နတ်ဘုရားကမ္ဘာ၏ ကြီးမြတ်ခေတ်ကာလ
Vol. 77 Ch. 1071
မိုဝူကျိက အခြားသော ကျင့်ကြံသူများနှင့် ကွဲပြားသည်မှာ သူက ချီသွေးကြော ကျင့်စဉ်ကို ကျင့်ကြံပြီး ကမ္ဘာဦး စိတ်ဝိညာဉ်လည်း မရှိသလို ဝိညာဉ်ကြောလည်း မရှိချေ။ ချီသွေးကြော ၁၀၈ ခုသာ ဝိညာဉ်စွမ်းအားလှည့်ပတ်မှု ဖြစ်လာစေသရွေ့ သူ့အနေနှင့် ကျင့်ကြံနိုင်ဦးမည် ဖြစ်၏။
အခြားလူများက ကျင့်ကြံဖို့ရာ တိတ်ဆိတ်ငြိမ်သက်သည့် နေရာတစ်ခု ရှာဖို့ လိုအပ်သော်ငြား မိုဝူကျိက နောက်ဆုတ်ရင်းနှင့် ကျင့်ကြံနိုင်ပေသည်။ မိုဝူကျိ တစ်ယောက်တည်း လုပ်နိုင်ခြင်း မဟုတ်ပေ။ တာ့ဟွမ်က မိုဝူကျိလောက် နီးပါး သို့မဟုတ် ပိုကောင်းအောင် လုပ်နိုင်သေး၏။
တာ့ဟွမ်တွင် ချီသွေးကြော ၁၀၈ ခုရှိသည့်အပြင် ဝိညာဉ်လမ်းကြောင်း ၁၀၈ ခုလည်း ရှိပေသည်။ သို့သော်လည်း တာ့ဟွမ်က မိုဝူကျိဆီမှ သင်ယူထားသောကြောင့် ကမ္ဘာဦး စိတ်ဝိညာဉ်အတွက် ကျင့်ကြံစရာ မလိုပေ။ ထို့အပြင် တာ့ဟွမ်က သန့်စင်သော စိတ်နှလုံးသား ရှိသည့်အတွက် နောက်ဆုတ်ရင်းနှင့်ပင် ကောင်းကောင်း ကျင့်ကြံနိုင်လေသည်။
အားလုံးက ထိုပြောင်းလဲမှုကြောင့် အံ့အားသင့်နေကြသည်။ မည်သူကမှ နတ်ဘုရားကမ္ဘာအတွင်း ပြောင်းလဲမှုကြီးကြီးမားမားကို မမျှော်လင့်ထားကြပေ။
ဂိုဏ်းတချို့၏ ပညာရှင်များက သူတို့ဂိုဏ်းဆီ ပြန်သွားရင်း နတ်ဝိညာဉ်သွေးကြောကဲ့သို့ ဂိုဏ်း၏ အဖိုးတန်ရတနာများကို ယူချင်ကြသည်။ ဤသို့ ကြောက်ခမန်းလိလိ ပြောင်းလဲမှုအောက်တွင် ဂိုဏ်းအားလုံးက ကျောက်တုံးလောက်သာ အသုံးကျပေမည်။
တချို့က အသစ်ဖွဲ့စည်းလာသော ကုန်းမြေထဲ ဝင်ရန် ကြိုးစားကြသော်လည်း သူတို့ ချည်းကပ်လိုက်သည်နှင့် ပြောင်းလဲလာသော စည်းမျည်းက သူတို့အား ခြေမွသွားလေသည်။
ရက်များစွာ ကြာမြင့်ပြီးနောက် မိုဝူကျိက လောကနတ်ဘုရားအဆင့် ၃ ကို ကျော်လွန်၍ လောကနတ်ဘုရား အဆင့် ၄ သို့ ရောက်ရှိသွားတော့သည်။
ကြောက်မက်ဖွယ် သိပ်သည်းလှသော ဖန်ဆင်းမှုစွမ်းအားနှင့်အတူ မိုးမြေ၏ ကြည်လင်ပြတ်သားလှသော စည်းမျည်းများကြောင့် မိုဝူကျိက ကျင့်ကြံနေရင်း မဖော်ပြနိုင်လောက်သည့် လွှတ်လပ်မှုကို ခံစားမိလိုက်သည်။
ခွန်းယွင် ပြောသည်က အမှန် ဖြစ်၏။ နတ်ဘုရားကမ္ဘာ ပြန်လည် ကောင်းမွန်လာခြင်းက သူ့အတွက် အခွင့်အရေးကြီး တစ်ခု ဖြစ်ပေသည်။ သူ့အတွက်တင် မကဘဲ အားလုံးအတွက် ဖြစ်၏။
ရက်တချို့ ကြာမြင့်သွားပြီးနောက် ကျင့်ကြံဖို့ရာအတွက် သင်္ဘောပျံများ ရောက်ရှိလာကြသည်။ နတ်ဘုရားကျောက် လုံလုံလောက်လောက် ပေးနိုင်သရွေ့ ထိုသင်္ဘောပျံများပေါ်၌ အေးအေးချမ်းချမ်း ကျင့်ကြံနိုင်မည် ဖြစ်၏။ သင်္ဘောပျံများက ဆက်တိုက် နောက်ဆုတ်နေသော်လည်းသူတို့က ပြောင်းလဲမှုအတွင်း မကျရောက်စေရကြောင်း ကတိပေးထားကြသည်။ ဤသို့ကုန်းမြေ ပြောင်းလဲမှုက မိုးမြေ စည်းမျည်းများကြောင့် ဖြစ်ပေါ်လာသည် ဖြစ်၍ တစ်ယောက်ယောက်သာ အထဲရောက်သွားပါက သေခြင်းတရားသာ တစ်ခုတည်းသော ရလဒ် ဖြစ်ပေသည်။
ဝေရုပင် ရွိုက်ကောအား သင်္ဘောပျံသို့ ခေါ်ဆောင်လာပြီး နတ်ဘုရားကျောက် ပေးချေပြီးသည်နှင့် သူတို့က အရူးအမူး ကျင့်ကြံကြတော့သည်။ ထိုစဉ် မည်သူကမှ မင်း မည်သို့ ကျင့်ကြံနေသည်ကို အာရုံမစိုက်နိုင်ကြပေ။ ဤအခွင့်အရေးမှာ မည်မျှ ရှားပါးကြောင်း သိထားကြ၍ အားလုံးက ကျင့်ကြံရေး၌သာ အာရုံစိုက်ထားကြသည်။
မိုးကြိုးစမ်းသပ်ချက် ခံယူသည့် ကျင့်ကြံသူအရေအတွက် တိုးပွားလာသောကြောင့် မိုးကြိုးစမ်းသပ်ချက် တစ်ခုပြီး တစ်ခု ကျရောက်လာသည်။ ပုံမှန်အားဖြင့် ကျင့်ကြံသူတစ်ယောက်အနေနှင့် အတားအဆီးကို ကျော်ဖြတ်နိုင်ဖို့ သို့မဟုတ် လျို့ဝှက်ပညာရပ်အပေါ် ဉာဏ်အလင်းပွင့်ဖို့ရာ နှစ်သန်းချီ သို့မဟုတ် နှစ်သန်းရာချီ လိုအပ်ပေသည်။ ယခုအခါ မိနစ်ပိုင်းလေးအတွင်း အဆင့်တက်လှမ်းသွားကြပြီး ယခင် နားလည်ဖို့ ရှုပ်ထွေးလှသော ပညာရပ်တို့မှာလည်း ကြည်လင်ပြတ်သားသော မိုးမြေ စည်းမျည်းအောက်တွင် နားလည်ရလွယ်လာလေသည်။
မိုဝူကျိက ကျင့်ကြံနေရင်း ဘေးပတ်ဝန်းကျင်ရှိ ကုန်းမြေ အပြောင်းအလဲကို ခံစားမိနေဆဲ ဖြစ်သည်။ သူက ဂိုဏ်းတော်တော်များများ ကုန်းမြေအောက် ရောက်သွားပြီး ကုန်းမြေအသစ် ပေါ်ထွက်လာသည်ကို မျက်မြင်ကိုယ်တွေ့ ကြုံခဲ့ရခြင်း ဖြစ်၏။
ဤသည်က ကုန်းမြေ လဲလှယ်မှုတစ်ခုသာ ဖြစ်သည်။
ဤသို့မျိုးအရာက ကျင့်ကြံသူများ ဆန့်ကျင်နိုင်သည့်အရာ မဟုတ်ပေ။
တစ်လကြာပြီးနောက် မိုဝူကျိက လောကနတ်ဘုရား အဆင့် ၅ သို့ တက်လှမ်းသွားသည်။
နှစ်လအကြာတွင် လောကနတ်ဘုရား အဆင့် ၆ …
ခုနှစ်လအကြာတွင် မိုဝူကျိက လောကနတ်ဘုရား အဆင့် ၉ သို့ တက်လှမ်းသွား၏။
သူ့လူသားကမ္ဘာသည်လည်း ပို၍ ကြီးကျယ်လာသည်။ သူ့ကျင့်ကြံဆင့်ကဲ့သို့ ထိုအရာသည်လည်း ဆက်တိုက် ပြောင်းလဲနေလေ၏။
“ ဝုန်း ဝုန်း ဝုန်း ” တုန်လှုပ်ဖွယ် မိုးကြိုးချက်များကို ကြားလိုက်ရပြီးနောက် မိုဝူကျိ၏ စိတ်စွမ်းအား၌ လေဟာနယ်ထဲ၌ နတ်ဘုရားဘုရင် လီထန်းသည် ရောက်ရှိလာသည့် မိုးကြိုးစမ်းသပ်ချက်အား ခုခံဖို့ ကြိုးစားနေကြောင်း အာရုံခံလိုက်မိသည်။
မိုဝူကျိက နတ်ဘုရားဘုရင် လီထန်း၏ ကိစ္စကို ကြားဖူးပေသည်။ အံ့အားသင့်စရာ ပါရမီဖြင့် နတ်ဘုရားဘုရင် တစ်ယောက်သည် နတ်ဘုရားနယ်မြေအတွက် အကုန်လုပ်ပေးထားခဲ့ပြီး သူ့နောက်ကိုပင် လိုက်လာခဲ့သေးသည်။ နတ်ဘုရားဘုရင် လီထန်းက သူ့အား သတ်ဖို့ရာ လိုက်ဖမ်းခြင်း မဟုတ်ကြောင်း ပြောသော်လည်း မိုဝူကျိက မယုံပေ။ မိုဝူကျိသာ အကယ်၍ သူသာ အဖမ်းခံလိုက်ရလျှင် သူ့ကို သတ်သည့်သူက နတ်ဘုရားဘုရင် လီထန်း မဟုတ်လျှင်ပင် တခြားတစ်ယောက်ကြောင့် သေနေလောက်လေပြီ။ ထို့ကြောင့် နတ်ဘုရားဘုရင် လီထန်းက နတ်ဘုရားနယ်မြေအတွက် မည်မျှ လုပ်ပေးစေခဲ့ကာမူ မိုဝူကျိက ထိုလူအပေါ် အမြင်ကောင်းကောင်း မရှိပေ။
အများဆုံး မိုဝူကျိက ထိုလူ၏ နတ်ဘုရားနယ်မြေအပေါ် ထားသည့် စိတ်ထားကိုတော့ လေးစားမိသောကြောင့် သူ့အား သတ်ရန် လက်လျော့ခဲ့ခြင်း ဖြစ်၏။ လီထန်းက သူ့အား အချိန်ပြောင်းလဲရေး အဆောင် ပေးခဲ့စဉ် သူကလည်း နတ်ဘုရားကမ္ဘာ ပြန်လည် ကောင်းမွန်လာမည့်အကြောင်း ပြန်ပြောပြခဲ့သည်။ မိုဝူကျိက တခြားသူအပေါ် ကျေးဇူးကြွေး မတင်လိုပေ။
နတ်ဘုရားဘုရင် လီထန်းက နတ်ဘုရားဘုရင် ပြီးပြည့်စုံခြင်းအဆင့်၌ တန့်နေသည်မှာ နှစ်များစွာ ကြာမြင့်နေပြီ ဖြစ်၏။ ဤအခိုက်အတန့်လေး၌ မိုဝူကျိက နတ်ဘုရားဘုရင် လီထန်းသည် သူ့သဟဇာတ နတ်ဘုရားအဆင့် မိုးကြိုးစမ်းသပ်ချက် ခံယူတော့မည် ဖြစ်ကြောင်း သိလိုက်သည်။
နတ်ဘုရားကမ္ဘာ ပြန်လည် ကောင်းမွန်လာခြင်းက အားလုံးအတွက် အခွင့်အရေးတစ်ရပ် ဖြစ်သည်။ စောစီးစွာ သတိပေးထားမှုကြောင့် နတ်ဘုရားဘုရင် လီထန်းက သူ့သဟဇာတ နတ်ဘုရား မိုးကြိုးစမ်းသပ်ချက် ခံယူနိုင်တော့မည် ဖြစ်၏။ ပြောရမည်ဆိုလျှင် သူ့ဘဝတစ်သက်တာ ဆုတောင်း ပြည့်ဝပေတော့မည်။
နတ်ဘုရားဘုရင် လီထန်း၏ မိုးကြိုးစမ်းသပ်ချက်အပြင် လောကနတ်ဘုရားအဆင့်မှ နတ်ဘုရားဘုရင်အဆင့် မိုးကြိုးစမ်းသပ်ချက်များက ပိုများပေသည်။ ထို့အပြင် နတ်ဘုရားအုပ်စိုးသူအဆင့်မှ လောကနတ်ဘုရား မိုးကြိုးစမ်းသပ်ချက် ခံယူသည့်သူများလည်း နေရာအနှံ့ ဖြစ်နေသည်။
မိုဝူကျိက စိတ်စွမ်းအားကို ပြန်ရုတ်သိမ်းလိုက်သည်။ သူက နတ်ဘုရားကမ္ဘာ ပြန်လည် ကောင်းမွန်လာပြီးနောက် နတ်ဘုရားကမ္ဘာ၏ နတ်ဘုရားနယ်မြေသည် နတ်ဘုရားဘုရင်တင် ရှိတော့မည် မဟုတ်တော့ချေ။ နတ်ဘုရားဘုရင်အရေအတွက် များများစားစား မဟုတ်သော်လည်း နောင်အနာဂတ်၌ အရေအတွက်မှာ ယခုထက် များစွာ တိုးပွားလာလိမ့်မည်။
ထူးကဲသော ကြီးမြတ်ခေတ်အခါ ရောက်ရှိလာတော့မည် ဖြစ်၏။
သူက နတ်ဘုရားဘုရင် အဆင့် ရောက်ရှိဖို့ လိုအပ်နေသည်။ မဟုတ်လျှင် သူ့အနေနှင့် နတ်ဘုရားကမ္ဘာထဲ ဂိုဏ်းတည်ထောင်ခွင့် ရှိမည် မဟုတ်ပေ။
သူ့ဦးခေါင်းအထက်ရှိ ပန်းကန်လုံးကြီးက ပုံမှန်အတိုင်း ငြိမ်သက်နေသေး၏။ မိုဝူကျိက နတ်ဘုရားကမ္ဘာ၏ ကံကြမ္မာများ စီးဝင်လာသည်ကို မခံစားမိပေ။
မိုဝူကျိက စိတ်ထဲ မထားဘဲ သူ့ကျင့်ကြံဆင့်ကိုသာ အပြည့်အဝ အာရုံစိုက်ထားလိုက်တော့သည်။
တစ်နှစ်ကြာပြီးနောက် မိုဝူကျိက လောကနတ်ဘုရား ပြီးပြည့်စုံခြင်းအဆင့်သို့ ရောက်ရှိလာသည်။
ဤနေရာရှိ ကြောက်မက်ဖွယ် စည်းမျည်းများနှင့် လှိုင်းလုံးလို နတ်ဝိညာဉ်စွမ်းအားများ ရှိနေသော်လည်း မိုဝူကျိက နတ်ဘုရားဘုရင်အဆင့် မတက်လှမ်းနိုင်သေးပေ။
နှစ်နှစ်ကြာမြင့်ပြီးနောက် မိုဝူကျိက နိဗာန တိတ်ဆိတ်မှုပင်လယ်ဆီသို့ နောက်ဆုတ်လာလိုက်သည်။ သူ လူသားဂိုဏ်းအနား ရောက်လာသည့်အခါ သူ့စိတ်စွမ်းအား၌ ဆက်တိုက် ဖြစ်ပေါ်လာသော ကုန်းမြေလှိုင်းကြီး ရောက်ရှိလာသည်ကို အာရုံခံလိုက်မိသည်။
နတ်ဘုရားကမ္ဘာတစ်ခုလုံး၌ နေရာပြန်လည်ချထားမှုကြောင့် တောင်မြင့်မြင့်တို့က ချက်ချင်း ပျောက်ကွယ်သွားကာ မြစ်များက တောင်မြင့်မြင့်အဖြစ် ပြောင်းလဲသွားသည်။
နတ်ဘုရားကမ္ဘာက ကုန်းမြေ ပြောင်းလဲမှုတင် မကတော့ဘဲ နေရာပြောင်းလဲရေးပါ ဖြစ်ပေါ်လာသည်။ ဤသည်က ရှေးဟောင်းကမ္ဘာမြေ၏ အပေါ်ယံအလွှာ ပျက်စီးသွားသကဲ့သို့ ဖြစ်၏။
မိုဝူကျိက ကျင့်ကြံရေးကို ရပ်တန့်လိုက်ပြီး လေရွေ့ပြောင်းစွမ်းရည်ဖြင့် လူသားဂိုဏ်း၌ ဆင်းသက်လိုက်သည်။
လူသားဂိုဏ်းဘေးပတ်လည်ရှိ တည်နေရာမှာ ပေါက်ကွဲသံများ ဆူညံနေသည်။ မိုဝူကျိက အကယ်၍ သူ့လူသားဂိုဏ်း ကုန်းမြေ ပြောင်းလဲမှု စတင် ဖြစ်ပေါ်လာလျှင် သူ့အသက်လေးကို ထိန်းထားနိုင်မည်လား စဉ်းစားမိနေသည်။
မိုဝူကျိက စဉ်းစားလို့ မပြီးဆုံးခင် သူ့ခြေထောက်အောက်ရှိ တောင်များက စတင်၍ ပြိုကျလာသည်။ သူ ခင်းကျင်းထားသော အဆင့် ၇ အကာအကွယ်မှာလည်း စာရွက်လေးအလား စုတ်ဖြဲခံလိုက်ရ၏။
မကောင်းတော့ဘူး …
ခွန်းယွင် …. အဲဒီဘိုးတော်လည်း ဒီလို ဖြစ်လာမှာကို မသိလောက်ဘူး ….
သူက ဂိုဏ်း၏ ကံကြမ္မာကို မခံစားမိဘဲ စည်းမျည်း ပြောင်းလဲမှုအတွင်း သိမ်းသွင်းခံလိုက်ရသည်။
“ အား ” တွန့်လိမ်ကောက်ကွေးနေသည့် စည်းမျည်းကျိုးတစ်ခုက မိုဝူကျိ၏ ပခုံးကို ဖြတ်သွားသောကြောင့် မိုဝူကျိအနေနှင့် နောက်ဆုတ်ရမည့် နေရာ မရှိတော့ချေ။
မိုဝူကျိက စိတ်ထဲမှ ကျိန်ဆဲလိုက်တော့သည်။ သူက စည်းမျည်း ပြောင်းလဲမှုကြီးက မည်မျှ ကြောက်စရာကောင်းသည်ကို သေချာသိထား၏။ အကယ်၍ သူသာ ယခု မထွက်သွားနိုင်လျှင် ထိုစည်းမျည်းအောက် ကြေမွသွားလိမ့်မည်။
လူသားကမ္ဘာထဲ အရင်ဝင်ရမယ် ….
ထိုအတွေး တွေးမိစဉ် မိုဝူကျိ၏ ကျင့်ကြံရေး အတားအဆီးများက လျော့ကျသွားပြီး ကြောက်မက်ဖွယ် စွမ်းအားတစ်ခုက သူ့ဆီ ကျရောက်လာသည်။
သေစမ်း …
မိုဝူကျိက ခပ်ကျယ်ကျယ် ကျိန်ဆဲလိုက်သည်။ လောကနတ်ဘုရား ပြီးပြည့်စုံခြင်းအဆင့်၌ တစ်နှစ်တာ ကြန့်ကြာနေပြီးနောက် သူက လောကနတ်ဘုရားအဆင့်၏ အတားအဆီးများကိုပင် မထိသေးပေ။ ယခု သူ့အသက်အတွက် ထွက်ပြေးတော့မည့်အချိန်၌ အတားအဆီးများက လျော့ကျသွားပြီး ဆက်လက် ကျင့်ကြံနေခြင်း မရှိဘဲဖြင့် နတ်ဘုရားဘုရင် မိုးကြိုးစမ်းသပ်ချက်က ရောက်ရှိလာသည်။
မိုးကြိုးစမ်းသပ်ချက်အတွင်း မိုဝူကျိက လွှတ်မြောက်ဖို့ နည်းလမ်း မရှိချေ။
“ ဝုန်း ဝုန်း ဝုန်း ” မိုးကြိုးချက်များ ကျရောက်လာကာ မိုဝူကျိက သူ့နတ်ဘုရားဘုရင် မိုးကြိုးစမ်းသပ်ချက်ကို အောင်မြင်နိုင်ခြင်းမှအပ တခြားဘာကိုမှ မတွေးတော့ပေ။ ကျဆင်းလာသော မိုးကြိုးချက်တိုင်းက မိုဝူကျိအား အထိတ်တလန့် ဖြစ်သွားစေသည်။ ဤသည်မှာ ဝိဇ္ဇာရုပ်ခန္ဓာ ပိုင်ဆိုင်ထားလျက်နှင့် မိုးကြိုးစမ်းသပ်ချက်အတွင်း အသက်ဆက်ရှင်နိုင်ပါ့မလားဟု ပထမဆုံးအကြိမ် တွေးမိဖူးခြင်း ဖြစ်ပေသည်။
“ ဘုန်း ဘုန်း ” မိုဝူကျိ၏ ပန်းကန်လုံးက ထိုကြောက်မက်ဖွယ် မိုးကြိုးချက်များအောက်၌ စတင် အက်လာသည်။ သူ ပန်းကန်လုံးအား ရစ်ပတ်ထားသော လျှပ်စီးဝိညာဉ်ကျောက်တုံးများက ရွံ့များကဲ့သို့ ဖြစ်သွားသည်။ မိုးကြိုးစမ်းသပ်ချက် ပထမအသုတ်အတွင်း သူ့မိုးမြေ မီးပြင်းဖိုသည် နဂိုသွင်ပြင်အတိုင်း ပြန်ဖြစ်သွားလေသည်။
နတ်ဘုရားဘုရင် မိုးကြိုးစမ်းသပ်ချက်က သူ မျှော်လင့်ထားသည်ထက် နှစ်ဆမက ပို၍ အားပြင်းပေသည်။ သို့သော်လည်း မည်သည့် မိုးကြိုးချက်မှ သူ့ခန္ဓာအပေါ် မကျရောက်လာပေ။
မိုးကြိုးချက်အားလုံးကို မိုးမြေ မီးပြင်းဖိုက တားဆီးပေးထား၏။ မျက်နှာပြင်ပေါ်သို့ ကျရောက်လာသော မိုးကြိုးချက်များသည် ချက်ချင်းဆိုသလို ဗလာနတ္ထိအဖြစ် ပြောင်းလဲသွားတော့သည်။
မိုဝူကျိက စိတ်သက်သာရာ ရသွားပြီး ခြေတစ်လှမ်းဖြင့် မီးပြင်းဖိုဘေးသို့ ဆင်းသက်လိုက်သည်။
သူက မိုးကြိုးစမ်းသပ်ချက်ကို မကြောက်ရွံ့သော်လည်း မိုးမြေ စည်းမျည်း ပြောင်းလဲမှုကိုတော့ ကြောက်ပေသည်။
နောက်ထပ် မိုးကြိုးချက်များ ကျဆင်းလာသည့်အခါ မိုဝူကျိ၏ ခန္ဓာကိုယ်ပေါ်သို့ ကျရောက်လာသည်။ မိုးကြိုးချက်များက သူ့အဝတ်အစားများကို စုတ်ပြဲသွားစေပြီး အရိုးများကို အက်ကာ အသားများကို လှန်ထွက်သွားစေသည်။
မိုဝူကျိက သူ့ကိုယ်သူ တည်ငြိမ်အောင် ထိန်းလိုက်သည်။ သူက မိုးမြေ မီးပြင်းဖိုအနားတွင် ရှိနေလေ၏။ အာကာပြင် စည်းမျည်းများ ပြောင်းလဲနေဆဲဆိုလျှင် သူက မီးပြင်းဖိုအတွင်း အရင်ဝင်ပုန်းလိုက်မည် ဖြစ်၏။
ချီသွေးကြောများမှ ဝိညာဉ်စွမ်းအား လှည့်ပတ်မှုကို ဖြစ်လာစေကာ မိုဝူကျိက မိုးကြိုးချက်များအတွင်းမှ လျှပ်စီးအဆီအနှစ်ကို စုပ်ယူနေသည်။ မိုးမြေ သဘာဝစွမ်းအားတို့ကို မိုဝူကျိက အပြင်းအထန် စုပ်ယူပစ်လိုက်သည်။
မိုးကြိုးချက်များက ဆက်တိုက် ကျဆင်းလာသောကြောင့် မိုဝူကျိက သူ့တွင် အရေပြားပင် မကျန်တော့သည့်အထိ ထိမှန်ခံခဲ့ရသည်။ သို့သော်လည်း သူ့ကျင့်ကြံဆင့်မှာ ဆက်တိုက် တိုးတက်နေပြီး လောကနတ်ဘုရားအဆင့် အတားအဆီးများကို ချိုးဖောက်နိုင်သွားသည်။
ကြည်လင်ပြတ်သားသော ပေါက်ကွဲသံကို မိုဝူကျိ၏ လောကလမ်းကြောင်းမှ ကြားလိုက်ရပြီးနောက် မိုဝူကျိသည် လောက၏ ထိပ်ဆုံးတွင် ရပ်နေရသကဲ့သို့ ခံစားမိလိုက်သည်။ သူက အရပ်ရှည် ကြီးထွားလာပြီး အာကာပြင်ထဲရှိ အရာအားလုံးမှာ သေးငယ်လာဟန် ပေါ်သည်။
မိုဝူကျိက စိတ်သက်သာရာ ရသွားပြီး လေအေးများ မှုတ်ထုတ်လိုက်တော့သည်။
နောက်ဆုံးတော့ သူက နတ်ဘုရားဘုရင်အဆင့် ရောက်ခဲ့လေပြီ။
**