ကောင်းကင်သားရဲ မြေခွေးကျေးရွာ
Vol. 14 Ch. 197
"မလိုအပ်ဘူး။ မင်းရဲ့မူလအသွင်ကို အမြဲတမ်းထုတ်ပြလို့ မရဘူး"
ယဲ့ချန်က ခေါင်းယမ်းလိုက်သည်။ ရွေးချယ်စရာမရှိသော အခြေအနေမှလွဲလျှင် ယဲ့ချန်သည် ရှောင်ရိ၏မူလအသွင်ကို ထုတ်ဖော်စေမည် မဟုတ်ပေ။ မီတာသုံးရာကျော်ရှည်သော ဧရာမမြွေနဂါးကြီးတစ်ကောင်က မြစိမ်းတိမ်တောင်တန်းအထက်မှ ပျံသန်းသွားလျှင် အလွန်အံ့သြစရာ ဖြစ်နေပေလိမ့်မည်။
မြစိမ်းတိမ်တောင်တန်းပေါ်တွင် မြစိမ်းတိမ်ဂိုဏ်းတစ်ခုတည်း ရှိသည်မဟုတ်ပေ။ ဤတောင်တန်းတွင် အခြားအစွမ်းထက်ကျင့်ကြံသူများလည်း ပုန်းအောင်နေနိုင်သည်။ အစွမ်းထက်ရန်သူများက ရှောင်ရိ၏မူလအသွင်ကြောင့် စိတ်ဝင်စားလာလျှင် အခက်ကြုံမည်ဖြစ်သည်။
ယဲ့ချန်က ဤလောကအကြောင်းကို သေချာစွာနားလည်မထားပေ။ ဤလောကတွင် အစွမ်းထက်ကျင့်ကြံသူ မည်မျှရှိသည်နှင့် မည်သည့်နေရာတွင်ရှိကြောင်းကို သူ လုံးဝမသိချေ။
"ဟုတ်ကဲ့"
ရှောင်ရိက ခေါင်းညိတ်လိုက်သည်။ သူက ယဲ့ချန်၏စကားကို မြေဝယ်မကျနားထောင်လေသည်။
ယဲ့ချန်သည် နန်မန်တိုင်းပြည်၏ကျင့်ကြံသူများ ပိုင်ဆိုင်သော သိုလှောင်အိတ်များကို စစ်ဆေးလိုက်သည်။ သာမန်ဟုထင်ရသော ချီစုစည်းခြင်းဆေးလုံးများ၊ ချီပြိုကွဲဆေးလုံးများ၊ မြေအဆီအနှစ်ဆေးလုံး နှစ်လုံးနှင့် ရွှေရောင်ဆန်းကျယ်ဆေးလုံး စသည်တို့ကို တွေ့လိုက်ရသည်။ အတိတ်ကဆိုလျှင် ယဲ့ချန်သည် ဤဆေးလုံးများကိုတွေ့လျှင် အလွန်ဝမ်းသာပေလိမ့်မည်။ သို့သော် လက်ရှိတွင် ခရမ်းရွှေနတ်ဆေးများရှိသောကြောင့် ၎င်းတို့အပေါ် လုံးဝစိတ်မဝင်စားပေ။
သိုလှောင်အိတ်များကို လှန်လှောရှာဖွေပြီးနောက် ယဲ့ချန်သည် ထူးဆန်းသော ပစ္စည်းတစ်ခုကို ရှာတွေ့ခဲ့သည်။
"ဒါက ဘာများလဲ"
ယဲ့ချန်က ရေဇလုံတစ်လုံးအရွယ်ရှိ မိုးပြာရောင် ကျောက်တုံးတစ်ခုကို ထုတ်ယူလိုက်သည်။ ၎င်းကို သိုလှောင်အိတ်အတွင်းမှ ထုတ်လိုက်သောအခါ ကီလိုဂရမ်ငါးရာခန့်လေးသောကြောင့် ယဲ့ချန်မှာ အတော်ပင်မယူလိုက်ရ၏။
အမွေးပွလေးနှင့် ရှောင်ရိကလည်း ယဲ့ချန် ထုတ်ယူလိုက်သော ကျောက်တုံးကို စိတ်၀င်တစား ကြည့်နေကြသည်။ ဤကျောက်တုံးက ဘဲဥပုံဖြစ်ကာ အရောင်တစ်မျိုး ခပ်ဖျော့ဖျော့လင်းလက်နေသည်။
"ဒါက သတ္တုရိုင်းတစ်ခုနဲ့ တူတယ်"
ယဲ့ချန်က ကျောက်တုံးကို ဝိညာဥ်အသိစိတ်ဖြင့် စစ်ဆေးလိုက်သည်။ ကျောက်တုံး၏ဖွဲ့စည်းပုံက ချောမွေ့နေသဖြင့် သတ္တုပါဝင်နှုန်းက လျော့နည်းမည်မဟုတ်ပေ။
"ထန်"
ယဲ့ချန်က သတ္တုရိုင်းကို ကျောက်တုံးတစ်ခုအပေါ်တွင် တင်ထားလိုက်၏။ သူက သိုလှောင်အိတ်အတွင်းမှ အဆင့်တစ်ဝိညာဥ်လက်နက် ဓားတစ်ချောင်းကို ထုတ်ယူကာ ခုတ်ချလိုက်သည်။ ထို့နောက် ဓားက သတ္တုရိုင်းနှင့်အတွေ့တွင် ကျိုးပဲ့သွားခဲ့သည်။
သတ္တုရိုင်း၏မျက်နှာပြင်တွင် ခြစ်ရာတစ်ခုပင် မထင်ခဲ့သောကြောင့် ၎င်းက ဝိညာဥ်အဆင့်တစ်လက်နက်ထက် ပို၍မာကျောနေခဲ့သည်။ ဤအရာက ရှားပါးသော ရတနာတစ်ခု ဖြစ်နိုင်သည်။
ယဲ့ချန်သည် သတ္တုရိုင်း၏မာကျောမှုကို စမ်းသပ်ရာတွင် အဖိုးတန်ငရဲဖြိုခွဲဓားကို မသုံးရဲချေ။ ဤဓားသာ သတ္တုရိုင်းကြောင့် ပျက်စီးသွားလျှင် သူက နောင်တရ၍ ဆုံးမည်မဟုတ်ပေ။ ယဲ့ချန်၏လက်ရှိပိုင်ဆိုင်မှုအရ သတ္တုရိုင်းကို စမ်းသပ်ရန် အဆင့်တစ်ဝိညာဥ်လက်နက်ကိုသာ အများဆုံးထုတ်ယူနိုင်သည်။ ဂိုဏ်းကြီးသုံးခုနှင့် လီရှုတို့သာ အဆင့်တစ်ဝိညာဥ်လက်နက်က ဤသို့အလွယ်တကူ ပျက်စီးသွားကြောင်းသိလျှင် အလွန်ရင်နာနေပေလိမ့်မည်။
အမွေးပွလေးနှင့် ရှောင်ရိက သတ္တုရိုင်းကို တောက်ပသော မျက်လုံးများဖြင့် စိုက်ကြည့်နေခဲ့သည်။
"အစ်ကိုကြီး ကျွန်တော် စမ်းကြည့်မယ်"
ရှောင်ရိက စပ်စုလိုစိတ်ဖြင့် ရှေ့တက်လာခဲ့သည်။ သူက အင်္ကျီလက်ကို ပင့်တင်လိုက်သဖြင့် ဝဖိုင့်ဖိုင့်လက်မောင်းလေး ထွက်ပေါ်လာသည်။
"ကောင်းပြီ"
ယဲ့ချန်က ခေါင်းညိတ်၍ အမွေးပွလေးနှင့်အတူ နောက်ဆုတ်ပေးလိုက်သည်။
ရှောင်ရိက သတ္တုရိုင်းကို လက်သီးဖြင့် ထိုးချလိုက်သည်။ ပေါက်ကွဲသံတစ်ခုနှင့်အတူ အောက်ခံကျောက်တုံးသာ ကွဲကြေသွား၍ သတ္တုရိုင်းက ထိခိုက်မှုမရှိချေ။
ယဲ့ချန်သည် ရှောင်ရိ၏ရုပ်ခန္ဓာသန်မာပုံကို ကောင်းကောင်းသိထားသည်။
"တော်တော်မာတယ်"
ရှောင်ရိ၏လက်က အနည်းငယ် ရောင်ကိုင်းသွားခဲ့သည်။
နတ်ဘုရင်အဆင့်တစ်ယောက်၏ ခွန်အားကပင် ဤသတ္တုရိုင်းကို မချိုးဖျက်နိုင်ခဲ့ပေ။
"ဒီသတ္တုရိုင်းရဲ့ အရွယ်အစားအရဆိုရင် လက်နက်သုံးလေးခု ပြုလုပ်နိုင်လောက်တယ်။ ဒါပေမယ့် ဒီကမ္ဘာမှာ ထူးချွန်တဲ့ပန်းပဲဆရာကို ဘယ်သွားရှာကြမလဲ"
ယဲ့ချန်က ရေရွတ်လိုက်ပြီး သတ္တုရိုင်းကို သိမ်းဆည်းသည်။ နောင်တွင် အခွင့်အရေးရှိလျှင် သူက ပန်းပဲဆရာတစ်ယောက်ကို ရှာဖွေရမည်ဖြစ်သည်။ သူက ကိုယ်တိုင်အတွက်နှင့် ရှောင်ရိအတွက် လက်နက်များ ပြုလုပ်ရပေလိမ့်မည်။ အမွေးပွလေးက အသွင်မပြောင်းနိုင်ခင် လက်နက်များ မသုံးနိုင်သော်လည်း သူက အသင့်ပြင်ထားပေးချင်ခဲ့သည်။
ယဲ့ချန်သည် ဤသို့ဆန်းကျယ်သော သတ္တုရိုင်းတစ်ခုကို ရလိုက်သည့်အတွက် စိတ်လှုပ်ရှားနေခဲ့သည်။
ယဲ့ချန်တို့သုံးယောက်က တောင်ကြားအတွင်း ရှေ့ဆက်တိုးလာခဲ့သည်။ သူက ဝိညာဥ်အသိစိတ်ဖြင့် ထောက်လှမ်းလိုက်သောအခါ လေးငါးမိုင်အကွာတွင် အမြှီးသုံးချောင်း မြေခွေးတစ်ကောင်ကို တွေ့လိုက်ရ၏။
"အမွေးပွလေး ငါ နောက်ထပ်မြေခွေးတစ်ကောင် တွေ့တယ်။ နောက်က လိုက်သွားကြမလား"
ယဲ့ချန်က အမွေးပွလေးကို မေးလိုက်သည်။
အမွေးပွလေးက စိတ်လှုပ်ရှားနေပုံပေါ်သည်။
"တစ်ချက်လောက် လိုက်ကြည့်တာပေါ့။ သူတို့က မင်းနဲ့မျိုးနွယ်တူမဟုတ်ရင်တောင် သတင်းတစ်ခုခုတော့ ရမှာပါ။ အသက်ရှင်နေတဲ့ မင်းရဲ့မျိုးနွယ်တူ မြေခွေးတွေကိုလည်း တွေ့နိုင်လောက်တယ်"
ယဲ့ချန်က တွေးတွေးဆဆ ပြောလိုက်သည်။
ယဲ့ချန်၏စကားကို ကြားသောအခါ အမွေးပွလေး၏မျက်လုံးများ လင်းလက်လာကာ ခေါင်းညိတ်လိုက်သည်။
ထို့နောက် ယဲ့ချန်တို့က အမြှီးသုံးချောင်းမြေခွေးနောက်သို့ လိုက်သွားခဲ့သည်။ ရှောင်ရိကလည်း သူတို့နှင့်အတူ ကပ်လျက်လိုက်ပါလာသည်။
ကောင်းကင်က မှောင်မည်းလာသော်လည်း ဝိညာဥ်အသိစိတ်ကြောင့် ယဲ့ချန်အတွက် ပြဿနာမရှိပေ။
မြေခွေးနောက်သို့ လိုက်ပါလာရင်း ယဲ့ချန်တို့က တောင်ကြားအချို့ကို ကျော်ဖြတ်ခဲ့ရသည်။ ခရီးဆက်ပြီး အချိန်တစ်ခုအကြာတွင် တဲအိမ်များနှင့်စိုက်ခင်းများကို တွေ့လာသည်။ ထို့အပြင် မှိတ်တုတ်မှိတ်တုတ် မီးအလင်းရောင်များကိုလည်း မြင်ခဲ့ကြရသည်။
"ဒီနေရာမှာ အိမ်တွေရှိနေပါလား"
ယဲ့ချန်က ဤနေရာတွင် တစ်ညတာတည်းခိုနိုင်ရန် အတွေးဖြစ်ပေါ်လာသည်။
ယဲ့ချန်၏ဝိညာဥ်အသိစိတ်က တောင်ကြားရွာလေးထံ ရောက်သွားသောအခါ ဝိညာဥ်အသိစိတ်များကို အာရုံခံနိုင်ခဲ့သည်။ ထိုနေရာတွင် သားရဲဝိညာဥ်ပေါင်းထောင်ချီ ရှိနေခဲ့သည်။ ၎င်းတို့ကြားတွင် ဆန်းကျယ်အဆင့် သားရဲသုံးကောင်၊ ကောင်းကင်အဆင့် သားရဲရှစ်ကောင်၊ မြေအဆင့်သားရဲ အရေအတွက်တစ်ခုနှင့် ထျန်းချီအဆင့်တစ်ဆယ် သားရဲများစွာ နေထိုင်နေကြသည်။
ဤနေရာက ကောင်းကင်သားရဲများ၏ ကျေးရွာတစ်ခု ဖြစ်သည်။ များပြားလှသော သားရဲများ စုပေါင်းနေထိုင်သည်ကို တွေ့လိုက်ရသဖြင့် ယဲ့ချန်က အလွန်အံ့သြနေခဲ့သည်။
"အမွေးပွလေး ရှေ့မှာ မြေခွေးတွေအုပ်ချုပ်တဲ့ သားရဲရွာတစ်ခု ရှိတယ်။ ငါတို့ တစ်ချက်လောက် သွားကြည့်ကြမလား"
ယဲ့ချန်က အမွေးပွလေး၏သဘောထားကို မေးလိုက်သည်။
အမွေးပွလေးက ခေါင်းညိတ်လိုက်သည်။ သူမ၏မျက်လုံးများက အတွေးတစ်ခုကြောင့် လင်းလက်တောက်ပနေသည်။
အချိန်တစ်ခုအကြာတွင် ယဲ့ချန်၊ ရှောင်ရိနှင့် အမွေးပွလေးက မက်မွန်တောတစ်ခုထံ ရောက်ရှိလာကြသည်။ ရွာလေး၏ပတ်လည်တွင် မက်မွန်သစ်တောများ ထူထပ်စွာပေါက်ရောက်နေကြသည်။ ဤရာသီက မက်မွန်ပန်းပွင့်ချိန်မဟုတ်သော်လည်း သစ်တောအတွင်း၌ မက်မွန်ပန်းများ ပွင့်လန်းနေခဲ့သည်။
ညအချိန်ဖြစ်သောကြောင့် ယဲ့ချန်က ဝိညာဥ်အသိစိတ်ဖြင့် မက်မွန်တော၏ရှုခင်းကို လှပစွာမမြင်ရပေ။ နေ့အချိန်တွင် ဤနေရာက မည်မျှလှပမည်ဖြစ်ကြောင်း သူ တွေးမိလိုက်သည်။ မက်မွန်တောအတွင်း မက်မွန်ပန်းရနံ့များကြားမှ လမ်းလျှောက်ရခြင်းသည် စိတ်ကို အလွန်ကြည်လင်လန်းဆန်းစေသည်။
သို့သော် အချိန်တစ်နာရီအကြာတွင် ယဲ့ချန်က တစ်ခုခုထူးဆန်းနေကြောင်း စတင်သတိဝင်လာသည်။ ရွာက အလွန်နီးကပ်နေသော်လည်း သူတို့က မည်မျှလမ်းလျှောက်ပါစေ မရောက်နိုင်ဟု ထင်မှတ်နေရသည်။ သူတို့က တစ်နာရီတိုင်တိုင် မရပ်မနားရှေ့ဆက်နေသော်လည်း မက်မွန်တောအတွင်းမှ မထွက်နိုင်ခဲ့ပေ။ မက်မွန်ပင်များသည် ပုံရိပ်ယောင်အစီအရင်တစ်ခုဖြစ်ကြောင်း ယဲ့ချန်က သိရှိသွားခဲ့သည်။
"အမွေးပွလေး မြေခွေးမျိုးနွယ်တွေက ပုံရိပ်ယောင်အစီအရင် ခင်းကျင်းတတ်တာလား"
ယဲ့ချန်က မေးလိုက်သည်။ အမွေးပွလေးက ခေါင်းညိတ်၍ သားရဲဘာသာစကားဖြင့် ဖြေလိုက်သည်။
"အမအမွေးပွလေးက မြေခွေးမျိုးနွယ်မှာ မျိုးရိုးစဥ်ဆက်လက်ဆင့်ကမ်းလာတဲ့ ပုံရိပ်ယောင်အစီအရင်တွေရှိတယ်လို့ ပြောတယ်။ ဒါပေမယ့် ဆန်းကျယ်အဆင့်နဲ့အထက် မြေခွေးတွေသာ ခင်းကျင်းနိုင်တယ်။ လင်းယွန်တောင်တန်းက မြေခွေးမျိုးနွယ်မှာ အစွမ်းအထက်ဆုံးက ကောင်းကင်အဆင့်ဖြစ်လို့ အစီအရင်တွေ မခင်းကျင်းနိုင်တော့ဘူး"
ရှောင်ရိက အမွေးပွလေး၏စကားကို ဘာသာပြန်ပေးလိုက်သည်။
ယဲ့ချန်က ခေါင်းညိတ်လိုက်သည်။ မြစိမ်းတိမ်တောင်တန်းမှ မြေခွေးမျိုးနွယ်သည် ကြီးမားသော မျိုးနွယ်ခွဲတစ်ခုဖြစ်သည်။ သူတို့တွင် ဆန်းကျယ်အဆင့်သုံးယောက်အထိ ရှိသောကြောင့် အမွေးပွလေး၏မျိုးနွယ်ခွဲထက် ပိုမိုသန်မာနေခဲ့သည်။
ထိုအချိန်တွင် ယဲ့ချန်သည် ကောင်းကင်အဆင့်ဖြစ်တည်မှုတစ်ခုက သူတို့ထံ ဦးတည်လာနေကြောင်း သိလိုက်ရသည်။
မြေခွေးများက ပုံရိပ်ယောင်အစီအရင်အတွင်း ကျူးကျော်သူရောက်လာကြောင်း သိရှိနေကြသည်။
ယဲ့ချန်က နေရာတွင်ရပ်၍ ကောင်းကင်အဆင့်သားရဲကို တိတ်တဆိတ်စောင့်ဆိုင်းနေလိုက်သည်။ ခွန်အားချင်းယှဥ်လျှင် ယဲ့ချန်သည် ဆန်းကျယ်အဆင့်သားရဲတစ်ကောင်ကို မယှဥ်နိုင်ပေ။ သူ့ကိုယ်သူ နတ်ဘုရင်တစ်ယောက်အဖြစ် ဟန်ဆောင်ရမည်ဖြစ်သော်လည်း ပေါ်သွားလျှင် ပြဿနာအကြီးအကျယ် တက်နိုင်ပေသည်။
"အမွေးပွလေး ရှောင်ရိ မြေခွေးတွေက တစ်ယောက်ယောက်ကို စေလွှတ်လိုက်တယ်။ သူတို့ဘာပြောမလဲ ကြည့်ကြတာပေါ့"
ယဲ့ချန်က စိတ်ရှည်စွာဖြင့် စောင့်ဆိုင်းနေလိုက်သည်။
ထိုအချိန်တွင် အဘွားအိုတစ်ယောက်က လက်ကိုင်တုတ်တစ်ချောင်းကို အားပြု၍ မက်မွန်တောအတွင်း ဝင်ရောက်လာသည်။ သူမက တုန်ချိချိဖြင့် လျှောက်လာနေသည်။ သာမန်လူတစ်ယောက်သာ သူမကိုမြင်လျှင် အဘွားအိုက လမ်းပင်လျှောက်နိုင်မည်မဟုတ်ဟု ထင်မြင်ပေလိမ့်မည်။ သို့သော် ယဲ့ချန်က ဝိညာဥ်အသိစိတ်ဖြင့် ဤအဘွားအိုမှာ ကောင်းကင်အဆင့် သားရဲတစ်ကောင်ဖြစ်ကြောင်း သိနေခဲ့သည်။
"မင်းတို့က ဧည့်သည်တွေဖြစ်ရမယ်။ ငါနဲ့အတူ ခေါင်းဆောင်ကိုတွေ့ဖို့ လိုက်လာပါ"
အဘွားအိုက ယဲ့ချန်ရှေ့သို့အရောက်တွင် တောင်ဝှေးကိုအားပြု၍ ရပ်လိုက်သည်။ သူမက အမွေးပွလေးကိုမြင်သောအခါ အံ့သြသွားပုံပေါ်သည်။ သူမက ချောင်းတစ်ချက်ဟန့်၍ ယဲ့ချန်တို့ကို ဖိတ်ခေါ်လိုက်၏။
အဘွားအိုက ယဲ့ချန်တို့ကို ဦးဆောင်၍ မက်မွန်တောအတွင်း ဦးဆောင်ဝင်ရောက်သွားခဲ့သည်။ သူမက အမွေးပွလေး၏မျက်နှာကြောင့် အလွန်ယဥ်ကျေးနေပုံပေါ်သည်။
"အဘွားက အသက်ဘယ်လောက်ရှိပြီလဲ"
ယဲ့ချန်က ခဏတာစဥ်းစား၍ စကားပြောရန် ခေါင်းစဥ်တစ်ခု ရှာဖွေလိုက်သည်။ သူက ဤနေရာအကြောင်းကို အနည်းငယ်တီးခေါက်လိုခဲ့သည်။
အဘွားအိုအဖြစ် အသွင်ပြောင်းထားသော မြေခွေးသည်လည်း ယဲ့ချန်ကို အံ့သြနေခဲ့သည်။ သူမ၏ဝိညာဥ်အသိစိတ်က ယဲ့ချန်၏ခွန်အားကို မခန့်မှန်းနိုင်ဘဲ ကြောက်မက်ဖွယ်အရှိန်အဝါတစ်ခုကိုသာ ရနေခဲ့သည်။
အမွေးပွလေးက အမြှီးခြောက်ခုရှိပြီး ယဲ့ချန်နှင့်နီးစပ်ပုံပေါ်သောကြောင့် အဘွားအိုက ယဲ့ချန်အား ရန်လိုခြင်းမရှိပေ။ ထို့ကြောင့် သူမက ရွာသို့ခေါ်သွားခြင်း ဖြစ်နိုင်ပေသည်။ ရွာတွင် ဆန်းကျယ်အဆင့်သားရဲ အကြီးအကဲသုံးယောက်ရှိသောကြောင့် ယဲ့ချန်က ပြဿနာရှာလျှင် ထိန်းချုပ်နိုင်ပေလိမ့်မည်။ အကယ်၍ ယဲ့ချန်က နတ်ဘုရင်တစ်ယောက်သာဆိုလျှင် ပုံရိပ်ယောင်အစီအရင်အတွင်း တဝဲလည်လည်ဖြစ်နေမည် မဟုတ်ပေ။
"ငါက အသက်ခြောက်ရာလောက်ရှိပါပြီ"
အဘွားအိုက တစ်လုံးချင်း ဖြေလိုက်သည်။ ယဲ့ချန်နှင့်ရှောင်ရိကို သူမက အာရုံမခံနိုင်သော်လည်း သာမန်လူများမဟုတ်ဟု ထင်မြင်နေခဲ့သည်။
"သာမန်လူတွေက ပုံရိပ်ယောင်အစီအရင်ထဲ ရောက်လာရင် ဘယ်လိုကိုင်တွယ်ကြသလဲ"
ယဲ့ချန်က စပ်စုလိုက်သည်။
"သူတို့ကို မောင်းထုတ်လိုက်တာပါပဲ"
အဘွားအိုက တောင်ဝှေးဖြင့် လမ်းလျှောက်နေသော်လည်း တောင်တက်ရာတွင် ကြမ်းပြင်၌ လမ်းလျှောက်သကဲ့သို့ အခက်အခဲမရှိပေ။
ယဲ့ချန်၏အတွေးတွင် ဤမြေခွေးများက လူသားများအပေါ် ရန်လိုခြင်းမရှိဟု သတ်မှတ်လိုက်သည်။ သူက အဘွားအိုကို မေးခွန်းများစွာမေးနေသော်လည်း မျိုးနွယ်နှင့် သက်ဆိုင်လာလျှင် သူမက လုံးဝမဖြေပေ။
"မင်းရဲ့နာမည်က ဘယ်လိုခေါ်လဲ"
အဘွားအိုက ယဲ့ချန်၏ပခုံးပေါ်ရှိ အမွေးပွလေးကို စိုက်ကြည့်၍ မေးလိုက်သည်။
အမွေးပွလေးကမူ သူမကို သဘောကျပုံမပေါ်ပေ။ ထို့ကြောင့် ခေါင်းယမ်း၍ မေးခွန်းကိုမဖြေခဲ့ပေ။
အမွေးပွလေး၏ အပြုအမူကြောင့် ယဲ့ချန် စိတ်ရှုပ်သွားရသည်။ ဤအဘွားအိုက ကြင်နာပုံပေါ်သော်လည်း သူမက အဘယ်ကြောင့် လျစ်လျူရှုနေရပါသနည်း။
"အမွေးပွလေးလို့ ခေါ်တယ်"
ယဲ့ချန်က ကိုယ်စားဝင်ဖြေပေးလိုက်သည်။
"သူမရဲ့မျိုးနွယ်ခွဲကရော"
အဘွားအိုက ဆက်မေးသည်။
"အမွေးပွလေးရဲ့အိမ်က လင်းယွန်တောင်တန်းပါ"
ယဲ့ချန်က ဖြေလိုက်သည်။ အမွေးပွလေး၏ လက်ရှိအခြေအနေက ထူးဆန်းနေသဖြင့် အလွန်မေးခွန်းထုတ်ချင်စရာ ကောင်းနေခဲ့သည်။
အဘွားအိုက ထိုစကားကို ကြားသောအခါ မျက်လုံးများ အနည်းငယ်ပြူးကျယ်လာ၍ တိတ်ဆိတ်သွားခဲ့သည်။
ယဲ့ချန်သည် အဘွားအိုက လင်းယွန်တောင်တန်းဟု ကြားသောအခါ ချက်ချင်းတိတ်ဆိတ်သွားသည်ကို သတိပြုမိလိုက်သည်။ လင်းယွန်တောင်တန်း၏ မြေခွေးမျိုးနွယ်နှင့် မြစိမ်းတိမ်တောင်တန်း၏ မြေခွေးမျိုးနွယ်ကြားတွင် အတိတ်၌ တစ်စုံတစ်ခု ဖြစ်ပျက်ခဲ့ပုံပေါ်လေသည်။