← Chapters

ကျွန်မရဲ့ အဘိုး တစ်ခုခုဖြစ်ပြီ

Vol. 84 Ch. 1163

ကျွန်မရဲ့ အဘိုး တစ်ခုခုဖြစ်ပြီ

Vol. 84 Ch. 1163

အားလုံးသည် ထိုကိစ္စကို ဆက်၍ ဆွေးနွေးပြီးသောအခါ အဆုံးမဲ့ပင်လယ်နက်ကို ပို၍ သံသယဝင်လာကြသည်။

မိစ္ဆာမျိုးနွယ်နှင့် လူသားမျိုးနွယ်တို့က အားပြိုင်နေကြသည်။ တစ်ဘက်က တစ်ဘက်ကို ရှင်းပစ်လိုနေကြသည်။ အဆုံးမဲ့ပင်လယ်နက်သည် ပြီးခဲ့သော နှစ်များအတွင်း အချိန်ကောင်းကို စောင့်ကာ အင်အားစုစည်းနေခဲ့သည်။ အထူးသဖြင့် အောင်းလု ပြန်ရောက်လာပြီးနောက်တွင် သူတို့သည် မှော်အစီအရင်များစွာ တည်ဆောက်ခဲ့သည်။ အဆုံးမဲ့ပင်လယ်နက်ထဲမှ သန်းထောင်ချီသော မိစ္ဆာများက တစ်နေ့ထက်တစ်နေ့ ပိုစွမ်းအားကြီးလာကြသည်။

အောင်းလု၏ သက်တမ်းက နှစ်တစ်သန်းကျော်သည်။ လက်ရှိတွင် သူ့အသက်က နှစ်ခုနစ်သိန်းကျော်သာ ရှိသေးသည်။ သူ ဆန်းကြယ်နတ်ဘုရားနန်းတော်ထဲတွင် နှစ်ခုနစ်သိန်းကျော် အဖမ်းခံထားခဲ့ရစဉ်က မိစ္ဆာမျိုးနွယ်သည် ဆန်းကြယ်ဧကရာဇ်နှင့် လူသားမျိုးနွယ်၏ သတ်ဖြတ်မှုကို ခံခဲ့ရသည်။ ထို့ကြောင့် အောင်းလုက လူသားမျိုးနွယ်ကို လက်စားချေ၍ မိစ္ဆာမျိုးနွယ် ပြန်လည်ဦးမော့လာအောင် လုပ်လိုခြင်းဟူသော ယူဆချက်က ယုံနိုင်လောက်သောအရာဖြစ်သည်။

မိစ္ဆာမျိုးနွယ်က အလွန်အင်အားကြီးသည်။ မိစ္ဆာမျိုးနွယ်တွင် မရေမတွက်နိုင်သော မိစ္ဆာအရှင်များရှိသည်။ ထို့ပြင် ကျန်းရီပင် ပုံရိပ်ယောင်နတ်ဘုရားအတတ်ကို သိမြင်နားလည်နိုင်လျှင် မိစ္ဆာမျိုးနွယ်ကလည်း သိမြင်နားလည်နိုင်ပေလိမ့်မည်။ သံသယဖြစ်ဖွယ်အကောင်းဆုံးအရာမှာ မကြာသေးခင်က အရှေ့ဘက် တော်ဝင်နယ်မြေတွင် ဖြစ်ခဲ့သော ပဋိပက္ခများမှာ တူညီသော အကြောင်းတစ်ခုကြောင့် ဖြစ်လာခြင်းပင်။ ထိုအကြောင်းမှာ စိုးရိမ်ထိတ်လန့်မှုကြောင့် စတင် တိုက်ခိုက်မိကြခြင်းဖြစ်သည်။ လူပေါင်းများစွာနှင့် နတ်ဘုရားတစ်ပိုင်းများစွာ၏ စိတ်အပေါ် မည်သူမှ သတိမပြုမိစေဘဲ သက်ရောက်နိုင်ရန်မှာ မိစ္ဆာအတတ်များသာ တတ်နိုင်သော ကိစ္စဖြစ်သည်။

ထို့ပြင် ဆန်းကြယ်သော ဝတ်ရုံနက်၏ ထူးဆန်းသော ရှောင်တိမ်းခြင်းအတတ်ကို သားရဲဧကရာဇ်ပင် ခြေရာမခံနိုင်ခဲ့ချေ။ ထူရှန်းသည် ထိုကဲ့သို့သော အတတ်မျိုးကို ယခင်က တစ်ခါမှ မမြင်ဖူးခဲ့ကြောင်း ဝန်ခံခဲ့သည်။ သို့သော် ထိုအတတ်က အဆုံးမဲ့ပင်လယ်နက်ရှိ မိစ္ဆာမျိုးနွယ်မှ မိစ္ဆာအတတ်ဖြစ်နေလျှင် ထူရှန်း မမြင်ဖူးခြင်းကို အလွယ်တကူ ရှင်းပြနိုင်မည်ဖြစ်သည်။

“အောင်းလု... မင်းက ငါ့ရဲ့ ကမ္ဘာ့ရန်သူပဲ”

ထိုအခိုက်တွင် သားရဲဧကရာဇ်သည် အရာအားလုံး၏ နောက်ကွယ်မှသူမှာ မိစ္ဆာမျိုးနွယ်ဖြစ်ကြောင်း သံသယမရှိတော့ပေ။ ထို့ကြောင့် သူသည် ရှေးဟောင်းသားရဲကြီးတစ်ကောင် ဟိန်းသကဲ့သို့ အော်လိုက်သည်။ သူ၏ အောက်သံက အလွန်ပြင်းထန်သဖြင့် ရီချန်၏ နားစည်ပင် နာသွားသည်။ အကယ်၍ လီဖေးယွီက သူမအရှေ့သို့ တက်၍ အသံလှိုင်းများကို မကာပေးလိုက်ပါက သူမ ထိုထက်ပင် ပိုဆိုးဆိုးဝါးဝါး ခံလိုက်ရနိုင်သည်။

“ဧကရာဇ်ထူရှန်း...”

ရီချန်သည် သားရဲဧကရာဇ် ဒေါသပြေသည့်အချိန်အထိ စောင့်ပြီးမှ လက်ဆုပ်ကာ ပြောလိုက်သည်။

“ကျွန်မ အမြင်ကတော့ အခုအချိန်မှာ အရေးကြီးဆုံးက ကျန်တဲ့ဧကရာဇ်တွေ၊ ထိပ်တန်းလျှို့ဝှက်ဂိုဏ်းဆယ်ဂိုဏ်းနဲ့ ထိပ်တန်းရှေးဟောင်းဂိုဏ်းဆယ်ဂိုဏ်းကို စုဝေးပြီး အဲ့ကိစ္စကို အတူဆွေးနွေးဖို့ပဲလို့ မြင်တယ်။ လက်ရှိအခြေအနေကို ပိုမဆိုးလာအောင် ကာကွယ်နိုင်ဖို့က ကျွန်မတို့ စည်းလုံးနေမှရမယ်။ မဟုတ်ရင် လူသားမျိုးနွယ်က သေချာပေါက် ပျက်သုဉ်းသွားလိမ့်မယ်”

“ဆွေးနွေးရမယ်ဟုတ်လား... ဘာကိုဆွေးနွေးရမှာလဲ”

ထူရှန်းက ကြိမ်းမောင်းလိုက်ပြီး ဆန်းကြယ်နတ်ဘုရားနန်းတော်ကို ဒေါသတကြီးကြည့်ကာ ပြောလိုက်သည်။

“အဲ့ဒါတွေ အကုန်လုံးက အဲ့ကောင်လေးရဲ့ အပြစ်ပဲ။ အခု မြောက်ဘက်ဧကရာဇ်နဲ့ တိုက်ပွဲဧကရာဇ်တို့က မြောက်ဘက်ဧကရာဇ်မြို့နဲ့ ဆန်းကြယ်ဧကရာဇ်မြို့ကနေပြီး ထွက်လာပါဦးမလား။ သူတို့က ထွက်လာမှာ မဟုတ်ဘူး... ပြီးတော့ မင်းရဲ့ အဘိုးကလည်း ပင်လယ်နက်ထဲမှာ ပိတ်မိနေတယ်၊ ငါ့ရဲ့ သားရဲဧကရာဇ်မြို့ကလည်း ပျက်စီးသွားပြီ.. ဘာများ ဆွေးနွေးစရာ ရှိသေးလို့လဲ”

“ရှင်...”

ရီချန်သည် ဗုဒ္ဓဧကရာဇ်က ပင်လယ်နက်ထဲတွင် ပိတ်မိနေကြောင်းကို မသိသေးပေ။ ရီမျိုးနွယ်ကလည်း သူမကို အကြောင်းကြားမထားချေ။ ထို့ကြောင့် သူမ ရုတ်ခြည်း မျက်နှာပျက်သွားပြီး ခပ်သွက်သွက် မေးလိုက်သည်။

“ဧကရာဇ်ထူရှန်း... ဧကရာဇ် ဘာပြောလိုက်တာလဲ။ ကျွန်မရဲ့ အဘိုးက ပင်လယ်နက်ထဲမှာ ပိတ်မိနေတာလား”

“မင်း မသိဘူးလား”

ထူရှန်းက ရီချန်ကိုကြည့်ကာ ပြောလိုက်သည်။

“မင်းအဘိုးတင် မဟုတ်ဘူး... ညဧကရီ၊ ယဉ်ဧကရာဇ်နဲ့ ရွှမ်ဧကရာဇ်တို့လည်း ပိတ်မိနေတာ။ ဟူး... ဆန်းကြယ်နတ်ဘုရားနန်းတော် ပြန်ထွက်ပေါ်လာရင် ကပ်ဘေးတစ်ခု ကျလာလိမ့်မယ်၊ လူသားမျိုးနွယ်လည်း မျိုးတုံးသွားလိမ့်မယ်။ ဆန်းကြယ်ဧကရာဇ်က တကယ်ပဲ အနာဂတ်ကို မြင်ခဲ့တာပဲ။ သူ့ရဲ့စကားတွေက အမှန်ပဲ။ ကောင်းကင်ကြယ်တာရာနယ်နမိတ်က တကယ်ကို အဆုံးသတ်နဲ့ ရင်ဆိုင်ရတော့မှာလား”

ရီချန်က လီဖေးယွီကို ကြည့်လိုက်၏။ လီဖေးယွီက ခေါင်းညိတ်ပြကာ ပြောလိုက်သည်။

“ကျုပ်လည်း မကြာသေးခင်က အဲ့သတင်းကို ရခဲ့တယ်။ သခင်မလေးရဲ့ အဖေက လူတွေခေါ်ပြီး သူတို့ကို သွားကယ်နေပါပြီ။ သခင်မလေးရဲ့ အဘိုးနဲ့ တခြားဧကရာဇ်တွေက မယုံနိုင်လောက်အောင် စွမ်းအားကြီးပါတယ်။ သူတို့ အထိအခိုက်မရှိ လွတ်မြောက်လာမှာပါ။ သခင်မလေးရီ မစိုးရိမ်ပါနဲ့”

“သွားမယ်”

ရီချန်သည် ဗုဒ္ဓဧကရာဇ်အတွက် ပူပန်လာ၍ သားရဲဧကရာဇ်ကို အရေးမစိုက်နိုင်တော့ဘဲ လီဖေးယွီတို့အုပ်စုကို တစ်ချက်ကြည့်ကာ ဆန်းကြယ်နတ်ဘုရားနန်းတော်ဆီသို့ ပျံသန်းသွားလိုက်သည်။ ကျန်းရီကလည်း ထွက်ခွာရန် အသင့်ပြင်ထားပြီးပေပြီ။ သားရဲဧကရာဇ်မြို့တွင် သူ့အဘိုးနှင့် သူ့မိတ်ဆွေများကို မတွေ့သဖြင့် ဆက်နေလျှင်လည်း ဘာမှထူးမည် မဟုတ်ပေ။

ရွှီး...

သို့သော် ဤတစ်ခေါက်တွင် ဆန်းကြယ်နတ်ဘုရားနန်းတော်က တုန်ခါရုံသာ တုန်ခါသွားပြီး အာကာပြင်အက်ကြောင်းကို မဖန်တီးနိုင်လိုက်ချေ။ အာကာပြင်က အတန်ငယ်သာ တုန်ခါသွားသည်။ ဆန်းကြယ်နတ်ဘုရားနန်းတော်သည် ကောင်းကင်ရှောင်တိမ်းခြင်းကို မသုံးနိုင်လိုက်ပေ။

“ဟွန်း...”

သားရဲဧကရာဇ်က ခပ်လှောင်လှောင်ရယ်ကာ ပြောလိုက်သည်။

“ကျန်းရီ... ငါတို့ရဲ့ နတ်ဘုရားချုပ်နှောင်အစီအရင်က ဟန်ပြသက်သက်ပဲလို့ မင်းက ထင်နေတာလား။ နတ်ဘုရားချုပ်နှောင်အစီအရင်ကို နှိုးလိုက်တာနဲ့ မသေမျိုးတစ်ပါးတောင် အဖမ်းခံလိုက်ရမှာပဲ။ မင်းက ထူမျိုးနွယ်ဝင်တွေအများကြီးကို သေစေခဲ့တယ်... မင်း ဒီအတိုင်း ထွက်သွားနိုင်မယ်လို့ ထင်လို့လား”

ကျန်းရီ၏ မျက်နှာထား အေးစက်သွားသည်။ ရီချန်နှင့် ယဉ်ရို့ပင်းတို့က သူ့ကို တားရန် လျင်မြန်စွာ ကြိုးစားလိုက်ကြ၏။ ထို့ကြောင့် ကျန်းရီ ‌ဒေါသကို ထိန်း၍ တည်ငြိမ်စွာ အသံပို့လွှတ်လိုက်သည်။

“အဲ့လိုဆို သားရဲဧကရာဇ်က ဘာလိုချင်တာလဲ။ ဒီကိစ္စက နားလည်မှုလွဲတယ်ဆိုတာ အသိသာချည်းပဲ။ ပြီးတော့ ခင်ဗျားရဲ့ မျိုးနွယ်က အရင်စတိုက်ခဲ့တာ။ ကျွန်တော်က ကိုယ့်ကိုယ်ကိုယ် ကာကွယ်ခဲ့ရုံပဲ”

“အစကတည်းက မင်း ရောက်မလာခဲ့ဘူးဆိုရင် ဘာပြဿနာမှာ ဖြစ်လာမှာ မဟုတ်ဘူး”

ထူရှန်းက အေးစက်စက် ပြောလိုက်၏။ ထို့နောက် သူ ခေတ္တမျှ စဉ်းစားကာ ဆက်ပြောလိုက်သည်။

“မင်း အပြင်ကို ထွက်လာပြီး ကျဆုံးသွားတဲ့ ထူမျိုးနွယ်ဝင်တွေကို ဒူးထောက်ပြီး သုံးကြိမ်ဦးချမယ်ဆိုရင် ဒါမှမဟုတ် ရှေးဟောင်းအသုံးအဆောင် အခုတစ်ရာ ပေးမယ်ဆိုရင် ငါ ဒီကိစ္စကို မေ့ပစ်လိုက်မယ်။ မဟုတ်ရင်တော့ ငါတို့ တမလွန်ကို အတူတူသွားကြရုံပေါ့”

“ဟားဟားဟား....”

ကျန်းရီ ဒေါသထွက်သွားပြီး ကျယ်လောင်စွာ အော်ရယ်လိုက်သည်။ ယဉ်ရို့ပင်းနှင့် ရီချန်တို့ကသာ သူ့ကို မတားထားလျှင် သူ ထပ်မံသောင်းကျန်းလိုက်ပေပြီ။ သူ အေးစက်စက် ပြန်ပြောလိုက်သည်။

“ခင်ဗျားက ကျွန်တော့်အပေါ် အပြစ်ပုံချချင်နေတာလား။ ကောင်းပြီလေ... ခင်ဗျားက ကျွန်တော့်မိသားစုနဲ့ မိတ်ဆွေတွေကို ကယ်ပေးဖို့ လုပ်ခဲ့တယ်ဆိုတော့ ကျွန်တော် ခင်ဗျားကို ရှေးဟောင်းအသုံးအဆောင်တစ်ခု ‌ပေးမယ်။ ဒါပေမဲ့ ခင်ဗျား ထပ်ပြီး ပေါက်ကရတွေ ပြောနေဦးမယ်ဆိုရင်တော့ ကျွန်တော် တစ်ခုမှ ပေးမှာ မဟုတ်ဘူး။ ခင်ဗျား တိုက်ခိုက်ချင်ရင် ကျွန်တော် ခင်ဗျားနဲ့ အဆုံးထိ တိုက်ခိုက်မယ်။ ဒီတစ်ခေါက်တော့ ကျွန်တော် အာမခံတယ်။ ခင်ဗျားတို့ ကျွန်တော့်ကို မသတ်နိုင်ရုံတင်မကဘူး ကျွန်တော်က ခင်ဗျားတို့ မျိုးနွယ်တစ်ခုလုံးကို သတ်ပစ်မယ်။ အခုလောက်ဆို ခင်ဗျား ကျွန်တော့်အကြောင်းကို သိနေလောက်ပါပြီ”

“မင်း...”

သားရဲဧကရာဇ်၏ သတ်ဖြတ်အရှိန်အဝါက ရုတ်ခြည်း ခက်ထန်လာ၏။ သူ၏နဂါးမျက်လုံးများက ပြူးကျယ်လာပြီး သူ၏မျက်နှာက သတ္တုကဲ့သို့ အေးစက်သွားသည်။ မြို့တွင်းမှ အငွေ့အသက်ကလည်း အလွန်တင်းမာလာသည်။ ထူမျိုးနွယ်အကြီးအကဲများကလည်း အရှိန်အဝါများ ထုတ်လွှတ်လိုက်ကြသည်။ သူတို့အားလုံးသည် သားရဲဧကရာဇ်က အမိန့်ပေးလိုက်သည်နှင့် အစွမ်းကုန် တိုက်ခိုက်ကြတော့မည်ဖြစ်သည်။

ရွှီး...

မိနစ်ဝက်ကြာပြီးနောက် တည်နေရာပြောင်းရွှေ့အစီအရင်က ရုတ်တရက် လင်းလက်လာ၏။ တောက်ပသော အဝါရောင်ဝတ်ရုံ ဝတ်ဆင်ထားသော သိုင်းသမားတစ်ယောက်က မြို့ထဲသို့ တည်နေရာပြောင်းရွှေ့လာသည်။ သူသည် ဆန်းကြယ်နတ်ဘုရားနန်းတော်ကို မြင်လိုက်သောအခါ ချက်ချင်း အော်ပြောလိုက်သည်။

“အဲ့မှာ သခင်မလေးချန် ရှိပါသလား”

ကျန်းရီက အပြင်မှ အသံကို ကြားနိုင်သော်လည်း ရီချန်က မကြားနိုင်ပေ။ ထို့ကြောင့် ကျန်းရီပဲ အေးစက်စက် ပြန်ဖြေလိုက်သည်။

“ရှိတယ်... ဘာကိစ္စရှိလို့လဲ”

ထိုလူက လက်ဆုပ်၍ အော်ပြောလိုက်သည်။

“ရီမျိုးနွယ်က သခင်မလေးချန်ကို ဗုဒ္ဓဧကရာဇ်မြို့ဆီ ချက်ချင်း ပြန်လာခဲ့ဖို့ အကြောင်းလိုက်ပါတယ်။ ကိစ္စကြီးတစ်ခု ဖြစ်ခဲ့လို့ပါ”

“ဟမ်...”

ကျန်းရီသည် ထိုလူပြောသောစကားကို ရီချန်အား ချက်ချင်း ပြန်ပြောပြလိုက်သည်။ ရီချန်သည် ချက်ချင်းပင် ကျန်းရီအား သူမကို အပြင်ဘက်သို့ တည်နေရာပြောင်းရွှေ့ပေးရန် ပြောလိုက်သည်။ သူမသည် အပြင်သို့ ရောက်သောအခါ ထိုလူကို လှမ်းကြည့်လိုက်ပြီး သူက ရီမျိုးနွယ်မှ ဖြစ်ကြောင်း အတည်ပြုလိုက်သည်။ ထို့နောက် သူမ အသံပို့လွှတ်ကာ မေးလိုက်လေသည်။

“ဘာဖြစ်ခဲ့တာလဲ”

ထိုလူက ခပ်သွက်သွက် ပြန်ဖြေလိုက်သည်။

“ရှစ်မျိုးနွယ်၊ မာမျိုးနွယ်နဲ့ စစ်မျိုးနွယ်တို့က အင်အားပူးပေါင်းပြီး ဗုဒ္ဓဒေသကို တိုက်ခိုက်နေကြပါတယ်။ မြို့တစ်ဒါဇင်ကျော်လောက် ကျရှုံးသွားပါပြီ”

“ဘာ...”

ရီချန် ချက်ချင်းပင် မျက်နှာပျက်သွားသည်။ ထို့နောက် သူမသည် သားရဲဧကရာဇ်ထံသွားကာ အခြေအနေကို ရှင်းပြလိုက်ပြီး တောင်းဆိုလိုက်သည်။

“ဧကရာဇ်ထူရှန်း... အခြေအနေက ဆက်ပြီးတော့ ဆိုးလာမယ်ဆိုရင် အရှေ့ဘက် တော်ဝင်နယ်မြေတစ်ခုလုံး ပျက်စီးသွားမှာပါ။ အခု ကျွန်မတို့အချင်းချင်း မတိုက်ခိုက်ဘဲ နေလို့ရမလား။ ကျွန်မ ကျန်းရီကိုယ်စား ဆုံးဖြတ်ပေးပါမယ်။ ထူမျိုးနွယ်ကို ရှေးဟောင်းအသုံးအဆောင်သုံးခု ပေးပါမယ်။ အဲ့လိုဆိုရင် အဆင်ပြေမလား”

“ကောင်းပြီ... ငါ မင်းရဲ့မျက်နှာကို ထောက်ပေးလိုက်မယ်”

သားရဲဧကရာဇ်က ခေါင်းညိတ်ကာ ပြောလိုက်သည်။ သူ၏မျက်နှာထားက တည်ငြိမ်မှုနှင့် အံ့အားသင့်မှုတို့ ရောထွေးနေသည်။ ဧကရာဇ်ကိုးပါးမျိုးနွယ်စုက အလွန်ဩဇာအာဏာကြီးကာ ပြိုင်ဘက်ကင်းသည်။ သို့သော် ယခုတွင် ထိုရှေးဟောင်းမျိုးနွယ်သုံးခုက ရူးသွပ်သွားခြင်းလော။ သူတို့က ရီမျိုးနွယ်ကိုပင် တိုက်ခိုက်ဝံ့သည်လော။

ရီချန်သည် ဆန်းကြယ်နတ်ဘုရားနန်းတော်သို့ ပြန်သွားလိုက်ပြီး ကိစ္စအားလုံးကို ကျန်းရီအား ရှင်းပြလိုက်သည်။ ကျန်းရီသည်လည်း ထူမျိုးနွယ်နှင့် အချိန်ဖြုန်းမနေလိုတော့ပေ။ သူ့တွင် ရှေးဟောင်းအသုံးအဆောင်များစွာ ရှိသည်။ ထူမျိုးနွယ်ကို သုံးခု ပေးရန် သူ ဝန်မလေးပေ။ အကယ်၍ သူတို့ တစ်ရက်နှောင့်နှေးသွားလျှင် ရီမျိုးနွယ်အတွက် ပို၍အန္တရာယ်များသွားနိုင်သည်။ ဗုဒ္ဓဧကရာဇ်နှင့် ဗုဒ္ဓအင်ပါယာတို့က သူတို့နှင့်အတူ ရီမျိုးနွယ်မှ နတ်ဘုရားတစ်ပိုင်းများစွာကို ခေါ်သွားခဲ့သည်။ ထို့ကြောင့် လက်ရှိတွင် အရှေ့ဘက် တော်ဝင်နယ်မြေ၌ ရီမျိုးနွယ်မှ သိုင်းပညာရှင်များစွာ ရှိမနေချေ။

သို့သော် ကျန်းရီသည် ထူမျိုးနွယ်ကို မျက်နှာသာ မပေးလိုပေ။ ထို့ကြောင့် သူသည် အဖိုးမတန်ဆုံး ရှေးဟောင်းအသုံးအဆောင် သုံးခုကို ရွေး၍ သားရဲဧကရာဇ်ထံ ပစ်ပေးလိုက်ပြီး အေးစက်စက် ပြောလိုက်သည်။

“နတ်ဘုရားချုပ်နှောင်အစီအရင်ကို ဖယ်ပေးတော့”

သားရဲဧကရာဇ်က ရှေးဟောင်းအသုံးအဆောင်သုံးခုကို များစွာအရေးမစိုက်ပေ။ သူက သိက္ခာကျ မခံလိုက်ခြင်းသာ။ အမှန်တွင် သူသည်လည်း ကျန်းရီနှင့်အတူ မသေလိုပေ။ အရှေ့ဘက် တော်ဝင်နယ်မြေမှ အခြေအနေက ပို၍ ရှုပ်ထွေးလာနေသည်။ အကယ်၍ ဤနေရာတွင် သူတို့နှစ်ယောက်စလုံး သေဆုံးသွားပါက ထူမျိုးနွယ်လည်း ပျက်သုဉ်းသွားပေလိမ့်မည်။ သားရဲလူသားမျိုးနွယ်ကလည်း မျိုးတုံးသွားမည်ဖြစ်သည်။

သားရဲဧကရာဇ်သည် သူ့လူများအား နတ်ဘုရားဖမ်းချုပ်အစီအရင်ကို ပြန်ဖယ်ခိုင်းလိုက်၏။ အစီအရင် ပျောက်ကွယ်သွားသည်နှင့်ချက်ချင်း ကျန်းရီသည် ဆန်းကြယ်နတ်ဘုရားနန်းတော်ကို ကောင်းကင်ရှောင်တိမ်းခြင်း သုံးစေ၍ အရှေ့မြောက်ဘက်သို့ ဦးတည်သွားလိုက်လေသည်။

“ရှစ်မျိုးနွယ်၊ မာမျိုးနွယ်နဲ့ စစ်မျိုးနွယ်က ရူးသွားတာလား။ သူတို့က ရီမျိုးနွယ်ကို ဖျက်ဆီးနိုင်မယ်ဆိုရင်တောင် အဲ့ဒါက သူတို့အတွက် ဘာအကျိုးရှိလို့လဲ။ မင်းရဲ့အဘိုးနဲ့ အဖေ ပြန်ရောက်လာတဲ့အခါကျရင် အဲ့မျိုးနွယ်သုံးခုက သူတို့ကို ရင်ဆိုင်နိုင်မှာမို့လို့လား”

ကျန်းရီသည် ဆန်းကြယ်နတ်ဘုရားနန်းတော်ကို ထိန်းချုပ်နေရင်း စိတ်ဝင်တစား မေးလိုက်သည်။ ရီချန်၏ မျက်ဝန်းများထဲတွင် အံ့အားသင့် တုန်လှုပ်မှုများနှင့် ပြည့်နှက်နေသည်။ ရုတ်တရက် သူမ မျက်ရည်ဝဲတက်လာပြီး အသံတုန်တုန်ယင်ယင်ဖြင့် ပြောလိုက်သည်။

“လွန်ခဲ့တဲ့ နှစ်တစ်သိန်းတုန်းက ကျွန်မတို့မျိုးနွယ်က အဲ့မျိုးနွယ်သုံးခုကို ဖိနှိပ်ခဲ့တာ။ အဲ့တုန်းက အဲ့မျိုးနွယ်တွေ ပျက်သုဉ်းလုနီးပါး ဖြစ်ခဲ့တယ်။ ဒီတစ်ခေါက် သူတို့ ရဲတင်းနေရတာက... ကျွန်မရဲ့အဘိုးနဲ့ ကျန်တဲ့သူတွေ တစ်ခုခု ဖြစ်ခဲ့လို့ ဖြစ်မယ်”

“အာ...”

ယဉ်ရို့ပင်းသည် ရီချန်ကို နှစ်သိမ့်ပေးလိုက်၏။ သို့သော် ရီချန်၏စကားကို ကြားလိုက်ရသောအခါ သူမလည်း တုန်ယင်သွားသည်။ သူမ၏ မျက်နှာလေးကလည်း နှင်းကဲ့သို့ ဖြူဖျော့သွားသည်။ ယဉ်ဧကရာဇ်ကလည်း ဗုဒ္ဓဧကရာဇ်နှင့်အတူ ရှိနေခဲ့လောက်သည်။ အကယ်၍ ဗုဒ္ဓဧကရာဇ်က တစ်ခုခု ဖြစ်ခဲ့လျှင် ယဉ်ဧကရာဇ်လည်း လွတ်မြောက်နိုင်ခဲ့မည် မဟုတ်ပေ။

***

All Chapters