နတ်ဘုရင်နှစ်ယောက်
Vol. 14 Ch. 189
"ဒီကောင်က လွယ်လွယ်နဲ့သတိမေ့သွားပါလား။ နှိပ်စက်စရာတောင်မလိုဘူး"
ယဲ့ချန်က နင်ချန်ဖုန်းထံမှ ကျင်ငယ်နံ့ရလိုက်သဖြင့် ဒေါသတကြီးရေရွတ်လိုက်မိသည်။ နင်ချန်ဖုန်းသည် ရှောင်ရိ၏စကားများကြောင့် အကြောက်လွန်ကာ အဝတ်အစားများအတွင်း ကျင်ငယ်စွန့်လိုက်မိသည်။ ယဲ့ချန်က သူ့ကိုကန်ထုတ်လိုက်သောအခါ လဲကျနေသော မိန်းမဝကြီးအားထိမှန်၍ နှစ်ယောက်လုံး သတိလစ်သွားသည်။ ကတ်တီရာချီလေးသော အသားလုံးကြီးနှစ်လုံးက တိုက်မိသည့်အရှိန်ကြောင့် လေပေါ်သို့ အနည်းငယ်မြောက်တက်သွားလေသည်။
"ရွှမ်အာ ဒီနှစ်ယောက်ကို ဘယ်လိုအပြစ်ပေးချင်လဲ"
ယဲ့ချန်က ယဲ့ရွှမ်ကိုကြည့်၍ ကြင်နာစွာမေးလိုက်သည်။ ဤကိစ္စတွင် အနိုင်ကျင့်ခံရသူမှာ ယဲ့ရွှမ်ဖြစ်သောကြောင့် တရားခံများကိုအပြစ်ပေးရန် သူမအပေါ် မူတည်နေသည်။
"အစ်ကိုကြီး ထားလိုက်ပါတော့"
ယဲ့ရွှမ်က ယဲ့ချန်၏အင်္ကျီစကို ဆုပ်ကိုင်ပြီး ညှင်သာစွာပြောလိုက်သည်။ သူမက အလွန်ကြင်နာတတ်သောကြောင့် နင်ချန်ဖုန်းကိုဖြစ်စေ မိန်းမဝကြီးကိုဖြစ်စေ လက်စားချေရန် မလိုလားခဲ့ပေ။
နင်ချင်းယွင်သည် ယဲ့ရွှမ်၏စကားကိုကြားသောအခါ ဝမ်းသာလွန်းသဖြင့် ထခုန်မတတ်ဖြစ်သွားခဲ့သည်။ ဤမိန်းကလေး၏ စိတ်နေစိတ်ထားကြောင့် အတိတ်တွင် သူက နင်ချန်ဖုန်းကို လွှတ်ထားခဲ့မိခြင်းအပေါ် နောင်တရနေသည်။ ဤနေ့တွင် နှစ်ယောက်လုံးအသက်ရှင်ခဲ့ပါက နင်ချန်ဖုန်းကို အနာဂတ်၌ အခြားလူများကိုအနိုင်မကျင့်စေရန် သူကိုယ်တိုင် ပိတ်ပင်ထားမည်ဖြစ်သည်။ ဤခွေးကောင်က မြစိမ်းတိမ်ဂိုဏ်းသို့ အလွန်ကြီးသောကပ်ဘေးတစ်ခုကို ဆောင်ယူခဲ့သည်။
"ရွှမ်အာ မင်းက ကြင်နာလွန်းတယ်။ ငါတို့က သူ့ကိုဒီအတိုင်းလွှတ်ပေးလိုက်ရင် ယဲ့မျိုးနွယ်က အနိုင်ကျင့်ရလွယ်ကူတယ်လို့ ထင်သွားကြဦးမယ်။ ငါကသာ သူတို့ကို ကောင်းကောင်းသင်ခန်းစာမပေးရင် အနာဂတ်မှာ ဒီကောင်တွေက ယဲ့မျိုးနွယ်ကိုပြဿနာလာရှာမှာ သေချာတယ်"
ယဲ့ချန်က ခေါင်းယမ်း၍ မဟာဘိုးဘေး ၊နင်ချင်းယွင်နှင့် မြစိမ်းတိမ်ဂိုဏ်းသားများကို အေးစက်စက်ကြည့်နေခဲ့သည်။
မြစိမ်းတိမ်ဂိုဏ်းဝင်များအားလုံး ချောက်နက်ကြီးတစ်ခုအတွင်း ပြုတ်ကျသွားသည့်ပမာ ခံစားလိုက်ရသည်။
"အရှင် အသက်ချမ်းသာပေးမယ်ဆိုရင် ကျွန်တော်တို့က အရှင့်အတွက် တာဝန်ထမ်းဆောင်ပါမယ်"
မဟာဘိုးဘေး ၊နင်ချင်းယွင်နှင့် အခြားကျင့်ကြံသူများ၏စကားသံက ပြိုင်တူထွက်ပေါ်လာသည်။
"တာဝန်ထမ်းဆောင်ပေးမှာလား"
မြစိမ်းတိမ်ဂိုဏ်း၏ သဘောထားက ယဲ့ချန်အတွက် ဆွဲဆောင်မှုပြင်းနေခဲ့သည်။ ကောင်းကင်အဆင့်မှော်သားရဲတစ်ကောင်နှင့် ကောင်းကင်ဝိဇ္ဇာတစ်ယောက်က သူ့အတွက် အလုပ်လုပ်ပေးမည်ဆိုလျှင် ပြဿနာက ဖြေရှင်းပြီးဖြစ်သည်။ မြစိမ်းတိမ်ဂိုဏ်းတစ်ခုလုံးကလည်း ကြီးမားသော တိုက်ခိုက်ရေးအင်အားစုတစ်ခုဖြစ်သောကြောင့် အနာဂတ်တွင် သူ့ကို အထောက်အကူပြုပေလိမ့်မည်။
"အရှင် အမိန့်ပေးမယ်ဆိုရင် ကျွန်တော်တို့က တုံ့ဆိုင်းမနေဘဲ အရိုးကြေကြေအရေခန်းခန်း ဆောင်ရွက်ပါမယ်"
ယဲ့ချန်က စကားတစ်ခွန်းမှမပြောဘဲ အတွေးနက်နေသောကြောင့် မဟာဘိုးဘေးနှင့်နောက်လိုက်များက ဆက်တိုက်အရိုအသေပေး၍ အော်ဟစ်လိုက်ကြသည်။
"ရွှမ်အာ လင်းတနီကိုစီးပြီးတော့ ယဲ့မျိုးနွယ်ကိုပြန်တော့။ အစ်ကိုက မြို့တော်မှာ ကိစ္စရှိသေးတယ်။ အချိန်တစ်ခုကြာရင် ပြန်လာခဲ့မယ်"
ယဲ့ချန်က ယဲ့ရွှမ်ကိုလှည့်ကာ ညွှန်ကြားလိုက်သည်။
"ဟုတ်ကဲ့ အစ်ကိုကြီး။ ဒါဆိုရင် ရွှမ်အာ အရင်ပြန်နှင့်ပါမယ်"
ယဲ့ရွှမ်သည် မြစိမ်းတိမ်ဂိုဏ်းက သူမ၏အစ်ကိုအား အလွန်ကြောက်လန့်နေသဖြင့် မစိုးရိမ်တော့ပေ။ ထို့ကြောင့် သူမက ခေါင်းညိတ်၍ ပြန်လိုစိတ်မရှိသော်လည်း လင်းတနီကိုစီးနင်းကာ ကောင်းကင်ထက်သို့ ပျံသန်းပျောက်ကွယ်သွားခဲ့သည်။
"ငါ့ညီမလေးက ကြင်နာတတ်လွန်းတော့ မင်းတို့ကိုခွင့်လွှတ်ပေးလိုက်တယ်။ မဟုတ်ရင် ငါက မင်းတို့အားလုံးကိုသတ်ပြီး ရှောင်ရိကို အစာကျွေးတယ်"
ယဲ့ချန်က တစ်လုံးချင်း အေးစက်စက်ပြောလိုက်သည်။ ရှောင်ရိ၏အစာဖြစ်မည်ကို ကြောက်လန့်သောကြောင့် လူတိုင်း တုန်ယင်သွားကြသည်။
"အရှင်ကကြင်နာတတ်ပြီး ကျေးဇူးကြီးလွန်းပါတယ်။ အသက်ချမ်းသာပေးတဲ့အတွက် အကြိမ်တစ်ထောင် ကျေးဇူးတင်ပါတယ်"
လူတိုင်းက နောက်တစ်ကြိမ် အရိုအသေပြုလိုက်ကြပြန်သည်။
"နေဦး ငါစကားပြောလို့ မပြီးသေးဘူး။ ကောင်းကင်အဆင့်မှော်သားရဲတစ်ကောင်နဲ့ ကောင်းကင်ဝိဇ္ဇာတစ်ယောက်ဆိုတာက ငါ့အတွက် ယင်ကောင်သာသာပဲရှိတယ်။ ဒီရက်တွေမှာ ငါကကျင့်ကြံဖို့ အပြင်ထွက်လာခဲ့တယ်။ နောက်လိုက်တွေကိုလည်း ခေါ်မလာတဲ့အတွက် မင်းတို့ကိုခိုင်းစေရမယ်။ မင်းတို့အားလုံး ကောင်းကောင်းလုပ်မလုပ်ကို ငါ စောင့်ကြည့်နေမယ်။ တာဝန်ကိုသေချာထမ်းဆောင်ရင် ချမ်းသာပေးမယ်။ မဟုတ်ရင် ငါ့ကိုအပြစ်မတင်နဲ့"
ယဲ့ချန်က လူတိုင်းကို တစ်ယောက်ချင်းစီလိုက်ကြည့်၍ သတိပေးလိုက်သည်။ ထို့နောက် သူ၏ဝိညာဥ်စစ်သည်တော်က မီးများတောက်လောင်နေသော ရွှေသံချပ်ဝတ်စစ်သည်တော်အဖြစ် ထွက်ပေါ်လာခဲ့သည်။
"ဘုရားရေ နတ်ဘုရင်အဆင့်နှစ်ယောက်တောင်"
ယဲ့ချန်၏ဝိညာဥ်စစ်သည်တော်ကို မြင်သောအခါ မဟာဘိုးဘေးမှာ ကြောက်လွန်းသဖြင့် တုန်ယင်နေခဲ့သည်။ ထို့နောက် သူက ချက်ချင်းအရိုအသေပေးလိုက်ပြန်သည်။
"ကျွန်တော်က အရှင့်အမိန့်ကို သေချာပေါက်နာခံပါမယ်။ ကလန်ကဆန်လုပ်ခဲ့ရင် မိုးကြိုးပစ်ပါစေ"
မဟာဘိုးဘေးက ကျိန်ဆိုလိုက်ခြင်းဖြစ်သည်။
နင်ချင်းယွင်နှင့်အခြားကျင့်ကြံသူများက မဟာဘိုးဘေးထံမှ ဝိညာဥ်အသွင်ဖြစ်တည်ခြင်းကို သိရှိထားကြသည်။ ထို့ကြောင့် ယဲ့ချန်ကိုလည်း ဝိညာဥ်စစ်သည်တော်ကြောင့် နတ်ဘုရင်ဟု ထင်မှတ်နေကြသည်။ နင်ချင်းယွင်မှာ မိုက်မဲလွန်းသောသားဖြစ်သူကို စိတ်ထဲမှ အကြိမ်ကြိမ်အခါခါ ဆဲဆိုနေသည်။
"မြစိမ်းတိမ်ဂိုဏ်းတစ်ခုလုံးက အရှင့်အမိန့်ကို လိုက်နာပါမယ်။ မဟုတ်ရင် မိုးကြိုးပစ်ခံရပါစေ"
နင်ချင်းယွင်က အလျင်အမြန် ကျိန်ဆိုလိုက်သည်။
"ငါက မင်းတို့ရဲ့သောက်အဓိပ္ပါယ်မရှိတဲ့ ကျိန်စာကို မယုံဘူး။ ငါက လျှို့ဝှက်ကျင့်စဥ်တစ်ခုနဲ့ မင်းတို့ကိုယ်ပေါ်မှာ ဝိညာဥ်အသိစိတ်ကိုသုံးထားတယ်။ မင်းတို့က သစ္စာဖောက်ချင်တဲ့အတွေးတွေ ရှိလာရင် ငါ့လက်ကလွတ်အောင် ပြေးဖို့ ကြိုစဥ်းစားထားကြ"
ယဲ့ချန်သည် မြစိမ်းတိမ်ဂိုဏ်းကို သူ့အပေါ်သစ္စာရှိစေရန် ခြောက်လှန့်လိုက်သည်။ သူ၏အကြည့်က နေမီးတောက်ငှက်ထံ စူးရဲစွာကျရောက်နေသည် ။နင်ချင်းယွင်နှင့်မဟာဘိုးဘေးမှာ ယဲ့ချန်၏ ခံစားချက်မဲ့သောမျက်လုံးများမှ သတ်ဖြတ်လိုစိတ်ကို အာရုံခံမိလိုက်သည်။ သူတို့ကကြောက်လွန်းသဖြင့် ကျောရိုးအထိပါ စိမ့်တက်သွားကြသည်။
"ကျွန်တော်တို့က အရှင့်ကို သေချာပေါက်သစ္စာမဖောက်ပါဘူး"
နင်ချင်းယွင်နှင့် မဟာဘိုးဘေးက တပြိုင်နက်အော်ဟစ်လိုက်ကြသည်။
"ဒီနေ့ကိစ္စကို အပြင်လူတွေသိသွားတာ မလိုချင်ဘူး။ မဟုတ်ရင်...."
ယဲ့ချန်က စကားကိုဆုံးအောင်မပြောဘဲ ဝိညာဥ်စစ်သည်တော်ကို ပြန်သိမ်းလိုက်၏။ နတ်ဘုရင်အဆင့်နှစ်ယောက်၏တည်ရှိမှုက မြစိမ်းတိမ်ဂိုဏ်းကိုခြောက်လှန့်ရန် လုံလောက်သည်ထက် ပိုနေခဲ့သည်။ ယဲ့ချန်က မည်သို့အမိန့်ပေးပါစေ သူတို့က သေချာပေါက်နာခံပေလိမ့်မည်။
"အရှင်နှစ်ယောက်လုံးက မြစိမ်းတိမ်ဂိုဏ်းထဲမှာ ကိုယ်ထင်ပြလိုက်တော့ တပည့်တွေအများကြီး မြင်သွားပါတယ်။ ဒါကို လျှို့ဝှက်ချက်အဖြစ် မထိန်းထားနိုင်မှာ စိုးရိမ်မိပါတယ်"
နင်ချင်းယွင်က ကြောက်ကြောက်နှင့် စောဒကတက်လိုက်သည်။ နတ်ဘုရင်နှစ်ယောက်ရှေ့တွင် သူကစကားပြောနိုင်ရန်ပင် အလွန်သတ္တိမွေးလိုက်ရသည်။
"ဒါကမင်းကိစ္စ။ ဒီလိုပြဿနာသေးသေးလေးအထိ ငါက လိုက်ဝင်ပါနေရမှာလား"
ယဲ့ချန်က အေးစက်စက်မေးလိုက်သည်။
"ကျွန်တော်က အမှားကိုသိပါပြီ။ ခွင့်လွှတ်ပါ အရှင်"
နင်ချင်းယွင်မှာ ဤသို့မေးမိသည့်အတွက် ကိုယ့်ပါးကိုယ်ပြန်ရိုက်ချင်စိတ် ပေါက်နေခဲ့သည်။
"မြစိမ်းတိမ်ဂိုဏ်းက ဘယ်အချိန်ဖြစ်ဖြစ် ငါ့စကားနားထောင်ရမယ်။ မင်းတို့ရဲ့တပည့်တွေက ငါ့ကိုဆန့်ကျင်ရင် မင်းတို့နှစ်ယောက် အပြစ်ပေးခံရမယ်။ မင်းတို့မှာ ဂိုဏ်းကိစ္စတွေဖြေရှင်းဖို့ အချိန်တစ်လရမယ်။ အချိန်ပြည့်ရင် မြို့တော်မှာ ငါ့ကိုလာတွေ့"
ယဲ့ချန်က မဟာဘိုးဘေးနှင့်နင်ချင်းယွင်ကို အေးစက်စွာသတိပေးပြီး ထွက်ခွာရန်ပြင်လိုက်သည်။ အမွေးပွလေးက သူ၏ပခုံးပေါ်သို့ခုန်တက်လာကာ ကောင်းကင်ပေါ်ရှိရှောင်ရိက ကလေးတစ်ယောက်အသွင်ဖြင့် ဘေးတွင် ပြန်ရောက်လာခဲ့သည်။
လင်းတနီက ယဲ့ရွှမ်ကို သယ်ဆောင်သွားပြီဖြစ်သောကြောင့် သူတို့က ခြေလျင်ပြန်ရမည်ဖြစ်သည်။ သို့သော် မြစိမ်းတိမ်တောင်တန်း၏ရှုခင်းက အလွန်လှပသောကြောင့် ယဲ့ချန်က စိတ်မရှိခဲ့ပေ။
ဤသို့ဖြင့် သူတို့၏ပုံရိပ်များက တောင်ဆင်းလမ်းလေးတွင် ပျောက်ကွယ်သွားကြသည်။ သို့သော် နင်ချင်းယွင်နှင့်နေမီးတောက်ငှက်မှာ ယဲ့ချန်နှင့်ရှောင်ရိကို ကြောက်လွန်းသဖြင့် ဇောချွေးပြန်နေဆဲပင် ဖြစ်သည်။
"ဘိုးဘေး သူတို့ထွက်သွားကြပြီ"
နင်ချင်းယွင်က စိတ်သက်သာရာရဟန်ဖြင့် မတ်တပ်ထရန် ပြင်လိုက်သည်။ တောင်ပံမြွေနဂါးနှင့် ယဲ့ချန်၏ဝိညာဥ်စစ်သည်တော်က သူ၏စိတ်နှလုံးအတွင်းပိုင်းအထိ ကြောက်စိတ်များကြီးစိုးစေခဲ့သည်။ ယဲ့ချန်နှင့်ရှောင်ရိက နတ်ဘုရင်နှစ်ယောက် အယောင်ဆောင်ထားသည်ကို သိလိုက်ရချိန်တွင် ရွှမ်းအဆောင်မှ အသက်ရှင်လျက်လွတ်မြောက်လာခြင်းအပေါ် ဝမ်းသာမဆုံးဖြစ်နေခဲ့သည်။
"လူတိုင်း ငြိမ်ငြိမ်နေကြစမ်း။ ဘယ်သူမှ မတ်တပ်မရပ်နဲ့"
မဟာဘိုးဘေးက ဒေါသတကြီးအော်ဟစ် အမိန့်ပေးလိုက်သည်။ မတ်တပ်ရပ်ရန်ပြင်နေသော လူတိုင်းက ကြမ်းပြင်တွင် ဒူးပြန်ထောက်လိုက်ရ၏။
"မဟာဘိုးဘေး သူတို့က အဝေးကြီးကို ရောက်နေလောက်ပါပြီ"
နင်ချင်းယွင်က နားမလည်နိုင်ဟန်ဖြင့် ပြောလိုက်သည်။
"မင်းက ဘာသိလို့လဲ။ ငါတို့အားလုံးကို သေစေချင်နေတာလား။ အခုကစလို့ စကားပြောဆင်ခြင်ရင် ကောင်းမယ်။ နတ်ဘုရင်တစ်ယောက်ကို ငါက ဘာလို့ဒီလောက်ကြောက်နေလဲဆိုတာ မင်းတို့သိကြလား။ မင်းတို့တွေက သူ့အစွမ်းကို စိတ်ကူးတောင်ယဥ်ဖူးမှာ မဟုတ်ဘူး။ နတ်ဘုရင်တစ်ယောက်ရဲ့ ဝိညာဥ်အသိစိတ်က မိုင်ရာချီအထိ ဖြန့်ကျက်နိုင်တယ်။ မိုင်ရာချီအတွင်း ဖြစ်သွားတဲ့ ကိစ္စသေးသေးလေးတွေကအစ သူတို့အာရုံကနေ မလွတ်မြောက်နိုင်ဘူး။ အရှင်က နည်းနည်းလှုပ်ရှားလိုက်တာနဲ့ မင်းတို့ ဘယ်လိုသေသွားတယ်ဆိုတာကိုတောင် သိရမှာမဟုတ်ဘူး။ အရှင်က မင်းတို့အားလုံးကို ဝိညာဥ်အမှတ်အသား လုပ်ထားတယ်။ ပြောချင်တာက မင်းတို့က လောကအဆုံးထိထွက်ပြေးရင်တောင် သူက အာရုံခံပြီး လိုက်သတ်နိုင်တယ်"
နေမီးတောက်ငှက် တစ်ဖြစ်လဲ မဟာဘိုးဘေးက မသိနားမလည်သော နင်ချင်းယွင်ကို ဒေါသတကြီးအော်ငေါက်လိုက်သည်။
အမှန်တွင် နေမီးတောက်ငှက်သည် သက်တမ်းနှစ်ခြောက်ရာကျော်သော်လည်း မြစိမ်းတိမ်ဂိုဏ်းအတွင်း၌သာ တစ်သက်လုံးနေထိုင်ခဲ့သည်။ ထို့ကြောင့် သူက နတ်ဘုရင်အစစ်အမှန်တစ်ယောက်ကို မကြုံဖူးချေ။ သူသိသည်မှာ ကောင်းကင်သားရဲများနှင့် မှော်သားရဲများကြား လက်ဆင့်ကမ်းကြသည့် အသိအမြင်များသာ ဖြစ်သည်။
မဟာဘိုးဘေး၏စကားများကို ကြားသောအခါ မြစိမ်းတိမ်ဂိုဏ်းမှ ကျင့်ကြံသူအားလုံး တုန်လှုပ်သွားကြသည်။ သူတို့၏အမြင်တွင် နတ်ဘုရင်အဆင့်က နတ်ဝိဇ္ဇာအဆင့်လူသားများနှင့်တူညီကြောင်း ထင်မြင်နေခဲ့သည်။ မူလတွင် နင်ချင်းယွင်တို့လူစု၌ ခုခံရန်အတွေးများ ရှိကြသော်လည်း ဤအကြောင်းကိုကြားသောအခါ အတွေးများကို ချက်ချင်းဖျောက်ဖျက်လိုက်ရ၏။ ယနေ့မှစ၍ သူတို့က နတ်ဘုရင်နှစ်ယောက်ကျေနပ်စေရန် တာဝန်ထမ်းဆောင်ရပေလိမ့်မည်။ မဟုတ်လျှင် အသေဆိုးနှင့် အသတ်ခံရနိုင်သည်။
ယဲ့ချန်သည် မြစိမ်းတိမ်ဂိုဏ်း၏အခြေအနေကို ဝိညာဥ်အသိစိတ်ဖြင့် အမှန်တကယ်ထောက်လှမ်းနေခဲ့သည်။ သူက နေမီးတောက်ငှက်၏စကားကြောင့် ကျေနပ်သွားကာ နတ်ဘုရင်ဆိုသော အဆင့်အတန်းက အလွန်အသုံးဝင်ကြောင်း သိလိုက်သည်။ သူ၏နှုတ်ခမ်းများမှ အပြုံးတစ်ခု ထွက်ပေါ်လာ၍ ဝိညာဥ်အသိစိတ်ကို ထုတ်လွှတ်လိုက်သည်။
"အရှင် စိတ်မဆိုးပါနဲ့ခင်ဗျာ။ ဒီမသိနားမလည်တဲ့ကောင်တွေကို ကျွန်တော် ဆုံးမလိုက်ပါမယ်။ ခွင့်လွှတ်ပါ"
မဟာဘိုးဘေးက ယဲ့ချန်၏ဝိညာဥ်အသိစိတ်ကို အာရုံခံမိသောအခါ ချက်ချင်းဦးညွှတ်လိုက်သည်။ နင်ချင်းယွင်တို့လူစုသည်လည်း ဘိုးဘေး၏အပြုအမူကြောင့် လိပ်ပြာလွင့်မတတ်ကြောက်လန့်ကုန်သည်။ အဆုံးမဲ့ချောက်နက်ပမာ နက်ရှိုင်းသော မျက်လုံးတစ်စုံ၏အကြည့်ကို ခံစားမိသဖြင့် လူတိုင်းဒူးထောက်ရင်း တောင်းပန်လိုက်ကြသည်။
ဤသို့ဖြင့် နာရီအနည်းငယ်ကြာသည့်တိုင်အောင် သူတို့က မလှုပ်ရဲချေ။ ယနေ့မှစတင်၍ မြစိမ်းတိမ်ဂိုဏ်းက ယဲ့ချန်အပေါ် သစ္စာဖောက်ရဲမည် မဟုတ်ပေ။
ထိုအချိန်တွင် သတိလစ်နေသော နင်ချန်ဖုန်း ပြန်လည်နိုးထလာသည်။ သူက ကြောက်လန့်နေဆဲဖြစ်သော်လည်း အသက်ရှင်မည်ဟု ထင်မထားပေ။ သူ၏အတွေးတွင် မြွေနဂါးကြီး၏အစာအိမ်အတွင်း အစာချေခံနေရပြီ ဖြစ်သည်။
"မိုက်မဲ့တဲ့ကောင်"
နင်ချင်းယွင်သည် ကုန်းရုန်းထလာသော နင်ချန်ဖုန်းကို အားကုန်ကန်ထည့်လိုက်သည်။ နာကျင်စွာအော်သံတစ်ခုနှင့်အတူ နင်ချန်ဖုန်းက ကောင်းကင်ထက်သို့ လွင့်ထွက်သွားသည်။
"မြစိမ်းတိမ်ဂိုဏ်းရဲ့ တပည့်အားလုံးကို စုစည်းစမ်း။ အခုကစလို့ ဂိုဏ်းကိုချိတ်ပိတ်ထားပြီး ပြင်ပလောကနဲ့ အဆက်အသွယ်မလုပ်စေနဲ့"
မဟာဘိုးဘေးက အလောတကြီးအမိန့်ပေးလိုက်သည်။ နင်ချင်းယွင်နှင့် အခြားအကြီးအကဲများကလည်း ဤအခြေအနေက မည်မျှလေးနက်ကြောင်း နားလည်ထားသည်။ မြစိမ်းတိမ်ဂိုဏ်းတွင် ယနေ့ဖြစ်ရပ်ကိုမြင်လိုက်သူ တပည့်များစွာရှိနေသည်။ ထို့ကြောင့် နတ်ဘုရင်နှစ်ယောက်၏သတင်းက လျင်မြန်စွာပျံ့နှံ့သွားရန် အခွင့်အလမ်းများပေသည်။ သူတို့၏အရှင်ဖြစ်သူသာ ဒေါသထွက်သွားပါက မြစိမ်းတိမ်ဂိုဏ်းသည် အကျိုးဆက်ကို ခုခံနိုင်မည်မဟုတ်သောကြောင့် အခြေအနေကို လျင်မြန်စွာထိန်းချုပ်လိုက်ကြလေသည်။