အပေးအယူတစ်ခု
Vol. 61 Ch. 845
ဝမ်ပေါင်လဲ့တစ်ယောက် နောက်သို့ဆုတ်ခွာသွားပြီး ကျိလော့တစ်ယောက် သူ့ဆီသို့ ချဉ်းကပ်လာနေစဉ် မီးအိမ်ထဲမှ ဂြိုဟ်အဆင့် ကျင့်ကြံသူကြီးဆီမှ မောက်မာဝင့်ကြွားသော နှာမှုတ်သံတစ်သံ ထွက်ပေါ်လာသည်။
ထိုအခါ ထိုမီးအိမ်ထဲမှ မီးတောက်များမှာ ချက်ချင်းဆိုသလိုပင် တဟုန်းဟုန်း တောက်လောင်လာ၏။ ထို့နောက် မည်သို့မည်ဖုံမှန်းမသိ ဂြိုဟ်အဆင့် ကျင့်ကြံသူကြီးမှာ မီးအိမ်ထဲမှ သူ၏ ဖိနှိပ်အားများကို ရှေ့သို့ ထုတ်လွှတ်လိုက်တော့သည်။ ထိုအခါ သူ၏ ဖိနှိပ်အားများမှာ ထို နေရာကြီးတစ်ခုလုံးအား လွှမ်းခြုံသွားကြပြီး အချုပ်အနှောင်တစ်ခုကို ဖန်တီးကာ ဝမ်ပေါင်လဲ့အား ပိတ်လှောင်ထားလိုက်တော့သည်။
အဝေးမှ ကြည့်လိုက်ပါက ထို အချုပ်အနှောင်ကြီးမှာ အကြည်ရောင် အမိုးခုံးကြီးတစ်ခုနှင့် တူနေ၏။ ၎င်းမှာ မိုးကောင်းကင်နှင့် ကမ္ဘာမြေကြီး၏ ကြားတွင် ရှိနေပြီး ဝမ်ပေါင်လဲ့အား ပေတစ်ထောင်ပတ်လည် အတွင်း၌သာ လှုပ်ရှားနိုင်စွမ်းရှိအောင် ချုပ်တည်းထားသည်။
ထို အချုပ်အနှောင်ကြီးမှာ ဝမ်ပေါင်လဲ့ လှုပ်ရှားမှုများကို ချုပ်တည်းထားရုံသာမက သူနှင့် ဘိုးဘေးသင်္ချိုင်းဂူ တံခါးပေါက်တို့၏ ကြားတွင်လည်း အကာအရံတစ်ခုကို ဖန်တီးထားသကဲ့သို့ ဖြစ်နေသေးသည်။
ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ တုန်လှုပ်ချောက်ချားကာ မျက်နှာအမူအရာ ပြောင်းလဲသွားရ၏။ အကယ်၍ သူ၏အတွေးထဲမှ စကားသံများကို ကြားနိုင်စွမ်းရှိပါက သူ၏ ကျိန်ဆဲသံများကြောင့် နားအူသွားရမည်သာ ဖြစ်သည်။
" သောက် ရှဲ့ဟေးရန်ဆိုတဲ့ကောင်။ မင်း နေနှင့်ဦးပေါ့။ ခွေးကောင်... သူ အခုလို လှေနံနှစ်ဖက် နင်းထားတယ်ဆိုကတည်းက သူက ငါ နတ်ဆိုးမျက်လုံးပညာရပ် လေ့ကျင့်ထားတဲ့အချက်ကို သိထားလောက်ပြီးပြီ။ ငါ ဒီနေရာမှာ ဘာ တွန်းကန်အားကိုမှ ခံစားရမှာ မဟုတ်တာကိုလည်း သူက သိထားပြီးသား။ သူက တစ်ချိန်လုံး ဟန်ဆောင်နေခဲ့တာပဲ။ ဉာဏ်များလိုက်တဲ့ကောင်။ ငါ့ဆီမှာ သလင်းကျောက်နီ ဘယ်နှတုံး ကျန်နေသေးမှန်းကိုလည်း သူ အတိအကျ သိနေလောက်တယ်။ အဲတာကြောင့်မလို့ သူက ငါ သူ့ဆီကနေ အကူအညီ မတောင်းတောင်းရအောင် တမင်တကာ ဂွင်ဖန်နေတာ။ အဲတာမှ သူ့က ငါ့ကို ငွေညစ်နိုင်မှာလေ "
ဝမ်ပေါင်လဲ့မှာ နောက်သို့ဆုတ်ခွာသွားနေရင်း အခြေအနေတစ်ခုလုံးကို နားလည်သွားတော့သည်။ သို့သော် ယခုတွင် ထိုကိစ္စများကို တွေးနေရန် အချိန်မရှိကြောင်း သူက သိထား၏။ သူသည် ရှဲ့ဟေးရန်၏ လှည့်ကွက်ထဲသို့ အဝင်ခံမည် မဟုတ်သလို သူ့အား အခကြေးငွေ မတန်တဆ ပေးရန်လည်း အစီအစဉ် မရှိပေ။ ထို့ကြောင့် သူသည် ရုတ်တရက်ဆိုသလို အရှိန်မြှင့်တင်လိုက်ပြီး တစ်ခေါင်းလုံး ထူပူသွားအောင် စဉ်းစားတွေးတောနေလိုက်တော့သည်။ သူသည် ပေတစ်ထောင်ပတ်လည်သာ ရှိသော နယ်မြေလေးထဲ၌ ကျိလော့၏ တိုက်ကွက်များကို ရှောင်တိမ်းနေရ၏။
ဝမ်ပေါင်လဲ့မှာ ရှဲ့ဟေးရန်သည် နတ်မျက်လုံး လူမှုအဖွဲ့အစည်း ဧကရာဇ်ကြီး၏ စိတ်ဆန္ဒအတိုင်း သူ့အား သတင်းအချက်အလက်များကို မတန်တဆစျေးဖြင့် ရောင်းချခဲ့သလို တစ်ချိန်ထဲမှာပင် ခရမ်းရောင် ရွှေလူမှုအဖွဲ့အစည်း၏ တောင်းဆိုချက်အတိုင်း ဆောင်ရွက်ခဲ့ခြင်းဖြစ်မည်ဟု ယုံကြည်နေ၏။ သူ ထိုကဲ့သို့ ဘေးကျပ်နံကျပ် အခြေနေထဲသို့ ရောက်နေစဉ် နတ်မျက်လုံး ကြယ်အဖွဲ့အစည်းနှင့် အလွန်အင်မတန်မှ ဝေးကွာသော ကြယ်အဖွဲ့အစည်းတစ်ခုထဲရှိ ရှဲ့မိသားစု ပိုင်သော ဈေးထဲ၌ တည်ဆောက်ထားသည့် ဈေးဆိုင်တစ်ဆိုင်ထဲတွင် ရှဲ့ဟေးရန်တစ်ယောက် ရှိနေသည်။ သူသည် သူ၏ ဝန်ထမ်း၏ အစီရင်ခံတင်ပြချက်များကို နားထောင်နေရင်း ရုတ်တရက်ဆိုသလို နှာချေမိလိုက်၏။
" တစ်ယောက်ယောက်ကတော့ ငါ့ကို ကျိန်ဆဲနေပြီ " ရှဲ့ဟေးရန်မှာ ထိုသို့ရေရွတ်ကာ ချောင်းဟန့်လိုက်၏။ ထို့နောက် သူသည် သူ၏ညာဘက်လက်ကို မြှောက်ကာ မန္တန်လက်ကွက်တစ်ခု ဖော်လိုက်ပြီး တစ်အောင့်ခန့်အကြာတွင် တစ်စုံတစ်ခုအား နားလည်သွားသည့်ပုံပင်။
" ဟိုဖက်တီးကောင် ဝမ်ပေါင်လဲ့ပဲ ဖြစ်ရမယ် "
" သခင်လေး.... သူ အဲဒီလို ကျိန်ဆဲခဲ့တာကို သခင်လေးကိုယ်တိုင် မြင်ခဲ့ပြီးသားလေ။ အဲတာကို ဘာလို့ ဗေဒင်ဖတ်ဖို့ လိုနေသေးတဲ့ပုံစံ ဟန်ဆောင်နေရတာလဲဗျ " ရှဲ့ဟေးရန်အား အစီရင်ခံတင်ပြနေသည့် လူမှာ တရုတ်ရိုးရာ ဝတ်ရုံများကို ဆင်မြန်းထားသည့် အဘိုးကြီးတစ်ယောက် ဖြစ်သည်။ သူသည် ရာထူးအဆင့်အတန်း မြင့်မားသူတစ်ယောက်ဖြစ်ကြောင်း အထင်အရှား သိမြင်နိုင်ပေသည်။ သူသည်လည်း ထိုင်ခုံတစ်ခုပေါ်တွင် ထိုင်နေပြီး စနောက်လိုသည့် မျက်ဝန်းများဖြင့် ပြုံးကာ မေးလိုက်၏။
ထိုအခါ ရှဲ့ဟေးရန်မှာ မျက်စိပေကလပ်ပေကလပ် ဖြစ်သွားပြီးနောက် သူ၏ရှေ့ရှိ စားပွဲအား လှမ်းကြည့်လိုက်သည်။ ထို စားပွဲပေါ်တွင် ကျောက်စိမ်းပေလွှာတစ်ခု ရှိနေ၏။ ထို ကျောက်စိမ်းပေလွှာ၏ အထက်တွင်မူ ရုပ်မြင်သံကြား ပုံရိပ်တစ်ခု ရစ်ဝဲနေသည်...
ထို ပုံရိပ်မှာ နတ်မျက်လုံး လူမှုအဖွဲ့အစည်း၏ တော်ဝင်သင်္ချိုင်းကုန်းထဲ၌ ဖြစ်ပျက်နေသော အရာများကို ဖော်ပြနေ၏။ သူတို့မှာ ထိုမြင်ကွင်းအား ဝမ်ပေါင်လဲ့၏ မျက်ဝန်းများထဲမှ မဟုတ်ဘဲ ဧကရာဇ်ကြီး၏ မျက်ဝန်းများထဲမှတစ်ဆင့် မြင်နေရခြင်းဖြစ်၏။
ထို ပုံရိပ်မှာ အလွန်အင်မတန်မှ ကြည်လင်ပြတ်သားနေသလို အသံများမှာလည်း ထိုနည်းတူပင်။ ရှဲ့ဟေးရန်မှာ အဘိုးကြီး၏ စကားကြောင့် အနည်းငယ်ခန့် ရှက်ကိုးရှက်ကန်းဖြစ်သွားရ၏။ သူသည် ဗေဒင်အတတ်ပညာအား တတ်မြောက်ထားခြင်း မရှိပါသော်လည်း တစ်ခဏမျှ ဟန်ဆောင်ခွင့် မရှိသည်လောဟု စိတ်ထဲ၌ ရေရွတ်မိနေတော့သည်။
အဘိုးကြီးမှာလည်း ရှဲ့ဟေးရန်တစ်ယောက် ရှက်ကိုးရှက်ကန်း ဖြစ်သွားရသည့်အချက်ကို သတိထားမိလိုက်သဖြင့် သူ၏ မျက်နှာပေါ်မှ အပြုံးမှာ ပျောက်ကွယ်သွား၏။ ထို့နောက် သူသည် တစ်ခဏမျှ စဉ်းစားတွေးတောလိုက်ပြီး မေးမြန်းလိုက်တော့သည် " သခင်လေး။ ကျွန်တော်တို့တွေ ဝမ်ပေါင်လဲ့ကို ကူညီပေးသင့်သလား "
" အဲဒီ ဖက်တီးက ခေါင်းမာပေမဲ့ အရာအားလုံး စီစဉ်ထားတဲ့အတိုင်း ဖြစ်သွားမှာပါ။ သူ့ဆီမှာ အဲဒီ အချုပ်အနှောင်ကြီးကို ဖျက်ဆီးနိုင်ဖို့ ဝှက်ဖဲတွေ ရှိနေလောက်ပေမဲ့ အဲဒီလို ဖျက်ဆီးနိုင်ဖို့အတွက်ဆိုရင် အများကြီးပေးဆပ်ရမှာ။ ခဏနေရင် သူ ကျုပ်ဆီကို အသံလွှင့် အကြောင်းကြားစာတစ်စောင် ပို့ပြီးတော့ ကျုပ်ကို လှမ်းငေါက်လိမ့်မယ်။ အဲလို ငေါက်ပြီးရင်တော့ သူ စောဒကမတက်နိုင်တော့ဘဲ ကျုပ်ဆီကနေ အကူအညီတောင်းဖို့ သူ့ရဲ့ ငွေတွေကို လွှဲပေးရမှာပါ။ သူ ဘိုးဘေးသင်္ချိုင်းဂူကို ဖွင့်နိုင်ဖို့ ကျုပ်ရဲ့ ကျောက်စိမ်းပေလွှာကို မလိုလောက်ပါဘူး။ ကျုပ် သူ့ကို ပေးခဲ့တဲ့ ကျောက်စိမ်းပေလွှာက အဲဒီနေရာမှာ အသုံးပြုဖို့မဟုတ်ဘူး။ အကူညီတောင်းတဲ့ နေရာမှာ သုံးဖို့ပဲ။ ပြီးရင် သူ သင်္ချိုင်းဂူကြီးထဲ ဝင်သွားပြီးရင်လည်း ကျုပ် သူ့ကို နောက်ထပ်တစ်ခေါက် ထပ်ပြီးတော့ ငွေညစ်နိုင်မယ့် အခွင့်အရေးတစ်ခု ထပ်ရဦးမှာ။ သူ့ရဲ့ လက်ရှိကျင့်ကြံခြင်းအဆင့်နဲ့ဆိုရင် ကျုပ်ရဲ့ အကူအညီမပါဘဲ သူ ရှာနေတဲ့ အခွင့်အရေးကြီးကို ရှာတွေ့နိုင်မှာမဟုတ်ပါဘူး " ရှဲ့ဟေးရန်မှာ ယုံကြည်မှုအပြည့်နှင့် ပြုံးလိုက်ပြီးနောက် အသံလွှင့် ကျောက်စိမ်းပေလွှာတစ်ခုကို ထုတ်ယူကာ သူ၏ဘေး၌ ချထားလိုက်၏။
" အခု သူ အဲဒီ ဂြိုဟ်အဆင့် အချုပ်အနှောင်ကြီးကို ဖျက်ဆီးပြီးတော့ ထွက်ပြေးလွတ်မြောက်နိုင်ဖို့ ကျုပ်တို့ဆီ အကူအညီ လှမ်းတောင်းမှာကို စောင့်နေရုံပဲ "
ထိုအခိုက်အတန့်တွင် နတ်မျက်လုံး လူမှုအဖွဲ့အစည်း၏ တော်ဝင်သင်္ချိုင်းကုန်းထဲတွင်မူ ဝမ်ပေါင်လဲ့မှာ အသက်လုကာ ထွက်ပြေးနေရ၏။ သူသည် သူ ရောက်နေသည့် လက်ရှိအကျပ်အတည်းထဲမှ ထွက်ပြေးလွတ်မြောက်နိုင်မည့် နည်းလမ်းမျိုးစုံကို စဉ်းစားတွေးတောနေသည်။
သို့သော်... ထိုနည်းလမ်းတစ်ခုချင်းစီတိုင်းအတွက် ပေးဆပ်ရမည့် ပမာဏကြောင့် ဝမ်ပေါင်လဲ့မှာ နှမြောတသ ဖြစ်သွားရသည်သာ ဖြစ်သည်။ မီးတောက်ခေါင်းဆောင်ကြီး၏ ကျိန်စာကျောက်စိမ်းပေလွှာ သို့မဟုတ် သူ၏ခန္ဓာကိုယ်ထဲရှိ ထာဝရကြယ်မီးတောက်ဖြင့် အားဖြည့်ထားသော ဂြိုဟ်အဆင့် လက်ဖဝါးကြီးတို့ကို ထုတ်သုံးရန်မှာ လုံးဝ မတန်ကြောင်း သူက ခံစားနေရ၏။
သူသည် ထို ကျိန်စာကျောက်စိမ်းပေလွှာအား တစ်ကြိမ်သာ အသုံးပြုခွင့် ရှိပေသည်။ ဂြိုဟ်အဆင့် လက်ဖဝါးကြီးမှာမူ အကြိမ်ရေ အနည်းငယ်ခန့် အသုံးပြုနိုင်လောက်ပါသော်လည်း သူသည် ၎င်းအား မကြာသေးမီကမှ စ၍ အားဖြည့်ပေးထားခဲ့သည် မဟုတ်ပါလော။ သို့ဖြစ်ရာ ၎င်းအား အစောကြီး ထုတ်သုံးမိလိုက်မည်ဆိုပါက ၎င်းဆီမှ ထွက်ပေါ်လာနိုင်သည့် စွမ်းအားများမှာ လုံလောက်မှုမရှိဘဲ ဖြစ်နေမည်ကို သူက စိုးရိမ်နေသည်။ ထိုသို့သာဆိုပါက သူ လိုချင်သည့်ရလဒ် ရရှိနိုင်ရန်အတွက် အများကြီးထပ်၍ ပေးဆပ်ရဦးမည် မဟုတ်ပါလော။
သူ၏ ထာဝရကြယ်မီးတောက်အား ဖောက်ခွဲပစ်လျှင်လည်း အတူတူပင်ဖြစ်သည်။ သူသည် သူ့ကိုယ်သူ သူ၏ရန်သူများနှင့်အတူ ဖောက်ခွဲပစ်လိုက်သလို ဖြစ်သွားမည် မဟုတ်ပါလော။ သို့ဖြစ်ရာ သူသည် ထိုနည်းလမ်းအား ရွေးချယ်လိုက်မည်ဆိုပါက အပြင်းအထန် ထိခိုက်ဒဏ်ရာရရှိသွားမည်သာ ဖြစ်သည်။
" ရှဲ့ဟေးရန်ဆိုတဲ့ မျိုးမစစ်ကောင်က သူ့ဆီကနေ အကူအညီ လှမ်းတောင်းရအောင် ဂွင်ဖန်နေတာပဲကွ " ဝမ်ပေါင်လဲ့၏ မျက်ဝန်းများထဲ၌ ကြံရာမရဖြစ်နေသည့် အရိပ်အယောင်များကို အထင်သားမြင်နေရပြီ ဖြစ်သည်။ သူသည် လေပေါ်သို့ တစ်ချက်ခုန်ကာ ကျိလော့၏ တိုက်ကွက်အား ရှောင်တိမ်းလိုက်၏။ သူသည် အဆက်မပြတ် ရှောင်တိမ်းနေခဲ့သောကြောင့် ကျိလော့မှာ စိတ်မရှည်တော့ပေ။ သူသည် အဆင့်မြင့် ကျင့်ကြံခြင်းအဆင့်တစ်ခုကို ပိုင်ဆိုင်ထားပြီး စစ်မြေပြင်ကြီး၏ အရွယ်အစားကို ချုံ့ထားသည့်တိုင်အောင် ဝမ်ပေါင်လဲ့မှာ သူ၏ တိုက်ကွက်များကို ထပ်ခါတလဲလဲ ရှောင်တိမ်းနေဆဲပင်။ ထိုသို့ ဖြစ်နေရခြင်း၏ အဓိက အကြောင်းအရင်းမှာ သူသည် ဝမ်ပေါင်လဲ့အား အရှင်လက်လက် ဖမ်းဆီးရန် လိုသောကြောင့်ပင်။ မည်သို့ပင်ဆိုစေကာမူ သူသည် တစ်ကြိမ်ပြီးတစ်ကြိမ် အလွဲလွဲအချော်ချော် ဖြစ်နေရသည်ဖြစ်ရာ သူ၏ အထက်လူကြီး၏ ရှေ့၌ မျက်စိမျက်နှာ ပျက်နေရတော့သည်။
" သူ့ကို အရှင်လက်လက် ဖမ်းနေစရာမလိုဘူး။ သတ်ပစ်လိုက်။ သူ့ရဲ့ ရုပ်အလောင်းကိုလည်း ယဇ်ပူဇော်လို့ရတယ် " မီးအိမ်ထဲရှိ ဂြိုဟ်အဆင့် ကျင့်ကြံသူကြီးမှာ ထိုအခြင်းအရာများကို ရိပ်စားမိသွားသောကြောင့် ချက်ချင်းဆိုသလိုပင် ရက်စက်ကြမ်းကြုတ်သည့် အေးတိအေးစက် လေသံဖြင့် အမိန့်ပေးလိုက်၏။
" ဟုတ်ကဲ့ပါ သခင် " ကျိလော့မှာ ထိုအမိန့်ကို ကြားလိုက်ရသောအခါ ကြောက်မက်ဖွယ်ရာကောင်းစွာ ပြုံးလိုက်၏။ ထို့နောက် သူ၏ ညာဘက်လက်ကို မြှောက်လိုက်သောအခါ သူ၏ ခန္ဓာကိုယ်ထဲမှ အနက်ရောင် ဝိညာဥ်စွမ်းအင်များ ထိုးထွက်လာကာ သူ၏ ညာဘက်လက် ပတ်ပတ်လည်၌ စုဝေးသွားကြပြီနောက် သူ၏ လက်ဖဝါးထဲ၌ မိကျောင်းတစ်ကောင်၏ ဦးခေါင်းခွံကြီးအဖြစ် ပြောင်းလဲသွားကြတော့သည်။ ထို ဦးခေါင်းခွံကြီးမှာ အရွယ်အစား ကြီးမားလာပြီးနောက် ကျိလော့အား လွှမ်းခြုံသွားပြီး သူနှင့် တစ်သားတည်း ပေါင်းစည်းသွား၏။
ထို ဦးခေါင်းခွံကြီးမှာ ပုပ်ပွနေသလို ၎င်း၏ ပတ်ပတ်လည်တွင် အနက်ရောင် ဝိညာဉ်စွမ်းအင်များ ရစ်ပတ်နေကြသေးသည်။ ထို့အပြင် ၎င်းဆီမှ အလွန်အင်မတန်မှ မိစ္ဆာဆန်သော အငွေ့အသက်တစ်ခု ထွက်ပေါ်နေသဖြင့် ချုပ်နှောင်ခံထားရသည့် နယ်မြေကြီးမှာ စတင် တွန့်လိမ်ပုံပျက်လာ၏။ ထို့နောက် ထိုဦးခေါင်းခွံကြီးဆီမှ ကြောက်မက်ဖွယ်ရာစွမ်းတစ်မျိုး ပေါက်ကွဲထွက်ပေါ်လာသဖြင့် ဝမ်ပေါင်လဲ့မှာ အသက်အန္တရာယ်နှင့် ကြုံရတော့မည့်အလား ခံစားလိုက်ရတော့သည်။
သို့သော် ဝမ်ပေါင်လဲ့တစ်ယောက် ထိုသို့ ခံစားနေရစဉ်မှာပင် သူ၏ မျက်ဝန်းများမှာ ထူးဆန်းစွာတောက်ပသွား၏။ သူသည် ဂြိုဟ်အဆင့် ကျင့်ကြံသူကြီး ပြောလိုက်သည့်စကားကို ရုတ်တရက်ဆိုသလို ပြန်တွေးမိလိုက်ခြင်း ဖြစ်သည်။
" သူတို့က ငါ့ရဲ့ ရုပ်အလောင်းကို ယဇ်ပူဇော်ချင်နေတာဆိုပါလား။ ရုပ်အလောင်း... ယဇ်ပူဇော်... " ဝမ်ပေါင်လဲ့မှာ မျက်ဝန်းများ အရောင်တောက်ပသွားပြီး ခေါင်းထဲ၌ ရူးသွပ်ဖွယ်ရာ အတွေးကြီးတစ်ခု ပေါ်ပေါက်လာတော့သည်။
" ကံစမ်းကြည့်တာပေါ့။ အလုပ်မဖြစ်ရင်လည်း ဟိုခွေးကောင် ရှဲ့ဟေးရန်ကို ငွေပုံပေးပြီး အကူအညီတောင်းလိုက်ရုံပဲ "
ဝမ်ပေါင်လဲ့မှာ ထိုသို့ ဆုံးဖြတ်လိုက်ပြီးနောက် မျက်ဝန်းများထဲ၌ ရူးသွပ်မှု အရိပ်အယောင်များ တောက်ပလာတော့သည်။ သူသည် အသံကုန်အော်ဟစ်လိုက်ပြီးနောက် ထွက်ပြေးနေခြင်း မရှိတော့ဘဲ ရပ်တန့်သွား၏။ ထို့နောက် သူသည် မည်သည့် အကာအကွယ်ကိုမှ ထုတ်သုံးခြင်းမရှိဘဲ သူ့ဆီသို့ ပြေးလာနေသည့် ကျိလော့ဆီသို့ တန်းတန်းမတ်မတ် ဦးတည်သွားလိုက်တော့သည်။
ထိုမြင်ကွင်းကြောင့် ကျိလော့မှာ တစ်ခဏမျှ ဆွံ့အမှင်တက်သွားရ၏။ ထို့နောက် သူသည် မျက်ဝန်းများထဲ၌ သတ်ဖြတ်လိုစိတ်များ တောက်ပလာပြီး အရှိန်မြှင့်တင်ကာ ဝမ်ပေါင်လဲ့ဆီသို့ ပြေးသွားလိုက်တော့သည်။ ထို့ကြောင့် သူသည် ဝမ်ပေါင်လဲ့၏ ရှေ့၌ ချက်ချင်းဆိုသလိုပင် ပေါ်ပေါက်လာပြီး ရက်စက်ကြမ်းကြုတ်စွာ ပြုံးလိုက်၏။ ထိုအခါ သူ၏ မိကျောင်းကြီးမှာ ပါးစပ်ဟကာ ဝမ်ပေါင်လဲ့အား ဝါးမျိုရန် အဆင်သင့်ဖြစ်နေသည့်အလား ရှေ့သို့ ခုန်အုပ်လိုက်တော့သည်။
ဝမ်ပေါင်လဲ့မှာမူ သူ့ကိုယ်သူ ကာကွယ်နေခြင်းမရှိပေ။ သူသည် သူ၏ရန်သူနှင့်အတူ သေရွာသို့သွားရန် သန္နိဋ္ဌာန်ချထားသည့်ပုံ ပေါက်နေ၏။ ဧကရာဇ်ကြီးမှာမူ ချုပ်နှောင်ထားသည့် နယ်မြေအပြင်ဘက်တွင် မလှုပ်မယှက် ရပ်နေရင်း ထိုမြင်ကွင်းကြီးအား စိုက်ကြည့်နေသည်။ ထိုအချိန်တွင် သူသည် ရုတ်တရက်ဆိုသလို မျက်နှာအမူအရာ ပြောင်းလဲသွားပြီး သူ၏မျက်ဝန်းများထဲ၌ အမှန်တကယ် ထိတ်လန့်ကြောက်ရွံ့နေသည့် အရိပ်အယောင်များ ပထမဆုံးအကြိမ်အဖြစ် ပေါ်ပေါက်လာတော့သည်။
ထို ဧကရာဇ်ကြီး၏ မျက်ဝန်းများမှတစ်ဆင့် အရာအားလုံးကို စောင့်ကြည့်နေသော ရှဲ့ဟေးရန်မှာလည်း ထိုနည်းတူပင်။ သူသည် သူ့ကိုယ်သူ ကျေနပ်နေသည့် မျက်နှာအမူအရာဖြင့် တစ်ချိန်လုံး ထိုင်နေခဲ့ပါသော်လည်း ယခုတွင်မူ ရုတ်တရက်ဆိုသလို မတ်တတ်လာရတော့သည်။
" သွားပြီဟ "
သူ ထိုသို့ရေရွတ်မိလိုက်သည်နှင့် ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်ထဲမှ အော်ဟစ်မြည်တမ်းသံကြီးတစ်သံ ထွက်ပေါ်လာတော့သည်။ နတ်ဆိုးမျက်လုံးပညာရပ်မှာ ဝမ်ပေါင်လဲ့၏ စိတ်ဆန္ဒအလျောက် မဟုတ်ဘဲ အလိုအလျောက် နိုးထလာခြင်းဖြစ်၏။ ထို့နောက် ဝမ်ပေါင်လဲ့၏ နောက်တွင် ဧရာမ မျက်လုံးကြီးတစ်လုံး ပေါ်ပေါက်လာပြီး ထိုမျက်လုံး၏ သူငယ်အိမ်ထဲ၌ အဘိုးကြီးတစ်ယောက်၏ မျက်နှာတစ်ခု ပေါ်ပေါက်လာတော့သည်။
ထို အဘိုးကြီးမှာ နတ်ဆိုးမျက်လုံးပညာရပ်ထဲ၌ ကိန်းအောင်နေခဲ့သော စိတ်ဆန္ဒကြီး ဖြစ်ပေသည်။
ဝမ်ပေါင်လဲ့မှာ လက်ရှိတွင် သူသည် သူ၏ ပုံရိပ်ယောင် ပညာရပ်ဖြင့်ဖန်တီးထားသော ကိုယ်ပွားထဲ၌ ရှိနေသည့်အချက်ကြောင့် ထိုနည်းလမ်းအား စဉ်းစားမိသွားခြင်း မဟုတ်ပေ။ ဂြိုဟ်အဆင့် ကျင့်ကြံသူကြီး ပြောခဲ့သည့် စကားထဲမှ ရုပ်အလောင်းများနှင့် ယဇ်ပူဇော်မှုများဆိုသည့် စကားလုံးများကြောင့်သာ ထိုကဲ့သို့ တွေးမိသွားခြင်း ဖြစ်သည်။
သူသည် သူ အသက်သေဆုံးသွားမည်ကို လုံးဝ မလိုလားသည့် လူများ ရှိနေနိုင်သည်ဟု တွေးမိလိုက်ခြင်းဖြစ်၏။ သူတို့မှာ ... ဧကရာဇ်ကြီးနှင့် သူ၏ ခန္ဓာကိုယ်ထဲ၌ ကိန်းအောင်းနေသည့် နတ်မျက်လုံး လူမှုအဖွဲ့အစည်း ခေါင်းဆောင်ကြီး၏ စိတ်ဆန္ဒတို့ ဖြစ်ကြပေသည်။
ဝမ်ပေါင်လဲ့မှာ ထို ခေါင်းဆောင်ကြီး၏ လိုအင်ဆန္ဒများကို အတိအကျသိထား၏။ သူသည် ထို အဘိုးကြီးမှာ သူ အပြင်းအထန် ဒဏ်ရာရကာ အားအင်ချည့်နဲ့သွားမည်ကို လိုလားပါသော်လည်း သူ ဖမ်းဆီးခံလိုက်ရပြီး ထိုနေရာ၌ သေဆုံးသွားမည်ကို လုံးဝမလိုလားကြောင်း ကောင်းကောင်းကြီး နားလည်ထားသည်။
" အဲတာမလို့လည်း... ငါက ရှဲ့ဟေးရန် ဉာဏ်များပြီးတော့ လှေနံနှစ်ဖက်နင်းခဲ့တဲ့ အချက်ကို အသုံးချပြီး ဒီ အကျပ်အတည်းထဲကနေ လွတ်မြောက်နိုင်အောင် ကြိုးစားနိုင်တယ်ကွ "
" အဆင့်မြင့်အရာရှိကြီးတွေရဲ့ ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိစာအုပ်တွေထဲမှာ ဒီအကြောင်းနဲ့ပတ်သက်လို့ ရေးထားပြီးသား။ ဘယ်သူ့ကိုမှ လျှော့မတွက်နဲ့တဲ့။ ရှဲ့ဟေးရန်။ မင်း ငါ့ကို လျှော့တွက်မိခဲ့တာ အမှားကြီး မှားတာပဲ "
ဝမ်ပေါင်လဲ့၏ အသိစိတ်ထဲ၌ ထိုအတွေးများ ပေါ်ပေါက်လာစဉ် ဧရာမမျက်လုံးကြီးမှာ သူ၏နောက်၌ ရစ်ဝဲနေ၏။ ထို မျက်လုံးကြီးထဲတွင်မူ အဘိုးကြီး၏ မကျေမချမ်း ဖြစ်နေသည့်မျက်နှာအမူအရာကို မြင်နိုင်ပေသည်။ သူသည် ထိုတိုက်ပွဲထဲ၌ ဝင်ပါရန် အစီအစဉ်မရှိပါသော်လည်း ယခုတွင်မူ အခြားရွေးချယ်စရာမရှိတော့ပေ။ သူသည် ဘေးကျပ်နံကျပ် အခြေအနေထဲသို့ ရောက်သွားရပြီဖြစ်ရာ စကားလုံး နှစ်လုံးအား အော်ဟစ်မိလိုက်တော့သည်။
" နတ်.... မျက်လုံး "
ကျိလော့မှာ ထိုစကားလုံးနှစ်လုံးကို ကြားလိုက်ရသောအခါ တစ်ကိုယ်လုံး အပြင်းအထန် တုန်ရီသွားရ၏။ ထို့နောက် သူ ဆင့်ခေါ်ထားခဲ့သည့် မိကျောင်းကြီးပေါ်တွင် မျက်လုံးများ မရေမတွက်နိုင်လောက်အောင် ပေါ်ပေါက်လာကြသည်။ ထိုမျက်လုံးများမှာ ပေါ်ပေါက်လာကြပြီးနောက် ချက်ချင်းဆိုသလိုပင် ပေါက်ကွဲသွားကြသဖြင့် ကျိလော့၏ နှုတ်မှ နာကျင်မှုများဖြင့် ပြည့်နှက်နေသည့် အော်ဟစ်သံတစ်သံ ထွက်ပေါ်လာရတော့သည်။ သူသည် ပုံရိပ်ယောင်တစ်ခုထဲ၌ ပိတ်မိသွားသလို ဖြစ်သွားရပြီး ဝမ်ပေါင်လဲ့၏ တည်နေရာအား အာရုံခံနိုင်စွမ်းမရှိတော့ပေ။ ထို့ကြောင့် သူသည် အခြားအရပ်မျက်နှာတစ်ခုသို့ ပြေးထွက်သွား၏။
ချုပ်နှောင်ခံထားရသည့် နယ်မြေကြီး၏ အပြင်ဘက်ရှိ ဧကရာဇ်ကြီးမှာလည်း မျက်လုံးများ နီမြန်းနေပြီ ဖြစ်သည်။ သူသည် လေပေါ်သို့ ခုန်တက်သွားလိုက်ပြီးနောက် ရူးသွပ်မှု အရိပ်အယောင်များနှင့် တောက်ပနေသည့် မျက်ဝန်းတစ်စုံဖြင့် အော်ဟစ်လိုက်တော့သည် " နတ်... မျက်လုံး "
ထိုအခါ သူ၏ ခန္ဓာကိုယ်ပေါ်၌ မျက်လုံး မြောက်မြားစွာ ပေါ်ပေါက်လာကြ၏။ ထို့နောက် ၎င်းတို့မှာ ပေါက်ကွဲသွားကြသဖြင့် သူ၏ ခန္ဓာကိုယ်မှာလည်း တစ်စစီ စုတ်ပြဲသွားတော့သည်။ သူ၏ သွေးများမှာမူ သွေးနီရောင် မျက်လုံးကြီးတစ်လုံးအသွင် ပြောင်းလဲသွားပြီး အချုပ်အနှောင်ကြီးအား အရှိန်အဟုန်ဖြင့် ဝင်တိုက်လိုက်သောကြောင့် လေထဲ၌ ထစ်ချုန်းသံကြီးတစ်သံ ထွက်ပေါ်လာရတော့သည်။ ထို ဧကရာဇ်ကြီး မည်သို့မည်ဖုံ လုပ်လိုက်မှန်း မည်သူမှ မသိပါသော်လည်း သူသည် ဂြိုဟ်အဆင့် ကျင့်ကြံသူတစ်ယောက်၏ နတ်ဘုရားအာရုံဖြင့် ဖန်တီးထားသော အချုပ်အနှောင်ကြီးအား တိုက်စားခံလိုက်ရအောင် လုပ်နိုင်ခဲ့၏။ ထို့ကြောင့် ဧကရာဇ်ကြီး ပျောက်ကွယ်သွားချိန်တွင် ထို အချုပ်အနှောင်ကြီးမှာ အပြင်းအထန် တုန်ရီသွားရပြီး ၎င်း၏ နံရံပေါ်၌ အက်ကွဲကြောင်းတစ်ခု ပေါ်ပေါက်လာတော့သည်။
ထို အက်ကွဲကြောင်း ပေါ်ပေါက်လာသည်နှင့် ဝမ်ပေါင်လဲ့မှာ မျက်လုံးများ အရောင်လက်သွား၏။ သူသည် ထိုအခွင့်အရေးအား အမိအရ အသုံးချကာ နောက်သို့ အလျင်အမြန် ဆုတ်ခွာသွားလိုက်ပြီးနောက် ထို အက်ကွဲကြောင်းကြီးဆီသို့ တန်းတန်းမတ်မတ် ဦးတည်သွားလိုက်တော့သည်။ သူသည် ထို အက်ကွဲကြောင်းထဲမှ ထွက်ခွာသွားခါနီးတွင် ဧကရာဇ်ကြီး ပေါက်ကွဲသွားခဲ့ရာမှ ကျန်ရစ်ခဲ့သည့် သွေးစသွေးနများကို အထင်အမြင်သေးသည့် အကြည့်ဖြင့် လှမ်းကြည့်လိုက်၏။
" ဝမ်ပေါင်လဲ့.... "
ဈေးထဲတွင်မူ ရှဲ့ဟေးရန်မှာ မတ်တပ်ထလာပြီဖြစ်သည်။ သူသည် သူ၏ရှေ့တွင် ရစ်ဝဲနေသည့် ရုပ်မြင်သံကြား ပုံရိပ်ထဲမှတစ်ဆင့် ဝမ်ပေါင်လဲ့၏ မျက်ဝန်းများထဲရှိ အထင်သေးသည့် အကြည့်အား အထင်သား မြင်လိုက်ရသဖြင့် အသက်ရှူသံများ မြန်ဆန်လာရတော့သည်။ သူသည် အချိန်အတော်အတန်ကြာအောင် နှုတ်ဆိတ်နေလိုက်ပြီးနောက် အောက်သို့ ပြန်ထိုင်ချကာ ရေရွတ်လိုက်တော့သည်။
" မင်းက တကယ့်ကို အာဂလူပဲကွ "