← Chapters

ညပင်လယ်

Vol. 84 Ch. 1164

ညပင်လယ်

Vol. 84 Ch. 1164

သားရဲဧကရာဇ်မြို့မှနေ၍ ဗုဒ္ဓဒေသသို့ ရောက်သည်အထိ ကောင်းကင်ရှောင်တိမ်းသွားရန် လဝက်ကျော်လိုပေလိမ့်မည်။ အကယ်၍ အဆက်မပြတ် တည်နေရာပြောင်း‌ရွှေ့၍သွားပါမူ တစ်ရက်၊ နှစ်ရက်သာ လိုပေလိမ့်မည်။ သို့သော် ကျန်းရီက တည်နေရာပြောင်းရွှေ့၍ မရပေ။ သူ ဆန်းကြယ်နတ်ဘုရားနန်းတော်က ခွာ၍ မဖြစ်ပေ။ အကယ်၍ သူသာ မြောက်ဘက်ဧကရာဇ်၊ သားရဲဧကရာဇ် သို့မဟုတ် အခြားသူများ၏ အလစ်တိုက်ခိုက်မှုကို ခံရလျှင် အကျိုးဆက်က ဆိုးဝါးသွားပေလိမ့်မည်။

ထို့ကြောင့် ကျန်းရီသည် ကောင်းကင်ရှောင်တိမ်းခြင်းကို အတော်ကြာ သုံးလိုက်ပြီးမှ လီဖေးယွီတို့အား ရီချန်ကို ခေါ်၍ ဗုဒ္ဓဒေသသို့ အရင်သွားလိုက်ရန် ပြောလိုက်သည်။ သူက ကောင်းကင်ရှောင်တိမ်းခြင်းကို သုံး၍ သူတို့နောက်မှ ဖြည်းဖြည်းချင်း လိုက်လာမည်ဖြစ်သည်။ လီဖေးယွီတို့က အရင်သွားလိုက်လျှင် အနည်းဆုံးတော့ ရီမျိုးနွယ်အနေဖြင့် အချိန်ပိုကြာကြာ တောင့်ခံနိုင်သွားလောက်သည်။ ကျန်းရီ ရောက်သွားလျှင်မူ အခြေအနေကို ကိုင်တွယ်ရ ပိုလွယ်သွားမည်ဖြစ်သည်။

ရီချန်တို့သည် ခပ်သွက်သွက် ထွက်သွားကြ၏။ ကျန်းရီသည် ကောင်းကင်ရှောင်တိမ်းခြင်းကို တစ်ဖြောင့်တည်းသုံးရန် ဆုံးဖြတ်လိုက်သည်။ ကျန်းယွင်ဟိုင်တို့ကို သူ နောက်မှ လိုက်ရှာရပေမည်။ မိစ္ဆာဧကရာဇ်မြို့နှင့် သာရဲဧကရာဇ်မြို့တို့တွင် ဖြစ်ခဲ့သော ကိစ္စများအရ ကြိုးကိုင်သူက ကျန်းရီကို အသုံးချနေခြင်းသာဖြစ်ကြောင်း သိနိုင်သည်။ သူက ကျန်းယွင်ဟိုင်တို့ကို လွှတ်ပေးလိုသောဆန္ဒ ရှိပုံမပေါ်ပေ။

ထို့ကြောင့် ကျန်းရီ စုံစမ်းလျှင်လည်း မည်သည့်သဲလွန်စကိုမှ ရှာတွေ့မည် မဟုတ်ချေ။ သားရဲဧကရာဇ်ပင် ခြေရာမခံနိုင်ခဲ့ရာ ကြိုးကိုင်သူက ကိစ္စတစ်ခုလုံးကို ကောင်းစွာပြင်ဆင်ထားကြောင်း ထင်ရှားသည်။ ကျန်းရီတစ်ယောက်တည်းဖြင့် မည်သည့်အရာမှ လုပ်နိုင်မည် မဟုတ်ပေ။ သို့ဖြစ်၍ သူ ထန်မျိုးနွယ်နှင့် အခြားမျိုးနွယ်ကြီးများ သဲလွန်စ ရှာတွေ့သည့်အချိန်အထိ စောင့်ရပေလိမ့်မည်။

ကျန်းရီက အသုံးဝင်နေသေးသ၍၊ မသေသေးသ၍ ကျန်းယွင်ဟိုင်တို့က လုံခြုံမည်ဖြစ်သည်။ ကျန်းရီသည် အခြားသူတစ်ယောက်၏ အသုံးချခံ မဖြစ်လိုပေ။ သို့သော် သူက ရီချန်အပေါ် အကြွေးတင်နေသည်။ ဗုဒ္ဓဧကရာဇ်ကလည်း သူ့အသက်ကို ကယ်ခဲ့ဖူးသည်။ ထို့ကြောင့် ရီမျိုးနွယ် ရင်ဆိုင်နေရသော အခြေအနေကို သူ လျှစ်လျူမရှုနိုင်ပေ။

ဆန်းကြယ်နတ်ဘုရားနန်းတော်က တစ်ဖြောင့်တည်း ကောင်းကင်ရွှေ့ပြောင်းနေပြီဖြစ်၍ ကျန်းရီ ထိန်းချုပ်နေစရာ မလိုတော့ပေ။ သူသည် မိုယောင်အာနှင့် စုလောရွှယ်တို့ကို သွားမတွေ့နေတော့ဘဲ အခန်းအောင်းကာ ကျင့်ကြံလိုက်သည်။ ဤတစ်ခေါက်ကိစ္စများ၏ နောက်ကွယ်မှ ကြိုးကိုင်သူမှာ မယုံနိုင်လောက်အောင် စွမ်းအားကြီးသည်။ သို့ဖြစ်ရာ သူ၏ လက်ရှိစွမ်းအားအရ သူ ထိုကြိုးကိုင်သူကို သတ်နိုင်မည် မဟုတ်ပေ။

ဥပမာပြရသော် အကယ်၍ အောင်းလုက ကြိုးကိုင်သူ ဖြစ်နေလျှင် ကျန်းရီက အောင်းလုကို သတ်နိုင်ပါမည်လော။ ယင်းမှာ စိတ်ကူးယဉ်ခြင်းသာ ဖြစ်ပေလိမ့်မည်။

ကျန်းရီသည် ဆန်းကြယ်ဧကရာဇ်စံအိမ်ဘေးရှိ ခန်းမတစ်ခုသို့ သွားလိုက်၏။ ထိုခန်းမထဲတွင် ကြီးမားသော ကောင်းကင်ပန်းချီကား သုံးချပ်ရှိသည်။ ထိုပန်းချီကားများကို ဆန်းကြယ်ဧကရာဇ်ကိုယ်တိုင် ရေးဆွဲထားခြင်းပင်။ ဆန်းကြယ်ဧကရာဇ်၏ စုတ်ချက်များက ကျန်းရီ၏ စုတ်ချက်များထက် များစွာပိုအားပါသည်။ ဗုဒ္ဓဧကရာဇ်၏ စုတ်ချက်များထက်လည်း ပိုအားကောင်းသည်။ ကျန်းရီသည် ပထမဆုံးပန်းချီကား ‘ညပင်လယ်’ကို အရင်ဆုံး လေ့လာလိုက်သည်။

ထို ‘ညပင်လယ်’ ပန်းချီကားက အလွန်ရိုးရှင်းသည်။ ပန်းချီကားထဲတွင် ဧရာမပင်လယ်ကြီးတစ်စင်းသာရှိသည်။ ပင်လယ်က အလွန်တည်ငြိမ်နေပြီး မည်သည့်လှိုင်းမှ မထနေပေ။ အဝေးတစ်နေရာတွင်မူ ကျွန်းလေးတစ်ကျွန်းရှိပြီး ထိုကျွန်းအထက်တွင် ငှက်နှစ်ကောင်က လှည့်ပတ်ပျံသန်းနေသည်။ ကျွန်းအရှ့တွင်မူ လှေကလေးတစ်စင်းရှိနေသည်။ ထိုလှေထဲတွင် အဘိုးအိုတစ်ယောက် ထိုင်နေသည်။ သို့သော် သူ၏ ကိုင်းနေသော နောက်ကျောပြင်ကိုသာ တွေ့ရသည်။ ကောင်းကင်ထက်တွင် လရှိနေပြီး လမျက်နှာပြင်တစ်ဝက်လောက်ကို တိမ်မည်းများက ဖုံးလွှမ်းထားသည်။ ၎င်းတို့မှလွဲ၍ ပန်းချီကားထဲတွင် အခြားမည်သည့်အရာမှ မရှိတော့ပေ။ ကျန်းရီသည် ထိုပန်းချီကားထဲတွင် မည်သည့် ထူးခြားသော တာအိုအရှိန်အဝါကိုမှ မခံစားမိချေ။

သို့သော် ထိုပန်းချီကားရှေ့တွင် ရပ်မိသူတိုင်း အသက်မရှူနိုင်တော့သကဲ့သို့ ခံစားရကာ ရင်တုန်လာမည်ဖြစ်သည်။ ပန်းချီကားထဲမှနေ၍ အားကောင်းသော ဖိအားတစ်ခု ထွက်နေပုံရသည်။ ထိုဖိအားက လူများကို ရင်ခုန်မြန်အောင် လုပ်နေခြင်းပင်။

‘ဒီပင်လယ်က တည်ငြိမ်နေတာ အသိသာကြီးပဲ။ ဖိအားကို ခံစားစေရမယ့်အရာ တစ်ခုမှ မရှိပါဘူး။ ဒါပေမဲ့ ဘာလို့ ပန်းချီကားကနေ ဖိအား ထွက်နေရတာလဲ။ ပင်လယ်ထဲမှာ စွမ်းအားကြီး မိစ္ဆာသားရဲတစ်ကောင်က ပုန်းနေလို့လား’

ကျန်းရီသည် ပန်းချီကားကို စေ့စေ့စပ်စပ် ကြည့်လိုက်၏။ သူ ပန်းချီကားတစ်ချပ်လုံးကို ရှာလိုက်သော်လည်း မည်သည့်မိစ္ဆာသားရဲကိုမှ မတွေ့ချေ။ ကျွန်းပေါ်တွင် လူတစ်ယောက်မှ ရှိမနေပေ။ ကျွန်းအထက်မှ ငှက်နှစ်ကောင်ကလည်း သာမန်ငှက်လေးများသာ။ လှေထဲရှိ ခါးကိုင်းနေသော အဘိုးအိုက လက်ထဲတွင် ငါးမျှားပိုက်ကွန်တစ်ခုကို ကိုင်ထားသည်။ သူ၏ အဝတ်များကလည်း ဟောင်းနွမ်းနေသည်။ သူက တံငါသည်တစ်ယောက် ဖြစ်ပုံပင်။ ကျန်းရီသည် ပန်းချီကားကို သေချာကြည့်ရှုရှာဖွေနေသော်လည်း ဖိအားထွက်လာသည့်နေရာကို ရှာမတွေ့ပေ။

ဖော်ပြ၍မရနိုင်သော ဖိအားမှလွဲ၍ ပန်းချီကားထဲတွင် တာအိုအရှိန်အဝါ တစ်ခုပင် ရှိမနေချေ။ သို့ဖြစ်ရာ ထိုပန်းချီကားထဲရှိ တာအိုပုံသဏ္ဌာန်ကို သိမြင်နားလည်နိုင်ရန် ဖိအားထွက်လာသည့်နေရာကို ရအောင်ရှာရန်သာရှိသည်။

ယဉ်ရို့ပင်းက ခန်းမထဲသို့ ဝင်လာ၏။ သူမသည် ကျန်းရီက ပန်းချီကားအရှေ့တွင် နှစ်နာရီကြာအောင် တစ်ချက်မှ မလှုပ်ဘဲ မျက်မှောင်ကြုတ်၍ ရပ်နေကြောင်းကို တွေ့လိုက်သောအခါ လေသံတိုးတိုးဖြင့် ပြောလိုက်သည်။

“ကျွန်မ အဲ့ပန်းချီကားကို အကြာဆုံး ကြည့်ခဲ့တာပဲ။ ဒါပေမဲ့ ဘာသဲလွန်စမှာ ရှာမတွေ့ဘူး။ တခြားပန်းချီကားနှစ်ချပ်ကနေတော့ နည်းနည်း သိမြင်နားလည်နိုင်ခဲ့တယ်။ ကျန်းရီ ရှင် တခြားပန်းချီကားနှစ်ချပ်ကို လေ့လာကြည့်ပါလား”

“ဟင့်အင်း... ဒီပန်းချီကားကို ဒီနေရာမှာ သီးသန့်ချိတ်ထားရတာ အကြောင်းတစ်ခုတော့ ရှိမယ်။ တခြားပန်းချီကားနှစ်ချပ်ကိုကျ အတူတူချိတ်ထားတာ။ ပြီးတော့ ဒီပန်းချီကားက အခန်းရဲ့ မြောက်ဘက်မှာ။ မြောက်ဘက်က ပထမပဲဆိုတဲ့ ဆိုရိုးရှိတယ်။ အဲ့တော့ ပန်းချီကားသုံးချပ်ထဲမှာ ဒီပန်းချီကားက အဖိုးအတန်ဆုံး ဖြစ်ရမယ်။ ဒီပန်းချီကားထဲက တာအိုပုံသဏ္ဌာန်ကလည်း အရမ်းကြောက်စရာကောင်းလောက်တယ်”

ကျန်းရီသည် ယဉ်ရို့ပင်းကို လှည့်မကြည့်ဘဲ လက်ဝှေ့ယမ်း၍ ပြောလိုက်သည်။

“မင်း တခြားပန်းချီကားတွေကို သွားလေ့လာကြည့်ပေါ့။ ငါ ကောင်းကင်နဲ့လူသား ပေါင်းစည်းခြင်း အခြေအနေကိုဝင်ပြီး ဒီပန်းချီကားကို အသေးစိတ် လေ့လာလိုက်ဦးမယ်။ ဒီပန်းချီကားထဲက တာအိုပုံသဏ္ဌာန်ကိုသာ သိမြင်နားလည်နိုင်သွားရင် ငါ နတ်ဘုရားဝိညာဉ် စုစည်းပြီး နတ်ဘုရားတစ်ပိုင်းအဆင့်ကို တက်လှမ်းနိုင်သွားလိမ့်မယ်”

ယဉ်ရို့ပင်းသည် ခပ်ဖွဖွ ခေါင်းညိတ်လိုက်ပြီး ကျန်းရီကို ဆက်မနှောင့်ယှက်တော့ပေ။ သူမသည် အခြားပန်းချီကားတစ်ချပ်ရှေ့တွင် တင်ပျဉ်ခွေထိုင်လိုက်သည်။ ကျန်းရီကလည်း တင်ပျဉ်ခွေထိုင်၍ ကောင်းကင်နှင့်လူသား ပေါင်းစည်းခြင်း အခြေအနေအတွင်းသို့ ဝင်လိုက်သည်။ သူ၏ အာရုံခံနိုင်စွမ်းက အလွန်စူးရှသွားသည်။ ငါးမိနစ်အတွင်းမှာပင် သူ တစ်စုံတစ်ခုကို အာရုံခံမိလိုက်သည်။

‘ငါမှားတာ၊ ငါမှားတာ... အဲ့ဒါက မိစ္ဆာသားရဲမဟုတ်ဘူး။ ဖိအားက ပင်လယ်ကနေ ထွက်လာတာပဲ’

ထိုအခိုက်တွင် ကျန်းရီသည် ပန်းချီကားထဲသို့ ရောက်သွားကဲ့သို့ ခံစားလိုက်ရ၏။ ဖိအားက တည်ငြိမ်နေသော ပင်လယ်မှ ထွက်လာကြောင်းကို သူ အာရုံခံမိလိုက်ပေပြီ။ သို့သော် အဘယ်ကြောင့် တည်ငြိမ်နေသော ပင်လယ်မှနေ၍ ဖိအားထွက်နေကြောင်းကို သူ နားမလည်နိုင်ပေ။ အဘယ်ကြောင့် ပင်လယ်က အန္တရာယ်အငွေ့အသက်ကိုလည်း ပေးနေရသနည်း။

မျက်လုံးဖြင့် မြင်နေရသော ပင်လယ်က တိတ်ဆိတ်နေသော မိန်းမပျိုလေးတစ်ယောက်ကဲ့သို့ သိမ်မွေ့၍ ကျေနပ်ဖွယ်ကောင်းသော ခံစားချက်ကို ပေးသည်။ ကောင်းကင်ထက်ရှိ လက ပင်လယ်ပြင်ကို အလင်းပေးနေသည်။ ပင်လယ်လေပြေလေးများကလည်း ညင်သာစွာ တိုက်ခတ်နေသည်။ အဘိုးအိုတစ်ယောက်က အပူအပင်ကင်းစွာ ငါးမျှားနေပြီး လေထဲတွင် ငှက်နှစ်ကောင်က ပျံဝဲဆော့ကစားနေကြသည်။ မည်သို့ပင် ကြည့်ပါစေ ထိုရှုခင်းမှာ သာယာသော ရှုခင်းတစ်ခုသာ။ သို့ဆိုလျှင် အဘယ်ကြောင့် ထိုပန်းချီကားက ကြည့်မိသူများကို မွန်းကြပ်စေရသနည်း။

ကျန်းရီသည် သူ နားလည်သည်အထိ ဆက်တွေးတောရန် ဆုံးဖြတ်လိုက်သည်။ ဗုဒ္ဓဧကရာဇ်မြို့သို့ ရောက်ရန် လဝက်ကျော် သွားရပေလိမ့်မည်။ အချို့ကိစ္စများကို လော၍မရပေ။ သူ စိတ်တည်တည်ငြိမ်ငြိမ်ဖြင့် တာအိုပုံသဏ္ဌာန်ကို သိမြင်နားလည်အောင် လုပ်ရပေမည်။ ထို့ပြင် အတွင်းအားကိုလည်း ကျင့်ကြံရမည်။ သို့မှသာ သူ၏အင်အားက တိုးတက်လာမည်ဖြစ်သည်။

ကျန်းရီက အလွန်ခေါင်းမာသူတစ်ယောက် ဖြစ်သည်။ သူသည် အခြားပန်းချီကားနှစ်ချပ်ကို လုံးဝမလေ့လာဘဲ ‘ညပင်လယ်’ ပန်းချီကားကိုသာ အပြည့်အဝအာရုံစိုက်၍ လေ့လာနေသည်။ ထိုပန်းချီကားထဲရှိ တာအိုပုံသဏ္ဌာန်က အနိမ့်ဆုံး ကြယ်သုံးပွင့် အဆင့်ရှိရမည်ဟု သူ ခံစားနေရသည်။ သူ ကံကောင်းလျှင်မူ တာအိုပုံသဏ္ဌာန်က ကြယ်ငါးပွင့်၊ ကြယ်ခြောက်ပွင့် သို့မဟုတ် ကြယ်ခုနစ်ပွင့် တာအိုပုံသဏ္ဌာန်ပင် ဖြစ်နေနိုင်သည်။

အချိန်က ရေစီးသကဲ့သို့ ကုန်ဆုံးသွားသည်။ မျက်တောင်တစ်ခတ်အတွင်းမှာပင် လဝက်ပြည့်သွားလေသည်။

ကျန်းရီ မည်သည်ကိုမှ မသိမြင်မနားလည်သေးပေ။ ထို့ကြောင့် သူ အတန်ငယ် စိတ်လှုပ်ရှားလာပြီး ပန်းချီကားကို စိုက်ကြည့်လိုက်သည်။ ပန်းချီကားတစ်ချပ်ကို လဝက်ကျော် ‌လေ့လာခဲ့သော်လည်း မည်သည်ကိုမှ နားမလည်နိုင်ခဲ့လျှင် လူတိုင်း စိတ်ပျက်မိမည်သာ။

“ဟီးဟီး... နောက်ဆုံးတော့ ငါ နားလည်သွားပြီ။ ဒါက တကယ်ပဲ ကြယ်ငါးပွင့်အဆင့် တာအိုပုံသဏ္ဌာန်လား။ ဟီးဟီး... ငါ နတ်ဘုရားတစ်ပိုင်းအဆင့်ကို တက်လို့ရပြီ”

ရုတ်တရက် ယဉ်ရို့ပင်းက ဝမ်းသာအားရ ‌အော်လိုက်သည်။ သူမ၏ မျက်လုံးလေးများက လခြမ်းကွေးပုံစံ ဖြစ်နေပြီး သူမ၏တစ်ကိုယ်လုံးကလည်း ပျော်ရွှင်သည့်အငွေ့အသက်ကို ထုတ်လွှတ်နေသည်။ ကျန်းရီသည် သူမ၏အသံကြောင့် အာရုံပျက်သွား၍ မျက်လုံးဖွင့်ကာ သူမကို လှမ်းကြည့်လိုက်သည်။ သူမက သူ့ကို ပြေးဖက်လိုက်ပြီး ဝမ်းသာအားရ ပြောလိုက်သည်။

“ကျန်းရီ... ကျွန်မ အဲ့တာအိုပုံသဏ္ဌာန်ကို သိမြင်နားလည်သွားပြီ။ ကျွန်မ အဲ့ ကြယ်ငါးပွင့်အဆင့် တာအိုပုံသဏ္ဌာန်ကို ရသွားပြီ။ မကြာခင် ကျွန်မ နတ်ဘုရားတစ်ပိုင်း ဖြစ်လာတော့မှာ”

“အထင်ကြီးစရာပဲ... မင်းက ငါ့ထက်ပိုပြီး အထင်ကြီးစရာကောင်းတယ်။ မင်း နတ်ဘုရားတစ်ပိုင်းအဆင့်ကို ရောက်သွားရင် အရှေ့ဘက် တော်ဝင်နယ်မြေရဲ့ နံပါတ်(၁) ပါရမီရှင် ဖြစ်လာမှာပဲ”

ကျန်းရီက လက်မထောင်ကာ ပြောလိုက်သည်။ ထိုအခါ ယဉ်ရို့ပင်း၏ အပြုံးက ပို၍ တောက်ပသွားသည်။ သူမသာ နတ်ဘုရားတစ်ပိုင်းအဆင့်သို့ တက်လှမ်းနိုင်လိုက်လျှင် သူမသည် ကျန်ထျန်းလဲ့နှင့် ရှီးဖေးတို့နှင့် ယှဉ်နိုင်သွားပေလိမ့်မည်။ ထို့ပြင် သူမက ကျန်းရီထက်လည်း နှစ်နှစ်ငယ်သည်။

“နံပါတ်(၁)တော့ မဖြစ်နိုင်ပါဘူး... ရှင်က ကျွန်မကို အမြဲမြှောက်နေတာပဲ”

ယဉ်ရို့ပင်းသည် အတန်ငယ် ရှက်သွား၍ ကျန်းရီ၏ရင်ခွင်ထဲတွင် ခေါင်းဝှက်ထားလိုက်သည်။ ထိုမိန်းမဆန်သော အပြုအမူလေးက ကျန်းရီကို ရင်ခုန်စိတ်လှုပ်ရှားသွားစေသည်။ သို့သော် ယဉ်ရို့ပင်းသည် ကျန်းရီ စိတ်လှုပ်ရှားလာသည်ကို သိလိုက်၍ ချက်ချင်း ထခုန်လိုက်သည်။ ထို့နောက် သူမ ကျန်းရီကို ကြည့်ကာ ပြောလိုက်သည်။

“မရဘူးနော်... ကျွန်မ အဲ့တာအိုပုံသဏ္ဌာန်ကို အပြည့်အဝ နားလည်သွားအောင် ဆက်လေ့လာရဦးမယ်။ ကျွန်မကို လာမနှောင့်ယှက်နဲ့”

“ဟွန်း... မြေခွေးမလေး၊ မင်းက ဘယ်လို မီးမွှေးရမလဲဆိုတာကိုပဲ သိတယ်၊ ဘယ်လို မီးငြှိမ်းရမလဲဆိုတာတော့ မသိဘူး”

ကျန်းရီ ဆက်၍ ရှုပ်နောက်မနေဝံ့တော့ပေ။ ယဉ်ရို့ပင်း၏ ကျင့်ကြံခြင်းက ပို၍အရေးကြီးသည် မဟုတ်ပါလော။ ထို့ကြောင့် သူ ခန်းမထဲမှ တိတ်တဆိတ် ထွက်သွားလိုက်ပြီး ဆန်းကြယ်နတ်ဘုရားနန်းတော်ကို ကောင်းကင်ရှောင်တိမ်းခြင်း အခြေအနေမှ ထွက်စေလိုက်သည်။ ဆန်းကြယ်နတ်ဘုရားနန်းတော်ကို မည်သည့်နေရာသို့ ရောက်နေပြီဖြစ်ကြောင်း သူ သိလိုနေသည်။ သူ၏ တွက်ချက်မှုများအရ သူတို့သည် ဗုဒ္ဓဒေသနှင့် သိပ်မဝေးလောက်တော့ပေ။

“အာ...”

ကျန်းရီသည် ကောင်းကင်စိတ်အာရုံ ထုတ်လွှတ်၍ ပတ်ဝန်းကျင် ငါးဆယ်ကီလိုမီတာအတွင်း အာရုံခံလိုက်၏။ သူ ရုတ်ခြည်း မျက်နှာပျက်သွားသည်။ အရှေ့မြောက်ဘက် ငါးဆယ်ကီလိုမီတာအကွာတွင် အင်အားသန်းအနည်းငယ် ပါဝင်သော စစ်တပ်တစ်တပ်ကို သူ အာရုံခံမိလိုက်သည်။ ထိုစစ်တပ်ကာ မြို့ကြီးတစ်မြို့ကို တိုက်ခိုက်နေသည်။ မြို့အကာအရံများက ဖောက်ထွင်းခံနေရပြီးပေပြီ။ မြို့ထဲတွင် တပ်သား သိန်းဂဏန်းနှင့် သိုင်းပညာရှင် အနည်းငယ်သာ ရှိသည်။ ထို့ကြောင့် ထိုမြို့က ကျရှုံးတော့မည်ဖြစ်သည်။

‘အဲ့လူတွေက ရီမျိုးနွယ်ကလား’

တဒင်္ဂအတွင်းမှာပင် ကျန်းရီ၏ သတ်ဖြတ်အရှိန်အဝါ ထွက်လာသည်။ ဆန်းကြယ်နတ်ဘုရားနန်းတော်ကလည်း အာကာပြင်အက်ကြောင်းထဲသို့ ဝင်ရောက်ပျောက်ကွယ်သွားပြီး တိုက်ပွဲပြင်ဆီသို့ ဦးတည်သွားလိုက်လေသည်။

***

All Chapters