ဓားချက်၏အစွမ်း
Vol. 14 Ch. 196
"နောက်ဆုံးတော့ မင်း ပြန်ပေါ်လာပြီပေါ့။ ဒီတစ်ခေါက် ဘယ်ကိုထွက်ပြေးနိုင်မလဲ ကြည့်ရအောင်"
ဒေါင်မန်ရန်ယန်က အေးစက်စက် နှာခေါင်းရှုံ့လိုက်သည်။ သူ၏စိတ်ထဲတွင် ယဲ့ချန်က မီးတောက်များကြား ပိတ်မိနေပြီး ထွက်ပြေးနိုင်ခြင်းမရှိဟု ထင်နေခဲ့သည်။
"ဟား ဟား လာစမ်းပါ"
ယဲ့ချန်က အေးစက်စက်ပြုံး၍ ဒေါင်မန်ယင်ရန်ကို စိန်ခေါ်လိုက်သည်။ သူ၏ဝိညာဥ်အသိစိတ်က ဝိညာဥ်အသိစိတ်အဖြစ် ပြောင်းလဲသွားခဲ့သည်။ ဤတစ်ကြိမ်တွင် ဝိညာဥ်စစ်သည်တော်က ပြောင်းလဲနေပြီး ခရမ်းရောင်မီးတောက်များက ပိုမိုတောက်ပနေသည်။ ဓားက ပိုမိုရှည်ထွက်လာပြီး ဓားပေါ်တွင် မီးတောက်များ မျက်စိကျိန်းစပ်လောက်အောင် ထွန်းလင်းနေသည်။
လက်ရှိတွင် ဝိညာဥ်စစ်သည်တော်၏အစွမ်းက ကောင်းကင်ဝိဇ္ဇာထိပ်ဆုံးအဆင့်သို့ ရောက်လုနီးနီးဖြစ်သည်။
အမွေးပွလေးက သူမ၏ဝိညာဥ်အသိစိတ်ကို ၎င်းနှင့်ပေါင်းစပ်လိုက်သောအခါ အဖြူရောင်မီးတောက်များ ဟုန်းခနဲထွက်ပေါ်လာသည်။ ဝိညာဥ်စစ်သည်တော်၏ ခွန်အားကလည်း ကောင်းကင်ဝိဇ္ဇာထိပ်ဆုံးအဆင့်သို့ ရောက်ရှိသွားခဲ့သည်။
"ဝေါင်း"
ဝိညာဥ်စစ်သည်တော်က ကျယ်လောင်စွာ ဟိန်းဟောက်၍ ရန်သူထံ ခုန်ဝင်သွားခဲ့သည်။ ၎င်း၏လက်ထဲရှိ ဓားဖြင့် တိုက်ပွဲကန်လန့်ကာကို စတင်ဖွင့်လှစ်လိုက်သည်။
ဒေါင်မန်ယင်ရန်သည် ယခင်တစ်ကြိမ်နှင့်ယှဥ်လျှင် ဤအရာက တစ်ခုခုထူးဆန်းနေသည်ဟု ခံစားလိုက်ရသည်။ သို့သော် သူက အချိန်တိုအတွင်း ယဲ့ချန်က ဝိညာဥ်စစ်သည်တော်၏ခွန်အားကို မြှင့်တင်ပေးနိုင်မည်မဟုတ်ဟု ပုံသေတွက်ထားခဲ့သည်။
"အရှင်သခင်၏ဖျက်ဆီးရေးကန်ချက်"
ဒေါင်မန်ယင်ရန်၏ ညာခြေထောက်က ဥက္ကာပျံတစ်လုံးပမာ ရှေ့ထွက်လာသည်။ ထက်ရှသော သတ္တုချီများက လေထုကိုပင် ပိုင်းဖြတ်ထွက်ပေါ်လာသည်။ ဤကန်ချက်တွင် ကောင်းကင်ဝိဇ္ဇာထိပ်ဆုံးအဆင့်၏ ကောင်းကင်ချီစွမ်းအင်အားလုံး ပါဝင်နေသည်။ ကန်ချက်က အလွန်ကိုအစွမ်းထက်လေသည်။
ဝိညာဥ်စစ်သည်တော်က တစ်ချက်ပင်တွန့်မသွားဘဲ ဓားဖြင့် ထိပ်တိုက်ရင်ဆိုင်သည်။ ဓားချက်တွင် ကောင်းကင်ဘုရင်နေဖြိုခွဲကျင့်စဥ်ဖြင့် ထောက်ပံ့ပေးထားသည်။ ဝိညာဥ်စစ်သည်တော်ကို ခရမ်းရောင်မီးတောက်များ လွှမ်းခြုံနေပြီး ဓားသွားပေါ်တွင် အစွမ်းထက်အင်အားတစ်ရပ် ပါဝင်သည်။
ထိုအချိန်တွင် ယဲ့ချန်က ကြယ်တာရာဘုံကိုးလွှာကျင့်စဥ်ကို လည်ပတ်လိုက်သောအခါ ကောင်းကင်ကြယ်တာရာတံဆိပ်တော် အသက်ဝင်လာသည်။ ယဲ့ချန်၏ခန္ဓာကိုယ်ပတ်လည်တွင် ဆန်းကျယ်သော ရုန်းများ လည်ပတ်လာကာ ပခုံးပေါ်ရှိအမွေးပွလေးကလည်း အဖြူရောင်မီးတောက်တစ်ခုပမာ တောက်လောင်နေခဲ့သည်။
ဤဓားချက်က အာကာသကိုပင် ပိုင်းဖြတ်နိုင်လောက်သည်။ ယဲ့ချန်သည် အဆုံးမရှိကျယ်ပြန့်သော ကြယ်ကောင်းကင်ကြီးအတွင်း ရောက်နေသည်ဟု ခံစားလိုက်ရသည်။ အဆုံးမရှိသော တာအိုကလည်း ဓားချက်ကို ထောက်ပံ့ပေးနေသည်။
"ဘုန်း"
ကြားရသူတိုင်း၏ နားစည်ကို ကွဲထွက်သွားစေလောက်သော ပေါက်ကွဲသံကြီးတစ်ချက် ထွက်ပေါ်လာသည်။ ဓားသွားပေါ်မှ ကြောက်မက်ဖွယ်စွမ်းအားကြီးက ဒေါင်မန်ယင်ရန်၏ခြေထောက်ကို ထိမှန်သွားသည်။ ဝိညာဥ်စစ်သည်တော်နှင့် သတ္တုချီများက ပြင်းထန်စွာတွေ့ဆုံသွားသဖြင့် ပတ်ဝန်းကျင်တွင် လေပြင်းများပင် တိုက်ခတ်လာသည်။
ကြိုးပြတ်သွားသော စွန်တစ်ကောင်ကဲ့သို့ ပုံရိပ်တစ်ခုက ဆယ်မီတာအဝေးထိ ဒလိမ့်ကောက်ကွေး လွင့်ထွက်သွားခဲ့သည်။
ပတ်ဝန်းကျင်က တည်ငြိမ်သွားချိန်တွင် ဝိညာဥ်စစ်သည်တော်က လေထဲတွင် ဝင့်ထည်စွာရပ်နေခဲ့သည်။ ဓားကိုကိုင်ထားသော ၎င်း၏ပုံရိပ်က အစွမ်းထက်အရှိန်အဝါတစ်ခုကို ထုတ်ဖော်နေသည်။
ယဲ့ချန်နှင့်အမွေးပွလေးက ၎င်း၏အနောက်တွင် မထိမခိုက် မတ်တပ်ရပ်နေခဲ့ကြသည်။ လေပြင်းများကြောင့် အဝတ်အစားများ တဖျတ်ဖျတ်လွင့်နေသော်လည်း ဒဏ်ရာလုံးဝမရှိပေ။
အဝေးတွင် ဒေါင်မန်ယင်ရန်သည် တစ်ကိုယ်လုံးမည်းနက်နေအောင် လောင်ကျွမ်းခံထားရသည်။ ဝိညာဥ်စစ်သည်တော်၏ ခရမ်းရောင်မီးတောက်များက သူ၏သန့်စင်ယန်ခန္ဓာကို မီးရှို့ပစ်ခဲ့သည်။ သူက သစ်ပင်ကြီးတစ်ပင်ပေါ်သို့ ကြိုးစား၍ ခုန်တက်လိုက်သည်။ ယဲ့ချန်က အချိန်ခဏသာ ပျောက်ကွယ်သွားသော်လည်း ဝိညာဥ်စစ်သည်တော်က အဘယ်ကြောင့် ကောင်းကင်ဝိဇ္ဇာအလယ်အဆင့်မှ ထိပ်ဆုံးအဆင့်သို့ ရောက်သွားသည်ကို လုံးဝမစဥ်းတတ်ခဲ့ပေ။ သူ့အနေဖြင့် ၎င်းကို အထင်မသေးခဲ့သင့်ချေ။
ဒေါင်မန်ယင်ရန်၏ ကိုယ်တွင်း၌ ကောင်းကင်ချီများအားလုံး ကုန်ခမ်းသွားသည်။ တစ်ကိုယ်လုံးရှိ သွေးကြောများလည်း ပြတ်တောက်ကုန်သဖြင့် အပြင်းအထန်ဒဏ်ရာရနေပြီ ဖြစ်သည်။
သူ၏မျက်လုံးထဲတွင် မုန်းတီးမှုနှင့်လက်မခံနိုင်မှုက အထင်းသားပေါ်လွင်နေသည်။ မရေမတွက်နိုင်သော ကျင့်ကြံသူများကို သတ်ဖြတ်နိုင်ခဲ့သည့် စစ်သူကြီးတစ်ယောက်အနေဖြင့် ဆယ်ကျော်သက်ကလေးတစ်ယောက်၏ လက်ထဲတွင် ဆိုးဆိုးရွားရွား ရှုံးနိမ့်ခဲ့ရသည်။ ဒေါင်မန်ယင်ရန်သည် ဝိညာဥ်စစ်သည်တော်နှင့် ဆက်လက်တိုက်ခိုက်လျှင် သေဆုံးနိုင်သည်ဟု ခံစားနေရသည်။ ထို့ကြောင့် ထွက်ပြေးလိုသော်လည်း လေတိုးသံတစ်ချက်နှင့်အတူ ခရမ်းရောင်မီးဓားကြီးက သူ့ထံ ဝင်ရောက်လာပြန်သည်။ သူ၏မျက်လုံးများ ပြူးကျယ်သွားကာ လိပ်ပြာလွင့်မတတ် ကြောက်လန့်သွားခဲ့သည်။
"ဘန်း"
ပေါက်ကွဲသံတစ်ချက်နှင့်အတူ ခရမ်းရောင်မီးများ လောင်ကျွမ်းနေသော ဒေါင်မန်ယင်ရန်က မြေပြင်သို့ ဘုန်းခနဲပြုတ်ကျသွားခဲ့သည်။
ယဲ့ချန်သည်လည်း ဤဓားချက်ကို ဝိညာဥ်စစ်သည်တော်အား ထုတ်ဖော်ပြီးနောက် ဆက်လက်တိုက်ခိုက်နိုင်ခြင်း မရှိတော့ပေ။ သူက ခေါင်းကိုက်နေပြီး မြေပြင်တွင် ထိုင်ချလိုက်ရသည်။ ဤတိုက်ပွဲက ယဲ့ချန်၏စွမ်းအားများကို အလွန်ကုန်ခမ်းစေသဖြင့် အသက်ကိုပင် ခဲယဥ်းစွာရှူနေရသည်။ ဒေါင်မန်ယင်ရန်သာ မသေလျှင် တိုက်ပွဲတွင် ရှုံးနိမ့်မည့်သူမှာ ယဲ့ချန် ဖြစ်နေလိမ့်မည်။
ဤသို့ဖြင့် နန်မန်တိုင်းပြည်၏ ကောင်းကင်ဝိဇ္ဇာထိပ်ဆုံးအဆင့် စစ်သူကြီးတစ်ယောက်က ယဲ့ချန်၏လက်ထဲတွင် သေသည်အထိ မီးရှို့ခံလိုက်ရလေသည်။
ယဲ့ချန်က တစ်ချက်ပြုံး၍ ဝိညာဥ်အသိစိတ်ဖြင့် ရှောင်ရိ၏အခြေအနေကို ထောက်လှမ်းလိုက်သည်။ သူက ရှောင်ရိကိုကူညီနိုင်သော စွမ်းအား မရှိတော့ပေ။
ဝိညာဥ်စစ်သည်တော်ကို အလွန်အကျွံအသုံးပြုခြင်းကြောင့် ဘေးထွက်ဆိုးကျိုးအဖြစ် ယဲ့ချန်၏ခန္ဓာကိုယ်က အလွန်ပင်ပန်းနေခဲ့သည်။ ယဲ့ချန်က မြေပြင်တွင်ထိုင်၍ ကောင်းကင်ချီများ လည်ပတ်လိုက်သည်။ အချိန်တစ်ခုအကြာတွင် အမွေးပွလေးက သူ့အရင် ကောင်းမွန်သွားသောကြောင့် သစ်တောအတွင်း လှစ်ခနဲဝင်ရောက်သွားခဲ့သည်ဓ
နာရီဝက်အကြာတွင် ရှောင်ရိက ယဲ့ချန်ထံ ပြန်ရောက်လာခဲ့သည်။ သူက ကလေးတစ်ယောက်အဖြစ် အသွင်ပြန်ပြောင်းကာ မြေပြင်သို့ ဆင်းသက်လာခဲ့သည်။
"ရှောင်ရိ မင်းနဲ့တိုက်ခိုက်နေတဲ့လူ ဘယ်လိုဖြစ်သွားပြီလဲ"
လက်ရှိတွင် ယဲ့ချန်က ဒဏ်ရာများ ပြန်လည်သက်သာလာသည်။ အထွတ်အထိပ်အခြေအနေသို့ မရောက်သေးသော်လည်း ခရီးဆက်ထွက်ရန် လုံလောက်နေပြီဖြစ်သည်။
"သူက ကျွန်တော်နဲ့တိုက်ခိုက်နေရင်း ဆေးတွေ အများကြီးသောက်ခဲ့တယ်။ ပြီးတော့ ရုတ်တရက်ကြီးအိပ်ပျော်ပြီး ကောင်းကင်ပေါ်က ထိုးကျသွားတယ်။ ဒါကြောင့် ပြန်လာခဲ့တာ။ သူ့ရတနာကိုလည်း ယူလာတယ်"
ရှောင်ရိက စိတ်ရှုပ်နေဟန်ဖြင့် ဖြေလိုက်သည်။ သူ၏လက်ထဲတွင် ကိုင်ဆောင်ထားသော သိုလှောင်အိတ်ကို ဂုဏ်ယူစွာဖြင့် မြှောက်ပြလိုက်သည်။
"ဒီကောင်မသေရင် ပြဿနာဖြစ်နိုင်တယ်"
ယဲ့ချန်က ဝိညာဥ်အသိစိတ်ဖြင့် ထောက်လှမ်းလိုက်သောအခါ မြေပြင်တွင် အသက်ရှူရပ်နေပြီဖြစ်သော စီကုန်းဖုန်းရန်ကို တွေ့လိုက်သည်။ သူက ခွန်အားတိုးစေသော ဆေးများ၏ဘေးထွက်ဆိုးကျိုးကြောင့် ကောင်းကင်ပေါ်မှပြုတ်ကျကာ သေဆုံးသွားလေသည်။
ယဲ့ချန်က ဝိညာဥ်အသိစိတ်ကို ပြန်ရုတ်သိမ်းလိုက်သည်။ သိုလှောင်အိတ်ကို စပ်စုနေသော ရှောင်ရိကြောင့် သူ၏မျက်နှာတွင် အပြုံးတစ်ခုရှိနေသည်။ ရှောင်ရိသည်လည်း အမွေးပွလေးကဲ့သို့ ဓားပြတစ်ယောက် ဖြစ်လာနေသည်။
ထိုအချိန်တွင် အမွေးပွလေးက သိုလှောင်အိတ်များကို သယ်ဆောင်ပြီး ပြန်ရောက်လာခဲ့သည်။ သူမ၏မျက်နှာလေးထက်တွင် အပြုံးတစ်ခု ဖြစ်ပေါ်နေသည်။
ယဲ့ချန်က ဤဓားပြနှစ်ယောက်ကြောင့် ခေါင်းကုတ်လိုက်မိသည်။
"ငါတို့ မြန်မြန်သွားရမယ်။ တိုက်ပွဲကြောင့် ကျင့်ကြံသူတွေရောက်မလာခင် လစ်ကြစို့"
ယဲ့ချန်၏ပခုံးပေါ်သို့ အမွေးပွလေးက ခုန်တက်လိုက်သည်။ ထို့နောက် ယဲ့ချန်၊ ရှောင်ရိနှင့် အမွေးပွလေးက ထူထပ်သောသစ်တောအတွင်း ချက်ချင်းဝင်ရောက် ပျောက်ကွယ်သွားကြသည်။
သစ်တောအတွင်းရှိ တိုက်ပွဲက နောက်ဆုံးတွင် အဆုံးသတ်သွားခဲ့သည်။
အချိန်တစ်ခုအကြာတွင် ရှီဝူအင်ပါယာ၏ ရွှေရောင်သံချပ်ကာစစ်သည်များက သတင်းပို့ချက်အရ ရောက်ရှိလာကြသည်။
"အလောင်းတွေရဲ့သရုပ်မှန်ကို သိရပြီလား"
ခေါင်းဆောင်ဖြစ်ဟန်တူသော သက်လတ်ပိုင်းအရွယ် စစ်သည်တစ်ယောက်က မေးလိုက်ခြင်းဖြစ်သည်။
"စစ်သူကြီးကို သတင်းပို့ပါတယ်။ အလောင်းတွေအကုန်လုံးက နန်မန်တိုင်းပြည်ရဲ့ကျင့်ကြံသူတွေနဲ့ သူလျှိုတွေပါ။ ကျွန်တော်တို့က ဒီကောင်တွေကို လိုက်ရှာနေတာ ကြာပါပြီ"
စစ်သည်တစ်ယောက်က ရိုရိုသေသေနှင့် တင်ပြလိုက်၏။
"နန်မန်တိုင်းပြည် ဟုတ်လား။ သူတို့ရဲ့ရာထူးနဲ့ နာမည်တွေကို သိကြလား"
စစ်သူကြီးက မျက်မှောင်ကြုတ်၍ မေးလိုက်သည်။ ဤနေရာတွင် နန်မန်တိုင်းပြည်မှ ကျင့်ကြံသူများစွာ သေဆုံးနေကြသည်။ သူတို့က မည်သည့်ရည်ရွယ်ချက်ကြောင်း စုဝေးနေမှန်း မသိရပေ။
"သတင်းတွေအရ တစ်ကိုယ်လုံးမီးကျွမ်းနေတဲ့ အလောင်းက ဒေါင်မန်ယင်ရန်လို့ခေါ်တဲ့ ကောင်းကင်ဝိဇ္ဇာတစ်ယောက်ပါ။ သူက နန်မန်စစ်သူကြီးတစ်ယောက်လည်း ဖြစ်တယ်။ အရိုးတွေကျိုးကြေပြီး သေနေတာက စီခုန်းဖုန်းရန်ဖြစ်ပြီး ကောင်းကင်ဝိဇ္ဇာတစ်ယောက်ပါ။ နောက်ထပ်အလောင်းတွေကတော့ မြေဝိဇ္ဇာငါးယောက်နဲ့ ထျန်းချီအဆင့်တစ်ဆယ် ထိပ်ဆုံးရှစ်ယောက်ပါ"
စစ်သည်က တိတိကျကျ သတင်းပို့လိုက်သည်။
"ဒီအချက်အလက်တွေက သေချာလား"
လက်အောက်ငယ်သား၏စကားကြောင့် စစ်သူကြီးက အလွန်အံ့သြသွားခဲ့သည်။ ကောင်းကင်ဝိဇ္ဇာနှစ်ယောက်ပင် အသတ်ခံထားရသဖြင့် ဤကိစ္စက သူထင်ထားသည်ထက် များစွာပို၍ အရေးကြီးနေသည်။
"သေချာပါတယ် စစ်သူကြီးခင်ဗျာ"
စစ်သည်က မှားယွင်းတင်ပြမိလျှင် ခေါင်းဖြတ်ခံရပေလိမ့်မည်။
စစ်သူကြီး၏စိတ်ထဲတွင် သံသယများစွာ ဖြစ်ပေါ်လာသည်။ ကောင်းကင်ဝိဇ္ဇာနှစ်ယောက်၊ မြေဝိဇ္ဇာငါးယောက်နှင့် အဆင့်တစ်ဆယ်ရှစ်ယောက်ကို သတ်ဖြတ်ရန် မလွယ်ပေ။ တရားခံက အဖွဲ့တစ်ဖွဲ့ဖြစ်နိုင်သည်။ သို့သော် ဂိုဏ်းကြီးနှစ်ခုပူးပေါင်းလျှင်ပင် ဤအင်အားစုကိုဖြေရှင်းရန် မလွယ်ပေ။
"အရှင်မင်းမြတ်ဆီကို ချက်ချင်းသတင်းပို့ကြ"
စစ်သူကြီး၏စကားအဆုံးတွင် သတင်းပို့သိမ်းငှက်အချို့ ကောင်းကင်ထက်သို့ ပျံတက်သွားကြသည်။
ထိုအချိန်တွင် ယဲ့ချန်တို့သုံးယောက်က မိုင်များစွာအဝေးသို့ ရောက်နေပြီဖြစ်သည်။ မြစိမ်းတိမ်တောင်တန်းက အလွန်ရှည်လျားသောကြောင့် သူတို့၏ခရီးက ပိုရှည်သွားခဲ့သည်။ မကြာမီပင် ညအမှောင် ကျရောက်လာသည်။
ယဲ့ချန်တို့က လေတဖြူးဖြူးတိုက်ခတ်နေသော တောင်ကြားတစ်ခုအတွင်း ဝင်ရောက်လာကြသည်။
"ရှောင်ရိ အမွေးပွလေး ငါတို့ အပြင်မှာ အိပ်ရမယ်ထင်တယ်"
ယဲ့ချန်က ခါးသက်သက်ပြုံး၍ ပြောလိုက်သည်။ တောတောင်အတွင်း အိပ်စက်ရန် တည်းခိုခန်း လုံးဝမရှိနိုင်ပေ။
ပတ်ဝန်းကျင်တွင် တောင်များကာရံထားသဖြင့် မမှောင်ခင် ကျော်ဖြတ်သွားရန်လည်း မဖြစ်နိုင်ပေ။
အမွေးပွလေးက စိတ်ပျက်စွာဖြင့် အော်မြည်လိုက်သည်။ ရှောင်ရိကလည်း စိတ်ဓာတ်ကျနေပုံပေါ်သည်။ သူက နွေးထွေးသောအိပ်ရာတွင် အိပ်စက်ချင်သော်လည်း တောကြီးမျက်မည်းတွင် မဖြစ်နိုင်ပေ။ သူက ဂူအတွင်းအေးစက်သည့် မြေပြင်ပေါ်အိပ်ခဲ့ရသည်ကိုပင် မေ့လျော့နေပြီဖြစ်သည်။
နောက်ဆုံးတွင် အမွေးပွလေးနှင့် ရှောင်ရိမှာ သူတို့၏ကံကို လက်ခံလိုက်ရလေသည်။
ယဲ့ချန်က လက်မောင်းကာအတွင်းမှ ရွက်ဖျင်တဲတစ်ခုကို ထုတ်ယူလိုက်သည်။ ၎င်းက ဤညအတွက် သူတို့၏နားခိုရာဖြစ်သည်။
"ရှောင်ရိ အမွေးပွလေး ဒီနားမှာပျံနိုင်တဲ့ မှော်သားရဲတွေ လိုက်ရှာရအောင်"
မှော်သားရဲတစ်ကောင်ဖြင့် ပျံသန်းခြင်းက ခြေလျင်ထက် ခရီးပိုတွင်သောကြောင့် ယဲ့ချန်က ဝိညာဥ်အသိစိတ်ဖြင့် ရှာဖွေလိုက်သည်။ အမွေးပွလေးက သူမ၏ဝိညာဥ်အသိစိတ်ဖြင့် ကူညီပေးခဲ့သည်။
"အစ်ကိုကြီး ကျွန်တော့်မူလအသွင်နဲ့ဆိုရင် ပျံသန်းသွားလို့ ရတယ်လေ"
ရှောင်ရိအနေဖြင့် သူ၏အစ်ကိုနှင့်အမကို ကျောပေါ်တင်ဆောင်သွားရန် ပြဿနာမရှိပေ။