နန်မန်တိုင်းပြည်၏ သူလျှိုများ
Vol. 14 Ch. 190
မြစိမ်းတိမ်တောင်တန်းအောက်ရှိ အဓိကလမ်းမကြီးတွင် ဖြစ်သည်။
"အမွေးပွလေး နတ်ဘုရင်သားရဲတွေက မိုင်ရာချီအထိ ဝိညာဥ်အသိစိတ်ကို ထုတ်လွှတ်နိုင်တယ်ဆိုတာ တကယ်လား"
ယဲ့ချန်သည် သူ၏ပခုံးပေါ်ရှိ အမွေးပွလေးကိုမေးလိုက်သည်။ နေမီးတောက်ငှက်၏စကားအရ သူက အဖိုးထိုက်တန်သော အရေးကြီးအချက်အလက်တစ်ခုကို သိခဲ့ရသည်။ ထို့ကြောင့် သူက နတ်ဘုရင်များ၏ စွမ်းရည်များအကြောင်းကို သိလိုစိတ်ပြင်းပျလာခဲ့သည်။
အမွေးပွလေးက ခေါင်းယမ်း၍ သားရဲဘာသာစကားဖြင့် ချက်ချင်းအဖြေပေးခဲ့သည်။
"အမအမွေးပွလေးက ပြောတယ်။ နတ်ဘုရင်တိုင်းမှာ မတူတဲ့စွမ်းရည်တွေရှိကြတယ်။ တချို့က တိုက်ခိုက်ရေးစွမ်းအားကောင်းပြီး တချို့က နောက်ယောက်ခံလိုက်တာမှာ တော်တယ်။ ပုံရိပ်ယောင်တွေနဲ့ စိတ်ထွေပြားစေတာ ၊ရန်သူကိုချုပ်နှောင်တာလိုမျိူး လျှို့ဝှက်စွမ်းရည်ရှိတဲ့ နတ်ဘုရင်တွေလည်းရှိတယ်။ ကျွန်တော်က ရှေးဟောင်းမျိုးနွယ်ဖြစ်လို့ သာမန်မှော်သားရဲတွေ ကောင်းကင်သားရဲတွေနဲ့ အတော်ကွဲပြားတယ်။ အဆင့်နိမ့်မှော်သားရဲနဲ့ ကောင်းကင်သားရဲတွေဟာ တစ်သက်လုံး နတ်ဘုရင်သားရဲတစ်ကောင်ကိုတောင် မမြင်ဖူးတတ်ကြဘူး။ ဒါကြောင့် နတ်ဘုရင်တွေကို အလွန်ကြောက်လန့်ကြတယ်။ နတ်ဘုရင်ရဲ့ စွမ်းရည်တွေအပေါ် သံသယမဝင်ရဲကြဘူး"
ပါးစပ်ထဲတွင် သိုးပေါင်တစ်ချောင်းကို ပလုတ်ပလောင်းစားသောက်နေသော ရှောင်ရိက အမွေးပွလေး၏စကားကို ဘာသာပြန်ပေးလိုက်ခြင်း ဖြစ်သည်။
"အမွေးပွလေး ဒါဆိုရင် မင်းက နတ်ဘုရင်တွေ အများကြီးတွေ့ဖူးတာလား"
ယဲ့ချန်က သူမ၏စကားကြောင့် ပဟေဠိဖြစ်သွားခဲ့သည်။ နတ်ဘုရင်များ၏အကြောင်းကို ဤမျှစုံလင်စွာသိထားရန် ၎င်းတို့ကို တွေ့ဖူးရမည်ဖြစ်သည်။
အမွေးပွလေးက အချိန်ကြာမြင့်စွာ တိတ်ဆိတ်နေပြီးမှ ခေါင်းညိတ်ပြလိုက်သည်။
"သူမက နတ်ဘုရင်အစည်းအဝေးမှာ နတ်ဘုရင်တွေအများကြီးကို အဝေးကမြင်ဖူးတယ်တဲ့။ ဒါပေမယ့် သူမသိသမျှကိုတော့ အဘွားကပြောပြတာလို့ ပြောတယ်"
ရှောင်ရိက အမွေးပွလေး၏စကားကို ထပ်မံဘာသာပြန်ပြလိုက်သည်။
ယဲ့ချန်က နတ်ဘုရင်များအကြောင်း မေးမြန်းနေစဥ် အမွေးပွလေးက စိတ်ဆင်းရဲနေဟန်ဖြင့် ငြိမ်သက်သွားခဲ့သည်။ သူမ၏မျက်လုံးထဲတွင် မကျေနပ်ခြင်း ၊အရှက်ကွဲခြင်း ၊ကူကယ်ရာမဲ့ခြင်းနှင့် ဝမ်းနည်းခြင်းစသော ခံစားချက်များစွာ ရောပြွန်းဖြစ်ပေါ်လာသည်။ ယဲ့ချန်သည် အမွေးပွလေး၏ခံစားချက်များကို ဝိညာဥ်အသိစိတ်ကြောင့် ချက်ချင်းအာရုံခံနိုင်ခဲ့သည်။ အမွေးပွလေးက သူမ၏မျိုးနွယ် မည်သို့အသတ်ခံခဲ့ရကြောင်းကို ယဲ့ချန်အား မပြောပြဖူးပေ။ သို့သော် ယဲ့ချန်သည် သူမ၏နာကျင်မှုကို ကိုယ်ချင်းစာပေးနိုင်သည်။ လျှို့ဝှက်ချက်များကို အမွေးပွလေးမှမပြောလိုလျှင် သူ့အနေဖြင့် အတင်းကာရောမေးမည် မဟုတ်ပေ။ သူမကမပြောပြခြင်းမှာ အချိန်မတန်သေး၍ ဖြစ်ပေလိမ့်မည်။
နတ်ဘုရင်အစည်းအဝေး ဤအရာက နတ်ဘုရင်သားရဲများ စုဝေးသော အခမ်းအနားတစ်ခု ဖြစ်နိုင်သည်။
အမွေးပွလေး၏စိတ်ထဲတွင် အတိတ်မှပုံရိပ်များ ထင်ဟပ်နေသည်။ သူမ၏မျိုးနွယ်ကို သတ်ဖြတ်ခဲ့သော ရန်သူများကို မသတ်ရမချင်း စိတ်အေးအေးနေနိုင်မည် မဟုတ်ပေ။ သို့သော် သူမ၏ရန်သူက စွမ်းအားကြီးလွန်းသဖြင့် ယဲ့ချန်ကိုပြောပြရန် အချိန်မကျသေးပေ။ ယဲ့ချန်၏လက်ရှိစွမ်းအားက ရန်သူကိုမယှဥ်နိုင်သဖြင့် သူမက ဖုံးကွယ်ထားရန်သာ ဆုံးဖြတ်ခဲ့လေသည်။
တစ်နေ့တွင် ယဲ့ချန် အစွမ်းထက်လာပြီး အမွေးပွလေးအတွက် လက်စားချေနိုင်မည်ဆိုလျှင် သူမ၏လျှို့ဝှက်ချက်ကို သေချာပေါက်ပြောပြမည် ဖြစ်သည်။
ယဲ့ချန်သည် အမွေးပွလေး၏နာကျင်မှုကို စာနာဟန်ဖြင့် ပွတ်သပ်နှစ်သိမ့်လိုက်သည် ။ သူမသည် အသက်ရှင်ရန်အတွက် မျိုးနွယ်ဝင်များ အသတ်ခံနေရသည့်ကြားမှ ထွက်ပြေးခဲ့ရသည်။ ဤအပြစ်ရှိစိတ်ကြောင့် မည်မျှနာကျင်နေကြောင်းကို ယဲ့ချန်ပင် မခန့်မှန်းနိုင်ပေ။
အမွေးပွလေးက ယဲ့ချန်၏ရင်ခွင်အတွင်း ခုန်ဆင်းလာကာ မျက်ရည်များ ကျဆင်းလာသည်။
"အစ်ကိုကြီး အမက အရမ်းဝမ်းနည်းနေတယ်"
ရှောင်ရိသည်လည်း မျက်လုံးထဲတွင် မျက်ရည်များ ဝေ့သီလာသည်။ သူက အမွေးပွလေးငိုရသည့် အကြောင်းအရင်းကို နားမလည်သော်လည်း အစ်မဖြစ်သူ နာကျင်နေသောကြောင့် ဝမ်းနည်းနေခဲ့သည်။
"အမွေးပွလေးက အဆင်ပြေပါတယ် ရှောင်ရိရယ်။ အစ်ကိုတို့က မြို့တော်ကိုပြန်မရောက်ခင် မှောင်သွားမယ်ထင်တယ်။ အရှေ့ကမြို့တစ်မြို့မှာ နားကြမယ်။ မနက်မှ မြင်းတစ်ကောင်ဝယ်ပြီး ခရီးဆက်ကြတာပေါ့"
ယဲ့ချန်က ရှောင်ရိ၏ခေါင်းကိုပုတ်၍ နှစ်သိမ့်ကာ လမ်းမအတိုင်း ဆက်လျှောက်လာခဲ့သည်။ သူ့အတွက် ပျံသန်းနိုင်သောသားရဲများ ထပ်မံလိုအပ်နေခဲ့သည်။ သိမ်းငှက်နက်နှင့် လင်းတနီနှစ်ကောင်တည်းက လုံလောက်ပုံ မပေါ်ချေ။
မိုင်အနည်းငယ် လျှောက်လာပြီးနောက် ယဲ့ချန်တို့က မြို့ငယ်လေးတစ်မြို့သို့ ရောက်လာကြသည်။ သူရော ရှောင်ရိပါ ကျင့်ကြံသူများဖြစ်၍ မည်မျှလမ်းလျှောက်ပါစေ မောပန်းမှုကို မခံစားရပေ။
မိုးမခစိမ်းမြို့သည် အဓိကလမ်းမကြီး၏ဘေးတွင် တည်ရှိသည်။ ကုန်သည်များစွာက ဤနေရာတွင် ရပ်နားတတ်ကြသဖြင့် အမြဲဆူညံကာ စည်ကားနေတတ်သည်။ စားသောက်ဆိုင်များနှင့် ဆောင်ကြာမြိုင်များလည်း လမ်းဘေးဝဲယာတွင် အပြည့်ဖြစ်သည်။
ယဲ့ချန်က ဝိညာဥ်အသိစိတ်ဖြင့် တစ်မြို့လုံးကို စစ်ဆေးလိုက်သည်။ သူက မြို့တစ်မြို့သို့ရောက်တိုင်း ဤသို့စစ်ဆေးတတ်စေရန် အကျင့်လုပ်ထားခဲ့သည်။ သို့မှသာ အစွမ်းထက်ကျင့်ကြံသူများနှင့် ရတနာများကို သိရှိနိုင်ပေလိမ့်မည်။ သို့သော် ဤမြို့တွင် အစွမ်းအထက်ဆုံးကျင့်ကြံသူမှာ ထျန်းချီအဆင့်ကိုးသာရှိ၍ အဆင့်ခုနစ်နှင့် အဆင့်ရှစ်ကျင့်ကြံသူများက ကိုယ်ရံတော်အဖြစ် ဆောင်ရွက်နေကြသည်။ ရတနာများတွင်လည်း အဆင့်နိမ့်ဆေးပင်များသာ ရှိသည်။
မိုးမခစိမ်းမြို့တွင် လူမျိုးပေါင်းစုံ ရောက်ရှိနေသည်။ ရှီဝူအင်ပါယာ၏ပြည်သူများအပြင် ရွှေရောင်ဆံပင် အစိမ်းရောင်မျက်လုံးနှင့် မူဟေးအင်ပါယာ၏ပြည်သူများ၊ အနက်ရောင်အသားအရေနှင့် စီရီတိုင်းပြည်မှပြည်သူများ စသဖြင့် ရောနှောနေကြသည်။ မြို့ငယ်လေး၏ပတ်ဝန်းကျင်တွင် လူများက အရောင်အသွေးစုံလင်လှပေသည်။
မြို့အတွင်း၌ အစွမ်းထက်ကျင့်ကြံသူများ မရှိသောကြောင့် ယဲ့ချန်က သူ၏ဝိညာဥ်အသိစိတ်ကို ပြန်လည်ရုတ်သိမ်းလိုက်သည်။
"ရှောင်ရိ စားသောက်ဆိုင်တစ်ခုကို သွားကြမယ်"
ယဲ့ချန်က ရှောင်ရိကိုဦးဆောင်ကာ ညစာစားရန်အတွက် စားသောက်ဆိုင်တစ်ခုကို ရွေးချယ်လိုက်သည်။
ယဲ့ချန်က ဆယ်ကျော်သက်အရွယ် လူငယ်လေးတစ်ယောက် ဖြစ်သည်။ သူက အသက်ငါးနှစ်အရွယ် ကလေးတစ်ယောက်နှင့် အဖြူရောင်မြေခွေးလေးကို သယ်ဆောင်လာသောအခါ ကုန်သည်များကြားတွင် ထူးခြားနေသည်။ သို့သော် သူ၏အဝတ်အစားများအရ ကျင့်ကြံသူတစ်ယောက်ဟု သက်သေပြနေသဖြင့် ရန်လာစရဲသူ တစ်ယောက်မှမရှိပေ။
ယဲ့ချန်က စားသောက်ဆိုင်ထံ ဦးတည်သွားနေစဥ် အဝေးရှိပျံကျစျေးသည်တစ်အုပ်၏ မျက်နှာထားများက ထူးဆန်းစွာ ပြောင်းလဲသွားခဲ့သည်။ ထို့နောက် စျေးသည်တစ်ယောက်က လျင်မြန်စွာထွက်ခွာသွားသည်။
မြို့အတွင်းရှိ ခြံဝန်းတစ်ခုတွင် ကွဲပြားစွာဝတ်စားဆင်ယင်ထားသော လူတစ်စု စုဝေးနေကြသည်။
"မင်းပြောတာ အဲ့ဒီကလေးက မြေခွေးဖြူလေးတစ်ကောင်ကို သယ်လာတယ်ပေါ့"
တုတ်ခိုင်သန်မာသော ခန္ဓာကိုယ်ရှိပြီး ဆံပင်များကို ကျောထက်တွင် စည်းနှောင်ထားသည့် လူတစ်ယောက်က ခပ်အုပ်အုပ်မေးလိုက်ခြင်းဖြစ်သည်။ သူက အပြာဖျော့ရောင်အဝတ်အစားများကို ဝတ်ဆင်ထားသည်။ သူ၏အဝတ်အစားများအရ ရှီဝူပြည်သားတစ်ယောက်ဟု ထင်ရသော်လည်း မျက်နှာသွင်ပြင်က အလွန်ကွဲပြားနေသည်။
"ဟုတ်ပါတယ် လူသန်ကြီးလဲ့ယု"
လူတစ်ယောက်က ဟုတ်မှန်ကြောင်း အာမခံလိုက်သည်။
"ဒါဆိုရင် ဌာနချုပ်ကို သတင်းပို့လိုက်မယ်။ သူ့ကို မျက်ခြည်မပြတ် စောင့်ကြည့်ထားကြ။ ဒီကောင်လွတ်သွားရင် ဖြစ်လာမယ့်အကျိုးဆက်ကို မင်းတို့ သိကြတယ်နော်"
လဲ့ယုတန်းရီက ခေါင်းညိတ်၍ သတိပေးလိုက်သည်။
"ဟုတ်ကဲ့"
လူတိုင်းက ပြိုင်တူဖြေလိုက်ကြသည်။
လဲ့ယုတန်းရီသည် မိုးမခစိမ်းမြို့တွင် နန်မန်တိုင်းပြည်မှ တည်ထောင်ထားသော သူလျှိုအဖွဲ့၏ခေါင်းဆောင် ဖြစ်သည်။ သူက ထျန်းချီအဆင့်ရှစ်ကျင့်ကြံသူဖြစ်ကာ တိုင်းပြည်အတွက် သတင်းအချက်အလက်များ စုဆောင်းပေးရသည်။ နန်မန်တိုင်းပြည်က ရှီဝူအင်ပါယာကိုသိမ်းပိုက်ရန် မျက်စိကျနေသည်မှာ အလွန်ကြာပြီဖြစ်သည်။ ထို့ကြောင့် ဤနှစ်များအတွင်း သူလျှိုများစွာစေလွှတ်၍ ထောက်လှမ်းရေးကွန်ရက်တစ်ခု ဖွဲ့စည်းထားသည်။ ရှီဝူအင်ပါယာအတွင်း ဖြစ်ပျက်သမျှက ဤကွန်ရက်၏ မျက်စိနှင့်နားအောက်မှ ပြေးမလွတ်ပေ။
လူသားအဆင့်ဆေးလုံးများ၏ ကိစ္စက နန်မန်တိုင်းပြည်ကို စိတ်ဝင်စားစေခဲ့သည်။ ယဲ့ချန်က ခရမ်းရွှေနတ်ငါးတစ်ကောင် ဖမ်းမိခဲ့ပြီး ဆေးဆရာရွှမ်းယီက ဆေးလုံးဖော်စပ်ပေးကြောင်းကိုလည်း သိထားကြသည်။ နန်မန်တိုင်းပြည်အနေဖြင့် အလွန်များပြားသော လူသားအဆင့်ဆေးလုံးများကိုလုယူရန် ကျင့်ကြံသူများ စေလွှတ်ခဲ့သည်။ သို့သော် ကံမကောင်းစွာဖြင့် သူတို့ရောက်သည့်အချိန်တွင် တိုက်ပွဲက ပြီးဆုံးသွားပြီဖြစ်သည်။ ယဲ့ချန်နှင့်ဆေးဆရာရွှမ်းယီက ကိုယ်ယောင်ဖျောက်သွားသဖြင့် ရှာမတွေ့ခဲ့ကြပေ။ ထိုအချိန်မှရောက်ရှိလာသော ကျင့်ကြံသူများက မြို့တော်အတွင်း စောင့်ဆိုင်းပုန်းအောင်းနေခဲ့ကြသည်။
ယဲ့ချန်ထွက်ပေါ်လာသည်ကို သူလျှိုကွန်ရက်က မမျှော်လင့်ဘဲ သိလိုက်ရသည်။ လူသားအဆင့်ဆေးလုံးများကို ယဲ့ချန်က အရေအတွက်များများ သုံးစွဲရဦးမည်မဟုတ်ကြောင်း သေချာနေသည်။
"ယဲ့ချန် အသက် ၁၇ သို့မဟုတ် ၁၈
တုန်းလင်ပြည်နယ် ယဲ့မျိုးနွယ်
မြေဝိဇ္ဇာအဆင့် ကျင့်ကြံသူ
နင်ချင်းယွင်ကို မောင်းထုတ်နိုင်ခဲ့သော အသက်ငါးနှစ်အရွယ် ကလေးတစ်ယောက်
နောက်ခံနှင့်ကျင့်ကြံဆင့် မသိရ
သိုင်းပညာ မတတ်မြောက်သော်လည်း ဤကလေးကို တိုက်ရိုက်မတိုက်ခိုက်သင့်
မြေခွေးဖြူတစ်ကောင် ကျင့်ကြံဆင့်မသိရ
ခရမ်းရွှေနတ်ဆေးလုံးများစွာ ပိုင်ဆိုင်ထားသဖြင့်
အလွန့်အလွန်အဆင့်မြင့်သော အရေးကြီးသတင်း"
လဲ့ယုတန်းရီက လက်ထဲရှိ သတင်းအချက်အလက်များ ရေးမှတ်ထားသည့်စာကို သေချာစွာဖတ်ရှုနေသည်။
သူက ဤစာကြောင့် သက်ပြင်းတစ်ချက် ချလိုက်မိသည်။ ဆယ်ကျော်သက်အရွယ် ကလေးတစ်ယောက်က မြေဝိဇ္ဇာအဆင့်ဆိုသည်မှာ နန်မန်တိုင်းပြည်၏ မဟာအုပ်ချုပ်သူနှင့် ပါရမီချင်းယှဥ်နိုင်နေသည်။ ဤကလေးကို သေချာပေါက် ရှင်းလင်းရပေလိမ့်မည်။
လဲ့ယုတန်းရီက ယဲ့အိမ်တော်တွင် ဖြစ်ပျက်သည်ကိုလည်း သိထားသည်။ နန်မန်တိုင်းပြည်၏စစ်သည်တော်များက ယဲ့ကျန်ထန်းကိုလုပ်ကြံရန် ကြိုးစားခဲ့ကြသည်။ အဆင့်တစ်ဆယ်ကျင့်ကြံသူများစွာ သေဆုံးကုန်သော်လည်း ပစ်မှတ်၏ဆံပင်ကိုပင် မထိနိုင်ခဲ့ပေ။ လက်ရှိတွင် သူတို့က ယဲ့မျိုးနွယ်၏တည်နေရာကိုပင် မရှာနိုင်ပေ။ ကျင့်ကြံသူများစွာဖြင့် လင်းယွန်တောင်တန်းအတွင်း ရှာဖွေခဲ့သော်လည်း သေဆုံးခြင်း ဒဏ်ရာရခြင်းများနှင့်သာ အဆုံးသတ်ခဲ့ရသည်။ ဘုရင်မင်းမြတ်သည်ပင် တုန်းလင်ပြည်နယ်၏ ယဲ့မျိုးနွယ်အကြောင်း စိတ်ဝင်စားလာကာ အကြိမ်အနည်းငယ် မေးမြန်းခဲ့သည်။
ဤတစ်ကြိမ်တွင် နန်မန်တိုင်းပြည်၏ဘုရင်က ကောင်းကင်ဝိဇ္ဇာနှစ်ယောက်၊ မြေဝိဇ္ဇာငါးယောက်နှင့် အစွမ်းထက်လုပ်ကြံသူများစွာကို စေလွှတ်ပေးခဲ့သည်။ သူတို့ကသာ ယဲ့ချန်ကိုဖမ်းဆီးသုတ်သင်နိုင်လျှင် ပထမဆုံးသတင်းပေးဖြစ်သော လဲ့ယုတန်းရီက များစွာချီးမြှောက်ခံရပေလိမ့်မည် ။ရာထူးအာဏာနှင့်စည်းစိမ်ကြောင့် လဲ့ယုတန်းရီ၏မျက်လုံးများတွင် လောဘမီးတောက်လောင်နေသည်။ သူက အဆိုပါကျင့်ကြံသူများမရောက်ခင် ယဲ့ချန်ကို သေချာပေါက်စောင့်ကြည့်နေမည် ဖြစ်သည်။
လဲ့ယုတန်းရီက ယဲ့ချန်တည်းခိုနေထိုင်သော စားသောက်ဆိုင်၏ပတ်လည်တွင် အစောင့်များစွာ ချထားလိုက်သည်။
ညက ငြိမ်းချမ်းစွာဖြင့် ကျော်လွန်သွားသည်။ အရုဏ်တက်ချိန်ရောက်သောအခါ ကုန်သည်များက ခရီးထွက်ရန် ပြင်ဆင်လိုက်ကြသည်။ လမ်းပေါ်တွင် မြင်းချူသံများ ကျယ်လောင်စွာမြည်နေပြီး မြို့ငယ်လေးအတွင်းမှ သူတို့က ကိုယ်စီထွက်ခွာသွားကြသည်။
နံနက်ခင်းလေညှင်းက ပန်းရနံ့နှင့်မြေသင်းနံ့ကို သယ်ဆောင်လာခဲ့သည်။
အိပ်ရာပေါ်တွင် တစ်ညလုံးကျင့်ကြံနေသော ယဲ့ချန်က ထိုင်ရာမှထလိုက်သည်။ သူက ဤနေရာတွင် သိုင်းပညာရပ်များကျင့်ကြံရန် အဆင်မပြေပေ။ သူက ချီစွမ်းအင်များကျင့်ကြံခြင်းအပြင် သိုင်းပညာရပ်များကိုလည်း လေ့လာလိုသူတစ်ယောက် ဖြစ်သည်။
ထို့နောက် ယဲ့ချန်၊ ရှောင်ရိနှင့် အမွေးပွလေးက စားသောက်ဆိုင်အတွင်းမှ ထွက်ခွာလာကြသည်။
"မြင်းတစ်ကောင်လောက် သွားဝယ်ကြမယ်"
နံနက်စောစောတွင် မြို့ငယ်လေးက စည်ကားနေပြီဖြစ်သည်။ ပျံကျစျေးသည်များက လမ်းဘေးတွင် ဆိုင်ခင်းကာ စားသောက်ဖွယ်ရာအမျိုးမျိုးကို ရောင်းချနေကြသည်။ အစားအသောက်ရနံ့များက ထိုဆိုင်များထံမှ ဆက်တိုက်ထွက်ပေါ်လာနေသည်။
"ငွေတစ်ပြားနဲ့ အရသာရှိတဲ့ဘန်းမုန့်တွေ ရမယ် "
"လင်းအန်ရဲ့အရသာရှိတဲ့ အစာသွပ်မုန့်တွေ ရမယ်"
စျေးရောင်းချနေသံများက ဟိုမှသည်ဆူညံစွာ ထွက်ပေါ်နေသည်။
ယဲ့ချန်၏နောက်မှ လိုက်ပါလာသော ရှောင်ရိ၏နှုတ်ခမ်းထောင့်တွင် သားရေစီးကြောင်းတစ်ခု အဆက်မပြတ် ကျဆင်းလာခဲ့သည်။
"အစ်ကိုကြီး ဒီမုန့်တွေက အရသာရှိလား"
ရှောင်ရိက ဘန်းမုန့်များရောင်းချနေသည့် ဆိုင်တစ်ဆိုင်ကို ညွှန်ပြလိုက်သည်။ သူ၏မျက်လုံးများက ဆိုင်တွင်ရောင်းချနေသော မုန့်များထံမှ မခွာနိုင်ခဲ့ပေ။
ယဲ့ချန်က ရှောင်ရိ၏အမူအရာကို မြင်သောအခါ တစ်ချက်ရယ်မောလိုက်မိသည်။ ထို့နောက် သူက လက်မောင်းကာအတွင်းမှ ငွေဆယ်စကို ရှောင်ရိအား ထုတ်ပေးလိုက်သည်။
"ဆိုင်ရှင် ဘန်းမုန့်ဝယ်ချင်လို့"
ရှောင်ရိက ငွေကိုယူ၍ ပျော်ရွှင်စွာပြေးထွက်သွားခဲ့သည်။
ဘန်းမုန့်ရောင်းချသူမှာ အသက်ငါးဆယ်အရွယ် လူတစ်ယောက်ဖြစ်သည်။ အဝတ်အစားအစုတ်များ ဝတ်ဆင်ထားကာ ခါးကိုင်းနေသော စျေးသည်ကြီးက လောကဓံ၏အထုအထောင်းကို ခံခဲ့ရပုံပေါ်သည်။
"သခင်လေးက ဘယ်လောက်လိုချင်ပါသလဲ"
စျေးသည်က အသံလာရာသို့ ကြည့်လိုက်သောအခါ ကောင်းမွန်စွာဝတ်ဆင်ထားသော ချစ်စဖွယ်ကလေးတစ်ယောက်ကို မြင်လိုက်ရသည်။
"ဒါနဲ့ဆိုရင် ဘယ်လောက်ရမလဲ"
ရှောင်ရိက ငွေဆယ်စကိုပေး၍ မေးမြန်းလိုက်သည်။
"သခင်လေး ကျွန်တော့်ဆိုင်မှာ ဒီလောက်အများကြီးမရှိဘူး"
ငွေဆယ်စက အလွန်များပြားသောကြောင့် စျေးသည်က ထိတ်လန့်သွားခဲ့သည်။
"ဆိုင်ရှင် ဘန်းမုန့်တွေအကုန်လုံးကို ထည့်ပေးပါ။ ဒီငွေဆယ်စကို တန်ကြေးအဖြစ် ယူထားလိုက်"
ထိုအချိန်တွင် ယဲ့ချန်က ရှေ့တိုးလာပြီး ရှောင်ရိထံမှ ငွေကိုယူကာ စားပွဲပေါ်တွင် ချပေးလိုက်လေသည်။