← Chapters

တော်ဝင်သင်္ချိုင်းကုန်း၏ အတွင်းပိုင်း

Vol. 61 Ch. 846

တော်ဝင်သင်္ချိုင်းကုန်း၏ အတွင်းပိုင်း

Vol. 61 Ch. 846

ဝမ်ပေါင်လဲ့မှာ နတ်ဆိုးမျက်လုံးပညာရပ်ထဲရှိ စိတ်ဆန္ဒကြီး၏ လောဘများနှင့် အသက်ရှင်လိုသည့် ဆန္ဒများကို အသုံးချကာ ခရမ်းရောင် ရွှေလူမှုအဖွဲ့အစည်းအား အောင်မြင်စွာ ခုခံတွန်းလှန်နိုင်ခဲ့၏။

သို့ဖြစ်ရာ သူနှင့် နတ်ဆိုးမျက်လုံးပညာရပ်ထဲရှိ စိတ်ဆန္ဒကြီးတို့မှာ ယာယီမျှ မဟာမိတ်ဖွဲ့သွားကြခြင်းဖြစ်သည်ဟု အတိုင်းအတာတစ်ခုအထိ သတ်မှတ်နိုင်ပေသည်။

နတ်ဆိုးမျက်လုံးပညာရပ်ထဲရှိ စိတ်ဆန္ဒကြီး ၎င်း၏ စွမ်းအားများကို ထုတ်လွှတ်လိုက်သဖြင့် ထာဝရဝိညာဉ်အဆင့် ကျင့်ကြံသူ ကျိလော့ အော်ဟစ်မြည်တမ်းကာ နောက်သို့ ဆုတ်ခွာသွားရစဉ်မှာပင် ဝမ်ပေါင်လဲ့မှာ လျှပ်စီးကဲ့သို့သော အမြန်နှုန်းဖြင့် ရှေ့သို့ပြေးထွက်သွားလိုက်ပြီး ဧကရာဇ်ကြီး သူ့ကိုယ်သူစတေးကာ ဖန်တီးခဲ့သော အက်ကွဲကြောင်းထဲမှ အပြင်သို့ထွက်သွားလိုက်တော့သည်။

တစ်အောင်ခန့်အကြာတွင် သူသည် အချုပ်အနှောင်ကြီး၏ အပြင်ဘက်သို့ ရောက်ရှိလာ၏။ သူသည် ဘေးဘီဝဲယာအား ဝေ့ဝိုက်ကြည့်ရှုလိုက်သောအခါ ကျိလော့မှာ ပုံရိပ်ယောင်မန္တန်တစ်ခု၏ ပြုစားခြင်းကို ခံထားရသည့်ပုံပေါ်နေပြီး အားကောင်းသော အနက်ရောင်ချီများ၏ ဝန်းရံခြင်းကို ခံထားရသည်ဖြစ်ကြောင်း မြင်လိုက်ရ၏။ သူ၏ အသက်ရှူသံများမှာ လေးလံနေသလို သူသည်လည်း ဒေါသတကြီး အော်ဟစ်မြည်တမ်းနေသည်။ သို့ဖြစ်ရာ သူသည် ထိုမန္တန်‌၏ အစွမ်းများထဲမှ ပြန်လည်ရုန်းထွက်လာနေပြီဖြစ်ကြောင်း သိနိုင်ပေသည်။ ထိုအချိန်တွင် အနက်ရောင်ချီများမှာ လွင့်ပါးပျောက်ကွယ်သွားကြသဖြင့် သူ၏ မျက်လုံးနီကြီးများ ပေါ်ပေါက်လာတော့သည်။

ကျိလော့မှာ ဝမ်ပေါင်လဲ့နှင့် အကြည့်ချင်းဆုံသွားသောအခါ အော်ဟစ်မြည်တမ်းလိုက်ပြီး သူ့ဆီသို့ အရှိန်အဟုန်ဖြင့် ပြေးလာတော့သည်။ ဟေးယွင်ကျစ်မှာမူ ကြက်သေသေနေပြီး သူ၏လက်ထဲရှိ မီးအိမ်လေးမှာ အပြင်းအထန်တုန်ရီနေ၏။ ထိုမီးအိမ်ထဲရှိ ဂြိုဟ်အဆင့် အငွေ့အသက်ကြီးမှာ အမျက်ချောင်းချောင်းထွက်နေပြီး အပြင်ဘက်သို့ ထိုးထွက်လာရန် အဆင်သင့်ဖြစ်နေသည့်ပုံပင်။

ဝမ်ပေါင်လဲ့၏ ရန်သူများမှာ သူ၏ရှေ့တွင် ရပ်နေပြီး နတ်ဆိုးမျက်လုံးပညာရပ်၏ စိတ်ဆန္ဒကြီးမှာမူ သူ၏နောက်တွင် ‌ရှိနေသည်။ သူသည် သူ၏ရန်သူများအား တိုက်ခိုက်ကာ ကျော်ဖြတ်သွားနိုင်မည် မဟုတ်ပေ။ သို့သော် အကယ်၍ သူသာ ဤအခွင့်အရေးကြီးအား လက်လွှတ်ခံ၍ ထွက်ပြေးရန် ကြိုးစားလိုက်မည်ဆိုပါက မကြာသေးမီတုန်းက သူ့အား ကူညီပေးရန် အတင်းအကျပ် ဖိအားပေးခံခဲ့ရသည့် နတ်ဆိုးမျက်လုံးပညာရပ်ထဲမှ စိတ်ဆန္ဒကြီးမှာ သူ့အား ချက်ချင်းတိုက်ခိုက်ကာ ထွက်မပြေးနိုင်အောင် တားဆီးလိုက်မည်သာ ဖြစ်သည်။

ရှဲ့ဟေးရန်မှာ သူပေးထားသည့် ကျောက်စိမ်းပေလွှာသည် သူ့အား အပြင်ဘက်သို့ ဘေးမသီရန်မခ ပြန်ရောက်လာအောင် တည်နေရာပြောင်းရွှေ့ပေးနိုင်စွမ်းရှိကြောင်း ကတိပေးထားခဲ့ပါသော်လည်း ဝမ်ပေါင်လဲ့မှာ သူ၏စကားများကို ယုံကြည်မှုမရှိတော့ပေ။

သို့ဖြစ်ရာ ယခုတွင် သူ့ဆီ၌ ရွေးချယ်စရာနည်းလမ်းနှစ်ခု ရှိပေသည်။ သူသည် အရဲစွန့်ကာ ရှဲ့ဟေးရန်အား သူ့ကို အပြင်ဘက်သို့ပြန်၍ တည်နေရာပြောင်းရွှေ့ပေးရန် တောင်းဆိုကြည့်နိုင်သလို တစ်ခုတည်းသော ထွက်ပေါက်ဖြစ်သည့် ရုပ်တုကြီး၏ မျက်လုံးထဲရှိ သင်္ချိုင်းဂူတံခါးကြီးဆီသို့ ဦးတည်သွားနိုင်ပေသည်။

အကယ်၍ ဝမ်ပေါင်လဲ့မှာ ခန္ဓာကိုယ်အစစ်ထဲသို့သာ ရောက်နေပါက တွေဝေတုံ့ဆိုင်းနေပြီး ပထမနည်းလမ်းကို ရွေးချယ်လိုက်မည်သာ ဖြစ်သည်။ သို့သော် ယခုတွင်မူ သူ၏ လက်ရှိ ကိုယ်ပွားမှာ ပုံရိပ်ယောင်ပညာရပ်ဖြင့် ဖန်တီးထားသည့် ကိုယ်ပွားတစ်ခု ဖြစ်နေသည် မဟုတ်ပါလော။ ထို့ကြောင့် သူသည် မျက်လုံးများမှေးသွားရ၏။

ထိုအခိုက်အတန့်တွင် သူသည် သူ ထိုပညာရပ်ကို အသုံးပြုကာ ကိုယ်ပွားတစ်ခုအား ဖန်တီး၍ နတ်မျက်လုံးလူမှုအဖွဲ့အစည်းထဲသို့ စတင်ထိုးဖောက်ဝင်ရောက်ခဲ့ပြီးနောက် ဖြစ်ပျက်ခဲ့သမျှ အကြောင်းအရာအားလုံးကို ပြန်၍ တွေးမိလိုက်တော့သည်။ ထိုအခါ သူသည် အချက်တစ်ချက်အား သတိထားမိသွား၏။ ၎င်းမှာ နတ်ဆိုးမျက်လုံးပညာရပ်ထဲ၌ ကိန်းအောင်းနေသည့် စိတ်ဆန္ဒကြီးမှာ အချိန်အများစုတွင် ဖိနှိပ်ချုပ်တည်းခြင်းကို ခံနေခဲ့ရသည်ဆိုသည့် အချက်ပင်။

သို့ဖြစ်ရာ ထို စိတ်ဆန္ဒကြီးမှာ လှည့်စားခံထားရခြင်း ဖြစ်ရပေမည်... ၎င်းမှာ ကိုယ်ပွားတစ်ခုထဲသို့ ရောက်နေသည်ဆိုသည့် အချက်အား မသိထားလောက်သေးပေ။

ဝမ်ပေါင်လဲ့၏ ခန့်မှန်းချက်မှာ မှားယွင်းနေနိုင်ပြီး ထို စိတ်ဆန္ဒကြီးမှာ ထိုအချက်အား သိရှိထားပြီးသားလည်း ဖြစ်နိုင်ပေသည်။ မည်သို့ပင်ဆိုစေကာမူ ထိိုကိစ္စနှင့်ပတ်သက်၍ အတိအကျမသိနိုင်ပေ။ သူ၏ ပုံရိပ်ယောင်ပညာရပ်ဖြင့် ဖန်တီးထားသော ကိုယ်ပွားမှာ သာမန်ကိုယ်ပွားတစ်ခု မဟုတ်ပေ။ ၎င်းမှာ သူ၏ ဂိုဏ်းတူအစ်ကိုကြီး ပေးထားသော ပညာရပ်တစ်ခု ဖြစ်ရာ နတ်ဆိုးမျက်လုံးပညာရပ်ထဲမှ စိတ်ဆန္ဒကြီးမှာ ၎င်းအား ယှဉ်နိုင်မည်မဟုတ်ပေ။ သို့ဖြစ်ရာ သူ၏ကိုယ်ပွားအား ထိန်းချုပ်နိုင်ရန်မှာ ထို စိတ်ဆန္ဒကြီးအတွက် လွယ်ကူနေမည်တော့မဟုတ်ပေ။ ၎င်းမှာ လောဘတက်ကာ သူ၏ ကိုယ်ပွားအား ထိန်းချုပ်ရန် ဆန္ဒပြင်းပြနေသည့်တိုင်အောင် အောင်မြင်နိုင်ခြေမှာ အလွန်အင်မတန်မှ နည်းပါးပေသည်။

" တကယ်လို့ နောက်ဆုံးမှာ အဲဒီ စိတ်ဆန္ဒကြီး အောင်မြင်သွားမယ်လို့ သဘောထားလိုက်ရင်တောင် ငါ့အတွက် စိုးရိမ်စရာ သိပ်မရှိပါဘူး။ အများဆုံး ငါ့ရဲ့ ခန္ဓာကိုယ်အစစ်က ဘေးထွက်ဆိုးကျိုး နည်းနည်းပါးပါး ခံစားရရုံလောက်ပဲ ရှိမှာ။ ဒါပေမဲ့ ငါ အန္တရာယ်တစ်ခုခုနဲ့ ကြုံရရင်လည်း မီးတောက်ခေါင်းဆောင်ကြီးကို လှမ်းပြီးတော့ အကူအညီ တောင်းလို့ရသေးတယ်လေ " ဝမ်ပေါင်လဲ့မှာ ထိုသို့တွေးလိုက်ပြီးနောက် မျက်ဝန်းများ အေးစက်စွာ တောက်ပသွား၏။ သူသည် သူ၏ ထာဝရကြယ်မီးတောက်အား ဝတ်ရုံတစ်ခုကဲ့သို့ အရပ်မျက်နှာအနှံ့သို့ ဖြန့်ကြက်ထားသဖြင့် နတ်ဆိုးမျက်လုံးပညာရပ်ထဲမှ စိတ်ဆန္ဒကြီးမှာ သူ၏အတွေးများကို အာရုံခံနိုင်စွမ်းမရှိဘဲ ဖြစ်နေရသည်။

" အဲတာဆိုရင် ကြောက်နေရမယ့်လူက ငါ မဟုတ်ပဲ နတ်ဆိုးမျက်လုံးပညာရပ်ထဲမှာ ကိန်းအောင်းနေတဲ့ စိတ်ဆန္ဒကြီးပဲ... ဒါ ငါ့ရဲ့ အခွင့်အရေးပဲကွ။ လက်လွှတ်ခံလို့မဖြစ်ဘူး "

ဝမ်ပေါင်လဲ့မှာ ထိုသို့တွေးလိုက်ပြီးနောက် တွေဝေတုံ့ဆိုင်းနေခြင်း မရှိတော့ပေ။ သူသည် အချုပ်အနှောင်ကြီးထဲမှ ပြေးထွက်လာကာ ရှေ့သို့ ပြေးထွက်သွားလိုက်ပြီး နတ်ဆိုးမျက်လုံးပညာရပ်ထဲရှိ စိတ်ဆန္ဒကြီး ဖန်တီးပေးထားသော အခွင့်အရေးကို အကောင်းဆုံး အသုံးချလိုက်၏။ ထိုသို့ဖြင့် ကျိလော့တစ်ယောက် သူ၏အနီးသို့ ရောက်မလာခင်နှင့် မီးအိမ်ထဲရှိ ဂြိုဟ်အဆင့် အငွေ့အသက်ကြီး ဘာမှ မလုပ်နိုင်ခင်မှာပင် သူသည် ရုပ်တုကြီး၏ မျက်လုံးကြီးဆီသို့ အရှိန်အဟုန်ဖြင့် ဦးတည်ပျံသန်းသွားလိုက်တော့သည်။

သူသည် ရှေ့သို့ပြေးထွက်သွားလိုက်သည်နှင့် နတ်ဆိုးမျက်လုံးပညာရပ်ထဲရှိ စိတ်ဆန္ဒကြီးမှာ ထိန်းချုပ်၍မရနိုင်လောက်အောင် စိတ်လှုပ်တရှား ဖြစ်လာသည်ကို အာရုံခံမိလိုက်၏။ ထို့ကြောင့် သူသည် မျက်လုံးများမှေးသွားပြီး အနည်းငယ်ခန့် အရှိန်လျှော့ချလိုက်တော့သည်။ ထိုအချိန်တွင် သူ၏နောက်၌ အုန်းခနဲမြည်သံကြီးတစ်သံ ထွက်ပေါ်လာပြီး တစ်အောင့်ခန့် အကြာတွင် ကျိလော့မှာ အချုပ်အနှောင်ကြီးထဲမှ ပြေးထွက်လာ၏။ မီးအိမ်ထဲရှိ ဂြိုဟ်အဆင့် အငွေ့အသက်ကြီးမှာလည်း ၎င်း၏ စွမ်းအားများအားလုံးကို ထုတ်လွှတ်ကာ ဧရာမ အကြည်ရောင်လက်ဖဝါးကြီးတစ်ခုအသွင် ပြောင်းလဲသွားပြီး ဝမ်ပေါင်လဲ့အား လှမ်း၍ဖမ်းဆုပ်လိုက်သည်။

ဝမ်ပေါင်လဲ့တစ်ယောက် အရှိန်လျော့ကျသွားသောအခါ နတ်ဆိုးမျက်လုံးပညာရပ်ထဲမှ စိတ်ဆန္ဒကြီးမှာ ထိတ်ထိတ်ပျာပျာ ဖြစ်သွားရတော့သည်။ သို့သော် ‌၎င်းအား အပြစ်မဆိုသာပေ။ ၎င်း နှစ်ပေါင်းများစွာတိုင်အောင် စောင့်ဆိုင်းနေရခဲ့သည့် အခွင့်အရေးမှာ ၎င်း၏ရှေ့၌ ပေါ်ပေါက်လာပြီ မဟုတ်ပါလော။ သို့ဖြစ်ရာ ၎င်း၏ စိတ်ဆန္ဒများမှာ ဝမ်ပေါင်လဲ့ထက်ပင် ပို၍ ပြင်းပြနေ၏။ ၎င်းမှာ ဝမ်ပေါင်လဲ့သည် တမင်တကာ အရှိန်လျှော့ချလိုက်ခြင်းဖြစ်ကြောင်း သိထားပါသော်လည်း မနေနိုင်တော့သဖြင့် တိုက်ကွက်တစ်ကွက် ထုတ်သုံးလိုက်ရဆဲပင်။

ထို စိတ်ဆန္ဒကြီးမှာ အသံကုန်အော်ဟစ်မြည်တမ်းကာ ဝမ်ပေါင်လဲ့ဆီသို့ တန်းတန်းမတ်မတ် ဦးတည်လာနေသည့် ဂြိုဟ်အဆင့် လက်ဖဝါးကြီးနှင့် ကျိလော့တို့ဆီသို့ ပုံရိပ်ယောင်မန္တန်တစ်ခု ထုတ်လွှတ်လိုက်၏။

ထိုအခါ ထစ်ချုန်းသံများ မြည်ဟည်းလာကာ လေထုထဲ၌ ဝိညာဉ်စွမ်းအင်လှိုင်းများ ပေါ်ပေါက်လာပြီး နတ်ဆိုးမျက်လုံးပညာရပ်ထဲမှ စိတ်ဆန္ဒကြီးမှာ ဒုတိ‌ယမြောက် တိုက်ကွက်တစ်ကွက်ကို ထုတ်လွှတ်ကာ ဝမ်ပေါင်လဲ့၏ နောက်သို့ ပြေးလိုက်လာကြသည့် ရန်သူများကို တားဆီးလိုက်ပြန်သည်။ ထိုအခါ ဝမ်ပေါင်လဲ့မှာ ချက်ချင်းဆိုသလိုပင် အရှိန်မြှင့်တင်ကာ ရုပ်တုကြီး၏ မျက်လုံးဆီသို့ ဦးတည်ပျံသန်းသွားလိုက်ပြီးနောက် ထိုရုပ်တုကြီး၏ဘေး၌ ချက်ချင်း ပေါ်ပေါက်လာ၏။ ခရမ်းရောင် ရွှေလူမှုအဖွဲ့အစည်းမှ ဂြိုဟ်အဆင့် ကျင့်ကြံသူကြီးနှင့် ကျိလော့မှာမူ ဝမ်ပေါင်လဲ့တစ်ယောက် ရုပ်တုကြီး၏ မျက်လုံးအား ဝင်တိုက်သွားပြီးနောက် ထိုရုပ်တုကြီးထဲသို့ အခက်အခဲမရှိ ဝင်ရောက်သွားသည်ကို ကြည့်ရင်း ဒေါသတကြီး အော်ဟစ်မြည်တမ်းနေကြတော့သည်။

ဝမ်ပေါင်လဲ့တစ်ယောက် ထိုသို့ ပျောက်ကွယ်သွားစဥ်မှာပင် ကျိလော့မှာ သူ့အား လိုက်မီသွား၏။ သူသည်လည်း အစွမ်းကုန်ထုတ်ကာ ထိုရုပ်တုကြီးအား ဝင်တိုက်လိုက်ပါသော်လည်း အချည်းနှီးပင်။ ထိုမျက်လုံးကြီးမှာ ပြောင်းလဲသွားခြင်း မရှိသလို ကျိလော့မှာလည်း အပြင်ဘက်၌သာ ရှိနေဆဲပင်။

" ဒီ ရုပ်တုကြီးရဲ့ မူလဇာစ်မြစ်က တော်တော်လေးကို လျှို့ဝှက်ဆန်းကြယ်တယ်ကွ။ နတ်မျက်လုံး လူမှုအဖွဲ့အစည်းထဲက ပထမဆုံး ဧကရာဇ်ကြီးရဲ့ ရုပ်တုကြီး ဖြစ်ရင်ဖြစ်နေမှာ... ထာဝရကြယ်အဆင့်မှာ ရှိမနေသရွေ့ အထဲကို အတင်းအဓမ္မ ဝင်လို့ရမှာ မဟုတ်လောက်ဘူး " မီးအိမ်ထဲရှိ ဂြိုဟ်အဆင့် အငွေ့အသက်ကြီးကြောင့် ပေါ်ပေါက်လာသည့် လက်ဖဝါးကြီးမှာ မှုန်ဝါးဝါး လူရိပ်တစ်ခုအသွင် ပြောင်းလဲသွားပြီ ဖြစ်သည်။ ထိုလူရိပ်ကြီးမှာ ရုပ်တုကြီးအား စိုက်ကြည့်ကာ နှာမှုတ်လိုက်ပြီးနောက် ကျိလော့အား အရေးလုပ်နေခြင်းမရှိဘဲ နောက်သို့ပြန်လှည့်သွားပြီး မီးအိမ်ထဲသို့ ပြန်ဝင်သွားလိုက်၏။

သူ မီးအိမ်ထဲသို့ ဝင်ရောက်ပျောက်ကွယ်သွားပြီးနောက် သူ၏ စကားသံကြီးမှာ တော်ဝင်သင်္ချိုင်းကုန်းထဲ၌ ပဲ့တင်ထပ်သွားသည်။

" ဟေးယွင်ကျစ်။ ငါတို့တွေ ဒီအခွင့်အရေးကို လက်လွှတ်ဆုံးရှုံးလိုက်ရပြီ။ အဲဒီကောင်လေး နတ်မျက်လုံး တော်ဝင်သင်္ချိုင်းထဲမှာ သေသေ၊ ရှင်ရှင် ငါတို့နှစ်ယောက်စလုံးအတွက် အခြေအနေ မဟန်တော့ဘူးကွ။ အခု... ငါတို့ရဲ့ လူမှုအဖွဲ့အစည်းကို အတင်းအဓမ္မ ဆင့်ခေါ်ပြီးတော့ လက်ရှိအခြေအနေကြီး တစ်ခုလုံးကို တည်ငြိမ်အောင် ထိန်းသိမ်းရမယ့် နည်းလမ်းတစ်ခုပဲ ကျန်တော့တယ်။ မင်း မြန်မြန်ဆုံးဖြတ် "

ဟေးယွင်ကျစ်မှာ ထိုဂြိုဟ်အဆင့် ကျင့်ကြံသူကြီး၏ စကားများကို နားထောင်ရင်း နောက်သို့လှည့်ကြည့်လိုက်သောအခါ ကျိလော့၏ အမျက်ချောင်းချောင်းထွက်နေသော မျက်ဝန်းများထဲရှိ အေးစက်စက် အလင်းရောင်များကို မြင်လိုက်ရသည်။ သူ၏ဘေးတွင် ရပ်နေကြသည့် အခြား တော်ဝင်မင်းသားနှစ်ပါးမှာလည်း အနည်းငယ်ခန့် စိုးရိမ်ပူပန်နေသည့်ပုံ ပေါက်နေကြ၏။ သူတို့မှာ ဟေးယွင်ကျစ် ရှိရာဘက်သို့လှည့်ကာ သူ့အား စိုက်ကြည့်နေကြသည်။

ဟေးယွင်ကျစ်မှာမူ ဝေခွဲမရဖြစ်ကာ အကျပ်ရိုက်နေရပြီ ဖြစ်သည်။ သူသည် ဧကရာဇ်ကြီးမှာ သူမသိအောင် ကြိုတင်စီစဉ်မှုများ ပြုလုပ်ထားခဲ့လိမ့်မည်ဟု ထင်မှတ်မထားခဲ့ပေ။ တစ်ချိန်ထဲမှာပင် မကြာသေးမီတုန်းက သူတို့၏ သင်္ချိုင်းကုန်းထဲသို့ ကျူးကျော်ဝင်ရောက်လာခဲ့သည့် လူမှာ သူတို့ တော်ဝင်မိသားစုထဲမှ ပထမဆုံး ဧကရာဇ်ကြီး၏ အငွေ့အသက်များကို ထုတ်လွှတ်နေခဲ့သည်ဖြစ်ကြောင်း သူက ကောင်းကောင်းကြီးသိနေ၏။

" ပထမဧကရာဇ်ကြီးက သူ့ကိုယ်သူ အသက်ပြန်သွင်းဖို့ ကြိုးစားနေတာပဲ... အောင်လည်း အောင်မြင်တော့မှာ။ သူသာ အောင်မြင်သွားမယ်ဆိုရင် ငါတော့..." ဟေးယွင်ကျစ်မှာ မျက်ဝန်းများထဲ၌ အနီရောင် သွေးကြောကြီးများ ပေါ်ပေါက်လာပြီးနောက် လေးလံနေသည့် စကားသံကြီးဖြင့် ဆိုလိုက်တော့သည်။

" သစ္စာဖောက်ဂိုဏ်းကြီးတွေက တော်တော်လေးကို တရားလွန်သွားပြီ။ သူတို့က ငါတို့ကို ပြင်ပလောကနဲ့ အဆက်အသွယ် ဖြတ်ထားခဲ့တဲ့အပြင် အခုလည်း ငါတို့ရဲ့ တော်ဝင်မျိုးနွယ်စုထဲကို သူလျှိုတွေလွှတ်၊ ငါတို့ရဲ့ ဧကရာဇ်ကြီးကို သတ်ဖြတ်ခဲ့ပြီးတော့ ငါတို့ မျိုးနွယ်စုထဲက ဘိုး‌ဘေးကြီးတွေရဲ့ စွမ်းအားတွေကို လုယူသွားခဲ့တာ။ ဒီကိစ္စတွေအတွက် သူတို့တွေ တာဝန်ယူမှရမယ် "

" ဒီနေ့ကစပြီးတော့ ငါ နတ်မျက်လုံး လူမှုအဖွဲ့အစည်းရဲ့ ခေါင်းဆောင်အဖြစ် ယာယီတာဝန်ထမ်းဆောင်ပေးဖို့ ဆုံးဖြတ်လိုက်တယ်။ ငါ ငါတို့တော်ဝင်မျိုးနွယ်စုထဲက ဘိုးဘေးကြီးတွေရဲ့စွမ်းအားတွေကို ပြန်လည်သိမ်းပိုက်ပြီးတော့ ဂိုဏ်းကြီးသုံးဂိုဏ်းကို သုတ်သင်ရှင်းလင်းပြီး ငါတို့ရဲ့ ဧကရာဇ်ကြီးအတွက် လက်စားချေပေးဖို့ ကတိကဝတ်ပြုပါတယ် "

" ငါ ငါတို့ တော်ဝင်မျိုးနွယ်စုရဲ့ စွမ်းအားနဲ့ ထာဝရကြယ်မျက်လုံးကို ဖွင့်ပြီး ခရမ်းရောင် ရွှေလူမှုအဖွဲ့အစည်းကို ငါတို့ရဲ့ လူမှုအဖွဲ့အစည်းထဲ ဆင့်ခေါ်ပြီးတော့ တော်ဝင်သင်္ချိုင်းကုန်းကို ချုပ်နှောင်ပေးထားဖို့ အကူအညီ တောင်းလိုက်မယ်။ သူတို့က ငါတို့ကိုယ်စား တော်ဝင်သင်္ချိုင်းကုန်းကို ဝိညာဉ်ကိုးပါးနယ်မြေထဲ ပို့ပေးမှာဖြစ်ပြီး နတ်မျက်လုံး လူမှုအဖွဲ့အစည်းထဲက သစ္စာဖောက်တွေအားလုံးကို သုတ်သင်ရှင်းလင်းပေးမှာဖြစ်တယ် "

" သဘောတူတယ် " ဟေးယွင်ကျစ် စကားဆုံးသွားသည်နှင့် မီးအိမ်ထဲမှ အေးစက်စက် စကားသံတစ်သံ ထွက်ပေါ်လာ၏။ ထို့နောက် ထို မီးအိမ်ထဲမှ မီးတောက်များ ထိုးထွက်လာကာ ထိုနေရာတစ်ခုလုံးအား ဖုံးလွှမ်းသွားပြီနောက် ရုပ်တုကြီးအား ဝန်းရံသွားကြသဖြင့် ၎င်း၏ အောက်ရှိ မြေပြင်ကြီးမှာ ရွှံ့ပျော့များအဖြစ် ပြောင်းလဲသွားတော့သည်။ ထို့ကြောင့် ထို ရုပ်ထုကြီးမှာလည်း မြေကြီးအောက်သို့ ချက်ချင်းမြုပ်သွားကာ မြေမျက်နှာပြင်ပေါ်မှ ပျောက်ကွယ်သွားပြီး ဟေးယွင်ကျစ် ပြောခဲ့သည့် ဝိညာဉ်ကိုးပါး နယ်မြေထဲသို့ ရောက်ရှိသွားတော့သည်။

ဝိညာဉ်ကိုးပါး နယ်မြေဆိုသည်မှာ နတ်မျက်လုံး လူမှုအဖွဲ့အစည်း၏ မြေမျက်နှာပြင်အောက်တွင် ချုပ်နှောင်ထားသော မြေအောက်နယ်မြေတစ်ခုအား ပေးထားသည့် နာမည်တစ်ခုသာ ဖြစ်ပေသည်။ ၎င်းမှာ နတ်မျက်လုံး လူမှုအဖွဲ့အစည်းထဲရှိ မျက်လုံးဖြင့် မြင်ရသော အစိတ်အပိုင်းနှင့် ကမ္ဘာပေါင်းများစွာ ဝေးကွာနေ၏။

လူအများ နားလည်ထားကြသည့် အယူအဆများအရဆိုလျှင် စကြာဝဠာကြီးထဲရှိ အရာအားလုံးဆီတွင် ဆန့်ကျင်ဘက်အရာ တစ်ခုစီ ရှိကြပေသည်။ ရှင်သန်ခြင်းရှိသလို သေဆုံးခြင်းလည်းရှိပြီး အလင်းရောင်ရှိသလို အမှောင်ထုလည်း ရှိသည် မဟုတ်ပါလော။ ဝိညာဉ်ကိုးပါး နယ်မြေဆိုသည်မှာလည်း မြေအောက်ကမ္ဘာတစ်ခုနှင့် အတိုင်းအတာတစ်ခုအထိ ဆင်တူပေသည်။

ထို နယ်မြေထဲသို့ အသက်ရှင်လျက် ဝင်ရောက်သွားကြသည့် လူများအတွက် အပြင်ဘက်သို့ ပြန်ထွက်လာနိုင်ရန်မှာ အလွန်အင်မတန်မှ ခဲယဥ်းပေသည်။

ဟေးယွင်ကျစ်မှာ မိန့်ခွန်းများ ပြောကြားလိုက်ပြီးနောက် နောက်သို့ တစ်ချက်ပင် လှည့်မကြည့်ခဲ့ဘဲ တော်ဝင်မျိုးနွယ်စုနှင့် ကျိလော့၏ အဖွဲ့သားများကို ဦးဆောင်ကာ အဝေးသို့ထွက်ခွာသွား၏။ သူတို့မှာ စစ်ပွဲကြီးတစ်ခုအား စတင်မိသွားပြီ ဖြစ်သည်။ ဂိုဏ်းကြီးသုံးဂိုဏ်းမှာမူ ထိုအချက်အား သတိထားမိကြခြင်း မရှိသေးပေ။

တော်ဝင်မျိုးနွယ်စုမှာလည်း ပြင်ဆင်မှုများ မပြုလုပ်ရသေးပေ။ သူတို့မှာ ထာဝရကြယ်မျက်လုံး၏ စွမ်းအားများအားလုံးကို ထုတ်သုံးနိုင်စွမ်း မရှိခဲ့သဖြင့် အဝေးတစ်နေရာတွင် ရှိနေသော ခရမ်းရောင် ရွှေလူမှုအဖွဲ့အစည်းအား သူတို့၏ လူမှုအဖွဲ့အစည်းဆီသို့ တစ်ကြိမ်တည်းနှင့် အောင်မြင်စွာ ဆင့်ခေါ်နိုင်မည် မဟုတ်ပါသော်လည်း အချိန်မှာ အသက်တမျှ အရေးကြီးနေပြီ မဟုတ်ပါလော။ ထို့ကြောင့် တွေဝေတုံ့ဆိုင်းနေမည့်အစား ပြတ်ပြတ်သားသား ပြုမူလှုပ်ရှားလိုက်ခြင်းမှာ အကောင်းဆုံးဖြစ်ပေသည်။ သို့မှသာ သူတို့မှာ သူတို့၏ရန်သူများကို အငိုက်ဖမ်းကာ အလျင်အမြန် အလဲထိုးနိုင်မည် ဖြစ်သည်။

သိပ်မကြာခင်တွင်... စစ်ပွဲကြီးတစ်ခု ပေါ်ပေါက်လာတော့မည်ဖြစ်သည်။

ထိုအခိုက်အတန့်တွင် ဝမ်ပေါင်လဲ့မှာ ဝိညာဉ်ကိုးပါးနယ်မြေထဲ၌ ချုပ်နှောင်ခံလိုက်ရသည့် ရုပ်တုကြီး၏ မျက်လုံးထဲရှိ နတ်မျက်လုံးလူမှုအဖွဲ့အစည်း၏ တော်ဝင်သင်္ချိုင်းကုန်း အစစ်ထဲတွင် ပြန်လည်ပေါ်ပေါက်လာသည်။

သူသည် ထိုသို့ ပြန်လည်ပေါ်ပေါက်လာပြီးနောက် သူ၏ ဘေးပတ်ပတ်လည်ရှိ အရာများကို မြင်လိုက်ရသဖြင့် တစ်ခဏမျှ ဆွံ့အမှင်တက်သွားရ၏။ ထို့နောက် သူ၏ မျက်ဝန်းများမှာ ထူးဆန်းစွာ တောက်ပသွားတော့သည်။

" ဒီနေရာကြီးက... "

All Chapters