နတ်ဘုရားချုပ်နှောင်အစီအရင်
Vol. 84 Ch. 1161
ထန်ရှန့်နှင့် ထန်မင်တို့က အတော်ကြာ စကားပြောဆိုပြီးနောက် ပြန်သွားကြ၏။ သူတို့သည် ထိပ်တန်းအဆင့် သတင်းပို့တံဆိပ်ပြားတစ်ခုကိုသာ ချန်ခဲ့သည်။ ထိုတံဆိပ်ပြားနှင့်ဆိုလျှင် ကျန်းရီသည် သူနှင့် အနီးဆုံးနေရာတွင် ရှိနေသော မည်သည့်ထန်မျိုးနွယ်ဝင်ကိုမဆို သတင်းပို့နိုင်သည်။ ထို့ပြင် ထိုတံဆိပ်ပြားကို ပြ၍ ထန်မျိုးနွယ်၏ ထောက်လှမ်းရေးစနစ်ကိုလည်း အသုံးပြုနိုင်သည်။
ထန်ရှန့်နှင့် ထန်မင်တို့က ကျန်းရီအား သားရဲဧကရာဇ်မြို့မှ အခြေအနေကို ထိန်းချုပ်ရန် ပြောခဲ့သည်။ ထန်မျိုးနွယ်ကလည်း ကြိုးကိုင်သူကို အကောင်းဆုံး ရှာဖွေနေသည်။ ထို့ပြင် ထန်မျိုးနွယ်သည် ကျန်းယွင်ဟိုင်နှင့် အခြားဓားစာခံများကိုလည်း ကူရှာပေးမည်ဖြစ်သည်။ ထန်ရှန့်တို့သည် ဓားစာခံများ၏ တည်နေရာကို သိရသည်နှင့် ကျန်းရီထံ ချက်ချင်း သတင်းပို့မည်ဟုလည်း ကတိပေးသွားခဲ့သည်။
ကျန်းရီသည် သားရဲဧကရာဇ်မြို့သို့ ဆက်သွားလိုက်၏။ သူက မြန်လည်းမမြန်သလို နှေးလည်းမနှေးပေ။ ထိုအမြန်နှုန်းနှင့်ဆိုလျှင် ပတ်ဝန်းကျင်မှ လူများ၏ အာရုံစိုက်မှုကို ခံရမည်ဖြစ်သလို ရန်သူများ၏ အာရုံစိုက်မှုကိုလည်း ခံရမည်ဖြစ်သည်။ ထို့ပြင် ရီချန်နှင့် အခြားသူများအတွက် သားရဲဧကရာဇ်ကို ရှာ၍ အကူအညီတောင်းနိုင်ရန် အချိန်ပိုရပေလိမ့်မည်။
သို့သော် သားရဲဧကရာဇ်မြို့နှင့် ကီလိုမီတာတစ်ထောင်အကွာသို့ ရောက်လာသည့်အခါတွင်ပင် ရီချန်နှင့် အရိပ်ဧကရာဇ်၏ လူများထံမှ မည်သည့်သတင်းမှ မရသေး၍ ကျန်းရီ စိတ်ပျက်နေသည်။ ရီချန်သည် ဆန်းကြယ်နတ်ဘုရားနန်းတော်မှ ထွက်သွားပြီး ရက်အနည်းငယ်အတွင်းမှာပင် သားရဲဧကရာဇ်မြို့သို့ ရောက်လောက်သည်။ သားရဲဧကရာဇ်မြို့သို့ ရောက်သွားပြီး သားရဲဧကရာဇ်ကို အကူအညီတောင်းလိုက်လျှင် ကျန်းယွင်ဟိုင်နှင့် အခြားသူများကို ကယ်ရန်မှာ လွယ်ကူရိုးရှင်းသင့်သည်။ သားရဲဧကရာဇ်မြို့က ထူမျိုးနွယ်၏ ပိုင်နက်ထဲတွင် မဟုတ်လော။
ရီချန်က အန္တရာယ်တစ်ခုခုနှင့် တွေ့ကြုံနေရခြင်းလော။ သို့ဆိုလျှင် အဘယ်ကြောင့် အရိပ်ဧကရာဇ်၏ လူများထံမှလည်း သတင်းမရ,ရသနည်း။
ကျန်းရီသည် တွေးတောရင်းဖြင့် စိတ်ပူလာ၏။ ထို့ကြောင့် သူ ဆန်းကြယ်နတ်ဘုရားနန်းတော်ကို သားရဲဧကရာဇ်မြို့ဆီသို့ အမြန်ဆုံး ပျံသန်းသွားစေလိုက်သည်။ မိနစ်အနည်းငယ် အတွင်းမှာပင် သူတို့ ဘေးကင်းစွာ ရောက်ရှိသွားသည်။
သားရဲဧကရာဇ်မြို့က အလွန်တိတ်ဆိတ်နေသည်။ ကျန်းရီက မိစ္ဆာဧကရာဇ်မြို့တွင် လူပေါင်းများစွာကို သတ်ဖြတ်ခဲ့သည်။ ထို့ကြောင့် သားရဲဧကရာဇ်မြို့မှ လူများသည် ကျန်းရီက သားရဲဧကရာဇ်မြို့သို့ လာနေကြောင်း သိလိုက်ရသောအခါ ပတ်ဝန်းကျင်မြို့များသို့ ချက်ချင်း ရွှေ့ပြောင်းသွားခဲ့ကြခြင်းပင်။ သူတို့သည် ဖြစ်လာမည့်ကိစ္စကို စောင့်ကြည့်ကာ မည်သို့ဆက်လုပ်ရမည်ကို ဆုံးဖြတ်ကြမည်ဖြစ်သည်။
“သူတို့က မြို့အကာအရံတောင် မနှိုးထားဘူးလား”
ကျန်းရီသည် ကောင်းကင်စိတ်အာရုံကို ထုတ်လွှတ်၍ အာရုံခံပြီးနောက် အံ့အားသင့်သွားသည်။ ထို့နောက် သူ ဆန်းကြယ်နတ်ဘုရားနန်းတော်ကို ထိန်းချုပ်၍ သားရဲဧကရာဇ်မြို့၏ မြောက်ဘက်ခြမ်းသို့ ပျံသန်းသွားလိုက်သည်။ သူသည် ကောင်းကင်စိတ်အာရုံဖြင့် တစ်မြို့လုံးကို ဆက်၍ အာရုံခံနေ၏။ သို့သော် ရီချန်က မြို့ထဲတွင် ရှိမနေကြောင်း သိလိုက်ရ၍ သူ စိုးရိမ်သွားသည်။ လီမျိုးနွယ်မှ နတ်ဘုရားတစ်ပိုင်းများကလည်း မြို့ထဲတွင် ရှိမနေပေ။ ပဉ္စမအကြီးအကဲကလည်း ခြေရာလက်ရာပင် မကျန်ခဲ့ဘဲ ပျောက်ကွယ်သွားသည်။ အရိပ်ဧကရာဇ်၏လူများကိုပင် မည်သည့်နေရာတွင်မှ မတွေ့ရချေ။
“အဲ့ဒါက ဘယ်လိုဖြစ်ရတာလဲ”
ကျန်းရီ မျက်နှာထားတင်းမာသွားသည်။ သူ့ခန္ဓာကိုယ်မှလည်း သတ်ဖြတ်အရှိန်အဝါ ထွက်လာသည်။ ထို့ကြောင့် ယဉ်ရို့ပင်းက ကျန်းရီ၏ လက်ကို လျင်မြန်စွာ ဆွဲကိုင်၍ သတိပေးလိုက်ရသည်။
“ကျန်းရီ... မလောပါနဲ့။ လောရင် ရန်သူရဲ့ ထောင်ချောက်ထဲကို ရောက်သွားလိမ့်မယ်”
“အင်း...”
ကျန်းရီ သူ့စိတ်ကို ပြန်ထိန်းလိုက်ပြီး ဆန်းကြယ်နတ်ဘုရားနန်းတော်ကို ကောင်းကင်ထက်သို့ ပျံတက်စေလိုက်သည်။ ထို့နောက် သူ နန်းတော်အပြင်ဘက်တွင် ဝိညာဉ်ပုံရိပ်တစ်ခု ဖန်တီးကာ ပြောလိုက်သည်။
“သားရဲဧကရာဇ်... ထွက်လာခဲ့ပါ”
ဝှစ်...ဝှစ်...ဝှစ်...
သားရဲဧကရာဇ်မြို့ မြောက်ဘက်ခြမ်းရှိ ရဲတိုက်တစ်ခုက လင်းလက်လာသည်။ ရဲတိုက်အတွင်းမှနေ၍ စွမ်းအားကြီး သိုင်းသမားများစွာ ပျံထွက်လာကြသည်။ သူတို့ထဲတွင် နတ်ဘုရားတစ်ပိုင်း ပညာရှင် နှစ်ဆယ်ကျော် ပါဝင်ပေသည်။ သို့သော် သားရဲဧကရာဇ်တော့ မပါပေ။ နတ်ဘုရားတစ်ပိုင်း ပညာရှင်တစ်ယောက်က ကျန်းရီ၏ ဝိညာဉ်ပုံရိပ်ကြီးကို ကြည့်၍ ဒေါသတကြီး အော်ပြောလိုက်သည်။
“ကျန်းရီ... မင်းက ရက်စက်ရူးသွပ်တဲ့ မိစ္ဆာကောင်ပဲ။ မင်း ငါ့ထူမျိုးနွယ်က လူတစ်ယောက်ကို ထိဝံ့ရင် ငါတို့ မင်းကို သတ်ပစ်မယ်။ မင်းက မင်းရဲ့မကောင်းမှုတွေကြောင့် ကောင်းကင်ရဲ့ အပြစ်ပေးတာကို ခံရမှာပဲ”
“ဟုတ်တယ်... ငါတို့က သားရဲလူသားတွေဆိုပေမယ့် ကိုယ့်ကိုယ်ကိုယ် လူသားတွေလို့ပဲ ခံယူထားတယ်။ ကျန်းရီ... မင်းက လူသားစစ်စစ်ဖြစ်ပေမယ့် သားရဲတွေထက်တောင် ပိုဆိုးတဲ့ကောင်ပဲ”
“သူ့ကို သားရဲတွေနဲ့ နှိုင်းတာက သားရဲတွေ သိက္ခာကျတယ်”
“...”
ထူမျိုးနွယ်မှ နတ်ဘုရားတစ်ပိုင်းအချို့က ကျန်းရီကို ဒေါသတကြီး အော်ပြောလိုက်ကြသည်။ ကျန်းရီသည် ဒေါသကို ထိန်းချုပ်ထားခဲ့သော်လည်း ထိုလူများကမူ သူ့ကို စော်ကားနေကြသည်။ ယခင်တွင် ထူမျိုးနွယ်၏ သိုင်းသမားများက သူ့ကို ဆန်းကြယ်နတ်ဘုရားနန်းတော် အရှေ့တွင် တိုက်ခိုက်ခဲ့သော်လည်း သူ ထူမျိုးနွယ်အပေါ် ရန်ငြိုးထားရန် ဆန္ဒမရှိခဲ့ချေ။ သူသည် ထိုကိစ္စကို ခေါင်းထဲပင် မထည့်ခဲ့ပေ။ သို့သော် ယခုတွင် သူ ဒေါသကို မထိန်းချုပ်နိုင် ဖြစ်လာရသည်။
“ပါးစပ်ပိတ်ထားကြ...”
ကျန်းရီသည် အော်ပြောလိုက်ပြီး သူ့အောက်မှ လူအုပ်ကို အေးစက်စက် ငုံ့ကြည့်လိုက်သည်။ ထို့နောက် သူ ဆက်၍ အော်ပြောလိုက်သည်။
“သားရဲဧကရာဇ်ကို ထွက်လာပြီး ကျွန်တော်နဲ့ စကားပြောဖို့ ပြောလိုက်။ ခင်ဗျားတို့က ကျွန်တော့်ကို စကားပြောဖို့ အဆင့်မမီဘူး။ ခင်ဗျားတို့ ဆက်အော်နေဦးမယ်ဆိုရင်တော့ ကျွန်တော် ခင်ဗျားတို့ကို သတ်ပစ်ရလိမ့်မယ်”
“ထွီ...”
ထူမျိုးနွယ်မှ နတ်ဘုရားတစ်ပိုင်းများနှင့် အကြီးအကဲများက မည်သို့ဖြစ်သွားကြောင်း မည်သူမှ မသိပေ။ သူတို့က ရုတ်တရက်ကြီး ဒေါသပေါက်ကွဲသွားကြသည်။ ယခုတွင် ပိုများသော လူများက ကျန်းရီကို စတင်အော်ပြောလိုက်ကြသည်။
“ကျန်းရီ... အမှိုက်ကောင်။ မင်း ငါတို့ကို သတ်ချင်ရင် သတ်လိုက်။ မင်း ထူမျိုးနွယ်ဝင် တစ်ယောက်ကို ထိဝံ့ရင်တော့ မင်း နောင်တရသွားအောင် လုပ်ပစ်လိုက်မယ်”
“ဘာလို့ သူနဲ့ စကားတွေအများကြီး ပြောနေရတာလဲ။ အနန္တသားရဲအစီအရင်ကို နှိုးပြီး အဲ့မျိုးမစစ်ကို သတ်ပစ်လိုက်ကြတော့”
“အစီအရင်ကို နှိုးကြ။ ဆန်းကြယ်နတ်ဘုရားနန်းတော်ကို ဒီမှာ ထားခဲ့...”
“ဟုတ်တယ်... သူနဲ့ အစွမ်းကုန်တိုက်ကြ။ ထူမျိုးနွယ်က သေရမှာမကြောက်တဲ့ သူရဲကောင်းတွေနဲ့ ပြည့်နေတာ။ ဒီမှာ သူရဲဘောကြောင်တဲ့သူ တစ်ယောက်မှ မရှိဘူး”
ဝှစ်...
သိုင်းသမားများက ဆန်းကြယ်နတ်ဘုရားနန်းတော်ထံသို့ ပျံသန်းလာကြသည်။ ရုတ်တရက် သူတို့သည် အတွင်းအား ထုတ်ကာ သူတို့အောက်ရှိ အဆောက်အဦများကို တိုက်ခိုက်လိုက်ကြသည်။ စက္ကန့်ပိုင်းအတွင်းမှာပင် မြို့ထဲရှိ အဆောက်အဦများစွာ ပြိုကျပျက်စီးသွားသည်။ ကျန်းရီ မလှုပ်ရှားရသေးခင်မှာပင် ထူမျိုးနွယ်က သူတို့၏ မြို့ကို သူတို့ဘာသာ ဖျက်စီးနေပေပြီ။
“ထူမျိုးနွယ်က လူတွေ ရူးကုန်ကြတာလား။ သားရဲဧကရာဇ်ကရော ဘယ်မှာလဲ”
ယခုတွင် ကျန်းရီ ဒေါသထွက်နေပေပြီ။ သို့သော် သူ ဒေါသကို မျိုသိပ်ထားသည်။ သူ ကောင်းကင်စိတ်အာရုံ ထပ်မံထုတ်လွှတ်လိုက်ပြီး ပတ်ဝန်းကျင်မှ အဆောက်အဦများကို အာရုံခံလိုက်သည်။ သူက သားရဲဧကရာဇ်နှင့် စကားပြောလိုခဲ့ရုံသာ။ သို့သော် ရဲတိုက်များအားလုံးကို စွမ်းအားကြီး အကာအရံများက ကာရံထားသဖြင့် သားရဲဧကရာဇ်က မည်သည့်နေရာတွင် ရှိနေကြောင်းကို သူ အာရုံမခံနိုင်ပေ။
ရွှီး...ရွှီး...
ရုတ်တရက် အဆောက်အဦ အပျက်အစီးများက လင်းလက်လာ၏။ ထို့နောက် လေထဲတွင် ဧရာမ အကာအရံအလွှာကြီးတစ်ခု ထွက်ပေါ်လာသည်။ ထိုအကာအရံအလွှာက မှောက်ထားသော ဧရာမ ပန်းကန်လုံးကြီးတစ်ခုကဲ့သို့ပင်။ အလွှာတစ်ခုလုံးက အနက်ရောင်ဖြစ်သဖြင့် မြို့ထဲမှ အရာအားလုံးကို မည်းမှောင်သွားစေသည်။ အလင်းပျောက်ကွယ်သွားပေပြီ။ ထူမျိုးနွယ်မှ သိုင်းသမားများက မြေပေါ်သို့ လျင်မြန်စွာ ဆင်းသက်သွားကြပြီး အဆောက်အဦများထဲတွင် ပုန်းအောင်းလိုက်ကြသည်။
ရွှက်...ရွှက်...
လေထုက စတင် တုန်ခါလာ၏။ ထို့နောက် ဧရာမ သားရဲဝိညာဉ်ပုံရိပ်ကြီးတစ်ခု ထွက်ပေါ်လာသည်။ ၎င်းက ရုတ်ခြည်းပင် ဆန်းကြယ်နတ်ဘုရားနန်းတော်ဆီသို့ အနက်ရောင်အလင်းတန်းတစ်ခုအလား လျင်မြန်စွာ ပျံသန်းသွားသည်။ ၎င်းအနောက်တွင် တူညီသော သားရဲဝိညာဉ်ပုံရိပ်ကြီးတစ်ခု ထပ်မံ ထွက်ပေါ်လာသည်။ ၎င်းသားရဲဝိညာဉ်ပုံရိပ်ကြီးကလည်း ဆန်းကြယ်နတ်ဘုရားနန်းတော်ဆီသို့ ပျံသန်းသွားလိုက်သည်။
ရွှီ...ရွှီ...ရွှီ...
လေထုက အဆက်မပြတ် တုန်ခါနေပြီး သားရဲဝိညာဉ်ပုံရိပ်များက အဆက်မပြတ် ထွက်ပေါ်လာကြသည်။ ၎င်းတို့အားလုံးသည် ထွက်ပေါ်လာသည်နှင့် ဆန်းကြယ်နတ်ဘုရားနန်းတော်ဆီသို့ တန်းတန်းမတ်မတ် ပျံသန်းသွားကြသည်။ နန်းတော်ပတ်ပတ်လည်တွင် အနက်ရောင်အလင်း စတင် တောက်ပလာသည်။ နန်းတော်က အပြင်းအထန် တိုက်ခိုက်ခံနေရကြောင်း ထင်ရှားပေသည်။
‘အဲ့ဒါက အနန္တသားရဲအစီအရင်လား’
ကျန်းရီသည် ထိုအစီအရင်၏ စွမ်းအားကို အာရုံခံရန် ကြိုးစားလိုက်၏။ သားရဲဝိညာဉ်ပုံရိပ်အားလုံးက အတော်လေး စွမ်းအားကြီးကြသည်။ ၎င်းတို့၏ တိုက်ခိုက်စွမ်းအားက ကြယ်ခုနစ်ပွင့် သို့မဟုတ် ကြယ်ရှစ်ပွင့်အဆင့် သိုင်းပညာရှင်များနှင့် ယှဉ်နိုင်ကြသည်။
ကျန်းရီ အံ့အားသင့်သွားသည်။ ဧကရာဇ်ကိုးပါးမျိုးနွယ်စုက အမှန်ပင် ထူးခြားပေသည်။ ရှီးမျိုးနွယ်တွင် မိစ္ဆာသုတ်သင်ဆေးလုံးရှိသည်။ ထူမျိုးနွယ်တွင်မူ အနန္တသားရဲအစီအရင်ရှိသည်။ သူတို့က အရှေ့ဘက် တော်ဝင်နယ်မြေကို နှစ်သိန်းနှင့်ချီ၍ အုပ်စိုးနိုင်ခဲ့ခြင်းမှာ အံ့ဩစရာမရှိပေ။ ထိုအနန္တသားရဲအစီအရင်တစ်ခုနှင့်ပင် နတ်ဘုရားတစ်ပိုင်းများစွာကို သတ်ပစ်နိုင်သည်။
“လခွမ်းပဲ...”
ယခုတွင် ကျန်းရီ လုံးဝ ဒေါသထွက်သွားပေပြီ။ သူက ထူမျိုးနွယ်ကို တစ်ကြိမ်ပင် မတိုက်ခိုက်ခဲ့ပေ။ သို့သော် သူတို့ကို သူ့ကို ထိုကဲ့သို့ ဆက်ဆံနေသည်လော။ သူတို့က အမှန်ပင် ဆန်းကြယ်နတ်ဘုရားနန်းတော်ထဲကို ဖောက်ဝင်၍ သူ့အား သတ်လိုနေသည်လော။ ထိုအခိုက်တွင် ကျန်းရီသည် အကျိုးအကြောင်း မတွေးတောနိုင်တော့ပေ။ သူသည် ယဉ်ရို့ပင်းပြောနေသည့် စကားများကို တစ်ခွန်းမှ မကြားတော့ဘဲ ဆန်းကြယ်နတ်ဘုရားနန်းတော်ကို အောက်သို့ ပျံသန်းသွားစေလိုက်သည်။
ကျန်းရီသည် သားရဲဧကရာဇ်၏ လူများကို မတိုက်ခိုက်လိုခဲ့ပေ။ သို့သော် သားရဲဝိညာဉ်ပုံရိပ်များက ဆန်းကြယ်နတ်ဘုရားနန်းတော် သွားရာနေရာတိုင်းသို့ လိုက်လာနေကြသည်။ ထို့ကြောင့် သူသည် ထိုသားရဲဝိညာဉ်ပုံရိပ်များကို သားရဲဧကရာဇ်ရဲတိုက်ဝန်းဆီသို့ မျှားခေါ်သွားရန် ကြံရွယ်လိုက်သည်။
ဝုန်း...ဝုန်း...ဝုန်း....
ဆန်းကြယ်နတ်ဘုရားနန်းတော်က အလွန်လျင်မြန်စွာ ပျံသန်းနေသည်။ သားရဲဝိညာဉ်ပုံရိပ်များက မြန်သော်လည်း ၎င်းတို့ တော်တော်များများသည် ဆန်းကြယ်နတ်ဘုရားနန်းတော်ကို အမီမလိုက်နိုင်ကြဘဲ သားရဲဧကရာဇ်ရဲတိုက်ဝန်းထဲမှ ရဲတိုက်များနှင့်သာ ဝင်တိုက်နေကြသည်။ ထို့ကြောင့် ရဲတိုက်များ အစိတ်စိတ်အမွှာမွှာ ဖြစ်သွားသည်။
ရဲတိုက်များထဲတွင် မုဆိုးမများ၊ သက်ကြီးရွယ်အိုများနှင့် ကလေးငယ်များ ရှိနေ၍ တော်သေးပေသည်။ ကျန်းရီသည် အစေခံများက ထိုအားနည်းသူများကို ခေါ်၍ ထွက်သွားလောက်ပြီဟု ခန့်မှန်းမိပြီးဖြစ်သည်။ ထို့ကြောင့်လည်း သူ ရဲတိုက်များကို ပစ်မှတ်ထားခဲ့ခြင်းသာ။ မိနစ်ပိုင်းအတွင်းမှာပင် ရဲတိုက် တစ်သောင်းကျော် ပြိုကျပျက်စီးသွားသည်။ ထိုရဲတိုက်များနှင့်အတူ ထူမျိုးနွယ်မှ သူရဲကောင်းများစွာလည်း ကျဆုံးသွားသည်။
“အား...အား... ကျန်းရီ မျိုးမစစ်ကောင်။ ငါ မင်းကို သတ်မယ်”
ကောင်းကင်ဧကရာဇ် အထွတ်အထိပ်အဆင့် သိုင်းသမားတစ်ယောက် ဒေါသတကြီး အော်ပြောလိုက်ပြီး အောက်ဘက်ရှိ ရဲတိုက်တစ်ခုထဲမှ ပျံထွက်လာသည်။ သူက ဆန်းကြယ်နတ်ဘုရားနန်းတော်ဆီသို့ တိုက်ရိုက် ပျံသန်းသွားလေသည်။ သူသည် နန်းတော်နှင့် ထိလိုက်သော အခိုက်တွင် သူ့ကိုယ်သူ ဖောက်ခွဲပစ်လိုက်သည်။ ပေါက်ကွဲမှုအဟုတ်က နန်းတော်ပတ်ပတ်လည်ရှိ အကာအရံများကို ပြင်းထန်စွာ တုန်ခါသွားစေသည်။ ထူမျိုးနွယ်မှ သူရဲကောင်းများသည် ဆန်းကြယ်နတ်ဘုရားနန်းတော်အတွင်း ဖောက်ဝင်နိုင်ရန်အတွက်ဖြင့် အမှန်ပင် သူတို့ကိုယ်သူတို့ ဖောက်ခွဲပစ်နေကြသည်။
“ရင်းကြ...”
ရဲတိုက်များထဲမှနေ၍ မရေမတွက်နိုင်သော သူရဲကောင်းများ စတင် ပျံထွက်လာပြီး ဆန်းကြယ်နတ်ဘုရားနန်းတော်ဆီသို့ ပျံသန်းသွားကြသည်။ သူတို့က မီးကို တိုးနေသော ပိုးဖလံများကဲ့သို့ပင်။ သူတို့သည် ဆန်းကြယ်နတ်ဘုရားနန်းတော် အနီးသို့ ရောက်လာသည်နှင့် သူတို့ကိုယ်သူတို့ ဖောက်ခွဲပစ်လိုက်ကြသည်။ ထိုမြင်ကွင်းက ကြောက်မက်ဖွယ်ကောင်းပေသည်။ ထိုပေါက်ကွဲမှုများက မိစ္ဆာဝိညာဉ်တောင်ကြားမှ ပင့်ကူများ၏ ပေါက်ကွဲမှုများနှင့် ဆင်တူသည်။ လေထုထဲတွင် သေခြင်းတရား၏ အငွေ့အသက်များ ပြည့်နှက်သွားသည်။ မိနစ်အနည်းငယ်အတွင်းမှာပင် ထူမျိုးနွယ်မှ သူရဲကောင်းများ ထောင်နှင့်ချီ၍ သေဆုံးသွားသည်။ နတ်ဘုရားတစ်ပိုင်း ပညာရှင် ခုနစ်ယောက်၊ ရှစ်ယောက်ကလည်း ဆန်းကြယ်နတ်ဘုရားနန်းတော်ကို အကြိမ်များစွာ တိုက်ခိုက်လိုက်ပြီးနောက် သူတို့ကိုယ်သူတို့ ဖောက်ခွဲပစ်လိုက်ကြသည်။
“ချီးပဲ... နန်းတော်ရဲ့ စွမ်းအင်က အမြန် ကုန်နေပြီ”
ကျန်းရီ ခေါင်းကိုက်လာသည်။ မြို့ထဲမှနေ၍ ကောင်းကင်ရှောင်တိမ်းခြင်းကိုသုံး၍ ထွက်သွားရမည်လောဟု သူ တွေးလိုက်သည့်အခိုက်တွင် မြို့အလယ်မှနေ၍ ရွှေရောင်အလင်းတန်းတစ်ခု ထွက်လာပြီး ကောင်းကင်ထက်သို့ ထိုးတက်သွားသည်။ လူဆယ်ယောက်ကျော် တည်နေရာပြောင်းရွှေ့လာသည်။ ထို့နောက် အသံနှစ်သံက တစ်ချိန်တည်း အော်ပြောလိုက်သည်။
“ရပ်လိုက်ကြ”
ကျန်းရီနှင့် ထူမျိုးနွယ်ဝင်အားလုံး တုန်လှုပ်သွား၏။ ဆန်းကြယ်နတ်ဘုရားနန်းတော်က လေထဲတွင် ရပ်တန့်သွားသည်။ ထူမျိုးနွယ်ဝင်များကလည်း သူတို့ကိုယ်သူတို့ ဖောက်ခွဲမပစ်ကြတော့ပေ။ ယခုအထိ ပုန်းအောင်းနေခဲ့သော သားရဲဧကရာဇ်၊ ရီချန်နှင့် လီဖေးယွီတို့က အလင်းတန်းထဲမှ ထွက်လာကြသည်။
“ငါ ထပ်ပြီး အသုံးချခံခဲ့ရပြန်ပြီ”
ကျန်းရီ စိတ်ပျက်စွာ ရေရွတ်လိုက်သည်။ ရီချန်က ပျက်စီးနေသော သားရဲဧကရာဇ်မြို့နှင့် မြို့လယ်ရှိ အလောင်းပုံကြီးကို ကြည့်ကာ စိတ်ဓာတ်ကျသော လေသံဖြင့် သားရဲဧကရာဇ်ကို ပြောလိုက်သည်။
“သားရဲဧကရာဇ်... ကျွန်မတို့က မြို့ကနေ အဝေးကို မျှားခေါ်သွားခံခဲ့ရတာ။ ရန်သူက တိကျလွန်းတယ်...”
“ငါတို့က မျှားခေါ်ခံခဲ့ရတာ၊ မခံခဲ့ရတာကို ငါ ဂရုမစိုက်ဘူး။ ကျန်းရီ... ငါက မင်းလူတွေကို ကယ်ပေးချင်ခဲ့တယ်။ ဒါပေမဲ့ ဘာလို့ မင်းက ငါ့လူတွေကို သတ်ရတာလဲ”
သားရဲဧကရာဇ် ထူရှန်းက ဒေါသတကြီး အော်ပြောလိုက်သည်။
“ဒီနေ့ မင်း ငါ့ကို ရှင်းပြချက် မပေးရင် ငါတို့မျိုးနွယ်တစ်ခုလုံး ပျက်သုဉ်းရမယ်ဆိုရင်တောင် ဆန်းကြယ်နတ်ဘုရားနန်းတော်ကို ရအောင်ဖျက်ဆီးပစ်ပြီး မင်းကို သတ်ပစ်မယ်။ ထူမျိုးနွယ်ဝင်တွေ... နတ်ဘုရားချုပ်နှောင်အစီအရင်ကို နှိုးလိုက်ကြ”
***