အခန်း(၁၇၈)
Vol. 12 Ch. 178
"သူ့အိမ်ကို သွားကြည့်မယ်..."
သူ့အစ်ကို ဘာပြောချင်နေလဲဆိုတာ ယွဲ့ကျောက် နားမလည်သေးချေ။
"ဟုတ်တယ်...သူ့အိမ်ဘယ်လိုမျိုးလဲ ဆိုတာ အရင်ဆုံး သွားကြည့်ကြမယ်.."
ယွဲ့ဟိုင် ပြောလိုက်၏။
"တကယ်လို့သူသာ အိမ်အကြီးစားကြီး ဒါမှမဟုတ် စတုန်ရန်းမီတာ ခြောက်ရာလောက်ကျယ်တဲ့ ဗီလာနဲ့ နေတယ်ဆိုရင်တော့ ချမ်းသာတယ်လို့ ပြောလို့ရတယ်...ကျန်းစုန့်ကလည်း သူ့သူငယ်ချင်းကြီးဆိုတော့ နောက်ကျ သူ့ကို သေချာပေါက် ဖေးမ မှာပဲ..အဲ့တာဆိုရင်တော့ မင်းက သူ့ရဲ့ လက်ကို သေချာ ဆုပ်ထားရမယ်နော်..လုံး၀လွှတ်ပေးလိုက်လို့မရဘူး..."
ယွဲ့ဟိုင်၏ စကားလုံးများက ယွဲ့ကျောက်၏ မျက်လုံးများကို တောက်ပသွားစေသည်။
"အစ်ကို ပြောတာ အဓိပ္ပာယ်ရှိတယ်...ညီမတို့ သောက်ပြီးရင် သွားကြည့်ကြည့်ရအောင်..."
"ဒါပေမယ့် တစ်ခု ရှိတာက ငါတို့ သူ့အိမ် ဘယ်လို သွားကြမှာလဲ..."
"အဲ့တာလား..အသေးမွှားလေးပါ..ညီမ တာ၀န်ထားလိုက်..."
နဂိုမူလက အိပ်ချင်မူးတူးဖြစ်နေသော ယွဲ့ကျောက်မှာ သူမ အစ်ကိုဖြစ်သူ၏ အကြံဉာဏ်ကိုလည်း ကြားသွားရော မျက်လုံးများ ပြူးကျယ်လာကာ တက်ကြွသွားတော့၏။
သူမ၏ မျက်လုံးများ တလက်လက် တောက်ပနေပြီး ကျန်းစုန့်တို့ ဘယ်အချိန် သောက်လို့စားလို့ ပြီးမလဲဆိုတာကို တမျှော်မျှော်နှင့် စောင့်ကြည့်နေတော့၏။
မိနစ်နှစ်ဆယ်ကြာပြီးနောက် ကြမ်းပြင်ပေါ်တွင် ဘီယာပုလင်း နှစ်ဆယ်လောက် ချထားပြီး ဖြစ်၏။
ကျန်းစုန့် ရေချိန်ကျော်နေတာကို မြင်တော့ လင်းရီ လည်း အသောက်ရပ်လိုက်တော့၏။ ကျိုးဟိုင်တွင် လေးငါးရက် ထပ်နေဦးမည်ဖြစ်သောကြောင့် နောက်ရက်မှ သောက်လည်း နောက်မကျသေးပေ။
တော်ကြာ သောက်ရင်းသောက်ရင်း ရှောသွားမှဖြင့်....
"လောင်တ...ခုလို ပြုစုတဲ့အတွက် ကျေးဇူးပဲကွာ..ငါလည်း ဟိုတယ် ပြန်နားတော့မှာ..မင်းလည်း စောစော နားသင့်တယ်..."ကျန်းစုန့် မူးကြောင် မူးကြောင်ဖြင့် ပြောလိုက်၏။
"ဘာလို့ ဟိုတယ်မှာ နေမှာတုန်း..ကျိုးဟိုင်ရောက်လာမှတော့ ငါ့ဆီမှာနေပေါ့ဟ..."
"ရတယ်...အလုပ်ကိစ္စနဲ့လာတာဆိုတော့ ဟိုတယ်ခလည်း ကုမ္ပဏီကပဲ ပေးမှာ..."ကျန်းစုန့် အပြုံးလေးဖြင့် ပြောလိုက်သည်။
"ကျန်းစုန့်..ရှင်မူးနေပြီမလား...."
ယွဲ့ကျောက် အသံစာစာဖြင့် မေးလိုက်၏။
"မမူးပါဘူး..ကိုမမူးသေးဘူး..ခုမှ ပါးပါးလေးပဲ ရှိသေးတယ်..."
ထိုသို့ပြောရင်း နောက်သို့ လှန်ကျမလိုဖြစ်သွားသောကြောင့် လင်းရီမှ လှမ်းဆွဲလိုက်ရ၏။
"ဟွန့် မမူးဘူးသာ ပြောတယ် ကိုယ်တော်က ဂျွမ်းပစ်နေပြီ..မူးများမူးလို့ကတော့ ဘောင်းဘီတောင် ကပ်နိုင်ပါ့မလားပဲ..."ယွဲ့ကျောက် နှာခေါင်းရှုံ့၍ ပြောလိုက်သည်။
"အဲ့လာက်မူးနေရင်လည်း ရှင့် သူငယ်ချင်းအိမ်မှာပဲ လိုက်နေလိုက်လေ...နောက်ရက်ကျမှပဲ ကျွန်မ ဟိုတယ်ပြေစာ တစ်ချို့ ရှာပေးမယ်..ရှင်ကုမ္ပဏီရောက်ရင်တော့ စရိတ်ပြန်တောင်းပေါ့...ကျွန်မတို့ အဲ့လိုလုပ်လိုက်ရင် ဘယ်သူကသိမှာကျလို့..."
"ဟာ....မကောင်းဘူးထင်တယ်နော...သူ့မှာက ကောင်မလေးလည်း ရှိတယ်..နှောက်ယှက်လို့ မကောင်းပါဘူးကွာ..."
ကျန်းစုန့်မှာ လင်းရီ လျိုစီစီနှင့် လမ်းခွဲထားကြောင်း ခုထိ မသိသေးချေ။
"ဘယ်ကောင်မလေးတုန်း...အဲ့တာက သမိုင်းတွေ ဖြစ်သွားပြီ.."လင်းရီ အပြုံးလေးဖြင့် ပြောလိုက်၏။
"လာနေစမ်းပါ...ငါတို့ကို လိုက်ပို့ဖို့ ဒရိုင်ဘာ ခေါ်လိုက်မယ်..ဟိုရောက်ရင် နောက်တစ်ပွဲ ပြန်နွှဲကြတာပေါ့..."
"လောင်တ ..မကောင်းဘူးထင်တယ်နော..တော်ကြာ ငါတို့ အော်ဟစ်သောင်းကြမ်းလို့ဆိုပြီး ရုံးရောက်ဂတ်ရောက်တွေ ဖြစ်နေပါဦးမယ်..."
"ဘာလဲ မူးပြီး လျှာတွေ လိပ်နေပြီလားဟ..ဒီလူနဲ့ဒီလူကို အားနာစရာလိုသေးလို့လား..."
ကျန်းစုန့် ရယ်မောလိုက်ပြီး "အဲ့တာဆိုလည်း အားမနာတော့ဘူးနော်..."
လင်းရီ ပြုံးလိုက်ပြီး ဖုန်းကို ကိုင်၍ သီးသန့် ဒရိုင်ဘာကို ဖုန်းခေါ်လိုက်၏။
မကြာမီ ဒရိုင်ဘာမှာ သူ၏ စကူတာလေးစီး၍ ရောက်လာတော့၏။
"ဟယ်လို...လင်းရီဆိုတဲ့ လူကြီးမင်းလားခင်ဗျ...."
လင်းရီ ခေါင်းညိမ့်လိုက်ပြီး သူ၏ ကားသော့ကိုကမ်းပေးလိုက်၏။
"ကျိုကျုံး အဆောက်အအုံကိုမောင်းပေး..."
အံ့အားသင့်သွားကြ၏။
ကျန်းစုန့်မှလွဲ၍ ယွဲ့မောင်နှမ နှစ်ဦးနှင့် သီးသန့် ဒရိုင်ဘာတို့ခေါင်းမှာ ကျိုကျုံးအဆောက်အအုံဟူသော စကားကိုကြားတော့ တဟီးဟီး မြည်သွားခဲ့သည်။
အဲ့တာက ကျိုးဟိုင်မှာ နံပါတ်တစ် ဇိမ်ခံ ဗီလာကြီးမလား...ဈေးအပေါဆုံးကတောင် တစ်ဘီလီယမ် နီးနီး ရှိတယ်လေ...
မည်သူတစ်ဦးမျှ လင်းရီမှာ ထိုကဲ့သို့သော နေရာမျိုး၌ နေထိုင်လိမ့်မည်လို့ မျှော်လင့်မထားခဲ့။
ဒါကြီးက သောက်ရမ်း အံ့ဩဖို့ကောင်းသွားပြီ...
ယွဲ့ဟိုင် သူ့ညီမ လက်မောင်းကို ဆွဲ၍ စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်ပြီး "ကျောက်ကျောက် သူက ကျိုကျုံးဗီလာမှာ နေတာဆိုတော့ ဘောစိကြီးဆိုတာ သေချာသွားပြီ..ငါတို့ လက်လွှတ်လို့ မဖြစ်ဘူးနော်..."
"စိတ်ချ...ညီမလည်း အဲ့လောက်တော့ အကင်းပါးပါတယ်..."ယွဲ့ကျောက်အသံ တိုးတိုးဖြင့် ပြောလိုက်၏။
ဒရိုင်ဘာ ကားသော့ကို လက်များတုန်ရီစွာဖြင့် လက်ခံလိုက်သည်။
သူကားမောင်းလာသည့် သက်တမ်းတစ်လျှောက် ယခုလို ကားအကောင်းစားကြီး မောင်းဖူးခြင်းမှာ ပထမဆုံးအကြိမ်ပင်။
ကျန်းစုန့် လမ်းတောင် ကောင်းကောင်း မလျှောက်နိုင်သောကြောင့် လင်းရီ သူ့ကို ကားထဲ တွဲပို့လိုက်၏။
သူပြန်ရောက်လာသည့်အချိန်တွင်တော့ ယွဲ့ဟိုင် ခရီးသည်ခုံ၌ ၀င်ထိုင်လိုက်ပြီး ယွဲ့ကျောက်ကတော့ ကျန်းစုန့်နှင့်အတူ နောက်ကားခုံ၌ အသီးသီးထိုင်လိုက်ကြသည်။
လင်းရီကတော့ ကားအပြင်ဘက်တွင် ရပ်၍ ယွဲ့မောင်နှမကို အရူးများကဲ့သို့ ကြည့်လိုက်၏။
"ကျုပ်ကားက ထိုင်ခုံလေးခုပဲ ရှိတာလေ...ခင်များတို့က ကားထဲ ၀င်ထိုင်နေကြတော့ ပိုင်ရှင်ဖြစ်တဲ့ ကျုပ်က ဘယ်နား သွားထိုင်ရမှာတုန်းဟ..."
လင်းရီ ပြောမှပဲ သူမတို့ နှစ်ယောက်လည်း Bentley continental မှာ နောက်တန်းတွင်လက်မောင်းတင်သည့် နေရာပါရှိသောကြောင့် လူနှစ်ယောက်သာ ထိုင်လို့ရကြောင်း သတိရသွားခဲ့သည်။
ယခု နေရာလေးခုလုံး ပြည့်နေသောကြောင့် ကျန်သည့် တစ်ယောက်အတွက် ထိုင်စရာနေရာ မရှိတော့။
"ဒါက....."
ယွဲ့ဟိုင် ကားကို ကိုးရို့ကားယားဖြင့် ကြည့်လိုက်၏။ ဒရိုင်ဘာကတော့ ဖယ်ပေး၍မရ။ ကျန်းစုန့်မှာလည်း လင်းရီ၏ အချစ်ဆုံး သူငယ်ချင်းပင်။ ထို့ကြောင့် သူလည်း ကားထဲမှ ထွက်လို့မရချေ။
တစ်ဖက်ရှိ သူ့ညီမလေးမှာလည်း ကျန်းစုန့်၏ ကောင်မလေးဖြစ်သောကြောင့် ထွက်သွားမည်ဆိုပါက မလျော်ကန်။
သူတစ်ဦးတည်းသာလျင် ဤကားထဲ၌ လူပိုကြီး ဖြစ်နေတော့၏။
"အာဟား...အဲ့လိုဖြစ်သွားတယ် ကြည့်စမ်း...ဆောတီး ဆောတီး...."ယွဲ့ဟိုင် ကိုးရို့ကားယားဖြင့် ရယ်လိုက်ပြီး တံခါးဖွင့်၍ ကားထဲမှ ထွက်လာလိုက်သည်။
ယွဲ့ကျောက် နောက်ခန်းထဲ၌ တောင်တစ်လုံးကဲ့သို့ မိန်းမိန့်ကြီး ထိုင်နေသည်ကို မြင်တော့ လင်းရီ အနည်းငယ် မျက်မှောင်ကြုတ်သွားခဲ့သည်။
"ကျန်းစုန့်က ဒီည ကျုပ်နေရာမှာ အိပ်မှာလေ..အဲ့တာကို ခင်များက လိုက်ခဲ့ဦးမလို့လား..."
"ကျွန်မလည်း မလိုက်ချင်ပါဘူး..ဒါပေမယ့် ကျန်းစုန့်ကို စိတ်ပူလို့..သူက မူးလာရင် တအား စိတ်အနှောက်ယှက် ပေးတတ်တာ..ဘယ်သူမှ သူ့အနွံနာ မခံနိုင်ဘူး..."ယွဲ့ကျောက် ပြောလိုက်၏။
"ပြီးတော့ ကျွန်မတို့က အတူ နေလာတာကြာပြီဆိုတော့ သူမရှိရင် ကျွန်မ အိပ်ပျော်မှာ မဟုတ်ဘူး...ဒီတော့ လိုက်ခဲ့မှာပဲ..."
ထို့နောက် ကျန်းစုန့်၏ လက်မောင်းကို ဆွဲ၍ "ဟန်နီ...ကျွန်မ ရှင်နဲ့ လိုက်ခဲ့မယ်နော်..."
ကျန်းစုန့်ကတော့ လူမှန်း သူမှန်းမသိတော့ပဲ ပြောသမျှ ခေါင်းညိမ့်နေတော့၏။
"လောင်တ....."
"အေးပါ အေးပါ..မင်းသဘောကွာ..သွားစို့..."
လင်းရီ သူ့ညီကိုကောင်း၏ မျက်နှာကြောင့် နောက်တစ်ကြိမ် ခွင့်လွှတ်ထားလိုက်၏။
"နေရာ မရှိတော့ဘူးဆိုတော့ ငါက နောက်ဖုံးကနေ လိုက်ခဲ့မယ်ကွာ...,ဖြစ်တယ်မလား.."
လင်းရီကတော့ ထိုငကြောင်နှင့် ဘာမှ ပြောမနေပဲ ကားထဲ၀င်ထိုင်လိုက်၏။
"ကားနောက်ဖုံးထဲမှာက ဒရိုင်ဘာရဲ့ စကူတာ ထည့်ထားတာ..ခင်များက အဲ့ထဲနေမယ်ဆိုတော့ သူ့ဆိုင်ကယ်ကို ဘယ်မှာ သွားထားမှာ..."
လင်းရီ မေးခွန်းထုတ်လိုက်၏။
"အေး..အာ့လည်း ဟုတ်သားဟ..."
"ဒါနဲ့ ခင်များကကော ဘာလိုက်လုပ်ဦးမှာ..ခင်များနဲ့ ဘာမှ မဆိုင်ဘူးမဟုတ်လား..."
"ကြည့်လိုက်လေ..ကျန်းစုန့်က မင်းရဲ့ အကောင်းဆုံးသူငယ်ချင်း..ငါက သူ့ယောက်ဖ...ခုနကလည်း ၀အောင် မသောက်ရသေးဘူးဆိုတော့ ကျိုကျူံး ဗီလာရောက်ရင် ဆက်ကဲကြမယ်လေကွာ..လူစုံတက်စုံနဲ့ဆို တော့ ပိုပြီး ပျော်ဖို့ ကောင်းတာပေါ့ကွ... "
ယွဲ့ဟိုင် သူ့ယောက်ဖကို ကြည့်လိုက်ပြီး "ယောက်ဖကြီး ..လက်ခံတယ်မလား..."
ကျန်းစုန့် မျက်မှောင်ကြုတ်လိုက်သည်။ သူလည်း သူ့ယောက်ဖ လိုက်လာသည်က ပြဿနာ သိပ်မရှိဟု စဉ်းစားမိ၏။
သို့သော်လည်း လင်းရီကတော့ မရဘူး တင်းခံနေလေ၏။
ဘာတွေလဲကွာ ...စိတ်ရှုပ်ဖို့ ကောင်းလိုက်တာကွာ...
"ဟန်နီ...ကျွန်မအစ်ကိုကလည်း ရှင့် အစ်ကိုပဲနော်..သူက ကျွန်မ ငယ်ငယ်လေးကတည်းကနေ ကျွန်မပေါ် အရမ်းကောင်းခဲ့တာ...ရှင် သူ့ကို တကယ်ပဲ ချန်ရစ်ခဲ့နိုင်တယ်ပေါ့...အဲ့တာဆို ကျွန်မတို့က မိသားစုကို ဘယ်လို မျက်နှာပြကြတော့မှာလဲလို့..."ယွဲ့ကျောက် မိန်းမတို့၏ မာယာဖြင့် ပြောလိုက်၏။
"အမှန်ပဲ..ဒါပေမယ့် အဲ့တာက လောင်တရဲ့ အိမ်လေကွာ..ငါ့ဟာမှ မဟုတ်တာ...ငါ့မှာ ဆုံးဖြတ်ပိုင်ခွင့်မှ မရှိတာဟ..."
"ယောက်ဖကြီး..မင်းအဲ့လိုတော့ မပြောသင့်ဘူးလေကွာ....မင်းမှာ ခုနောက်ခံ ရှိသွားပြီဆိုတော့ ငါတို့ကို မလိုအပ်တော့ဘူးပေါ့...မင်းရဲ့ ဆွေမျိုးတွေကိုတောင်နော်....လုပ်ရက်လိုက်တာ...."
"တော်ပြီ...ထားလိုက်တော့..အချိန်ဖြုန်းမနေကြနဲ့..."လင်းရီ ကျန်းစုန့်ကို ခက်ခဲအောင် မလုပ်ချင်ပေ။
"လိုက်ချင်လည်း လိုက်ခဲ့တော့ကွာ..."
"အိုကေ အိုကေ..အဲ့လိုဆိုလည်း အားမနာတော့ဘူးနော်..."ယွဲ့ဟိုင် သူရုပ်နှင့် မလိုက်သည့် အပြုံးကြီး ပြုံးလိုက်၏။
"မင်းတို့ သွားနှင့်ကြ..ငါတက္ကစစီငှားပြီး လိုက်လာခဲ့မယ်..."
လင်းရီ ခရီးသည်ခုံ၌ ထိုင်ရင်း ကူကယ်ရာမဲ့စွာ ခေါင်းရမ်းလိုက်၏။
သူ မဝေဖန်ချင်သော်လည်း ယွဲ့ကျောက်တို့ မိသားစုမှာ လူကောင်းများ မဟုတ်သည်ကတော့ အသေအချာပင်။
အချိန်ရပါက သူ၏ ညီကိုနှင့် အခါမနှောင်းခင် သေချာလေး ဆွေးနွေးရမည်။
နာရီ၀က်ကြာပြီးနောက် လင်းရီတို့ ကားမှာ ကျိုကျုံး အဆောက်အအုံရှေ့၌ ထိုးရပ်သွား၏။
ယွဲ့ဟိုင်ကတော့ သူတို့ထက်ပင် စောလို့ ရောက်နေလေသည်။
သို့သော်လည်း တက္ကစီနှင့် လာသောကြောင့် အပြင်လူများ မ၀င်ရသည့် စည်းမျဉ်းများအရ အပြင်ဘက်တွင် ရပ်စောင့်နေရ၏။
လင်းရီတို့ ရောက်လာသည်ကို မြင်တော့ ယွဲ့ဟိုင် ပြုံးလိုက်သည်။
"မင်းတို့အတော် မြန်တာပဲကွ...ငါတောင် သိပ်အကြာကြီး မစောင့်လိုက်ရဘူး...ဟားဟား အလျင်မလိုပါနဲ့ကွာ..."
သူတွေးထားသည်မှာ လင်းရီ သူ့ကို တစ်ခုခု ပြောလာမည်လို့ပင်။
သိူ့သော်လည်း ထိုအချိန်တွင် ဂိတ်ပေါက်၀မှာ အလိုအလျောက်ပွင့်သွားပြီး ဘန်ထလေမှာ သူ့ကို လျစ်လျူရှုကာ အထဲသို့ ၀င်သွားခဲ့၏။
"တာကော ..စောင့်ဦးဟ..ဒီမှာ ဗီလာတွေက အများကြီးလေကွာ..ဘယ်တစ်ခုကမင်းဟာလည်းမှ မသိတာ..."ယွဲ့ဟိုင် နောက်မှ ပြေးလိုက်ရင်း အော်ဟစ်နေလေ၏။