်။ အကယ်၍ သူက နတ်ဘုရားဘုရင် လီထန်းတို့ဆီမှ ပစ္စည်းများ လက်ခံပြီး မကူညီနိုင်ဘဲ ဖြစ်သွားခဲ့လျှင် သူ့မဟာတာအိုအတွက် ကောင်းမည် မဟုတ်ပေ။

မိုဝူကျိ စကားကို ကြားကာ နတ်ဘုရားဘုရင် လီထန်းက သူ့အကဲဖြတ်ချက်ကို ပို၍ သေချာသွားတော့သည်။ အကယ်၍ တခြားသော ကျင့်ကြံသူများက အကူအညီ မပေးနိုင်လျှင်ပင် မည်သည့် ငြင်းဆန်မှုမှ မပြုလုပ်ဘဲ တွေဝေခြင်းမရှိ လက်ဆောင်များကို လက်ခံလိုက်မည်သာ ဖြစ်၏။ မည်သူကများ မိုဝူကျိလို ပြုမူမည်နည်း။

တကယ်တော့ သူက မိုဝူကျိသည် နတ်ဘုရားနယ်မြေအစား နတ်ဘုရားကမ္ဘာဟု သုံးနှုန်းသွားခြင်းကို သတိမထားလိုက်မိပေ။

“ဟားဟား  ငါ့ညီအစ်ကိုက အကျင့်စရိုက် ကောင်းတာပဲ …. ငါ့ဆီမှာ အဲလိုမရှိတာတော့ နှမြောစရာပဲ” ခွန်းယွင်က ရယ်မောလိုက်သည်။ သို့သော်လည်း သူက မိုဝူကျိ၏ အတွေးများကို နားလည်ပေ၏။ လောဘကြီးသူ တစ်ယောက်က မိုဝူကျိ လုပ်ခဲ့သကဲ့သို့ အဆင့်မြင့်မြင့် ဖြစ်လာမည် မဟုတ်ပေ။

နတ်ဘုရားဘုရင် လီထန်းက စိတ်ပျက်လက်ပျက်ဖြင့် မိုဝူကျိအတွက် ကျောက်စိမ်းသေတ္တာတစ်လုံး ထုတ်ယူလိုက်သည်

“အရင်တုန်းက ကျုပ် မှားခဲ့တာပါ။ ကျုပ်ဆီမှာ ပစ္စည်းကောင်း များများစားစား မရှိပေမဲ့ မင်းက အချိန်လိုအပ်နေတာဆိုတော့ ဒီမှာ အချိန်အဆောင် တစ်ခု ရှိတယ်။ ဒီဟာကို ကျင့်ကြံရေးအတွက် အသုံးမပြုနိုင်ပေမဲ့ ပစ္စည်းထုလုပ်တာ၊ ဆေးဖော်စပ်တာ ဒါမှမဟုတ် လေ့လာမှုတချို့ လုပ်ဖို့ အချိန်လုံလောက်မှာပါ ”

အချိန် အဆောင်တဲ့လား ….

မိုဝူကျိက ကျောက်စိမ်းသေတ္တာကို လက်ခံယူလိုက်သည်။

“ အချိန် ပြောင်းလဲရေး အဆောင်လား ” ခွန်းယွင်က မေးလိုက်၏။

“ အချိန် ပြောင်းလဲရေး အဆောင်ဆိုတာ ဘာကြီးလဲ ” မိုဝူကျိက ခွန်းယွင်အား နားမလည်စွာ ကြည့်လိုက်သည်။

ခွန်းယွင်က ရှင်းပြလိုက်သည်

“ ဒီပစ္စည်းမျိုးက လုပ်ဖို့ ခက်လွန်းလို့ ငါတောင် မလုပ်နိုင်ဘူး။ အချိန်စည်းမျည်းအကြောင်း နက်နက်ရှိုင်းရှိုင်း နားလည်နေတဲ့ ပညာရှင်မှ ဒီလိုအဆောင်မျိုးကို လုပ်နိုင်မှာ …. မင်း ဒီအဆောင်ကို အသက်သွင်းပြီးပြီဆိုရင် အထဲက အချိန်က နှစ်တစ်ရာ‌လောက် ဖြစ်ပြီးတော့ အပြင်ဘက်မှာကျ အလွန်ဆုံး အချိန်နည်းနည်းလေးပဲ ရှိဦးမယ်။ အချိန်အတိအကျကိုတော့ အဆောင် အဆင့်ပေါ် မူတည်တယ်။ ဒီအဆောင်ကို ကြည့်ရသလောက် အပြင်ဘက်အချိန်က တစ်နှစ်လောက် ဖြစ်လိမ့်မယ် ”

“ အာ ….” မိုဝူကျိက ချက်ချင်း အံ့အားသင့်သွားလေ၏။ ဤသို့အဆောင်မျိုးက သူ့အတွက် ကွက်တိ လိုအပ်နေခြင်း ဖြစ်၏။

ခွန်းယွင်က အေးစက်စက် ရယ်မောလိုက်ပြီး

“ အပျော်မစောနေနဲ့ဦး …. ဒီပစ္စည်းက အသုံးဝင်တယ်ဆိုပေမဲ့ မင်းက ဒီပစ္စည်းနဲ့ ကျင့်ကြံလို့ ရမှာ မဟုတ်ဘူး။ ဒီလူပြောတဲ့ မင်း  ဆေးဖော်စပ်နိုင်တယ်၊ ပစ္စည်း ထုလုပ်နိုင်တယ်ဆိုတာလည်း နားထောင်မနေနဲ့ဦး။ ဒီအချိန်အဆောင်အတွင်းမှာ စည်းမျည်း လိုအပ်မှုကြောင့် အချိန်ပိုထွက်လာတာကလွဲရင် ဘာဆိုဘာမှ မဟုတ်ဘူး ”

ခွန်းယွင် စကားကို ကြားကာ နတ်ဘုရားဘုရင် လီထန်းက အနည်းငယ် နေရခက်ဟန် ပေါ်လာသည်။ ဤအဆောင်က အံ့ဩဖို့ ကောင်းသော်လည်း ခွန်းယွင် ပြောသလို ဖြစ်ကာ အသုံးဝင်ဟန် ပေါ်ခြင်းသာ ဖြစ်၏။ အတွင်း၌ ပစ္စည်းထုလုပ်နိုင်သည်ဟု ပြောသော်လည်း အလွန်နိမ့်ကျသည့် အဆင့်နိမ့် ပစ္စည်းသာ ဖြစ်လိမ့်မည်။ အကြောင်းမှာ အတွင်းရှိ စည်းမျည်းများက မပြီးပြည့်စုံသောကြောင့် အဆင့်မြင့် ပစ္စည်းများ သို့မဟုတ် အဆင့်မြင့် ဆေးလုံးများ မပြုလုပ်နိုင်ခြင်း ဖြစ်၏။

မိုဝူကျိက ခွန်းယွင် စကားမျာကို စိတ်ထဲ မထားဘဲ ကျောက်စိမ်းသေတ္တာကို သိမ်းဆည်းထားလိုက်ပြီး နတ်ဘုရားဘုရင် လီထန်းထံ လက်နှစ်ဖက် ယှက်ကာ

“ ကျေးဇူးတင်ပါတယ် … ဒီအဆောင်က ကျုပ်အတွက် အသုံးဝင်ပါတယ်။ ခင်ဗျားတို့နှစ်ယောက်ကိုလည်း အသိပေးစရာ တစ်ခု ရှိသေးတယ်။ နတ်ဘုရားနယ်မြေကို ဆက်လက် ကာကွယ်ပေးနေဖို့ မလိုတော့ဘူး။ နတ်ဘုရားကမ္ဘာက ပြန်လည် ကောင်းလာတော့မှာဆိုတော့ နှစ်ယောက်လုံး ဒီအချိန်ကို အသုံးချပြီး သဟဇာတ နတ်ဘုရားအဆင့် တက်လှမ်းနိုင်အောင် လုပ်သင့်တယ်။ ပြင်ဆင်မှုတွေသာ လုံလောက်မယ်ဆိုရင် ခင်ဗျာတို့ သေချာပေါက် အဆင့်တက်သွားလိမ့်မယ် ”

မိုဝူကျိက ကျေးဇူးကြွေး တင်မခံလိုသောကြောင့် ခွန်းယွင် စကားများကို ပြန်ပြောပြလိုက်ခြင်း ဖြစ်၏။

ခွန်းယွင်က အံကြိတ်ကာ မကျေမနပ် ပြောလိုက်သည်   “ ညီအစ်ကို ဝူကျိ … မင်း ငါ့သတင်းနဲ့ ပြန်ပေးဆပ်ချင်တယ်ဆိုရင်လည်း ငါ့နောက်ကွယ်မှာ မလုပ်သင့်ဘူးလား ”

မိုဝူကျိက ရယ်မောကာ  “ အစ်ကိုခွန်းယွင် ... ကျုပ် တစ်ခုခု သွားဌားလိုက်ဦးမယ်။ အခုတော့ နှုတ်ဆက်ပါတယ်ဗျို့ ”

ထိုအရာကို ပြောပြီးနောက် မိုဝူကျိက ခွန်းယွင်ကို ဂရုမစိုက်တော့ဘဲ လေရွေ့ပြောင်းစွမ်းရည်နှင့် ဖြတ်ခနဲ ပျောက်ကွယ်သွားတော့သည်။ ဝေရု၊ တာ့ဟွမ်နှင့် ရွိုက်ကောတို့က စည်းမျည်းများမှ ဉာဏ်အလင်းပွင့်အောင် ကြိုးစားနေကြသည့်အတွက် ဘာမှစိုးရိမ်စရာ မရှိပေ။

ခွန်းယွင်က ဆွံ့အစွာ ခေါင်းခါလိုက်မိသည်။

 မိုဝူကျိက ကံကြမ္မာ ထိပ်သီးရတနာမျိုးက လမ်းမပေါ်မှာ တွေ့ရတဲ့အရာလို့များ ထင်နေတာလား ….

နှုတ်ဆက်စကားပင် မဆိုဘဲ ခွန်းယွင်က လှည့်ထွက်သွားတော့သည်။

“ အစ်ကိုလီထန်း မိုဝူကျိ ပြောသွားတာ ဘာအဓိပ္ပါယ်လဲ ” နတ်ဘုရားဘုရင် ဟုန်ချီက နတ်ဘုရားဘုရင် လီထန်းအား နားမလည်စွာ ကြည့်လိုက်သည်။

နတ်ဘုရားဘုရင် လီထန်းက အက်ကြောင်းကြီးကို ရုတ်ချည်း လှည့်ကြည့်ကာ မယုံကြည်နိုင်ဟန်ဖြင့်  “ တာအိုရောင်းရင်း ဟုန်ချီ … အရင် နတ်ဘုရားသိုက်မြုံ  နယ်မြေအသစ် ပေါ်လာတုန်းက စည်းမျည်းတွေနဲ့ ဖန်ဆင်းမှုအသစ်လိုမျိုး ခံစားမိတယ်။ ဒါပေမဲ့ အဲဒီအချိန်လေးက အရမ်းကို တိုတောင်းလွန်းတယ်။ ဒီအက်ကြောင်းက နတ်ဘုရားသိုက်မြုံနဲ့ တူနေမလား။ မိုးမြေစည်းမျည်းတွေကို ထုတ်ပေးနိုင်တာလား …. ပြီးတော့ နတ်ဘုရားကမ္ဘာကို ပြန်လည် ကောင်းမွန်လာအောင် လုပ်နိုင်တာလား ”

နတ်ဘုရားဘုရင် လီထန်းက ထိုသို့အတွေးမျိုးအတွက် အပြစ်တင်၍ မရပေ။ မိုဝူကျိက နတ်ဘုရားကမ္ဘာ ပြန်လည် ကောင်းမွန်လာသည့်အခါ သူတို့က သဟဇာတ နတ်ဘုရားအဆင့်သို့ တက်လှမ်းနိုင်လိမ့်မည်ဟု ပြောခဲ့သောကြောင့် ဖြစ်၏။ အကယ်၍ ဤအက်ကြောင်းကြောင့်သာ မဟုတ်လျှင် နတ်ဘုရားကမ္ဘာ အလိုလို ပြန်ကောင်းလာမည့် တခြားအကြောင်းအရင်းကို မတွေးမိတော့ပေ။

“ မိုဝူကျိက ဟိုစီနီယာနဲ့ သိကျွမ်းနေတာဆိုတော့ သူ ပြောတာက … ” နတ်ဘုရားဘုရင် ဟုန်ချီက ဆက်မပြောတော့သော်လည်း နတ်ဘုရားဘုရင် လီထန်းက ဆိုလိုရင်းကို သဘောပေါက်လိုက်သည်။ မိုဝူကျိ  ခွန်းယွင် ဟု ခေါ်လိုက်သောသူက မိုဝူကျိအား သူ့သတင်းကို သုံး၍ ပြန်လည်ဆပ်သွားသည်ဟု ပြောလိုက်သည် မဟုတ်ပါလော။

သူတို့ နားလည်သွားသည်နှင့် နတ်ဘုရားဘုရင် လီထန်းရော၊ နတ်ဘုရားဘုရင် ဟုန်ချီရော ဆက်မနေလိုတော့ဘဲ မြန်မြန် ထွက်သွားကြတော့သည်။ အကယ်၍ မိုဝူကျိ ပြောသည်က အမှန်ဖြစ်နေလျှင် သူတို့က သဟဇာတ နတ်ဘုရားအဆင့် တက်လှမ်းဖို့ရာအတွက် ပြင်ဆင်မှုများ ပြုလုပ်ထားရမည် ဖြစ်၏။

…………

မိုဝူကျိက ဝေရု၊ ရွိုက်ကောနှင့် တာ့ဟွမ်တို့အား နှုတ်ဆက်ပြီးနောက် အရွက်မဲ့တောအုပ်ထဲ ဝင်သွားလိုက်သည်။ သူက အချိန်အသည်းအသန် လိုအပ်နေပြီး မိုးမြေ မီးပြင်းဖိုကို တတ်နိုင်သမျှ မြန်မြန် ထိန်းချုပ်ဖို့ လိုအပ်နေသည်။ သူက ခွန်းယွင်ထက် ပို၍ ကောင်းချက် ရှိပေသည်။ သူက မိုးမြေ မီးပြင်းဖိုကို လူသားကမ္ဘာအတွင်း ဆန္ဒရှိသည့်အခါတိုင်း ထည့်သိမ်းထားနိုင်သည် မဟုတ်ပါလော။

လက်ရှိ လူသားကမ္ဘာက ကီလိုမီတာ ငါးသိန်းလောက် ကျယ်ဝန်းနေပြီး ကမ္ဘာတစ်ခု ဖြစ်တည်စ ပုံစံ ပေါ်နေပြီ ဖြစ်၏။ စည်းမျည်းအမျိုးမျိုးကလည်း အချိန်ကြာလာသည်နှင့် ဖွဲ့စည်းဖြစ်တည်လာကြသည်။

မိုဝူကျိက ထိုကိစ္စကို ဆက်လက် ဂရုမစိုက်တော့ဘဲ မိုးမြေ မီးပြင်းဖိုနား ရပ်ကာ အချိန်အဆောင်အား အသက်သွင်းလိုက်သည်။

အာကာပြင်တစ်ခု ဖြစ်ပေါ်လာသော်လည်း အတွင်းရှိ စည်းမျည်းများက အားနည်းနေပေသည်။ မိုဝူကျိပင် ထိုအဆောင်ကို ပြုလုပ်သည့်သူ၏ ကျင့်ကြံဆင့်မှာ သိပ်မမြင့်သေးကြောင်း ပြောနိုင်လေ၏။

မိုဝူကျိက မိုးမြေ မီးပြင်းဖိုမှ ဆေးလုံးစွမ်းအားများကို စုပ်ယူပြီးနောက် မီးပြင်းဖိုကို အကြောက်အလန့်မရှိ သန့်စင်ရန် ရောက်လာသည်။ မဟုတ်လျှင် သူက ကံကြမ္မာစုဆောင်းဖို့ ဧရာမ မီးပြင်းဖိုကြီး ထုတ်လာလျှင် ဟာသတစ်ခုလို ဖြစ်နေလိမ့်မည်။

မိုးမြေ မီးပြင်းဖိုအတွင်း ဝေဝေဝါးဝါး ဖြစ်နေဆဲ ဖြစ်၏။ မိုးမြေ မီးပြင်းဖိုအတွင်း စည်းမျည်းများကို သန့်စင်မှု အရှိန်မြင့်တင်ဖို့ရာ မိုဝူကျိက သွေးစက်အချို့ အန်ထုတ်လိုက်သည်။

တာအိုအသိအမြင်များက မီးပြင်းဖိုအတွင်း စိမ့်ဝင်သွားပြီးနောက် မိုဝူကျိက ဝိညာဉ်စွမ်းအား လှည့်ပတ်ခြင်းကို စတင် လိုက်သည်။ သူက မိုးမြေ မီးပြင်းဖိုနှင့် ဆက်နွယ်မှုတစ်ခု စတင်ဖွဲ့စည်းလိုက်ပြီး မီးပြင်းဖိုအတွင်းမှ စည်းမျည်းများနှင့် အတားအဆီးများကို သန့်စင်လိုက်သည်။

***

All Chapters