← Chapters

မြေဝိဇ္ဇာအလယ်အဆင့်သို့ တက်ခြင်း

Vol. 14 Ch. 195

မြေဝိဇ္ဇာအလယ်အဆင့်သို့ တက်ခြင်း

Vol. 14 Ch. 195

"ဘာတွေဖြစ်သွားတာလဲ။ ဒီအရာကြီးက ဘယ်လိုလုပ် အစွမ်းပိုထက်လာတာလဲ"

ဒေါင်မန်ယင်ရန်က ဝိညာဥ်စစ်သည်တော်၏ဓားကို ရှောင်တိမ်းရင်း ပြန်လည်ထိုးနှက်လိုက်သည်။ သူက ဘေးသို့ခုန်ပျံရှောင်ရှားနေကာ သန့်စင်ယန်ချီများ ထုတ်ဖော်၍ ဝိညာဥ်စစ်သည်ကို ကန်ကျောက်ထိုးနှက်နေသည်။

"ဘုန်း"

ဝိညာဥ်စစ်သည်တော်က ဒေါင်မန်ယင်ရန်၏တိုက်ကွက်ကြောင့် ယိုင်ထွက်သွားသည်။ သို့သော် ၎င်းက ဓားဖြင့်ပြန်လည် တိုက်ခိုက်လာသည်ချည်းသာ ဖြစ်သည်။

ဒေါင်မန်ယင်ရန်သည် ဝိညာဥ်စစ်သည်တော်က မည်သည့်အရာဖြစ်သည်ကို သံသယဝင်နေခဲ့သည်။ ၎င်းက သရဲတစ်ကောင်နှင့်တူသော်လည်း တိုက်ခိုက်ရာတွင် အကောင်အထည်ရှိသောကြောင့် လုံးဝမဟုတ်ပေ။

အကယ်၍ ဤအရာက သရဲတစ်ကောင်ဆိုလျှင် သူ၏အစွမ်းထက်သန့်စင်ယန်ချီများကြောင့် လောင်ကျွမ်းရပေလိမ့်မည်။ နေရောင်အောက်တွင် တိုက်ခိုက်နိုင်နေသော ဝိညာဥ်စစ်သည်တော်က သရဲများထက် များစွာပို၍ သန်မာနေခဲ့သည်။

ဒေါင်မန်ယင်ရန်သည် ယဲ့ချန်ကို ကြည့်လိုက်သောအခါ တစ်ကိုယ်လုံး ခရမ်းရောင်မီးများ တောက်လောင်နေသည်ကို တွေ့ခဲ့ရသည်။ သူ၏ပခုံးပေါ်တွင် အဖြူရောင်မီးများ တောက်လောင်နေသော မြေခွေးလေးတစ်ကောင်လည်း ရှိနေခဲ့သည်။

ဝိညာဥ်စစ်သည်တော်၏ အဖြူရောင်မီးတောက်များက ဤမြေခွေးလေးကြောင့်ဖြစ်သည်ဟု သူက ကောက်ချက်ချလိုက်သည်။ ထို့ကြောင့် ဝိညာဥ်စစ်သည်တော်က ပိုမိုအစွမ်းထက်လာခြင်း ဖြစ်ပေသည်။

ဤအရာကြီးက ပေါင်းစပ်အားဖြည့်နိုင်စွမ်း ရှိနေသည်။

ဒေါင်မန်ယင်ရန်သည် ယဲ့ချန်နှင့်အမွေးပွလေးကို ဒုက္ခပေးလိုသော်လည်း ဝိညာဥ်စစ်သည်တော်က ထပ်ကြပ်မကွာ တိုက်ခိုက်နေခဲ့သည်။ ထို့ကြောင့် သူက ယဲ့ချန်အနားသို့ လုံးဝမကပ်နိုင်ပေ။

ဝိညာဥ်စစ်သည်တော်သည် မူလက ကောင်းကင်ဝိဇ္ဇာအလယ်အဆင့်ဖြစ်၍ ဒေါင်မန်ယင်ရန်ကိုရပ်တန့်ရန် မတတ်စွမ်းသာချေ။ သူက ဓားပေါ်ရှိခရမ်းရောင်မီးတောက်များကို ကြောက်လန့်နေခြင်း ဖြစ်သည်။ ၎င်းက အလွန်အစွမ်းထက်ပြီး မီးပွားတစ်စကပင်လျှင် အစွမ်းထက်သန့်စင်ယန်ချီများကို လောင်ကျွမ်းပစ်နိုင်သည်။ ဤမီးတောက်များက အမှန်တကယ်ကြောက်စရာပင် ဖြစ်သည်။

"ဘုန်း ဘုန်း ဘုန်း"

ဒေါင်မန်ယင်ရန်နှင့် ဝိညာဥ်စစ်သည်တော်က လေထဲတွင် ခေါင်းချင်းဆိုင်တိုက်ခိုက်နေကြသဖြင့် မိုးချုန်းသံပမာ ပေါက်ကွဲသံကြီးများ ထွက်ပေါ်လာသည်။ ပတ်ဝန်းကျင်တွင် တန်ပြန်အားကြောင့် သစ်ပင်ကြီးများ ယိမ်းထိုးနေသည်။ သူတို့၏လက်သီးဖြင့် ထိမှန်သွားသော သစ်ပင်ကြီးများက အမှုန့်ဖြစ်သွားသည်။ မြေပြင်တွင်လည်း တွင်းကြီးများရှိနေပြီး အက်ကြောင်းထင်နေခဲ့သည်။

ယဲ့ချန်နှင့်အမွေးပွလေး၏ ဝိညာဥ်အသိစိတ်များ ပေါင်းစပ်နေသောအခါ ဝိညာဥ်စစ်သည်တော်က ကောင်းကင်ဝိဇ္ဇာထိပ်ဆုံးအဆင့်၏ ခွန်အားမျိုးကို ပိုင်ဆိုင်နိုင်ခဲ့သည်။ သို့သော် ၎င်းက မလုံလောက်ပေ။ ဒေါင်မန်ယင်ရန်၏ လက်သီးချက်များက မိုးသီးမိုးပေါက်များကဲ့သို့ တရစပ်ကျဆင်းလာနေသည်။ ယဲ့ချန်သည် သူ၏ဝိညာဥ်စစ်သည်တော်ကို ကောင်းကင်ကြယ်တာရာတံဆိပ်ထဲတွင် ခရမ်းမီးတောက်ကြယ်ခြင်္သေ့နှင့် လေ့ကျင့်မထားလျှင် ဤမျှကြာကြာခုခံနိုင်နေမည် မဟုတ်ပေ။

အမွေးပွလေး၏ ဝိညာဥ်အသိစိတ်က ရာနှုန်းပြည့် ပေါင်းစပ်နိုင်ခြင်းမရှိသည်မှာ နှမြောစရာပင်ဖြစ်သည်။

ယဲ့ချန်၏မျက်နှာက စာရွက်တစ်ခုပမာ ဖြူဖပ်ဖြူရော် ဖြစ်နေသည်။ သူ၏ကိုယ်ထဲတွင် ကြယ်တာရာစက်ဝိုင်းများက အစွမ်းကုန်လည်ပတ်နေပြီး ကောင်းကင်ချီများဖြင့် ဝိညာဥ်စစ်သည်တော်ကို ထောက်ပံ့ပေးနေခဲ့သည်။ သို့သော် ၎င်းက တိုက်ပွဲအတွင်း စွမ်းအင်ကုန်ဆုံးနှုန်းကို လုံလောက်အောင် ဖြည့်တင်းမပေးနိုင်ခဲ့ပေ။ ဝိညာဥ်စစ်သည်တော်မှာ ဒေါင်မန်ယင်ရန်၏ တိုက်ကွက်များကြောင့် စတင်ပါးလွှာလာသည်။

ကောင်းကင်ဝိဇ္ဇာထိပ်ဆုံးအဆင့် ကျင့်ကြံသူတစ်ယောက်က အမှန်တကယ် အစွမ်းထက်လေသည်။

"မကောင်းတော့ဘူး။ ငါ ဆက်ပြီး တိုက်ခိုက်လို့မရတော့ဘူး"

ယဲ့ချန်၏အသိစိတ်က နာကျင်လာသဖြင့် အံကြိတ်ပြီး သည်းခံနေရသည်။ သူက ဒေါင်မန်ယင်ရန်ကို ဝိညာဥ်စစ်သည်တော်ဖြင့် ရင်ဆိုင်နေရင်း မည်သို့ထွက်ပြေးရမည်ကို အကြံထုတ်နေရသည်။

ဒေါင်မန်ယင်ရန်သည် သားရဲကြီးတစ်ကောင်ပမာ ကြမ်းကြမ်းတမ်းတမ်း တိုက်ခိုက်နေသည်။ သူ၏ခန္ဓာအပေါ်ပိုင်းတွင် အဝတ်အစားများ စုတ်ပြဲနေသဖြင့် အညိုရောင်ကြွက်သားကြီးများက နေရောင်အောက်တွင် သတ္တုတုံးကြီးများပမာ ပြောင်လက်ဖုထစ်နေသည်။ သူ၏ထိုးချက်နှင့်ကန်ချက်များတွင် အံ့လောက်စရာခွန်အားမျိုး ထွက်ပေါ်နေခဲ့သည်။

"သရဲကောင် သေစမ်း"

ဒေါင်မန်ယင်ရန်က အော်ဟစ်ကြုံးဝါး၍ လေပေါ်သို့ ခုန်တက်လိုက်သည်။ သူ၏ညာခြေထောက်က ဒေါင်လိုက်မြောက်တက်လာ၍ သတ္တုချီများနှင့် ပေါင်းစပ်ထားသည်။ ထို့နောက် ၎င်းက အာဏာပါးကွက်သား၏ဓားကဲ့သို့ ဝိညာဥ်စစ်သည်တော်ထံ ကျဆင်းလာခဲ့သည်။

"အရှင်သခင်၏ ဖျက်ဆီးရေးကန်ချက်"

ဒေါင်မန်ယင်ရန်၏ ပွဲသိမ်းတိုက်ကွက်က အဆင့်ခြောက်သိုင်းတစ်ခု ဖြစ်သည်။ သတ္တုအမျိုးအစားသိုင်းပညာများက ပြင်းထန်လွန်းသော တိုက်ခိုက်ရေးစွမ်းအားကြောင့် ကျော်ကြားသည်။ ဤကန်ချက်၏အစွမ်းက တောင်ကြီးတစ်လုံးကိုပင် နှစ်ခြမ်းကွဲသွားစေရန် လုံလောက်နေခဲ့သည်။

ဝိညာဥ်စစ်သည်တော်မှာ ပြင်းထန်စွာကျရောက်လာသော စွမ်းအားကို ရှောင်တိမ်းရန် အချိန်မမီခဲ့ပေ။ ထို့ကြောင့် သူ၏ဓားကိုမြှောက်ကာ ထိပ်တိုက်ရင်ဆိုင်လိုက်ရသည်။

"ဘန်း"

ပေါက်ကွဲသံတစ်ချက်နှင့်အတူ ဓားက ထက်ပိုင်းကျိုးသွားသည်။

အလွန်အစွမ်းထက်သော ဒေါင်မန်ယင်ရန်၏ကန်ချက်က ဝိညာဥ်စစ်သည်တော်၏ရင်ဘတ်ထံ ကျရောက်လာခဲ့သည်။ ဤတိုက်ကွက်က ဝိညာဥ်စစ်သည်တော်ကို အသေသတ်နိုင်စွမ်း ရှိနေသည်။

သို့သော် ဒေါင်မန်ယင်ရန်သည် လေကိုသာ ကန်မိသကဲ့သို့ခံစားလိုက်ရပြီး သူ၏ခြေထောက်က မြေပြင်နှင့် မိတ်ဆက်သွားကာ အက်ကြောင်းကြီးတစ်ခု ဖြစ်ပေါ်လာစေသည်။

"ဘယ်လိုလုပ်လွဲသွားရတာလဲ"

ဒေါင်မန်ယင်ရန်သည် လေထဲတွင် မျောလွင့်နေသော ဝိညာဥ်စစ်သည်တော်ကို နားမလည်နိုင်ဟန်ဖြင့် ကြည့်နေခဲ့သည်။ ထိုအချိန်တွင် ဝိညာဥ်စစ်သည်တော်က သူ၏အမြင်မှ ဖြတ်ခနဲပျောက်ကွယ်သွားခဲ့သည်။

ဒေါင်မန်ယင်ရန်၏ကန်ချက်နှင့် ထိမှန်ခါနီးတွင် ယဲ့ချန်က ဝိညာဥ်စစ်သည်တော်ကို ရုတ်သိမ်းလိုက်ခြင်းဖြစ်သည်။

"အမွေးပွလေး ပြေးကြစို့"

ယဲ့ချန်က သိုလှောင်အိတ်အတွင်းမှ ဝိညာဥ်ပေါင်းစည်းခြင်းဆေးတစ်လုံးကို ယူသောက်ကာ သစ်တောအတွင်း ခုန်ဝင်သွားခဲ့သည်။ သူ၏ဝိညာဥ်စစ်သည်တော်က ဒဏ်ရာအပြင်းအထန် မရထားပေ။ သို့သော် ပြင်းထန်သောတိုက်ပွဲကြောင့် ဒန်တန်ရှိကောင်းကင်ချီများနှင့် ကြယ်တာရာစက်ဝိုင်းများက အရေးကြီးသောအ​ခြေအနေတစ်ခုသို့ ရောက်နေခဲ့သည်။ သူက မြေဝိဇ္ဇာအလယ်အဆင့်သို့ တက်နိုင်တော့မည်ဖြစ်သည်။

ယဲ့ချန်သည် ဒဏ်ရာရထားသဖြင့် ဒေါင်မန်ယင်ရန်ကို မယှဥ်နိုင်သောအခါ ထွက်ပြေးရန် ဆုံးဖြတ်ခဲ့သည်။ သူ၏ခန္ဓာကိုယ်က လေးကိုင်းသဏ္ဍာန်ညွှတ်သွားပြီး သစ်တောအတွင်း မြှားတစ်စင်းပမာ ပြေးထွက်သွားခဲ့သည်။

"မင်းကို အလွတ်မပေးဘူး"

ဒေါင်မန်ယင်ရန်ကလည်း ကောင်းကင်ထက်သို့ ပျံတက်လိုက်သည်။ သူက သားရဲကိုလိုက်နေသော စွန်ရဲတစ်ကောင်ပမာ ပျံသန်းလိုက်ပါလာခဲ့သည်။

ဒေါင်မန်ယင်ရန်၏အရှိန်က ယဲ့ချန်ထက် ပိုများသဖြင့် ခဏအတွင်းလိုက်မီလာခဲ့သည်။ သူက အောက်သို့ထိုးဆင်းလာပြီး လက်နှစ်ဖက်ဖြင့် ယဲ့ချန်ကို ဆွဲကုပ်လိုက်သည်။

ယဲ့ချန်သည် ထွက်ပြေးနေရင်း ကြယ်တာရာဘုံကိုးလွှာကျင့်စဥ်ကို လည်ပတ်ကာ ဒဏ်ရာများကုသနေခဲ့သည်။ ဒေါင်မန်ယင်ရန်၏အရှိန်အဝါက နီးကပ်လာသောအခါ သူ၏စိတ်က တင်းကျပ်သွားခဲ့သည်။ ထို့နောက် သူ၏ဘယ်လက်ဝါးရှိ ကောင်းကင်ကြယ်တာရာတံဆိပ်က လင်းလက်လာ၍ ယဲ့ချန်ရော အမွေးပွလေးပါ ရုတ်တရက်ပျောက်ကွယ်သွားခဲ့သည်။

ဒေါင်မန်ယင်ရန်သည် ယဲ့ချန်ကို ဖမ်းမိခါနီးတွင် ပစ်မှတ်က ရုတ်တရက်ပျောက်ကွယ်သွားသောကြောင့် ဇဝေဇဝါ ဖြစ်သွားခဲ့သည်။

ဘန်းခနဲမြည်သံနှင့်အတူ သူက မြေပြင်ရှိကျောက်တုံးတစ်ခုထံ အရှိန်မထိန်းနိုင်ဘဲ ဝင်ရောက်သွားသည်။

"ဘာဖြစ်သွားတာလဲ"

ကြေမွသွားသော ကျောက်တုံး၏ဘေးတွင် ဒေါင်မန်ယင်ရန်က ပတ်ဝန်းကျင်ကို စစ်ဆေးနေသည်။

"ပုံရိပ်ယောင်ထင်တယ် ချိုးဖျက်စမ်း"

သူက လေးနက်စွာအာရုံစိုက်၍ ကောင်းကင်ချီများကို မျက်လုံးတွင် စုစည်းလိုက်သည်။

သို့သော် ပုံရိပ်ယောင် မဟုတ်သောကြောင့် မြင်ကွင်းတွင် ပတ်ဝန်းကျင်က လုံးဝမပြောင်းလဲပေ။

ဒေါင်မန်ယင်ရန်သည် ပတ်ဝန်းကျင်ကို စေ့စေ့စပ်စပ်ရှာဖွေလိုက်သော်လည်း ယဲ့ချန်ကို အရိပ်အယောင်ပင် မတွေ့ခဲ့ချေ။ သူက ယဲ့ချန် အနီးအနားတွင်ရှိနေသည်ဟု ခံစားရသည်။ ဤပစ်မှတ်တွင် ဝှက်ဖဲပေါင်းများစွာ ရှိနေခဲ့သည်။ သူက ဤနေရာကို လှည့်ပတ်ရှာဖွေနေခဲ့ပြီး ယဲ့ချန်သုံးထားသော လျှို့ဝှက်နည်းစနစ်များကို သိချင်လာခဲ့သည်။

ကောင်းကင်ကြယ်တာရာတံဆိပ်အတွင်း၌ ယဲ့ချန်က အပြင်ကို ဝိညာဥ်အသိစိတ်ဖြင့် အကဲခတ်လိုက်သည်။ ဒေါင်မန်ယင်ရန်က သူ့ကိုမရှာနိုင်ကြောင်း သေချာသွားသောအခါ အချိန်မဖြုန်းဘဲ ချက်ချင်းကျင့်ကြံလိုက်သည်။ သူက နေရာတွင်ထိုင်ချ၍ ကောင်းကင်ချီများကို လည်ပတ်နေခဲ့သည်။

အမွေးပွလေးသည်လည်း သူ့ဘေးတွင် ကျင့်ကြံနေခဲ့သည်။

"ကောင်စုတ်လေး မင်းကြည့်ရတာ စုတ်ပြတ်နေတာပဲ။ အပြင်မှာ အစွမ်းထက်ရန်သူနဲ့ တွေ့လာလို့လား။ ငါ့ကိုလွှတ်ပေးရင် အဲ့ကောင်ကို အသားပြားဖြစ်အောင် လုပ်ပေးမယ်"

​ခရမ်းမီးတောက်ကြယ်ခြင်္သေ့က ယဲ့ချန်ကို လှောင်ပြောင်လိုက်သည်။

"ပါးစပ်ပိတ်ထားစမ်းပါ"

ယဲ့ချန်က သားရဲကြီးကို အေးစက်စက်အော်ငေါက်လိုက်သည်။

"ငါ့ကို ဘယ်သူမှ ဒီလိုမအော်ရဲတာ နှစ်တစ်ထောင်လောက်ရှိပြီကွ။ ကောင်စုတ်လေး မင်းကို ဝါးစားမယ်"

ခြင်္သေ့ကြီးက ဒေါသတကြီးဟိန်းဟောက်ကာ အစီအရင်၏ချုပ်နှောင်မှုကို ရုန်းကန်လိုက်သည်။

သို့သော် ကြမ်းပြင်ရှိအစီအရင်က တောက်ပလာပြီး အလင်းတန်းများ ထွက်ပေါ်လာသည်။

"ဘန်း ဘန်း ဘန်း"

"ဝေါင်း"

အစီအရင်၏အလင်းတန်းများက ခြင်္သေ့ကြီးကို ပစ်ခတ်လိုက်သည်။ ၎င်းက နာကျင်စွာ အော်ဟစ်နေရသည်။

ယဲ့ချန်သည် ကောင်းကင်ကြယ်တာရာတံဆိပ်ကို အလုံးစုံမထိန်းချုပ်နိုင်ပေ။ သို့သော် သူက ဤအစီအရင်အကြောင်းကို နားလည်စပြုလာသဖြင့် အသက်သွင်းနိုင်ခဲ့သည်။ ခရမ်းမီးတောက်ကြယ်ခြင်္သေ့က ရုန်းကန်လာသောအခါ သူက အစီအရင်ဖြင့် ၎င်းကိုဖိနှိပ်ထားနိုင်သည်။

ခြင်္သေ့ကြီးက ဒေါသထွက်ရင်း အံ့သြနေခဲ့သည်။ ၎င်းအနေဖြင့် ဤအစီအရင်ကို လျင်မြန်စွာချိုးဖျက်ရပေလိမ့်မည်။ အနာဂတ်တွင် ယဲ့ချန်သည် အစီအရင်ကို ထိန်းချုပ်နိုင်သွားလျှင် ၎င်း၏လွတ်မြောက်လိုသော အိပ်မက်ကလေး ပျက်စီးသွားပေလိမ့်မည်။

ထိုအချိန်တွင် ယဲ့ချန်၏ကိုယ်ထဲတွင် ကြယ်တာရာစက်ဝိုင်းများက ချီစီးဆင်းမှုကို အရှိန်မြန်လာစေခဲ့သည်။ သူ၏ဒန်တန်အတွင်း တည်ရှိနေသော ဓားပျံက လှုပ်ခတ်သွားခဲ့သည်။ ဒန်တန်က ကျယ်ပြန့်လာပြီး ကောင်းကင်ချီများက ပြင်းပြင်းထန်ထန် လှုပ်ခါနေခဲ့သည်။

ယဲ့ချန်သည် မြေဝိဇ္ဇာအလယ်အဆင့်သို့ တက်ရောက်နိုင်သွားပြီ ဖြစ်သည်။ သူက အလွန်ဝမ်းသာ ကျေနပ်နေခဲ့သည်။ သူ၏ကျင့်ကြံရေးလမ်းစဥ်မှာ ဓားပျံကြောင့် အခြားသူများနှင့် ကွဲပြားသည်။ နှစ်ဝက်အတွင်း သူက အခြားကျင့်ကြံသူများ အိပ်မက်မက်နေရသော မြေဝိဇ္ဇာအဆင့်သို့ ရောက်လာခဲ့သည်။ မြေဝိဇ္ဇာအဆင့်သို့ရောက်ပြီးနောက် ကျင့်ကြံခြင်းက စတင်နှေးကွေးလာသည်။ ထို့ကြောင့် အချိန်တိုအတွင်း အလယ်အဆင့်သို့ တက်ရောက်နိုင်မည်ဟု မျှော်လင့်ထားခြင်း မရှိပေ။

ယဲ့ချန်၏ဒန်တန်အတွင်းရှိ ကောင်းကင်ချီများက မြေဝိဇ္ဇာစဦးအဆင့်ကထက် ငါးဆယ်ရာခိုင်နှုန်း ပိုများလာခဲ့သည်။ ကျင့်ကြံဆင့် တိုးတက်လာသည်နှင့်အမျှ ဝိညာဥ်စစ်သည်တော်ကလည်း ပို၍အစွမ်းထက်လာမည် ဖြစ်သည်။

ယဲ့ချန်၏အကြည့်က အမွေးပွလေးထံ ရောက်သွားခဲ့သည်။ သူမသည်လည်း ဝိညာဥ်အသိစိတ်ချင်း ပေါင်းစပ်မှုကြောင့် အကျိုးကျေးဇူးများ ရရှိခဲ့ပုံပေါ်သည်။ ဝိညာဥ်အသိစိတ်၏စွမ်းအားက ယဲ့ချန်၏ဝိညာဥ်အသိစိတ်နီးနီး အစွမ်းထက်လာခဲ့သည်။

စောင့်ကြည့်နေသော ခရမ်းမီးတောက်ကြယ်ခြင်္သေ့က ယဲ့ချန်သည် ဒဏ်ရာများ ပျောက်ကင်းသွားရုံသာမက ကျင့်ကြံဆင့် တိုးတက်လာကြောင်းကိုပါ သိလိုက်ရသည်။ သူ၏အရှိန်အဝါက ပိုမိုပြင်းထန်ကွဲပြားလာခဲ့သည်။ ဤကောင်လေး၏ ကျင့်ကြံဆင့်အရှိန်က မြန်လွန်းနေပြီဖြစ်သည်။

ယဲ့ချန်က မတ်တပ်ရပ်၍ အပြင်ပတ်ဝန်းကျင်ကို လေ့လာလိုက်သည်။ ဒေါင်မန်ယင်ရန်က အနီးအနားတွင်ရှိနေပြီး သစ်တုံးကြီးများဖြင့် ပတ်ဝန်းကျင်ကို မီးရှို့နေကြောင်း တွေ့လိုက်ရ၏။

"အမွေးပွလေး ဒေါင်မန်ယင်ရန်ကို ပြန်သွားတွေ့ကြတာပေါ့"

ယဲ့ချန်က မီးချီစွမ်းအင်ကို အသက်သွင်း၍ အမွေးပွလေးနှင့်အတူ ကောင်းကင်ကြယ်တာရာတံ​ဆိပ်အတွင်းမှ ထွက်ခွာလိုက်သည်။

ယဲ့ချန်သည် မီးလျှံများကြား ရောက်သွားသော်လည်း မီးတောက်ချီများကို အသုံးပြုထားသဖြင့် ၎င်းတို့က သူ့ကို အန္တရာယ်မပေးနိုင်ခဲ့ပေ။ ဤမီးတောက်များက သူ့ကို မထိခိုက်စေနိုင်ပေ။

ယဲ့ချန်က တိမ်နီကောင်းကင်ကို ထုတ်ဖော်၍ ပတ်ဝန်းကျင်ကို ရှင်းလင်းပစ်လိုက်သည်။

ဒေါင်မန်ယင်ရန်သည် ပတ်ဝန်းကျင်၌ ယဲ့ချန်ကို ရှာမတွေ့သောအခါ သစ်ပင်ကြီးများကို ခုတ်လှဲ၍ မီးရှို့ခဲ့သည်။ သူက ယဲ့ချန်ပုန်းအောင်းနေရာမှ ထွက်ပေါ်လာစေရန် မီးတိုက်လိုခြင်းဖြစ်သည်။

ယဲ့ချန် ထွက်ပေါ်လာချိန်တွင် သူ၏အရှိန်အဝါက ပိုမိုသန်မာလာသည်ကို ဒေါင်မန်ယင်ရန်က အာရုံခံမိလိုက်သည်။ သူစုပုံထားသော မီးစွဲလောင်နေသည့် သစ်ပင်ကြီးများက ဝုန်းခနဲမြည်သံနှင့်အတူ နေရာတိုင်းသို့ လွင့်ထွက်ကုန်သည်။

ယဲ့ချန်က မီးတောက်များကြားတွင် မတ်တပ်ရပ်နေပြီး သူ၏ပခုံးပေါ်ရှိ အမွေးပွလေးက ဒေါင်မန်ယင်ရန်ကို စိုက်ကြည့်နေခဲ့လေသည်။

All Chapters