အောင်းလုလော
Vol. 84 Ch. 1162
ရွှီး...ရွှီး...
သားရဲဧကရာဇ်ထူရှန်းက အမိန့်ပေးလိုက်သောအခါ မရေမတွက်နိုင်သော ထူမျိုးနွယ်ဝင်များက သားရဲလူသားများအသွင် ပြောင်းလိုက်ကြသည်။ ထို့နောက် သူတို့သည် လက်ဝါးဆန့်ကာ အတွင်းအား ထုတ်၍ မြို့တွင်းရှိ ရဲတိုက်များနှင့် စံအိမ်များကို အပြင်းအထန် တိုက်ခိုက်လိုက်ကြသည်။ တိုက်ခိုက်မှုတစ်ချီအတွင်းမှာပင် သားရဲဧကရာဇ်တစ်မြို့လုံး ပျက်စီးသွားလေသည်။
ရွှီး...
အပျက်အစီးများအောက်မှ နေရာများစွာက လင်းလက်လာ၏။ ထိုနေရာများမှနေ၍ အလင်းတန်းများ ထွက်လာပြီး ကောင်းကင်ထက်သို့ ထိုးတက်သွားကြသည်။ ထိုအလင်းတန်းများသည် ကောင်းကင်ထက်မှ အနန္တသားရဲအစီအရင်နှင့် ပေါင်းစည်းသွား၏။ ထို့နောက် ကြောက်မက်ဖွယ်အရှိန်အဝါတစ်ခုက မြို့တစ်ခွင်လုံးကို လွှမ်းခြုံသွားသည်။
‘အဲ့ဒါက ဘာအစီအရင်လဲ’
ကျန်းရီသည် သေနိုင်လောက်သော အန္တရာယ်ကို ခံစားလိုက်ရ၏။ ထိုအစီအရင် မပြီးဆုံးသွားသေးခင် သူ ကောင်းကင်ရှောင်တိမ်းခြင်းကို သုံး၍ ထွက်သွားနိုင်သည်။ သို့သော် ရီချန်၊ ပဉ္စမအကြီးအကဲနှင့် လီဖေးယွီတို့က မြို့ရင်ပြင်ထဲတွင် ရှိနေသေးသည်။ သို့ဖြစ်ရာ သူ မည်သို့ သူတို့ကို စွန့်ပစ်ခဲ့နိုင်ပါမည်နည်း။
‘နတ်ဘုရားချုပ်နှောင်အစီအရင်လား’
ရီချန်က သူမ၏မူလပုံစံ ပြန်ဖြစ်နေပေပြီ။ သို့သော် သူမသည် တစ္ဆေမျက်နှာဖုံးကို ဝတ်ဆင်ထားဆဲဖြစ်သည်။ သူမသည် ကောင်းကင်ထက်မှ အစီအရင်ကို မြင်လိုက်သောအခါ တုန်လှုပ်သွားသည်။ ထို့ကြောင့် သူမ ခပ်သွက်သွက် အော်ပြောလိုက်သည်။
“ဧကရာဇ်ထူ... ကျေးဇူးပြုပြီး စိတ်လိုက်မာန်ပါ မလုပ်ပါနဲ့။ အရင်ဆုံး ဘာဖြစ်ခဲ့တာလဲဆိုတာကို မေးကြတာပေါ့။ အခု ကျွန်မတို့ အချင်းချင်း ပြန်ဖျက်ဆီးနေရင် ကြိုးကိုင်သူက သူလိုချင်တာကို ရသွားလိမ့်မယ်။ ထူမျိုးနွယ်ရဲ့ ဂုဏ်သိက္ခာက တစ်ရက်ထဲနဲ့ ပျက်စီးမသွားနိုင်ပါဘူး။ ကျွန်မကို အရင် မေးမြန်းခွင့်ပေးပါ”
ထူရှန်းက ရီချန်ကို ကြည့်လိုက်သည်။ သူ၏မျက်နှာထားက ပြေလျော့လာသည်။ သူကလည်း ဧရာမ နဂါးလူသားအသွင် ပြောင်းလဲထားသည်။ သူ့ခန္ဓာကိုယ်အပေါ်ပိုင်းက နဂါးပုံစံဖြစ်ပြီး အောက်ပိုင်းက လူပုံစံဖြစ်သည်။ သူ့အရေပြားကို ရွှေရောင်အကြေးခွံများက ကာရံထားသည်။ သူ့တွင် ဧရာမနဂါးအမြီးကြီးလည်း ရှိနေသည်။ သူ့ခန္ဓာကိုယ်က ကြောက်မက်ဖွယ်သားရဲအရှိန်အဝါကို ထုတ်လွှတ်နေသည်။ သူ၏ ရေခဲတမျှ အေးစက်နေသော မျက်ဝန်းများက ပဉ္စမအကြီးအကဲကို ကြည့်လိုက်သောအခါ ပဉ္စမအကြီးအကဲ ကြောက်ရွံ့တုန်ယင်သွားသည်။
“ကောင်းပြီ... မင်း အဲ့ကောင်လေးကို သွားမေးလိုက်။ တကယ်လို့ သူက ရှင်းပြချက် မပေးနိုင်ဘူးဆိုရင် ဒီနေ့ ဒီမှာ ငါ သူနဲ့အတူ သေမယ်”
ထူရှန်းက အေးစက်စက် ပြောလိုက်သည်။ ရီချန်က ခေါင်းညိတ်လိုက်ပြီး ဆန်းကြယ်နတ်ဘုရားနန်းတော်သို့ ပျံသန်းသွားပြီး ဧရာမဂိတ်တံခါးကြီးမှနေ၍ နန်းတော်ထဲသို့ ဝင်လိုက်သည်။
ရီချန်သည် ဆန်းကြယ်ဧကရာဇ်စံအိမ်ထဲသို့ ရောက်သွားသောအခါ ကျန်းရီကို ချက်ချင်းကြည့်လိုက်သည်။ သို့သော် ယဉ်ရို့ပင်းက ကြားမှ ဝင်ပြောလိုက်သည်။
“အစ်မချန်... အစ်မ ကျန်းရီကို အပြစ်တင်လို့ မရဘူး။ ထူမျိုးနွယ်က အရင် စတိုက်တာ။ ကျန်းရီက ဒီကိုရောက်လာပြီး အစ်မတို့ကို ရှာမတွေ့တော့ စိုးရိမ်လာတာပေါ့။ သူက သားရဲဧကရာဇ်ကို သူနဲ့ ထွက်တွေ့ဖို့ပဲ ပြောခဲ့တာ။ ဒါပေမဲ့ ထူမျိုးနွယ်က လူတွေက ကျန်းရီကို စော်ကားပြောဆိုပြီး အနန္တသားရဲအစီအရင်ကို နှိုးပြီးတော့ ဆန်းကြယ်နတ်ဘုရားနန်းတော်ကို စတိုက်ကြတာ။ ကျန်းရီက အကြိမ်ကြိမ် ညှာခဲ့ပါတယ်...”
အစောတွင် ကျန်းရီက ယဉ်ရို့ပင်းကို စကားအနည်းငယ် ပြောခဲ့သည်။ ယဉ်ရို့ပင်းက ဉာဏ်ကောင်းသူတစ်ယောက်ဖြစ်သဖြင့် အပြင်ဘက်မှ အခြေအနေများကို မမြင်နိုင်သော်လည်း ဖြစ်ခဲ့သည်များကို ခန့်မှန်းနိုင်သည်။ ရီချန်၏ မျက်နှာပေါ်တွင် ကူကယ်ရာမဲ့သော အရိပ်အယောင်လေးတစ်ခု ထွက်ပေါ်လာသည်။ ထို့နောက် သူမ သက်ပြင်းသဲ့သဲ့ချကာ ပြောလိုက်သည်။
“ကျွန်မတို့ရဲ့ ရန်သူက ကြောက်စရာ ကောင်းလွန်းတယ်။ သူက အရာအားလုံးကို ထည့်တွက်ထားတာပဲ။ ဒီတစ်ခေါက် ကျွန်မတို့က သားရဲဧကရာဇ်မြို့ဆီတောင် မရောက်လောက်ဘူး... လမ်းမှာ ဝတ်ရုံနက်တစ်ယောက်နဲ့ တွေ့ခဲ့တာပဲ။ သူက ဦးလေးချမ်ကွေ့ကို ဓားစာခံလုပ်ထားတယ်။ ကျွန်မတို့ ဦးလေးချမ်ကွေ့ကို သွားကယ်ဖို့ လုပ်လိုက်တာနဲ့ ဝတ်ရုံနက်က ဆန်းကြယ်တဲ့ ရှောင်တိမ်းခြင်းအတတ်တစ်ခုကို သုံးပြီး ပျောက်ကွယ်သွားခဲ့တယ်...”
“ကျွန်မ လီဖေးယွီတို့ကို အဲ့ဝတ်ရုံနက်နောက် ခြေရာခံလိုက်သွားခိုင်းလိုက်တယ်။ ကျွန်မကတော့ သားရဲဧကရာဇ်မြို့ကို လျှို့ဝှက်သွားလိုက်ပြီး သားရဲဧကရာဇ်ကို အကူအညီတောင်းခဲ့တယ်။ ကျွန်မတို့ ရက်ပေါင်းများစွာ ခြေရာခံလိုက်ခဲ့ပေမယ့် အဲ့ဝတ်ရုံနက်ကို ရှာမတွေ့ခဲ့ဘူး။ အဲ့ဒါက အာရုံလွှဲတာပဲလို့ ကျွန်မတို့ သိလိုက်တဲ့အချိန်မှာ ရှင်တို့က ထူမျိုးနွယ်ဝင်တွေနဲ့ တိုက်ခိုက်နေပြီ...”
“အန်...”
ကျန်းရီ၏ မျက်ဝန်းများ အေးစက်သွားသည်။ သူ၏မျက်နှာထားကလည်း အလွန်အရုပ်ဆိုးလာသည်။ သူသည် ရီချန်တို့နှင့် အရိပ်ဧကရာဇ်၏ လူများကို မတွေ့သည့်အပြင် သားရဲဧကရာဇ်ကလည်း ထွက်မလာသဖြင့် စိုးရိမ်ကာ လောမိခဲ့ခြင်းဖြစ်သည်။ ရန်သူက ထိုသို့ဖြစ်မည်ကို ခန့်မှန်းမိ၍ ရီချန်တို့ကို အဝေးသို့ မျှားခေါ်သွားခဲ့ခြင်းဖြစ်မည်။ အကယ်၍ ရီချန်နှင့် သားရဲဧကရာဇ်တို့သာ ရှိနေခဲ့လျှင် ယနေ့ တိုက်ပွဲက ဖြစ်ချင်မှ ဖြစ်လာပေလိမ့်မည်။
‘အောင်းလုက တကယ်ပဲ ကြိုးကိုင်သူလား’
အရိပ်ဧကရာဇ်၏ လူများကလည်း ထူးဆန်းစွာ ပျောက်ဆုံးသွားခဲ့သည်။ ထို့ကြောင့် ကျန်းရီ သံသယဖြစ်လာသည်။ အရိပ်ဧကရာဇ်၏ လူများက ကျန်းရီတို့၏ လှုပ်ရှာမှုများကို ကောင်းစွာ သိထား၍ ထောင်ချောက်တစ်ခု အလွယ်တကူ ဆင်နိုင်ပေသည်။
ထို့ပြင် ထိုဝတ်ရုံနက်၏ ဆန်းကြယ်သော ရှောင်တိမ်းခြင်းအတတ်ကို သားရဲဧကရာဇ်ကပင် ခြေရာမခံနိုင်ခဲ့ပေ။ ထို့ကြောင့် ဝတ်ရုံနက်များက အဆုံးမဲ့ပင်လယ်နက်မှ မိစ္ဆာအရှင်များ ဖြစ်နိုင်သည်။ အဆုံးမဲ့ပင်လယ်နက်ထဲတွင် မိစ္ဆာအရှင်များ များစွာရှိသည်။ ဆန်းကြယ်သော ရှောင်တိမ်းခြင်းအတတ်များကို တတ်သူများလည်း များစွာရှိသည်။ အရိပ်ဧကရာဇ်ကိုယ်တိုင်ပင် ထိုကဲ့သို့သော အတတ်မျိုးကို တတ်မြောက်ထားသည်။
‘ရှောင်နူ...’
ကျန်းရီသည် အထက်ပါအတိုင်း တွေးတောမိပြီးနောက် မျက်နှာပျက်သွား၏။ အောင်းလုက သူ့အား ရှောင်နူကို အဆုံးမဲ့ပင်လယ်နက်တွင် ထားခဲ့ရန် ဖျောင်းဖျခဲ့သည်။ ယင်းမှာ သူမကို ဓားစာခံအဖြစ် ခေါ်ထားရန်အတွက်လော။ ထို့ပြင် အောင်းလုက ကျန်းရီအား ဆန်းကြယ်နတ်ဘုရားနန်းတော်ကို သွားယူရန် တိုက်တွန်းခဲ့သည်။ ထိုအရာအားလုံးက ကြိုတင်ကြံစည်ထားခြင်းလော။
အောင်းလုက ဆန်းကြယ်နတ်ဘုရားနန်းတော်ထဲတွင် နှစ်ပေါင်းသိန်းနှင့်ချီ၍ နေခဲ့သည်။ အကယ်၍ သူသာ နှစ်သိန်းနှင့်ချီ၍ ပြင်ဆင်ခဲ့ခြင်းဖြစ်လျှင် သူ၏အကြံအစည်က တွေးမကြည့်နိုင်လောက်အောင်ပင် ကြီးမားပေလိမ့်မည်။ နှစ်ပေါင်းခုနစ်သိန်းကျော် နေထိုင်ခဲ့သော မိစ္ဆာအိုကြီးတစ်ယောက်၏ အကြံအစည်က မည်မျှ ကြောက်မက်ဖွယ်ကောင်းမည်နည်း။ တွေးကြည့်၍ပင် မရနိုင်ပေ။
“ကောင်းပြီ... ကျန်းရီ ရှင် ဘာမှ ဆက်မပြောနဲ့တော့။ ဒီကိစ္စကို ကျွန်မပဲ သွားညှိုနှိုင်းမယ်”
ရီချန်သည် ကျန်းရီ တိတ်ဆိတ်သွားသည်ကို မြင်၍ ထရပ်ကာ ပြောလိုက်သည်။ ကျန်းရီက အရူးတစ်ယောက် မဟုတ်ပေ။ သူသည် သူများ၏ ဓားတစ်ချောင်းအဖြစ် ထူရှန်းနှင့် သူသေကိုယ်သေ တိုက်ခိုက်မည် မဟုတ်ချေ။ ထို့ကြောင့် သူ ခေါင်းညိတ်ပြလိုက်ပြီး ရီချန်ကို နန်းတော်အပြင်သို့ တည်နေရာပြောင်းရွှေ့ပေးလိုက်သည်။ ထူရှန်း၏ တောင်းဆိုချက်က အရမ်းတရားမလွန်လျှင် သူ လိုက်လျောပေးမည်ဖြစ်သည်။ သူ့ဘက်က ဆုံးရှုံးမှု မရှိခဲ့သော်လည်း ထူမျိုးနွယ်ဝင်များစွာ သေဆုံးခဲ့ရသည် မဟုတ်ပါလား။
ရွှီး...
ရီချန်သည် နန်းတော်အပြင်သို့ ရောက်သည်နှင့် ထူရှန်းဆီသို့ တိုက်ရိုက်ပျံသန်းသွားလိုက်သည်။ သူမသည် သူ့အရှေ့သို့ ရောက်သောအခါ လက်ဆုပ်၍ ပြောလိုက်သည်။
“ဧကရာဇ်ထူရှန်း... ဒီကိစ္စက တော်တော်လေး ရှုပ်ထွေးပါတယ်။ ကျွန်မတို့အကုန်လုံး လှည့်စားခံလိုက်ရပြီ။ ကျွန်မတို့ ဘယ်လို အာရုံလွှဲခံခဲ့ရလဲဆိုတာကို ဧကရာဇ်လည်း သိတယ်မလား။ ထူမျိုးနွယ်ဝင်တွေလည်း သွေးထိုးလှုံ့ဆော် ခံခဲ့ရတယ်လို့ ကျွန်မထင်တယ်။ ကျန်းရီက သားရဲဧကရာဇ်မြို့ကို ရောက်လာပေမယ့် ဘာမှ မလုပ်ခဲ့ပါဘူး။ ဒါပေမဲ့ ထူမျိုးနွယ်ဝင်တွေက အနန္တသားရဲအစီအရင်ကို နှိုးပြီး တိုက်ခိုက်ခဲ့တယ်... ပြီးတော့ သူတို့က ကျန်းရီကိုလည်း စော်ကားခဲ့သေးတယ်...”
“ဧကရာဇ် မယုံရင် သူတို့ကို မေးကြည့်နိုင်ပါတယ်။ ဧကရာဇ်ထူရှန်း... ကျန်းရီက ဒီတစ်ခေါက် သူမှားခဲ့တယ်ဆိုတာကို ဝန်ခံပြီးပါပြီ။ ကျွန်မတို့ ဒီကိစ္စကို အေးအေးချမ်းချမ်း ဖြေရှင်းနိုင်ဖို့ မျှော်လင့်ပါတယ်။ ဘာကိုမှ ဆုံးဖြတ်ချက်မချခင် ဒီတိုက်ပွဲအကြောင်းကို အရင်စုံစမ်းကြတာပေါ့။ ကျွန်မတို့ အချင်းချင်း တိုက်ခိုက်နေမယ်ဆိုရင် ရန်သူက ဝမ်းသာမှာပဲ”
ထူရှန်းသည် ရီချန်၏ စကားများကို ကြားလိုက်သောအခါ အတန်ငယ် ဒေါသပြေသွားသည်။ ရီချန်သည် ကျန်းရီက သူ့အမှားကို ဝန်ခံလိုက်ပြီဟု ပြောခဲ့သည်။ ထို့ကြောင့် ထူရှန်း အနည်းငယ် ကျေနပ်သွားသည်။ ထူရှန်းသည် အဘယ်ကြောင့် ကျန်းရီက ဤတစ်ခေါက် သားရဲဧကရာဇ်မြို့သို့ လာခဲ့ခြင်းဖြစ်ကြောင်းကို သိထားသည်။ ရီချန်က သူ့အား အရာအားလုံး ပြောပြခဲ့ပြီးပြီဖြစ်သည်။ သို့ဖြစ်ရာ ယခုကိစ္စက နားလည်မှုလွဲခြင်းဖြစ်ဖို့များသည်။
ထူရှန်းသည် ထူမျိုးနွယ်မှ အကြီးအကဲအချို့ကို လှမ်းကြည့်ကာ မေးမြန်းလိုက်သည်။ ထိုအကြီးအကဲများက ဖြစ်ခဲ့သည်များကို ပုံကြီးချဲ့၍ ပြောဆိုကြသည်။ သို့သော် ထူရှန်းက အရူးမဟုတ်ပေ။ သူသည် စကားအနည်းငယ်ကို ကြားပြီးသည်နှင့် အော်ပြောလိုက်သည်။
“အမှန်အတိုင်းပြောစမ်း... ဘာဖြစ်ခဲ့တာလဲ”
“အာ...”
နတ်ဘုရားတစ်ပိုင်း အကြီးအကဲအချို့သည် ထူရှန်း ဒေါသထွက်လာသည်ကို တွေ့လိုက်၍ ကြောက်ရွံ့သွားကြ၏။ ထို့နောက် အကြီးအကဲတစ်ယောက်က မချိတင်ကဲဖြင့် ပြောလိုက်သည်။
“ကျုပ်တို့လည်း ဘာဖြစ်ခဲ့တယ်ဆိုတာကို မသိပါဘူး။ ကျန်းရီ ရောက်လာတာနဲ့ ကျုပ်တို့ အလိုလို ထွက်သွားမိကြပါတယ်။ ပြီးတော့ ကျန်းရီက ထူမျိုးနွယ်ကို ဖျက်ဆီးပြီး ကျုပ်တို့အကုန်လုံးကို သတ်ပစ်တော့မှာလို့လည်း ခံစားခဲ့ရတယ်။ အဲ့အချိန်တုန်းက ကျုပ်တို့ စိတ်ထဲမှာ အတွေးတစ်ခုပဲ ရှိခဲ့တယ်... အဲ့ဒါက ကျန်းရီနဲ့အတူ အသေခံဖို့ပါပဲ။ အဲ့ဒါကြောင့် ကျုပ်တို့ အနန္တသားရဲအစီအရင်ကို နှိုးခဲ့တာပါ...”
“ထူးဆန်းလိုက်တာ... အဲ့ဒါက မိစ္ဆာအတတ် ဖြစ်နေမလား”
ထူရှန်း မျက်လုံးပြူးသွားသည်။ လူများစွာ၏ စိတ်အပေါ် သက်ရောက်နိုင်သည့် အတတ်မှာ စွမ်းအားကြီး မိစ္ဆာအတတ်တစ်ခုသာ ဖြစ်နိုင်သည်။
ရီချန်၊ လီဖေးယွီနှင့် အခြားသူများကလည်း အံ့အားသင့်ဟန်ဖြင့် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။ ထိုစဉ် လီဖေးယွီက တစ်စုံတစ်ခုကို တွေးမိသွားပြီး ပြောလိုက်သည်။
“ကျုပ်တို့ လုံမျိုးနွယ်နဲ့ တိုက်ခိုက်ခဲ့တုန်းကလည်း အဲ့လိုမျိုး ဖြစ်ခဲ့တာပဲ။ အခုကိစ္စသာ ဖြစ်မလာရင် ကျုပ် ဆက်စပ်မိမှာ မဟုတ်ဘူး။ အဲ့တုန်းက ရှီးမျိုးနွယ်က နတ်ဘုရားတစ်ပိုင်းတွေက ကျုပ်တို့ကို လာဖျန်ဖြေခဲ့ကြတယ်။ ဒါပေမဲ့ ရှီးမျိုးနွယ်က လုံမျိုးနွယ်နဲ့ ပူးပေါင်းပြီး ကျုပ်တို့ကို သတ်တော့မှာလို့ ကျုပ် ရုတ်တရက်ကြီး တွေးမိခဲ့တယ်။ အဲ့ဒါကြောင့် ကျုပ်တို့ သူတို့ကို တိုက်ခိုက်ခဲ့တာပဲ...”
“ဟုတ်တယ်...”
ရီချန်ကလည်း ဝင်ပြောလိုက်သည်။
“မကြာသေးခင်တုန်းက အရှေ့ဘက် တော်ဝင်နယ်မြေမှာ ဖြစ်ခဲ့တဲ့ တိုက်ပွဲတွေအကုန်လုံးက အသေးအဖွဲကိစ္စလေးတွေကနေ စဖြစ်ခဲ့တာပဲ။ နှစ်ဘက်စလုံးက သိုင်းပညာရှင်တွေက သူတို့ကိုယ်သူတို့ မထိန်းနိုင်တော့ဘဲ တိုက်ခိုက်ခဲ့ကြတာ။ အားလုံး ပြီးဆုံးသွားမှ သူတို့က သူတို့ရဲ့လုပ်ရပ်တွေကို နောင်တရကြတယ်။ ကြည့်ရတာတော့ အဲ့လိုတွေဖြစ်ရတာ စွမ်းအားကြီး မိစ္ဆာအတတ်ကြောင့်ဖြစ်မယ်။ အခု အရှေ့ဘက် တော်ဝင်နယ်မြေမှာ စွမ်းအားကြီး မိစ္ဆာတွေ ပုန်းအောင်းနေလောက်တယ်။ အဲ့မိစ္ဆာတွေက ကြောက်စရာကောင်းတဲ့ မိစ္ဆာအတတ်တွေကို သုံးနေတာဖြစ်မယ်။ သူတို့ရဲ့ ရည်ရွယ်ချက်က လူသားတွေကို အချင်းချင်း ပြန်တိုက်ခိုက်ခိုင်းဖို့ပဲ”
“တကယ်ပဲ အောင်းလုလား”
ကျန်းရီသည် ဆန်းကြယ်ဧကရာဇ်စံအိမ်ထဲမှနေ၍ အပြင်ဘက်မှ စကားများကို ရှင်းရှင်းလင်းလင်း ကြားနေရသည်။ ထိုစကားများကို ကြားလိုက်သောအခါ သူ သိသိသာသာ မျက်နှာပျက်သွားသည်။ မိမိအယုံကြည်ရဆုံးသူ၏ သစ္စာဖောက်မှုကို ခံရသော ခံစားချက်က မခံမရပ်နိုင်အောင် ဆိုးဝါးပေသည်။ ထို့ပြင် ရှောင်နူက အဆုံးမဲ့ပင်လယ်နက်တွင် ရှိနေပေသေးသည်။
***