← Chapters

ရှောင်ရိ၏ဒေါသ

Vol. 14 Ch. 193

ရှောင်ရိ၏ဒေါသ

Vol. 14 Ch. 193

လုပ်ကြံသူလေးယောက်၏မျက်နှာက မြူခိုးများကြောင့် တည်ကြည်လေးနက်သွားသည်။ ထို့နောက် သူတို့က ကျောချင်းကပ်၍ ပတ်ဝန်းကျင်ကို အဆက်မပြတ် ထောက်လှမ်းလိုက်ကြ၏။

သူက ဝိညာဥ်အသိစိတ်ဖြင့် လုပ်ကြံသူလေးယောက်ကို ပြန်လည်စောင့်ကြည့်နေခဲ့သည်။ ရန်သူများထံမှ ထူးဆန်းသော မရဏစွမ်းအင်ကို ရနေသဖြင့် အလောင်းကောင်များပမာ ထင်မှတ်ရသည်။ သူတို့၏ရှေ့တွင် မြေဝိဇ္ဇာနှစ်ယောက် အသတ်ခံထားရသော်လည်း လုပ်ကြံသူလေးယောက်၏မျက်နှာများတွင် ခံစားချက်ကင်းမဲ့စွာ အေးစက်နေသည်။ ထို့အပြင် သူတို့၏တိုက်ခိုက်မှုများက  တိကျသဖြင့် ယဲ့ချန်အနေဖြင့် သတိထားနေရသည်။ လုပ်ကြံသူများထံတွင် မည်သည့်ဝှက်ဖဲများရှိနေဦးမည်ကို သူက မသိသောကြောင့် ဖြစ်သည်။

လုပ်ကြံသူလေးယောက်က ပတ်ဝန်းကျင်တွင် မြူခိုးများကြောင့် မည်သည်ကိုမှမမြင်ခဲ့ရပေ။ ထို့နောက် သူတို့က အနည်းငယ်ရွေ့လျားလိုက်ကြသည်။ နားပါးလှသော လုပ်ကြံသူများက လှုပ်ရှားမှုတစ်ခုကို အာရုံခံမိသဖြင့် အဆိပ်အပ်များကို မိုးရွာသကဲ့သို့ ပစ်ခတ်လိုက်ကြသည်။

"ဖောက် ဖောက် ဖောက်"

အဆိပ်အပ်များစွာက သစ်ပင်အချို့၏ပင်စည်များတွင် စိုက်ဝင်သွားကာ အပေါက်များ ဖြစ်ပေါ်လာစေသည်။

ယဲ့ချန်သည် ဝိညာဥ်အသိစိတ်ဖြင့် လုပ်ကြံသူလေးယောက်ကို ထင်ထင်ရှားရှား မြင်နေရသဖြင့် အဆိပ်အပ်အားလုံးကို ရှောင်တိမ်းနိုင်ခဲ့သည်။ အမွေးပွလေး၏မြူခိုးစွမ်းရည်က အမြင်အာရုံကို အလွန်နှောင့်ယှက်နိုင်သဖြင့် ရန်သူများက သူ၏တည်နေရာအတိအကျကို မခန့်မှန်းနိုင်ကြပေ။

လုပ်ကြံသူလေးယောက်မှာ မြူခိုးများအတွင်း ရန်သူပုန်းအောင်းနေကြောင်း သိထားသဖြင့် သတိမပေါ့ရဲချေ။ သူတို့၏စိတ်ကို အစွမ်းကုန်တင်းထားပြီး လေတိုက်ခတ်သံကအစ လွတ်မသွားစေရန် အာရုံစိုက်ကာ ထောက်လှမ်းနေကြသည်။ ထိုအချိန်တွင် လေထဲ၌ ရွှေရောင်ပုံရိပ်ကြီးတစ်ခု ရုတ်တရက်ထွက်ပေါ်လာကာ လေးယောက်လုံးကို ဓားဖြင့် ခုတ်ချလာသည်။

ယဲ့ချန်၏ဝိညာဥ်စစ်သည်တော်က မြူခိုးများကြားတွင် နတ်ဘုရားတစ်ယောက်ပမာ ထင်ရသောကြောင့် ခံစားချက်မဲ့သည့် လုပ်ကြံသူများပင် ကြောက်လန့်ကုန်သည်။

သစ်တောအတွင်း ပုန်းအောင်းနေသော ယဲ့ချန်၏မျက်နှာတွင် အေးစက်စက်အပြုံးတစ်ခု ဖြစ်ပေါ်လာသည်။ ရန်သူများက ကြောက်လန့်စပြုနေကြသည်။ မူလတွင် သူတို့က ခံစားချက်မဲ့သော အလောင်းကောင်ပမာ ပြုမူနေကြသော်လည်း ကြောက်လန့်တတ်ပေသည်။

ဝိညာဥ်စစ်သည်တော်က ကောင်းကင်ဝိဇ္ဇာအလယ်အဆင့်၏ခွန်အားကို ပိုင်ဆိုင်ထားသည်။ ထို့ကြောင့် ၎င်း၏အရှိန်အဝါ ထွက်ပေါ်လာသောအခါ လုပ်ကြံသူလေးယောက်မှာ ကတ်တီတစ်ထောင်ဖိအားကို ခံစားလိုက်ရပြီး ခြေတစ်လှမ်းရွေ့ရန်ပင် အလွန်ခက်ခဲသွားကြသည်။ ထို့နောက် သူတို့၏ခေါင်းထက်မှ ခရမ်းရောင်မီးတောက်များ တောက်လောင်နေသော ဓားသွားကြီး ကျဆင်းလာသည်။

"ဘုန်း"

လုပ်ကြံသူလေးယောက်မှာ ချက်ချင်းလွင့်ထွက်သွားသည်။ မြေပြင်တွင် ဆယ်မီတာရှည်ပြီး သုံးမီတာခန့်နက်သော ဓားရာကြီးတစ်ခု ဖြစ်ပေါ်လာသည်။ ပတ်ဝန်းကျင်ရှိ သစ်ပင်များမှာလည်း ခရမ်းရောင်မီးတောက်များကြောင့် ပြာကျကုန်သည်။ ဝိညာဥ်စစ်သည်တော်၏ တိုက်ခိုက်မှုဖြင့် နန်မန်တိုင်းပြည်၏ လုပ်ကြံသူလေးယောက်က တစ်ချက်တည်း အဆုံးသတ်ခံလိုက်ရသည်။

ယဲ့ချန် မျှော်လင့်ထားသည့်အတိုင်း ဝိညာဥ်စစ်သည်တော်က အလွန်ပြင်းထန်သော တိုက်ခိုက်ရေးစွမ်းအားကို ပိုင်ဆိုင်ထားသည်။ သူက ရှောင်ရိကိုထွက်ပြေးရန် သတင်းပို့မည်ပြင်လိုက်စဥ် ပြဿနာတစ်ခုကို အာရုံခံမိလိုက်သည်။ ထို့ကြောင့် ဝိညာဥ်စစ်သည်တော်ကို ပြန်သိမ်းဆည်းကာ ရှောင်ရိရှိသော နေရာထံ တဟုန်ထိုးပြေးသွားခဲ့သည်။

အမွေးပွလေးက ရန်သူများ၏ သိုလှောင်အိတ်အားလုံးကိုယူရန် အချိန်ခဏသာ ယူလိုက်ရသည်။ လောဘကြီးသော သူမ၏အာရုံအောက်မှ မည်သည့်ရတနာမှ လွတ်မြောက်သွားခြင်းမရှိပေ။ ထို့နောက် သူမက ယဲ့ချန်နောက်သို့ ချက်ချင်းပြေးလိုက်သွားခဲ့၏။

ရှောင်ရိ၏ပတ်လည်တွင် ရန်သူများစွာရှိနေကြောင်း ယဲ့ချန်က ဝိညာဥ်အသိစိတ်ဖြင့် အာရုံခံနိုင်ခဲ့သည်။ ကောင်းကင်ဝိဇ္ဇာနှစ်ယောက်၊ မြေဝိဇ္ဇာသုံး​ယောက်၊ ထျန်းချီအဆင့်တစ်ဆယ် လုပ်ကြံသူလေးယောက်နှင့် အဆင့်ခြောက် အဆင့်ခုနစ် သူလျှိုများဖြစ်သည်။ ထိုလူများက နေရာကိုယ်စီဖြန့်ကျက်ပြီး ရှောင်ရိကို ဝိုင်းရံထားကြသည်။

"နောက်ထပ်လူခြောက်ယောက် လိုသေးတယ်။ ဘာလို့ရောက်မလာကြတာလဲ"

ဒေါင်မန်ယင်ရန်က မျက်မှောင်ကြုတ်၍ စဥ်းစားနေစဥ် အဝေးမှပေါက်ကွဲသံတစ်ခုကို ကြားခဲ့ရသည်။ ထိုအသံအရ သူ၏နောက်လိုက်ခြောက်ယောက်မှာ မပြန်လမ်းသို့မြန်းသွားကြောင်း ဒေါင်မန်ယင်ရန်က ကောက်ချက်ချလိုက်သည်။ ဤမျှကျယ်လောင်သော ပေါက်ကွဲသံ ထွက်ပေါ်လာနိုင်သည်မှာ ကောင်းကင်ဝိဇ္ဇာတစ်ယောက်မှသာ စွမ်းဆောင်နိုင်သောကြောင့် ဖြစ်သည်။

"ဒီကောင့်ကို အရင်ဖမ်းကြတာပေါ့"

စီကုန်းဖုန်းရန်က အကြံပေးလိုက်သည်။ ထိုအချိန်တွင် လုပ်ကြံသူလေးယောက်က ကြိုးရှည်နှစ်ချောင်းကို ကိုင်ဆောင်၍ ရှောင်ရိထံ ချဥ်းကပ်နေကြသည်။ ထိုကြိုးများက နှင်းကဲ့သို့ဆွတ်ဆွတ်ဖြူနေပြီး မည်သည့်ကုန်ကြမ်းများဖြင့် ရက်လုပ်ထားကြောင်းသိရန် မလွယ်ပေ။

ရှောင်ရိ၏ခွန်အားကို သိရှိထားသဖြင့် ရန်သူက အဆင်အခြင်မဲ့ မတိုက်ခိုက်ရဲပေ။ ထို့ကြောင့် သူတို့က ဖမ်းဆီးရန် အကြံထုတ်လိုက်ခြင်း ဖြစ်သည်။

စီကုန်းဖုန်းရန်က လေပေါ်သို့ခုန်တက်သွားကာ ရှောင်ရိ၏ခေါင်းအထက်သို့ ရောက်သောအခါ ပိုက်ကွန်တစ်ခုကို ပစ်ချလိုက်သည်။

"ဒါက ဘာကြီးလဲ"

ရှောင်ရိက ဝိုင်းခံထားရသဖြင့် ပိုက်ကွန်ကို မရှောင်နိုင်ခဲ့ပေ။ သို့သော် သူက ပိုက်ကွန်ကို ဆွဲဖြဲလိုက်သောအခါ မည်မျှကြိုးစားပါစေ အရာမရောက်ခဲ့ပေ။

ထို့နောက် လုပ်ကြံသူလေး​ယောက်က ခုန်ပျံဝင်ရောက်လာပြီး ကြိုးများဖြင့် သူ့ကို ဖမ်းချုပ်လိုက်သည်။ သူတို့က စက်ဝိုင်းသဏ္ဍာန် ပြေးလွှားလိုက်ပြီး ကြိုးနှင့်ပိုက်ကွန်ကို ပိုမိုတင်းကျပ်စေခဲ့သည်။

"ငါ့ကို လွှတ်စမ်း”

ရှောင်ရိက ဒေါသတကြီးဖြင့် ပိုက်ကွန်ကို လက်သေးသေးလေးများဖြင့် ဆက်တိုက်ဆွဲဖြဲနေခဲ့သည်။

"အချိန်ဖြုန်းနေတာ ရပ်လိုက်။ ဒီပိုက်ကွန်ကို နှင်းသစ်ခွရဲ့အမြစ်တွေနဲ့ ရက်လုပ်ထားတာမို့ အလွန်မာကျောတယ်။ မင်းက အဆင့်ငါးဝိညာဥ်လက်နက်နဲ့တောင် ဒီရတနာကို မဖြတ်နိုင်ဘူး။ ကြိုးတွေကိုလည်း နှစ်ရာချီသက်တမ်းရှိ နှင်းသစ်ခွအမြစ်တွေနဲ့ ရက်လုပ်ထားတာဖြစ်တယ်။ မင်း ဘယ်လောက်ကြိုးစားကြိုးစား အရာမထင်ဘူး"

စီကုန်းဖုန်းရန်က မောက်မာစွာပြောလိုက်ခြင်း ဖြစ်သည်။ သူက ဤကလေးကိုဖမ်းဆီးရန် အလွန်အားထုတ်ခဲ့ရသည်။ နှင်းသစ်ခွပိုက်ကွန်တစ်ခုတည်းကပင် အလွန်အဖိုးတန်နေပြီ ဖြစ်သည်။

"ငါ ဒေါသမထွက်ခင် လွှတ်ပေးကြစမ်း"

ရှောင်ရိ၏မျက်နှာလေးက ဒေါသထွက်လွန်းသဖြင့် မီးတောက်သကဲ့သို့ ရဲရဲနီနေခဲ့သည်။

လုပ်ကြံသူလေးယောက်က ရှောင်ရိကို ကြိုးများဖြင့်ဆွဲခေါ်ရန် ကြိုးစားနေသော်လည်း သူက သံတိုင်ကြီးပမာ ရပ်နေသောကြောင့် အနည်းငယ်ရွေ့စေရန်ပင် မတတ်နိုင်ခဲ့ပေ။

ဒေါင်မန်ယင်ရန်နှင့် စီကုန်းဖုန်းရန်ပင် ရှောင်ရိ၏အံ့မခန်းခွန်အားကြောင့် အံ့သြနေကြသည်။ သူတို့က ဤကလေးကို ဖမ်းထားနိုင်သော်လည်း အဝေးသို့ဆွဲမခေါ်နိုင်ခဲ့ပေ။

"ရန်သူဘက်မှာ ကောင်းကင်ဝိဇ္ဇာတစ်ယောက် ရှိနိုင်တယ်။ ဒီကလေးကို အရင်ဖြေရှင်းတာပေါ့"

ဒေါင်မန်ယင်ရန်က ပြောပြောဆိုဆိုနှင့် အဖြူရောင်ဆေးလုံးလေးတစ်ခုကို ထုတ်ယူလိုက်သည်။ ထို့နောက် သူက ၎င်းဖြင့် ရှောင်ရိကိုပစ်ပေါက်လိုက်သောအခါ ချက်ချင်းပေါက်ကွဲ၍ မြူခိုးများ ထူထပ်စွာထွက်ပေါ်လာသည်။

အချိန်တစ်ခုအကြာတွင် မြူခိုးများ ပြယ်လွင့်သွားခဲ့သည်။

"အဘိုးကြီး မင်း ဘာတွေလျှောက်လုပ်နေတာလဲ။ အနံ့ကြီးက ဆိုးလွန်းတယ်"

ရှောင်ရိက စိတ်ပျက်လက်ပျက် အော်ဟစ်လိုက်သည်။ ထို့နောက် သူက ဒေါသတကြီးဖြင့် ခြေတစ်လှမ်း တက်လိုက်သောအခါ ကြိုးဖြင့်ဆွဲထားသော လုပ်ကြံသူလေးယောက်မှာ ဒရွတ်တိုက်ပါသွားခဲ့သည်။

"မြန်မြန်ကူညီလိုက်စမ်း"

မြေဝိဇ္ဇာသုံး​ယောက်က ချက်ချင်းခုန်ထွက်သွားပြီး အဆင့်တစ်ဆယ် ကျင့်ကြံသူလေးယောက်ကို ကြိုးကိုဆက်လက်ဆွဲထားနိုင်ရန် ကူညီပေးလိုက်ကြသည်။

ဒေါင်မန်ယင်ရန်သည် သူ၏ဆေးလုံးက ရှောင်ရိအပေါ် အလုပ်မဖြစ်သောကြောင့် ကြောင်အသွားခဲ့သည်။ ဤဆေးလုံးကို ဝိညာဥ်မြူပန်းဖြင့် ပြုလုပ်ထားသောကြောင့် ကောင်းကင်ဝိဇ္ဇာတစ်ယောက်ပင် အနည်းငယ်ရှူရှိုက်မိရုံနှင့် သတိလစ်သွားမည်ဖြစ်သည်။ မူလတွင် ရှောင်ရိက ပုံမှန်အတိုင်းရှိနေသောအခါ သူက ဆေးလုံးမှား၍ အသုံးပြုလိုက်သည်ဟု ထင်နေခဲ့သည်။ သို့သော် ထပ်ကာထပ်ကာစစ်ဆေးပြီးနောက် ဝိညာဥ်မြူဆေးမှုန့်များဖြစ်ကြောင်း သေချာနေသည်။

ရှောင်ရိအပေါ်တွင် ဝိညာဥ်မြူပန်း၏ဆေးမှုန့်က အကျိုးသက်ရောက်မှု မရှိပေ။ မြေဝိဇ္ဇာသုံးယောက်နှင့် လုပ်ကြံသူလေး​ယောက်က ကြိုးကိုထိန်းထားနိုင်ရန် အစွမ်းကုန်ကြိုးစားနေရသည်။ အကယ်၍ ဒေါင်မန်ယင်ရန်သာ ဤသို့ဖမ်းဆီးခံထားရမည်ဆိုလျှင် မည်သည့်စွမ်းအားကိုမှ အသုံးချနိုင်မည် မဟုတ်ပေ။

"သတ်ကြ"

ဒေါင်မန်ယင်ရန်၏မျက်လုံးထဲတွင် ရှောင်ရိသည် ကလေးတစ်ယောက်အဖြစ်မှ မိစ္ဆာကောင်အဖြစ် ပြောင်းလဲသွားခဲ့သည်။

သူ၏အမိန့် ထွက်ပေါ်လာသောအခါ လုပ်ကြံသူများက ချက်ချင်းလှုပ်ရှားလိုက်သည်။ များစွာသော အဆိပ်အပ်များက ရှောင်ရိထံ တဖွဲဖွဲဝင်ရောက်သွားခဲ့သည်။ သာမန်လူတစ်ယောက်မှာ ဤအဆိပ်အပ်များဖြင့် ခြစ်မိရုံနှင့် ဒွါရကိုးပေါက်မှ သွေးများစီးကျ၍ အချိန်ခဏအတွင်း သေရမည်ဖြစ်သည်။

"ထန် ထန် ထန်"

သံချင်းထိခတ်သံများ ထွက်ပေါ်လာပြီး အဆိပ်အပ်များက ကောက်ကွေးသွားကာ ရှောင်ရိ၏ခန္ဓာကိုယ်မှ ပြန်ကန်ထွက်လာကြသည်။

လုပ်ကြံသူလေးယောက်၏ မျက်လုံးများက နှင်းသစ်ခွပိုက်ကွန်ကို အားကုန်ဆွဲစုတ်နေသော ရှောင်ရိကို ပြိုင်တူကြည့်လိုက်မိသည်။ ထိုအချိန်တွင် ခိုင်မာသော ပိုက်ကွန်က စတင်စုတ်ပြဲလာသည်။

"ငါ့ကိုလွှတ်စမ်း"

နောက်ဆုံးတွင် ရှောင်ရိသည် နှင်းသစ်ခွပိုက်ကွန်အတွင်းမှ လွတ်ထွက်လာပြီဖြစ်သည်။

နန်မန်တိုင်းပြည်အင်အားစုမှာ ကြောက်လန့်တုန်ယင်သွားကာ နဖူးမှ ချွေးများစီးကျလာသည်။ ဤကလေးက အစွမ်းထက်ကျင့်ကြံသူတစ်ယောက် ပြန်လည်မွေးဖွားလာခြင်း ဖြစ်နိုင်သည်။ မဟုတ်လျှင် ဤမျှအစွမ်းထက်သော ရုပ်ခန္ဓာကို ပိုင်ဆိုင်ထားမည်မဟုတ်ပေ။

ရှောင်ရိကို ကောက်ညှင်းထုပ်ကဲ့သို့ ကြိုးများဖြင့် တုပ်နှောင်ထားသော်လည်း သူတို့က ထိခိုက်အောင် မလုပ်နိုင်ခဲ့ချေ။ ထို့ကြောင့် ဒေါင်မန်ယင်ရန်နှင့်နောက်လိုက်များမှာ နှင်းသစ်ခွကြိုးများကို ထပ်မံထုတ်ယူ၍ ရှောင်ရိအား တုပ်နှောင်လိုက်ကြပြန်သည်။

ထိုအချိန်တွင် တဟုန်ထိုးရောက်ရှိလာသော ယဲ့ချန်က ရှောင်ရိဖမ်းချုပ်ခံထားရသည်ကို ဝိညာဥ်အသိစိတ်ဖြင့် သိလိုက်ရသည်။ သို့သော် အဆိပ်အပ်များဖြစ်စေ ဝိညာဥ်မြူဆေးမှုန့်ဖြစ်စေ ရှောင်ရိကို အန္တရာယ်မပေးနိုင်ခဲ့သဖြင့် သူက စိတ်အေးသွားရသည်။

နန်မန်တိုင်းပြည်မှရန်သူများသည် ရှောင်ရိကို နတ်ဘုရင်အဆင့်သားရဲတစ်ကောင်ဖြစ်ကြောင်း လုံးဝမျှော်လင့်ထားမည် မဟုတ်ပေ။ သူတို့အတွက် နတ်ဘုရင်ဆိုသည်က ဒဏ္ဍာရီလာဖြစ်၍ အမှန်တကယ်ရှိမရှိကိုပင် မသိကြချေ။

ယဲ့ချန်က ကောင်းကင်ချီဖြင့် ဓားပျံတစ်လက်ဖန်တီး၍ ‌ေမြဝိဇ္ဇာတစ်​ယောက်၏ ကျောပြင်ထံ ပစ်သွင်းလိုက်သည်။

ထိုလူက ရှောင်ရိအပေါ်တွင်သာ အာရုံစိုက်ထားသဖြင့် ဓားပျံရောက်လာကြောင်း သိလိုက်ရချိန်တွင် အလွန်နောက်ကျသွားပြီ ဖြစ်သည်။

"ဒုန်း"

သွေးများ ပန်းထွက်လာ၍ မြေဝိဇ္ဇာတစ်ယောက်က အရုပ်ကြိုးပြတ်လဲကျသွားသည်။

"ငါတို့တိုက်ခိုက်ခံနေရပြီ။ သတိထားကြ"

ဒေါင်မန်ယင်ရန်က ဒေါသတကြီးသတိပေး၍ ဓားပျံထွက်ပေါ်လာရာသို့ လက်သီးတစ်ချက် ပစ်သွင်းလိုက်သည်။

"ဘုန်း"

ဒေါင်မန်ယင်ရန်၏လက်သီးကြောင့် မြေပြင်တွင် တွင်းကြီးတစ်ခုဖြစ်သွားကာ သစ်ပင်များစွာ လဲကျကုန်သည်။ သို့သော် ယဲ့ချန်က အချိန်မီရှောင်တိမ်းနိုင်ခဲ့သဖြင့် ထိခိုက်မှု မရှိချေ။

"ရှောင်ရိ မူလပုံစံပြောင်း"

ယဲ့ချန်က ဝိညာဥ်အသိစိတ်ဖြင့် ရှောင်ရိထံ သတင်းစကားတစ်ခု ပို့ဆောင်လိုက်သည်။

လက်ရှိအခြေအနေတွင် ရှောင်ရိသည် လူသားပုံစံဖြင့် ရန်သူများကို ယှဥ်နိုင်မည်မဟုတ်ပေ။ သူ၏မူလပုံစံဖြင့်သာ နန်မန်ရန်သူများကို သင်ခန်းစာပေးနိုင်မည် ဖြစ်သည်။

ယဲ့ချန်၏မျက်လုံးများက ရေခဲပမာ အေးစက်နေသည်။ သူက ရှောင်ရိ၏မူလအသွင်ကြောင့် များစွာအာရုံစိုက်ခံနေရမည်ကို မလိုလားပေ။ သူ့အနေဖြင့် ရှောင်ရိက နတ်ဘုရင်ဖြစ်ကြောင်း မည်သူမှ မသိစေလိုပေ။

နတ်ဘုရင်တစ်ယောက်ချင်းစီက လူသားကမ္ဘာတွင် အုတ်အော်သောင်းတင်းဖြစ်သွားစေနိုင်သော စွမ်းအားကို ပိုင်ဆိုင်ထားသည်။ သို့သော် လူသားများကိုပြဿနာရှာသော နတ်ဘုရင်ဟူ၍ ယဲ့ချန်က မကြားဖူးပေ။ ၎င်းတို့ကို စည်းမျဥ်းအချို့ဖြင့် တားမြစ်ထားသောကြောင့် ဤသို့ကောင်းကောင်းမွန်မွန် နေထိုင်ကြခြင်း ဖြစ်ပေလိမ့်မည်။

ယဲ့ချန်သည် နတ်ဘုရင်များထက် ပို၍အစွမ်းထက်သော ခြင်္သေ့ဘုရင်၊ ဝံပုလွေဘုရင်နှင့် ထန်တိုက်လင်ကဲ့သို့ တည်ရှိမှုအချို့ကို သိထားသည်။ ထို့ကြောင့် နတ်ဘုရင်များ၏အရေအတွက်ကလည်း ပမာဏတစ်ခုအထိ ရှိမည်ဖြစ်သည်။ လူသားများဘက်တွင် နတ်ဘုရင်များ သောင်းကျန်းမရစေရန် တားမြစ်နိုင်သူရှိရမည်ဟု ယဲ့ချန်က တွေးမိလိုက်သည်။

ဤအရာကား သူ၏ခန့်မှန်းချက်သက်သက် ဖြစ်သည်။ ရှောင်ရိမှာ နတ်ဘုရင်ဖြစ်ကြောင်း မည်သူမှမသိသည်က အကောင်းဆုံးဖြစ်သည်။ ဤသတင်းသာပြန့်သွားပြီး အစွမ်းထက်သူများ ဝင်ပါလာလျှင် အခြေအနေက ဖြေရှင်းရန် အလွန်ခက်ခဲသွားပေမည်။ အစွမ်းထက်ခွန်အားကို မပိုင်ဆိုင်ခင် သူတို့က သိုသိုသိပ်သိပ်နေသင့်သည်။

သို့သော် ကောင်းကင်ဝိဇ္ဇာနှစ်ယောက်ကို ယဲ့ချန်က တစ်ကိုယ်တော်ရင်ဆိုင်ရန် အလွန်ခက်ခဲသည်။ ရှောင်ရိကလည်း ဖမ်းချုပ်ခံထားရသဖြင့် မူလအသွင်ကို ထုတ်ဖော်ရန်မှတစ်ပါး ရွေးစရာမရှိပေ။ သို့မှသာ ရှောင်ရိက အချုပ်အနှောင်မှ လွတ်မြောက်လာပြီး တိုက်ပွဲတွင် ကူညီနိုင်ပေလိမ့်မည်။

All Chapters