← Chapters

မြစိမ်းတိမ်တောင်တန်း၏ မြေခွေးမျိုးနွယ်

Vol. 14 Ch. 198

မြစိမ်းတိမ်တောင်တန်း၏ မြေခွေးမျိုးနွယ်

Vol. 14 Ch. 198

အဘွားအို၏ဦးဆောင်မှုဖြင့် ယဲ့ချန်တို့သုံးယောက်က ရွာအတွင်း ဝင်ရောက်လာကြသည်။ ကျေးရွာလေးက တည်ငြိမ်အေးချမ်းပြီး လရောင်ခပ်ဖျော့ဖျော့က ထုံးကျောက်များခင်းထားသော လမ်းလေးပေါ်သို့ ဖြာကျနေခဲ့သည်။ အဘွားအို၏ခြေလှမ်းများက ရှေးဟောင်းခန်းမတစ်ခုထံ ဦးတည်နေခဲ့သည်။

"မင်းတို့ကို ခေါင်းဆောင်ဆီ ခေါ်သွားမယ်"

အဘွားအိုက တစ်လုံးချင်း ပြောလိုက်သည်။

ယဲ့ချန်တို့ရောက်ရှိလာမှုသည် ရွာလေးကို လှုပ်လှုပ်ခတ်ခတ် ဖြစ်သွား​​စေသည်။ တဲအိမ်များ၏ပြတင်းပေါက်များတွင် မြေခွေးများ တစ်ကောင်ပြီးတစ်ကောင် ထွက်ပေါ်လာကြသည်။ သူတို့က လူသားများကဲ့သို့ ခြေနှစ်ချောင်းဖြင့် မတ်တပ်ရပ်၍ အမြှီးများကို ယမ်းခါနေကြသည်။ သူတို့၏တောက်ပသော မျက်လုံးများက ယဲ့ချန်တို့ကို စိုက်ကြည်နေခဲ့သည်။ အမွေးပွလေးကို မျိုးနွယ်တူများ၏မျက်လုံးများက အများဆုံးကြည့်ရှုနေကြသည်။

"ကွိ ကွီ ကွီ"

မြေခွေးများက သားရဲဘာသားစကားဖြင့် တီးတိုးပြောဆိုနေကြသည်။

၎င်းတို့အကြားတွင် လူအသွင်ပြောင်းထားသော မြေခွေးများလည်း ရှိနေသည်။ သူတို့က တံခါးအပြင်သို့ထွက်လာ၍ ယောကျ်ား မိန်းမအစုံနှင့် အသက်အရွယ်မျိုးစုံဖြစ်သည်။ အသက်ကြီးသူများမှလွဲလျှင် အသွင်ပြောင်းမြေခွေးများက အလွန်ချောမောလှပကြသည်။ ယောကျ်ားများက ချောမောလွန်းပြီး များပြားလှသော မိန်းမများကို ဆွဲဆောင်နိုင်မည်မှာ သေချာပေသည်။ ယဲ့ချန်ပင်လျှင် သူတို့နှင့်ယှဥ်ပါက ရုပ်ရည်က အနည်းငယ်နိမ့်ကျသည်ဟု ခံစားလိုက်ရသည်။

မြေခွေးမများကလည်း နတ်မိမယ်များပမာ အလွန်လှပကြသည်။ သူတို့၏မျက်နှာများက ကျက်သရေရှိ၍ ဆွဲဆောင်မှုလည်းပြင်းသည်။ အသားအရေများက နူးညံ့ချောမွတ်၍ သန့်စင်လှသည်။ အများစုက ပိုးစတစ်ခုတည်းဖြင့် အရှက်လုံရုံသာ ဖုံးကွယ်ထားသောကြောင့် ကောက်ကြောင်းများ ဆွဲဆောင်မှုရှိစွာ ထွက်ပေါ်နေကြသည်။ သူတို့က ယဲ့ချန်၏အကြည့်ကို ဂရုမစိုက်ဟန်ဖြင့် အချင်းချင်းတီးတိုးပြောဆိုကာ စပ်စုနေကြသည်။

ယဲ့ချန်သည် မြေခွေးမျိုးနွယ်၏မိန်းကလေးများမှာ အလွန်လှပသည်ဟု ဝန်ခံရပေလိမ့်မည်။ သူတို့က ကောင်းကင်မှဆင်းသက်လာသော နတ်သမီးများသဖွယ် ​ယောကျ်ားတိုင်း၏နှလုံးသားကို ဆွဲဆောင်နိုင်မည်မှာ သေချာသည်။ ဤမျက်နှာလေးများက ယောကျ်ားတိုင်းကို နေရာမှခုန်ထွက်လာစေရန် စွမ်းဆောင်နိုင်စွမ်းရှိသည်။ သူမတို့၏ မမြင်အပ်သောနေရာများက ပါးလွှာသော ပိုးသားအောက်မှ ထွက်ပေါ်နေသဖြင့် ယဲ့ချန်ပင်လျှင် ရှက်နေရသည်။

"ရှောင်ရိ သူတို့က ဘာပြောနေကြတာလဲ"

ယဲ့ချန်က မေးလိုက်သည်။ သူက သားရဲဘာသာစကားကို နားမလည်သည့်အပြင် မြေခွေးများက အလွန်လျင်မြန်စွာ ပြောဆိုနေကြသည်။

ယဲ့ချန်၏စကားကို ကြားသောအခါ လမ်းပြခေါ်ဆောင်လာသည့် အဘွားအိုက အံ့သြသွားခဲ့သည်။

"အချို့ပြောတာက အမအမွေးပွလေးက နတ်သမီးလေးအတိုင်းပဲ တကယ့်ကိုလှတယ်တဲ့။ သူမက ဒီနေရာမှာရှိသမျှ မြေခွေးမတိုင်းထက် ပိုလှတယ်။ ပြီးတော့ အမက ငယ်သေးတဲ့အပြင် အမြှီးခြောက်ခုတောင်ရှိနေလို့မို့ ပါရမီလည်း သေချာပေါက်မြင့်လိမ့်မယ်"

ရှောင်ရိက ဘာသာပြန်လိုက်သည်။

ယဲ့ချန်၏အမြင်တွင် ဤမြေခွေးမများက လူသားမိန်းကလေးများထက် အလွန်လှပသည်။ သို့သော် စကားများအရ အမွေးပွလေးက ပိုမိုလှပကြောင်း သိလိုက်ရသည်။ သူက ပခုံးပေါ်ရှိအမွေးပွလေးကို စိုက်ကြည့်လိုက်၏။ သူမက ကျောက်စိမ်းဖြူတုံးလေးကဲ့သို့ တောက်ပနေပြီး ပြစ်မျိုးမှဲ့မထင်ပေ။

ယဲ့ချန်သည် ကောင်းကင်အဆင့်နှင့် မြေအဆင့်မြေခွေးများ၌ပင် အမြှီးငါးချောင်းအထိသာရှိကြောင်း သတိပြုမိလိုက်သည်။ ကြည့်ရသည်မှာ မြေခွေးများအတွက် အမြီးက ကျင့်ကြံဆင့်နှင့်မသက်ဆိုင်ဘဲ အဓိပ္ပါယ်တစ်မျိုးမျိုး ရှိနေပုံပေါ်သည်။

လူအသွင်မြေခွေးများနှင့် ခြေနှစ်ချောင်းထောက် မတ်တပ်ရပ်ထားသော မြေခွေးများ ဝိုင်းကြည့်ခံနေရသဖြင့် ယဲ့ချန်က မသက်မသာခံစားနေရသည်။ ထို့နောက် သူတို့က ရှေးဟောင်းခန်းမထံ ဖြည်းညှင်းစွာ ချဥ်းကပ်လာကြသည်။ ယဲ့ချန်သည် ထိုခန်းမအတွင်းမှ ဆန်းကျယ်အဆင့် သားရဲသုံးကောင်၏အရှိန်အဝါကို အာရုံခံမိလိုက်သည်။

"သခင်လေးက လူသားတစ်ယောက်လား"

လမ်းပြအဘွားအိုက မေးလိုက်ခြင်းဖြစ်သည်။

"ဟုတ်တယ်"

ယဲ့ချန်က အမှန်အတိုင်းဖြေလိုက်သည်။ သူက လူသားတစ်ယောက်ဖြစ်သော်လည်း ဝိညာဥ်အသိစိတ်ကို ပိုင်ဆိုင်ထားသည်။ အမွေးပွလေးက ဤမြေခွေးမျိုးနွယ်အပေါ် ဒေါသထွက်နေ၍ ဖော်ရွေပုံမပေါ်သောကြောင့် သူ့အနေဖြင့် သန်မာနေရမည်ဟု တွေးထားခဲ့သည်။

"အိုး ဒီလိုဆိုရင် သခင်လေးက ဒီရွာကို နှစ်ထောင်ချီအတွင်းဝင်ဖူးတဲ့ ပထမဆုံးလူသား ဖြစ်သွားပြီ"

အဘွားအိုက ခေါင်းတဆတ်ဆတ်ညိတ်၍ ပြောလိုက်သည်။

"ဒီအဘွားကြီး ဘာကိုပြောချင်တာလဲ။ ဒီရွာထဲရောက်ဖူးသမျှ လူတိုင်း သေသွားကြတာလား"

ယဲ့ချန်က စိတ်ထဲ၌သာ တွေးထားလိုက်ပြီး ရှေးဟောင်းခန်းမအတွင်း လှမ်းဝင်လိုက်သည်။ သူ၏နောက်တွင် ရှောင်ရိက စပ်စုလိုသော မျက်လုံးလေးများဖြင့် လိုက်ပါလာခဲ့သည်။

မနီးမဝေးတွင် အမြှီးငါးချောင်းပါသော မြေခွေးတစ်ကောင်က အမွေးပွလေးကို စိုက်ကြည့်နေခဲ့သည်။

ရှောင်ရိက ၎င်းက အထီးဖြစ်ကြောင်း သိလိုက်ရသောအခါ ဒေါသထွက်သွားခဲ့သည်။ အမအမွေးပွလေးသည် အစ်ကိုကြီးယဲ့ချန်နှင့်သာ ထိုက်တန်သည်ဟု သူက သတ်မှတ်ထားသည်။ ထို့ကြောင့် သူက မြွေနဂါးလျှာကြီးကိုထုတ်၍ မြေခွေးကို ခြောက်လှန့်လိုက်သည်။

မြေခွေးထီးမှာ ရုတ်တရက်ကြောက်လန့်သွားသဖြင့် တကိုယ်လုံးရှိအမွေးများ ထောင်ထသွားခဲ့သည်။ ၎င်းက ကြောက်လန့်တကြား ထွက်ပြေးလိုက်ပြီး နံရံတစ်ခုကို ဘန်းခနဲ ဝင်တိုက်မိသွားသည်။ ထို့နောက် ဘုန်းခနဲမြည်သံနှင့်အတူ ကြယ်လများမြင်နေသော မြေခွေးထီးက မြေပြင်ပေါ်သို့ ပြုတ်ကျသွားခဲ့လေသည်။

"ရှောင်ရိ ဘာဖြစ်တာလဲ"

ယဲ့ချန်က ထိုအသံကြောင့် နောက်လှည့်မေးလိုက်သည်။

"အစ်ကိုကြီး မြေခွေးတစ်ကောင်က နံရံပေါ်မှာ လမ်းလျှောက်နေရင်း မတော်တဆပြုတ်ကျသွားတာပါ"

ရှောင်ရိက သူ၏ပြည့်ဖောင်းသော မျက်နှာလေးဖြင့် အပြစ်ကင်းစင်ဟန် ပြုံးပြကာ ဖြေလို​က်သည်။

ယဲ့ချန်က ဆန်းကျယ်အဆင့် မြေခွေးသုံးကောင်ထံ အာရုံရောက်နေသဖြင့် ဤကိစ္စကို ဂရုမစိုက်တော့ပေ။

အမွေးပွလေးက ရှောင်ရိထံ ပျော်ရွှင်စွာကြည့်လိုက်သည်။ ရှောင်ရိက သူ၏လုပ်ရပ်ကို ဂုဏ်ယူဟန်ဖြင့် ခေါင်းကို ပွတ်သပ်နေခဲ့သည်။

ရှေးဟောင်းခန်းမအတွင်း၌ လှေကားသုံးထစ်အထက်တွင် ဗိမာန်တစ်ခု ရှိနေခဲ့သည်။ ဆံပင်ဖြူနှင့်အဘွားအိုသုံးယောက်က ထိုနေရာတွင်ထိုင်နေပြီး ဘုံကျောင်းများတွင် ယဲ့ချန်မြင်ဖူးသော သန့်စင်မယ်တော်သုံး​ယောက်နှင့် တူညီနေသည်။ ဗိမာန်၏ရှေ့တွင် အသားနှင့်သစ်သီးများ ခင်းကျင်းထားသော စားပွဲတစ်ခုလည်း တင်မြှောက်ပသထားသည်။

အဘွားအိုသုံးယောက်က ကွဲပြားစွာ ဝတ်ဆင်ထားကြသည်။ ဘယ်ဘက်မှတစ်ယောက်သည် လက်ထပ်ခါနီး သတို့သမီးတစ်ယောက်ကဲ့သို့ အနီရောင်ဝတ်ရုံရှည်ကို ဝတ်ဆင်ထားသည်။ သူမ၏ရှုံ့မဲ့နေသောမျက်နှာဖြင့် ဤဝတ်စုံက လုံးဝလိုက်ဖက်ခြင်းမရှိပေ။ အလယ်မှတစ်ယောက်က အညိုရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး ချိုင်းထောက်တစ်ခုကို ညာလက်ဖြင့်ကိုင်ထားသည်။ သူမ၏မျက်နှာက သုန်မှုန်နေကာ စုန်းမအိုကြီးတစ်ယောက်ပမာ ထင်မှတ်ရသည်။ ညာဘက်မှတစ်ယောက်သည်သာလျှင် ပုံမှန်ဝတ်ဆင်ထားပြီး ကျေးလက်မှ အဘွားအိုတစ်ယောက်နှင့် တူညီလေသည်။

အဘွားအိုသုံးယောက်က မြေခွေးများဖြစ်သော်လည်း ကိုးကွယ်ခံနတ်သမီးများကဲ့သို့ ဟန်ထုတ်နေကြသဖြင့် ယဲ့ချန်မှာ စိတ်ထဲတွင် ရယ်ချင်နေခဲ့သည်။

ယဲ့ချန်တို့သုံးယောက်က ရှေးဟောင်းခန်းမအတွင်း ရောက်လာသောအခါ အဘွားအိုသုံးယောက်၏မျက်လုံးများ ပွင့်လာကြသည်။

ညာဘက်မှ အဘွားအိုသည် ယဲ့ချန်၏ပခုံးပေါ်ရှိ အမွေးပွလေးကို မြင်သောအခါ မျက်လုံး၌ မျက်ရည်များ ဝေ့သီလာသည်။ ကျန်အဘွားအိုနှစ်ယောက်၏ မျက်နှာထားများက သူမနှင့် အလွန်တရာကွာခြားနေခဲ့သည်။

ယဲ့ချန်သည် ဤအဘွားအိုက အမွေးပွလေးကို သိနေနိုင်သည်ဟု တွေးထင်လိုက်သည်။ သူက အဘွားအို၏မျက်လုံးထဲမှ မျက်ရည်များကို ချက်ချင်းသတိပြုမိလိုက်၏။

"ဒီအဘွားကြီးက အမအမွေးပွလေးရဲ့ ဘွားလေးပါ"

(ဘွားလေး = အဘွား၏ညီအစ်မ)

ရှောင်ရိက ပြောလိုက်သည်။

ယဲ့ချန်သည် ဤနေရာတွင် အမွေးပွလေး၏ဆွေမျိုးကို တွေ့ရမည်ဟု ထင်မထားပေ။ သို့သော် မျိုးဆက်ကွာခြားချက်က ဤမျှကြီးမားနေမည်ဟု ထင်မထားပေ။

အဘွားအိုက ထိုင်နေရာမှ တုန်ယင်စွာဖြင့်ဆင်းလာပြီး အပြစ်ရှိသောမျက်နှာဖြင့် အမွေးပွလေးကို ကြည့်နေခဲ့သည်။

အမွေးပွလေးကမူ ဘွားလေးကို ဂရုမစိုက်ဟန်ဖြင့် ယဲ့ချန်၏ပခုံးပေါ်တွင် ထိုင်နေခဲ့သည်။ သူမ၏အပြုအမူကြောင့် ဘွားလေးက စိတ်ပျက်သွားပုံပေါ်သည်။

"သခင်လေးက နင်အာကို စောင့်ရှောက်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ နင်အာရဲ့မိဘတွေနဲ့ အကြီးအကဲတွေအစား ငါက ကျေးဇူးစကားပြောလိုက်ပါတယ်"

အဘွားအိုက ယဲ့ချန်ကို ကျေးဇူးတင်စကား ပြောလိုက်သည်။

"နင်အာ"

ယဲ့ချန်က အမွေးပွလေး၏နာမည်ကို အမှတ်မထင်သိလိုက်ရသည်။ သို့သော် အမွေးပွလေးဟူသော နာမည်ကို သူက ပို၍နှစ်သက်ပေသည်။

"အကြီးအကဲက အားနာလွန်းနေပါပြီ"

ယဲ့ချန်က အဘွားအိုကို တုံ့ပြန်စကားဆိုလိုက်သည်။

"နင်အာရဲ့ငယ်ဘဝက ခက်ခဲခဲ့ပါတယ်။ မိဘတွေနဲ့မျိုးနွယ်က ဝံပုလွေတွေကြောင့် နှစ်ဝက်အကြာက အသတ်ခံခဲ့ရတယ်။ အဲ့အချိန်က နင်အာရဲ့မိဘတွေ အကူအညီတောင်းပေမယ့် ငါတို့က မကူညီနိုင်ခဲ့ဘူး။ နင်အာက ငါ့ကိုမုန်းနေမှာ သေချာတယ်"

အဘွားအိုက ယဲ့ချန်ကိုရှင်းပြရင်း ဒေါသထွက်နေသော နင်အာကို တောင်းပန်လိုဟန်ဖြင့် ကြည့်လိုက်သည်။

အဘွားအို၏စကားသံက ကြင်နာချိုသာသောကြောင့် ယဲ့ချန်က သူမအပေါ် အမြင်ကောင်းကောင်းရှိလိုက်သည်။ လင်းယွန်တောင်တန်းရှိ မြေခွေးမျိုးနွယ် သတ်ဖြတ်ခံလိုက်ရချိန်တွင် သူမတွင်လည်း ကိုယ်ပိုင်အခက်အခဲများ ရှိနေနိုင်သည်ဟု ယဲ့ချန်က တွေးမိလိုက်သည်။

"အဲ့အချိန်က မကူညီဖို့ အမိန့်ပေးလိုက်တာ ငါပဲ"

အလယ်မှစုန်းမနှင့်တူသော အဘွားအိုက ချိုင်းထောက်ဖြင့် ဆင်းလာကာ အေးစက်စက်ပြောလိုက်သည်။

"သခင်လေး ဒါက မြစိမ်းတိမ်တောင်တန်း မြေခွေးမျိုးနွယ်ရဲ့ခေါင်းဆောင်ပါ"

အမွေးပွလေး၏ဘွားလေးက နောက်သို့ရုတ်သွားပြီး ယဲ့ချန်ကို မိတ်ဆက်ပေးလိုက်သည်။

စုန်းမကြီး၏မျက်နှာက သစ်ခြောက်ပင်၏အခေါက်ကဲ့သို့ ရှုံ့တွနေသည်။ သို့သော် သူမ၏မျက်လုံးများက တောက်ပစွာဖြင့် ယဲ့ချန်၏ခန္ဓာကိုယ်ကို အထက်အောက်အစုံအဆန် စစ်ဆေးနေခဲ့သည်။

ဤအကြည့်ကြောင့် ယဲ့ချန်က ဒေါသထွက်စပြုလာသည်။ သူ၏မျက်နှာထက်တွင် အေးစက်စက်လှောင်ပြုံးတစ်ခု ဖြစ်တည်လာ၏။ သူက ဤမျှမောက်မာသော ကောင်းကင်သားရဲတစ်ကောင်ကို မမြင်ဖူးပေ။ သူက ဝိညာဥ်စစ်သည်တော်ကြောင့် နတ်ဘုရင်အတုသာ ဖြစ်သော်လည်း ဤသားရဲများကို ကောင်းကောင်းကြီး ဟန့်တားနိုင်ပေသည်။

"မြစိမ်းတိမ်မြေခွေးမျိုးနွယ်က လင်းယွန်မြေခွေးမျိုးနွယ်ကို ကူညီရင် ဝံပုလွေတိုင်းပြည်ကို မကျေမနပ်ဖြစ်စေလိမ့်မယ်။ ဒါကြောင့် ငါက မကူညီဖို့ ဆုံးဖြတ်လိုက်တာ ဖြစ်တယ်"

စုန်းမအိုကြီး၏အသံက စူးရှစွာဖြင့် ခပ်အက်အက်ထွက်ပေါ်လာခဲ့သည်။ ချိုင်းထောက်ကို ကိုင်ထားသော သူမ၏လက်က အရေတွန့်နေပြီး ရွံရှာဖွယ်ပင်။

မူလတွင် ယဲ့ချန်သည် မြစိမ်းတိမ်မြေခွေးမျိုးနွယ် မကူညီရသည့်အကြောင်းအရင်းကို အခက်အခဲတစ်ခုကြောင့်ဟု ထင်မှတ်ထားသည်။ ဥပမာအားဖြင့် ဤမျိုးနွယ်သည်လည်း တစ်ချိန်တည်း တိုက်ခိုက်ခံနေရခြင်းမျိုးဖြစ်သည်။ သို့သော် သူတို့က တစ်ကိုယ်ကောင်းဆန်စွာဖြင့် မျိုးနွယ်တူချင်း သတ်ဖြတ်ခံရသည်ကို လက်ပိုက်ကြည့်နေနိုင်ခဲ့သည်။ အမွေးပွလေးက ဤမျိုးနွယ်အပေါ် အလွန်အေးစက်သော သဘောထားရှိသည်မှာ အဆန်းမဟုတ်တော့ပေ။

"သေရမှာကြောက်လို့ မျိုးနွယ်တူချင်း မကူညီခဲ့တာကိုတောင် သူတော်ကောင်းလိုလို လာလုပ်နေတယ်"

ယဲ့ချန်၏မျက်နှာပေါ်ရှိ အပြုံးက ချက်ချင်းပျောက်ကွယ်သွားခဲ့သည်။ သူ၏စကားသံက အလွန်တရာ အေးစက်တင်းမာနေခဲ့၏။

ယဲ့ချန်၏စကားကို ကြားသောအခါ အမွေးပွလေးက တုန်ယင်သွားခဲ့သည်။ သူမ၏မျက်လုံးများတွင် ဒေါသနှင့်ဝမ်းနည်းစိတ်က ယှဥ်တွဲထွက်ပေါ်လာသည်။

"မောက်မာလှချည်လား"

စုန်းမအိုကြီးက ဒေါသတကြီး ဖြစ်သွားခဲ့သည်။

"သခင်လေး ခေါင်းဆောင်ကို မြန်မြန်တောင်းပန်လိုက်ပါ"

အမွေးပွလေး၏ဘွားလေးက စိုးရိမ်တကြီး သတိပေးလိုက်သည်။

"ဟီး ဟီး ဟီး"

​ခြောက်ကပ်စူးရှသော ရယ်သံတစ်ခု ထူးဆန်းစွာ ထွက်ပေါ်လာ၏။

"ဒီကောင်လေးက ဒီလိုပြောရဲတယ်ဆိုတော့ တော်တော်သတ္တိရှိနေတာပဲ"

သတို့သမီးဝတ်စုံနှင့် ဘယ်ဘက်မှအဘွားအိုကလည်း ဆင်းလာခဲ့သည်။ သူမက ခါးကို ဘယ်ညာယမ်းခါ၍ လျှောက်လှမ်းလာသည်။ သို့သော် သူမ၏မျက်နှာနှင့် ဤအပြုအမူက မလိုက်မဖက်ဖြစ်သောကြောင့် မြင်ရသူတိုင်း အန်ချမိပေလိမ့်မည်။

မြစိမ်းတိမ်မြေခွေးမျိုးနွယ်တွင် မူမမှန်သော သားရဲများရှိနေသည်ဟု ယဲ့ချန်က ကောက်ချက်ချလိုက်လေသည်။

(ဘာသာပြန်သူ၏မှတ်ချက် - သန့်စင်မယ်တော်သုံးယောက်သည် တာအိုဗိမာန်များရှိ နတ်သမီးသုံးပါးဖြစ်သည်။ ရှေးဦးမူလအစ၏ အရှင်သခင်မ၊ နာမ်ရတနာ၏ အရှင်သခင်မနှင့် အမှန်တရားလမ်းစဥ်၏ အရှင်သခင်မဟူ၍ ဖြစ်သည်)

All Chapters