မိုဝူကျိ၏ လျှို့ဝှက်ပညာရပ်
Vol. 77 Ch. 1069
မိုဝူကျိက သဟဇာတ နတ်ဘုရားသည် သူ့အဆင့် ၇ အစီအရင်ထဲအထိ လိုက်လာလိမ့်မည်ဟု တွေးရလောက်အောင်အထိ မရူးမိုက်ပေ။ သူ ခင်းကျင်းထားသော သေမင်းထောင်ချောက် အစီအရင်က အာကာပြင် သင်္ကေတချည်းနှင့် လုပ်ထားခြင်း မဟုတ်ပေ။ သာမာန် အစီအရင်တာအို ဗဟုသုတ ရှိသည့် သဟဇာတ နတ်ဘုရားပင် ပြောနိုင်လိမ့်မည်။
ထို့အပြင် ထိုပုတိုတို သဟဇာတ နတ်ဘုရား၏ အစီအရင်တာအိုက သာမာန် မဟုတ်ပေ။ သာမာန် ဖြစ်နေလျှင် သူ့အာကာပြင် သင်္ကေတများကို လွယ်လင့်တကူ ဖျက်စီးနိုင်မည် မဟုတ်ပေ။
မိုဝူကျိ အစီအရင် ဝင်ပေါက်အတွင်း ဝင်လိုက်သည်နှင့် လေထုအပါးလေးအတွင်း မပျောက်ကွယ်သွားခင် တုန်ခါသွားသေး၏။ နောက်အခိုက်အတန့်လေး၌ သေမင်းထောင်ချောက် အဝင်ဝ၌ သာမာန်ကျောက်တုံးလေး တစ်တုံး ပေါ်လာသည်။
မိုဝူကျိက သန္ဓေလောင်း ပြောင်းလဲရေး ပညာရပ်ကို ထုတ်ဖော်လိုက်ပြီး ပထမ ကြိုးစားမှု၌ သူ့ကိုယ်သူ ကျောက်တုံးတစ်တုံးအဖြစ် ပြောင်းလဲနိုင်ခဲ့သည်။ ထိုသည်က မိုဝူကျိ၏ စိတ်နှလုံးသားကို တည်ငြိမ်သွားစေ၏။
ကောင်းကင်စိတ်ဝိညာဉ် ပြောင်းလဲရေး၏ လျို့ဝှက်ပညာရပ်တိုင်းက အကျိုးကျေးဇူး ရှိပေသည်။ မိုဝူကျိ၏ သန္ဓေပြောင်းလဲရေး ပညာရပ်အပေါ် သင်ယူရန် ရွေးချယ်လိုက်မှုကား ဉာဏ်ရှိသည့် ရွေးချယ်မှု ဖြစ်သွားသည်။
ပိုင်သိုက်က မည်မျှ အံ့ဩဖို့ ကောင်းစေကာမူ မိုဝူကျိသည် ကျောက်တုံးအဖြစ် ရုတ်တရက် ပြောင်းလဲသွားလိမ့်မည်ဟု ထင်မိမည် မဟုတ်ပေ။ အကြောင်းမှာ သူက အတွေ့အကြုံ မကြွယ်ဝ၍ မဟုတ်ဘဲ နတ်ဘုရားနယ်မြေတွင် ဖြစ်စေ သို့မဟုတ် နတ်ဘုရားမျိုးနွယ်တွင် ဖြစ်စေ ပြောင်းလဲရေး ပညာရပ်မှာ စိတ်ကူးကြည့်၍ပင် မရပေ။ သူ့အမြင်၌ သူ မြင်လိုက်သည်မှာ မိုဝူကျိက သေမင်းထောင်ချောက် အစီအရင်အတွင်း ပြေးဝင်သွားခြင်းသာ ဖြစ်၏။
သေမင်းထောင်ချောက်က မည်မျှ အားကောင်းစေကာမူ အထဲမဝင်သရွေ့ အသုံးမဝင်ပေ။ သေမင်းထောင်ချောက် အစီအရင်ကို ဖျက်စီးပစ်ပြီးသည့်နောက်တွင်ပင် မိုဝူကျိက သူ့ကိုယ်သူ ထုတ်ဖော်မပြဘဲ နေလိမ့်မည်ဟု မယုံပေ။ မိုဝူကျိလို ပုရွက်ဆိတ်တစ်ကောင်၏ အင်အားဖြင့် သူ့အား သေမင်းထောင်ချောက်အတွင်း ဆွဲခေါ်နိုင်မည် မဟုတ်ပေ။
သူက ခွန်းယွင်ကို ကြောက်ရွံ့သော်လည်း မိုဝူကျိကိုတော့ မဟုတ်ချေ။
သူက နတ်ဘုရားမျိုးနွယ်ရဲ့ နတ်ဘုရားဘုရင်ကို သတ်ထားပြီးတော့ အသက်ဆက်ရှင်နိုင်ဦးမယ် ထင်နေတာလား …
သူက ခွန်းယွင်ကို မသတ်နိုင်သော်လည်း တစ်ရက်ရက်ကျ ရှင်းပစ်နိုင်လိမ့်မည်။ ခွန်းယွင်ကို မရှင်းထုတ်နိုင်ခင် အရင်ဦးစွာ မိုဝူကျိလို ငတိကို သတ်ပစ်ရမည်။
ပိုင်သိုက်က မိုဝူကျိ၏ အဆင့် ၇ သေမင်းထောင်ချောက် အစီအရင်ရှေ့တွင် ရပ်နေလိုက်ပြီး စွမ်းအားစက်ကွင်းကို ထုတ်လွှင့်လိုက်သည်။ မိုဝူကျိက သူ့အား သေမင်းထောင်ချောက်အတွင်း ဆွဲခေါ်သွားနိုင်မည့် နည်းလမ်း မရှိမှန်း သေချာ သိထားသော်လည်း သူက သတိကြီးကြီး ထားထားသေး၏။
ပိုင်သိုက်က ဧရာမ တံဆိပ်တော်ကြီးကို ထုတ်လိုက်သောကြောင့် နတ်သဘာဝစွမ်းအားများကို ဆွဲယူသွားလေသည်။ ထိုစွမ်းအားတစ်ခုလုံးက မိုဝူကျိ၏ အဆင့် ၇ သေမင်းထောင်ချောက် အစီအရင်အပေါ် ရင်ဆိုင်လိုက်သည်။
မိုဝူကျိ ခင်းကျင်းထားသည့် အဆင့် ၇ အစီအရင်မှာ အားကောင်းဟန် ပေါ်သော်လည်း ထိုသို့အင်အားမျိုးနှင့် ရင်ဆိုင်ရပြီးနောက် ချက်ချင်း တုန်ခါလာသည်။
ပိုင်သိုက်က သူ့တံဆိပ်တော်ကြီးသည် သေမင်းထောင်ချောက်နှင့် ထိတွေ့သွားသည့်အခါ သရော်လိုက်မိ၏။ ဆယ်ချက် ထိတွေ့ပြီးနောက် အဆင့် ၇ သေမင်းထောင်ချောက် အစီအရင်မှာ အက်သံ ပေါ်ထွက်လာလေပြီ။ အစီအရင်အတွင်းရှိ ပန်းကန်လုံးကြီးကလည်း တစ်ဝက်တပျက် ပေါ်ထွက်လာသည်။
နတ်ဘုရားနယ်မြေ၏ နတ်ဘုရားဘုရင်တချို့က ပိုင်သိုက်သည် မိုဝူကျိ၏ ကာကွယ်ရေး အစီအရင်ကို တိုက်ခိုက်နေမှန်း မြင်ကြသော်လည်း မည်သူကမှ ဘာမှမပြောကြပေ။
မိုဝူကျိ မိုဝူကျိ မင်းလည်း အဆုံးသတ်ရမဲ့ရက် ရောက်လာတာပါပဲ …
“ ဘာတွေ ဖြစ်နေတာလဲ ” နတ်ဘုရားဘုရင် ဟုန်ချီက နတ်ဘုရားဘုရင် ကျီတင်းဘေး ရောက်လာကာ မေးလိုက်သည်။
နတ်ဘုရားဘုရင် ကျီတင်းက နတ်ဘုရားဘုရင် ဟုန်ချီအား ကြည့်လိုက်ပြီး ရယ်ရယ်မောမောဖြင့် “ ဘာမှမဟုတ်ပါဘူး ”
“ နတ်ဘုရားမျိုးနွယ်ရဲ့ ပိုင်သိုက်က မိုဝူကျိရဲ့ ကာကွယ်ရေး အစီအရင်ကို တိုက်နေတာလား ” နတ်ဘုရားဘုရင် ဟုန်ချီက နတ်ဘုရားဘုရင် ကျီတင်း မပြောပြလျှင်ပင် အခြေအနေကို ကောင်းကောင်း သိလိုက်၏။
အားလုံးက မိုဝူကျိသည် အရွက်မဲ့တောအုပ်အစွန်း၌ ပွင့်လင်းမြင်သာ သေမင်းထောင်ချောက် အစီအရင် ခင်းကျင်းထားကြောင်း သိကြပေသည်။ ယခု ပိုင်သိုက်က မိုဝူကျိ၏ အစီအရင်အား တိုက်ခိုက်နေလေရာ သူက အဖြစ်အပျက်ကို ချက်ချင်း နားလည်လိုက်သည်။
“ အာ …ဒီကောင်လေး သူ့သေတွင်းကို တူးနေတာလေ ” နတ်ဘုရားဘုရင် ကျီတင်းက ရယ်မောလိုက်ပြီး နတ်ဘုရားဘုရင် ဟုန်ချီအား ဤသို့ကိစ္စမျိုး၌ ဝင်မရှုပ်တော့ကြောင်း ပြောတော့မည့်ဆဲဆဲတွင် နတ်ဘုရားဘုရင် ဟုန်ချီက ပြေးဝင်သွားပြီ ဖြစ်၏။
မိုဝူကျိက သူနှင့် နတ်ဘုရားဘုရင် လီထန်းတို့၏ နတ်ဘုရားနယ်မြေအတွက် အနာဂတ် ဖြစ်ပေသည်။ အကယ်၍ ဤသို့ပါရမီရှင်မျိုးသာ သဟဇာတ နတ်ဘုရားလက်ထဲ၌ ပျက်စီးသွားလျှင် နတ်ဘုရားနယ်မြေ၏ အနာဂတ်ကား မည်သို့ ဖြစ်သွားမည်နည်း။
မိုဝူကျိ၏ စိတ်စွမ်းအားဖြင့် နတ်ဘုရားဘုရင် ဟုန်ချီ ရောက်လာသည်ကို သတိပြုမိလိုက်၍ သက်ပြင်းချလိုက်မိသည်။ အစပိုင်းတွင် သူက မတိုက်ခိုက်သေးခင် ခဏစောင့်ဆိုင်းဖို့ ကြံစည်ထား၏။ ယခု နတ်ဘုရားဘုရင် ဟုန်ချီ ဝင်ရောက်လာပြီ ဖြစ်ရာ သူ့အနေနှင့် ထပ်စောင့်နေ၍ မဖြစ်တော့ပေ။
ထိုစဉ် သူ့သေမင်းထောင်ချောက် အစီအရင်မှာ နတ်ဘုရားမျိုးနွယ် သဟဇာတ နတ်ဘုရားကြောင့် ပျက်စီးသွားပြီး သူက သေမင်းထောင်ချောက် အစီအရင် အဝင်ဝသို့ ရောက်နေပြီဟု ယူဆ၍ ရပေသည်။ ဟုန်ချီ ရောက်လာသည်နှင့် သူက သေချာပေါက် နောက်ပြန်ဆုတ်လိမ့်မည်။
ပိုင်သိုက်၏ စိတ်စွမ်းအား၌လည်း နတ်ဘုရားဘုရင် အဆင့်ရှိသည့် ဟုန်ချီ ရောက်လာမှုအား အာရုံခံလိုက်မိသည်။ ဟုန်ချီက မဟာနတ်ဘုရားဘုရင်ထဲမှ တစ်ယောက် ဖြစ်သော်လည်း သူ ပိုင်သိုက် အမြင်၌ ပုရွက်ဆိတ်တစ်ကောင်မျှသာ ဖြစ်၏။
ထိုစဉ် အာကာပြင်ကိုပင် စုတ်ဖြဲပစ်နိုင်သည့် သတ်ဖြတ်ငွေ့တစ်ခုက သူ့နောက်ကျောမှ ရောက်ရှိလာသည်။ တုန်လှုပ်သွားသည့် ပိုင်သိုက်က သူ့စွမ်းအားစက်ကွင်းသည် နေရာတစ်ခုလုံးကို ကောင်းကောင်း ဖုံးလွှမ်းထားကြောင်း သေချာသိပေသည်။ ထိုမတိုင်ခင်အထိ သူက အန္တရာယ်တစ်ခုမှ မခံစားမိလေရာ ဤသတ်ဖြတ်ငွေ့က မည်သည့်နေရာမှ ပေါ်လာသနည်း။
မိုဝူကျိက သူ့အင်အားကုန်သုံးကာ ခွန်းဝူဓားဖြင့် ချိန်ရွယ်လိုက်သည်။ မိုဝူကျိ၏ ခန့်မှန်းချက်အရ ခွန်းဝူဓားမှ သတ်ဖြတ်ငွေ့သည် ပိုင်သိုက်၏ စွမ်းအားစက်ကွင်းကို အချိန်တိုလေးအတွင်း ဖျက်စီးပစ်နိုင်ကြောင်း ခန့်မှန်းမိ၏။
မိုဝူကျိ၏ ခန့်မှန်းချက်မှာ မမှားယွင်ခဲ့ပေ။ ခွန်းဝူဓား သတ်ဖြတ်ငွေ့တွင် မိုးမြေစွမ်းအားများ ပါဝင်နေသည်။ ထိုအရာက သူ့သတ်ဖြတ်ငွေ့ကို ဖျက်စီးပစ်ပြီး သူ့အသက်ဓာတ်ကိုပင် ပိတ်လှောင်ထားသေး၏။
ပိုင်သိုက်က ဘာမှမတွေးနိုင်တော့ဘဲ ရှေ့တိုးလိုက်ရသည်။ သူ့ရှေ့တွင် သေမင်းထောင်ချောက် အစီအရင် ရှိနေလျှင်ပင် သူ့တွင် ရွေးချယ်စရာ မရှိတော့ပေ။
အကယ်၍ သူက သတိလက်လွှတ် ဖြစ်စေသည့် ချောင်းမြောင်းတိုက်ခိုက်မှုကို မရှောင်နိုင်လျှင် ဒဏ်ရာအပြင်းအထန် ရသွားပေမည်။ ဤသို့ ဒဏ်ရာမျိုးက ခန္ဓာကိုယ်မှာ ဖြစ်စေသည့် ဒဏ်ရာတင် မကဘဲ သူ့အသိစိတ်ပင်လယ်နှင့် ကမ္ဘာဦး စိတ်ဝိညာဉ်အထိ ထိခိုက်စေလိမ့်မည်။ မိုဝူကျိ၏ ဉာဏ်များမှုအရ သူ့အား ဒဏ်ရာအပြင်းအထန် ရသွားစေပြီးလျှင် သေချာပေါက် လွှတ်ပေးမည် မဟုတ်ပေ။
ပိုင်သိုက်က မိုဝူကျိ၏ အစီအရင်အတွင်း ဝင်လိုက်သည်နှင့် ခွန်းဝူဓား သတ်ဖြတ်ငွေ့များလည်း ပျောက်ကွယ်သွားသည်။
ပိုင်သိုက်က မြန်မြန် အသိဝင်လာကာ နောက်ဆုတ်ဖို့ ကြိုးစားလိုက်သည်။
“ ဝုန်း ” နားကွဲမတတ် အသံကြီး ထွက်ပေါ်လာပြီးနောက် ပိုင်သိုက်က သူ့နောက်ဆုတ်ရမည့် လမ်းကြောင်း ပျောက်သွားကြောင်း သိလိုက်ရ၏။ အကြောင်းမှာ သေမင်းထောင်ချောက် အစီအရင်က ပိတ်သွားလေပြီ။
ဘေးပတ်လည်ရှိ အာကာပြင် စည်းမျည်းများသည် စတင်၍ ပြောင်းလဲလာပြီး သူ့စွမ်းအားစက်ကွင်းကိုပင် မဖြန့်ကျက်နိင်တော့ပေ။ ပိုင်သိုက် မတိုက်ခိုက်သည်မှာ အကယ်၍ ဤ အစီအရင်အတွင်း သူ တစ်ယောက်တည်း ဖြစ်နေလျှင် မထွက်ပြေးခင် ဤအစီအရင်ကို အထဲမှ ဖျက်စီးနိုင်ဆဲ ဖြစ်သည်။
သို့သော်လည်း ဤသေမင်းထောင်ချောက် အစီအရင်သည် မိုဝူကျိ အပိုင် ဖြစ်သောကြောင့် မိုဝူကျိသာ သူ့အား လုပ်ကြံနိုင်ပေသည်။ သူက မိုဝူကျိ မည်သို့ လုပ်လိုက်မှန်း မသိသော်လည်း သူ့ခန့်မှန်းချက်မှာ မှန်ကန်ကြောင်း အာရုံခံစားမိနေသည်။
“ မိုဝူကျိ … ငါ မင်းကို လျော့တွက်းမိသွားတာပဲ ” ပိုင်သိုက်က သူ့ဦခေါင်းအထက်တွင် ဧရာမ တံဆိပ်တော်ကြီး ထားကာ စကားပြောလိုက်ရင်း သေမင်းထောင်ချောက် အစီအရင်ကို ကြည့်လိုက်သည်။
သူ့ရှေ့၌ ဝေဝါးဝါး မြူများမှလွဲ၍ ဘာဆိုဘာမှ မရှိချေ။
“ ခင်ဗျားက မတိုက်နိုင်တော့ ကျုပ်ကို ထူးဆန်းအောင် လုပ်နေတာပဲ ” မိုဝူကျိ၏ တည်တည်ငြိမ်ငြိမ် အသံက ထွက်ပေါ်လာသည်။
“ ငါ တိုက်ခိုက်ရင် သေမင်းထောင်ချောက် အစီအရင်ကို ဖျက်စီးနိုင်တယ်လား ” ပိုင်သိုက်ကလည်း တည်ငြိမ်လှသည်။
မိုဝူကျိက ပြန်ဖြေလိုက်သည် “ မဟုတ်တာ … ခင်ဗျား မဖျက်စီးနိုင်ခင် ကျုပ်က ခင်ဗျားကို သတ်ပြီးလောက်ပြီ ”
“ အဲဆို ငါက ဘာလို့ တိုက်နိုင်ရမှာလဲ ” ပိုင်သိုက်က ရယ်မောလိုက်သည် “ ငါ မသေခင် မင်းက ငါ သတိမပြုမိဘဲ ဘယ်လို ပုန်းနေနိုင်တာလဲဆိုတာတော့ သိချင်မိသား …. တကယ်လို့ ငါသာ မမှားရင် မင်း ငါ့ကို လုပ်ကြံတဲ့ ဓားက ခွန်းဝူဓားမလား ”
မိုဝူကျိ၏ အသံနောက်တစ်ဖန် ထွက်လာပြီး “ ရတာပေါ့ … ပြောပြရတာပေါ့ ”
“ ဝုန်း ” မိုဝူကျိ ပြောပြီးသည်နှင့် ပြင်းထန်သော ပေါက်ကွဲသံ ထွက်ပေါ်လာသည်။
“ ဉာဏ်များလိုက်တာ ” ပိုင်သိုက်က ဒေါသထွက်လာမိသည်။ မိုဝူကျိ စကားပြောနေတုန်း သူက အသက်ဓာတ်ကို လောင်ကျွမ်းစေပြီး တိုက်ခိုက်ဖို့ ကြံရွယ်ထားသည်။ မိုဝူကျိကလည်း သူ့နှင့် အတွေးတူနေလိမ့်မည်ဟု မည်သူက ထင်ထားမည်နည်း။
သူက အားကုန်တိုက်ခိုက်လိုက်သည့်အခါ မိုဝူကျိကလည်း သူ့လခြမ်းကွေး ပုဆိန်လှံရှည်ကို ထုတ်လိုက်သည်။
အကယ်၍ သူတို့သာ သေမင်းထောင်ချောက် အပြင်ဘက် ရောက်နေလျှင် သူ့အားပြင်းလွန်းသောကြောင့် မိုဝူကျိ၏ ပုဆိန်လှံရှည်က လွှင့်စင်သွားလောက်သည်။
မိုဝူကျီ၏ သေမင်းထောင်ချောက်က သူ့ပိုင်နက်အတွင်း ကျရောက်နေရသည်။
ပိုင်သိုက်က တံဆိပ်တော်ကို ချက်ချင်း ထုတ်ယူလိုက်သောလည်း သေမင်းထောင်ချောက် အစီအရင်၏ အရှိန်အဝါ ချုပ်နှောင်မှုကို ခံလိုက်ရသည်။ ထို့နောက် လျှပ်စီးချက်များနှင့် ပုဆိန်လှံရှည် အလင်းတန်းတို့က သူ့ဆီ ကျရောက်လာသည်။ လက်ရှိ မိုဝူကျိ၏ ပုဆိန်လှံရှည်က တံဆိပ်တော်နှင့် ထိပ်တိုက် တွေ့သွားသည်။
ပိုင်သိုက်က သူ့စိတ်စွမ်းအားမှာ လေးလံလာပြီး တံဆိပ်တော်ကို ဆက်လက်၍ မသုံးနိုင်တော့ကြောင်း အာရုံခံမိလိုက်သည်။
လခြမ်းကွေး ပုဆိန်လှံရှည်မှ နောက်ထပ် အလင်းတန်း ထွက်ပေါ်လာလေ၏။ ထိုစဉ် သေမင်းထောင်ချောက် အားအပြည့် ထွက်ပေါ်လာသည်။ ပိုင်သိုက်ကဲ့သို့သော သဟဇာတ နတ်ဘုရားမျိုးပင် မိုဝူကျိ၏ အဆင့် ၇ သေမင်းထောင်ချောက် အစီအရင်အတွင်း လှုပ်ရှားဖို့ အခက်တွေ့လာသည်။
အကယ်၍ မိုဝူကျိသာ နတ်ဘုရားအုပ်စိုးသူ ဖြစ်နေခဲ့မည်ဆိုလျှင် ပိုင်သိုက်အနေနှင့် သေမင်းထောင်ချောက် အစီအရင်ကို မချိုးဖောက်ခင် မိုဝူကျိအား သတ်နိုင်မည့် အခွင့်အရေး ရှိဦးမည် ဖြစ်၏။
အမှန်တော့ မိုဝူကျိက နတ်ဘုရားအုပ်စိုးသူ မဟုတ်ဘဲ နတ်ဘုရားဘုရင်ကိုပင် ယှဉ်နိင်သည့် လောကနတ်ဘုရား ဖြစ်နေသည်။ ထိုမျှတင် မကဘဲ မိုဝူကျိ၏ ပုဆိန်လှံရှည်က သူ့စိတ်စွမ်းအားကို လေးလံစေသောကြောင့် ထူးခြားလှသည်။
“ ဝုန်း ” လခြမ်းကွေး ပုဆိန်လှံရှည်က တံဆိပ်တော်နှင့် ထိပ်တိုက် တွေ့သွားသောကြောင့် ပိုင်သိုက်က သွေးတစ်ပွက် အန်ထုတ်လိုက်ရသည်။
ဤသည်က သူ့လခြမ်းကွေး ပုဆိန်လှံရှည်ကြောင့် မဟုတ်ဘဲ သေမင်းထောင်ချောက်အတွင်းရှိ နတ် တူနှစ်လက်က ပိုင်သိုက် ရင်ဘတ်ပေါ် ကျရောက်လာ၍ ဖြစ်သည်။
သူ့စွမ်းအားစက်ကွင်း ဖျက်စီးခံလိုက်ရမှုနှင့်အတူ နတ်သဘာဝစွမ်းအားများမှာလည်း ဖိနှိပ်ခံထားရပြီး အာကာပြင် စည်းမျည်းများလည်း ကန့်သတ်ခံထားရမှုကြောင့် ပိုင်သိုက်အနေနှင့် သွေးတစ်ပွက်သာ အန်ထုတ်လိုက်ရသည်က အတော်လေး အံ့ဖွယ် ဖြစ်နေလေပြီ။
မိုဝူကျိက ပိုင်သိုက်အား လွှတ်ပေးရန် ဆန္ဒမရှိသောကြောင့် သူ့တိုက်ခိုက်မှုအား နှေးကွေးမသွားလိုပေ။
သူ့လေဟုန်ဆန်မြစ်က ကျဆင်းလာပြီး ဤသည်မှာ ပိုင်သိုက်ကို ပိတ်လှောင်ထားပြီးနောက် ပထမဆုံး ထုတ်သုံးလိုက်သည့် လျို့ဝှက်ပညာရပ် ဖြစ်ပေသည်။
မှုန်ဝါးဝါး သေမင်းထောင်ချောက် ထိပ်မှ ငွေရောင်မြစ်ကြီး ဆင်းသက်လာပြီး ပတ်ဝန်းကျင်ရှိ မှုန်မှိုင်းမှုကို ထင်ဟပ်နေသည်။ ပိုင်သိုက်က ဤုပုဆိန်လှံရှည် အလင်းတန်းအား ချိုးဖောက်ရန် နည်းလမ်းအမျိုးမျိုး ရှိသော်လည်း နှမြောစရာကောင်းသည်က ယခု မည်သည့် ပညာရပ်မှ ထုတ်မသုံးနိုင်ပေ။ ဖျားနာနေသည့် လူနာတစ်ယောက်ကဲ့သို့ ပိုင်သိုက်က “ စိတ်သွားတိုင်း ကိုယ်မပါနိုင် ” ဖြစ်သည့် အချက်ကို သဘောပေါက်သွားတော့သည်။
“ မိုဝူကျိ … မင်း ရပ်လိုက်ရင် မင်းကို ငါ့ကမ္ဘာထဲ ဝင်ခွင့် ပေးမယ်။ ငါ့ကမ္ဘာထဲက ရတနာတွေအားလုံးကို ပိုင်ဆိုင်ခွင့် ပေးမယ်။ ငါက စည်းမျည်းအက်ကြောင်းကနေ ကောင်းကင်ပညာရပ်တော်တော်များများ ရထားတာ … မင်းသာ ရပ်မယ်ဆိုရင် အားလုံးက မင်းအပိုင်ပဲ …” ပိုင်သိုက်က ယခင်လောက် တည်ငြိမ်ခြင်း မရှိတော့ပေ။ သူ့လေသံ၌ စိုးရိမ်မှုများ ကြီးစိုးလာသည်။
ကျဆင်းလာသော ငွေရောင်မြစ်ကြီးက ရုတ်ချည်း ရပ်တန့်သွားကာ မိုဝူကျိ၏ အသံ ထွက်ပေါ်လာလေ၏ “ခင်ဗျားရဲ့ အမှိုက်သရိုက်လို ပညာရပ်တွေကို စိတ်မဝင်စားဘူး ”
“ မင်းကိုယ်တိုင် ကြည့်ကြည့်ပါ …” ပိုင်သိုက်၏ စကားသံအဆုံးတွင် မိုဝူကျိရှေ့မှောက်၌ လေဟာနယ် တံခါးပေါက်ကြီး ပေါ်လာသည်။ မိုဝူကျိ၏ စိတ်စွမ်းအားထဲ၌ ရတနာအပုံလိုက်ကို အလွယ်တကူ မြင်တွေ့နေရသည်။
“ အား ” လေဟုန်ဆန်မြစ် ကျဆင်းလာကာ ပိုင်သိုက်၏ ခန္ဓာကိုယ်မှာ နှစ်ပိုင်း ပြတ်သွားတော့သည်။
***