သဟဇာတ နတ်ဘုရားနှင့် ရင်ဆိုင်တိုက်ခိုက်ခြင်း
Vol. 77 Ch. 1074
“ ခင်ဗျားတို့ နတ်ဘုရားဆင့်ကဲခြင်း ဂိုဏ်းနဲ့ အခြားဂိုဏ်းနှစ်ခုကြောင့် ချူယို့ နတ်ဘုရားဂူသင်္ချိုင်းတောင်ကြားထဲ ရောက်သွားခဲ့တာ မဟုတ်ဘူးလား ” မိုဝူကျိ၏ လေသံမှာ ရေခဲတမျှ အေးစက်နေသည်။
ထျဲလန်ရှန်း၏ နှလုံးခုန်နှုန်းပင် ရပ်တန့်လုနီးပါး ဖြစ်သွားလေ၏။ မိုဝူကျိက ပိုင်သိုက်ကို သတ်လိုက်ကြောင်း သိရှိပြီးနောက် ဤကိစ္စမှာ သူ အစိုးရိမ်ရဆုံး ဖြစ်လာသည်။ ယခင် နတ်ဘုရားကမ္ဘာ ပြန်ကောင်းမွန်မလာခင်က မိုဝူကျိက ပိုင်သိုက်ကိုပင် သတ်နိုင်စွမ်း ရှိခဲ့သည်။ ပြန်လည် ကောင်းလာနေစဉ်အတွင်း ကျင့်ကြံသူတိုင်းက သူတို့ကျင့်ကြံဆင့် အဆများစွာ တိုးတက်ခဲ့ကြသည်။ ထိုအချက်ကို ထည့်စဉ်းစားကြည့်လျှင် ပိုင်သိုက်ကို သတ်နိုင်ခဲ့သည့် မိုဝူကျိထက် ယခု မိုဝူကျိက မည်မျှ အားပိုကောင်းနေမည်နည်း။ သူက သဟဇာတ နတ်ဘုရားအဆင့် ရောက်ရှိခါစ ဖြစ်ကာ မိုဝူကျိကို မည်သို့ တားဆီးရမည်နည်း။
ပိုင်သိုက်က မိုဝူကျိ၏ သန္ဓေပြောင်း ပြောင်းလဲရေးပညာရပ်ဖြင့် လှည့်စားခံလိုက်ရပြီး သေမင်းထောင်ချောက်အတွင်း ရောက်ရှိသွားသည့်အချက်ကိုတော့ ထျဲလန်ရှန်းက မတွေးမိပေ။
“ တာအိုရောင်းရင်းမို … ကျုပ်က လက်ထပ်ပွဲ တောင်းဆိုဖို့ ဝမ်ချွမ်းတာအိုကျောင်းဆီ ရောက်ခဲ့ရုံလေးပါ။ ခင်ဗျား ပြောသလို ကျုပ်တို့ နတ်ဘုရားဆင့်ကဲခြင်း ဂိုဏ်းက တစ်ဦးတည်း လုပ်ခဲ့တာ မဟုတ်ဘူးလေ။
ချူယို့ နတ်ဘုရားဂူသင်္ချိုင်းတောင်ကြားထဲ ဝင်သွားတဲ့ ကိစ္စက ကျုပ်တို့ဂိုဏ်းက ဖိအား ပေးတာ မဟုတ်ရပါဘူး ” ထျဲလန်ရှန်းက မိုဝူကျိနှင့် ဖြေရှင်းရာ၌ သူ့ကိုယ်သူ ကာကွယ်ဖို့ ပြင်ဆင်ထားရင်း ပြောလိုက်သည်။
မိုဝူကျိက နတ်ဘုရားဆင့်ကဲခြင်း ဂိုဏ်း၏ ကာကွယ်ရေး အစီအရင် ဖျက်စီးလိုက်သည့် အပြုအမူကို ထျဲလန်ရှန်းက ထည့်မပြောပေ။ မိုဝူကျိက သူ့ကာကွယ်ရေး အစီအရင်ကို တစ်ချက်တည်းဖြင့် ဖျက်စီးပစ်နိုင်လျှင် ဤသည်က မိုဝူကျိ မည်မျှ အားကောင်းလာကြောင်း ပြသနေခြင်းသာ ဖြစ်၏။
“ အဲဆို …” မိုဝူကျိက သူ့လေသံကို ထိန်းကာ သတ်ဖြတ်ငွေ့များကို ပြန်ရုတ်သိမ်းလိုက်သည်။
“ ဟုတ်ပါတယ် … အဲတုန်းက အဲလို ဖြစ်ခဲ့တာပါ ” ထျဲလန်ရှန်း ဘေးရှိ နတ်ဘုရားဘုရင် တစ်ယောက်က မိုဝူကျိ၏ သတ်ဖြတ်ငွေ့ ပြန်ရုတ်သိမ်းသွားသည်ကို အာရုံခံမိ၍ မြန်မြန် ဝင်ပြောလိုက်သည်။
မိုဝူကျိက ခေါင်းညိတ်ကာ “ဒါနဲ့ ဂိုဏ်းချုပ်ထျဲမှာ တာအိုလက်တွဲဖော် ရှိလား ”
ထျဲလန်ရှန်းက မျက်မှောင်ကျုတ်ကာ ပြန်ဖြေလိုက်သည်
“ တာအိုရောင်းရင်းမို မနောက်ပါနဲ့တော့ဗျာ … နတ်ဘုရားနယ်မြေတိုင်းက လူအားလုံး ကျုပ်ဆီမှာ တာအိုလက်တွဲဖော် ရှိတယ်ဆိုတာ သိထားပြီးသားလေ ”
“ ဟုတ်သားပဲ … ခင်ဗျားဆီမှာ တာအိုလက်တွဲဖော် ရှိတာကို သိပါတယ်။ ကျုပ်က သူမကို လေးစားလာတာ ကြာလှပြီဆိုတော့ ကျုပ်ကို ခင်ဗျားရဲ့ တာအိုလက်တွဲဖော်ကို ပေးလို့ ရမလား ” မိုဝူကျိက ထေ့ငေါ့ပြောလိုက်သည်။
“ မိုဝူကျိ … မင်း ပိုင်သိုက်ကို သတ်နိင်တော့လဲ ဘာဖြစ်လဲ။ ငါ့ဂိုဏ်းဆီ လာပြီး ငါတို့ကို အနိုင်ကျင့်လို့ ရမယ်လို့ ထင်မနေနဲ့ ” ထျဲလန်ရှန်းက ဒေါသထွက်သွားသည်။
နတ်ဘုရားနယ်မြေတစ်ခုလုံးက ထျဲလန်ရှန်း၏ တာအိုလက်တွဲဖော်သည် ချစ်ရေးဆိုသူ အများအပြား ရှိသည့် ပထမတန်းစား အလှလေး တစ်ဦး ဖြစ်ကြောင်း သိကြပေသည်။ သူမက ထျဲလန်ရှန်းကို ရွေးချယ်ခဲ့၏။
မိုဝူကျိ၏ အသံက ပျူပျူဌာဌာ ဖြစ်လာကာ
“ ဂိုဏ်းချုပ်ထျဲက အခု ဒေါသအရမ်းထွက်နေတာ့ တာအိုလက်တွဲဖော် ရှိပြီးသားလို့ ပြောတဲ့ ချူယို့ကို ဘာလို့ လာရောက်တောင်းရမ်းရတာလဲ … ဒီလောကြီးထဲမှာ ဂိုဏ်းချုပ်ထျဲရဲ့ တာအိုလက်တွဲဖော်ပဲ တာအိုလက်တွဲဖော် ရှိတာလား။ ခင်ဗျားကျ တခြားသူရဲ့ တာအိုလက်တွဲဖော်တွေကိုကျ လုယူလို့ ရတယ်ပေါ့လေ ”
“ ….” ထျဲလန်ရှန်းက ပြောစရာဆွံ့အသွားကာ ကြောင်အမ်းသွားမိသည်။
ချူယို့က မိုဝူကျိ၏ တာအိုလက်တွဲဖော် ဖြစ်ကြောင်း လောကတစ်ခုလုံး သိကြပေသည်။ မဟုတ်လျှင် မိုဝူကျိက ချူယို့အား အဘယ်ကြောင့် ရှေးဦးမူလ နတ်ဘုရားအသွင်သဏ္ဍာန်ကျောက် ပေးမည်နည်း။
မိုဝူကျိက ဆက်လက် အချိန်မဖြုန်းလိုသောကြောင့် လခြမ်းကွေး ပုဆိန်လှံရှည်ကိုသာ ဆွဲထုတ်လိုက်သည်။ လက်ရှိ သူက လော့ကျမ်းစာရွက် ခြောက်ရွက်ကိုလည်း ထုတ်ယူထားလိုက်၏။
မည်သို့ပင်ဆိုစေကာမူ ထျဲလန်ရှန်းက နတ်ဘုရားဘုရင် အကူအညီ ရှိနေသည့် သဟဇာတနတ်ဘုရား တစ်ယောက် ဖြစ်ပေသည်။ သူကား ယခုမှ နတ်ဘုရားဘုရင် အဆင့် ၂ သာ ရှိနေသေး၏။
ကောင်းကင်အပြည့် ဖြစ်နေသည့် ပုဆိန်လှံရှည်အလင်းတန်းက သဲကန္တာရ တစ်ခု အသွင်ပြောင်းလဲသွားကာ နတ်ဘုရားဆင့်ကဲခြင်းဂိုဏ်းဆီ ကျရောက်လာသည်။ မိုဝူကျိက သနားညှာတာမှု ပြရန် ရည်ရွယ်ချက် မရှိသောကြောင့် ပထမ ရိုက်ချက်ကို အားအပြည့် ထုတ်သုံးထားသည်။
“ အားလုံး သူ့ကို သတ်ကြစမ်း ” ထျဲလန်ရှန်းက ဒေါသတကြီး အော်ဟစ်လိုက်သည်။
မိုဝူကျိက နတ်ဘုရားဘုရင်အဆင့် တက်လှမ်းပြီးနောက် လခြမ်းကွေး ပုဆိန်လှံရှည်၏ မဟာသဲကန္တာရသည် မပြောနိင်လောက်သည့် စွမ်းအားများကို သယ်ဆောင်ထားသည့် သဲလှိုင်းကြီးကို ခေါ်ဆောင်လာသည်။
မိုဝူကျိက သူ့ကိုယ်ပိုင်စွမ်းအားကို မထုတ်ဖော်သောကြောင့် ထျဲလန်ရှန်းပင် မိုဝူကျိ၏ ကျင့်ကြံဆင့်ကို မခွဲခြားနိုင်ပေ။ သို့သော်လည်း သူ သေချာသိနေသည့် တစ်ချက်မှာ နတ်ဘုရားဆင့်ကဲခြင်းဂိုဏ်း၌ ထျဲလန်ရှန်း တစ်ဦးတည်းသာ မိုဝူကျိ၏ လျိူ့ဝှက်ပညာရပ်အား ရပ်တန့်နိုင်လိမ့်မည်။
မိုဝူကျိ မဟာသဲကန္တာရကို ထုတ်ဖော်ပြီးနောက်တွင် ထျဲလန်ရှန်းက ရှေ့တိုးသွားကာ နှင်းထောင်ချီ ပညာရပ်အား ထုတ်ဖော်လိုက်တော့သည်။
ဟုတ်ပေ၏။ အမှန်တကယ် နှင်းပွင့် အချပ်တစ်ထောင် ဖြစ်နေသည်။
မြောက်များစွာသော နှင်းပွင့်ချပ်တို့က အင်မတန် အေးစက်သော နှင်းများအဖြစ် ပြောင်းလဲသွားသည်။ ထိုနှင်းပုံက သတ်ဖြတ်ရေး အစီအရင်အဖြစ် ပြောင်းလဲသွားကာ မိုဝူကျိဆီ ပြေးဝင်လာသည်။
နတ်ဘုရားကမ္ဘာ၏ စည်းမျည်းများမှာ ပြီးပြည့်စုံသွားပြီ ဖြစ်၍ ထိုနှင်းပုံကြီးသည် ဘေးပတ်လည်ရှိ အာကာပြင်စည်းမျည်းများကိုပါ အေးခဲထားနိုင်ဟန် ပေါ်နေသည်။ ထိုမျှတင် မကဘဲ နှင်းထောင်ချီ တိုက်ကွက်မှ မမြင်နိုင်သည့် ရေခဲပန်းဆွဲများ ပစ်လွှတ်လိုက်သည်။ ထိုရေခဲပန်းဆွဲတစ်ခုချင်းစီ၌ သေစေလောက်သည့် စွမ်းအားများ ပါဝင်နေသည်။
“ ဝုန်း ” သူတို့လျို့ဝှက်ပညာရပ်များ ထိပ်တိုက်မတွေ့ခင် သူတို့စွမ်းအားစက်ကွင်းများက အရင်ဦးစွာ ရင်ဆိုင်မိသွားသည်။
မိုဝူကျိ၏ ဝဲကတော့ စွမ်းအားစက်ကွင်းသည် ထျဲလန်ရှန်း၏ စွမ်းအားစက်ကွင်းကို တစစီ ဖျက်စီးပစ်လိုက်သော်လည်း သူ့ဝဲကတော့ စွမ်းအားစက်ကွင်းပင် လမ်းလွဲခံလိုက်ရသည့် လက္မဏာများ စတင် ပေါ်လာသည်။
ထျဲလန်ရှန်းက အတော်လေး ဝမ်းမြောက်မိသွားသည်။ သူက မိုဝူကျိသည် သူ ထင်ထားသလောက် အားမကောင်းကြောင်း ခံစားမိလိုက်၍ ဖြစ်သည်။ သူ့စိတ်စွမ်းအားကို နှိုးဆွ၍ သူ့တိုက်ကွက်အား အားအပြည့် ထုတ်သုံးလိုက်သည်။
သို့သော်လည်း နောက်အခိုက်အတန့်လေး၌ ထျဲလန်ရှန်း၏ စိတ်ထဲ လေးလံလာသည်။ သူက မိုဝူကျိ ထုတ်ယူလိုက်သော ပစ္စည်းမှာ လော့ကျမ်းစာရွက် ဖြစ်ကြောင်း သတိပြုမိလိုက်သည်။ လော့ကျမ်းစာရွက် ခြောက်ရွက်က သူ့နှင်းထောင်ချီ တိုက်ကွက်ကို အပြည့်အဝ တားဆီးထားနိုင်သည်။
ကံကောင်းစွာဖြင့် နှင်းထောင်ချီ တိုက်ကွက်မှ ထွက်ပေါ်လာသော သတ်ဖြတ်ရေး အစီအရင်က အာကာပြင်ကို အေးခဲလုနီးပါး ဖြစ်နေလေပြီ။ မိုဝူကျိတွင် လော့ကျမ်းစာရွက် ရှိလျှင်ပင် သူသာ မိုဝူကျိ၏ အာကာပြင်ကို ပိတ်လှောင်နိုင်လိုက်သည်နှင့် မိုဝူကျိက ဘာမှလုပ်နိုင်မည် မဟုတ်ပေ။
ထိုစဉ် ထျဲလန်ရှန်းသည် သူ့စိတ်စွမ်းအား၌ အနှောင့်အယှက်တစ်ခုကို ခံစားမိလိုက်၏။
ထျဲလန်ရှန်းက ဖျင်ရွှေကို မမြင်တွေ့ဖူးသော်ငြား ကြားဖူးပေသည်။ ဤသည်မှာ ဖျင်ရွှေ၏ မှော်ရတနာမှ ထွက်ပေါ်လာသည့် ဝိညာဉ်စွမ်းအား လက္ခဏာရပ်သာ ဖြစ်ပေသည်။
ထျဲလန်ရှန်းက သူ့စိတ်စွမ်းအားရှိ အနှောင့်အယှက်မှာ ပျက်ပြယ်သွားသောကြောင့် အသက်ပြင်းပြင်းရှုထုတ်လိုက်သည်။ သူ့နှင်းထောင်ချီ တိုက်ကွက်က အဆုံးမဲ့ ရေခဲပြင်အကာအရံတစ်ခုလို ဖြစ်နေသည်။ မိုဝူကျိ၏ ပတ်လည် နေရာတစ်ခုလုံး ပိတ်လှောင်မိနိုင်တော့မည် ဖြစ်၏။ မိုဝူကျိတွင် လော့ကျမ်းစာရွက် ရှိနေလျှင်ပင် သူ့ခန္ဓာကိုယ်နှင့်အတူ အေးခဲသွားလိမ့်မည်။
ထို့အပြင် သူ့သတ်ဖြတ်ရေး အစီအရင်အောက်၌ လော့ကျမ်းစာရွက်ပင် နေရာတစ်ခုလုံးကို မကာကွယ်ပေးနိုင်တော့ဘဲ အက်ကြောင်းများ ပေါ်လာသည်။
ပုဆိန်လှံရှည် အလင်းတန်းရှည်က ထျဲလန်ရှန်းနောက်သို့ ကျရောက်လာသည်။ သူက မိုဝူကျိ တစ်ယောက် နှင်းထောင်ချီ တိုက်ကွက်အတွင်း ပိတ်မိသွားသည်ကို စောင့်ဆိုင်းနေခြင်း ဖြစ်၏။ ထို့နောက် မိုဝူကျိကို သတ်ပစ်ဖို့ လော့ကျမ်းစာရွက် ဟကြောင်းကို ရှာမည် ဖြစ်၏။
သူက မိုဝူကျိကို တစ်ခါတည်း မသတ်နိုင်လျှင်ပင် မိုဝူကျိအား ဒဏ်ရာအပြင်းအထန် ရစေနိုင်၏။ လက်ရှိ ထျဲလန်ရှန်းက သူ့စိတ်ထဲမှ အကြောက်တရားကို မေ့လျော့သွားလေပြီ။ သူက မိုဝူကျိသည် ထိုမျှ အားမကောင်းကြောင်း သို့မဟုတ် ပိုင်သိုက်ကို သတ်နိုင်သည့် အင်အားမျိုး မပြသသေးကြောင်း ခံစားမိနေသည်။
မိုဝူကျိက သူ့ဘေးပတ်လည်ရှိ စည်းမျည်းများ ပျောက်ကွယ်သွားကြောင်း သို့မဟုတ် ထျဲလန်ရှန်း၏ နှင်းထောင်ချီ တိုက်ကွက်ကြောင့် အေးခဲရပ်တန့်သွားကြောင်း ခံစားမိလိုက်သည်။ ထျဲလန်ရှန်းက ဘာမှမပြောလျှင်ပင် အခြားသော နတ်ဘုရားဘုရင်များပင် မိုဝူကျိက သေချာပေါက် သေတော့မည် ဖြစ်ကြောင်း သိလိုက်ကြသည်။
သူတို့အားလုံးက မိုဝူကျိ၏ အင်အားမှာ ချဲ့ကားပြောဆိုထားကြောင်း ခံစားမိလိုက်ကာ သက်ပြင်းချလိုက်ကြသည်။ သူက ပိုင်သိုက်ကို မည်သည့်နည်းလမ်းဖြင့် သတ်လိုက်သည်ကို မည်သူက သိမည်နည်း။
မိုဝူကျိအနေနှင့် နှင်းပုံကြီးက သူ့အား ချုပ်နှောင်တော့မည်ကို မမြင်သည့်အလား ပြုမူကာ လက်ကို မြှောက်လိုက်၏။
ထိုစဉ် အချိန်မှာ နှေးကွေးသွားပြီး စည်းမျည်းအားလုံးကလည်း ရပ်တန့်သွားတော့သည်။
ထိုအရာက အသက်တစ်ရှိုက်စာမျှလောက် ကြာမြင့်သော်လည်း သဟဇာတ နတ်ဘုရား ထျဲလန်ရှန်းက သတိပြုမိလိုက်သည်။ သူက မိုဝူကျိ၏ လက်တစ်ဖက် ဝှေ့လိုက်သည့် အပြုအမူအား ကြည့်ကာ သူ့စိတ်ထဲ၌ မယုံကြည်နိုင်ခြင်းနှင့်အတူ အကြောက်တရားတို့ ကြီးစိုးလာသည်။
သူ ဘာမြင်လိုက်ရတာလဲ ….
ဤသည်မှာ အချိန်လျို့ဝှက် ပညာရပ် ဖြစ်၏။ အမှန်တကယ် အချိန်စည်းမျည်း လျို့ဝှက်ပညာရပ် ဖြစ်နေသည်။
ဤကျယ်ပြောလှသည့် စကြဝဠာကြီးအတွင်း အချိန်စည်းမျည်း လျို့ဝှက်ပညာရပ်က အားအကောင်းဆုံး မဟုတ်လျှင်ပင် ထိပ်တန်းထဲမှ တစ်ခု ဖြစ်ပေသည်။ နတ်ဘုရားမျိုးနွယ်၏ ကျိန်စာပညာရပ်ပင် အချိန်စည်းမျည်း ပညာရပ်နှင့် ယှဉ်လိုက်လျှင် မပြောပလောက်တော့ပေ။
ထျဲလန်ရှန်းက သူ့ကိုယ်သူ ပြန်မထိန်းနိုင်ခင် လက်ချောင်း တစ်ချောင်း ဆင်းသက်လာသည်ကို မြင်လိုက်ရသည်။
အခြေကျတည်ငြိမ်လာသော နတ်ဘုရားကမ္ဘာအတွင်း ဤလက်ချောင်းသည် တုန်လှုပ်မှုကြီး ဖြစ်ပေါ်လာစေသည်။
နတ်ဘုရားဆင့်ကဲခြင်းဂိုဏ်းက မည်မျှ အားကောင်းစေကာမူ ထျဲလန်ရှန်းက သဟဇာတ နတ်ဘုရား ဖြစ်စေ၊ မဖြစ်စေ ဤလက်ချောင်းအောက်တွင် အရာအားလုံးက သာမာန် သက်ရှိလောကအဖြစ် ပြောင်းလဲသွားကာ သာမာန် ဖြစ်သွားသောကြောင့် အနာဂတ်အတွက် မျှော်လင့်ချက် မည်မျှ ရှိမည်နည်း။
ထျဲလန်ရှန်းက သူ့မှော်ရတနာကို ဆွဲကိုင်လိုက်ကာ သက်ရှိလောကအား ချိုးဖောက်ဖို့ ကြိုးစားလိုက်သည်။ နတ်ဘုရားဆင့်ကဲခြင်းဂိုဏ်းရှိ ကျင့်ကြံသူတို့က ဤသက်ရှိလောကအတွင်း သူတို့ကိုယ်သူတို့ ပျောက်ဆုံးသွားကြလေပြီ။
“ ဝုန်း ” သက်ရှိလောကက ချက်ချင်း ပြောင်းလဲသွားပြီး တစ်သက်တာအချိန်မှာ တစ်ရှိုက်စာမျှကဲ့သို့ ဖြစ်သွားသည်။
အကယ်၍ ဤသို့သာ ဆိုလျှင် သက်ရှိလောက၌ တစ်သက်လုံး သာမာန်လိုနေရမည်ဆိုလျှင်ပင် ဘာမှထိခိုက်မှု ရှိမည် မဟုတ်ပေ။ သို့သော်လည်း ထိုစဉ် သက်ရှိလောကထံ ကပ်ဘေး ကျရောက်လာကာ မိုးမြေက ပြောင်းပြန်လှန်သွားသကဲ့သလို့ လောကမှာ ချေမွခံလိုက်ရသည်။
သက်ရှိလောကအတွင်း ထျဲလန်ရှန်း အပါအဝင် ကျင့်ကြံသူအားလုံးက နတ်ဘုရားကမ္ဘာ ပြန်လည် ကောင်းမွန်လာစဉ်အတွင်း ကြုံတွေ့ခံစားခဲ့ရသည့် ဧရာမ ကုန်းမြေလှိုင်းလုံးများကို တဖန် ပြန်လည် မြင်တွေ့လိုက်ကြရသည်။ အရာအားလုံးက ဖျက်စီးခံလိုက်ရပြီး အသစ်တစ်ဖန် ပြန်လည် ဖြစ်ပေါ်လာသည်။ အရာအားလုံး ဖျက်စီးခံလိုက်ရပြီး သက်ရှိလောကရှိ အရာအားလုံးတွင် သူတို့အသက်များနှင့် အနာဂတ်လည်း အပါအဝင် ဖြစ်၏။
မိုဝူကျိ၏ သတ္တကမ္ဘာ လက်ချောင်းပညာရပ်၏ ဒုတိယတိုက်ကွက် ဖြစ်သည့် မိုးမြေ တိုက်ကွက် ဖြစ်ပေသည်။
“ မဟုတ်ဘူး ” ထျဲလန်ရှန်းက ပြန်လည် အသိပြန်ဝင်လာပြီး လက်ကို မြှောက်လိုက်သည်။ ထိုအခါ အဖြူရောင်အလင်းတန်းကြီးက ဧရာမဓားသွားကြီးအဖြစ် ပြောင်းလဲသွားလေ၏။
နှင်းထောင်ချီက ရုတ်ချည်း ပေါက်ကွဲထွက်သွားပြီး အေးစက်မှုက မိုဝူကျိဘေးရှိ အာကာပြင်ကိုပင် စုတ်ဖြဲသွားဟန် ပေါ်သည်။ မိုဝူကျိ၏ လော့ကျမ်းစာရွက်ပင် လွှင့်စင်သွားကာ မိုဝူကျိ ပေါ်ထွက်လာသည်။
လော့ကျမ်းစာရွက် အကာအကွယ် ပျောက်ဆုံးသွားပြီးနောက် မိုဝူကျိ၏ အရေပြားမှာ အေးစက်မှုကြောင့် အက်ကြောင်းများ စတင် ဖြစ်ပေါ်လာသည်။ ထျဲလန်ရှန်း၏ ဓားသွားကြီးက မိုဝူကျိအား နှစ်ပိုင်း ဖြတ်သွားလိုသည့်အလား ဆင်းသက်လာသည်။ သူက မိုဝူကျိ၏ သက်ရှိလောကမှ လွှတ်မြောက်ရန် ရုန်းကန်နေရသော်လည်း မိုဝူကျိ၏ မိုးမြေ ပညာရပ်အား မချိုးဖောက်နိုင်သေးပေ။ သူက မိုဝူကျိသည် ဝိဇ္ဇာ ရုပ်ခန္ဓာ ပညာရှင် ဖြစ်ကြောင်း သိလိုက်သည်။ မဟုတ်လျှင် နှင်းထောင်ချီ ပေါက်ကွဲမှုသည် ဤမျှ ဒဏ်ရာအသေးအမွှားလောက်သာ ဖြစ်စေမည် မဟုတ်ပေ။
မိုဝူကျိ တည်ငြိမ်နေဆဲ ဖြစ်ကာ သူ့လခြမ်းကွေး ပုဆိန်လှံရှည်ကို နောက်တစ်ဖန် လွဲယမ်းလိုက်သည်။ ကမ္ဘာတစ်ခုလုံးကို အဆုံးသတ်ပစ်တော့မည့်အလား နေဝင်ရိုက်ချက် ကျဆင်းလာသည်။
ပုဆိန်လှံရှည် တတိယမြောက် တိုက်ကွက် - နေဝင်ရိုက်ချက်
ယခင် နေဝင်ရိုက်ချက်နှင့် ယှဉ်လျှင် ယခုနေဝင်ရိုက်ချက်မှာ မိုဝူကျိ၏ အချိန်စည်းမျည်းနှင့် ပေါင်းစပ်နေပြီး သက်ရှိလောကအပြီး ထုတ်ဖော်လိုက်သောကြောင့် ထျဲလန်ရှန်းက အဆုံးသတ်တော့မည့်အချိန် ကျရောက်လာမှန်း မြင်တွေ့လိုက်ရသည်။
နေဝင်ရိုက်ချက်သည် စက်ဝန်းတစ်ခုနှင့် တူသော်လည်း မီးကွင်းတစ်ခုနှင့် ပိုတူသည်။
မီးတောက်က မည်မျှခမ်းနားကြီးကျယ်စေကာမူ ငြိမ်းသွားဖို့ ကံကြမ္မာ ဖန်လာပြီးသား ဖြစ်၏။
***