ဓားပျံတစ်လက် အသက်တစ်သက်
Vol. 14 Ch. 192
အချိန်ခဏအတွင်း ဒေါင်မန်ယင်ရန်နှင့် နောက်လိုက်များက သစ်တောအတွင်း ရောက်ရှိလာကြသည်။
"ပစ်မှတ်က ဘယ်မှာလဲ"
ဒေါင်မန်ယင်ရန်က ဒေါသတကြီးမေးလိုက်သည်။ သူ၏ကြမ်းတမ်းသော အပြုအမူကြောင့် လဲ့ယုတန်းရီနှင့်သူလျှိုများမှာ တုန်ယင်သွား၍ မြေပြင်တွင် ချက်ချင်းဒူးထောက်လိုက်ကြသည်။
"စစ်သူကြီး ကျွန်တော်တို့က သူ့မြင်းကိုရှာတွေ့ပေမယ့် လူက ပျောက်နေပါတယ်"
လဲ့ယုတန်းရီက ကြောက်ကြောက်နှင့် လျှောက်တင်လိုက်သည်။ သူက ဒေါင်မန်ယင်ရန်၏ ရက်စက်ကာအညှာတာမဲ့တတ်သော စရိုက်ကို သိထားသည်။ အကယ်၍ စစ်သူကြီးသာ ဒေါသထွက်သွားလျှင် သူတို့အားလုံး ချက်ချင်းအလောင်းဖြစ်သွားပေမည်။
"လူခွဲပြီး လိုက်ရှာကြစမ်း"
ဒေါင်မန်ယင်ရန်က ဤသို့အမိန့်ပေး၍ နက်မှောင်နေသော သစ်တောအတွင်း ကြည့်လိုက်သည်။ သူ၏ကောင်းကင်ဝိဇ္ဇာအစွမ်းဖြင့်ပင် ယဲ့ချန်ကို အာရုံမခံနိုင်ခဲ့ပေ။ ထို့ကြောင့် ပစ်မှတ်တွင် စွမ်းရည်အချို့ ရှိနေသည်။ ဘုရင်မင်းမြတ်က ဤကိစ္စကို အရေးတယူလုပ်နေသည်မှာ မထူးဆန်းတော့ပေ။
"စစ်သူကြီးခင်ဗျာ ပစ်မှတ်က မြေဝိဇ္ဇာတစ်ယောက်ပါ"
လဲ့ယုတန်းရီ၏ နောက်လိုက်တစ်ယောက်က စောဒကတက်လိုက်သည်။ သူက ထျန်းချီအဆင့်ခြောက်ကျင့်ကြံသူဖြစ်ကာ ဗေဒင်ဆရာတစ်ယောက်အဖြစ် ဟန်ဆောင်ထားသည်။ မြေဝိဇ္ဇာတစ်ယောက်ကို ဤအဆင့်သူလျှိုများက လူခွဲ၍လိုက်ရှာရလျှင် သေချာပေါက်သတ်သေခြင်း ဖြစ်သည်။
"ဘန်း"
ဒေါင်မန်ယင်ရန်က စကားတစ်ခွန်းမှမပြောဘဲ အင်္ကျီလက်ကို ယမ်းလိုက်သည်။ ထို့နောက် ကောင်းကင်ချီလှိုင်းတစ်ခုက သူလျှိုကို ခြောက်မီတာအဝေးအထိ လွင့်ထွက်သွားစေသည်။ အဆင့်ခြောက်ကျင့်ကြံသူမှာ သစ်ပင်ကြီးတစ်ပင်နှင့် ဝင်တိုက်မိသွားပြီး သွေးများအန်ထွက်လာကာ အသက်ထွက်သွားခဲ့သည်။
"ဘယ်ကောင် ကန့်ကွက်ချင်သေးလဲ"
ဒေါင်မန်ယင်ရန်က သူလျှိုများကို အေးစက်စက်စိုက်ကြည့်လိုက်သည်။
"မကန့်ကွက်ရဲပါဘူးခင်ဗျာ"
"လူခွဲလိုက်ရှာကြစမ်း မြန်မြန်လုပ်"
လဲ့ယုတန်းရီက ကြောက်လန့်တကြားဖြင့် ခေါင်းကို အဆက်မပြတ်ခါယမ်းလိုက်သည်။ ထို့နောက် သူက လက်အောက်ခံသူလျှိုများကို အော်ဟစ်အမိန့်ပေးလိုက်သည်။
ဒေါင်မန်ယင်ရန်သည် ဤသူလျှိုများက ယဲ့ချန်နှင့်တွေ့လျှင် သေချာပေါက်သေမည်ဟု တွက်ထားပြီးဖြစ်သည်။ သို့သော် ဤလူများသေဆုံးသွားလျှင် ယဲ့ချန်၏သဲလွန်စ ထွက်ပေါ်လာမည်ဖြစ်သည်။ ရက်စက်တတ်သော ဒေါင်မန်ယင်ရန်က တိုင်းပြည်သူလျှိုများ၏အသက်ကို အရေးမပါဟု သတ်မှတ်ထားခဲ့သည်။
"နှစ်ဖွဲ့ခွဲပြီး တောင်ဘက်နဲ့အရှေ့ဘက်ကို ရှာကြမယ်။ ညီအစ်ကိုစီကုန်း ကျုပ်တို့နှစ်ယောက်က ပစ်မှတ်ကို လူခွဲလိုက်ရှာကြမယ်။ လူတိုင်း အမြဲအဆက်အသွယ် ရှိနေပါစေ။ ပစ်မှတ်ကိုတွေ့ရင် မတိုက်ခိုက်ဘဲ အချက်ပြကို ချက်ချင်းပစ်လွှတ်ရမယ်"
ဒေါင်မန်ယင်ရန်က သူ့ဘေးတွင်ရပ်နေသော သက်လတ်ပိုင်းလူကိုကြည့်၍ ပြောလိုက်သည်။ စာသင်သားတစ်ယောက်ပုံစံ ဝတ်ဆင်ထားသူသည်လည်း ကောင်းကင်ဝိဇ္ဇာတစ်ယောက်ဖြစ်သည်။ စီကုန်းဖုန်းရန်သည် ဒေါင်မန်ယင်ရန်ထက် အနည်းငယ်သာအားနည်းပြီး ထူးခြားသောပုံစံနှင့် သံယပ်တောင်တစ်ချောင်းကို ကိုင်ဆောင်ထားသည်။
"ကောင်းပြီ"
စီကုန်းဖုန်းရန်က သံယပ်တောင်ကိုခတ်၍ ခေါင်းညိတ်လိုက်သည်။
ထို့နောက် ကောင်းကင်ဝိဇ္ဇာနှစ်ယောက်က လေပေါ်ပျံတက်သွားကြပြီး ကျန်ကျင့်ကြံသူများက လူခွဲ၍ သစ်တောအတွင်း ဝင်ရောက်လာကြသည်။
ယဲ့ချန်က ဤဖြစ်ရပ်အစအဆုံးကို ဝိညာဥ်အသိစိတ်ဖြင့် မြင်တွေ့နေခဲ့သည်။ အတိတ်တွင် နန်မန်တိုင်းပြည်က သူ့အဖေကိုလုပ်ကြံရန် ကြိုးစားခဲ့သည်။ ထိုရန်ငြိုးကို လက်စားမချေရခင်မှာပင် သူ့ကိုလည်း ပစ်မှတ်အဖြစ် နန်မန်တိုင်းပြည်က အမဲလိုက်ပြန်သည်။ သူ့အနေဖြင့် သင်ခန်းစာကောင်းကောင်းမပေးလျှင် ဤယင်ကောင်များက အနားတွင် တဝှီဝှီလုပ်နေကြပေလိမ့်မည်။ သူတို့ကို ခပ်ပြင်းပြင်းထိုးနှက်ပေးလိုက်မှ သင်ခန်းစာရမည် ဖြစ်သည်။
ဝိညာဥ်အသိစိတ်ဖြင့် ယဲ့ချန်သည် ရန်သူများ၏လှုပ်ရှားမှုကို ကြိုသိခဲ့သည်။ သူက အမွေးပွလေးနှင့်ရှောင်ရိကို ဂရုတစိုက်ခေါ်ဆောင်သွားပြီး ရန်သူများ၏လှုပ်ရှားမှုကို အကဲခတ်နေလိုက်သည်။
"ရှောင်ရိ ငါတို့လူခွဲကြမယ်။ မင်းက အစ်ကိုကြီးအတွက် ကောင်းကင်ဝိဇ္ဇာနှစ်ယောက်ကို အချိန်ဆွဲပေးထား။ ကျန်တဲ့ကောင်တွေကို ငါရှင်းပြီးရင် အချက်ပြလိုက်မယ်။ အဲ့ကျရင် ချက်ချင်းထွက်ပြေးရမယ်"
ယဲ့ချန်က ခုခံနိုင်စွမ်းကောင်းသော ရှောင်ရိကို အသေအချာမှာကြားလိုက်သည်။
ရှောင်ရိက ကောင်းကင်ဝိဇ္ဇာနှစ်ယောက်ကို မသတ်နိုင်သော်လည်း ရန်သူများက သူ့ကိုထိခိုက်အောင် မလုပ်နိုင်ပေ။ ရှောင်ရိတွင် နတ်ဘုရင်တစ်ယောက်၏ရုပ်ခန္ဓာ ရှိသည်။ ထို့ကြောင့် သူက မတ်တပ်ရပ်၍ ကောင်းကင်ဝိဇ္ဇာနှစ်ယောက်ကို နှစ်နာရီသုံးနာရီခန့် ဆက်တိုက်ထိုးခုတ်စေလျှင်ပင် ခြစ်ရာထင်မည် မဟုတ်ပေ။
"ဟုတ် ကျွန်တော်က တိုက်ခိုက်ရတာ ကြိုက်တယ်"
ရှောင်ရိက လက်သီးလေးများဆုပ်၍ စိတ်လှုပ်ရှားစွာ ခေါင်းညိတ်လိုက်၏။
"ဂရုစိုက်"
ယဲ့ချန်က ရှောင်ရိ၏ခေါင်းကို ပုတ်လိုက်သည်။ ထို့နောက် သူ၏မျက်နှာထက်တွင် အေးစက်စက်အပြုံးတစ်ခု ဖြစ်ပေါ်လာသည်။ သူ၏အကြံက အပြစ်အနာဆာ ကင်းမဲ့လေသည်။
ရှောင်ရိက ဒေါင်မန်ယင်ရန်နှင့် စီကုန်းဖုန်းရန်ကို ရင်ဆိုင်ရန် သစ်တောအတွင်း ဝင်ရောက်သွားသည်။
ယဲ့ချန်နှင့်အမွေးပွလေးက မြေဝိဇ္ဇာနှစ်ယောက်နှင့် အဆင့်တစ်ဆယ်ကျင့်ကြံသူ လေးယောက်ပါဝင်သော အုပ်စုတစ်ခုကို မီတာရာချီအကွာတွင် တွေ့လိုက်ရသည်။
"မင်းတို့ကို ကောင်းကောင်းသင်ခန်းစာ ပေးပြမယ်။ အမွေးပွလေး သွားကြစို့"
ယဲ့ချန်၏သတ်ဖြတ်လိုစိတ်က တဟုန်းဟုန်းတောက်လောင်နေခဲ့သည်။ သူက နန်မန်တိုင်းပြည်မှ ရန်သူများအပေါ် သနားစိတ် လုံးဝမရှိခဲ့ပေ။
သစ်တောအတွင်း ကျင့်ကြံသူခြောက်ယောက်က ယဲ့ချန်၏သဲလွန်စများကို ပိုက်စိပ်တိုက်ရှာဖွေနေကြသည်။
"အစ်ကိုချီတျောင် အရှင်က ဒီကောင်လေးအတွက် သတိကြီးလွန်းနေတယ် မထင်ဘူးလား။ ပစ်မှတ်က မြေဝိဇ္ဇာတစ်ယောက်တည်းပါ။ ငါတို့အများကြီးကို လိုအပ်လို့လား။ သူ့ဘေးနားက လုပ်ကြံသူတွေကိုတောင် စေလွှတ်ထားသေးတယ်"
ငွေရောင်သံချပ်ကာကို ဝတ်ဆင်ထားသော မြေဝိဇ္ဇာတစ်ယောက်က သူတို့၏နောက်ရှိ ကျင့်ကြံသူလေးယောက်ကိုကြည့်ကာ ပြောလိုက်ခြင်းဖြစ်သည်။ ဤကျင့်ကြံသူလေးယောက်က မျက်နှာကို လုံးဝဖုံးကွယ်ထားကြသည်။
လုပ်ကြံသူလေးယောက်က တာဝန်စတင်ချိန်မှစ၍ ယခုတိုင် စကားတစ်ခွန်းမှမပြောခဲ့ပေ။ သူတို့က လှုပ်ရှားနေသော အလောင်းကောင်ကြီးများနှင့် ဆင်တူနေခဲ့သည်။
"ဆယ်ကျော်သက်အရွယ် မြေဝိဇ္ဇာဆိုတာက ရန်သူတိုင်းပြည်ကဆိုရင် ခြိမ်းခြောက်မှုကြီးမားလို့ ငယ်ငယ်တည်းကသတ်ပစ်ရမယ်။ သူ့ဘေးက ကလေးကလည်း ဆန်းကျယ်နေတယ်။ မြစိမ်းတိမ်ဂိုဏ်းချုပ် နင်ချင်းယွင်တောင် သူ့လက်ထဲမှာ ရှုံးနိမ့်ခဲ့တယ်"
ချီတျောင်ဟုခေါ်သော မြေဝိဇ္ဇာက သစ်တောအတွင်း စစ်ဆေးနေရာမှ ဖြေလိုက်သည်။
သူတို့သည် နန်မန်တိုင်းပြည်အရှင် ထို့ပါဟုန်ယဲ့နောက်သို့ လိုက်ပါလာသည်မှာ နှစ်ပေါင်းများစွာကြာပြီဖြစ်သည်။ သူတို့၏ဘုရင်က တစ်စုံတစ်ယောက်ကြောင့် ဤမျှလေးနက်နေသည်ကို ပထမဆုံးအကြိမ် ခံစားလိုက်ရသည်။ တိုက်ပွဲရာချီအောင်နိုင်ပြီး လူထောင်ချီသတ်ဖူးသော ခေါင်းဆောင်များကိုပင် ဆယ်ကျော်သက်ကလေးတစ်ယောက်ကိုသတ်ရန် စေလွှတ်ခဲ့သည်။ ထို့အပြင် စစ်သူကြီးဒေါင်မန်က ပစ်မှတ်ကိုတွေ့လျှင် အချက်ပြရန်သာ မှာကြားထားခဲ့သည်။ ဤအချက်က အလွန်ထူးဆန်းနေသည်။ သူတို့က ပစ်မှတ်ကိုမဖမ်းနိုင်လျှင်ပင် ရန်သူက အချိန်တိုအတွင်း သူတို့ကိုသတ်နိုင်မည်ဟု လုံးဝမထင်ကြပေ။
မီတာတစ်ထောင်အဝေးတွင် သစ်တောအတွင်း ရှာဖွေနေသော ဒေါင်မန်ယင်ရန်က စွမ်းအင်တစ်ခုကို ခံစားလိုက်ရသည်။ သူက လှည့်ကြည့်လိုက်သောအခါ အသက်ငါးနှစ်အရွယ်ကလေးတစ်ယောက်က လေတိုးသံနှင့်အတူ ထွက်ပေါ်လာခဲ့သည်။ ဤကလေးက မန်ထိုပေါက်စီလောက်ပင် မကြီးသော လက်သီးကလေးများနှင့် တိုက်ခိုက်လာခဲ့သည်။
"မင်းပါလား"
ဒေါင်မန်ယင်ရန်က တစ်ချက်ပြုံး၍ ခုန်ရှောင်လိုက်သည်။
"အဘိုးကြီး မင်းမှာသတ္တိရှိရင် မရှောင်နဲ့။ ငါ့ကို တိုက်ခိုက်စမ်း"
လက်သီးက လေကိုသာ ထိုးမိသွားသဖြင့် ရှောင်ရိက ဒေါသတကြီးအော်ဟစ်လိုက်သည်။
ဒေါင်မန်ယင်ရန်သည် သတင်းအချက်အလက်များအရ ရှောင်ရိက နင်ချင်းယွင်ကို လက်သီးတစ်ချက်တည်းဖြင့် အနိုင်ယူခဲ့ကြောင်း သိထားသည်။ သူက ရက်စက်ကြမ်းကြုတ်သော်လည်း ဤနေရာသို့ရောက်ရန် တိုက်ပွဲများစွာ အလောင်းများစွာ ကျော်ဖြတ်လာခဲ့ရသည်။ ရန်သူကိုအထင်သေးခြင်းက ကိုယ့်ကိုကိုယ်သတ်သေခြင်းဖြစ်သည်ဟူသော သဘောတရားကိုလည်း နားလည်ထားသဖြင့် ရှောင်ရိကို ထိပ်တိုက်ရင်မဆိုင်ခဲ့ပေ။
"ဘန်း"
ဒေါင်မန်ယင်ရန်၏လက်သီးချက်က ရှောင်ရိကို ထိမှန်သွားသည်။ သို့သော် အထိုးခံလိုက်ရသူက မည်သို့မှမဖြစ်ဘဲ ထိုးလိုက်သူက လက်တစ်ဖက်လုံး ထုံကျင်သွားခဲ့သည်။ ဒေါင်မန်ယင်ရန်သည် ဤကလေး၏ခန္ဓာကိုယ်က ပြိုင်ဘက်ကင်းမာကျောသည်ဟု စိတ်ထဲမှ တွေးလိုက်မိသည်။ သူက ရှောင်ရိ၏လက်သီးချက်များကို ရှောင်တိမ်းရန် ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
ဒေါင်မန်ယင်ရန်၏ကြုံးဝါးသံက သစ်တောအတွင်း ပဲ့တင်ထပ်သွားသဖြင့် အရှိန်အဝါအချို့က ထိုနေရာသို့ ဦးတည်လိုက်ကြသည်။
ယဲ့ချန်သည် ထိုအသံကိုကြားသဖြင့် ရှောင်ရိက ဒေါင်မန်ယင်ရန်နှင့် တွေ့နေပြီဖြစ်ကြောင်း ခန့်မှန်းလိုက်သည်။ သို့သော် သူက ရှောင်ရိအတွက် စိတ်ပူစရာမရှိပေ။
ချီတျောင်နှင့် အဖော်ငါးယောက်က ဒေါင်မန်ယင်ရန်၏အော်သံကြောင့် မျက်နှာထားများ ပြောင်းလဲကုန်သည်။
"စစ်သူကြီးက ပစ်မှတ်ကိုတွေ့နေပြီ ထင်တယ်"
ချီတျောင်က စိတ်လှုပ်ရှားစွာ ရေရွတ်လိုက်သည် ။သူတို့ခြောက်ယောက်က လှုပ်ရှားလိုက်သည်နှင့်တပြိုင်နက် အဖြူရောင်အရိပ်လေးတစ်ခုက သစ်တောအတွင်းမှ ခုန်ထွက်လာခဲ့သည်။ ထို့နောက် ခြောက်ယောက်လုံး စိတ်များ ဗလာဖြစ်ကုန်သည်။
"အချိန်ကျပြီ"
ယဲ့ချန်၏ရှေ့တွင် ကောင်းကင်ချီများက ဓားပျံသဏ္ဍာန် ဖြစ်တည်လာသည်။ သူက ညာလက်ကို ယမ်းလိုက်သောအခါ ၎င်းက လေကိုခွင်း၍ ချီတျောင်ထံ တဟုန်ထိုးပျံထွက်သွားခဲ့သည်။
ဓားပျံက လျှပ်ပြက်သကဲ့သို့ ရောက်ရှိလာသည်။ ၎င်းက သေမင်းတစ်ယောက်ကဲ့သို့ ပြင်းထန်သည့် သတ်ဖြတ်လိုစိတ်ကို သယ်ဆောင်လာခဲ့သည်။ ထိုအချိန်တွင် နန်မန်စစ်သည်တော်ခြောက်ယောက်၏စိတ်ထဲတွင် ကြောက်စိတ်များ ဖြစ်တည်လာသည်။
သူတို့၏စိတ်ဝိညာဥ်များကို ဤဓားပျံက ချိန်ရွယ်နေသကဲ့သို့ ခံစားနေရသည်။
"ဘန်း"
သွေးများ ပန်းထွက်လာပြီး ချီတျောင်အမည်ရသော မြေဝိဇ္ဇာမှာ သေပန်းပွင့်သွားခဲ့သည်။ သူ၏အသက်မီးတောက်က ချက်ချင်း ငြှိမ်းသတ်ခံလိုက်ရလေသည်။
ဓားပျံတစ်ချက်က နန်မန်စစ်သည်တော်တစ်ယောက်၏အသက်ကို တိတိကျကျ ချွေယူသွားခဲ့သည်။
သစ်တောအတွင်း၌ ယဲ့ချန်က သားကောင်ကိုချောင်းမြောင်းနေသော မုဆိုးပမာ စောင့်ကြည့်နေခဲ့သည်။ သူ၏ကောင်းကင်ဓားပျံက မြေဝိဇ္ဇာတစ်ယောက် မရှောင်နိုင်လောက် မမြန်ပေ။ သို့သော် အမွေးပွလေး၏ပုံရိပ်ယောင်စွမ်းရည်နှင့် တွဲလိုက်သောအခါ ချီတျောင်တစ်ယောက် အသက်နှင့်ကိုယ် အိုးစားကွဲသွားရသည်။
ကျန်မြေဝိဇ္ဇာနှင့် လုပ်ကြံသူလေးယောက်က ချီတျောင်၏သေဆုံးမှုကြောင့် တုန်လှုပ်သွားကြသည်။ သူတို့က အလန့်တကြားဖြင့် ပုံရိပ်ယောင်စွမ်းအင်ကို ချိုးဖျက်ရုန်းထွက်လိုက်ကြ၏။
"ရန်သူ တိုက်ခိုက်နေပြီ"
မြေဝိဇ္ဇာက ဓားပျံထွက်ပေါ်လာသောနေရာကို ညွှန်ပြ၍ အော်ဟစ်လိုက်သည်။
လုပ်ကြံသူလေးယောက်က လေပေါ်သို့ ပြိုင်တူခုန်တက်၍ ယဲ့ချန်ပုန်းအောင်းနေသည့် နေရာထံ အင်္ကျီလက်စများ ယမ်းခါလိုက်ကြသည်။
"ရွှစ် ရွှစ် ရွှစ်"
လေတိုးသံများ ဆက်တိုက်ထွက်ပေါ်လာ၍ အပ်များက မိုးရွာသကဲ့သို့ တဖွဲဖွဲကျဆင်းလာခဲ့သည်။ အပ်ထိပ်များတွင် အစိမ်းရောင်သန်းနေသဖြင့် အလွန်အဆိပ်ပြင်းကြောင်း သိသာနေသည်။
ယဲ့ချန်က ဤလက်နက်ပုန်းများကြောင့် လျင်မြန်စွာလှုပ်ရှားလိုက်သည်။ သူက ကျားသစ်တစ်ကောင်ကဲ့သို့ နောက်ကျွမ်းပစ်၍ ရှောင်တိမ်းကာ လေထဲ၌ပင် နောက်ထပ်ဓားပျံတစ်ချောင်း ဖန်တီးလိုက်သည်။ ထို့နောက် သူ၏လက် လှုပ်သွားသည်နှင့်တပြိုင်နက် ဓားပျံက ပြေးထွက်သွားခဲ့သည်။
မြေဝိဇ္ဇာက အလန့်တကြားဖြင့် ရှောင်တိမ်းရန် ကြိုးစားလိုက်သည်။ သို့သော် သူ၏စိတ်က ရုတ်တရက်တင်းကျပ်သွားသည်။ မျက်စိရှေ့တွင် ဧရာမသားရဲကြီးများ ထွက်ပေါ်လာသဖြင့် ပုံရိပ်ယောင်အတွင်း ရောက်နေပြီဖြစ်ကြောင်း သိလိုက်ရသည်။
အမွေးပွလေးနှင့်ယဲ့ချန်က စိတ်ချင်းဆက်နေသဖြင့် ဓားပျံနှင့်ပုံရိပ်ယောင်၏ပေါင်းဖက်မှုက အချိန်ကိုက် ထွက်ပေါ်လာသည်။ မြေဝိဇ္ဇာတစ်ယောက်က သတိထားနေလျှင် အမွေးပွလေး၏ပုံရိပ်ယောင်ကို ချိုးဖျက်ရန် စက္ကန့်အနည်းငယ်သာ လိုအပ်သည်။
အမွေးပွလေး၏ပုံရိပ်ယောင်ကြောင့် ရန်သူမြေဝိဇ္ဇာမှာ အနည်းငယ်တုံ့ဆိုင်းသွားခဲ့သည်။ ဤအချိန်လေးက ကျင့်ကြံသူများ၏တိုက်ပွဲတွင် သေခြင်းရှင်ခြင်းကို ဆုံးဖြတ်ပေးနိုင်သည်။
သွေးများပန်းထွက်လာသော အသံတစ်ခုနှင့်အတူ ယဲ့ချန်၏ဓားပျံက ရန်သူ၏ဒန်တန်ကို ထိုးဖောက်သွားခဲ့သည်။ မြေဝိဇ္ဇာ၏ သန့်စင်ယန်တည်ဆောက်ပုံက စက္ကူစပမာ ဖျက်ဆီးခံလိုက်ရပြီး ဓားပျံနှင့်အတွေ့တွင် ဒန်တန်က ပျက်စီးသွားသည်။
ဤသို့ဖြင့် နောက်ထပ်မြေဝိဇ္ဇာတစ်ယောက် ကျဆုံးသွားပြန်သည်။
သစ်ပင်တစ်ခုပေါ်တွင် ရပ်နေသော အမွေးပွလေးက အသက်ရှူသွင်း၍ မှုတ်ထုတ်လိုက်သည်။ ထို့နောက် ပတ်ဝန်းကျင်တွင် မြူခိုးများ ထူထပ်စွာ ထွက်ပေါ်လာသည်။
ထျန်းချီအဆင့်တစ်ဆယ်ထိပ်ဆုံး လုပ်ကြံသူလေးယောက်က မြူခိုးများအတွင် ပုံရိပ်တစ်ခု ဖြတ်သန်းသွားသည်ကို ခပ်ဝါးဝါးမြင်လိုက်ရသည်။ ခဏအတွင်း မြူခိုးများက သူတို့၏အမြင်အာရုံကို ဖုံးကွယ်သွားခဲ့သဖြင့် မည်သည်ကိုမှ မမြင်ရတော့ပေ။