← Chapters

ကျွန်တော် ဗိုက်ဆာတယ်

Vol. 14 Ch. 188

ကျွန်တော် ဗိုက်ဆာတယ်

Vol. 14 Ch. 188

*** (ဘာသာပြန်သူ၏ မှတ်ချက်။ ။ မိစ္ဆာဘုရင်အဆင့်ဟု သုံးစွဲထားသည်ကို နတ်ဘုရင်အဆင့်ဟု ပြောင်းလဲပြန်ဆိုသွားပါမည်)

မြစိမ်းတိမ်ဂိုဏ်း၏မျိုးဆက်များက မည်သည့်အတွက် မူမမှန်သော ပုံသဏ္ဍာန်များရှိနေရသည်ကို မည်သူမှမသိကြပေ။ နင်ချင်းယွင်နှင့် မိန်းမဝကြီးကဲ့သို့ အသားလုံးကြီးများနှင့် ကျွမ်ပိုင်မိုကဲ့သို့ ဝါးပင်ပမာပိန်လွန်းသူများက မျိုးရိုးဗီဇအရ ဖြစ်နိုင်သည်။

နင်ချင်းယွင်နှင့် မဟာဘိုးဘေးက ခြံဝန်းအတွင်း ဆင်းသက်လာကြသည်။ နင်ချင်းယွင်က ပတ်ဝန်းကျင်ကို တစ်ချက်ကြည့်လိုက်သောအခါ ရှောင်ရိကိုမြင်သဖြင့် ခြေနှစ်လှမ်း နောက်ဆုတ်လိုက်မိသည်။ ရွှမ်းအဆောင်မှ တိုက်ပွဲ၏ဖြစ်အင်က သူ၏စိတ်ထဲတွင် ယခုအချိန်အထိ လတ်ဆတ်နေဆဲပင်​ဖြစ်သည်။ ဤနှစ်ယောက်ရောက်ရှိလာသောအကြောင်းကို မသိသော်လည်း သူက ထိတ်လန့်စပြုလာသည်။

"မင်းတို့က ဘယ်သူတွေလဲ။ ဘာကြောင့် မြစိမ်းတိမ်ဂိုဏ်းကို ကျူးကျော်လာတာလဲ"

ဘိုးဘေး၏အကြည့်က ယဲ့ချန်တို့လေးယောက်အပေါ် ကျရောက်သွားကာ ဒေါသတကြီး အော်မေးလာခဲ့သည်။

"ငှက်အိုကြီးတစ်ကောင်က ငါ့ရှေ့မှာ လာမောက်မာပြနေပါလား။ နင်ချန်ဖုန်းဆိုတဲ့ ခွေးကောင်ကို မြန်မြန်ထုတ်ပေးစမ်း။ ဒီကောင့်ကို ကောင်းကောင်းမရိုက်ရဘူးဆိုရင် မင်းရဲ့မြစိမ်းတိမ်ဂိုဏ်းကို ငါ ဖျက်ဆီးပစ်မယ်။ မင်းတို့က နည်းနည်းလေးနောက်ကျနေရင်တောင် ငါ့အကြောင်း သိစေရမယ်"

ယဲ့ချန်က မြစိမ်းတိမ်ဂိုဏ်းဘိုးဘေး၏ သရုပ်မှန်ကို ထုတ်ဖော်ခေါ်ဝေါ်ကာ အမိန့်ပေးလိုက်သည်။ သူ၏စိတ်ထဲတွင် ကောင်းကင်အဆင့်မှော်သားရဲတစ်ကောင်က မောက်မာပြနေခြင်းကို အထင်အမြင်သေးနေခဲ့သည်။ နတ်ဘုရင်အဆင့်မှော်သားရဲများကိုပင် သူက မကြောက်သောကြောင့် နေမီးတောက်ငှက်ကို စကားထဲထည့်ပြောရန် မလိုချေ။ ရှောင်ရိ၏အသွင် အစစ်အမှန်ပေါ်လာပါက ဤသားရဲမှာ ကြောက်လွန်းသဖြင့် ဒူးတုန်နေရမည် ဖြစ်သည်။

ယဲ့ရွှမ်သည် ယဲ့ချန်၏လက်မောင်းကို စိုးရိမ်တကြီးဆုပ်ကိုင်လိုက်မိသည်။ ဆံပင်နီအဘိုးအိုမှာ မြစိမ်းတိမ်ဂိုဏ်း၏ဘိုးဘေး ကောင်းကင်ဝိဇ္ဇာထိပ်ဆုံးအဆင့် ကျင့်ကြံသူဖြစ်ကြောင်း သူမ သိထားသည်။ အတူတကွရောက်ရှိလာသော လူဝကြီးမှာလည်း ဂိုဏ်းချုပ်နင်ချင်းယွင်ဖြစ်ကာ ဘိုးဘေးနှင့် ကျင့်ကြံဆင့်တူညီပေသည်။ ဤအစွမ်းထက်ရန်သူနှစ်​ယောက်ရှေ့တွင် ယဲ့ချန်က မောက်မာပြနေသဖြင့် သူမက အလွန်စိုးရိမ်ပူပန်နေသည်။

"ဘာတွေဖြစ်နေတာလဲ"

ယဲ့ချန်၏စကားကြောင့် ဘိုးဘေးက ဒေါသထွက်သွားခဲ့သည်။ သူက နင်ချင်းယွင်ဘက်သို့လှည့်ကာ ဒေါသတကြီးမေးလိုက်သည်။ဆယ်ကျော်သက်အရွယ် လူငယ်လေးတစ်ယောက်က သူ၏ဂိုဏ်းအတွင်း လာရောက်မောက်မာပြနေသည်ကို သည်းမခံနိုင်ခဲ့ပေ။ လွန်ခဲ့သောနှစ်များအတွင်း သူ၏သည်းခံစိတ် မြင့်တက်လာသောကြောင့်သာ မဟုတ်လျှင် ငှက်အိုကြီးဟု အခေါ်ခံရသည့်အတွက် ယဲ့ချန်ကို ရိုက်နှက်ပြီးဖြစ်ပေလိမ့်မည်။ သို့သော် ဆန်းကျယ်ဝိဇ္ဇာအဆင့် လူသားကျင့်ကြံသူများပင် မမြင်နိုင်သော သူ၏သရုပ်မှန်ကို ယဲ့ချန်က သိနေသဖြင့်လည်း အံ့သြနေမိသည်။

"မဟာဘိုးဘေး ဖြစ်ပျက်သမျှက ဒီလိုပါ။ နင်ချန်ဖုန်းက ယဲ့ရွှမ်ဆိုတဲ့မိန်းကလေးကို ကြိုက်နှစ်သက်ခဲ့ပါတယ်။ သူမက မြစိမ်းတိမ်ဂိုဏ်းသားတစ်ယောက်ဖြစ်ပြီး ဒီ​ကောင်လေးက သူ့အစ်ကိုပါ"

ကျွမ်ပိုင်မိုက တစ်ဖက်စောင်းနင်း ရှင်းပြလိုကိသည်။

"ကိစ္စက တော်တော်ကြီးတယ်လို့ ထင်ထားတာ။ မင်းတို့က ဒီကိစ္စလေးကိုတောင် မကိုင်တွယ်နိုင်ဘူးလား။ ဒီမိန်းမကြောင့် အပြင်လူတွေက ပြဿနာလာရှာနေကြတယ်။ အပြင်လူတွေကိုဆွဲထုတ်ပြီး သူမကို ဂိုဏ်းစည်းကမ်းအတိုင်း အပြစ်ပေးလိုက်စမ်း"

နင်ချန်ဖုန်းက မည်မျှဆိုးယုတ်နေပါစေ ဂိုဏ်းချုပ်၏သားဖြစ်သောကြောင့် မဟာဘိုးဘေးက မျက်နှာသာပေးလိုက်သည်။

နင်ချင်းယွင်သည် ကြောက်လန့်စွာဖြင့် ရှောင်ရိကို ကြည့်လိုက်မိသည်။ သူက ရှောင်ရိ၏ခွန်အားကိုသိထားသဖြင့် ဘိုးဘေးကို တားမြစ်လိုသော်လည်း မည်သို့ပြောရမှန်းမသိ ဖြစ်နေခဲ့သည်။ ပြဿနာအားလုံး၏အစက သူ၏သားဖြစ်သူ နင်ချန်ဖုန်းကြောင့် ဖြစ်သည်။ နင်ချင်းယွင်သည် ယဲ့ရွှမ်မှာ ယဲ့ချန်၏ညီမဖြစ်​ကြောင်းသိလျှင် သူမကို မြစိမ်းတိမ်ဂိုဏ်းအတွင်းမှ နှင်ထုတ်ထားမိမည်ဖြစ်သည်။

သူတို့ကတိုက်ခိုက်လျှင် ရှောင်ရိ၏ခွန်အားအရ နင်ချင်းယွင်မှာ ဇောချွေးပြန်နေခဲ့သည်။ ဝိညာဥ်အဆင့်သုံးလက်နက်ဖြစ်သော မြစိမ်းတိမ်ဓားသည်ပင် ဤကလေးကို ထိခိုက်အောင် မလုပ်နိုင်ပေ။

"ဘိုးဘေး ခဏနေပါဦး။ ဒီကိစ္စက ချန်ဖုန်းရဲ့အမှားပါ"

နင်ချင်းယွင်က ဘိုးဘေးကိုတားမြစ်ရန် ကြိုးစားလိုက်သည်။ လက်ရှိတွင် သူက အခြေအနေများ ပိုဆိုးလာမည်ကို စိုးရိမ်နေခဲ့သည်။ ပြိုင်ဘက်များက ဆန်းကျယ်သော နောက်ခံရှိနေနိုင်သဖြင့် မြစိမ်းတိမ်ဂိုဏ်းက သူတို့ကိုရန်စမိမည်အား ကြောက်လန့်နေခဲ့သည်။

"ဘယ်သူ့အမှားဆိုတာ အရေးမကြီးဘူးကွ။ ဒီအပြင်လူတွေက မြစိမ်းတိမ်ဂိုဏ်းထဲမှာ ပြဿနာလာရှာနေကြတယ်။ ငါတို့ဂိုဏ်းက ကောင်းကောင်းမကိုင်တွယ်နိုင်ရင် လူတကာလှောင်ရယ်စရာ ဖြစ်သွားမှာပေါ့။ အပြင်လူတွေကိုဆွဲထုတ်ပြီး ယဲ့ရွှမ်ကို ဖမ်းထားလိုက်ကြစမ်း"

သို့သော် ဘိုးဘေးက သူ၏စကားကိုနားမထောင်ဘဲ ဒေါသတကြီး အော်ဟစ်အမိန့်ပေးလိုက်ပြန်သည်။ နင်ချင်းယွင်မှာ မဟာဘိုးဘေး၏စကားကြောင့် နောက်ဆုတ်ရန် ခက်ခဲနေခဲ့သည်။ သူက ဤကိစ္စကို မည်သို့ဖြေရှင်းရမည်အား မစဥ်းစားနိုင်တော့ပေ။

ယဲ့ချန်မှာ သာမန်လူတစ်ယောက်ဖြစ်လျှင် အညှာအတာမဲ့စွာရိုက်နှက်ပြီး ဂိုဏ်းအပြင်သို့ နင်ချင်းယွင်က မောင်းထုတ်မည်ဖြစ်သည်။ ယဲ့ရွှမ်မှာမူ မြစိမ်းတိမ်ဂိုဏ်း၏ စည်းကမ်းအရ အပြစ်ပေးခံရပေလိမ့်မည်။ စွမ်းအားသာ မရှိပါက ယဲ့ချန်မှာ သေသည်အထိ ရိုက်သတ်ခံရနိုင်ချေရှိနေခဲ့သည်။

"အစ်ကိုကြီး ဒီကောင်တွေ တော်တော်လွန်နေပြီ"

ရှောင်ရိသည် နေမီးတောက်ငှက်၏ စော်ကားမှုကြောင့် ဒေါသထွက်လာခဲ့သည်။ သူက နေမီးတောက်ငှက်မှ အသွင်ပြောင်းထားသော မဟာဘိုးဘေးကို ကြည့်လေလေ အထင်အမြင်သေးလေလေ ဖြစ်သည်။

"ဟမ့် မင်းတို့က ငါ့ကို ဘယ်လိုဆွဲထုတ်မယ်ဆိုတာ ကြည့် ရသေးတာပေါ့။ မင်းတို့မှာ အစွမ်းရှိဖို့တော့လိုမယ်။ ရှောင်ရိ မူလအသွင်ပြောင်းလိုက်ကွာ"

ယဲ့ချန်က အေးစက်စက်ပြောလိုက်သည်။

"ဟုတ်ကဲ့"

ရှောင်ရိက ယဲ့ချန်၏စကားကြောင့် ပျော်ရွှင်စွာအော်ဟစ်လိုက်သည်။ နောက်ဆုံးတွင် သူက မူလအသွင်သဏ္ဍာန်ကို ပြောင်းလဲခွင့်ရပြီ ဖြစ်သည်။

ရှောင်ရိက လေပေါ်သို့ခုန်တက်လိုက်သောအခါ မီတာသုံးရာကျော်ရှည်သည့် မြွေကြီးတစ်ကောင်ဖြစ်သွားခဲ့သည်။ သူ၏ကိုယ်ထက်ရှိ အပြာရောင်အကြေးခွံများက နေရောင်အောက်တွင် တဖိတ်ဖိတ်တောက်နေခဲ့သည်။ မီးအိမ်သဏ္ဍာန်မျက်လုံးကြီးများက မြစိမ်းတိမ်ဂိုဏ်းသားများကို စိုက်ကြည့်နေခဲ့သည်။ သူ၏ကျောဘက်ရှိ အတောင်သုံးစုံကလည်း ဆက်တိုက်ခတ်နေပြီး လျှာကိုထုတ်၍ မြွေတွန်သံကြီးတစ်ခု မြည်ဟီးလာသည်။ ကြီးမားလှသော ဖိအားကြီးတစ်ခု ကောင်းကင်ထက်မှ ပြင်းထန်စွာ ကျဆင်းလာခဲ့သည်။ ရှောင်ရိက အမြှီးတစ်ချက်ယမ်းလိုက်သောအခါ မြစိမ်းတိမ်ဂိုဏ်း၏ အဆောက်အအုံများ ပြိုကျပျက်စီးကုန်သည်။

ဤကလေးက ရှေးဦးမှော်သားရဲတစ်ကောင် ဖြစ်သည်။ မြစိမ်းတိမ်ဂိုဏ်းသားများ၏ မျက်နှာများက ကြောက်လန့်နေသဖြင့် ဖြူရော်ကုန်သည်။

ရှောင်ရိက ရှေးဦးမှော်သားရဲတစ်ကောင် ဖြစ်သောကြောင့် သူတို့ကို စိတ်နှလုံးအတွင်းပိုင်းအထိ ကြောက်လန့်စေသည်။ မီတာသုံးရာကျော်ရှည်သော​​ မြွေနဂါးကြီးတစ်ကောင်က သူတို့အတွက် အလွန်ကြောက်မက်ဖွယ်ကောင်းနေပြီး သာမန်အဆင့်ကိုး အဆင့်တစ်ဆယ် သားရဲများနှင့်မတူကြောင်း ခံစားနေရသည်။

ရှောင်ရိက ဒဏ်ရာများ အရှင်းမပျောက်သေးသော်လည်း သားရဲအသွင်သို့ ပြောင်းလိုက်သောအခါ သူ၏ဖိအားကို သာမန်ကျင့်ကြံသူများ မခုခံနိုင်ကြပေ။ ရှေးဦးစွမ်းအင် အရှိန်အဝါကြီးက မြင်သူတိုင်းကို ကြောက်လန့်အေးခဲသွားစေလိမ့်မည်။

"နတ်ဘုရင်အဆင့်သားရဲ"

မဟာဘိုးဘေးမှာ အလွန်ကြောက်လန့်သွားသဖြင့် ခြေလှမ်းအနည်းငယ် နောက်ဆုတ်လိုက်မိသည်။ ဘိုးဘေး၏စကားကို ကြားသောအခါ နင်ချင်းယွင်၊ကျွမ်ပိုင်မိုစသူတို့မှာ လိပ်ပြာလွင့်မတတ် ကြောက်လန့်ကုန်သည်။ သူတို့အားလုံးက နတ်ဘုရင်အဆင့်ဆိုသည်ကို ကြားဖူးကြလေသည်။

သာမန်ဆိုလျှင် နတ်ဘုရင်သားရဲများက တောတောင်များအတွင်း နေထိုင်ကြသည်။ သူတို့၏လက်အောက်တွင် ကောင်းကင်အဆင့်နှင့် ဆန်းကျယ်အဆင့် မှော်သားရဲများစွာရှိသည်။ သူတို့က သိုသိုသိပ်သိပ်နေထိုင်တတ်ကြပြီး လူသားကမ္ဘာတွင် အများအားဖြင့် ထွက်ပေါ်မလာခဲ့ဖူးပေ။ အချို့သော နတ်ဘုရင်သားရဲများသာ အဆင့်တက်ရန်အတွက် လူသားများကြားတွင် အသွင်ပြောင်းနေထိုင်ကာ ဉာဏ်အလင်းကို ရှာဖွေကြသည်။

"ဟမ့် မင်းတို့က ဘာဆိုတာကိုတော့ သိသားပဲ။ ငါ့တို့ကို မြစိမ်းတိမ်ဂိုဏ်းထဲက ဆွဲထုတ်ပစ်မယ်။ ဒီစကားကို မင်းတို့ဘယ်လိုသက်သေပြမလဲ ကြည့်ရအောင်"

ယဲ့ချန်က မဟာဘိုးဘေး၊ နင်ချင်းယွင်နှင့် ကျွမ်ပိုင်မိုကို စိုက်ကြည့်လိုက်သည်။ ရှောင်ရိက ဒဏ်ရာရနေသဖြင့် မူလအသွင်ပြောင်းထားသော်လည်း တိုက်ခိုက်ရန် မသင့်တော်ပေ။ ရှောင်ရိ၏ရုပ်ခန္ဓာက ခုခံရေးအတွက် စိတ်ချနိုင်သော်လည်း နေမီးတောက်ငှက်နှင့်နင်ချင်းယွင်ကိုသတ်ရန် များစွာအားစိုက်ရပေလိမ့်မည်။ ယဲ့ချန်က ဤသို့ဖြစ်စေရန် ဆန္ဒမရှိပေ။

မဟာဘိုးဘေး၏ခန္ဓာကိုယ်က ကြောက်စိတ်ကြောင့် တုန်ခါနေသည်။ သူ၏ခြေထောက်နှစ်ဖက်က ဒုန်းခနဲမြည်သံနှင့်အတူ ယဲ့ချန်နှင့်ရှောင်ရိရှေ့တွင် ဒူးထောက်ကျသွားခဲ့သည်။

"ကျွန်တော်မျိုးက လင်းနို့တစ်ကောင်လို မျက်လုံးကန်းပြီး အရှင့်ကိုစော်ကားမိပါတယ်။ ကျေးဇူးပြုပြီး အသက်ချမ်းသာပေးပါ"

မဟာဘိုးဘေး၏အသံက တုန်ယင်နေသကဲ့သို့ တစ်ကိုယ်လုံးလည်း ကြောက်စိတ်ကြောင့် တုန်ခါနေသည်။ မြစိမ်းတိမ်ဂိုဏ်း၏ မဟာဘိုးဘေးမှာ မောက်မာမှုများ ကွယ်ပျောက်သွားပြီဖြစ်သည်။

ဤကလေးက နတ်ဘုရင်အဆင့် သားရဲတစ်ကောင်ဖြစ်သည်။ ၎င်း၏စွမ်းအားက မရေမတွက်နိုင်သော မှော်သားရဲများထက် သာလွန်ပေသည်။ ဤတောင်ပံပါမြွေနဂါးကြီးက ဒဏ္ဍာရီလာဖြစ်တည်မှုတစ်ခု ဖြစ်လေသည်။

မဟာဘိုးဘေး ဒူးထောက်လိုက်သည်နှင့်တပြိုင်နက် နင်ချင်းယွင်၊ ကျွမ်ပိုင်မိုနှင့် မြစိမ်းတိမ်ဂိုဏ်းသားများလည်း ဒူးထောက်လိုက်ကြရသည်။ သူတို့အားလုံး၏စိတ်ထဲတွင် တဏှာကြီးသော နင်ချန်ဖုန်းကို ဆဲဆိုနေကြသည်။ နင်ချန်ဖုန်းအနေဖြင့် နှစ်သက်စရာ မိန်းမများစွာရှိပါလျက် ယဲ့ချန်၏ညီမလေးကို သွားထိသည့်အတွက် သူတို့က နတ်ဘုရင်အဆင့်သားရဲတစ်ကောင်ကို စော်ကားမိနေပြီဖြစ်သည်။

နတ်ဘုရင်အဆင့်သားရဲကြီးက နှာတစ်ချက်မှုတ်လိုက်လျှင်ပင် မြစိမ်းတိမ်ဂိုဏ်းတစ်ခုလုံး အမှုန့်ဖြစ်သွားနိုင်သည်။

ယဲ့ရွှမ်သည် ယဲ့ချန်ကိုတလှည့် ကောင်းကင်ပေါ်ရှိရှောင်ရိကို တလှည့်ကြည့်ပြီး အံ့သြတကြီးဖြစ်နေခဲ့သည်။

နတ်ဘုရင်အဆင့်ဆိုသည်ကို ယဲ့ရွှမ်က နားမလည်သော်လည်း မြစိမ်းတိမ်ဂိုဏ်း၏အပြုအမူအရ အလွန်အစွမ်းထက်သော တည်ရှိမှုတစ်ခုဖြစ်ကြောင်း နားလည်လိုက်ရသည်။ ပို၍အရေးပါသည်မှာ ဤနတ်ဘုရင်အဆင့်က ယဲ့ချန်၏ နောက်လိုက်ဖြစ်နေခဲ့ခြင်းဖြစ်သည်။ ယဲ့ရွှမ်သည် သူမ၏အစ်ကိုဖြစ်သူက ယခင်ကထက် ပိုမိုအစွမ်းထက်လာကြောင်း ခံစားနေရသည်။ သူမ၏မျက်လုံးထဲတွင် ယဲ့ချန်မှာ မျိုးနွယ်ကိုကာကွယ်ပေးနိုင်စွမ်းရှိသော တောင်ကြီးတစ်လုံးဟုပင် ထင်မှတ်လာခဲ့သည်။

"စကားအပိုတွေမပြောနဲ့။ ခွေးကောင်နင်ချန်ဖုန်းကို မြန်မြန်သွားခေါ်လာစမ်း။ ငါ့ညီမကို ဘယ်လိုအမှိုက်မျိုးက အနိုင်ကျင့်ရဲတာလဲ ကြည့်ချင်တယ်။ ဒီနားကဖက်တီးမကိုလည်း အသားကင်လုပ်ပစ်မယ်"

ယဲ့ချန်က အေးစက်စက်ငေါက်ငမ်းလိုက်သည်။

"အဲ့ဒီခွေးကောင်လေးကို သွားခေါ်စမ်း"

စိတ်ဓာတ်ကျနေသော နင်ချင်းယွင်က အလောတကြီးအမိန့်ပေးလိုက်ခြင်း ဖြစ်သည်။ သူက ရှောင်ရိကို ရွှမ်းအဆောင်တွင် တိုက်ခိုက်ခဲ့ဖူးပြီး သားရဲတစ်ကောင်ဖြစ်ကြောင်း မသိခဲ့ပေ။  လက်ရှိတွင် ဤကြောက်မက်ဖွယ်သားရဲကြီးနှင့် ထပ်မံတိုက်ခိုက်မည်လားဟု မေးလာလျှင် ထွက်ပြေးမည်ဖြစ်သည်။

ကျွမ်ပိုင်မိုက နင်ချင်းယွင်၏အမိန့်ကြောင့် ချက်ချင်းထွက်ခွာသွားခဲ့သည်။ အချိန်ခဏအတွင်း သူက နင်ချင်းယွင်နှင့် ရုပ်ချင်းဆင်သော လူဝလေးတစ်ယောက်ကို ဖမ်းခေါ်လာခဲ့သည်။ နင်ချန်ဖုန်းမှာ မုတ်ဆိတ်ကျင်စွယ်များနှင့် အလွန်အရုပ်ဆိုးပြီး နင်ချင်းယွင်ထက် ပို၍အသက်ကြီးသည်ဟုပင် ထင်မှတ်ရသည်။

"မင်း ဘာလုပ်တာလဲ။ ဘာကြောင့် ငါ့ကို ဖမ်းခေါ်လာတာလဲ"

နင်ချန်ဖုန်းက ကျွမ်ပိုင်မိုကို ဒေါသတကြီးအော်ငေါက်လိုက်သည်။ သူက အခန်းအတွင်း၌ ဂိုဏ်းတပည့်မတစ်ယောက်နှင့် လောကစည်းစိမ်ခံစားနေစဥ် ရုတ်တရက် ဖမ်းခေါ်ခံလာရခြင်းဖြစ်သည်။

သို့သော် နင်ချန်ဖုန်းက ပတ်ဝန်းကျင်တွင် မဟာဘိုးဘေးဦးဆောင်သော လူတစ်စု ဒူးထောက်နေသည်ကို မြင်သောအခါ ကြက်သေသေသွားခဲ့သည်။

"မင်း.....မင်းတို့က ဘယ်သူတွေလဲ။ မြစိမ်းတိမ်ဂိုဏ်းကို ဘာကြောင့်ရောက်လာတာလဲ"

ထို့နောက် သူက ကောင်းကင်ထက်ရှိ ရှောင်ရိကိုမြင်သောအခါ သေးထွက်ကျလုမတတ် ကြောက်လန့်သွားခဲ့သည်။ နင်ချန်ဖုန်းက ယဲ့ချန်ကိုကြည့်၍ ထစ်ထစ်အအနှင့် မေးလိုက်သည်။

"မင်းက စကားတော့ ပြောနိုင်သားပဲ"

ယဲ့ချန်က အရုပ်ဆိုးကာ တဏှာကြီးသော နင်ချန်ဖုန်းကို စက်ဆုပ်စွာကြည့်လိုက်သည်။ ဤကဲ့သို့လူမျိုးက သူ၏ညီမလေးကို အနိုင်ကျင့်ခဲ့သည်ကို လုံးဝသည်းမခံနိုင်ပေ။

"မင်း...မင်း ဘာလုပ်မလို့လဲ"

ယဲ့ချန်က ရှေ့သို့တစ်လှမ်းချင်း တိုးလာသောအခါ နင်ချန်ဖုန်းမှာ ကြောက်အားလန့်အားနှင့် တုန်လှုပ်နေခဲ့သည်။

"ကြည့်ရတာ မင်းက မြစိမ်းတိမ်ဂိုဏ်းမှာ တော်တော်အာဏာရှိတယ်ထင်တယ်။ မိန်းကလေးတွေ ဘယ်လောက်များများ မင်းဖျက်ဆီးပြီးပြီလဲ။ မင်းရဲ့ကံက ဒီနေ့တော့ မကောင်းနိုင်ဘူး"

ယဲ့ချန်က အေးစက်စက် ပြောလိုက်သည်။

နင်ချန်ဖုန်းက ဘေးပတ်လည်ကို ကြည့်လိုက်သောအခါ ယဲ့ရွှမ်ကိုတွေ့လိုက်ရသဖြင့် ချက်ချင်းသဘောပေါက်သွားခဲ့သည်။ သူက တဏှာကောင်ဖြစ်သော်လည်း လက်ရှိအခြေအနေတွင် ဘိုးဘေးရော ဖခင်ဖြစ်သူပါ သူ့ကိုမကယ်နိုင်ကြောင်း နားလည်ထားသည်။

"ကျွန်တော်မှားသွားပါတယ်။ ယဲ့ရွှမ်ကို အနိုင်မကျင့်ခဲ့သင့်ပါဘူး။ ကျေးဇူးပြုပြီးချမ်းသာပေးပါ"

နင်ချန်ဖုန်းက မြေပြင်တွင် ချက်ချင်းဒူးထောက်၍ မျက်ရည်များထွက်လာကာ ယဲ့ချန်ကိုတရစပ်ဦးချကန်တော့နေခဲ့သည်။

"ရွှမ်အာကို သဘောကျတာကို လက်ခံပေးနိုင်တယ်။ ဒါပေမယ့် မင်းရဲ့နည်းလမ်းတွေကိုတော့ ခွင့်လွှတ်နိုင်စရာမရှိဘူး။ ယဲ့မျိုးနွယ်က အနိုင်ကျင့်ရလွယ်တယ်လို့များ မင်းက ထင်နေတာလား"

ယဲ့ချန်၏ခြေထောက်က နင်ချန်ဖုန်း၏ခန္ဓာကိုယ်ပေါ်သို့ ပြင်းထန်စွာကျရောက်သွားခဲ့သည်။ နင်ချန်ဖုန်းမှာ ကောင်းကင်တွင်ပျံသန်းနေသော မြွေနဂါးကြီးကို ကြောက်လန့်လွန်းသဖြင့် နေရာမှ တုတ်တုတ်ပင်မလှုပ်ရဲခဲ့ချေ။

"အစ်ကိုကြီး ကျွန်တော် ဗိုက်ဆာတယ်"

ယဲ့ချန်က နင်ချန်ဖုန်းကိုကန်ကျောက်နေစဥ် ရှောင်ရိ၏အသံက ကျယ်လောင်စွာထွက်ပေါ်လာသည်။ သူက သိုးခြေထောက်များကို တောင်းလိုသော်လည်း ရန်သူများရှေ့တွင် မသင့်တော်သဖြင့် ဤသို့ပြောလိုက်ခြင်းဖြစ်သည်။

နင်ချန်ဖုန်းသည် ဧရာမမြွေနဂါးကြီးက ဗိုက်​ဆာသည်ဟု ပြောလာသောအခါ အကြောက်လွန်၍ သတိလစ်သွားလေသည်။

All Chapters