ဝိဇ္ဇာ၏ အမိန့်
Vol. 78 Ch. 1077
မိုဝူကျိ နှင့် လီထန်းတို့ အဖွဲ့က ဘာမှ မပြောပေ။ ထို့အစား သူတို့က ခွန်းယွင် တစ်ယောက် နတ်ဘုရားအရိုက်အရာအကြောင်း ရှင်းပြမည့်အချိန်ကို စောင့်နေလိုက်ကြသည်။
ခွန်းယွင်က မကျေမနပ် ပြောလိုက်ပြီးနောက် သူ့မျက်နှာအမူအယာမှာ လေးနက်သွားကာ
“ နတ်ဘုရားအရိုက်အရာ အများကြီး မရှိဘူး။ ဒါပေမဲ့ နတ်ဘုရားအရိုက်အရာ တစ်ခုစီအတွက် တိုက်ပွဲတွေက သွေးသံရဲရဲနဲ့ အမြစ်ဖြတ်သုတ်သင်မှုတွေနဲ့ ပြည့်နှက်နေတာ။ တချို့ရထားပြီးသော နတ်ဘုရားအရိုက်အရာတွေအပြင် အစစ်အမှန် နတ်ဘုရားအရိုက်အရာတွေက ဝိဇ္ဇာ ရှစ်ပါး၊ တာအို အုပ်စိုးသူ အရှင်လေးပါး၊ နယ်လှည့် သုံးပါး၊ နတ်ဘုရားဧကရာဇ် ၁၂ ပါး၊ ပင်မနတ်ဘုရား ၁၀၈ ပါးနဲ့ အဖိုးတန် နတ်ဘုရား ၁၀၈ ပါးတို့ပဲ ….
ပင်မနတ်ဘုရား ၁၀၈ ယောက်ထဲမှာ ဝန်မင်း ၃၆ ပါးနဲ့ အရှင် ၇၂ ယောက်တို့ ပါတယ်။ အဲဒါတွေအပြင် သာမည နတ်ဘုရား ၁၀၃၆၈ ယောက်တို့ ရှိသေးတယ် ”
လီထန်းတို့က ထိုအရာကို ကြားလိုက်သည့်အခါ ကြောင်အမ်းသွားကြသည်။ တစ်ဖက်တွင် မိုဝူကျိက မေးလိုက်၏ “ အစ်ကိုခွန်းယွင် ပြောသလောက်ဆိုရင် နတ်ဘုရားအရိုက်အရာ အရေအတွက်က တော်တော်များတာပဲ ”
ခွန်းယွင်က နှာခေါင်းရှုံ့ကာ
“ အရေအတွက် များတယ်တဲ့လား … ဒီစကြဝဠာကြီးထဲမှာ နတ်ဘုရားကမ္ဘာတွေ ဘယ်လောက်တောင် ရှိနေလဲဆိုတာ သိရဲ့လား။ ဒီသာမည နတ်ဘုရား အရိုက်အရာလေးအတွက် နတ်ဘုရားကမ္ဘာတိုင်းက ပညာရှင် ဘယ်လောက်လောက် တိုက်ခိုက်နေရတာလဲဆိုတာ သိလား ”
နတ်ဘုရားအရိုက်အရာ တစ်သောင်းကျော်လေးမှာ အရေအတွက် များသည်ဟု ခံစားရလို့လား …
မိုဝူကျိက အေးအေးဆေးဆေး မေးလိုက်သည် “ အစ်ကိုခွန်းယွင် …. အဲဆို ခင်ဗျားကလည်း နတ်ဘုရားအရိုက်အရာ ရထားတာဆိုတော့ ခင်ဗျားရဲ့ အဆင့်ကရော … ”
ခွန်းယွင်က ဂုဏ်ယူစွာဖြင့် “ ငါက ပင်မနတ်ဘုရားထဲ ဝန်မင်း တစ်ယောက်ပဲ … ကပ်ဘေးတုန်းက ငါ့ဝိညာဉ် ပျက်စီးလုနီးပါး ဖြစ်သွားလို့သာ .. ဒါပေမဲ့ ငါသာ အသက်ရှင်နေသရွေ့ ငါ့နတ်ဘုရားအရိုက်အရာကို ယူသွားလို့ မရဘူး ”
လီထန်းတို့က ခွန်းယွင်သည် ပင်မနတ်ဘုရားထဲမှ တစ်ပါး ဖြစ်ကြောင်း ကြားလိုက်ရသည့်အခါ မြန်မြန် ဦးညွှတ်လိုက်ကြပြန်သည်။
မိုဝူကျိ စိတ်ထဲ အံ့အားသင့်မိသွားသည်။ သူက ခွန်းယွင် မည်မျှ အားကောင်းကြောင်း ကောင်းကောင်း သိပေသည်။
ဤသို့သော ပညာရှင်မျိုးက ပင်မနတ်ဘုရားအဆင့်သာ ရှိသည်လား …
သူ တွေးထားသလောက် ခွန်းယွင်က တာအိုအုပ်စိုးသူ အရှင်လေးပါးနှင့် နယ်လှည့် သုံးပါးထဲမှ မဟုတ်လျှင်ပင် အနည်းဆုံး နတ်ဘုရားဧကရာဇ်တော့ ဖြစ်သင့်သည် မဟုတ်ပါလော။
အမြင်နှင့်တင် သူတို့က ဝိဇ္ဇာများ မဟုတ်ကြသော်လည်း နတ်ဘုရားဧကရာဇ် ၁၃ ပါး၊ တာအိုအုပ်စိုးသူ အရှင်လေးပါးနှင့် နယ်လှည့်သုံးဦးတို့မှာ သေချာပေါက် ထိပ်သီးပညာရှင်များ ဖြစ်ကြလိမ့်မည်။
“ ဘယ်လိုလဲ … လန့်သွားပြီ မလား။ ညီအစ်ကို ဝူကျိ ငါ့နောက်ကိုသာ သေချာလိုက်စမ်းပါ။ ငါ့အပိုင်ကို ပြန်ယူပြီးတာနဲ့ မင်းကို သာမည နတ်ဘုရားအရိုက်အရာ ရအောင် သေချာပေါက် ကူညီပေးမယ် ” ခွန်းယွင်က ယုံကြည်ချက်အပြည့်ဖြင့် ပြောလိုက်သည်။
မိုဝူကျိက ခေါင်းခါလိုက်ရင်း သက်ပြင်းချကာ
“ အစ်ကိုခွန်းယွင်ရေ … ခင်ဗျား ဝိဇ္ဇာအဆင့် မဖြစ်ရင်တောင် အနည်းဆုံးတော့ နတ်ဘုရားဧကရာဇ်အဆင့်လောက် ဖြစ်မယ် ထင်ထားတာလေဗျာ။ အခုတော့ ခင်ဗျားက ဝန်မင်းအဆင့်ပဲ ရှိသေးတယ်။ ပြီးတော့ ခင်ဗျားက အဆင့်နိမ့်ကမ္ဘာမှာ နေရလောက်အောင်အထိ နှိမ်ကျသွားတာလေ ”
“ မင်း ….” ခွန်းယွင်က မိုဝူကျိ စကားကြောင့် သွေးအန်လုမတတ် ဖြစ်သွားသည်။
“ ဝန်မင်း ၃၆ ပါးထဲက တစ်ယောက်” ဆိုတာ ဘာကြီးလဲ … အဲတုန်းက သူ့နာမည်ကို ကြားတာနဲ့ ဘယ်သူကများ မြန်မြန် ဦးမညွှတ်ဖို့ မနေရဲလို့လဲ …
မိုဝူကျိက လက်ကို ဝေ့ကာ “ ဒေါသထွက်မနေစမ်းပါနဲ့ …. ခင်ဗျား တိုးတက်လာအောင်လို့ အားပေးနေတာပါ”
ခွန်းယွင်က ခါးသက်သက် ရယ်မောလိုက်ပြီး
“ ငါ့ကို တိုးတက်အောင်လို့တဲ့လား … မင်းစကားတွေက သီချင်းထက်တောင် ကောင်းနေသေးတယ်။ ဒါပေမဲ့ အဲဒီလိုအပ်ချက်တွေကို မသိသေးပါဘူးကွာ။ နတ်ဘုရားဧကရာဇ် ၁၂ ပါးအကြောင်း မပြောနဲ့ဦး …. ဝန်မင်း ၃၆ ပါးရဲ့ ထိပ်ဆုံးအဆင့်တောင် ဝိဇ္ဇာတပိုင်းအဆင့်ပဲ ရှိသေးတယ်။ ငါက ကံအရမ်းကောင်းလို့သာ အဲဒီနေရာကို ရခဲ့တာ ”
မိုဝူကျိက ထရပ်ကာ
“ အစ်ကို ခွန်းယွင် … ကျုပ်က ခင်ဗျားကို ဘယ်လို ကူညီပေးရမှာတုန်း ပြောပါဦး။ ဒီတစ်ခါတော့ ကျုပ် သေချာပေါက် ကူညီပေးပါ့မယ်။ ဒါနဲ့ ကျုပ်အတွက် နတ်ဘုရားအရိုက်အရာ ရမလားလို့လည်း သွားကြည့်ချင်သေးတယ် ”
ခွန်းယွင်က လက်ဝေ့ပြကာ
“ညီအစ်ကို ဝူကျိရဲ့ စကားတွေနဲ့ ငါတော့ ယုံကြည်ချက် တော်တော်ရှိလာပြီ။ ငါ့ခန္ဓာကိုယ်က ကပ်ဘေးအတွင်း ပျက်စီးသွားတာ မှန်ပေမဲ့ တခြားသူတွေလည်း ငါ့ထက် မကောင်းဘူး။ အများစုက သူတို့ ကမ္ဘာဦး စိတ်ဝိညာဉ်တောင် မထိန်းထားနိုင်ကြဘူး။ ဒါက မင်းရှာနေတဲ့ အခွင့်အရေး ဖြစ်လာနိုင်တယ် ”
ခွန်းယွင်က ပြောလိုက်ရင်း လီထန်းတို့အုပ်စု မျက်ဝန်းများမှ လိုချင်တပ်မက်မှုဆန္ဒများကို မြင်လိုက်ရသည်။ သူက ရယ်မောလိုက်ကာ
“ မင်းတို့ရဲ့ တာအိုလမ်းစဉ် အရမ်းသာမာန် ဖြစ်လွန်းတယ်။ ဒါပေမဲ့ ငါသာ ငါ့အရိုက်အရာ ပြန်ရပြီး ညီအစ်ကို ဝူကျိလည်း နတ်ဘုရားအရိုက်အရာ ရခဲ့မယ်ဆိုရင် မင်းတို့တွေ ငါတို့လိုမျိုး ဖြစ်မလာနိုင်တာတော့ မဟုတ်ဘူး။
ဒါပေမဲ့ ငါနဲ့ ညီအစ်ကို ဝူကျိ ထွက်သွားပြီးရင် သူ့လူသားဂိုဏ်းရဲ့ ကိစ္စအရပ်အရပ်ကို မင်းတို့ဆီ အပ်ခဲ့ရမှာပဲ … လူသားဂိုဏ်းက ညီအစ်ကို ဝူကျိရဲ့ အနာဂတ် နတ်ဘုရားအရိုက်အရာအတွက် အရေးပါတယ်။ အဲဒါကြောင့် မင်းတို့ အနာဂတ်အပေါ်လည်း သက်ရောက်မှု ရှိနိုင်တယ် ”
ဤတစ်ကြိမ်၌ ဝမ်မင်ယန်နှင့် မော့ဟိုင်တို့က တစ်ပြိုင်နက် ထရပ်လိုက်ကာ
“ စီနီယာ စိတ်ချနေပါ။ ဂိုဏ်းချုပ်မိုလည်း စိတ်ချနေပါ။ ခင်ဗျားတို့ နှစ်ယောက် ထွက်သွားပြီးရင် လူသားဂိုဏ်းက ကျုပ်တို့ နတ်ဘုရားကမ္ဘာရဲ့ အရေးကြီးဆုံးဂိုဏ်း ဖြစ်လာပါလိမ့်မယ် ”
မိုဝူကျိက လီထန်းတို့အား လက်နှစ်ဖက် ယှက်ကာ
“ ကျုပ်ဇနီးဖြစ်သူက နတ်ဘုရားကမ္ဘာမှာ ပျောက်သွားခဲ့တာ … အစ်ကို ခွန်းယွင်နဲ့ ထွက်မသွားခင် ကျုပ် ဇနီး စုယင်ကို ရှာချင်သေးတယ်။ တာအိုရောင်းရင်းတို့ ကူညီပေးလိမ့်မယ်လို့ မျှော်လင့်ပါတယ် ”
ခွန်းယွင်က အနည်းငယ် ကူကယ်ရာမဲ့သလို ခံစားလိုက်ရသည်။ သူက မိုဝူကျိအား ချိန်စုယင်ကို ရှာရန်ကိစ္စအား ဆန့်ကျင်ဖို့ရာ မဖြစ်နိုင်ကြောင်း သိပေသည်။
“ ဂိုဏ်းချုပ်မိုရဲ့ ဇနီးဖြစ်သူက …” လီထန်းက မြန်မြန် မေးလိုက်သည်။
သူတို့က မိုဝူကျိ၏ တာအိုလက်တွဲဖော်သည် ချူယို့ ဖြစ်ကြောင်း ယုံကြည်နေကြသော်လည်း မိုဝူကျိက သူ့ဇနီးဖြစ်သူ နာမည်မှာ စုယင် ဖြစ်ကြောင်း အသေအချာ ထုတ်ပြောလိုက်သည်။ ဤသို့သော ကိစ္စနှင့် မျက်နှာချင်းဆိုင်ရသည့်အခါ ပွင့်ပွင့်လင်းလင်း တည့်တိုးသွားမေးခြင်းက မသင့်တော်ပေ။
မိုဝူကျိက လက်ကိ မြှောက်လိုက်ပြီး ပုံရိပ်တစ်ခု ရေးဆွဲပြလိုက်သည်
“ ဒါက ကျုပ်ရဲ့ ဇနီး ချိန်စုယင်ပါ။ သူမလည်း နတ်ဘုရားကမ္ဘာကို ရောက်နေလောက်ပြီ။ ဒါပေမဲ့ နတ်ဘုရားဂူသင်္ချိုင်းအစွန်းနား ရောက်လာတယ်ဆိုတဲ့ သတင်းကလွဲပြီး ဘာမှဆက်မကြားရတော့ဘူး ”
“ ဂိုဏ်းချုပ်မို …. စိတ်ချထားလိုက်ပါ။ ဒီမှာ ကျုပ် ရှိနေတာဆိုတော့ သတင်း ရတာနဲ့ ချက်ချင်း ပြောပြပါ့မယ် ” လီထန်းက ပွင့်ပွင့်လင်းလင်း ပြောလိုက်သည်။
သူက ပြောလိုက်ရင်း သတင်းပို့ ဓားပျံများစွာကို ပစ်လွှတ်လိုက်သည်။
မိုဝူကျိက လီထန်း စကားများကို သံသယ မဖြစ်မိပေ။ ထို့အပြင် လီထန်းက နတ်ဘုရားနယ်မြေ၏ နံပါတ်တစ် မဟုတ်ပါလော။ သူက ပိုင်နက်ကြီးကြီး မရထားသော်လည်း နတ်ဘုရားနယ်မြေ၌ အဆင့်မြင့်မြင့် အနေအထား ပိုင်ဆိုင်ထား၏။
မိုဝူကျိအတွေးများအရ သူက ချိန်စုယင်ကို ရှာဖို့ နှစ်ဝက် သုံးဖို့ရာ ရည်ရွယ်ထားလေသည်။
သူ မျှော်လင့်မထားသည်က ရက်ပိုင်းလေးအတွင်း သတင်းပို့ ဓားပျံတစ်ချောင်းက လူသားဂိုဏ်းအတွင်း ဝင်ရောက်လာကာ လီထန်း လက်ထဲ ကျရောက်လာသည်။
ပါဝင်သည့် အကြောင်းအရာများကို တွေ့လိုက်ရပြီးနောက် လီထန်း၏ မျက်နှာအမူအယာမှာ ပြောင်းလဲသွားတော့သည်။
မိုဝူကျိက ယဉ်ကျေးမှုကိုပင် ဂရုမစိုက်နိုင်တော့ဘဲ စိတ်စွမ်းအား ပို့လွှတ်ကာ လီထန်း၏ သတင်းပို့ ဓားပျံအား ထိုးဖောက်ဝင်ရောက်လိုက်သည်။
ဓားပျံပေါ်ရှိ အကြောင်းအရာမှာ အလွန်ရှင်းလင်းလှသည်။ လွန်ခဲ့သည့်နှစ်များစွာက တစ်ယောက်က မိုဝူကျိ ရေးဆွဲထားသော မိန်းကလေးနှင့် တူသည့်သူက နတ်ဘုရားဂူသင်္ချိုင်းတောင်ကြားထဲ တစ်ယောက်တည်း ဝင်သွားသည်ကို တွေ့လိုက်ရပေသည်။
မိုဝူကျိက သူ့ဦးခေါင်း ချာချာလည်သွားသလို ခံစားလိုက်ရ၏။
ချိန်စုယင်က နတ်ဘုရားဂူသင်္ချိုင်းထဲ ဝင်သွားခဲ့တာလား ….. သူမလည်း အတင်းအကျပ် စေလွှတ်ခံရတာလား …
မိုဝူကျိက ချိန်စုယင်တစ်ယောက် နတ်ဘုရားဂူသင်္ချိုင်းတောင်ကြားထဲ ဝင်သွားသည့်အကြောင်းကို စစ်ဆေးကြည့်ဖို့ရာ အချိန်မရှိသည့်အတွက် နတ်ဘုရားဂူသင်္ချိုင်းထံ တတ်နိုင်သမျှ မြန်မြန် သွားဖို့ရာ ဆုံးဖြတ်လိုက်သည်။
မိုဝူကျိ၏ အမူအယာကို ကြည့်ကာ ခွန်းယွင်က ကိစ္စများက အခြေအနေမဟန်တော့ကြောင်း သိလိုက်သည်။ သူ့စိတ်စွမ်းအားကို သတင်းပို့ ဓားပျံဆီ ပို့လွှတ်လိုက်ပြီးနောက် မိုဝူကျိ၏ ခံစားချက်ကို နားလည်လိုက်မိသည်။
မိုဝူကျိက ခွန်းယွင်ဘက် လှည့်ကာ လက်နှစ်ဖက် ယှက်လိုက်ရင်း
“ အစ်ကိုကြီး ခွန်းယွင် …. ကျုပ် တကယ်ကို အားနာပါတယ်။ အခုလတ်တလောတော့ ခင်ဗျားနဲ့ မလိုက်နိုင်သေးဘူး။ ကျုပ် နတ်ဘုရားဂူသင်္ချိုင်းတောင်ကြားဆီ အရင်သွားကြည့်လိုက်ဦးမယ် ”
ထိုသို့ပြောပြီးနောက် မိုဝူကျိက အင်မော်တယ် ဧကရီ ဝမ်လန်နှင့် လင်းဂူတို့ ပုံအား ဆွဲပြကာ လီထန်းတို့ထံ ပေးလိုက်ပြီး သူတို့နှစ်ယောက်ကိုလည်း ထပ်ရှာခိုင်းလိုက်သည်။
ခွန်းယွင် အမူအယာမှာ ပျက်ယွင်းသွားသော်လည်း ဒေါသတော့ မထွက်ပေ။ ထို့အစား သူက လေးလေးနက်နက် ပြောလိုက်သည်
“ ညီအစ်ကို ဝူကျိကလည်း တာအိုလက်တွဲဖော် မရှိတာ ဘာစိုးရိမ်စရာ လိုလို့လဲ …. နတ်ဘုရားအရိုက်အရာကမှ တကယ် အရေးကြီးတာလေ။ အခု နတ်ဘုရားကမ္ဘာ ပြန်ကောင်းလာပြီဆိုတော့ ငါတို့သာ အလျှင်မလိုရင် လက်ကျန်လေးတောင် ဘာမှရလိုက်မှာ မဟုတ်ဘူး ”
မိုဝူကျိက ခေါင်းခါလိုက်သည်။ သူက ခွန်းယွင် စကားများကို ပြန်လည် ချေပချင်သည့် စိတ်အခြေအနေ မဟုတ်ပေ။ သူက နတ်ဘုရားဂူသင်္ချိုင်းတောင်ကြားဆီ သွားဖို့ လိုအပ်နေ၏။ နတ်ဘုရားဂူသင်္ချိုင်းတောင်ကြားက မြေပြန့်တစ်ခု ဖြစ်သွားခဲ့သော်လည်း မိုဝူကျိက မျှော်လင့်ချက် လက်မလျော့သေးပေ။ အကြောင်းမှာ သူက နတ်ဘုရားဂူသင်္ချိုင်းတောင်ကြား၌ ကျောက်ဂူတစ်ခု တွေ့ထားခဲ့သည် မဟုတ်ပါလော။
ထျန်းနူ စကားများအရ ထိုကျောက်ဂူသည် နတ်ဘုရားဂူသင်္ချိုင်းတောင်ကြား၏ ဘေးကင်ဇုံနယ်မြေလည်း ဖြစ်နေနိုင်သည်။ မူလက သူသည် ချိန်စုယင်ကို ရှာ၍ လူသားဂိုဏ်းကို တည်ထောင်လိုခဲ့သောကြောင့် ကျောက်ဂူအတွင်း ဝင်ကြည့်ဖို့ အချိန်မရခဲ့ပေ။ သို့သော် သူက ချိန်စုယင်သည် နတ်ဘုရားဂူသင်္ချိုင်းတောင်ကြားထဲ ဝင်သွားသည့်အကြောင်း ကြားလိုက်ရသည့်အခါ ထိုကျောက်ဂူဆီ တစ်ချက် သွားကြည့်ဖို့ လိုအပ်နေပေသည်။
ခွန်းယွင်က ပြောလိုက်၏
“ တကယ်တော့ ငါ သွားမဲ့နေရာကလည်း နတ်ဘုရားဂူသင်္ချိုင်းတောင်ကြားပဲ။ အဲဒီနေရာက နည်းနည်းတော့ ထူးခြားတယ်။ ငါ မင်းနဲ့အတူ နတ်ဘုရားဂူသင်္ချိင်းဆီ လိုက်မယ်ဆိုရင်ရော ဘယ်လိုလဲ …. တကယ်လို့ သူမကို ရှာမတွေ့ရင်တောင် မင်းက ငါ့နောက်ကို လိုက်ပြီး ကူညီပေးမယ်မလား။ ဘယ်လိုလဲ ”
မိုဝူကျိက တုံ့ဆိုင်းခြင်းမရှိ ခေါင်းခါလိုက်သည်
“ ကျုပ်က နတ်ဘုရားဂူသင်္ချိုင်းတောင်ကြားက ကျောက်ဂူဆီ သွားဖို့ ရည်ရွယ်ထားတာ … ဝင်ပြီးသွားရင် ကျုပ် အသက်ရှင်ရက် ထွက်လာနိုင်ပါ့မလားဆိုတာ မသေချာဘူး။ အဲဒီတော့ … ”
“ မင်းက နတ်ဘုရားဂူသင်္ချိင်းတောင်ကြားရဲ့ သင်္ချိုင်းဂူကို သိနေတာလား ” ခွန်းယွင်က တုန်လှုပ်တကြီး မေးလိုက်သည် “ အဲဒါက ငါ သွားချင်နေတဲ့ နေရာပဲ … မင်း ဘယ်လိုလုပ် သိတာလဲ။ အဲဒီနေရာက သူ့အလိုလို ထွက်ပေါ်လာမှာတော့ မဟုတ်ဘူး ”
ခွန်းယွင်က သူ့စကားအဆုံးတွင် မျက်မှောင်ကျုတ်မိသွားသည်။ အစက သူ ရောက်ဖို အကူအညီလိုအပ်နေသည့် နေရာမှာ နတ်ဘုရား သင်္ချိုုင်းဂူသာ ဖြစ်၏။ သို့သော်လည်း နတ်ဘုရား သင်္ချိုင်းဂူက သူ့အလိုလို ထွက်ပေါ်လာလိမ့်မည်ဟု မထင်ပေ။ ထိုအရာကို မမြင်တွေ့နိုင်သောကြောင့် မိုဝူကျိက မည်သို့များ သိသွားသနည်း။
ထိုစဉ် နိဗာန တိတ်ဆိတ်မှုပင်လယ်ပြင်အထက်၌ ရွှေရောင်အလင်းတစ်ခု ကျရောက်လာသည်။
အားလုံးက လူသားဂိုဏ်းအတွင်း ရှိနေကြသော်လည်း သူတို့အားလုံးက အဝေးမှ ရွှေရောင်အလင်းကို မြင်လိုက်ကြရသည်။ မကြာခင် ရွှေရောင်အလင်းသည် ရွှေရောင်လှေကားထစ်များအဖြစ် ပြောင်းလဲသွားလေ၏။ ထို့နောက် အသံဩဩ တစ်သံ ထွက်ပေါ်လာသည်
“ ဝိဇ္ဇာ လော့ရှုရဲ့ အမိန့်မှာတမ်းကို ကြေညာခြင်း …. ဒီနတ်ဘုရားကမ္ဘာမှာ စည်းမျည်းများ ပြန်လည် ကောင်းမွန်လာတဲ့အတွက် ဝမ်းမြောက်မိပါတယ်။ အခု ဝိဇ္ဇာက ဒီနတ်ဘုရားကမ္ဘာကို ပြီးပြည့်စုံစေပြီးတော့ တာအိုကို ဝေမျှပေးမယ် …
ဂိုဏ်းတိုင်းက ပူးပေါင်းပြီးတော့ မျှော်စင်တစ်ခု တည်ဆောက်ပေးရမယ်။ အဲဒီ မျှော်စင်က အမြင့်ပေ ၉၉ ၉၉၉ ရှိပြီးတော့ စည်းမျည်းအက်ကြောင်းကနေ ထွက်လာတဲ့ ပစ္စည်းတွေနဲ့ တည်ဆောက်ပေးရမယ်။ မျှော်စင် ဆောက်လုပ်ပြီးသွားရင် ထိပ်တန်း ဝိညာဉ်ကြော ၄၉ ကို စိုက်ထူပြီးတော့ နာမည်ကို နတ်ဘုရားမျှော်စင်လို့ ပေးမယ်။ နတ်ဘုရားမျှော်စင် ပြီးစီးသွားရင် ဝိဇ္ဇာလော့ရှုက နတ်ဘုရားအရိုက်အရာများကို ဆုချီးမြင့်မယ်။ အဲဒီ ဆုလာဘ်တွေက နတ်ဘုရားမျှော်စင်အပေါ် အများဆုံး အားစိုက်ထားသူတွေကို ချီးမြင့်မယ် ”
***