ဖခင်ထံမှ စာတစ်စောင်
Vol. 14 Ch. 185
"မဟုတ်ဘူး"
ယဲ့ချန်က စိုးရိမ်တကြီးဖြင့် ဝိညာဥ်စစ်သည်တော်ကို ရှောင်တိမ်းစေခဲ့သည်။ သို့သော် နောက်ကျသွားသဖြင့် ခရမ်းမီးတောက်ကြယ်ခြင်္သေ့၏လက်ဝါးက ၎င်း၏ဝမ်းဗိုက်ကို ထိမှန်သွားခဲ့သည်။
"ဘန်း"
ပေါက်ကွဲသံတစ်ခု ပေါ်လာပြီး ဝိညာဥ်စစ်သည်တော်က ထိခိုက်မှုကြောင့် ချက်ချင်းပြိုကွဲသွားခဲ့သည်။ ခြင်္သေ့ကြီး၏လက်ဝါးချက်တွင် ပြင်းထန်သော ဝိညာဥ်စွမ်းအားများ ပါဝင်နေကာ ယဲ့ချန်၏ဝိညာဥ်စစ်သည်တော်ကို ဖျက်ဆီးနိုင်စွမ်း ရှိနေခဲ့သည်။
"ဖူး"
ယဲ့ချန်က သွေးများအန်ထွက်လာပြီး ရင်ဘတ်ကို လက်ဖြင့် ဆုပ်ကိုင်ထားလိုက်ရသည်။ သူ၏မျက်လုံးများကလည်း နာကျင်မှုကြောင့် ဗလာသက်သက် ဖြစ်နေခဲ့သည်။
ခြင်္သေ့ကြီးက အစွမ်းထက်လွန်းပြီး သူကလုံးဝမယှဥ်နိုင်ခဲ့ပေ။ အမွေးပွလေးက မျက်ရည်များဝေ့သီလာပြီး ဝိညာဥ်ပေါင်းစည်းခြင်းဆေးတစ်လုံးကို သိုလှောင်အိတ်အတွင်းမှ ချက်ချင်းထုတ်ယူလိုက်သည်။
"အမွေးပွလေး ငါ အဆင်ပြေပါတယ်"
ယဲ့ချန်က နာကျင်စွာဖြင့် အားတင်းပြုံးပြလိုက်သည်။ ထိုအချိန်တွင် သူ၏ဝိညာဥ်စစ်သည်တော်က လုံးဝကြေမွသွားပြီဖြစ်သည်။ ဤဒဏ်ရာက နတ်အလင်းတန်းကြောင့် ဖြစ်ပေါ်လာသော ဒဏ်ရာထက်ပင် ပို၍ပြင်းထန်နေသည်။ ယဲ့ချန်မှာ တစ်ကိုယ်လုံးမီးလောင်သကဲ့သို့ ခံစားနေရသည်။ အမွေးပွလေးက ဝိညာဥ်ပေါင်းစည်းခြင်းဆေးလုံးကို ပေးလာသောအခါ ချက်ချင်းသောက်သုံးလိုက်သည်။
"ခွေးကောင်လေး ငါ့အစွမ်းကိုသိပြီလား။ တစ်ရက်အတွင်း မင်းရဲ့ဝိညာဥ်အသိစိတ်က ခရမ်းရောင်မီးတောက်ကြောင့် လောင်ကျွမ်းခံရလိမ့်မယ်။ အဲ့အချိန်ကျရင် မင်းက လမ်းလျှောက်နေတဲ့အလောင်းကောင်သာသာ ဖြစ်သွားပြီ"
ခြင်္သေ့ကြီး၏လှောင်ပြောင်သံက ထွက်ပေါ်လာသည်။
ယဲ့ချန်၏ဝိညာဥ်စစ်သည်တော်သည် ခရမ်းမီးတောက်ကြယ်ခြင်္သေ့၏ ရိုက်ချက်ကြောင့် တစ်စတစ်စ လောင်ကျွမ်းလာနေခဲ့သည်။ ဝိညာဥ်ပေါင်းစည်းခြင်းဆေးလုံးကို သောက်ပြီးနောက် ၎င်းက ပြန်လည်ပေါင်းစည်းနေသော်လည်း ခရမ်းရောင်မီးတောက်များကို မရပ်တန့်နိုင်ခဲ့ပေ။
"မဟုတ်ဘူး။ လက်မခံနိုင်ဘူးကွ။ ငါက ယဲ့မျိုးနွယ်ကို အသန်မာဆုံးဖြစ်အောင် လုပ်ပေးရဦးမယ်။ အလယ်အင်ပါယာကိုသွားပြီး လော့အာကိုခေါ်ရဦးမယ်။ အမွေးပွလေး အသွင်ပြောင်းထားတဲ့ရုပ်ကိုလည်း ကြည့်ရဦးမယ်။ ဒီလောကကြီးကိုမြင်ချင်သေးတယ်ကွ"
ယဲ့ချန်မှာ နှလုံးသားကို ပိုးကောင်များစွာဝိုင်းကိုက်နေသကဲ့သို့ နာကျင်နေရသည်။ ပြင်းထန်လှသော နာကျင်မှုက သူ၏အသိစိတ်ကို တတိတိတိုက်စားနေသည်။
အမွေးပွလေးသည် ယဲ့ချန်နာကျင်နေသည်ကို မြင်သောအခါ ငိုကြွေးလိုက်မိသည်။ သူမအနေဖြင့် ယဲ့ချန်က ခြင်္သေ့ကြီးနှင့်တိုက်ခိုက်မည်ကို တားမြစ်သင့်သည်ဟု ကိုယ့်ကိုကိုယ် အပြစ်တင်နေခဲ့သည်။
ယဲ့ချန်ထံတွင် လုပ်စရာများစွာ ကျန်ရှိနေသဖြင့် သူ၏နှလုံးသားက ခိုင်မာစွာတည်ရှိနေသည်။ ပီရှို့က ယဲ့ချန်၏ခံစားချက်များကို ခံစားမိဟန်ဖြင့် ပြင်းပြင်းထန်ထန် လှုပ်ခတ်လာခဲ့သည်။ ထို့နောက် ကောင်းကင်ချီများစွာနှင့်အတူ ဝိညာဥ်ချီများလည်း ထွက်ပေါ်လာခဲ့သည်။ ၎င်းတို့က ဖြည်းညှင်းစွာဖြင့် လေပေါ်သို့တက်သွားပြီး ယဲ့ချန်၏ဝိညာဥ်စစ်သည်တော်နှင့် ပေါင်းစပ်သွားကြသည်။
"ဘာတွေဖြစ်နေတာလဲ"
ခရမ်းမီးတောက်ကြယ်ခြင်္သေ့က ယဲ့ချန်ကို စိုက်ကြည့်နေခဲ့သည်။ ၎င်း၏ခရမ်းမီးတောက်များက ယဲ့ချန်၏ဝိညာဥ်အသိစိတ်ကို လောင်ကျွမ်းနေရာမှ ဖြည်းဖြည်းချင်း ပျောက်ကွယ်ကုန်သည်။ ယဲ့ချန်၏နာကျင်မှုကလည်း ဖြည်းညှင်းစွာ ကုသခံနေရသည်။
"ဓားပျံရဲ့ကောင်းကင်ချီတွေက ဝိညာဥ်အသိစိတ်ကို အားဖြည့်ပေးနိုင်တာလား"
ယဲ့ချန်၏စိတ်ထဲတွင် အတွေးတစ်ခု ဖြစ်ပေါ်လာသည်။ အတိတ်တွင် သူက ပီရှို့၏ကောင်းကင်ချီများကို စုပ်ယူခဲ့သဖြင့် ဝိညာဥ်အသိစိတ်ကို ကျင့်ကြံနိုင်ခဲ့သည်။ အမွေးပွလေးသည်လည်း ထိုကောင်းကင်ချီများကြောင့် ဝိဝိညာဥ်မှ ဝိညာဥ်အသိစိတ်သို့ ပြောင်းလဲကျင့်ကြံနိုင်ခဲ့သည်။ မည်သူမှ ပီရှို့၏ ဆန်းကျယ်သောနောက်ခံကို မသိကြပေ။ လက်ရှိတွင် ၎င်းက ယဲ့ချန်၏ဒဏ်ရာကို ကုသပေးလျက်ရှိသည်။
"ပြန်လည်ကောင်းမွန်စမ်း"
ယဲ့ချန်က အော်ဟစ်ကြုံးဝါး၍ ပီရှို့ကိုဆက်သွယ်လိုက်သည်။ သူ၏ကိုယ်တွင်းမှ ကောင်းကင်ချီများ ပေါက်ကွဲထွက်ပေါ်လာသည်။ ကြယ်တာရာဘုံကိုးလွှာ၏ ချီစက်ဝိုင်းကိုးခုကလည်း ပြန်လည်တုံ့ပြန်လာ၍ ဧရာမဝဲကြီးအဖြစ် လည်ပတ်နေကြသည်။ ထို့နောက် ကောင်းကင်ချီများက ဝိညာဥ်စစ်သည်တော်ထံ မြစ်ကြီးတစ်စင်းပမာ စီးဝင်သွားကြလေသည်။
နောက်ဆုံးတွင် ကောင်းကင်ထက်၌ ယဲ့ချန်၏ဝိညာဥ်စစ်သည်တော်က ပျက်စီးနေရာမှ ပြန်လည်ဖြစ်တည်လာခဲ့သည်။
အမွေးပွလေးသည် ယဲ့ချန်ပြန်လည်ကောင်းမွန်လာသဖြင့် ပျော်ရွှင်စွာစိုက်ကြည့်နေခဲ့သည်။ သူမက မြေခွေးလေးတစ်ကောင် ဖြစ်သော်လည်း လူသားများ၏ခံစားချက်များ ရှိနေပြီဖြစ်သည်။ ယဲ့ချန်နှင့် အချိန်များစွာ အတူရှိခဲ့ရသည့်အတွက် နက်ရှိုင်းသောခံစားချက်များ ဖြစ်ပေါ်လာခဲ့သည်။ ၎င်းက အချစ်ဟုခေါ်တွင်သည်လား သူမမသိပေ။ သူမအတွက် ယဲ့ချန်ပျော်လျှင် အတူတူပျော်မည်ဖြစ်ကာ နာကျင်ရလျှင်လည်း အတူတူနာကျင်ပေလိမ့်မည်။
ယဲ့ချန်က တောက်ပနေသော မျက်လုံးများဖြင့် မော့ကြည့်လာခဲ့သည်။ သူ၏ဝိညာဥ်စစ်သည်တော်က ခရမ်းရောင်မီးတောက်များကို လုံးဝဝါးမျိုပစ်လိုက်သည်။ ခဏအတွင်း ၎င်းက မူလစွမ်းအားကို ပြန်လည်ရရှိခဲ့ရုံသာမက အစွမ်းအနည်းငယ်လည်း တိုးတက်လာခဲ့သည်။ ဤဖြစ်ရပ်ကြောင့် ယဲ့ချန်က အလွန်ဝမ်းသာနေခဲ့သည်။ မည်သို့ပင်ဆိုစေကာမူ ဝိညာဥ်စစ်သည်တော်၏အစွမ်း တိုးတက်လာရန် ကျင့်ကြံရခြင်းမှာ အလွန်ခက်ခဲပေသည်။
"ခရမ်းရောင်မီးတောက်တွေ ဝါးမျိုခံလိုက်ရတယ်။ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ"
ခြင်္သေ့ကြီးက ဒေါသတကြီးဟိန်းဟောက်လိုက်သည်။
"ကြည့်ရတာ ခရမ်းရောင်မီးတောက်တွေက ငါ့ကိုတိုက်ခိုက်ဖို့ အသုံးကျတယ်မထင်ဘူး။ ထပ်ပြီးတိုက်ခိုက်ကြတာပေါ့"
ယဲ့ချန်က ခေါင်းကိုမော့၍ သားရဲကြီးကိုစိုက်ကြည့်ကာ အေးစက်စက်ပြောလိုက်သည်။
အမွေးပွလေးသည် ယဲ့ချန်၏ဆုံးဖြတ်ထားပုံကို ကြည့်၍ ခရမ်းမီးတောက်ကြယ်ခြင်္သေ့ကို ဝိညာဥ်စစ်သည်တော်အား လေ့ကျင့်ရန် အသုံးချမည်ဖြစ်ကြောင်း နားလည်သွားခဲ့သည်။ သို့သော် ဝိညာဥ်စစ်သည်တော်ကိုဖြိုခွဲ၍ ပြန်လည်တည်ဆောက်ရခြင်းသည် အလွန့်အလွန်နာကျင်သော ဖြစ်စဥ်တစ်ခု ဖြစ်သည်။
ယဲ့ချန်၏ ပုံစံနှင့်ဆုံးဖြတ်ချက်သည် အမွေးပွလေး၏စိတ်ကို လှုပ်ခါသွားစေခဲ့သည်။ သူမက ပိုမိုသန်မာလာချင်ပြီး ယဲ့ချန်က အမြဲကာကွယ်ပေးနေရသည်မျိုးကို မဖြစ်စေချင်ပေ။ သူမသည်လည်း ယဲ့ချန်ကို ကာကွယ်ပေးချင်နေခဲ့သည်။
"တိုက်ခိုက်စမ်း"
ယဲ့ချန်က နှုတ်ခမ်းထောင့်မှသွေးများကို လက်ခုံဖြင့်သုတ်၍ အမိန့်ပေးလိုက်သည်။ ရွှေရောင်ဝိညာဥ်စစ်သည်တော်က ဓားရှည်ကို ပြန်လည်ဖန်တီးပြီး ခြင်္သေ့ကြီးထံ ပြေးဝင်သွားသည်။
"ဒီတစ်ခေါက် ငါ မင်းကို သေချာပေါက်သတ်ပစ်မယ်"
ခြင်္သေ့ကြီး၏ ဟိန်းဟောက်သံနှင့်အတူ ခရမ်းရောင်မီးများ တောက်လောင်နေသော လက်ဖဝါးကြီးက မြောက်တက်လာသည်။
"ဘုန်း"
ခြင်္သေ့ကြီး၏လက်ဝါးက ဝိညာဥ်စစ်သည်တော်ကို နောက်တစ်ကြိမ် ပေါက်ကွဲသွားစေပြန်သည်။
ဝိညာဥ်စစ်သည်တော်၏ထိခိုက်မှုတိုင်းက ယဲ့ချန်အတွက် အလွန်နာကျင်စေသည်။ သူ၏မျက်လုံးများက မည်မျှနာကျင်နေပါစေ တောက်ပနေခဲ့သည်။ ဤလေ့ကျင့်ခြင်းက မခံမရပ်နိုင်သောနာကျင်မှုကို ဖြစ်ပေါ်စေသည်။ ချီစက်ဝိုင်းကိုးခုက လျင်မြန်စွာလည်ပတ်လာပြီး ကောင်းကင်ချီများ ထုတ်လုပ်ပေးခဲ့သည်။ ထို့နောက် ဝိညာဥ်စစ်သည်တော် ပြန်လည်ဖြစ်ပေါ်လာ၍ ခရမ်းရောင်မီးတောက်များကို စုပ်ယူကာ အနည်းငယ်ပို၍ သန်မာလာခဲ့သည်။
"နောက်တစ်ကြိမ်"
ယဲ့ချန်က အေးစက်စက်ပြုံး၍ ဝိညာဥ်စစ်သည်တော်ကို ခြင်္သေ့ကြီးထံ သွားရောက်တိုက်ခိုက်စေပြန်သည်။
"မဟုတ်ဘူး။ မဖြစ်နိုင်ဘူး"
ခရမ်းမီးတောက်ကြယ်ခြင်္သေ့သည် ယဲ့ချန်၏ဝိညာဥ်စစ်သည်တော်က ပိုမိုသန်မာလာသည်ကို အာရုံခံနိုင်ခဲ့သည်။ ကြေမွနေသော ဝိညာဥ်အသိစိတ်က ပြန်လည်ဖြစ်တည်လာခြင်းကပင် ယုံနိုင်စရာမရှိချေ။ သို့သော် မျက်စိရှေ့ရှိမြင်ကွင်းကြောင့် မယုံလျှင်လည်း မရချေ။ ပြေးဝင်လာနေသော ဝိညာဥ်စစ်သည်တော်ကို ၎င်းက ဒေါသတကြီး ရိုက်ချလိုက်ပြန်သည်။
"ဘုန်း"
ဝိညာဥ်စစ်သည်တော်က ချေမှုန်းခံလိုက်ရပြန်သည်။
ခြင်္သေ့ကြီးသည် ခေါင်းမာကာ သည်းခံနိုင်စွမ်းကြီးမားသော လူငယ်လေးကြောင့် စိုးရိမ်စပြုလာသည်။ ဝိညာဥ်အသိစိတ်ပြိုကွဲခြင်းက အလွန်အမင်းနာကျင်စေသည်။ ဤအချိန်တိုလေးအတွင်း ယဲ့ချန်သည် နာကျင်မှုကို သုံးကြိမ်ဆက်တိုက် သည်းခံနိုင်ခဲ့သည်။ ၎င်းက ယဲ့ချန်ကိုကြည့်သော အကြည့်တွင် ပို၍သတိထားနေပုံပေါ်သည်။
"မင်းက ဒီနာကျင်မှုကို ဆက်တိုက်သည်းခံနေနိုင်မယ်လို့ မယုံဘူး"
ခြင်္သေ့ကြီးက အေးစက်စက်နှာမှုတ်၍ ထပ်မံပြေးဝင်လာသော ဝိညာဥ်စစ်သည်တော်ကို ရိုက်ချလိုက်သည်။
"ဘုန်း"
ဤသို့ဖြင့် ယဲ့ချန်၏ ဝိညာဥ်စစ်သည်တော်သည် အချိန်တစ်ခုအတွင်း ဆယ်ကြိမ်ဆက်တိုက် ဖျက်ဆီးခံလိုက်ရသည်။ ထိုနာကျင်မှုက ရုပ်ခန္ဓာသာမက စိတ်ကိုပါ ထိခိုက်စေခဲ့သည်။ သို့သော် ဝိညာဥ်စစ်သည်တော်၏ တိုးတက်မှုကို ခံစားရသောအခါ ယဲ့ချန်က အံကြိတ်ပြီး တောင့်ခံခဲ့သည်။ သူ၏ဝိညာဥ်စစ်သည်တော်မှာ တစ်ကြိမ်ပျက်စီးသွားလျှင် ပိုမိုအစွမ်းထက်စွာဖြင့် ပြန်လည်ဖြစ်တည်လာနေခဲ့သည်။
မူလတွင် ယဲ့ချန်၏ဝိညာဥ်စစ်သည်တော်သည် ပုံမှန်နည်းလမ်းဖြင့် ထိပ်တိုက်ရင်ဆိုင် တိုက်ခိုက်နိုင်ခြင်းမရှိပေ။ ရန်သူတစ်ယောက်ထံမှ ထိခိုက်မှုက ၎င်းကို ရှုံးနိမ့်သွားစေနိုင်သည်။ လက်ရှိတွင် ပျက်စီးကာ ပြန်လည်ဖြစ်ပေါ်လာသော ဝိညာဥ်စစ်သည်တော်က သာမန်ထိခိုက်မှုများကို အရေးစိုက်နေရန် မလိုတော့ပေ။ နာကျင်မှု၏ရလဒ်အဖြစ် ဝိညာဥ်စစ်သည်တော်၏ခွန်အားက ကောင်းကင်ဝိဇ္ဇာအလယ်အဆင့်သို့ရောက်ရန် ဆံချည်တစ်မျှင်သာ လိုအပ်နေခဲ့သည်။
ယဲ့ချန်၏တိုးတက်မှုကို အာရုံခံနိုင်ခဲ့သော ခရမ်းမီးတောက်ကြယ်ခြင်္သေ့၏ မျက်လုံးများတွင် ကြောက်စိတ်တစ်ခု ထင်ဟပ်လာသည်။ ဝိညာဥ်စစ်သည်တော်ကို ပြန်လည်တိုက်ခိုက်ရန်မှတစ်ပါး ၎င်း၌ ရွေးစရာလည်း မရှိပေ။ မဟုတ်လျှင် ဝိညာဥ်စစ်သည်တော်၏ဓားကြောင့် ဒဏ်ရာရသွားမည် ဖြစ်သည်။
အကြိမ်ဒါဇင်ခန့် ဆက်တိုက်ကြိုးစားပြီးနောက် ခြေကုန်လက်ပန်းကျနေပြီဖြစ်သော ယဲ့ချန်က ကောင်းကင်ကြယ်တာရာတံဆိပ်တော်အတွင်းမှ ထွက်ခွာလိုက်သည်။ အနာဂတ်တွင် သူက ဝိညာဥ်စစ်သည်တော်၏ခွန်အားကို တိုးမြှင့်လိုလျှင် ဤနည်းလမ်းကို အသုံးချနိုင်လေသည်။ ထို့နောက် ခရမ်းမီးတောက်ကြယ်ခြင်္သေ့ကို သူ၏အစောင့်အရှောက်သားရဲအဖြစ် ယဥ်ပါးစေနိုင်မည်ဖြစ်သည်။
"အမွေးပွလေး ငါ အရမ်းပင်ပန်းနေပြီ။ ခဏလောက်အိပ်ဦးမယ်"
ယဲ့ချန်က ဘယ်လက်ဝါးရှိတံဆိပ်ကို ကြည့်ကာ တစ်ချက်ပြုံးလိုက်သည်။ သူက အကြောဆန့်၍ အညောင်းဖြေလိုက်ပြီး အမွေးပွလေးကို ပြောလိုက်သည်။
ဝိညာဥ်စစ်သည်တော်ကို အသုံးချရခြင်းက စွမ်းအင်ကို အလွန်အမင်းကုန်ခမ်းစေသည်။ ပီရှို့၏ကောင်းကင်ချီ အထောက်အပံ့သာ မရှိလျှင် သူက ကြမ်းပြင်တွင် လဲကျနေနိုင်သည်။
အိပ်ရာပေါ်ရောက်သည်နှင့် တပြိုင်နက် ယဲ့ချန်က ချက်ချင်းအိပ်မောကျသွားခဲ့သည်။
အမွေးပွလေးက အိပ်စက်နေသော ယဲ့ချန်ကို ကြင်နာစွာကြည့်၍ ရင်ခွင်အတွင်း တိုးဝင်လာခဲ့သည်။ သူမ၏ခေါင်းလေးဖြင့် ယဲ့ချန်၏မျက်နှာကိုတိုးဝှေ့ကာ လှဲချလိုက်သည်။ ထိုအချိန်တွင် သူမ၏အမွေးဖြူဖြူများက ပန်းရောင်သို့ ရုတ်တရက်ပြောင်းသွားခဲ့သည်။ အကြောင်းမှာ အိပ်ပျော်နေသော ယဲ့ချန်၏လက်က သူမ၏တင်ပါးပေါ်သို့ ကျရောက်နေသာကြောင့်ဖြစ်သည်။ သူမက ရှက်ရွံ့စွာဖြင့် ယဲ့ချန်ကို ကြည့်လိုက်မိသည်။ ယဲ့ချန်က အိပ်မောကျနေသောအခါ သူမသည်လည်း ယဲ့ချန်၏ရင်ခွင်အတွင်း စိတ်ချလက်ချ အိပ်စက်လိုက်သည်။
ယဲ့ချန်က အလွန်ပင်ပန်းနေပြီဖြစ်သည်။ ဝိညာဥ်အသိစိတ် ထပ်ကာထပ်ကာပျက်စီးခြင်းမှ ဖြစ်ပေါ်လာသော နာကျင်မှုမျိုးကို လူတိုင်း သည်းခံနိုင်သည်မဟုတ်ပေ။ ၎င်းက သူ၏သွေးကြောများ ထိခိုက်နေသကဲ့သို့ပင် ဖြစ်သည်။ သူ၏စိတ်က အလွန်သန်မာသော်လည်း နာကျင်မှုက ပြင်းထန်လွန်းနေသည်။ သွေးကြောများ ထိခိုက်စဥ်က သေလုမျောပါး နာကျင်ခဲ့ရသော်လည်း သည်းခံခြင်းဖြင့် ကျော်ဖြတ်နိုင်ခဲ့သည်။ အရှက်ခွဲခံရတိုင်း သူ၏စိတ်ထားက ပိုမိုသန်မာလာသည်ချည်းသာ ဖြစ်သည်။ မဟုတ်လျှင် ယဲ့ချန်အနေဖြင့် အချိန်တိုအတွင်း သိုင်းပညာအသိကိုရရှိပြီး အဆင့်များစွာတက်လာမည် မဟုတ်ပေ။ လက်ရှိ၌လည်း သူက ဝိညာဥ်အသိစိတ်ကိုကျင့်ကြံရန် ဆက်တိုက်ဖျက်ဆီးခံ၍ နာကျင်မှုကို ကျော်ဖြတ်ခဲ့ရပြန်သည်။
တစ်ရက်ကြာ အိပ်စက်ပြီးနောက် ယဲ့ချန်က ပြန်လည်နိုးထလာကာ စွမ်းအင်များ ပြန်လည်ပြည့်ဝနေပြီဖြစ်သည်။ သူက ပုံမှန်အတိုင်း ဆရာရွှမ်းယီထံမှ ဆေးပညာကို သင်ယူသည်။ ညအချိန်တွင် ကောင်းကင်ကြယ်တာရာတံဆိပ်အတွင်းဝင်၍ ခရမ်းမီးတောက်ကြယ်ခြင်္သေ့နှင့် ဝိညာဥ်စစ်သည်တော်ကို လေ့ကျင့်သည်။
ဤသို့ဖြင့် ရက်အနည်းငယ်အကြာတွင် ယဲ့ချန်သည် ဖခင်ထံမှ စာတစ်စောင်ကို လက်ခံရရှိခဲ့သည်။ ယဲ့မျိုးနွယ်က ဆရာရွှမ်းယီ၏အဆိပ်ဖြေဆေးကို လက်ခံရရှိခဲ့သည်။ ထို့နောက် ယဲ့ကျန့်လုံ၊ ယဲ့မုန်နှင့် ကျန်လူများ၏အဆိပ်ကို ဖြေရှင်းနိုင်ခဲ့သည်။ ယဲ့မျိုးနွယ်ဝင်များမှာလည်း ရွှေခရမ်းနတ်ဆေးများကြောင့် အဆင့်များစွာ တိုးတက်လာကြသည်။ အထူးသဖြင့် ယဲ့မုန်နှင့်လူငယ်မျိုးဆက်များက ထျန်းချီအဆင့်ကိုးအထိ ရောက်ရှိလာကြသည်။
စာထဲတွင် မြစိမ်းတိမ်ဂိုဏ်းတွင် ကျင့်ကြံနေသော ယဲ့ရွှမ်နှင့် အဆက်အသွယ်ပြတ်နေသည်ဟု ပါရှိလေသည်။ ယဲ့ကျန့်ရှုံးကိုယ်တိုင် သွားရောက်စုံစမ်းခဲ့သော်လည်း မြစိမ်းတိမ်ဂိုဏ်းမှ မောင်းထုတ်ခဲ့သည်။ ထို့ကြောင့် ယဲ့ရွှမ်၏အခြေအနေကို ယဲ့မျိုးနွယ်မှ အလွန်စိုးရိမ်ပူပန်နေကြသည်။
"အဘိုးကြီးနင်ချင်းယွင် မင်းက ယဲ့ရွှမ်ကို တစ်ခုခုလုပ်ရဲရင် မြစိမ်းတိမ်ဂိုဏ်းကို ငါ မြေလှန်ပစ်မယ်"
စာပါအကြောင်းအရာကြောင့် ယဲ့ချန်က ထိုင်နေရာမှ ချက်ချင်းမတ်တပ်ရပ်လိုက်မိလေသည်။