အခန်း (၁၇၆)
Vol. 12 Ch. 176
"ထားလိုက် ကိုကိုရယ်..ဘာမှ ပြောမနေနဲ့တော့.."ယွဲ့ကျောက် ပြောလိုက်ပြီး "သူတို့နှစ်ယောက်က ကျောင်းတုန်းက အခန်းဖော်တွေ ..တစ်ယောက်က ငကြောင်..တစ်ယောက်ကျတော့လည်း အသားလွတ် ဘ၀င်တွေ မြင့်နေတဲ့ ကောင် ...အီရန်ဘွိုင်း လုပ်နေပြီးတော့မှ ပြောလိုက်ရင်တော့ဖြင့် လေတစ်လုံး မိုးတစ်လုံးတွေ...အဲ့လိုကောင်တွေက ဘယ်နားက ဘန်ထလေ မောင်းနိုင်မှာလဲတဲ့..."
"အင်း...တောထဲမှာ ငှက်ပေါင်းစုံ မရှိပါဘူးကွာ.."ယွဲ့ဟိုင် ဒေါသထွက်စွာ ရယ်လိုက်ပြီး "စုတ်ပြတ်သပ်နေတဲ့ ရှာရီကိုများ သူငယ်ချင်းကို လက်ဆောင်ပေးမယ်ဆိုပြီးတော့ ကြွားလုံးထုတ်နေတယ်ပေါ့...အဲ့လို ယုံကြည်ချက်တွေ ဘယ်ကနေ ရမှန်းတောင် မသိဘူး.."
"သူတို့လို တောက လာတဲ့ကောင်တွေကတော့ ရှာရီလေးကို ဘ၀ကြီး ထင်နေတာ နေမှာပေါ့...အဲ့တော့ လည်း မထူးဆန်းပါဘူးကွယ်..."ယွဲ့ကျောက် ရွဲ့ပြောလိုက်၏။
"အမှန်ပဲ..မင်းအစ်ကိုကို ကြည့်လိုက်စမ်း..ကျိုးဟိုင်ဒေသခံ..တစ်လ ယွမ် တစ်သိန်းခွဲလောက် ၀င်တဲ့ အရောင်းမန်နေဂျာ..ကိုယ်ပိုင်အိမ်လည်း ရှိတယ်...ကားလည်းရှိတယ်..နောက်ပြီး စော်လည်း ရှိတယ်...ငါတို့က ရွယ်တူတွေ ဆိုပေမယ့် လူမှုအသိုင်းဝိုင်းထဲမှာတော့ အဆင့်အတန်းခြင်း ကွာတယ်..."
"ဟုတ်ပါပြီ အစ်ကိုရယ်..ဒီကောင်တွေနဲ့ အချိန်ဖြုန်း မနေနဲ့တော့..အိမ်ကိုပဲ အရင်ပြန်ကြရအောင်..မေမေတို့က ညစာ ပြင်ထားပြီးပြီလားတောင် မသိဘူး..."
"အင်း...ငါလည်း အဲ့တာ ပြောမလို့ စောင့်နေတာ..သွားစို့.."
ထိုသို့ပြောပြီးနောက် ယွဲ့ဟိုင် ကျန်းစုန့်ကို လက်ညိုးငေါက်ငေါက်ထိုး၍ " ဒါက အစ်ကိုတို့မိသားစု ညစာစားပွဲ ဆိုတော့ ..သူကို ခေါ်လာလို့ မရဘူး.."
"အွန်း..သူတို့က လမ်းဘေးဆိုင်မှာ သွားစားကြမှာလေ..သူတို့ကို ပူမနေနဲ့..."
ထိုသို့ပြောပြီးနောက် ယွဒ့ကျောက် ကျန်းစုန့်ကို လက်ဝှေ့ရမ်းပြလိုက်ပြီး "ငါအိမ်အရင်ပြန်ပြီနော်...ရှင်တို့နဲ့ အတူ မလိုက်နိုင်တော့ဘူး...ဘိုင့်ဘိုင့်.."
"ဘိုင့်ဘိုင်...."
ကျန်းစုန့် ကိုးရို့ကားယားအမူအရာဖြင့် လက်ပြန်ပြလိုက်သည်။ စိတ်ထဲတွင်တော့ အရှက်ရနေ၏။ မာန ရှိသည့် ယောက်ျားတစ်ယောက်အနေနှင့် သူ ထိုစကားလုံးများကို လုံး၀ သည်းမခံနိုင်ချေ။
"ဟျောင့် ထားလိုက်တော့ ငါတို့လည်း လစ်ကြရအောင်..."လင်းရီ ကျန်းစုန့်၏ ပခုံးကို ပုတ်၍ ပြောလိုက်၏။
"တကယ်တော့ ငါတို့ရဲ့ ဆက်ဆံရေးက မဆိုးပါဘူးကွာ..ဒါပေမယ့် သူက နည်းနည်းလေးတော့ ရှေးရိုးဆန်တယ်...မိန်းကလေးက အလုပ်လုပ်စရာ မလိုတာမျိုးပေါ့ကွာ..အဲ့တာကြောင့်လည်း ခုထိ သူ့မိဘတွေနဲ့ မတွေ့ရသေးတာ နေမှာ..."
"အေးပါဟ..ဘာပဲဖြစ်ဖြစ် လေးနှစ်ယောက် အတူပေါင်းလာတဲ့ သူငယ်ချင်းတွေကိုပဲ...ငါမသိဘူးလို့များ ထင်နေတာလား..ငါလည်း တစ်ချို့ကိစ္စတွေကို နားလည်တယ်..ဒါပေမယ့် လက်ထပ်ဖို့ ကိစ္စကတော့ မင်းရဲ့ ဆုံးဖြတ်ချက်အပေါ်မှာပဲ မူတည်နေတာ....ဘာပဲပြောပြော အချိန်ကြာကြီး အတူလက်တွဲသွားရမယ့်သူတွေလေ.."
"အေးပါ..ငါနားလည်ပါတယ်..."
လင်းရီ ခေါင်းညိမ့်လိုက်ပြီး "သွားစို့..မင်းမှာချင်သာမှာ...ဒီနေ့တော့ မင်းကို ကောင်းကောင်းကြီး ဧည့်ခံပေးမယ်..."
"ဒီတိုင်း လမ်းဘေးဆိုင်မှာ ဘီယာနဲ့ အကင်လောက် သောက်ရရင်ကို ရပြီဟျောင့်..ဘာမှ စားသောက်ဆိုင်ကောင်းတွေ မလိုဘူး..သူစိမ်းတွေကျနေတာပဲ..."ကျန်းစုန့် ပြောလိုက်ပြီး "တကယ်လို့ မင်းသာ စားသောက်ဆိုင်ကြီးမှာ လိုက်ကျွေးမယ်ဆို ငါလည်း မျိုကျမှာတောင် မဟုတ်ဘူး.."
"ငိုးပဲ..မင်းပြောလိုက်မှဖြင့် ငါက ကပ်စေးကုတ်တဲ့ကောင် ကျနေတာပဲ..."
လင်းရီ၏ နှစ်သိမ့်ပေးမှု အောက်တွက် ကျန်းစုန့်အများကြီး သက်သာလာပြီး နှစ်ယောက်သား ပခုံးဖက်၍ လေဆိပ်ထဲမှာ ထွက်လာခဲ့လိုက်၏။
ကားပါကင်ထိုးသည့် နေရာနား ရောက်သည့်အခါတွင်တော့ လူအုပ်ကြီးမှာ သူ့ကားရှေ့ ဝိုင်းအုံနေပြီး လက်ညိုးတစ်ထိုးထိုးဖြင့် တစ်စုံတစ်ခုကို အသဲအသန် ဆွေးနွေးနေကြ၏။
"အဲ့တာ Bentley continentalမလား..နောက်ပြီး နောက်ဆုံးထွက် မော်ဒယ်ကြီးဟ..ချိုင်းနားမှာဆို ဒီကားက ငါးသန်းလောက် တန်ကြေးရှိတယ်..."
"ကျိုးဟိုင်က တကယ့်ကို သူဌေးတွေနဲ့ ပြည့်နှက်နေတာပဲ..ငါနေတဲ့နေရာမှာဆို အိမ်စီးကား စီးနိုင်ရင်တောင်မှ အကောင်ဖြစ်နေပြီ ဟီးဟီး..."
"ဒါက ကျိုးဟိုင် ဆိုရင်တောင်မှ ငါးသန်းလောက် တန်ကြေးရှိတဲ့ ကားကို နေ့တိုင်း မတွေ့ရဘူးကွ..."
လင်းရီ ရွေးချယ်စရာမရှိပေ။ သူ၏ ကားမှာ လူအုပ်ကြီးကို ဝိုင်းရံသွားစေပြန်သည်။ သူ့ကို အဆွံ့အစေဆုံးကတော့ ထိုလူအုပ်ထဲတွင် ယွဲ့ဟိုင်နှင့် ယွဲ့ကျောက်တို့ ပါ၀င်နေခြင်းကိုပင်။ ထိုမောင်နှစ်မမှာ ကားကိုကြည့်ရင်း တခြားသူများထက် စိတ်လှုပ်ရှားနေပုံပေါက်၏။
"အစ်ကို မြန်မြန်လေး..ကားပိုင်ရှင် မလာခင် ညီမကို ဆယ်လ်ဖီလေး တစ်ပုံလောက်...."
ယွဲ့ကျောက် သူမ ဖုန်းကို ယွဲ့ဟိုင်ထံ ပေးလိုက်ပြီး ကားရှေ့ရပ်ကာ ပို့စ်ပေးရန် အသင့်ဖြစ်နေခဲ့၏။
"အိုး..ဟုတ်သား...သေချာ လှလှလေး ရိုက်ပေးဖို့လည်း မမေ့နဲ့နော်..."
"အေးပါဟ...ငါကာင်းကောင်းရိုက်တတ်ပါတယ်..."
ချလပ်...
ပုံရိုက်ပြီးနောက် ယွဲ့ဟိုင် ဖုန်းကို ကမ်းပေးလိုက်ပြီး "ပြီးသွားပြီ..အဆင်ပြေလား.."
"နေဦး..နောက်ထပ် လေးငါးပုံလောက်..."
"ကောင်းပြီလေ..ဒီလိုလန်းတဲ့ ကားမျိုးက မြင်ရခဲတယ်ဆိုတော့ နောက်ထပ်လေးငါးပုံလောက် ရိုက်ကြတာပေါ့..."
"ဟုတ်တယ်..ဟုတ်တယ်..."
"တကယ်လို့ ငါသာ ဒီလိုကားမျိုး မောင်းနိုင်လို့ကတော့ ယွဲ့မိသားစုရဲ့ ဂုဏ်တက်စေမှာပဲ..ဟူး ဒါပေမယ့် မောင်းနိုင်မယ်လို့တော့ မထင်ပါဘူးကွာ..."ယွဲ့ဟိုင် ဓာတ်ပုံရိုက်ပေးရင်း ညီးတွားလိုက်၏။
"အစ်ကိုကလည်း နိမ့်ချနေပြန်ပါပြီ...အစ်ကိုသာ အလုပ်ကြိုးစားရင် တစ်နေ့ ၀ယ်နိုင်မှာပဲ မဟုတ်လား..."
"ဒီနေ့နဲ့ မနက်ဖြန်တောင်တူမှ မတူတော့တာကို..."
ယွဲ့ဟိုင် သက်ပြင်းမောကြီး တစ်ချက် ချလိုက်၏။
"ဒီလိုကားမျိုးကို မွေးကတည်းက ၀ယ်မစီးနိုင်ရင် ခုချိန်မှဆိုရင်တော့ စဉ်းစားမနေတော့..."
လင်းရီ ပြုံးလိုက်သည်။
ကိုယ့်ကိုယ်ကိုတော့ သိသားပဲ...
"အိုကေ..မင်းကို ရိုက်ပေးနေတာ အပုံ ၂၀ လောက် ရှိနေပြီ..လာခဲ့လိုက်တော့..ခဏနေ ကားပိုင်ရှင် ရောက်လာတော့မှာ.."
"အွန်း..."ယွဲ့ကျောက် မပြီးချင် ပြီးချင်နှင့် ရပ်တန့်လိုက်ရ၏။
ယွဲ့ကျောက် မည်မျှ စိတ်လှုပ်ရှားနေလဲဆိုတာ မြင်တော့ ကျန်းစုန့် သိမ်ငယ်စွာဖြင့် "သားရီ ငါတို့ကောအဲ့လိုကားမျိုး စီးနိုင်မယ်ထင်လား..."
"ဘာလို့ မစီးနိုင်ရမှာတုန်းကွ...မင်း ကြိုးစားနေသမျှ ပေါင်မုန့်နဲ့ နို့ကို ရနိုင်တာပဲလေ..ငါ့လိုမျိုးပေါ့..."
"လျှောက်ပြောမနေနဲ့..."
လင်းရီ ကားသော့ကို ထုတ်လိုက်ပြီး ကျန်းစုန့်ရှေ့တွင် နှိပ်လိုက်၏။ ထိုအခါ ဘန်ထလေ၏ ကားတံခါးများ ပွင့်လာပြီး ကြည့်ရှုနေသူများကို ကြက်သေသေသွားစေသည်။
ကျန်းစုန့် အံ့အားသင့်သွားခဲ့ပြီး တခဏမျှ တွေးတောနိုင်စွမ်း ကင်းမဲ့သွားကာ "လင်း...လင်း ..အဲ့ဒီ ဘန်ထလေက မင်းဟာပေါ့..."
"အေးပေါ့ဟ..မဟုတ်ရင် ငါက ကားသော့တွေ ခိုးထားရမှာလား..."
ထိုအချိန်တွင် ယွဲ့ဟိုင်နှင့် ယွဲ့ကျောက်တို့ ကျန်းစုန့်၏ သူငယ်ချင်း ဘန်ထလေ ကားသော့များနှင့် သူတို့ထံ လာနေကြောင့် သတိထားမိသွားပြီး "ကျန်း...ကျန်းစုန့်..ဒီကားက ရှင့် သူငယ်ချင်းရဲ့ ကားကြီးလား..."ယွဲ့ကျောက် မျက်လုံးပြူးကျယ်စွာဖြင့် မယုံနိုင်စွာ မေးမြန်းလိုက်သည်။
"ထင်တာပဲ..သူလိမ်တာတော့ ငါမကြုံဖူးသေးဘူး..."
"ဒါပေမယ့် သူက အီရန်ဘွိုင်း မဟုတ်ဘူးလား..ဘာလို့ ငါးမီယမ်တန်ကြေးရှိတဲ့ ဘန်ထလေကြီး မောင်းနိုင်သွားတာလဲတဲ့..."
"ငါလည်း ဘယ်သိမှာတုန်းဟ..."
ကျန်းစုန့်ကိုယ်တိုင် သိချင်နေသော်လည်း စကားပြောလို့ကောင်းသည့် နေရာ မဟုတ်သေးပေ။ ထို့ကြောင့် သောက်ပြီး စားပြီးမှ အေးဆေး မေးလိုက်တော့မည်။
"ကျောက်ကျောက် ထားလိုက်..သူတို့ကို သွားနှောက်ယှက်မနေနဲ့..သွားစားဖို့ နေရာ ရှာကြရအောင်..."
လင်းရီ ယွဲ့ဟိုင်ကို ကြည့်လိုက်ပြီး "ကျုပ်ကားက ဘန်ထလေ..ရှာရီ မဟုတ်ဘူး..."
ယွဲ့ဟိုင် အလွန်အမင်း အရှက်ရသွားခဲ့၏။ မင်းက အရမ်းချမ်းသာပြီးနေပြီလေကွာ..ဘာလို့ ငါနဲ့ လာတုနေတာလဲဟ...
နှစ်ယောက်သား ကားထဲသို့ တစ်ယောက်ပြီး တစ်ယောက် ၀င်သွားကြပြီး လင်းရီမှ ကားစက်နှိုးလိုက်သည်။
သို့သော်လည်း လင်းရီ လီဗာနင်းတော့မည့်အချိန်တွင် ယွဲ့ကျောက်မှာ သူ့ကားရှေ့၌ ရုတ်တရက် ပိတ်ရပ်ထားကြောင်း တွေ့လိုက်ရ၏။
ဒီကောင်မက ရူးသွားပြီလားဟ..
မတော်လို့ တိုက်မိသွားရင် ဘယ်လိုလုပ်မှာ...
"ဘာကိစ္စလဲ.."နှစ်ယောက်လုံးကားထဲမှ ထွက်လာပြီးနောက် လင်းရီမှ မေးလိုက်၏။
"အစ်ကိုလင်း ကျွန်မ အိမ်ပြန်မစားတော့ဘူး..."ယွဲ့ကျောက် ချိုသာစွာ ပြုံးလိုက်ပြီး "ကျွန်မက ကျန်းစုန့်ရဲ့ ရည်းစား ..တော်စပ်မယ်ဆိုရင် ရှင့်ရဲ့ ယောင်းမလေ...ပထမဆုံးအကြိမ်တွေ့တာကို အတူမစားပဲ တစ်ယောက်တည်း ထွက်သွားရင် ဘယ်ကောင်းပါ့မလဲ... "
"အဲ့အကြံ သိပ်မကောင်းဘူးထင်တယ်နော..ခင်များမိဘတွေက ထမင်းဝိုင်းပြင်ပြီး စောင့်နေပြီဆို..."လင်းရီ မေးလိုက်၏။
"ရတယ်...တစ်မိသားစုတွေပဲကို နောက်လည်း ဘယ်ချိန်စားစားပေါ့..."
"ဒါပေမယ့် ကျုပ်တို့က လမ်းဘေးမှာ သွားစားမှာနော်..အဆင်ပြေပါ့မလား...ခင်များတို့ အဆင့်အတန်းနဲ့ဆိုရင် သိပ်ကီးကိုက်မှာ မဟုတ်ဘူးနော်..."
"မစားချင်ရင်လည်း သိပ်ပြီးတော့ ကိုယ့်ကိုယ်ကို တွန်းအားပေးမနေနဲ့...တကယ်လို့ မလိုက်ချင်ဘူးဆိုရင်လည်း အိမ်ပဲ ပြန်စားလိုက်ပါလား...ကျုပ်ကလည်း ဘာကောင်မှ ဟုတ်တာ မဟုတ်ဘူး..အဲ့လောက်ကြီး လုပ်ပေးဖို့ မလိုပါဘူးဗျာ..."
"အာ..ဘယ်နားကသာ..ကျွန်မက ကျန်းစုန့် ကောင်မလေးလေ..သူ့နဲ့ ညီကိုရင်းလို ခင်တဲ့သူနဲ့ ပထမဆုံးတွေ့တာကို အဲ့လို ရိုင်းပြလို့ ဘယ်ဖြစ်မှာ..."
"ဟုတ်တယ် ဟုတ်တယ်..ဒီနေ့မှ ငါ့ယောက်ဖနဲ့ ပထမဆုံးအကြိမ်တွေ့တာဆိုတော့ ငါပဲ ဒကာခံလိုက်မယ်လေ..မိတ်ဖြစ်ဆွေဖြစ်ပေါ့.."
ယွဲ့ဟိုင်မှ အပြုံးလေးဖြင့် ပြောလိုက်သည်။
လင်းရီမှာ ထိုမျှလန်းသည့် ကားကြီး စီးနေမှတော့ သာမန်လူတော့ မဖြစ်နိုင်ချေ။ ယခုလို ထူးခြားသည့် ပုဂ္ဂိုလ်မျိုးနှင့် ဆုံတွေ့ခွင့်ရမည့် အခွင့်ရေးကိုတော့ လက်လွှတ်မဆုံးရှုံးနိုင်။
ထိုကဲ့သို့ ငွေကြေးကြွယ်၀နေသည့် သူက အဘယ်ကြောင့် အီရန်ဘွိုင်းလုပ်နေလဲဆိုတာကိုတော့ သူစဉ်းစားလို့ မပေါက်။
လင်းရီ ကူကယ်ရာမဲ့သွာဖြင့် ခေါင်းရမ်းမိလိုက်သည်။ ဒီမောင်နှမတွေကတော့ တစ်ကယ့်ကို တစိတ်တ၀မ်းတည်းပါလား...
လင်းရီ ကျန်းစုန့်ကို ကြည့်လိုက်ပြီး "မင်းဘယ်လိုလုပ်ချင်လဲ..."
"သားရီ...အတူတူသွားရင် ပိုမကောင်းဘူးလား.."ကျန်းစုန့် ရှက်အမ်းအမ်းဖြင့် ပြောလိုက်၏။
"ရတာပေါ့ မင်းသွားချင်ရင် သွားမယ်လေ.."
လင်းရီ ထိုမောင်နှမ နှစ်ယောက်ကိုကြည့်ရင်း "ကားထဲ၀င်..."
"အိုကေ အိုကေ.."
ယွဲ့ဟိုင် ခရီးသည် ထိုင်ခုံပေါ်၌အတင်းထိုင်ရင်း ကျန်းစုန့်ကို ကြည့်ကာ "ယောက်ဖကြီး မင်းကတော့ ငါ့နှမနဲ့ အနောက်မှာ ထိုင်လိုက်ကွာ..မင်းတို့နှစ်ယောက်က စွယ်တော်ရွက်လေးတွေဆိုတော့ မခွဲရက်ဘူး..."
လင်းရီ ပြောစရာစကားများ ပျောက်ရှသွားတော့၏။
ခင်များ ဒီထက်ပိုပြီး အရှက်မဲ့လို့ မရတော့ဘူးလား...