← Chapters

ဝိညာဥ်စစ်သည်တော် ပေါင်းစပ်ခြင်း

Vol. 14 Ch. 194

ဝိညာဥ်စစ်သည်တော် ပေါင်းစပ်ခြင်း

Vol. 14 Ch. 194

ဒေါင်မန်ယင်ရန်သည် ရှောင်ရိကိုဖမ်းချုပ်နေရာမှ အဓိကပစ်မှတ်ဖြစ်သော ယဲ့ချန်ကို လိုက်လံဖမ်းဆီးခဲ့သည်။ ယဲ့ချန်နှင့်အမွေးပွလေးက သစ်တောအတွင်း ချက်ချင်းထွက်ပြေးသွားကြသည်။ သူ၏ဝိညာဥ်အသိစိတ်ဖြင့် ထောက်လှမ်းချက်အရ ဒေါင်မန်ယင်ရန်သည် ဧကရာဇ်မင်ဝူထက် ပိုမိုအားနည်းသော ကောင်းကင်ဝိဇ္ဇာထိပ်ဆုံးအဆင့်ဖြစ်ကြောင်း သိလိုက်ရသည်။ သို့သော် ယဲ့ချန်က ထိုအဆင့်ကျင့်ကြံသူကို လက်ရှိတွင် အနိုင်မယူနိုင်ပေ။ သူ၏ဝိညာဥ်စစ်သည်တော်ကလည်း ကောင်းကင်ဝိဇ္ဇာအလယ်အဆင့် ခွန်အားကိုသာ ပိုင်ဆိုင်သည်။ ယဲ့ချန်နှင့်အမွေးပွလေးက မြေဝိဇ္ဇာအဆင့်များ ဖြစ်သောကြောင့် ကောင်းကင်ဝိဇ္ဇာထိပ်ဆုံးတစ်ယောက်ထက် ပိုမိုအားနည်းနေခဲ့သည်။

ဒေါင်မန်ယင်ရန် ထွက်ခွာသွားသောအခါ ကျန်ကျင့်ကြံသူများက ရှောင်ရိကိုထွက်မပြေးနိုင်စေရန် တင်းကျပ်စွာ ဖမ်းချုပ်ထားကြသည်။

ယဲ့ချန်၏ညွှန်ကြားချက်ကို ရပြီးနောက် ရှောင်ရိက ရုန်းကန်နေခြင်းကို ရပ်တန့်လိုက်သည်။ အကယ်၍ သူကသာ မူလအသွင်သို့ပြောင်းလိုက်လျှင် ဤရန်သူများကို ကြောက်စရာမလိုပေ။ ယဲ့ချန်က သူ့ကို နောက်ဆုံးရွေးစရာမရှိသော အခြေအနေမဟုတ်လျှင် မူလအသွင်သို့ လုံးဝမပြောင်းရဟု မှာထားဖူးသည်။ ရှောင်ရိက ယဲ့ချန်၏စကားကို အမြဲတမ်းနားထောင်ခဲ့သောကြောင့် ကြိုးများဖြင့် တုပ်နှောင်ခံရသည်ကိုပင် အချိန်ကြာမြင့်စွာ သည်းခံခဲ့လေသည်။

စီကုန်းဖုန်းရန်၊ လဲ့ယုတန်းရီနှင့် ကျန်ကျင့်ကြံသူများက ရှောင်ရိကို ဖမ်းချုပ်ထားစဥ် တစ်စုံတစ်ခု ဖြစ်ပျက်လာသည်။ ရှောင်ရိ၏ခန္ဓာကိုယ်က ကြီးထွားလာပြီး အပြာရောင်အကြေးခွံများ တစ်ကိုယ်လုံး ထွက်ပေါ်လာသည်။

"ဘန်း ဘန်း ဘန်း"

နှင်းသစ်ခွကြိုးများ တစ်ချောင်းပြီးတစ်ချောင်း ပြတ်ထွက်သွားပြီး ရှောင်ရိက ခဏအတွင်း အလွန်ကြီးမားသော တောင်ပံမြွေနဂါးကြီးတစ်ကောင် ဖြစ်သွားခဲ့သည်။

"ဘုရားရေ ဒါက မှော်သားရဲကြီးလား"

"ဒီလောက်ကြီးတဲ့ မြွေကြီးက ဘယ်အဆင့်ကို ရောက်နေနိုင်လဲ ဘုရားကယ်တော်မူပါ"

ရုတ်တရက်အသွင်ပြောင်းသွားသော ရှောင်ရိကြောင့် စီကုန်းဖုန်းရန်နှင့် နောက်လိုက်များမှာ လိပ်ပြာလွင့်မတတ် ကြောက်လန့်ကုန်သည်။

လူသားယောင်ဆောင်၍ လူသားကမ္ဘာတွင် သွားလာနေထိုင်သော မှော်သားရဲတစ်ကောင်ကိုတွေ့နိုင်ရန် အလွန်ခက်ခဲသည်။ သူတို့က ဤအကြောင်းကို စာအုပ်များ၌သာ ဖတ်ဖူးခဲ့သည်။ ထိုစာအုပ်များကလည်း မှော်သားရဲနှင့်လူသားအကြားမှ အချစ်ဇာတ်လမ်းများအကြောင်းသာဖြစ်၍ အလေးအနက်မထားခဲ့ကြပေ။ သို့သော် ယနေ့တွင် လူယောင်ဖန်ဆင်းနိုင်သော မှော်သားရဲကြီးတစ်ကောင်ကို သူတို့အားလုံး မျက်ဝါးထင်ထင်မြင်ရပြီ ဖြစ်သည်။

ရှောင်ရိက နှာတစ်ချက်မှုတ်လိုက်သောအခါ အပြာရောင်အခိုးအငွေ့များ ထွက်လာသည်။ ထို့နောက် ၎င်းအငွေ့များက မီတာရာချီအချင်းဝက်အတွင်း ပျံ့နှံ့သွားခဲ့သည်။ လဲ့ယုတန်းရီ၊ သူလျှိုများနှင့် ထျန်းချီအဆင့်တစ်ဆယ် လုပ်ကြံသူများက အချိန်မီမလှုပ်ရှားနိုင်ခဲ့ပေ။ ထို့ကြောင့် အဆိပ်မိသွားကာ တစ်ယောက်ပြီးတစ်ယောက် ပြိုလဲကုန်သည်။

"အဆိပ်ငွေ့တွေ ​ပြေးကြ"

စီကုန်းဖုန်းရန်နှင့် မြေဝိဇ္ဇာနှစ်​ယောက်က ချက်ချင်းထွက်ပြေးလိုက်ကြသည်။

"ဘုန်း"

သို့သော် ရှောင်ရိ၏ကြီးမားလှသော အမြှီးကြီးက မြေဝိဇ္ဇာနှစ်ယောက်ကို လမ်းတစ်ဝက်မှ ဖြတ်ရိုက်လိုက်သည်။ ကျယ်လောင်သော အသံကြီးတစ်ခု ထွက်ပေါ်လာကာ မြေဝိဇ္ဇာနှစ်ယောက်က မီတာခြောက်ရာအထိ လွင့်ထွက်သွားသည်။ သူတို့လမ်းတလျှောက်တွင် သစ်ပင်ကြီးများစွာနှင့် ဝင်တိုက်မိခဲ့သဖြင့် မြေပြင်ပေါ်သို့ ပြုတ်ကျလာချိန်တွင် မသေမရှင်ဖြစ်နေခဲ့သည်။

စီကုန်းဖုန်းရန်မှာ ဤမြင်ကွင်းကြောင့် မျက်လုံးပြူးသွားပြီး ကောင်းကင်ထက်သို့ ကြောက်လန့်တကြား ထွက်ပြေးလိုက်သည်။

ရှောင်ရိကလည်း ကျောထက်ရှိ အတောင်သုံးစုံကိုခတ်၍ ကြီးမားသော ခန္ဓာကိုယ်ကြီးနှင့်မလိုက်အောင် လျင်မြန်စွာပျံတက်လာခဲ့သည်။

စီကုန်းဖုန်းရန်သည် အသက်ရှင်သန်နိုင်ရန်အတွက် သွေးရူးသွေးတန်း တိုက်ခိုက်လိုက်သည်။ သူ၏သံယပ်တောင်အတွင်းမှ သံဆူးချွန်များကို ရှောင်ရိထံ ပစ်ခတ်လိုက်သည်။

"ထန် ထန် ထန်"

သို့သော် သံဆူးချွန်များက ရှောင်ရိကို ဒဏ်ရာမရစေသည့်အပြင် ခန္ဓာကိုယ်ကိုထိမှန်ချိန်တွင် ကွေးကောက်ကုန်သည်။ အချို့ဆိုလျှင် ထက်ပိုင်းပြတ် ထွက်သွားခဲ့သည်။

စီကုန်းဖုန်းရန်၏ သံဆူးချွန်များက သာမန်ဟုထင်ရသော်လည်း မြောက်ပင်လယ်သံနက်ဖြင့် လုပ်ထားခြင်းဖြစ်သည်။ ထိုသံမျိုးက အလွန်မာကျောပြီး ထက်ရှသဖြင့် အဆင့်လေးဝိညာဥ်လက်နက်များထက်ပင် သာလွန်သည်။ သို့သော် ဤသံဆူးချွန်များပင် ရှောင်ရိ၏ရုပ်ခန္ဓာကို မထိုးဖောက်နိုင်ခဲ့ပေ။

ထို့နောက် စီကုန်းဖုန်းရန်က ရှေ့မှပျံသန်းထွက်ပြေးနေပြီး မြွေနဂါးကြီးတစ်​ကောင်က လိုက်ဖမ်းနေသည့် မြင်ကွင်းက သစ်တောအထက်တွင် ဖြစ်ပေါ်လာသည်။

ရှောင်ရိသည် ဒဏ်ရာများအလုံးစုံ မပျောက်ကင်းသေးသဖြင့် အထွတ်အထိပ်အခြေအနေကဲ့သို မမြန်ပေ။ ထို့ကြောင့် သူက စီကုန်းဖုန်းရန်ကို အချိန်တိုအတွင်း လိုက်မမီဘဲ ဖြစ်နေခဲ့သည်။

ထိုအချိန်တွင် ယဲ့ချန်နှင့်အမွေးပွလေးက အသည်းအသန်ထွက်ပြေးနေပြီး ထပ်ကြပ်မကွာလိုက်လာသော ဒေါင်မန်ယင်ရန်က ဖြည်းဖြည်းချင်း နီးကပ်လာပြီ ဖြစ်သည်။

ဒေါင်မန်ယင်ရန်က ကောင်းကင်ထက်တွင် စီကုန်းဖုန်းရန်နှင့် တောင်ပံမြွေနဂါးကြီးကို မြင်သောအခါ ဖြစ်ပျက်သမျှကို နားလည်သွားခဲ့သည်။ ဤဧရာမမြွေနဂါးကြီးက ကလေးတစ်ယောက်အဖြစ် တစ်ချိန်လုံးအသွင်ယူထားကြောင်း သူက ချက်ချင်းနားလည်နိုင်ခဲ့သည်။ အဆိပ်အပ်များနှင့် ဝိညာဥ်မြူဆေးမှုန့်က ထိုကလေးအပေါ် အလုပ်မဖြစ်ခြင်းက ထူးဆန်းသည်ဟု မဆိုနိုင်တော့ပေ။

"ငါ ဘာဆက်လုပ်ရမလဲ။ ကြည့်ရတာ စီကုန်းဖုန်းရန်က အချိန်တိုအတွင်း အသတ်ခံရမယ် မထင်ဘူး"

ဒေါင်မန်ယင်ရန်က တစ်ချက်တွေးတော၍ ယဲ့ချန်ကို ပထမဆုံးလိုက်သတ်ရန် ဆုံးဖြတ်လိုက်သည်။ သူက ယဲ့ချန်ကိုသတ်ပြီးလျှင် အရှင်ဖြစ်သူထံ အရာအားလုံးကို သတင်းပို့ရပေလိမ့်မည်။ ဆယ်ကျော်သက်ကလေးတစ်ယောက်ကို သတ်ဖြတ်ရသော တာဝန်က ဤမျှရှုပ်ထွေးလာမည်ဟု သူက လုံးဝထင်မထားခဲ့ပေ။

ဒေါင်မန်ယင်ရန်က အရှိန်ကိုမြှင့်တင်၍ ယဲ့ချန်နောက်သို့ တဟုန်ထိုးပြေးလိုက်လာခဲ့သည်။ ယဲ့ချန်က အစွမ်းကုန်ထွက်ပြေးနေသော်လည်း ကျင့်ကြံဆင့်က မြေဝိဇ္ဇာဖြစ်နေသောကြောင့် ဒေါင်မန်ယင်ရန်၏အလျင်ကိုမယှဥ်နိုင်ခဲ့ပေ။

ထို့ကြောင့် သူက ပြတ်သားစွာဖြင့် နောက်လိုက်လှည့်လိုက်ပြီး ရွှေရောင်ဝိညာဥ်စစ်သည်တော်ကို ထုတ်ဖော်လိုက်သည်။ ဝိညာဥ်စစ်သည်တော်က နောက်မှ ပြေးလိုက်လာသော ဒေါင်မန်ယင်ရန်ကို ဓားဖြင့် စီးခုတ်လိုက်သည်။

ဒေါင်မန်ယင်ရန်သည် ပစ်မှတ်ကိုဖမ်းမိခါနီးတွင် အပူလှိုင်းတစ်ခုကို ခံစားလိုက်ရသည်။ သူက မော့ကြည့်လိုက်သောအခါ တစ္ဆေသဏ္ဍာန် ရွှေရောင်စစ်သည်တော်တစ်ယောက်ကို မြင်လိုက်ရ၏။ ထိုစစ်သည်တော်က ခရမ်းရောင်မီးများ တောက်လောင်နေသော ဓားကိုကိုင်ဆွဲကာ သူ့ထံ ဝင်ရောက်လာနေသည်။

"ဒါက ဘာကြီးလဲ"

ဒေါင်မန်ယင်ရန်၏ဘဝတွင် တိုက်ပွဲပေါင်းထောင်ချီ တိုက်ခိုက်ဖူးသော်လည်း ဤအရာမျိုးကို မမြင်ဖူးပေ။ ထို့နောက် သူက ဤစစ်သည်တော်မှာ အစစ်အမှန်ထက်ဝိညာဥ်တစ်ကောင်နှင့် ဆင်တူနေကြောင်း သတိပြုမိလိုက်သည်။

အရှိန်အဝါ ကြီးမားပြင်းထန်သော ဝိညာဥ်စစ်သည်တော်၏ဓားက သူ့ထံ ကျရောက်လာနေပြီဖြစ်သည်။ ဒေါင်မန်ယင်ရန်သည် ပြိုင်ဘက်၏ အစွမ်းထက်အသွင်အပြင်ကြောင့် ကြောက်လန့်နေခဲ့သည်။ ထို့ကြောင့် ထိပ်တိုက်ရင်ဆိုင်ရမည့်အစား နောက်သို့ ခုန်ဆုတ်လိုက်သည်။

"ဘုန်း"

ဝိညာဥ်စစ်သည်တော်၏ ဓားချက်က ကမ္ဘာတုန်လောက်သော ပေါက်ကွဲသံကို ဖြစ်ပေါ်စေသည်။ မြေပြင်ထက်တွင် ဧရာမဓားရာကြီးတစ်ခု ပေါ်လာပြီး အနီးအနားရှိအရာများက ခရမ်းရောင်မီးတောက်များကြောင့် ပြာဖြစ်သည်အထိ လောင်ကျွမ်းခံလိုက်ရသည်။

ဒေါင်မန်ယင်ရန်သည် မြေကြီးက ခရမ်းရောင်မီးတောက်ကြောင့် မည်းနက်သွားသည်ကို မြင်လိုက်ရသောအခါ မျက်နှာပျက်သွားခဲ့သည်။ ကောင်းဝိဇ္ဇာထိပ်ဆုံးအဆင့် ကျင့်ကြံသူတစ်ယောက်ပင် တစ်ချက်တည်းဖြင့် ဤမျှထိခိုက်ပျက်စီးအောင် မစွမ်းနိုင်ချေ။ ခရမ်းရောင်မီးတောက်များက ပတ်ဝန်းကျင်ကို ဆက်တိုက်လောင်ကျွမ်းနေသောအခါ ဒေါင်မန်ယင်ရန်က ကြောက်စိတ်ကြောင့် တုန်ယင်သွားခဲ့သည်။

ဒေါင်မန်ယင်ရန်သည် ယဲ့ချန်၏ဝိညာဥ်အသိစိတ်မှ ဖြစ်ပေါ်လာသော ဝိညာဥ်စစ်သည်တော်က ကောင်းကင်ဝိဇ္ဇာအလယ်အဆင့် ခွန်အားသာရှိသည်ကို မခန့်မှန်းနိုင်ခဲ့ပေ။ ထို့ကြောင့် သူက ဝိညာဥ်စစ်သည်တော်ကို ဆန်းကျယ်ဝိဇ္ဇာတစ်ယောက်ဟု မှတ်ယူလိုက်သည်။ ဒေါင်မန်ယင်ရန်သည် ဆန်းကျယ်ဝိဇ္ဇာတစ်​ယောက်နှင့် တိုက်ခိုက်ရမည်ဆိုလျှင်တောင် တွန့်ဆုတ်နေတတ်သူ မဟုတ်ပေ။ သို့သော် သူ့ရှေ့ရှိအရာကြီးက လူသားတစ်ယောက်နှင့် လုံးဝမတူပေ။ သူ့အတွက် တည်ကြည်ကာ အေးစက်သော ဝိညာဥ်စစ်သည်တော်၏မျက်နှာက အလွန်ကြောက်စရာကောင်းနေခဲ့သည်။

သို့သော် ယဲ့ချန်သည်လည်း ဒေါင်မန်ယင်ရန်က သူ၏ဝိညာဥ်စစ်သည်တော်က ဤမျှကြောက်လန့်နေသည်ကို မသိခဲ့ပေ။ ရန်သူက ဆက်တိုက်ဆုတ်ခွာနေသောအခါ သူက ဝိညာဥ်စစ်သည်တော်ကို လိုက်လံတိုက်ခိုက်စေခဲ့သည်။

ဝိညာဥ်စစ်သည်တော်က သူ၏ဓားဖြင့် နောက်တစ်ကြိမ် ခုတ်ချလိုက်သည်။

"မြန်လိုက်တာ"

ဝိညာဥ်စစ်သည်တော်က ခဏအတွင်း ရှေ့သို့ရောက်လာကာ ဓားဖြင့်ခုတ်ချလာသောကြောင့် ဒေါင်မန်ယင်ရန်မှာ ထိတ်လန့်နေခဲ့သည်။ ဆန်းကျယ်ဝိဇ္ဇာတစ်ယောက်ပင် ဤမျှလျင်လျင်​မြန်​မြန် ရွေ့လျားနိုင်မည် မဟုတ်ပေ။ ဒေါင်မန်ယင်ရန်သည် ရက်စက်ကာသတ္တိရှိသော်လည်း မည်သည့်အရာကို ရင်ဆိုင်နေရမှန်းမသိသောအခါ ကြောက်စိတ်ဝင်လာခဲ့သည်။ ထို့ကြောင့် သူက ဝိညာဥ်စစ်သည်တော်ကို ထိပ်တိုက်ရင်မဆိုင်ရဲဘဲ ရှောင်တိမ်းလိုက်ပြန်သည်။

ဝိညာဥ်စစ်သည်တော်ကလည်း နောက်မှတရစပ် လိုက်လံတိုက်ခိုက်နေသည်။

ဤတစ်ကြိမ်တွင် ဒေါင်မန်ယင်ရန်က ရှောင်တိမ်းလိုက်သော်လည်း ဓားက သူ၏ဆံပင်အချို့ကို ဖြတ်တောက်သွားခဲ့သည်။ ခရမ်းရောင်မီးတောက်များက သူ၏ဆံပင်ကို စွဲလောင်နေသဖြင့် ဦးရေပြားပင် အပူလောင်ခံလိုက်ရသည်။ ဤနာကျင်မှုက ဒေါင်မန်ယင်ရန်ကို ဒေါသတကြီးအော်ဟစ်စေသည်။

"လိကွာ"

ဒေါင်မန်ယင်ရန်၏ မျက်နှာက ကြမ်းကြုတ်သော အသွင် ဖြစ်တည်လာသည်။ သူက ပတ်ဝန်းကျင်ကို စစ်ဆေးလိုက်သောအခါ နေရာတွင် မလှုပ်မယှက်ရပ်နေသော ယဲ့ချန်ကို တွေ့ရှိခဲ့သည်။ အတွေ့အကြုံရှိသူတစ်​ယောက်ပီပီ ဝိညာဥ်စစ်သည်တော်ကို ယဲ့ချန်က ထိန်းချုပ်နေကြောင်း သူက ချက်ချင်းသဘောပေါက်သွားခဲ့သည်။ ယဲ့ချန်၏ခန္ဓာကိုယ်က ဤအချိန်တွင် သူ၏နိုင်ကွက် ဖြစ်လာခဲ့သည်။

ဒေါင်မန်ယင်ရန်က ဝိညာဥ်စစ်သည်တော်၏ဓားကို ထပ်မံရှောင်တိမ်း၍ ယဲ့ချန်ထံ ပြေးဝင်သွားခဲ့သည်။

"မကောင်းတော့ဘူး"

ယဲ့ချန်က တုန်လှုပ်သွားပြီး သူ့ကိုယ်သူကာကွယ်ရန် ဝိညာဥ်စစ်သည်တော်ကို ချက်ချင်းဆင့်ခေါ်လိုက်သည်။

"သေစမ်း"

ဒေါင်မန်ယင်ရန်က ဒေါသတကြီးကြုံးဝါး၍ လက်သီးဖြင့် အားကုန်ထိုးချလိုက်သည်။

ယဲ့ချန်ကိုသာ ဤလက်သီးချက် ထိမှန်သွားပါက ပွဲချင်းပြီးသေဆုံးသွားနိုင်သည်။ ကံကောင်းစွာဖြင့် ဝိညာဥ်စစ်သည်တော်က ယဲ့ချန်ရှေ့တွင် အချိန်မီပေါ်လာကာ ရန်သူ၏လက်သီးချက်ကို ဓားဖြင့် ရင်ဆိုင်ပေးနိုင်ခဲ့သည်။

"ဝုန်း"

ဓားနှင့်လက်သီးထိတွေ့ရာမှ ထွက်ပေါ်လာသော တန်ပြန်အားက ပြင်းထန်လွန်းသဖြင့် အနီးပတ်ဝန်းကျင်မှ သစ်ပင်ကြီးများ လဲကျသွားခဲ့သည်။ မြစိမ်းတိမ်တောင်တန်းအတွင်း ကျယ်လောင်သော ပေါက်ကွဲသံကြီးတစ်ခုကလည်း အချိန်ကြာမြင့်စွာ ပဲ့တင်ထပ် မြည်ဟီးသွားလေသည်။

ဒေါင်မန်ယင်ရန်က နောက်ပြန်ဆုတ်လိုက်ချိန်တွင် ဝိညာဥ်စစ်သည်တော်က တုန်ခါသွားခဲ့သည်။ ယဲ့ချန်၏မျက်နှာကလည်း ဖြူရော်သွားပြီး သွေးအန်လုမတတ် ဖြစ်နေခဲ့သည်။

ဝိညာဥ်စစ်သည်တော်က ကောင်းကင်ဝိဇ္ဇာအလယ်အဆင့် ဖြစ်သောကြောင့် ဒေါင်မန်ယင်ရန်နှင့် လက်သီးတစ်ချက် ထိပ်တိုက်ရင်ဆိုင်နိုင်သည်က ကန့်သတ်ချက် ဖြစ်ပေသည်။

ဒေါင်မန်ယင်ရန်သည် ဝိညာဥ်စစ်သည်တော်က ယဲ့ချန်ကို အချိန်မီကယ်တင်သွားနိုင်မည်ဟု ထင်မထားခဲ့ပေ။ သို့သော် ထိပ်တိုက်ရင်ဆိုင်ပြီးနောက် သူထိတ်လန့်နေသော ရန်သူက ထင်သလောက်ကြောက်စရာမဟုတ်မှန်း နားလည်သွားခဲ့သည်။ ဤအရာကြီး၏ခွန်အားက အများဆုံး ကောင်းကင်ဝိဇ္ဇာအလယ်အဆင့်သာ ဖြစ်လေသည်။

"ဒီအရာက အစွမ်းမထက်ဘူးဆိုမှတော့ မင်း သေလို့ရပြီ"

ဒေါင်မန်ယင်ရန်သည် စွမ်းအားနိမ့်သော ရန်သူကို ကြောက်လန့်နေမိသည့်အတွက် အရှက်ခွဲခံလိုက်ရသကဲ့သို့ ခံစားနေရသည်။ သူက ဒေါသတကြီးအော်ဟစ်ကြုံးဝါး၍ ယဲ့ချန်ထံ အမြှောက်ဆံတစ်ခုပမာ ခုန်ဝင်လာခဲ့သည်။

ဒေါင်မန်ယင်ရန်၏ လုပ်ရပ်ကြောင့် ယဲ့ချန်မှာ ရွေးချယ်စရာမရှိသဖြင့် ဝိညာဥ်စစ်သည်တော်နှင့် ခုခံလိုက်ရသည်။

အမွေးပွလေးသည် ယဲ့ချန်က ရန်သူကိုမနိုင်ဟု ခံစားမိနေသဖြင့် စိုးရိမ်နေခဲ့သည်။ ယဲ့ချန်၏ပခုံးပေါ်တွင် ရှိနေသော သူမက ဝိညာဥ်အသိစိတ်ကို ထုတ်လွှတ်လိုက်သည်။ လက်ရှိတွင် သူမ၏ဝိညာဥ်အသိစိတ်က ရုပ်သွင်ဖြစ်တည်သော အဆင့်မဟုတ်သဖြင့် တိုက်ခိုက်ရေးစွမ်းအား မရှိချေ။ မည်သို့ပင်ဆိုစေကာမူ မြေခွေးများသည် ပုံရိပ်ယောင်စွမ်းရည်ကဲ့သို့ အထောက်အပံ့စွမ်းရည်များတွင် ထူးချွန်ကြလေသည်။

အမွေးပွလေး၏ ဝိညာဥ်အသိစိတ်က အလွန်အမင်းလင်းလက်လာပြီး အဖြူရောင်မီးတောက်များအဖြစ် ပြောင်းလဲသွားသည်။ ထို့နောက် ၎င်းတို့က ဝိညာဥ်စစ်သည်တော်ကို ကူးစက်သွားကာ ရှိပြီးသားခရမ်းရောင်မီးတောက်များဖြင့် ပေါင်းစပ်သွားခဲ့သည်။

ပေါင်းစပ်ခြင်းဖြစ်စဥ်က ပထမဆုံးအကြိမ်ဖြစ်၍ မချောမွေ့ခဲ့သောကြောင့် အမွေးပွလေး၏ ဝိညာဥ်ငါးရာခိုင်နှုန်းကသာ ဝိညာဥ်စစ်သည်တော်နှင့် ပေါင်းစပ်နိုင်ခဲ့သည်။ သို့သော် အဖြူရောင်မီးတောက်များက ဝိညာဥ်စစ်သည်တော်၏ခွန်အားကို မြှင့်တင်ပေးခဲ့လေသည်။

"ဘာတွေဖြစ်နေတာလဲ"

ယဲ့ချန်သည် သူ၏ဝိညာဥ်စစ်သည်တော်ထံမှ အမွေးပွလေး၏ အဖြူရောင်ဝိညာဥ်အသိစိတ်ကို ခံစားနေရသည်။ ဝိညာဥ်အသိစိတ်များက ပေါင်းစပ်နိုင်မည်ဟု သူ လုံးဝထင်မထားခဲ့ပေ။

အမွေးပွလေး၏ဝိညာဥ်အသိစိတ်နှင့် ပေါင်းစပ်ပြီးနောက် ဝိညာဥ်စစ်သည်တော်က ပိုမိုသန်မာလာခဲ့သည်။ အဖြူရောင်နှင့် ခရမ်းရောင်မီးတောက်များက ၎င်း၏ခန္ဓာကိုယ်ပတ်လည်တွင် ပေါင်းစပ်လောင်ကျွမ်းနေကြသည်။

ဒေါင်မန်ယင်ရန်၏ လက်သီးချက် ကျရောက်လာသောအခါ ဝိညာဥ်စစ်သည်တော်ကလည်း လှုပ်ရှားလိုက်သည်။ ၎င်း၏မျက်လုံးများက လင်းလက်လာပြီး ဒေါင်မန်ယင်ရန်နှင့် လက်သီးချင်း ဖလှယ်လိုက်သည်။

သာမန်ဆိုလျှင် ကောင်းကင်ဝိဇ္ဇာထိပ်ဆုံးအဆင့် ရန်သူ၏လက်သီးကို ထိပ်တိုက်ရင်ဆိုင်လျှင် ယဲ့ချန်၏ဝိညာဥ်စစ်သည်တော်က အပြင်းအထန် ဒဏ်ရာရသွားပေလိမ့်မည်။ သို့သော် ၎င်းက အနည်းငယ်သာတုန်ခါသွားပြီး ဒေါင်မန်ယင်ရန်ကို ပြန်လည်ရင်ဆိုင်နိုင်ခဲ့သည်။

ဝိညာဥ်စစ်သည်တော်နှင့် ဝိညာဥ်အသိစိတ်ပေါင်းစပ်ခြင်း၏ အကျိုးကျေးဇူးက သိသိသာသာ ထွက်ပေါ်လာလေသည်။

All Chapters