← Chapters

စစ်ဗျူဟာ၃၆မျိုးကျမ်းအရ မနိုင်လျှင် ထွက်ပြေးပါ

Vol. 14 Ch. 191

စစ်ဗျူဟာ၃၆မျိုးကျမ်းအရ မနိုင်လျှင် ထွက်ပြေးပါ

Vol. 14 Ch. 191

"သခင်လေး ဒီငွေတွေကို ကျုပ် လက်မခံနိုင်ပါဘူး။ ဒီတစ်ဆိုင်လုံးက ဘန်းမုန့်တွေအားလုံး ပေါင်းလိုက်ရင်တောင် ငွေနှစ်စထက် ပိုမတန်ပါဘူး"

ဆိုင်ရှင်ကြီးက ချက်ချင်းငြင်းဆန်လိုက်သည်။ သူ၏အမြင်တွင် စျေးကြီးသောအဝတ်အစားများကို ဝတ်ဆင်ထားသည့် ဤသခင်​လေးနှစ်​ယောက်က အမျိုးမြတ်များဖြစ်နိုင်သည်။ သူက သာမန်ဘဝတွင် နေထိုင်သူတစ်ယောက်ဖြစ်သောကြောင့် သိုင်းပညာရှင်မျိုးနွယ်ကြီးများနှင့် မပတ်သက်ရဲပေ။

"ဆိုင်ရှင် ဒီမုန့်တွေအားလုံးကို ထုတ်ပိုးပေးလိုက်ပါ။ ကျုပ်က အလျင်လိုနေတယ်"

ယဲ့ချန်က ရိုးသားလွန်းလှသော ဘန်းမုန့်သည်ကြီးကို အမိန့်ပေးလိုက်သည်။

"ကောင်းပါပြီခင်ဗျာ။ သေချာထည့်ပေးလိုက်ပါမယ်"

ထိုအခါတွင်မှ ဘန်းမုန့်သည်ကြီးက ယဲ့ချန်စိတ်မရှည်မည်ကို ကြောက်လန့်သွားသည်။ သူက သူ၏ဆိုင်အတွင်းရှိ ဘန်းမုန့်ငါးဆယ်ကျော်ကို ခြင်းတစ်လုံးအတွင်း ထည့်ပေးလိုက်သည်။

ရှောင်ရိက ခြင်းကိုယူပြီးနောက် တစ်ကိုက်လျှင်မုန့်တစ်ခုနှုန်းဖြင့် စားသောက်လိုက်သည်။ သူက မုန့်တစ်ခုလုံးကို မျိုချလိုက်ပြီး ဝါးပင်မဝါးချေ။

"အရသာရှိလိုက်တာ"

ရှောင်ရိက ဘန်းမုန့်၏အရသာကြောင့် အလွန်ပျော်ရွှင်သွားသဖြင့် အော်ဟစ်လိုက်သည်။

"သခင်လေးက အစားကောင်းကြိုက်တယ် ထင်တယ်"

ဘန်းမုန့်သည်ကြီးက ရိုးသားစွာပြုံး၍ ပြောလိုက်သည်။ သူက ယဲ့ချန်ပေးလာသော ငွေဆယ်စကို အားတုံ့အားနာဖြင့် လက်ခံလိုက်ရလေသည်။

ယဲ့ချန်သည် ဤစျေးသည်ကြီး၏ရိုးသားမှုကြောင့် စိတ်အတွင်း ထိခတ်သွားခဲ့သည်။ ဤကမ္ဘာတွင် ကျင့်ကြံသူများ ပြည့်နှက်နေ၍  ဘန်းမုန့်သည်ကြီးကဲ့သို့ ခွန်အားမရှိသူများက ဘဝကိုနှိမ့်ချစွာ နေထိုင်ကြရသည်။ ဤကား ကျင့်ကြံခြင်းလောက၏ ရက်စက်သောနိယာမပင် ဖြစ်သည်။

"သွားကြစို့"

ယဲ့ချန်က ဘန်းမုန့်တစ်ခုကိုယူ၍ ပခုံးပေါ်ရှိ အမွေးပွလေးထံ ကမ်းပေးလိုက်သည်။ ထို့နောက် သူက ရှောင်ရိ၏ခေါင်းကို ညာလက်ဖြင့်ပွတ်သပ်ကာ ရှေ့ဆက်လျှောက်လာခဲ့သည်။

အမွေးပွလေးက မုန့်စားနေရင်း တစ်ခုခုကိုအာရုံခံမိဟန်ဖြင့် နားရွက်နှစ်ဖက် ထောင်လာခဲ့သည်။ သူမ၏မျက်နှာထက်တွင်လည်း အမူအရာတစ်ခု ဖြစ်တည်လာသည်။

"အမွေးပွလေး ဘာဖြစ်လို့လဲ"

ယဲ့ချန်နှင့်အမွေးပွလေးက စိတ်ချင်းဆက်သွယ်ထားသဖြင့် ဤပြောင်းလဲမှုကို သူက ချက်ချင်းသတိထားမိလိုက်သည်။ ထို့နောက် ယဲ့ချန်က ဝိညာဥ်အသိစိတ်ဖြင့် အာရုံခံလိုက်သည်။

သူက ကောင်းကင်သားရဲတစ်ကောင်ကို အာရုံခံမိသဖြင့် ဝိညာဥ်အသိစိတ်ကို ပို့လွှတ်လိုက်သည်။

မြက်ရိုင်းပင်များ ထူထပ်စွာပေါက်ရောက်နေသော အိမ်တော်ဟောင်းကြီးတစ်ခု၏ ခေါင်မိုးထက်တွင် သေးငယ်သော အဖြူရောင်သားရဲလေးတစ်ကောင် ရှိနေခဲ့သည်။ ယဲ့ချန်က ၎င်း၏အသွင်အပြင်ကို မြင်လိုက်ရသောအခါ ခဏတာမင်သက်သွားခဲ့သည်။ ဤအရာက အမွေးပွလေးကဲ့သို့ မြေခွေးဖြူတစ်ကောင်ဖြစ်ကာ အမြှီးသုံးခု ရှိနေခဲ့သည်။

ယဲ့ချန်က အမွေးပွလေးအတွက် ပျော်ရွှင်သွားခဲ့သည်။ ဤမြို့ငယ်လေးတွင် သူမနှင့်မျိုးနွယ်တူ သားရဲတစ်ကောင်ကို တွေ့ရမည်ဟု လုံးဝထင်မထားခဲ့ပေ။ ဤမြေခွေးလေးက အဖြူရောင်ဖြစ်သော်လည်း အချို့နေရာတွင် အရောင်စပ်ဖြစ်နေခဲ့သည်။ ထို့အပြင် ၎င်းက အမွေးပွလေးလောက် လှပလင်းလက်ခြင်း မရှိပေ။

"အမွေးပွလေး ဒါက မင်းရဲ့မိသားစုဝင်လား"

ယဲ့ချန်က မေးလိုက်သည်။ သို့သော် အမွေးပွလေး၏မျက်နှာထက်တွင် စိတ်လှုပ်ရှားမှု တစ်စုံတစ်ရာမရှိပေ။ ထိုအစား ထူးထူးခြားခြား တည်​ငြိမ်နေခဲ့သည်။

ထို့နောက် သူမက ခေါင်းယမ်းပြလိုက်သည်။

"မဟုတ်ဘူးလား"

ယဲ့ချန်က စိတ်ပျက်စွာရေရွတ်လိုက်သည်။ မူလတွင် သူက အမွေးပွလေး၏ဆွေမျိုးတစ်ယောက် ကံကောင်းစွာ အသက်ရှင်နေသည်ဟု ထင်မှတ်ခဲ့သည်။ ဤသို့ဆိုလျှင် အမွေးပွလေးအနေဖြင့် အထီးကျန်နေမည် မဟုတ်ပေ။

ထို့နောက် အမြှီးသုံးချောင်းမြေခွေးက အိမ်တော်အတွင်းမှခုန်ထွက်ကာ တောင်ကြားတစ်ခုအတွင်း ဝင်ရောက်ပျောက်ကွယ်သွားခဲ့သည်။

"အမွေးပွလေး ဝမ်းမနည်းပါနဲ့။ မင်းရဲ့မျိုးနွယ်ဝင်တွေ ဆက်ပြီးအသက်ရှင်နေဦးမှာပါ။ ငါက သေချာပေါက်လိုက်ရှာပေးမယ်"

ယဲ့ချန်က ဝိညာဥ်အသိစိတ်ကို ရုတ်သိမ်းလိုက်သည်။ သူက အမွေးပွလေး၏ဝမ်းနည်းစိတ်ကို ကိုယ်ချင်းစာသဖြင့် ကျောကို ညှင်သာစွာပွတ်သပ်ပေးပြီး ကတိပေးလိုက်သည်။ အမွေးပွလေးက ယဲ့ချန်၏အပြုံးကို မျက်လုံးဝိုင်းလေးများဖြင့် မော့ကြည့်လာခဲ့ပြီး သူ၏လက်ကို ခန္ဓာကိုယ်ဖြင့် ပွတ်သပ်လိုက်သည်။

ထိုအချိန်တွင် ရှောင်ရိသည် ခြင်းထဲရှိ ဘန်းမုန့်များအားလုံးကို ကုန်ဆုံးအောင်စားပစ်လိုက်ပြီ ဖြစ်သည်။ ထို့နောက် သူက အဝေးရှိအစာသွပ်မုန့်ဆိုင်သို့ လှမ်းမျှော်ကြည့်နေခဲ့သည်။ ဘန်းမုန့်အခုငါးဆယ်ကျော်ကို မျက်တောင်တစ်ခတ်အတွင်း အပြောင်ရှင်းလိုက်သည့် ရှောင်ရိ၏အစာအိမ်ကြောင့် ယဲ့ချန်မှာ ဆွံ့အနေရသည်။

"တစ်ခုခု မှားနေတယ်"

ယဲ့ချန်က ရုတ်တရက်ရေရွတ်လိုက်သည်။ သူက ဝိညာဥ်အသိစိတ်ကို ထုတ်လွှတ်လိုက်ချိန်တွင် ထောင့်တစ်ထောင့်မှ သူ့ကို အချိန်တိုင်းစောင့်ကြည့်နေကြောင်း ခံစားမိလိုက်သည်။ သူ၏ဝိညာဥ်အသိစိတ်သာ ထွက်ပေါ်မလာလျှင် ဤအကြောင်းကို သိမည်မဟုတ်ပေ။ သူက သားရဲလေးကို အာရုံခံနေချိန်တွင် အနီးအနားရှိ တစ်စုံတစ်​ယောက်ထံမှ ရန်လိုမှုကို အာရုံခံနိုင်ခဲ့သည်။

ယဲ့ချန်က ဝိညာဥ်အသိစိတ်ကို ပြန်လည်ထုတ်လွှတ်ပြီး သံသယရှိသူများအား ရှာဖွေလိုက်သည်။

စုတ်ပြတ်နေသော အဝတ်အစားများနှင့် သူတောင်းစားတစ်ယောက်က လမ်းဘေးတွင် ထိုင်နေသည်။ ဆန်မုန့်များရောင်းနေသော စျေးသည်တစ်ယောက်နှင့် ဖြတ်သွားဖြတ်လာ ကုန်သည်တစ်ယောက်လည်းရှိသည်။ စားသောက်ဆိုင်တစ်ခု၏ အပေါ်ထပ်တွင် ထိုင်နေကြသူများနှင့် လမ်းဘေးတွင် ဆိုင်ခင်းနေသော ဗေဒင်ဆရာတစ်ယောက်လည်း ပါဝင်နေခဲ့သည်။

"၁၁ယောက်"

ယဲ့ချန်က နောက်ယောင်ခံလိုက်သူအရေအတွက်ကို တိကျစွာဖော်ထုတ်နိုင်ခဲ့ပြီး မျက်မှောင်ကြုတ်လိုက်သည်။ ဤအုပ်စုက ထူးခြားသောစွမ်းရည်ရှိကြသည်။ သူက မြို့အတွင်း၌ တစ်ရက်သာနေထိုင်ခဲ့ရသော်လည်း မြောက်များစွာသော နောက်ယောင်ခံသူများကို စီစဥ်နိုင်ခဲ့သည်။

ဂိုဏ်းကြီးနှစ်ဂိုဏ်းက ရှီဝူအင်ပါယာကို မသိမ်းပိုက်လိုသောကြောင့် ဤမျှများပြားသည့် သူလျှိုများကို လေ့ကျင့်ပေးထားမည် မဟုတ်ပေ။ ယဲ့ချန်၏အတွေးတွင် နာမည်တစ်ခု ရုတ်တရက်ထွက်ပေါ်လာသည်။

"ကွိ ကွိ ကွီ"

အမွေးပွလေးကလည်း ယဲ့ချန်ကို အော်ဟစ်သတိပေးလိုက်သည်။

"ငါ သိတယ်"

ယဲ့ချန်က ခေါင်းညိတ်၍ မင်သေသေမျက်နှာထားဖြင့် ရှေ့ဆက်လျှောက်သွားလိုက်သည်။ မြို့တစ်ခုလုံး နောက်ယောင်ခံသူများ ပြည့်နှက်နေကြောင်းကို ယဲ့ချန်က ခဏအတွင်းသိခဲ့ရသည်။ သူရောက်ရှိနေသော နေရာတိုင်းတွင် တပြိုင်နက်စောင့်ကြည့်နေသူ အနည်းဆုံးဆယ်ယောက်အထိ ရှိနေခဲ့သည်။ သူလျှိုများ၏ကျင့်ကြံဆင့်က အဆင့်ခြောက်နှင့် အဆင့်ခုနစ်များသာဖြစ်၍ မြင့်သည်ဟုမဆိုနိုင်ပေ။ ခေါင်းဆောင်ဟု ယူဆရသော ထျန်းချီအဆင့်ရှစ်တစ်ယောက်လည်း ပါဝင်နေခဲ့သည်။

ယဲ့ချန်သည် သူလျှိုများ၏အကြံကို မသိသောကြောင့် မူလအစီအစဥ်အတိုင်း ဆက်လက်ဆောင်ရွက်ခဲ့သည်။ လမ်းမပေါ်ရှိ လူအုပ်ကြားတွင် သူလျှိုများက ယဲ့ချန်နောက်မှ မသိမသာကပ်လိုက်နေကြသည်။

ထို့ကြောင့် ယဲ့ချန်၏ဝိညာဥ်အသိစိတ်က သူလျှိုများကို တန်ပြန်ထောက်လှမ်းနိုင်ခဲ့သည်။

"ဟိုအစွမ်းထက်ကျင့်ကြံသူတွေ ရောက်လာပြီလား"

"ငါတို့အချိန်တွက်ချက်ထားပုံအရဆို သိပ်မကြာခင် ရောက်လိမ့်မယ်"

"လူတိုင်း မျက်စိလျင်လျင်ထားကြ။ ဒီကောင်က ငါတို့ကို ရိပ်မိမသွားစေနဲ့။ ဘာဖြစ်ဖြစ် သူက ​မြေဝိဇ္ဇာအဆင့်ကျင့်ကြံသူတစ်ယောက်နော်"

သူလျှိုများကို တင်းကျပ်စွာ လေ့ကျင့်ပေးထားပုံပေါ်သည်။ သူတို့၏လှုပ်ရှားပုံအရ ပစ်မှတ်က သံသယဝင်ရန် အလွန်ခဲယဥ်းလေသည်။ သို့သော် ယဲ့ချန်၌ ဝိညာဥ်အသိစိတ်ရှိနေသဖြင့် သူလျှိုများ၏စကားလုံးတိုင်းကို သိလိုက်ရသည်။

"ဟိုအစွမ်းထက်ကျင့်ကြံသူတွေဆိုပါလား။ ကြည့်ရတာ ငါ့ကိုသတ်ဖို့ နန်မန်တိုင်းပြည်ရဲ့ အစွမ်းထက်ကျင့်ကြံသူတွေ ရောက်လာမှာလား"

ယဲ့ချန်သည် သူလျှိုများက နန်မန်တိုင်းပြည်မှဖြစ်ကြောင်း ကြိုတင်ခန့်မှန်ထားပြီးဖြစ်သည်။ လက်ရှိတွင် နန်မန်တိုင်းပြည်မှစေလွှတ်မည့် ရန်သူအရေအတွက်နှင့် စွမ်းအားကို သူကမသိရပေ။ သို့သော် ရန်သူများက ဤသို့ကြံစည်လာသည့်အတွက် သူနှင့်ရှောင်ရိ၏ခွန်အားကို တွက်ချက်ထားနိုင်သည်။ ပညာရှိတစ်ယောက်က ပြိုကျမည့်နံရံအောက်တွင် ရပ်မနေသင့်ပေ။

စစ်ဗျူဟာ၃၆ပါးကျမ်းအရ ထွက်ပြေးခြင်းသည် အကောင်းဆုံးဗျူဟာဖြစ်သည်။

"ရှောင်ရိ အမွေးပွလေး သွားကြစို့"

ယဲ့ချန်က သူဝယ်ယူလာသော ပထမတန်းစား ညဥ့်လေမြင်းကို အသားကျစီးနင်းနေရာမှ လမ်းဘေးရှိသစ်တောအတွင်း ဝုန်းခနဲထိုးချလိုက်သည်။ ယဲ့ချန်ကို နောက်ယောင်ခံနေသူများက ကြောင်အသွားကြသည်။ သူတို့သတိပြန်ဝင်လာချိန်တွင် ပစ်မှတ်က ထူထပ်သော သစ်တော်အတွင်း ဝင်ရောက်သွားပြီဖြစ်သည်။

"ဘာ..ဘာဖြစ်သွားတာလဲ"

"ငါတို့ဖော်ထုတ်ခံလိုက်ရတာလား"

"မဖြစ်နိုင်ဘူး"

လဲ့ယုတန်းရီ၏မျက်နှာက မယုံနိုင်ဟန်ဖြင့် မည်းနက်သွားခဲ့သည်။ သူတို့က သတိကြီးကြီးဖြင့် နောက်ယောင်ခံခဲ့သော်လည်း ပစ်မှတ်ကသိရှိသွားသည်။ မဟုတ်လျှင် မြို့တော်သို့ဦးတည်နေသော ယဲ့ချန်က သစ်တောအတွင်းဝင်ရောက်သွားရန် အကြောင်းမရှိပေ။

"အစွမ်းထက်ကျင့်ကြံသူတွေ ရောက်လာရင် ဆက်သွယ်ဖို့ လူနည်းနည်းနေခဲ့ကြ။ ကျန်တဲ့သူတွေက ငါနဲ့အတူ ပစ်မှတ်နောက်ကို လိုက်ကြမယ်"

လဲ့ယုတန်းရီက ချက်ချင်းအမိန့်ပေးလိုက်သည်။ ညဥ့်လေမြင်းများက သစ်တောများအတွင်း ဖြတ်သန်းရာ၌ အလွန်လျင်မြန်သည်။ သူတို့အနေဖြင့် ယခုမလိုက်လျှင် ယဲ့ချန်ကို မျက်ခြည်ပြတ်သွားပေလိမ့်မည်။

ဤနေရာတွင် တောင်တန်းများရှိပြီး သစ်တောများ ထူထပ်စွာပေါက်ရောက်နေသည်။ ယဲ့ချန်အနေဖြင့် တောင်တန်းများကို အချိန်တိုအတွင်းကျော်ဖြတ်ရန် မဖြစ်နိုင်ပေ။ ပစ်မှတ်က မြေဝိဇ္ဇာအဆင့်ကျင့်ကြံသူဖြစ်သော်လည်း သူလျှိုများက သတ္တိမွေး၍ လိုက်ပါလာကြသည်။ အထက်အရာရှိများက သူတို့လက်မှ ယဲ့ချန်လွတ်မြောက်သွားကြောင်းသိလျှင် သေဒဏ်ပေးခံရမည်မှာ မလွဲဖြစ်သည်။

ထိုအချိန်တွင် ပုံရိပ်၁၅ခုက အဓိကလမ်းမကြီးအတိုင်း ရောက်ရှိလာကြသည်။ သူတို့က အလွန်လျင်မြန်ပြီး အရှိန်အဟုန်ပြင်းပြင်း ဝင်ရောက်လာသဖြင့် လမ်းပေါ်ရှိ ကုန်သည်များ၏မြင်းများပင် ကြောက်လန့်ကုန်သည်။

ဤအုပ်စု၏ခေါင်းဆောင်မှာ အနက်ရောင်သံချပ်ဝတ်ကို တပ်ဆင်ထားပြီး ကျောတွင် ဓားနက်တစ်ချောင်း လွယ်ထားသည်။ သူက မုတ်ဆိတ်များကို သပ်ရပ်စွာရိတ်ထားသော်လည်း မျက်နှာပေါ်ရှိအမာရွတ်များက ကြောက်မက်ဖွယ်အသွင်ကို ဆောင်သည်။

"ပစ်မှတ် ဘယ်မှာလဲ"

ထိုလူက ခပ်အက်အက်အသံဖြင့် မေးလိုက်သည်။ သူ၏ကောင်းကင်ဝိဇ္ဇာအဆင့် အရှိန်အဝါကလည်း ပြိုင်တူထွက်ပေါ်လာသည်။

လမ်းပေါ်တွင်ရှိနေကြသူအများစုမှာ သာမန်ပြည်သူများသာ ဖြစ်ကြသည်။ ထိုလူ၏အရှိန်အဝါ ထွက်ပေါ်လာသောအခါ အနီးရှိလူများမှာ ရင်ဘတ်ကို တူဖြင့်ထုခံလိုက်ရသကဲ့သို့ ခံစားလိုက်ရသည်။ ပြည်သူများက သွေးများအန်ထွက်၍ အနောက်သို့လွင့်ထွက်သွားကြသည်။ ကတ်တီရာချီလေးသော မြင်းကြီးများပင် မြေပြင်တွင် လဲကျကုန်သည်။

"အဖေ အမေ"

"ဦးလေးလင်း"

မိုးမခစိမ်းမြို့ငယ်လေး၏ လမ်းမထက်တွင် စိုးရိမ်ပူပန်စွာ အော်ဟစ်သံများ ချက်ချင်းထွက်ပေါ်လာခဲ့သည်။

ကောင်းကင်ဝိဇ္ဇာက မျက်မှောင်ကြုတ်၍ ကောင်းကင်ချီလှိုင်းတစ်ခုကို ပစ်ခတ်လိုက်သည်။ ဆွေမျိုးများ ဒဏ်ရာရကုန်သဖြင့် ငိုယိုနေသူများမှာ လမ်းဘေးဝဲယာတွင် အလောင်းများအဖြစ် သနားစဖွယ်သေဆုံးသွားကြသည်။ ဤမြင်ကွင်းကို မြင်လိုက်ရသူတိုင်းမှာ အဝေးသို့ ချက်ချင်းထွက်ပြေး ပုန်းအောင်းနေကြရသည်။

နန်မန်တိုင်းပြည်မှ သူလျှိုများပင် ဤလူ၏ရက်စက်သောလုပ်ရပ်ကြောင့် ကြောက်လန့်စွာဖြင့် ဒူးထောက်နေကြသည်။

"စစ်သူကြီးဒေါင်မန် ပစ်မှတ်က ဒီဦးတည်ရာအတိုင်း ထွက်ပြေးသွားပါတယ်"

သူလျှိုများက သတင်းပို့လိုက်ကြသည်။

"အသုံးမကျတဲ့အမှိုက်တွေ လူတစ်ယောက်ကိုတောင် အဖြစ်ရှိအောင် ထိန်းသိမ်းမထားနိုင်ဘူး"

ဒေါင်မန်ယင်ရန်က အေးစက်စက်နှာခေါင်းရှုံ့ပြီး လက်အောက်ငယ်သားများကို အဝေးသို့ရိုက်ထုတ်လိုက်သည်။

"သွားမယ်"

ထို့နောက် ပုံရိပ်၁၅ခုက ယဲ့ချန်ထွက်ခွာသွားသော ဦးတည်ရာအတိုင်း ချက်ချင်းပြေးလိုက်လာကြသည်။

ယဲ့ချန်သည် ညဥ့်လေမြင်းဖြင့် သစ်တောအတွင်းထွက်ပြေးနေရင်း အစွမ်းထက်အရှိန်အဝါများကို ဝိညာဥ်အသိစိတ်ဖြင့် အာရုံခံနိုင်ခဲ့သည်။ ကောင်းကင်ဝိဇ္ဇာနှစ်ယောက်၊ မြေဝိဇ္ဇာငါးယောက်နှင့် ထျန်းချီအဆင့်တစ်ဆယ် ရှစ်ယောက်၏ ရက်စက်သောလုပ်ရပ်က သူ၏မြင်ကွင်းတွင် ထင်ရှားစွာထွက်ပေါ်လာသည်။ နန်မန်တိုင်းပြည်မှစစ်သည်များ၏ လုပ်ရပ်ကြောင့် ယဲ့ချန် ဒေါသူပုန်ထသွားခဲ့သည်။ တစ်နည်းဆိုလျှင် အပြစ်မရှိသောပြည်သူများမှာ သူ့ကြောင့် ရက်ရက်စက်စက် သေပွဲဝင်ခဲ့ရသည်။

မင်ရေကန်မှတိုက်ပွဲသည် ယဲ့ချန်နှင့်ရှောင်ရိ၏အစွမ်းကို ထုတ်ပြလိုက်သကဲ့သို့ ဖြစ်သည်။ ထို့ကြောင့် နန်မန်တိုင်းပြည်မှ ဤအင်အားစုကိုသေချာပြင်ဆင်ကာ စေလွှတ်လိုက်ခြင်း ဖြစ်သည်။

ယဲ့ချန်က မြင်းပေါ်မှခုန်ချကာ သစ်တောအတွင်း ဝင်ရောက်သွားခဲ့သည်။ ရှောင်ရိနှင့်အမွေးပွလေးကလည်း အရှိန်အဝါကို ဖုံးကွယ်လိုက်ပါလာကြသည်။ အမွေးပွလေးက သူတို့၏ခြေရာလက်ရာများကို ဖျက်ပေးခဲ့သည်။

လဲ့ယုတန်းရီနှင့် နောက်လိုက်များသည် ညဥ့်လေမြင်းကို ခဏအတွင်း ရှာတွေ့ခဲ့ကြသည်။ သို့သော် ယဲ့ချန်တို့သုံး​ယောက်ကိုမူ အစအနပင် ရှာမရချေ။

"လူသန်ကြီးလဲ့ယု ကျုပ်တို့ ဘာလုပ်ကြမလဲ"

"ငါလည်း မသိဘူး"

လဲ့ယုက အေးစက်စက်ငေါက်ငမ်းလိုက်သည်။ ယဲ့ချန်က အလွန်လျင်မြန်စွာ ထွက်ပြေးသွားခဲ့သည်။ ယေဘူယျဆိုလျှင် သူတို့အုပ်စုတွင် အမြင့်ဆုံးက အဆင့်ရှစ်ဖြစ်သောကြောင့် မြေဝိဇ္ဇာတစ်ယောက်က ထွက်ပြေးရန်မလိုချေ။

အကယ်၍ ယဲ့ချန်သာ သူတို့ကိုတိုက်ခိုက်လာလျှင် အချိန်ဆွဲထားနိုင်မည်ဖြစ်သည်။ မကြာမီအချိန်အတွင်း ကောင်းကင်ဝိဇ္ဇာစစ်ကူများ ရောက်ရှိလာပေမည်။

သို့သော် ယဲ့ချန်က သူတို့ကို အခွင့်အရေးမပေးခဲ့ပေ။ လဲ့ယုတန်းရီမသိသည်မှာ ယဲ့ချန်၌ သူတို့အားလုံးကို ထောက်လှမ်းနိုင်သော ဝိညာဥ်အသိစိတ်ပိုင်ဆိုင်ထားခြင်း ဖြစ်လေသည်။

All Chapters