တာအိုရောင်းရင်းမို ရပ်လိုက်ပါ
Vol. 77 Ch. 1066
ဆယ်နှစ်တာ ကြာမြင့်သွားပြီးနောက် မိုဝူကျိက မိုးမြေ မီးပြင်းဖို၏ အစွန်းကိုပင် မထိရဲသေးပေ။ သူက အားအပြည့်သုံး၍ သန့်စင်ထားသော်လည်း မီးပြင်းဖို၏ စည်းမျည်းကို သိမြင်နားလည်ဖို့အတွက် အားအရမ်းနည်းလွန်းနေသည်။
မိုဝူကျိက ထိုသို့ ရတနာမျိုးသည် သူ့လက်ရှိအင်အားဖြင့် သန့်စင်ဖို့ရာ မဖြစ်နိုင်ကြောင်း သိထားသည်။ သူမျှော်လင့်ချက်က ထိုမိုးမျှော်နေသည့် မီးပြင်းဖိုကြီး နည်းနည်းလောက် သေးငယ်သွားဖို့သာ ဖြစ်၏။ အချိန်ပြောင်းလဲရေး အဆောင်၌ နှစ်တစ်ရာ အချိန်ရပေသည်။ မိုဝူကျိက ဤနှစ်တစ်ရာအတွင်း မီးပြင်းဖိုကို သေးငယ်အောင် လုပ်နိုင်လိမ့်မည် မဟုတ်ကြောင်း မယုံပေ။
နှစ် ၂၀ ၊ နှစ် ၃၀ ….
နှစ် ၇၀ ကြာသွားပြီးနောက် မိုဝူကျိက မီးပြင်းဖိုအတွင်းမှ အသံတိုးတိုးလေးကို ကြားလိုက်ရသည်။ ကြည့်ရသည်မှာ သူက မီးပြင်းဖို၏ နှလုံးသားကို ထိသွားဟန် ပေါ်၏။
“ ဝုန်း ” ကြီးကျယ်ခမ်းနားသည့် စွမ်းအားများက မိုဝူကျိ၏ အသိစိတ်ပင်လယ်အတွင်း စီးဝင်လာသောကြောင့် သွေးတစ်ပွက် အန်လိုက်ရသည်။ ကံကောင်းသည်က မိုဝူကျိ၏ စိတ်ဝိညာဉ်သိုလှောင်ရေး လမ်းကြောင်းနှင့် အသက်ဓာတ်လမ်းကြောင်းတို့က သူ့အသိစိတ်ပင်လဘ်အား အလျှင်အမြန် အားဖြည့်ပေးနေကြသည်။
မိုဝူကျိက စိတ်အတွင်း၌ ကြောက်ရွံ့နေကြသော်လည်း စိတ်စွမ်းအားကို ပြန်မရုတ်သိမ်းလိုက်ပေ။ သူ့စိတ်စွမ်းအားကို မိုးမြေ မီးပြင်းဖိုအတွင်း နှစ် ၇၀ ကျော်ကြာ စိမ့်ဝင်စေခဲ့သော်လည်း မည်သည့်ဆုလာဘ်မှ မရရှိသေးပေ။ အကယ်၍ သူသာ နောက်တစ်ခေါက် ပြန်လုပ်ရလျှင် မည်မျှ ကြာမြင့်သွားမည်ကို မသိပေ။
သူ့တွင် ကမ္ဘာဦး စိတ်ဝိညာဉ် မရှိသည်က ကံကောင်းသွားတော့သည်။ အကြောင်းမှာ အကယ်၍ သူ့တွင် ရှိနေလျှင် စောစောလေးက သူ့ကမ္ဘာဦး စိတ်ဝိညာဉ်ကို ဖျက်စီးသွားနိုင်၏။
ဤတစ်ကြိမ်၌ မိုဝူကျိက သတိကြီးကြီး ထားလိုက်သည်။ အမှန်တော့ သူက မိုးမြေ မီးပြင်းဖို၏ ပထမအတားအဆီးကို ကြုံတွေ့ပြီးလေပြီ။ မဟုတ်သေးဘူး အတားအဆီး ဟု ခေါ်ဆိုသင့်ပေ။ သူ့စိတ်အား နောက်တဆင့် မတက်လှမ်းနိုင်အောင် ဖြစ်စေသည့် အနှောင့်အယှက်မျိုးနှင့် ပိုတူသည်။
နတ်ဘုရားကမ္ဘာ ပြန်လည် ကောင်းမွန်လာသည့်အချိန်အခါကို သူ မသိသေးသည့်အကြောင်းကို တွေးမိသွားပြီး မိုဝူကျိက ဘာကိုမှ ဂရုမစိုက်တော့ဘဲ စိတ်စွမ်းအင်မြှားကို ပစ်လွှတ်လိုက်သည်။ နောက်အခိုက်အတန့်လေး၌ သူက မီးပြင်းဖိုနှင့် ဆက်နွယ်မှု အစစ်အမှန် ရရှိသွားသည်။
သူ့ချီသွေးကြောများမှ လှည့်ပတ်ထားသော ဝိညာဉ်စွမ်းအား လှည့်ပတ်မှုက မိုးမြေ မီးပြင်းဖိုအတွင်းသို့ အကြောက်အလန့်မရှိ စီးဝင်သွားသည်။ မိုဝူကျိက မီးပြင်းဖိုကို ဆက်လက် မသန့်စင်နိုင်တော့သော်လည်း မီးပြင်းဖိုအတွင်းမှ စွမ်းအားကို ခံစားမိလိုက်သည်။ ဤစွမ်းအားက စကြဝဠာကြီး၏ ကမ္ဘာဦး စွမ်းအားကို ကျော်လွန်နေပြီး ဟုန်မုန့်စွမ်းအင်နှင့် အလားသဏ္ဍာန်တူသည့် တာအိုအငွေ့အသက်တို့ ယူဆောင်လာသည်။
မိုဝူကျိက မီးပြင်းဖိုနှင့် ပေါင်းစပ်ချင်သောကြောင့် စိတ်စွမ်းအားကို သတိထားကာ ထိန်းချုပ်လိုက်သည်။ အချိန်ကုန်လွန်သွားသည်နှင့် မိုဝူကျိ၏ စိတ်အတွင်း “ မီးပြင်းဖို ” ဟူသော စာလုံး ပေါ်လာသည်။
မိုးမြေ မီးပြင်းဖိုက မိုဝူကျိ၏ ဆန္ဒအလျောက် သေးငယ်လာသောကြောင့် ပျော်ရွှင်မိသွားသည်။ မီးပြင်းဖို သန့်စင်ခြင်း လုပ်ငန်းစဉ်မှာ အစပြုခါစ ဖြစ်သော်လည်း အနည်းဆုံးတော့ မီးပြင်းဖိုကို ချုံ့၍ ရသွားလေပြီ။
ပေတစ်သိန်းလောက် မြင့်မားသည့် မီးပြင်းဖိုက ဖြည်းဖြည်းချင်း ပေတစ်သောင်း၊ ပေတစ်ထောင်၊ ပေတစ်ရာအထိ ….
ဤမီးပြင်းဖိုက သုံးပေလောက်အထိ ကျုံ့သွားသောအခါ ထပ်၍ ကျုံ့မရတော့ပေ။ မိုဝူကျိက သူ့လက်ရှိအင်အားဖြင့် အသေးငယ်ဆုံး ကျုံ့နိုင်ကြောင်း နားလည်လိုက်သည်။
တစ်မီတာ ရှည်လျားသည့် မီးပြင်းဖိုက ကြီးမားနေဆဲ ဖြစ်သော်လည်း ပေတစ်သိန်းထက်စာလျှင် ပို၍ ကောင်းပေသည်။
သို့သော်လည်း သူက မီးပြင်းဖိုကို ပုံမှန်အတိုင်း ထုတ်သုံးမည် မဟုတ်ပေ။ မိုဝူကျိက လူသားကမ္ဘာမှ လျှပ်စီးဝိညာဉ် ကျောက်တုံးကို ထုတ်ယူလိုက်၏။ ထိုလျှပ်စီးဝိညာဉ် ကျောက်တုံးကို သွေဖယ်အာကာပြင် ပင်လယ်ကျွန်းမှ ရရှိထားခြင်း ဖြစ်ပြီး ယနေ့အချိန်အထိ အသုံးမပြုရသေးပေ။
လျှပ်စီးဝိညာဉ်ကျောက်တုံးများကို သန့်စင်ထားပြီးနောက် မီးပြင်းဖိုထဲ ပစ်ထည့်လိုက်သည်။ မိုဝူကျိက လျှပ်စီးဝိညာဉ်ကျောက်တုံးများအပေါ်၌ ခပ်ဖျော့ဖျော့ အတားအဆီးများ ရေးထွင်းထားလိုက်သည်။
လများစွာ ကြာမြင့်ပြီးနောက် ငါးမီတာ အကျယ်ရှိသည့် သမုဒ္ဒရာ ပန်းကန်လုံး တစ်လုံး ပေါ်လာသည်။ ပန်းကန်လုံက ကြီးမားသော်လည်း အထဲရှိ နေရာကား သာမာန်သာ ဖြစ်၏။
ခွန်းယွင်က အိုးကို သုံးပြီး သူက သူ့မီးပြင်းဖိုအား ပန်းကန်လုံးအဖြစ် ပြောင်းလဲလိုက်သည်။
ဤပန်းကန်လုံးကို ထပ်၍ သေးငယ်အောင် လုပ်၍ မရတော့သည့်အတွက် လျှပ်စီးဝိညာဉ်ကျောက်တုံးများဖြင့် ရစ်ပိတ်ထားလိုက်သည်။ လျှပ်စီးဝိညာဉ်ကျောက်တုံးများကို အဆင့် ၇ အတားအဆီးအဖြစ် ရေးထွင်းထားပြီး ငါးမီတာပတ်လည် အကျယ်ရှိ ပန်းကန်လုံးအဖြစ် ပြုလုပ်ထားခြင်း ဖြစ်သည်။
မိုးမြေ မီးပြင်းဖို၏ ကံကြမ္မာ စွမ်းအားကို ရှန်းထျန်း ရတနာလောက် အလွယ်တကူ မသိနိုင်ပေ။ မိုဝူကျိ၏ အဆင့် ၇ အတားအဆီးကို ထည့်တွက်လိုက်သည့်အခါ သဟဇာတ နတ်ဘုရားပင် ဤအရာသည် မိုးမြေ မီးပြင်းဖို ဖြစ်နေလိမ့်မည်ဟု ပြောနိုင်မည် မဟုတ်ပေ။
ခွန်းယွင်ကိုတော့ မိုဝူကျိက သူ့ပန်းကန်လုံးအား လုံးဝ ထိခွင့် မပြုရန် စိတ်ပိုင်းဖြတ်ထားသည်။
အချိန် ပြောင်းလဲရေး အဆောင်ကို အသက်သွင်းထားပြီးပြီ ဖြစ်၍ အချိန်မပြည့်သေးလျှင်ပင် ဆက်လက် အသုံးပြုစရာ မလိုတော့ပေ။ မိုဝူကျိက ဖြုန်းတီးမှုတစ်ခုဟု မခံစားမိပေ။ ဤသို့သော အရာမျိုးက အသုံးပြုစရာ မလိုသရွေ့ တကယ် အသုံးမဝင်ပေ။
မိုဝူကျိက သူ့ပစ္စည်းများကို သိမ်းဆည်းပြီးနောက် မိုဝူကျိက ငါးမီတာအကျယ်ရှိ ပန်းကန်လုံးကို သယ်ကာ အရွက်မဲ့တောအုပ်မှ မြန်မြန် ထွက်လာလိုက်သည်။ သူ့အမြင်၌ နတ်ဘုရားကမ္ဘာသည် နှစ်အနည်းငယ်အတွင်း ပြန်လည် ကောင်းမွန်လာတော့မည် ဖြစ်၏။ သူက သူ့ပန်းကန်လုံးအတွက် အသင့်တော်ဆုံး နေရာကို ရှာရဦးပေမည်။
မိုဝူကျိ အရွက်မဲ့တောအုပ်ထဲမှ ထွက်လာသည်နှင့် တစ်ခုခု လွဲမှားနေကြောင်း ခံစားမိလိုက်သည်။ အစပိုင်းတွင် အရွက်မဲ့တောအုပ်အစွန်းတွင် ရှိနေသည့် အက်ကြောင်းက တောအုပ်ထဲသို့ ဝင်ရောက်သွားလေ၏။
ထို့အပြင် အက်ကြောင်းက ပေတစ်ထောင်ကျော် ကျယ်ပြန့်လာပြီး နှစ်ဖက်လုံးမှ ကျင့်ကြံသူများက ဆက်လက်၍ မဖြတ်လာနိုင်တော့ပေ။
မိုဝူကျိက စိတ်စွမ်းအားကို အသုံးပြုလိုက်သည်နှင့် တာ့ဟွမ်နှင့် ရွိုက်ကောတို့၏ တည်နေရာကို အာရုံခံမိသွားသည်။ သူ့ကို စိတ်အေးသွားစေသည်က နတ်ဘုရားကမ္ဘာ ပြန်လည် မကောင်းမွန်လာခင် တာ့ဟွမ်က နတ်ဘုရားအုပ်စိုးသူအဆင့်သို့ ရောက်ရှိသွားပြီ ဖြစ်၏။
တာ့ဟွမ်နှင့် ရွိုက်ကောတို့နှင့် မျက်နှာချင်းဆိုင်တွင် မိန်းမငယ်တစ်ဦး ရှိနေပြီး မိုဝူကျိ သိသည့်သူလည်း ဖြစ်နေသည်။
……………
“ သခင်ကြီး ဒီအမျိုးသမီးက ကျွန်တော်တို့ သူ့နောက်လိုက်လာပါတယ်ဆိုပြီး အတင်းဇွတ်ငြင်းနေတယ် ” မိုဝူကျိ ရောက်လာသည်နှင့် ရွိုက်ကောက မြန်မြန် ပြောလိုက်သည်။
မိုဝူကျိကို မြင်ကာ ဝေရုနှင့် တာ့ဟွမ်က မိုဝူကျိနောက်တွင် ရပ်လိုက်ကြသည်။
“ မိုဝူကျိ … မင်းက တော်တော် တတ်နိုင်တာပဲ။ အရင်တုန်းက အင်မော်တယ် ဧကရာဇ် အဆင့် ပုရွတ်ဆိတ်လေးက အခု နတ်ဘုရားဘုရင်တောင် ဘာမှမလုပ်နိုင်တဲ့သူ ဖြစ်နေပြီလား ” ထိုအမျိုးသမီးက မိုဝူကျိကို မြင်လိုက်သည့်အခါ မျက်ဝန်း၌ မီးတောက်များ တောက်လောင်လာကဲ့သို့ ဖြစ်လာသည်။ သူမက နတ်ဘုရားများသည် မိုဝူကျိနောက် လိုက်ခဲ့သည့် အဖြစ်အပျက်ကို ပြန်လည် ညွှန်းဆိုနေခြင်း ဖြစ်ပြီး မိုဝူကျိက နတ်ဘုရားဘုရင် တစ်ယောက်ကို သတ်ခဲ့သည့် ဖြစ်ရပ်ကိုကား သူမက မသိသေးပေ။
မိုဝူကျိက ထိုအမျိုးသမီးကို မှတ်မိပေသည်။ ထိုအမျိုးသမီးက အင်မော်တယ်လောက၏ ကံကြမ္မာကို လိုချင်ခဲ့သည့် ယူကျန်းနာ ဖြစ်၏။ ယူကျန်းနာက မိုဝူကျိအပေါ် အတော်လေး မုန်းတီးနေသည်။ အကြောင်းမှာ မိုဝူကျိက အင်မော်တယ်လောက၏ ကံကြမ္မာကို အင်မော်တယ်လောကဆီ ပြန်ပေးလိုက်ရုံသာမက ပို၍ အရေးကြီးသည်က မိုဝူကျိသည် သူမ အစ်ကိုကို သတ်လိုက်သူ ဖြစ်ကြောင်း သူမ အဖေဆီမှ ကြားထားမိသည်။
သူမ မသိသည်က ထိုအရာမှာ နတ်ဘုရားဘုရင် ကျီတင်းက မိုဝူကျိအား ဖမ်းဆီးပြီး ရတနာ ယူဖို့ရာအတွက် အကြောင်းပြချက် ပေးထားခြင်းသာ ဖြစ်၏။ သို့သော်လည်း နတ်ဘုရားဘုရင် ကျီတင်းပင် မိုဝူကျိက သူ့သားဖြစ်သူ ယူကျန်းအာကို တကယ် သတ်ခဲ့လိမ့််မည်ဟု ထင်ထားမည် မဟုတ်ပေ။ မည်သို့ပင် ဆိုစေကာမူ ယူကျန်းနာက သူမ ဖခင်ဖြစ်သူ၏ ခန့်မှန်းချက်မှာ မှန်ကန်ကြောင်း ယုံကြည်ထားသည်။
အကယ်၍ မိုဝူကျိသာ နတ်ဘုရားနယ်မြေသို့ ရောက်ရှိလာစ ဖြစ်ပြီး ထိုအမျိုးသမီးကို တွေ့ရလျှင် တတ်နိုင်သမျှ မြန်မြန် ထွက်ပြေးမည်သာ ဖြစ်၏။ သို့သော်လည်း ယခု မိုဝူကျိက နတ်ဘုရားဘုရင် အဆင့် ၇ ပညာရှင်ကိုပင် သတ်နိုင်ထားလေရာ ယူကျန်းနာကို အဘယ်ကြောင့် ကြောက်ရွံ့နေရမည်နည်း။
“ မင်းက အခုမှ နတ်ဘုရားအုပ်စိုးသူ အစောပိုင်းအဆင့်ပဲ ရှိသေးတယ်။ ဒီနေရာလာပြီး ဘာမောက်မာနေတာလဲ ” မိုဝူကျိက အေးစက်စက် ပြောလိုက်သည် “ ထွက်သွားစမ်း … မဟုတ်ရင် အင်မော်တယ်လောကက ဖြစ်ရပ်ကိုပါ ပြန်အကြွေးယူရလိမ့်မယ် ”
“ ငါ့အဖေက ရောက်လာတော့မှာ … နင် ဘာလုပ်နိုင်လဲ ကြည့်ရသေးတာပေါ့ ” ယူကျန်းနာက မကျေမနပ် ပြောလိုက်သည်။
မိုဝူကျိက ထိတ်လန့်သွားကာ အာကာပြင် သင်္ကေတများကို ချက်ချင်း ရေးထွင်းလိုက်၏။ အချိန်တိုလေးအတွင်း မိုဝူကျိက အဆင့် ၅ သေမင်းထောင်ချောက် အစီအရင်ကို ရေးထွင်းပြီးလေပြီ။
ထိုစဉ် ဝတ်စုံနက်နှင့် အမျိုးသားတစ်ယောက်က မိုဝူကျိတို့နှင့် မနီးမဝေးသို့ ရောက်ရှိလာသည်။ တစ်ချက်တည်းကြည့်ရုံဖြင့် ထိုသူသည် နောက်ပိုင်း နတ်ဘုရားဘုရင်အဆင့် ဖြစ်ကြောင်း သိလိုက်၏။ မိုဝူကျိက ထိုသူသည် နတ်ဘုရားဘုရင် ကျီတင်း ဖြစ်ကြောင်း ခန့်မှန်းမိလိုက်သည်။
“ မင်းက မိုဝူကျိလား ” ရောက်လာသူက အမှန်ပင် နတ်ဘုရားဘုရင် ကျီတင်း ဖြစ်နေ၏။
တကယ်တော့ သူက မိုဝူကျိကဲ့သို့ အရွက်မဲ့တောအုပ်မှ ထွက်လာခြင်း ဖြစ်၏။ အရွက်မဲ့တောအုပ်အတွင်း အချိန်အတော်ကြာ ဂူပိတ်လေ့ကျင့်နေပြီးနောက် သူ့ကျင့်ကြံဆင့်မှာ နတ်ဘုရားဘုရင် အဆင့် ၈ သို့ ရောက်ရှိသွားပြီ ဖြစ်သည်။
မိုဝူကျိက နတ်ဘုရားဘုရင် လော့ဟွမ်စန်းကို သတ်လိုက်ပြီး သဟဇာတ နတ်ဘုရားတစ်ယောက်ကို ခွန်းယွင်နှင့်အတူ ခြောက်လန့်လိုက်သည့် အဖြစ်အပျက်ကို သူက မသိသေးပေ။ အကယ်၍ သူ သိခဲ့လျှင် မိုဝူကျိရှေ့ မောက်မောက်မာမာ ရောက်လာရဲမည် မဟုတ်ပေ။
“ အဖေ … သူက အစ်ကိုကို သတ်လိုက်တဲ့ မိုဝူကျိပဲ ” ယူကျန်းနာက မိုဝူကျိ ကိုယ်စား ပြန်ဖြေလိုက်သည်။
မိုဝူကျိက အရမ်းအံ့အားသင့်မသွားသော်လည်း နည်းနည်းတော့ မရေမရာ ဖြစ်မိသွားသေး၏။ ယူကျန်းနာက သူ့အား သူမအစ်ကိုကို သတ်လိုက်သည့်အကြောင်း ထုတ်ပြောသည့် အကြောင်းအရင်းကို သိပေသည်။ ယခင် အင်မော်တယ်လောကထဲ၌ သူက ယူကျန်းနာနှင့် ၇၀ ရာခိုင်နှုန်းလောက် တူသည့် ဆံညိုလူငယ်လေးအား သတ်ပစ်ခဲ့ဖူးသည်။ ဤသူက သူမ ပြောနေသည့် အစ်ကိုဖြစ်သူ ဖြစ်လိမ့်မည်။
သူ မရေမရာ ဖြစ်သွားသည်က သူ့အပေါ်တွင် ကျန်ရှိနေသော စိတ်ဝိညာဉ် အမှတ်အသားကို ဖယ်ရှားခဲ့ပြီးသား ဖြစ်၏။ ပထမအကြိမ် ယူကျန်းနာနှင့် တွေ့ဆုံစဉ်က ယူကျန်းနာသည် ထိုအရာကို သတိမပြုမိခဲ့ပေ။ ဒုတိယအကြိမ် တွေ့မှ အဘယ်ကြောင့် သတိပြုမိသွားရသနည်း။
“ မင်းက ငါ့သား ကျန်းအာကို သတ်လိုက်မှတော့ သေစမ်း ” နတ်ဘုရားဘုရင် ကျီတင်းက လက်မြှောက်ကာ မိုဝူကျိအား ဆွဲဖို့ လုပ်လိုက်သည်။
သူ မိုဝူကျိကို သတ်လိုသည့် အကြောင်းအရင်းမှာ မိုဝူကျိတွင် ရှိသော ရတနာများကြောင့် ဖြစ်၏။ သူ့သား သေဆုံးမှုကိုတော့ သူက မိုဝူကျိ သတ်လိုက်သည်ဟု မထင်ပေ။
မိုဝူကျိက အဆင့် ၆ သေမင်းထောင်ချောက် အစီအရင် ပြီးစီးသွားပြီ ဖြစ်၏။ ယခု နတ်ဘုရားဘုရင် ကျီတင်းက တိုက်ခိုက်တော့မည် ဖြစ်ရာ သူက အဘယ်ကြောင့် သက်ညှာပေးနေရမည်နည်း။
“ တာအိုရောင်းရင်း ကျီတင်း ရပ်လိုက်ပါ ” နောက်အခိုက်အတန့်လေး၌ နတ်ဘုရားဘုရင် ဟုန်ချီက သူတို့ရှေ့ ရောက်လာကာ အော်ပြောလိုက်သည်။
နတ်ဘုရားဘုရင် ကျီတင်းက နတ်ဘုရားဘုရင် ဟုန်ချီအား မျက်မှောင်ကျုတ် ကြည့်လိုက်သည်။ အကြောင်းမှာ သူက နတ်ဘုရားဘုရင် လီထန်းနှင့် ဆက်ဆံရေးကောင်းကောင်း ရှိသည့် မဟာနတ်ဘုရားဘုရင် ဆယ်ယောက်ထဲမှ တစ်ယောက် ဖြစ်ပေသည်။ သူ့အင်အား တိုးတက်လာလျှင်ပင် နတ်ဘုရားဘုရင်ကျီတင်းအနေနှင့် သူ့အား ကြောက်နေစရာ မလိုပေ။ နတ်ဘုရားဘုရင် ကျီတင်း စိုးရိမ်သည့်သူမှာ နတ်ဘုရားဘုရင်လီထန်းသာ ဖြစ်၏။
“ တာအိုရောင်းရင်းမို ” နတ်ဘုရားဘုရင် ကျီတင်း ရပ်တန့်လိုက်သည်ကို မြင်၍ နတ်ဘုရားဘုရင် ဟုန်ချီက သက်ပြင်းချကာ မိုဝူကျိအား အရင်ဦးစွာ နှုတ်ဆက်လိုက်သည်။ မိုဝူကျိနောက်ကျောရှိ ပန်းကန်လုံးကိုတော့ နတ်ဘုရားဘုရင် ဟုန်ချီက အာရုံမရှိပေ။ အကယ်၍ ခွန်းယွင်နှင့် မိုဝူကျိတို့က အချင်းချင်း ညီအစ်ကိုအဖြစ် ခေါ်ဆိုကြလျှင် ခွန်းယွင်က အိုးတစ်လုံးကို သယ်ဆောင်ထားသောကြောင့် မိုဝူကျိက ပန်းကန်လုံး သယ်ဆောင်ထားသည်မှာ မထူးဆန်းတော့ပေ။
နတ်ဘုရားဘုရင် ဟုန်ချီက မိုဝူကျိအပေါ် လေးလေးစားစား ဆက်ဆံနေသည်ကို မြင်ကာ နတ်ဘုရားဘုရင် ကျီတင်းက အတော်လေး အံ့အားသင့်သွား၏။
နတ်ဘုရားဘုရင် ဟုန်ချီက နတ်ဘုရားဘုရင် ကျီတင်းသည် မိုဝူကျိအား ဆက်လက် တိုက်ခိုက်နေမည်ကို စိုးရိမ်သောကြောင့် နတ်ဘုရားဘုရင် ကျီတင်းဘက် လှည့်ကာ
“ အစ်ကို ကျီတင်း … ညီလေးမိုနဲ သူ့မိတ်ဆွေတို့က နတ်ဘုရားမျိုးနွယ်ဝင် ဟွမ်းကျီကို အရွက်မဲ့တောအုပ်ထဲမှာ သတ်ပစ်ခဲ့ကြတာပါ။ လွန်ခဲ့တဲ့ လအနည်းငယ်လောက်က လော့ဟွမ်စန်းလည်း တာအိုရောင်းရင်းမို လက်ချက်နဲ့ သေဆုံးသွားပြီ။ နတ်ဘုရားမျိုးနွယ်ရဲ့ ပိုင်သိုက်က ရောက်လာပေမဲ့ တာအိုရောင်းရင်မိုရဲ့ မိတ်ဆွေ စကားကို ကြားပြီး ကြောက်လန့်တကြား ထွက်ပြေးသွားရတယ် ”
“ ဘာ ” နတ်ဘုရားဘုရင် ကျီတင်းက ထိုစကားများကို ကြားကာ ကြောင်အမ်းသွားလေ၏။
သူက နတ်ဘုရားမျိုးနွယ်၏ ဟွမ်းကျီ သေဆုံးမှုကို တင်ပြခဲ့သူ ဖြစ်ရာ မည်သို့ မသိဘဲ နေမည်နည်း။
သူ့သမီးဖြစ်သူရဲ့ မျက်လုံးထဲမှာ ပုရွက်ဆိတ်ကောင်ကလား …. ဘယ်လိုလုပ် ဒီလောက် အားကောင်းလာတာလဲ ….
သူ ကြောက်ရသည့် လော့ဟွမ်စန်းကို သတ်နိုင်ခဲ့တယ်တဲ့လား …. ပိုင်သိုက် ကြောက်လန့်တကြား ထွက်ပြေးသွားခဲ့သည့် အချက်ကိုတော့ အရူးသာ ယုံလိမ့်မည်။
ဖြစ်နိုင်တာ တစ်ခုခု ဖြစ်ပျက်ခဲ့ပြီး သူ ကျီတင်းက မသိခဲ့မိတာလား ….
“ ဝုန်း ဝုန်း ဝုန်း ” စည်းမျည်းအက်ကြောင်းမှ ပေါက်ကွဲသံများ ဆက်တိုက်ကြားလိုက်ရပြီးနောက်က ကမ္ဘာဦး စွမ်းအားကို သယ်ဆောင်ထားသည့် နတ်ဘုရားကျောက်များက မိုးအလား ရွာသွန်းချလာသည်။
မြောက်များစွာသော ကျင့်ကြံသူတို့က အရူးအမူး ဖြစ်ကုန်ကြသည်။ ယခင် မိုးမြေ ပညာရပ်များ ထွက်ပေါ်လာခဲ့ပြီး မည်သူကမှ တိုက်နိုင်စွမ်း မရှိကြပေ။ ယခုအခါ ထိုကမ္ဘာဦး ကျောက်များ ထွက်ပေါ်လာသောကြောင့် အားလုံးက ထိုအတွက် တိုက်ခိုက်ကုန်ကြသည်။
မိုဝူကျိက စိတ်အတွင်း၌ စိတ်လှုပ်ရှားနေမိသည်။ ဤသည်မှာ နတ်ဝိညာဉ်သွေးကြောများ ထွက်မလာခင် အစပြုသည့် သဘောမျှသာ ဖြစ်ကြောင်း သိထား၏။ သူ့စိတ်ထဲ၌ ကျီတင်းကို စကားပြော၍ အချိန်ဖြုန်းနေရမည်နည်း။ သူ့ပုဆိန်လှံရှည်အား ဆွဲထုတ်ကာ လေဟုန်ဆန်မြစ်ကို ကျီတင်းအပေါ် ချိန်ရွယ်လိုက်သည်။
“ တာအိုရောင်းရင်းမို ရပ်လိုက်ပါ …” မိုဝူကျိ လှုပ်ရှားလိုက်သည်ကို မြင်၍ နတ်ဘုရားဘုရင် ဟုန်ချီက စိုးရိမ်တကြီး အော်ဟစ်လိုက်သည်။
***