မြစိမ်းတိမ်ဂိုဏ်းသို့
Vol. 14 Ch. 186
မြစိမ်းတိမ်ဂိုဏ်းသည် တော်ဝင်မျိုးနွယ်ခြံဝန်းနှင့် နှစ်ရက်သွားရသည့် ခရီးတွင် တည်ရှိသည်။ ယဲ့ချန်က ရှောင်ရိနှင့်အမွေးပွလေးကို ဆင့်ခေါ်လိုက်သည်။
"အမွေးပွလေး ရှောင်ရိ မြစိမ်းတိမ်ဂိုဏ်းကို သွားကြမယ်"
လက်ရှိတွင် ယဲ့ချန်သည် မြေဝိဇ္ဇာစဦးအဆင့်ဖြစ်သော်လည်း အလယ်အဆင့်မြေဝိဇ္ဇာကို အနိုင်ယူနိုင်သည်။ ဝိညာဥ်စစ်သည်တော်က စဦးအဆင့်ကောင်းကင်ဝိဇ္ဇာကို သေချာပေါက်အနိုင်ယူနိုင်သည်။ ရှောင်ရှိ၏ခွန်အားကိုပါ ထပ်ပေါင်းလိုက်လျှင် နင်ချင်းယွင်ကို ကြောက်စရာ လုံးဝမရှိပေ။
"အစ်ကိုကြီး မြစိမ်းတိမ်ဂိုဏ်းကို ဘာသွားလုပ်ကြမှာလဲ"
ရှောင်ရိက စပ်စုလိုက်သည်။
"တိုက်ခိုက်ဖို့"
ယဲ့ချန်က တစ်လုံးချင်းဖြေလိုက်သည်။ သူက ယဲ့ရွှမ်အတွက် စိုးရိမ်နေပြီး အချိန်မီပါစေဟု ဆုတောင်းလိုက်သည်။
"တိုက်ခိုက်ရမှာလား။ အရမ်းကြိုက်သွားပြီ"
ရှောင်ရိက ပျော်ရွှင်စွာအော်ဟစ်လိုက်သည်။ သူတို့က ဆေးဆရာရွှမ်းယီ၏အခန်းသို့ သွားရောက်ကာ မြစိမ်းတိမ်ဂိုဏ်းသို့သွားမည့်အကြောင်း ခွင့်တောင်းလိုက်ကြသည်။
"ယဲ့ချန် မင်းတစ်ယောက်တည်း အဆင်ပြေပါ့မလား။ ဘယ်လိုဖြစ်ဖြစ် မြစိမ်းတိမ်ဂိုဏ်းမှာ ကျင့်ကြံသူတွေ အများကြီးရှိတယ်"
ရွှမ်းယီက တပည့်ဖြစ်သူကို စိုးရိမ်စွာသတိပေးလိုက်သည်။
"မစိုးရိမ်ပါနဲ့ ဆရာ။ ရှောင်ရိက နင်ချင်းယွင်ကို အနိုင်ယူနိုင်ပါတယ်။ ကျွန်တော်တို့က မနိုင်ရင်တောင် သေမှာမဟုတ်ဘူး"
ယဲ့ချန်က ယုံကြည်မှုရှိစွာ ဖြေလိုက်သည်။
"ဂရုစိုက်ကြပါ။ အပြင်ဘက်မှာ မင်းကိုစောင့်ကြည့်နေတဲ့ လူတွေရှိတယ်"
ရွှမ်းအဆောင်တွင် ရှောင်ရိက နင်ချင်းယွင်ကို ရိုက်နှက်ခဲ့သည့်အဖြစ်က လူတိုင်း၏စိတ်ထဲတွင် လတ်လတ်ဆတ်ဆတ် ထင်ဟပ်နေဆဲပင်ဖြစ်သည်။ ထို့ကြောင့် ရွှမ်းယီက တစ်ချက်တွေးပြီးနောက် ခွင့်ပြုလိုက်သည်။
"အများဆုံး ဆယ်ရက်အတွင်း ကျွန်တော်ပြန်လာခဲ့ပါမယ်။ စကားမစပ် ဧကရာဇ်မင်ဝူကို ဒီရက်ပိုင်း သူနဲ့ငါးဖမ်းမသွားနိုင်ဘူးဆိုတာ ပြောပေးပါဦးခင်ဗျ"
ယဲ့ချန်က ဦးညွှတ်၍ အရိုအသေပေးလိုက်သည်။
"ကောင်းပြီ"
ရွှမ်းယီက ခေါင်းညိတ်သည်။
ဆရာရွှမ်းယီကို နှုတ်ဆက်ပြီးနောက် ယဲ့ချန်က အဝတ်အစားများ ပြောင်းလဲလိုက်သည်။ ထို့နောက် သူက ယဲ့မျိုးနွယ်ထံမှ စာကို သယ်ဆောင်လာသော လင်းတနီကို ဆင့်ခေါ်လိုက်၏။
လင်းတနီက ခပ်တိုးတိုးအော်မြည်ကာ အတောင်များကိုဖြန့်၍ ရောက်ရှိလာသည်။ ထို့နောက် ၎င်းက ယဲ့ချန်တို့သုံးယောက်ကို သယ်ဆောင်ကာ မြစိမ်းတိမ်ဂိုဏ်းရှိရာ အရှေ့အရပ်ထံ ဦးတည်ပျံသန်းလိုက်လေသည်။
ယဲ့ချန်သည် မြစိမ်းတိမ်ဂိုဏ်းတွင် ယဲ့ရွှမ်၏အခြေအနေကို သိချင်နေမိသည် ။ သူက နွေးထွေးကာ ကြင်နာတတ်သော ဝမ်းကွဲညီမလေးကို ချစ်ခင်ပေသည်။ ယဲ့အိမ်တော်တွင် အတူတကွကြီးပြင်းလာသည်ဖြစ်ရာ စကားများများ မပြောဖြစ်သော်လည်း မောင်နှမဟူသော သွေးစည်းမှုက နက်ရှိုင်းစွာတည်ရှိနေသည်။
မြစိမ်းတိမ်ဂိုဏ်းသည် တောင်တန်းတစ်ခုပေါ်တွင် တည်ဆောက်ထားခြင်းဖြစ်သည်။ နက်ရှိုင်းသော သစ်တောများအတွင်း လှည့်ပတ်သွားလာနေသော မှော်သားရဲများလည်း တောင်တန်းတွင် ကျက်စားနေကြသည်။ အပြာရောင်ကျောက်တုံးများဖြင့် ခင်းထားသော လမ်းတစ်ခုက တိမ်များအကြားရှိ အဆောက်အအုံများထံ ဦးတည်ဖောက်လုပ်ထားသည်။
ဤနေရာက ရှီဝူအင်ပါယာ၏ ဂိုဏ်းကြီးသုံးဂိုဏ်းအတွင်းမှ မြစိမ်းတိမ်ဂိုဏ်းဖြစ်သည်။ ဂိုဏ်းတွင် တပည့်ပေါင်းသောင်းချီရှိပြီး အင်ပါယာတစ်ခွင်ရှိ မျိုးနွယ်အသီးသီးမှ လာရောက်ကျင့်ကြံကြခြင်း ဖြစ်သည်။
ယဲ့ချန် အလွန်ငယ်ရွယ်စဥ်က ယဲ့မျိုးနွယ်ဝင်များက မြစိမ်းတိမ်ဂိုဏ်းသို့ ဝင်ရောက်တတ်ကြသည်။ သူတို့အတွက် ဤဂိုဏ်းက ဝင်ရောက်ရန်ခက်ခဲသော အစွမ်းထက်တည်ရှိမှုတစ်ခုဖြစ်သည်။ ဂိုဏ်းသားများအဖြစ် ရွေးချယ်ခံရသူတိုင်းက အလွန်ဂုဏ်ယူတတ်ကြသည်။ ထို့ကြောင့် ယဲ့ချန်သည် ညီမဖြစ်သူက မြစိမ်းတိမ်ဂိုဏ်းနှင့်ဆက်သွယ်သောအခါ မတားမြစ်ခြင်းဖြစ်သည်။ အကယ်၍ အချိန်ကိုသာ နောက်ပြန်လှည့်နိုင်မည်ဆိုလျှင် သူက သေချာပေါက်တားမြစ်ခဲ့ပေလိမ့်မည်။
လက်ရှိတွင် ယဲ့ချန်၏အနေအထားက မြစိမ်းတိမ်ဂိုဏ်း၏အထက်သို့ ရောက်ရှိနေပြီဖြစ်သည်။ ရွှမ်အာကို သွားရောက်ခေါ်ဆောင်ခြင်းက ပြဿနာများစွာ မရှိနိုင်ပေ။
ယဲ့ချန်၊ရှောင်ရိ နှင့်အမွေးပွလေးက လင်းတနီ၏ကျောပေါ်မှ ခုန်ချကာ သစ်တောအတွင်း ဝင်ရောက်သွားကြသည်။ ထို့နောက် ယဲ့ချန်က ဝိညာဥ်အသိစိတ်ကို ထုတ်လွှတ်ကာ မြစိမ်းတိမ်ဂိုဏ်းအား ထောက်လှမ်းခဲ့သည်။
ယဲ့ချန်သည် အစွမ်းထက်လူနှစ်ယောက်ကို မြစိမ်းတိမ်ဂိုဏ်းအတွင်း အာရုံခံနိုင်ခဲ့သည်။ တစ်ယောက်က ကောင်းကင်ဝိဇ္ဇာဖြစ်၍ နင်ချင်းယွင်ဖြစ်ပေသည်။ ကျန်တစ်ယောက်၏အရှိန်အဝါက တောင်စောင်းတစ်ခုရှိဂူအတွင်းမှ ထွက်ပေါ်နေခဲ့သည်။ ၎င်းက လူသားမဟုတ်ဘဲ ကောင်းကင်အဆင့် သားရဲတစ်ကောင် ဖြစ်နေခဲ့သည်။
နင်ချင်းယွင်က ထိုကောင်းကင်ထိပ်ဆုံးအဆင့် သားရဲနှင့် အတူတကွရှိနေခဲ့သည်။
ယဲ့ချန်သည် ထိုသားရဲ၏ရုပ်သွင်အမှန်ကို မမြင်နိုင်ခဲ့ပေ။ ၎င်းကို ဝိညာဥ်အသိစိတ်ဖြင့် ထောက်လှမ်းလိုက်သောအခါ လူသားတစ်ယောက်၏အသွင် ယူထားမှန်း သိလိုက်ရသည်။ အနီရောင်ဆံပင်နှင့် မုတ်ဆိတ်များရှိသော ခါးကိုင်းကိုင်း အဘိုးအိုတစ်ယောက်ပင် ဖြစ်သည်။ သားရဲ၏မူလအသွင်က နေမီးတောက်ငှက်ဖြစ်ပြီး နှစ်ပေါင်းများစွာ ရှင်သန်လာသဖြင့် ကောင်းကင်ထိပ်ဆုံးအဆင့် သားရဲတစ်ကောင် ဖြစ်နေခဲ့သည်။
အဘိုးအို၏ရှေ့တွင် နင်ချင်းယွင်က အလွန်ရိုသေလေးစားနေပုံပေါ်သည်။ သူက ခါးကို အစွမ်းကုန်ကိုင်းထားသဖြင့် ဘောလုံးတစ်လုံးနှင့်ပင် တူညီနေသည်။
"မဟာဘိုးဘေး ကျွန်တော့်သား နင်ချန်ဖုန်းကနည်းနည်းဆိုးသွမ်းပေမယ့် ထျန်းချီအဆင့်တစ်ဆယ်ကို ရောက်နေပါပြီ။ သူ့အသက်က ၃၅နှစ်ရှိသေးလို့ ပါရမီကောင်းမွန်တာ သေချာပါတယ်။ လူသားအဆင့်ဆေးတစ်လုံးနဲ့ဆိုရင် သူက အစွမ်းပိုထက်လာဦးမယ်။ ကျွမ်ကျိကတော့ မဟာအကြီးအကဲရဲ့ တရားမဝင်ကလေးတစ်ယောက်ပါ။ သူ့ပါရမီကမဆိုးလို့ အသက်၂၇မှာ အဆင့်တစ်ဆယ်ကိုရောက်ပေမယ့် အစွမ်းထက်လာဖို့ မလွယ်ပါဘူး"
နင်ချင်းယွင် စကားပြောလိုက်တိုင်း ပါးနှစ်ဖက်ရှိ အသားစိုင်ကြီးများ လှုပ်ခတ်ကုန်သည်။
"ကိုယ်ကျင့်တရားမကောင်းရင် တာဝန်ကိုလက်ခံနိုင်မှာ မဟုတ်ဘူး"
အဘိုးအိုက စိတ်ပျက်နေဟန်ဖြင့် အေးစက်စက်ပြောလိုက်သည်။
"ဒါပေမယ့် ဘိုးဘေး ကျွမ်ကျိကလည်း မိန်းကလေးတပည့်တစ်ယောက်ကို မျက်စိကျနေတာပါ"
အဘိုးအို၏စကားကြောင့် နင်ချင်းယွင်က စောဒကတက်ရန် ကြိုးစားလိုက်သည်။ ဘိုးဘေးက အသက်ခြောက်ရာကျော်ပြီး မြစိမ်းတိမ်ဂိုဏ်းတွင် အလွန်အဆင့်အတန်းမြင့်သည်။ အတိတ်တွင် သူက ဂိုဏ်းချုပ်နေရာကိုရခဲ့ခြင်းမှာ ဘိုးဘေးက သဘောတူသောကြောင့်ဖြစ်သည်။ အကယ်၍ ဘိုးဘေးသာ သဘောမတူလျှင် သူ၏သားကို ဂိုဏ်းချုပ်နေရာလွှဲပြောင်းပေးနိုင်ရန် နင်ချင်းယွင် မတတ်နိုင်ချေ။
"ဘယ်လိုဖြစ်ဖြစ် နင်ချန်ဖုန်းက ဂိုဏ်းချုပ်ဖြစ်ဖို့ မသင့်တော်ဘူး"
အဘိုးအိုက စိတ်မရှည်ဟန်ဖြင့် လက်ခါပြလိုက်သည်။
ယဲ့ချန်သည် မြစိမ်းတိမ်ဂိုဏ်းတွင် ဤသားရဲ၏အဆင့်အတန်းက အလွန်မြင့်ကြောင်း နားလည်သွားခဲ့သည်။ နေမီးတောက်ငှက်တစ်ကောင်က မည်ကဲ့သို့ မြစိမ်းတိမ်ဂိုဏ်း၏ဘိုးဘေး ဖြစ်နေရသနည်းဟူသော အမေးကိုလည်း တွေးမိလိုက်သည်။
"ဘယ်သူလဲကွ"
ထိုအချိန်တွင် အဘိုးအိုက တစ်ခုခုကို အာရုံခံမိသွားဟန်ဖြင့် ဒေါသတကြီး အော်ငေါက်လိုက်သည်။
ယဲ့ချန်က ဝိညာဥ်အသိစိတ်ကို ချက်ချင်းရုတ်သိမ်းလိုက်သည်။
"ဘိုးဘေး ဘာများမှားနေလို့လဲ"
နင်ချင်းယွင်က အဘိုးအို၏စကားကို နားမလည်ဟန်ဖြင့် မေးလိုက်သည်။
"ဘာမှမဟုတ်ဘူး။ ငါ အမြင်မှားသွားတာ ဖြစ်မယ်။ မင်း ပြန်လို့ရပြီ"
အဘိုးအိုက သံသယရှိနေသော်လည်း ခေါင်းယမ်းလိုက်သည်။
ယဲ့ချန်သည် ဝိညာဥ်အသိစိတ်ကို အသုံးချရာတွင် လှိုင်းများထွက်နေသဖြင့် ကောင်းကင်သားရဲက အာရုံခံမိသွားခြင်းဖြစ်သည်။ သူက ဝိညာဥ်အသိစိတ်၏ အလုပ်လုပ်ပုံကို အသားမကျသေးပေ။ ကောင်းကင်အဆင့် သားရဲတစ်ကောင်က မြစိမ်းတိမ်ဂိုဏ်းတွင်ရှိနေခြင်းက မယုံကြည်နိုင်လောက်အောင် ထူးဆန်းဖွယ်ပင်ဖြစ်သည်။
သို့သော် ယဲ့ချန်က ၎င်းကို ကြောက်လန့်နေခြင်း မရှိပေ။ မိစ္ဆာဘုရင်အဆင့် သားရဲတစ်ကောင်သာ ထွက်ပေါ်မလာလျှင် သူ့အတွက် အန္တရာယ်မရှိချေ။
မြစိမ်းတိမ်ဂိုဏ်း၏ အခြားခြံဝန်းတစ်ခုတွင် ဖြစ်သည်။
"ယဲ့ရွှမ် ထင်းတွေ အဆင်သင့်ဖြစ်ပြီလား။ မီးဖိုချောင်ကစောင့်နေပြီ။ မြန်မြန်လုပ်စမ်း"
ရုပ်ဆိုးသော အမျိုးသမီးဝဝကြီးတစ်ယောက်က ခြံဝန်းတံခါးကို ခြေဖြင့်ကန်ဖွင့်၍ ဝင်ရောက်လာသည်။
"ပြီးခါနီးပါပြီ"
ယဲ့ရွှမ်က ခေါင်းကိုငုံ့၍ ထင်းများခွဲနေရသည်။ သူမ၏ လှပကာနူးညံ့သော လက်ကလေးများတွင် အမာရွတ်များစွာက နေရာယူထားသည်။
"နင့်ကို သခင်လေးနင်ကကြိုက်တာ အတော်ကံကောင်းတယ်။ ဒါတောင် အရှက်မရှိတဲ့ကောင်မက လက်မခံဘူး"
ထိုမိန်းမက ယဲ့ရွှမ်ကို ရွံရှာဟန်ဖြင့်ကြည့်ကာ နှာခေါင်းရှုံ့လိုက်သည်။
ယဲ့ရွှမ်သည် မြစိမ်းတိမ်ဂိုဏ်းအတွင်း ဝင်ရောက်ခဲ့သည်မှာ နှစ်ဝက်ကျော်ပြီဖြစ်သည်။ သူမ၏ပါရမီက ထူးခြားကောင်းမွန်သဖြင့် ကျင့်ကြံရာတွင် အခက်အခဲမရှိပေ။ သန္ဓေသားဂျင်ဆင်းကဲ့သို့ ဆေးအထောက်အပံ့များစွာလည်း ရခဲ့သည်။ သူမက အသက်၁၆နှစ်အရွယ်တွင် ထျန်းအဆင့်ကိုး၏ အလယ်အဆင့်သို့ တက်ရောက်နိုင်ခဲ့သည်။ သူမက လူငယ်မျိုးဆက်တွင် ထွန်းတောက်သော ပါရမီရှင်တစ်ယောက်ဖြစ်လာပြီးနောက် ပြဿနာတစ်ခု ဖြစ်ပွားလာသည်။ ဂိုဏ်းချုပ်နင်ချင်းယွင်၏သား နင်ချန်ဖုန်းက သူမကိုနှစ်သက်သဖြင့် အကြိမ်အနည်းငယ် ပိုးပန်းခဲ့သည်။ သူမက ထိုလူကိုမကြိုက်သဖြင့် ငြင်းဆန်ခဲ့သည်။ နင်ချန်ဖုန်းက လက်လျှော့ပြီဟု ထင်မှတ်ရသော်လည်း သူ၏နောက်လိုက်များဖြင့် ယဲ့ရွှမ်ကိုခက်ခဲစေရန် အမိန့်ပေးထားခဲ့သည်။
မူလတွင် သူမသည် မြစိမ်းတိမ်ဂိုဏ်းကို ရည်မှန်းချက်ကြီးစွာဖြင့် ဝင်ရောက်ခဲ့ခြင်းဖြစ်သည်။ သူမက ယဲ့မျိုးနွယ်သို့ အစွမ်းထက်ကျင့်ကြံသူတစ်ယောက်အဖြစ် ပြန်လိုခဲ့သည်။ သို့သော် အရှိတရားက အိပ်မက်များထက် ပို၍ရက်စက်တတ်သည်။ မိန်းကလေးငယ်တစ်ယောက်အတွက် ဤကမ္ဘာကြီးက အခက်အခဲများပြည့်နှက်နေသည်။ သူမက ယဲ့အိမ်တော်သို့ပြန်လိုခဲ့သည်။ ထိုနေရာတွင် ဖခင်၊ ဦးလေးများ၊ ဘိုးဘိုးကြီးနှင့် အစ်ကိုယဲ့ချန်က သူမကို အဖိုးတန်ရတနာလေးပမာ ဆက်ဆံကြသည်။
ယဲ့ရွှမ်သည် မြစိမ်းတိမ်ဂိုဏ်းမှ ထွက်ပြေးလိုသော်လည်း မျက်ရည်များကိုထိန်းသိမ်းပြီး သည်းခံနေခဲ့သည်။ မည်မျှနှိပ်စက်ခံရပါစေ သူမက အလျှော့မပေးခဲ့ပေ။ သူမက ယဲ့မျိုးနွယ်၏ အရှုံးသမားတစ်ယောက်အဖြစ် ပြန်မသွားလိုခဲ့ပေ။ အကြောင်းအရင်းမှာ ဝမ်းကွဲအစ်ကိုကဲ့သို့ မျိုးနွယ်ကိုကာကွယ်ပေးနိုင်သော အစွမ်းထက်သူတစ်ယောက် ဖြစ်လိုသောကြောင့်ပင်။ မည်မျှခက်ခဲပါစေ သူမက အံကြိတ်ပြီး ရှေ့ဆက်လျှောက်ရပေလိမ့်မည်။
"ထင်းတွေကို မီးဖိုချောင်ဆီ သယ်ခဲ့စမ်း"
မိန်းမဝဝကြီးက အော်ဟစ်လိုက်သည်။
ယဲ့ရွှမ်က အံကြိတ်ပြီး ထင်းစည်းများကို သယ်ဆောင်လိုက်သည်။
"ကောင်းကင်ချီသုံးလို့ရတယ်လို့ နင့်ကို ဘယ်သူကပြောထားလို့လဲ"
မိန်းမဝကြီးက ရက်စက်စွာဖြင့် ယဲ့ရွှမ်၏မျက်နှာလေးကို ရိုက်ချလိုက်သည်။
သူမ၏မျက်ဝန်းထဲတွင် မျက်ရည်စများ ဝေ့သီလာကာ မြေပြင်သို့ပုံလျက်သား လဲကျသွားခဲ့သည်။
"အိုး တော်တော်သနားစရာကောင်းတဲ့ မြင်ကွင်းလေးပါလား။ နင့်အတွက် စိတ်မကောင်းတောင်ဖြစ်မိသွားတယ်။ ငါသာ နင်ဆိုရင် သခင်လေးနင်အတွက် အလုပ်အကျွေးပြုနေလောက်ပြီ။ မြစိမ်းတိမ်ဂိုဏ်းက ရှီဝူအင်ပါယာမှာ ဘယ်လောက်အစွမ်းထက်သလဲ နင် သိလား။ တချို့နိမ့်ကျတဲ့မျိုးနွယ်လေးထက်တော့ အများကြီးသာတယ်။ ယဲ့မျိုးနွယ်က လူတစ်ယောက် ဒုတိယမင်းသားဖြစ်သွားတယ်တဲ့။ သခင်လေးနင်ရဲ့အမိန့်တစ်ချက်နဲ့တင် သူ့ကို သတ်ပစ်လိုက်လို့ရတယ် ကောင်မရဲ့။ ယဲ့မျိုးနွယ်ကိုဒုက္ခမရောက်စေချင်ရင် လိမ်လိမ်မာမာမာနဲ့လက်ခံလိုက်။ နင့်အိမ်ဆိုတဲ့ ယဲ့မျိုးနွယ်ကလည်း နင့်ကို မကာကွယ်နိုင်ဘူး ဟား ဟား"
မိန်းမဝကြီးက ယဲ့ရွှမ်၏လှပသော မျက်နှာလေးကို မနာလိုစိတ်ကြီးစွာဖြင့် တဖြန်းဖြန်းရိုက်နှက်နေသည်။ သူမသည် ဂိုဏ်း၏ မဟာအကြီးအကဲမှမွေးသော သမီးတစ်ယောက်ဖြစ်သည်။ ကျင့်ကြံခြင်းတွင် အသက်၃၅နှစ်၌ အဆင့်တစ်ဆယ်သို့ရောက်သောကြောင့် ထူးချွန်သည်။ သူမက ဂိုဏ်းတွင်း၌ အဆင့်အတန်းမြင့်သောကြောင့် လှပသည့်မိန်းကလေးတပည့်များကို အနိုင်ကျင့်တတ်သည်။ အကြောင်းအရင်းမှာ သူမ၏ကတ်တီသုံးရာလေးသော ပုံပျက်ပန်းပျက်ခန္ဓာကိုယ်အတွက် အငုံ့စိတ်ဝင်နေသောကြောင့်ပင်။ သူမ၏ဘဝတလျှောက်လုံး မိန်းမလှများကို မနာလိုစွာဖြင့် အနိုင်ကျင့်ရင်း ရှင်သန်လာခဲ့သည်။
"ယဲ့ရွှမ်က နတ်သမီးလိုလှပြီး ပါရမီရှိတော့ရော ဘာဖြစ်လဲ။ ငါ အနိုင်ကျင့်တာ ခံနေရပြီမလား ဟင်း ဟင်း"
မိန်းမဝကြီး၏စိတ်ထဲတွင် ယဲ့ရွှမ်၏အလှအပေါ် အလွန်အမင်း မနာလိုဖြစ်နေခဲ့သည်။ အကယ်၍ သခင်လေးနင်သာ ဤမိန်းမကိုမလိုချင်လျှင် သူမက ယခုထက် ပို၍နှိပ်စက်ပေလိမ့်မည်။
"နင်ကဘယ်လောက်လှလှ အိပ်ရာထဲရောက်သွားရင် အရှက်မရှိတဲ့ကြက်မ ဖြစ်သွားမှငါ့ရှေ့မှာရို ရိုးသားချင်ယောင်ဆောင်နေတာ ရပ်စမ်း။ နင့်ကို သုံးရက်အချိန်ပေးမယ်။ သုံးရက်အတွင်း သခင်လေးနင်ကိုပြုစုဖို့ လက်မခံဘူးဆိုရင် နင့်ကိုအဝတ်တွေချွတ်ပြီး ယောကျ်ားတပည့်တွေရှေ့မှာ ကြိုးတုပ်ထားမယ်။ အဲ့အချိန်မှ ရိုးသားချင်ယောင်ဆောင်နေလိုက်ဦး"
မိန်းမဝကြီးက ရက်စက်စွာဖြင့် ယဲ့ရွှမ်ကို ခြိမ်းခြောက်လိုက်သည်။
သူမ၏ခြိမ်းခြောက်စကားကြောင့် ယဲ့ရွှမ်မှာ မျက်နှာတစ်ခုလုံး သွေးဆုတ်ပြီး ဖြူဖပ်ဖြူရော်ဖြစ်သွားခဲ့သည်။ သူမ၏အရှက်အတွက် အသက်နှင့်ပင် လဲပစ်မည်ဟု ဆုံးဖြတ်လိုက်လေသည်။