ကျားကစားပွဲတစ်ခု
Vol. 84 Ch. 1160
ကျန်းရီနှင့် ထန်မျိုးနွယ်တို့၏ ဆက်ဆံရေးက ကောင်းမွန်သည်။ သို့သော် ထိုသို့ကောင်းမွန်ရခြင်းမှာ ထန်ရှန့်နှင့် ထန်မင်တို့ကြောင့် ဖြစ်သည်။ ယခင်တွင် ထန်မင်က ကျန်းရီအကြောင်းကို သိခဲ့သော်လည်း ကျန်းရီ လုံခြုံခဲ့သည်။ မြောက်ဘက်ဧကရာဇ်က သူ့ကို လာမရှာခဲ့ပေ။ ယင်းမှာ ထန်မင်ကို ယုံကြည်၍ရသည်ဟူသော အဓိပ္ပာယ်ပင်။ ထန်မင်သာ မယုံကြည်ရသူတစ်ယောက်ဆိုလျှင် ယခင်ကတည်းက ကျန်းရီအကြောင်းကို ဖော်လိုက်မည် ဖြစ်သည်။
ထန်မင်နှင့် ထန်ရှန့်တို့ နှစ်ယောက်စလုံးက အထွတ်အထိပ်အဆင့် ကောင်းကင်ဧကရာဇ်များ ဖြစ်ကြသည်။ သူတို့က ကျန်းရီအတွက် မှုစရာမရှိပေ။ ထို့ကြောင့် ကျန်းရီသည် သူတို့နှစ်ယောက်ကို ဆန်းကြယ်ဧကရာဇ်စံအိမ်အတွင်းသို့ တည်နေရာပြောင်းရွှေ့ပေးလိုက်သည်။ ထို့ပြင် ယဉ်ရို့ပင်းကိုယ်တိုင် သူတို့နှစ်ယောက်ကို လက်ဖက်ရည်ဖြင့် ဧည့်ခံလိုက်သည်။
“သခင်မလေးယဉ် ဧည့်ခံတဲ့ လက်ဖက်ရည်ကို သောက်ရတဲ့သူက နည်းနည်းပဲ ရှိမှာ။ ကျုပ်တို့ တကယ်ကို ဂုဏ်ယူမိပါတယ်”
ထန်ရှန့်နှင့် ထန်မင်တို့က တစ်ယောက်ကိုတစ်ယောက် အဓိပ္ပာယ်ပါပါ ကြည့်လိုက်ကြသည်။ သူတို့နှစ်ယောက်စလုံးသည် ကျန်းရီ၏ လောကွတ်ကျေမှုကို ကျေနပ်နေကြသည်။
ယဉ်ရို့ပင်းက ယဉ်ကျေးစွာ ပြုံး၍ ကျန်းရီနောက်တွင် ဝင်ထိုင်လိုက်သည်။ ထိုအခိုက်တွင် ကျန်းရီက သူ၏မူလပုံစံနှင့် ဖြစ်သည်။
“အစ်ကိုတို့... ဘာအကြောင်းများရှိလို့ ရောက်လာတာပါလဲ။ အစ်ကိုတို့ အကူအညီလိုရင် ကျွန်တော့်ကို ပွင့်ပွင့်လင်းလင်း ပြောပါ။ ကျွန်တော် တတ်နိုင်ရင် အကောင်းဆုံး ကူညီပေးပါမယ်”
“ဟားဟားဟား”
ထန်ရှန့်က ကျယ်လောင်စွာ ရယ်လိုက်သည်။
“ညီလေး... ညီလေးရဲ့ အဲ့စကားကို ကြားရတာနဲ့တင် အစ်ကိုတို့ နောင်တမရှိဘဲ သေနိုင်ပါပြီ”
ထန်မင်ကလည်း ခေါင်းညိတ်လိုက်သည်။ သို့သော် သူ့မျက်နှာထားက တည်ငြိမ်နေသည်။ ယခုတွင် လိုရင်းကို ပြောရမည့်အချိန် ရောက်ပေပြီ။
“ညီလေး... ဒီတစ်ခေါက် အစ်ကိုတို့ လာခဲ့တာက ကောင်းကင်ကြယ်တာရာနယ်မြေမှာ ဖြစ်ခဲ့တဲ့ကိစ္စကို ပိုနားလည်နိုင်အောင်ပဲ။ ညီလေးရဲ့ မိတ်ဆွေတချို့ အဖမ်းခံခဲ့ရတယ်ဆိုတာ အစ်ကိုတို့ သိထားတယ်။ အခုတစ်ခေါက် အစ်ကိုတို့ မျိုးနွယ်ခေါင်းဆောင်က ညီလေးကို သားရဲဧကရာဇ်မြို့မှာ ပြဿနာအများကြီး မရှာဖို့ ပြောခိုင်းလိုက်တယ်... အဲ့ကိစ္စက ဧကရာဇ်ကိုးပါးမျိုးနွယ်စုနဲ့ မဆိုင်ဘူးတဲ့”
“အို့...”
ကျန်းရီ၏ မျက်လုံးများ တောက်ပသွားသည်။ ထို့နောက် သူ လေသံတိုးတိုးဖြင့် ပြောလိုက်သည်။
“ထန်မျိုးနွယ်ကရော အဲ့အကြောင်းကို သိထားတာလား။ မပူပါနဲ့ အစ်ကိုတို့... ကျွန်တော်က သားရဲဧကရာဇ်မြို့မှာ ပြဿနာရှာမှာ မဟုတ်ပါဘူး။ ဒါကို ကြည့်လိုက်ပါ...”
ကျန်းရီက ထန်မင်နှင့် ထန်ရှန့်တို့အား စာတစ်စောင် ကမ်းပေးလိုက်၏။ ထန်မင်က စာကို ဖတ်ပြီးနောက် ပြောလိုက်သည်။
“ညီလေး... တစ်ယောက်ယောက်က ရည်ရွယ်ချက်ရှိရှိ အကွက်ချ ကြံစည်နေတယ်ဆိုတာကို ညီလေးလည်း သိထားတယ်ဆိုတော့ အစ်ကိုတို့ စိတ်အေးရပါပြီ။ ထန်မျိုးနွယ်က အဲ့ကိစ္စကို လျှို့ဝှက်စုံစမ်းနေခဲ့တာ.. ဒါပေမဲ့ အစ်ကိုတို့ ဘာသက်သေမှ ရှာမတွေ့သေးဘူး။ ဒါပေမဲ့ အစ်ကိုတို့ သေချာတာတစ်ခုတော့ ရှိတယ်... အဲ့ကိစ္စက ဧကရာဇ်ကိုးပါးမျိုးနွယ်စုနဲ့ရော ထိပ်တန်းလျှို့ဝှက်ဂိုဏ်းဆယ်ဂိုဏ်းနဲ့ရော မပတ်သတ်ဘူး။ ထိပ်တန်းရှေးဟောင်းမျိုးနွယ်ဆယ်ခု ဒါမှမဟုတ် အဆုံးမဲ့ပင်လယ်နက်နဲ့ အပြစ်သားကျွန်းရဲ့ လက်ချက်ပဲ ဖြစ်ရမယ်”
“အပြစ်သားကျွန်း၊ အဆုံးမဲ့ပင်လယ်နက်”
ကျန်းရီ မျက်မှောင်ကြုတ်လိုက်သည်။ အပြစ်သားကျွန်းက အရှေ့ဘက် တော်ဝင်နယ်မြေသို့ သူလျှိုများစွာ စေလွှတ်ခဲ့သည်။ အဆုံးမဲ့ပင်လယ်နက်မှာလည်း ထို့အတူပင်။ အရိပ်ဧကရာဇ်က အသံလှိုင်းဧကရာဇ်ကဲ့သို့သော သူမျိုးကိုပင် ထိန်းချုပ်နိုင်ရာ သူလုပ်လိုသောကိစ္စများကို အလွယ်တကူ ပြုလုပ်နိုင်ပေလိမ့်မည်။
ကျန်းရီ ခေါင်းကိုက်လာသည်။ ယခုတွင် သူက အရိပ်ဧကရာဇ်၏ လူများကို အသုံးပြု၍ ကျန်းယွင်ဟိုင်တို့ကို ကယ်တင်ရန် ကြိုးစားနေခြင်းပင်။ အကယ်၍ ထိုကိစ္စများနောက်ကွယ်မှ ကြိုးကိုင်သူမှာ အောင်းလု ဖြစ်နေလျှင် အခြေအနေများက ပိုရှုပ်ထွေးလာပေလိမ့်မည်။ သို့သော် ကျန်းရီသည် အောင်းလုကို ရင်ထဲမှ ယုံကြည်နေပေသေးသည်။ အောင်းလုက ထိုကဲ့သို့သော ကိစ္စမျိုးကို လုပ်လိမ့်မည်ဟု ယုံကြည်နိုင်ရန် ခက်ခဲပေသည်။ သို့သော် ထိုကိစ္စမှနေ၍ အဆုံးမဲ့ပင်လယ်နက်က အကျိုးအမြတ်ရမည်ဆိုလျှင် အောင်းလုသည် သူ့အသိစိတ်ကို ဆန့်ကျင်မည်လော။
ထိုအခိုက်တွင် လူတိုင်းက သံသယဖြစ်ဖွယ်ကောင်းသည်ဟု ကျန်းရီ စတင်ခံစားလာရသည်။ ထန်မျိုးနွယ်သည်ပင် သံသယဖြစ်ဖွယ်ကောင်းနေသည်။ အကယ်၍ ထန်မျိုးနွယ်က ထိုကိစ္စနောက်ကွယ်တွင် ရှိနေပြီး ထန်မင်နှင့် ထန်ရှန့်တို့က ထိုအကြောင်းကို လုံးဝမသိခြင်း ဆိုလျှင် မည်သို့ဖြစ်မည်နည်း။ သို့မဟုတ် သူတို့က ကျန်းရီကို လမ်းလွှဲရန် ရောက်လာခြင်းလည်း ဖြစ်နိုင်သေး၏။
ကောင်းကင်ကြယ်တာရာနယ်နမိတ်တစ်ခွင်လုံးတွင် တိုက်ခိုက်မှုများ ဖြစ်ပွားနေသည်။ ကျန်းရီသည် အခြားသူ၏ အသုံးချမှုကို နှစ်ကြိမ်ခံခဲ့ရပြီးပေပြီ။ ကြိုးကိုင်သူ၏ ရည်ရွယ်ချက်က ရှင်းသည်။ သူက အရှေ့ဘက် တော်ဝင်နယ်မြေတွင် ပြဿနာရှာလိုနေခြင်းဖြစ်ပြီး ဧကရာဇ်ကိုးပါးမျိုးနွယ်စုကို အခြားသူများအပေါ် အနိုင်ကျင့်ခဲ့သည့်အတွက် လက်စားချေလိုနေခြင်းဖြစ်သည်။ ထို့ပြင် သူက တော်ဝင်နယ်မြေတစ်ခုလုံးကိုလည်း သိမ်းပိုက်လိုနေသည်။
အကယ်၍ ထိုသုံးသပ်ချက်သာ မှန်ပါက ဧကရာဇ်ကိုးပါးမျိုးနွယ်စုထဲက မည်သည့်မျိုးနွယ်ကမှ သံသယဖြစ်ဖွယ် မကောင်းတော့ပေ။
ထန်မျိုးနွယ်၊ အပြစ်သားကျွန်းနှင့် အဆုံးမဲ့ပင်လယ်နက်တို့က သံသယဖြစ်ဖွယ်အကောင်းဆုံး ဖြစ်နေသည်။ ထိပ်တန်းရှေးဟောင်းမျိုးနွယ်ဆယ်ခုထဲတွင် ထန်မျိုးနွယ်က အင်အားအကြီးဆုံးဖြစ်သည်။ အခြားမည်သည့်မျိုးနွယ်ကမှ အရှေ့ဘက် တော်ဝင်နယ်မြေတစ်ခုလုံးကို ထိန်းချုပ်နိုင်မည် မဟုတ်ပေ။ အပြစ်သားကျွန်းနှင့် အဆုံးမဲ့ပင်လယ်နက်တို့ကလည်း အလွန်သံသယဖြစ်ဖွယ်ကောင်းသည်။ သူတို့က အရှေ့ဘက် တော်ဝင်နယ်မြေ ပရမ်းပတာ ဖြစ်နေချိန်တွင် အခွင့်ကောင်းယူနိုင်သည်။ သို့သော် ကျန်းရီသည် အပြစ်သားကျွန်းနှင့် အောင်းလုကို ယုံကြည်ရန် ရွေးချယ်လိုက်သည်။
အတန်ကြာ တွေးတောပြီးနောက် ကျန်းရီ ခေါင်းထပ်မံကိုက်လာသည်။ ထို့ကြောင့် သူ ပူပန်မှုများကို ဘေးဖယ်ထားလိုက်ပြီး လေသံတိုးတိုးဖြင့် မေးလိုက်သည်။
“အပြင်ဘက်မှာ ဘာတွေ ဖြစ်နေလဲ”
“အရမ်းရှုပ်ထွေးနေတယ်... အရမ်းရှုပ်ထွေးတယ်”
ထန်မင်က သက်ပြင်းချကာ ဆက်ပြောလိုက်၏။
“နယ်မြေတစ်ခွင်လုံးမှာ ပရမ်းပတာတွေ ဖြစ်နေတယ်။ မကြာသေးခင်ကပဲ မြို့ဆယ်မြို့ကျော်လောက်က အချင်းချင်းတွေ ပြန်တိုက်ခိုက်ကြတယ်။ မိစ္ဆာဧကရာဇ်၊ တိုက်ပွဲဧကရာဇ်၊ မြောက်ဘက်ဧကရာဇ်၊ သားရဲဧကရာဇ်နဲ့ ဓားဧကရာဇ်တို့က ထွက်ပေါ်မလာခဲ့ဘူး။ ဗုဒ္ဓဧကရာဇ်၊ ယဉ်ဧကရာဇ်၊ ရွှမ်ဧကရာဇ်နဲ့ ညဧကရီတို့ကလည်း ထူးထူးဆန်းဆန်း ပျောက်ကွယ်သွားခဲ့တယ်။ ပြီးတော့ သွေးညအကြောက်တရားပင်လယ်မှာ သားရဲဒီရေ ထပ်တက်ခဲ့တယ်။ ထန်မျိုးနွယ်က တခြားမျိုးနွယ်တွေနဲ့ ပူးပေါင်းပြီး သွေးညအကြောက်တရားပင်လယ်က ပင်လယ်မိစ္ဆာတွေကို ဖိနှိပ်ခဲ့တယ်... ဒါပေမဲ့ အခု အဲ့က အခြေအနေကို သတင်းပို့မှာကို စောင့်နေရတုန်းပဲ”
“ဟမ်... ဘိုးဘိုးတို့က ပျောက်သွားတာလား”
ယဉ်ရို့ပင်း ချက်ချင်း မျက်နှာပျက်သွားသည်။ ကျန်းရီလည်း အံ့အားသင့်သွားသည်။ ဗုဒ္ဓဧကရာဇ်တို့က လက်တလောတွင် ပြဿနာများအတွင်း ဝင်မပါသေးခြင်းဖြစ်မည်ဟု သူ တွေးခဲ့သည်။ သို့သော် သူတို့က ပျောက်သွား၍ ဝင်မပါနိုင်ခြင်းဟုတော့ သူ မမျှော်လင့်ခဲ့ပေ။ ထို့ကြောင့် သူ ချက်ချင်း မေးလိုက်သည်။
“ဗုဒ္ဓဧကရာဇ်နဲ့ ယဉ်ဧကရာဇ်တို့က အရမ်းစွမ်းအားကြီးတာကို ဘယ်လိုလုပ် ပျောက်သွားရတာလဲ။ ဘယ်သူက သူတို့ကို ဖမ်ပြီး သတ်နိုင်တဲ့ အစွမ်းရှိလဲ”
“သူတို့က အသတ်မခံရလောက်ပါဘူး။ သူတို့ အသက်ရှင်နေလောက်သေးတယ်။ အစ်ကိုတို့ ထင်တာတော့ သူတို့က အစီအရင်တစ်ခုခုထဲမှာ ပိတ်မိနေတာ ဖြစ်လောက်တယ်”
ထန်မင်က ရှင်းပြလိုက်သည်။
“မကြာသေးခင်တုန်းက ပန်းရဉ်နယ်မြေနဲ့ နတ်မြင်းပျံနယ်မြေတို့က တိုက်ပွဲကြီးတစ်ပွဲ တိုက်ခဲ့ကြတယ်။ ဗုဒ္ဓဧကရာဇ်နဲ့ တခြားသူတွေက အဲ့ကို သွားပြီး တိုက်ပွဲအကြောင်းကို စုံစမ်းကြတာ။ ဒါပေမဲ့ အကြောင်းတချို့ကြောင့် သူတို့က မြောက်ဘက်မှာရှိတဲ့ ပင်လယ်နက်ကို သွားခဲ့ကြတယ်။ အဲ့နောက်ပိုင်း သူတို့ ပျောက်သွားတာပဲ။ အစ်ကိုတို့လည်း ဘာသတင်းမှ ထပ်မရတော့ဘူး။ ဗုဒ္ဓအင်ပါယာနဲ့ ယဉ်အင်ပါယာတို့ကတော့ သူတို့ကို သွားကယ်နေကြပါပြီ”
ကျန်းရီ၏ မျက်နှာထား တင်းမာသွားသည်။ ထို့နောက် သူ တစ်ဆို့ဆို့အသံဖြင့် ပြောလိုက်သည်။
“ဒီလိုအချိန်မျိုးမှာ ဘာလို့ တိုက်ပွဲဧကရာဇ်၊ မြောက်ဘက်ဧကရာဇ်နဲ့ တခြားသူတွေက ပုန်းနေရသေးတာလဲ။ သူတို့က တော်ဝင်နယ်မြေက လူအကုန်လုံး သေသွားမှာ မျက်နှာထွက်ပြမှာလား။ သူတို့က ဆန်းကြယ်ဧကရာဇ်ရဲ့ ဆက်ခံသူတွေလို့ အမြဲ ပြောခဲ့ကြတယ်မဟုတ်ဘူလား။ သူတို့က လူသားမျိုးနွယ်ကို ကာကွယ်ရမှာ မဟုတ်ဘူးလား”
“အဲ့ဒါတွေ အကုန်လုံးက ညီလေးကြောင့်ပဲ...”
ထန်ရှန့်က မျက်လုံးပင့်ကာ ဆက်ပြောလိုက်သည်။
“သူတို့ သူတို့မျိုးနွယ်က ထွက်လာတဲ့အချိန် ညီလေးက သူတို့မျိုးနွယ်တွေကို တိုက်ခိုက်ဖို့ ဆုံးဖြတ်လိုက်ရင် ဘယ်လိုလုပ်မလဲ။ ညီလေး လာတိုက်ခိုက်တဲ့အချိန်မှာ သူတို့ ရှိမနေရင် သူတို့မျိုးနွယ်တွေက သေချာပေါက် ပြဿနာတက်သွားမှာပဲ...”
“...”
ကျန်းရီ ဆွံ့အသွားသည်။ သူက အရှေ့ဘက် တော်ဝင်နယ်မြေ၏ အကြီးဆုံးအပြစ်သားဖြစ်လာကြောင်းကို သူ သတိပင် မပြုမိခဲ့ချေ။
ကျန်းရီ၏ မျက်လုံးများ တောက်ပလာသည်။ သူ အရာအားလုံးကို နားလည်သွားသည်။ ကြည့်ရသည်မှာ ဆန်းကြယ်နတ်ဘုရားနန်းတော် ထွက်ပေါ်လာခြင်းနှင့် ဆန်းကြယ်ဧကရာဇ်မြို့မှ သူ့လုပ်ရပ်များက ကြိုးကိုင်သူကို သူ၏အကြံအစည်များ အကောင်အထည်ဖော်နိုင်ရန် လမ်းဖောက်ပေးသကဲ့သို့ ဖြစ်သွားခဲ့ပုံပင်။ ယခုတွင် ဗုဒ္ဓဧကရာဇ်တို့က ပျောက်နေပြီး တိုက်ပွဲဧကရာဇ်၊ မြောက်ဘက်ဧကရာဇ်နှင့် အခြားဧကရာဇ်များက သူတို့၏ မျိုးနွယ်မှ ထွက်မလာဝံ့ကြဖြစ်နေသည်။ ထို့ကြောင့် ကြိုးကိုင်သူက သူ့အကြံအစည်များကို ပို၍ လွယ်ကူစွာ အကောင်အထည် ဖော်နိုင်နေလေသည်။
နောက်ဆုံးတွင် ကျန်းရီသည် ဖြစ်ပျက်နေသည်များကို နားလည်သွားပေပြီ။ အဘယ်ကြောင့် ကြိုးကိုင်သူက သူ့အား မိစ္ဆာဧကရာဇ်မြို့နှင့် သားရဲဧကရာဇ်မြို့သို့ သွားခိုင်းကြောင့် သူ သဘောက်ပေါက်သွားပြီဖြစ်သည်။ ကြိုးကိုင်သူသည် ကျန်းရီကို အသုံးချ၍ အခြားသူများကို သတ်လိုနေရုံသာမက တိုက်ပွဲဧကရာဇ်၊ ဓားဧကရာဇ်၊ မြောက်ဘက်ဧကရာဇ်နှင့် အခြားဧကရာဇ်များကို သူတို့၏ မြို့များမှ ထွက်မလာဝံ့အောင် လုပ်နေခြင်းပင်။ သို့ဆိုလျှင် မည်သူကမှ အရှေ့ဘက် တော်ဝင်နယ်မြေကို ကာကွယ်နိုင်တော့မည် မဟုတ်ပေ။ ထိုအခါမှ ကြိုးကိုင်သူက တိုက်ပွဲကြီးတစ်ပွဲကိုစ၍ နယ်မြေတွင် ကြီးမားသော အပြောင်းအလဲတစ်ခု ဖြစ်လာအောင် လုပ်မည် ဖြစ်သည်။
“အဲ့ဒါက တော်တော်ကြီးတဲ့ အကြံအစည်ပဲ။ ပြီးတော့ ယုတ်လည်းယုတ်မာလွန်းတယ်။ အဲ့အကြံအစည်ကို အကောင်အထည်ဖော်နိုင်ဖို့က ခက်လောက်တယ်။ နောက်ကွယ်က ကြိုးကိုင်နေသူက တော်တော် တော်တာပဲ။ ဘယ်သူက အဲ့လို ဉာဏ်ရည်မျိုး ရှိလဲ...”
ထိုအခိုက်တွင် ကျန်းရီ၏ အတွေးထဲ၌ လှပသော မျက်နှာလေးတစ်ခု ထွက်ပေါ်လာသည်။ ဤအကြံအစည်ပုံစံက ကျန်းရီ ကောင်းကင်ကြယ်တာရာနယ်မြေတွင် တွေ့ကြုံခဲ့ဖူးသော အကြံအစည်ပုံစံနှင့် အလွန်ဆင်တူသည်။ အကောင်အထည်မရှိဘဲ သတ်ဖြတ်ကာ သူရဲကောင်းများကို လက်ခုပ်ထဲတွင် ထည့်ကာ ဆော့ကစားခြင်း။ လူအများစုသည် ကြိုးစားလျှင်ပင် ထိုအကြံအစည်ကို ခန့်မှန်းနိုင်မည် မဟုတ်ပေ။ သူတို့သည် မသိလိုက်ဘဲနှင့် အကြံအစည်အတွင်းသို့ တစ်လှမ်းချင်း ဝင်သွားမိမည်ဖြစ်သည်။
အရေးအကြီးဆုံးအချက်မှာကား ထိုကြိုးကိုင်သူက ကျန်းရီ၏ အကျင့်စရိုက်ကို အူမချေးခါးမကျန် သိနေခြင်းပင်။ ထိုသူက ကောင်းကင်ကြယ်တာရာနယ်မြေအကြောင်းကိုလည်း ကောင်းစွာသိထားသည်။ သူ ဖမ်းခေါ်သွားခဲ့သူများက ကျန်းရီနှင့် အလွန်နီးစပ်သူများဖြစ်သည်။ ထိုသူများက ကျန်းရီ မည်သည့်အခါတွင်မှ မစွန့်ပစ်နိုင်သည့်သူများပင်။
“အဲ့ဒါ မဖြစ်နိုင်ဘူး...”
ကျန်းရီ ခေါင်းခါကာ သူ့ဘာသာ ရေရွတ်လိုက်သည်။
“သူက သေသွားပြီပဲ။ ငါကိုယ်တိုင် သူ့ကို သတ်ခဲ့တာ။ သူ အသက်ရှင်မနေနိုင်လောက်ဘူး။ သူ မဖြစ်နိုင်ဘူး”
ကျီထင်ယွီက သေသွားပေပြီ။ လူသေတစ်ယောက်က ပြန်ရှင်မလာနိုင်ပေ။ ထို့ကြောင့် ယခုကိစ္စ၏ ကြိုးကိုင်သူက ကျီထင်ယွီ မဖြစ်နိုင်ချေ။ ယခုအကြံအစည်ပုံစံက သူမအကြံအစည်ပုံစံနှင့် ဆင်တူနေရုံသာ။
ထို့ပြင် ထိုအကြံအစည်က ကျီထင်ယွီ လုပ်ဆောင်ခဲ့သောအရာများထက် များစွာပို၍ကြီးသည်။ အကြံအစည်၏ ပန်းတိုင်ကလည်း ပို၍ကြီးသည်။ ထိုကိစ္စနောက်ကွယ်တွင် ဩဇာအာဏာများစွာ ပါဝင်နေသည်။ ကြိုးကိုင်သူက ကောင်းကင်ကြယ်တာရာနယ်နမိတ်တစ်ခုလုံးကို ကျားခုံတစ်ခုအဖြစ် ပြောင်းလဲလိုက်ပေပြီ။ နယ်နမိတ်အတွင်းရှိ လူအားလုံးက သူ၏ ကျားစေ့များဖြစ်သည်။ အားလုံးက သူ့အကြံအစည်အတိုင်း လှုပ်ရှားနေရသည်။
“မင်း ဘယ်သူပဲဖြစ်ဖြစ်... ငါ မင်းကို ရှာတွေ့တာနဲ့ သတ်ပစ်မယ်”
ကျန်းရီသည် အေးစက်စက်လေသံဖြင့် ရေရွတ်လိုက်၏။ ကောင်းကင်ကြယ်တာရာနယ်မြေတွင် လူသန်းရာချီ သေဆုံးခဲ့ရုံသာမက အရှေ့ဘက် တော်ဝင်နယ်မြေရှိ လူများအတွက်လည်း အသက်အန္တရာယ်စိုးရိမ်နေရသည်။ သူက လူသားမျိုးနွယ်ကို ကာကွယ်ပါမည်ဟု ဆန်းကြယ်ဧကရာဇ်ကို ကတိပေးခဲ့သည်။
ကြိုးကိုင်သူက စစ်ထူအောင်း၊ လဲ့ပန်းရှန်း သို့မဟုတ် အောင်းလု ဖြစ်နေပါစေ ကျန်းရီသည် ကြိုးကိုင်သူကို သိရသည်နှင့် တစ်စက္ကန့်ပင် မတုံ့ဆိုင်းဘဲ သွားသတ်မည်ဖြစ်သည်။
***