← Chapters

လမ်းဖယ်မည်လော၊ မဖယ်ဘူးလေ

Vol. 84 Ch. 1165

လမ်းဖယ်မည်လော၊ မဖယ်ဘူးလေ

Vol. 84 Ch. 1165

ကျန်းရီက အမှန်ပင် ရီမျိုးနွယ်၏ ဒေသလေးခုသို့ ရောက်လာပေပြီ။ သို့သော် သူက ဗုဒ္ဓဒေသ၏ တောင်ဘက်ရှိ ဗုဒ္ဓအလင်းဒေသတွင် ရှိနေခြင်းပင်။ ထိုအခိုက်တွင် စစ်တပ်တစ်တပ်က အမှန်ပင် ရီမျိုးနွယ်၏ မြို့ကြီးတစ်မြို့ကို တိုက်ခိုက်နေသည်။

ထိုမြို့ကြီးက ဗုဒ္ဓအလင်းဒေသမှ မြို့ကြီးဖြစ်သည်။ မြို့ထဲမှ မြို့သူ၊ မြို့သားများက ထွက်ပြေးသွားကြပေပြီ။ တပ်သား သိန်းဂဏန်းအနည်းငယ်နှင့် အကြီးအကဲအချို့ကသာ မြို့ထဲတွင် ကျန်ခဲ့သည်။ မြို့ထဲတွင် တိုက်ပွဲက မပြင်းထန်ဘဲ တစ်ဘက်သက် ဖြစ်နေပေသည်။

မြို့ထဲရှိ တပ်သားလေးသိန်းထဲတွင် နတ်ဘုရားတစ်ပိုင်း ပညာရှင် တစ်ယောက်ပင် မပါချေ။ ထို့ပြင် ကောင်းကင်ဧကရာဇ်အဆင့်ရှိသူ အရေအတွက်ကလည်း တစ်သိန်းသာ ရှိသည်။ ကျန်တပ်သားများက ဗာဂျရာအဆင့်ရှိသူများပင်။ ရန်သူဘက်မှ စစ်တပ်ကိုမူ နတ်ဘုရားတစ်ပိုင်း ပညာရှင်နှစ်ယောက်က ဦးဆောင်လာသည်။ ရန်သူစစ်တပ်က အင်အားသန်းသုံးရာနီးပါးရှိပြီး အထွတ်အထိပ်အဆင့် ကောင်းကင်ဧကရာဇ် အရေအတွက်ကလည်း သောင်းချီနေသည်။

သို့သော် နတ်ဘုရားတစ်ပိုင်း ပညာရှင်နှစ်ယောက်က မတိုက်ခိုက်ဘဲ လေထဲတွင်သာ ရပ်၍ အထွတ်အထိပ်အဆင့်‌ ကောင်းကင်ဧကရာဇ်များက မြို့နှင့် မြို့ထဲရှိ လူအားလုံးကို ဖျက်ဆီးပစ်နေသည်ကို ကြည့်နေကြသည်။ အထွတ်အထိပ်အဆင့် ကောင်းကင်ဧကရာဇ်များ၏ ကြောက်မက်ဖွယ် တိုက်ခိုက်မှုများက မြို့ကို လွှမ်းခြုံထားသည်။ အချီအနည်းငယ် တိုက်ခိုက်ပြီးနောက်တွင် ရီမျိုးနွယ်စစ်တပ်၏အင်အားက တစ်ဝက်သာ ကျန်တော့သည်။ မြို့ထဲတွင် အလောင်းများနှင့် ပြည့်နေပြီး လမ်းမများထက်တွင်လည်း သွေးများဖြင့် နီရဲနေသည်။ မြို့က ငရဲကဲ့သို့ ဖြစ်နေပေပြီ။

ဝှစ်...

မြို့အရှေ့ဘက် ကီလိုမီတာ တစ်သောင်းကျော်အကွာရှိ အာကာပြင်က အက်ကွဲသွားပြီး အနက်ရောင် နန်းတော်တစ်ခုက အက်ကြောင်းအတွင်းမှ အလင်းတန်းတစ်ခုအလား ပျံထွက်လာသည်။ ထို့နောက် နန်းတော်အထက်ရှိ အာကာပြင်က အတန်ငယ် တုန်ခါသွားကာ ဝိညာဉ်ပုံရိပ်တစ်ခု ပေါ်ထွက်လာသည်။ ထိုပုံရိပ်က ကျန်းရီ၏ပုံရိပ်ပင်။ ကျန်းရီ အတွင်းအားသုံး၍ အော်ပြောလိုက်သည်။

“အားလုံးပဲ ရပ်လိုက်ကြပါ”

လေထဲရှိ နတ်ဘုရားတစ်ပိုင်း ပညာရှင်နှစ်ယောက်က မျက်မှောင်ကြုတ်ကာ လှမ်းကြည့်လိုက်ပြီး ချက်ချင်း အော်လိုက်သည်။

“အဲ့ဒါက ကျန်းရီပဲ”

မြို့ကို တိုက်ခိုက်နေသော တပ်သားအားလုံး ရပ်တန့်လိုက်ကြသည်။ ကျန်နေသေးသော ရီမျိုးနွယ်စစ်တပ်သည် စိတ်အားတက်သွားပြီး ဆန်းကြယ်နတ်ဘုရားနန်းတော်ဆီသို့ ပျံသန်းသွားလိုက်ကြသည်။ သူတို့သည် အနိုင်ကျင့်ခံနေရစဉ် မိမိ၏အုပ်ထိန်းသူ ရောက်လာသည်ကို မြင်လိုက်ရသော ကလေးတစ်ယောက်ကဲ့သို့ ဝမ်းသာအားရ ဖြစ်နေကြသည်။

“သခင်လေးကျန်း ရောက်လာပြီ... ငါတို့ မသေရတော့ဘူး”

“သခင်လေးကျန်း... ကျွန်တော်တို့အတွက် လက်စားချေပေးပါ။ အဲ့လူဆိုးတွေက မြို့တစ်ရာလောက်ကို ရှင်းပစ်ပြီးပါပြီ...”

“ဟွန်း... ရှစ်မျိုးနွယ်၊ စစ်မျိုးနွယ်နဲ့ မာမျိုးနွယ်တို့က ဗုဒ္ဓဧကရာဇ်နဲ့ အကြီးအကဲတွေ မရှိတဲ့အချိန်ကို အခွင့်ကောင်းယူပြီး ကျွန်တော်တို့ရဲ့ မြို့တွေကို တိုက်ခိုက်ခဲ့တာပါ။ ဗုဒ္ဓဧကရာဇ် ပြန်ရောက်လာတာနဲ့ ကျွန်တော်တို့ သူတို့ကို သင်ခန်းစာ ပြန်ပေးရမယ်...”

“ဗုဒ္ဓဧကရာဇ်ကို စောင့်နေစရာ မလိုပါဘူး။ သခင်လေးကျန်းက သခင်မလေးရီချန်နဲ့ မိတ်ဆွေတွေပဲ။ သူက ငါတို့အတွက် သေချာပေါက် လက်စားချေပေးမှာပဲ”

ရီမျိုးနွယ်မှ တပ်သားများသည် ပျံသန်းလာရင်း သူတို့၏ ဒေါသများကို ဖွင့်ထုတ်နေကြသည်။ အခြေအနေက ပရမ်းပတာ ဖြစ်သွားသည်။ ကျန်းရီသည် ထိုအသံများကို နားထောင်ရင်း ခေါင်းကိုက်လာသဖြင့် အော်ပြောလိုက်သည်။

“တိတ်ကြ...”

ကျန်းရီ၏ အသံက အရှိန်အဝါကြီးသဖြင့် ထိုနေရာတစ်ခွင်လုံး ရုတ်ခြည်း တိတ်ဆိတ်သွားသည်။ ဆန်းကြယ်နတ်ဘုရားနန်းတော်သည် အရှေ့သို့ ပျံသန်းသွားပြီး ရီမျိုးနွယ်တပ်သားများအရှေ့မှ ကာလိုက်သည်။ ကျန်းရီ၏ ဝိညာဉ်ပုံရိပ်က အဝေးရှိ နတ်ဘုရားတစ်ပိုင်း ပညာရှင်နှစ်ယောက်ကို ကြည့်၍ ပြောလိုက်သည်။

“ဘာလို့ ခင်ဗျားတို့တွေက ရီမျိုးနွယ်ရဲ့ ဒေသလေးခုကို တိုက်ခိုက်ပြီး မဆင်မခြင် သတ်ဖြတ်နေရတာလဲ။ နယ်မြေထဲက အရှုပ်အထွေးတွေက မလုံလောက်သေးလို့လား”

“ဟားဟားဟား...”

နတ်ဘုရားတစ်ပိုင်း ပညာရှင်တစ်ယောက်က အရှေ့သို့ ပေအနည်းငယ် ပျံသန်းလာပြီး ခနဲ့တဲ့တဲ့ ပြောလိုက်သည်။

“ကျန်းရီ... တကယ်လို့ အဲ့စကားကို တခြားတစ်ယောက်က ပြောတယ်ဆိုရင် ဒီလောက်ရယ်စရာကောင်းမှာ မဟုတ်ဘူး။ ဒါပေမဲ့ မင်းက ပြောတာဆိုတော့ အရမ်းရယ်ရတာပေါ့ကွဦ။ မင်းရဲ့ အဆင့်အတန်းကဘာလဲ.. ဘာလို့ မင်းက ရီမျိုးနွယ်ဘက်က ရပ်တည်နေတာလဲ။ ဒါက ငါတို့နဲ့ ရီမျိုးနွယ်ကြားက ကိစ္စပဲ... မင်းနဲ့ ဘာဆိုင်လို့လဲ။ မင်း ဆန်းကြယ်ဧကရာဇ်မြို့မှာ၊ မိစ္ဆာဧကရာဇ်မြို့မှာ၊ သားရဲဧကရာဇ်မြို့မှာ သတ်ဖြတ်နေခဲ့တုန်းကတော့ နယ်မြေက အရှုပ်အထွေးတွေက လုံလောက်ပြီလို့ တွေးပြီး ရပ်ခဲ့လို့လား။ အခုကျမှ မင်းက ရုတ်တရက်ကြီး သူတော်ကောင်း ဖြစ်သွားတာလား။ ပြီးတော့ မြို့ထဲမှာ ရှိနေတဲ့သူတွေက ရီမျိုးနွယ်က တပ်သားတွေပဲ... ငါတို့က ဘယ်တုန်းက အရပ်သူ၊ အရပ်သားတွေကို သတ်ခဲ့လို့လဲ”

“အာ...”

ကျန်းရီသည် ထိုနတ်ဘုရားတစ်ပိုင်း၏ စကားများကို မငြင်းနိုင်ပေ။ သူက အမှန်ပင် လူများစွာကို သတ်ဖြတ်ခဲ့၍ အ‌ရှေ့ဘက် တော်ဝင်နယ်မြေတွင် သူ့ဂုဏ်သတင်းက အလွန်ဆိုးဝါးနေသည်။ ထို့ကြောင့် သူသည် အခြားသူများကို သတ်ဖြတ်ခြင်းနှင့် ပတ်သတ်၍ တရားသွားပြခွင့် မရှိပေ။ သို့သော် ဤလောကထဲတွင် မှန်ခြင်း၊ မှားခြင်း၊ အကျိုးအကြောင်ဆီလျော်ခြင်း မရှိချေ။ စွမ်းအားကသာ အမှန်တရားဖြစ်သည်။ လူများက သူ့ကို အနိုင်ကျင့်ခဲ့စဉ်ကလည်း မည်သည့်အကျိုးအကြောင်းမှ ပြောခဲ့သည် မဟုတ်ပေ။ သို့ဖြစ်ရာ သူသည်လည်း မည်သည့်အကျိုးအကြောင်းကိုမှ ကြည့်နေမည် မဟုတ်ချေ။ ပေဖြစ်တုန်းက ခံခဲ့ရသလို၊ တူဖြစ်ချိန်တွင် နှံရပေမည်။

ဗုဒ္ဓဧကရာဇ်နှင့် ရီချန်တို့က ကျန်းရီအပေါ် ကြင်နာခဲ့သည်။ လက်ရှိတွင် ဗုဒ္ဓဧကရာဇ်က ပျောက်ဆုံးနေပြီး ဗုဒ္ဓအင်ပါယာနှင့် ရီမျိုးနွယ်မှ စွမ်းအားကြီး သိုင်းပညာရှင်များက အရှေ့ဘက် တော်ဝင်နယ်မြေတွင် ရှိမနေချေ။ ထို့ကြောင့် ကျန်းရီသည် ရီမျိုးနွယ်ကို ထိုဘေးဒုက္ခမှ ကယ်ရပေမည်။ သူ အေးစက်စက် ပြောလိုက်သည်။

“ခင်ဗျားတို့ကြားက ရန်ငြိုးတွေကို ကျွန်တော် ဂရုမစိုက်ဘူး။ ကျွန်‌တော်က ရီချန်ပေါ်မှာ ကျေးဇူးကြွေးနှစ်ခု တင်နေတယ်။ ဒီတစ်ခေါက် သူက ကျွန်တော့်ကို ဒီကိစ္စမှာ ကူညီပေးဖို့ အကူအညီတောင်းထားတယ်။ အဲ့တော့ ခင်ဗျားတို့ ပြန်ဆုတ်ရင်ဆုတ် မဟုတ်ရင်တော့ ကျွန်တော်လည်း ရွေးချယ်စရာ မရှိတော့ဘဲ ခင်ဗျားတို့အကုန်လုံးကို တိုက်ခိုက်ရတော့မှာပဲ”

“ဟားဟားဟား...”

နတ်ဘုရားတစ်ပိုင်းက ကောင်းကင်သို့မော့၍ ရူးသွပ်စွာ ရယ်လိုက်၏။ ထို့နောက် သူ ပြောလိုက်သည်။

“ကျန်းရီ... မင်းက တကယ်ပဲ မင်းကိုယ်မင်း ကယ်တင်ရှင်ကြီး၊ ပြိုင်ဘက်ကင်းကြီးလို့ ထင်နေတာလား။ ဒီတစ်ခေါက် မျိုးနွယ်ဘယ်နှစ်ခုက အင်အားပူးပေါင်းခဲ့တာလဲဆိုတာကို မင်း သိရဲ့လား။ ငါတို့မျိုးနွယ်သုံးခုထဲမဟုတ်ဘူး... တခြားမျိုးနွယ်ကြီး သုံးဆယ်ကလည်း ပူးပေါင်းခဲ့တာကွ။ လွန်ခဲ့တဲ့ နှစ်တစ်သိန်းတုန်းက ရီမျိုးနွယ်က ရက်စက်ခဲ့ပြီး သတ်ဖြတ်ရတာကို ကြိုက်ခဲ့တယ်။ သူတို့က နယ်မြေရဲ့ အရှေ့မြောက်ဘက်မှာရှိတဲ့ ဒေသကြီးတွေအကုန်လုံးကို သိမ်းပိုက်ချင်ခဲ့တာ။ သူတို့ဆီမှာ လက်အောက်မခံတဲ့ မျိုးနွယ်တွေအကုန်လုံး ရှင်းပစ်ခံခဲ့ရတယ်။ ဒီတစ်ခေါက် ငါတို့က လက်စားချေဖို့ အင်အားပူးပေါင်းခဲ့တာပဲ။ ကျန်းရီ... မင်း အဲ့လောက်မျိုးနွယ်တွေအများကြီးနဲ့ ရန်သူဖြစ်ချင်တယ်ဆိုတာ သေချာလား”

ကျန်းရီသည် ခြိမ်းခြောက်မှုများကို လုံးဝမကြောက်ပေ။ ထို့ပြင် ဧကရာဇ်ကိုးပါးမျိုးနွယ်စုပင် ဆန်းကြယ်နတ်ဘုရားနန်း‌တော်ထဲသို့ ဖောက်မဝင်နိုင်ရာ ထိုရှေးဟောင်းမျိုးနွယ်များလည်း သေချာပေါက် ဖောက်ဝင်နိုင်မည် မဟုတ်ပေ။ ထို့ကြောင့် သူ အေးစက်စက် ပြန်ဖြေလိုက်သည်။

“လွန်ခဲ့တဲ့ နှစ်တစ်သိန်းလောက်တုန်းက ဖြစ်ခဲ့တဲ့ကိစ္စတွေကို ကျွန်တော် မကြားချင်ဘူး။ ခင်ဗျားတို့ရဲ့ ရန်သူလည်း ဖြစ်မလာချင်ဘူး။ ကျွန်တော်က ရီမျိုးနွယ်ကိုပဲ ကာကွယ်ပေးချင်တာပါ။ ဒါပေမဲ့ ဗုဒ္ဓဧကရာဇ် ပြန်ရောက်လာတာနဲ့ ကျွန်တော် ဒီကိစ္စကို အရေးစိုက်တော့မှာ မဟုတ်ပါဘူး”

“ဗုဒ္ဓဧကရာဇ်လား... ဟားဟားဟား...”

နတ်ဘုရားတစ်ပိုင်းက ထပ်မံ၍ ကျယ်လောင်စွာ ရယ်လိုက်သည်။ ထို့နောက် အခြားနတ်ဘုရားတစ်ပိုင်းက ပြန်ပြောလိုက်သည်။

“ကျန်းရီ... ငါ မင်းကို အမှန်အတိုင်းပြောမယ်။ ဗုဒ္ဓဧကရာဇ်က ပြန်လာတော့မှာ မဟုတ်ဘူး... သူ သေပြီ။ ဗုဒ္ဓဧကရာဇ်တင် မဟုတ်ဘူး ယဉ်ဧကရာဇ်၊ ညဧကရီနဲ့ ရွှမ်ဧကရာဇ်တို့ရော ပင်လယ်နက်မှာ သေသွားပြီ။ ဗုဒ္ဓအင်ပါယာတို့က သူတို့ကို ကယ်ဖို့ ကြိုးစားခဲ့ပေမယ့် သူတို့လည်း သေသွားခဲ့တယ်။ ရီမျိုးနွယ်အတွက် ဘာမျှော်လင့်ချက်မှ မရှိတော့ဘူး။ ဒီတစ်ခေါက် ငါတို့ဘက်မှာ တပ်သားတွေ ဘယ်လောက် ရှိလဲဆိုတာကို မင်းသိလား။ သန်းငါးဆယ်... တပ်သား သန်းငါးဆယ်။ မင်း ငါတို့အကုန်လုံးကို သတ်နိုင်ပါ့မလား”

“ဘာ...”

ကျန်းရီသာမဟုတ် ရီမျိုးနွယ်ဝင်အားလုံးလည်း မျက်နှာပျက်သွားကြသည်။ ကျန်းရီသည် သူကြားလိုက်ရသောစကားများကို မယုံနိုင်ဖြစ်နေသည်။

ဗုဒ္ဓဧကရာဇ်က ကြယ်ကိုးပွင့်အဆင့် သိုင်းပညာရှင်ဖြစ်သည်။ ကျန်းရီသည် ဗုဒ္ဓဧကရာဇ်က ပြိုင်ဘက်ကင်းဟုပင် ခံယူထားသည်။ ထိုကဲ့သို့သော သူတစ်ယောက်က မည်သို့ သေနိုင်မည်နည်း။ အကယ်၍ ဧကရာဇ်လေးပါးက အမှန်ပင် သေသွားခြင်းဖြစ်လျှင် တစ်လောကလုံး ပရမ်းပတာ ဖြစ်သွားပေလိမ့်မည်။ လူသားမျိုးနွယ်သည်လည်း ရှင်းပစ်ခံရပေလိမ့်မည်။

“အဲ့ဒါ မဖြစ်နိုင်ဘူး... အဲ့ဒါက လုံးဝမဖြစ်နိုင်ဘူး”

ကျန်းရီ သူ့ကိုယ်သူ စိတ်တည်ငြိမ်အောင် လုပ်လိုက်ပြီး ပြတ်သားစွာ ပြောလိုက်သည်။

“ဗုဒ္ဓဧကရာဇ်နဲ့ တခြားဧကရာဇ်တွေက ဘယ်လိုလုပ် သေနိုင်မှာလဲ။ ဘယ်သူက သူတို့ကို သတ်နိုင်တဲ့အစွမ်း ရှိလဲ။ ခင်ဗျားက ကောလာဟလတွေ လျှောက်ဖြန့်နေတာပဲ”

“ကောလာဟလတွေဟုတ်လား...”

နတ်ဘုရားတစ်ပိုင်း ပညာရှင်နှစ်ယောက်က ထပ်မံရယ်လိုက်ကြသည်။ ထို့နောက် သူတို့ထဲမှ တစ်ယောက်က ပြောလိုက်သည်။

“ကျန်းရီ... မင်း ခေါင်းသုံးကြည့်စမ်းပါ။ တကယ်လို့ ဗုဒ္ဓဧကရာဇ်က မသေဘူးဆိုရင်၊ ဗုဒ္ဓအင်ပါယာနဲ့ ရီမျိုးနွယ်က နတ်ဘုရားတစ်ပိုင်းတွေ အသက်ရှင်နေသေးတယ်ဆိုရင် ငါတို့က ဒီလို လက်စားချေမယ့် အစီအစဉ်တွေကို လုပ်ဆောင်ရဲပါ့မလား။ ငါ မင်းကို ပြောမယ်... ငါတို့ မျိုးနွယ်ခေါင်းဆောင်က ယုံကြည်ရတဲ့ သတင်းကို ရခဲ့တာ။ သူတို့အကုန်လုံး သေကုန်ပြီဆိုတဲ့ သက်သေရှိတယ်။ မင်း ရီမျိုးနွယ်ကို ကူညီချင်ရင်တော့ ငါတို့မျိုးနွယ်တွေနဲ့ သေချာပေါက် ရန်သူ ဖြစ်လာမှာပဲ။ အကျိုးဆက်တွေကိုလည်း ခံရလိမ့်မယ်”

“သက်သေ... ဘာသက်သေလဲ”

ကျန်းရီ မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။

“ခင်ဗျားတို့ တစ်ယောက်ယောက်ရဲ့ လှည့်စားတာကို ခံလိုက်ရပြီ။ ခင်ဗျားတို့ရဲ့ သက်သေက အတုပဲဖြစ်မယ်။ တစ်ယောက်ယောက်က အရှေ့ဘက် တော်ဝင်နယ်မြေကို ပရမ်းပတာဖြစ်သွားအောင် တိုက်ပွဲကြီးတွေ စဖို့ ကြိုးစားနေတယ်ဆိုတာ အသိသာကြီးပဲ။ ဗုဒ္ဓဧကရာဇ်တို့က သေဦးမှာ မဟုတ်ဘူး”

“ဟားဟားဟား... ငါတို့က လှည့်စားတာတွေ၊ သွေးထိုးလှုံ့ဆော်တာတွေကို အရေးမစိုက်ဘူး”

နတ်ဘုရားတစ်ပိုင်းက ခေါင်းခါ၍ ပြောလိုက်သည်။

“ငါတို့က ဗုဒ္ဓဧကရာဇ်ရဲ့ ဗာဂျရာကျိုင်း၊ ညဧကရီရဲ့ ကျောက်စိမ်းသခင်မယပ်တောင်၊ ရွှမ်ဧကရာဇ်ရဲ့ သူတောင်စင်အင်ပါယာဓားနဲ့ ယဉ်ဧကရာဇ်ရဲ့ ရွှမ်ယွမ်ဖိုခနောက်ကို မျက်လုံးနဲ့တပ်အပ် မြင်ခဲ့ရတာ။ အဲ့ဒါတွေက ဧကရာဇ်လေးပါးရဲ့ ကျော်ကြားတဲ့ လက်နက်တွေပဲ။ တကယ်လို့ သူတို့ မသေဘူးဆိုရင် သူတို့ရဲ့ ရှေး‌ဟောင်းအသုံးအဆောင်တွေက အယူခံလိုက်ရမှာလဲ...”

“ကျန်းရီ... ငါ ဒါကို တစ်ခါပဲ ပြောမယ်။ မင်း လမ်းဖယ်မှာလား မဖယ်ဘူးလား။ မဖယ်ဘူးဆိုရင်တော့ ငါတို့ မျိုးနွယ်သုံးဆယ့်ခြောက်ခုက မင်းရဲ့ ရန်သူတွေ ဖြစ်လာမှာပဲ။ ဆန်းကြယ်နတ်ဘုရားနန်းတော် ရှိနေလို့ မင်းကိုယ်မင်း အရမ်းစွမ်းအားကြီးနေပြီ မထင်နဲ့။ ငါတို့ ရှေးဟောင်းမျိုးနွယ်တွေမှာ ဆန်းကြယ်တဲ့ စွမ်းရည်တွေနဲ့ လျှို့ဝှက်အတတ်တွေ အများကြီးရှိတယ်။ မင်း ရီမျိုးနွယ်ကို ကူညီရင် သေရမယ်”

ဝှစ်...ဝှစ်...ဝှစ်...

ကျန်းရီနှင့် ရီမျိုးနွယ်မှ တပ်သားများ၏ မျက်နှာများ ဖြူဖျော့သွား၏။ သူတို့မျက်နှာပေါ်တွင် သွေးရောင်တစ်စက်ပင် မရှိတော့ချေ။

ထိုမျိုးနွယ်များက အမှန်ပင် တစ်စုံတစ်ယောက်၏ သွေးထိုးလှုံ့ဆော်မှုကို ခံခဲ့ရခြင်းဖြစ်မည်။ သူတို့သည်လည်း သူတို့ကို တစ်စုံတစ်ယောက်က စေ့ဆော်နေကြောင်း သိသည်။ ထို့ပြင် ထိုနတ်ဘုရားတစ်ပိုင်း ပညာရှင်နှစ်ယောက်၏ စကားများက မှန်နေလောက်သည်။ သူတို့သည် ဗုဒ္ဓဧကရာဇ်၊ ညဧကရီ၊ ရွှမ်ဧကရာဇ်နှင့် ယဉ်ဧကရာဇ်တို့၏ ရှေးဟောင်းအသုံးအဆောင်များကို ကိုယ်တိုင်တွေ့ခဲ့ရသဖြင့် သွေးထိုးလှုံ့ဆော်မှုကို အရေးမစိုက်ကြတော့ခြင်း ဖြစ်မည်။ ထိုဧကရာဇ်များက အမှန်ပင် သေသွားလောက်ပြီဖြစ်သည်။ မဟုတ်လျှင် တစ်စုံတစ်ယောက်က သူတို့၏ လက်နက်များကို ယူနိုင်မည် မဟုတ်ပေ။

‘ကပ်ဘေး... တကယ်ပဲ ကပ်ဘေးတစ်ခု လာနေပြီလား’

ကျန်းရီသည် စိတ်ဓာတ်ကျစွာ မျက်လုံးမှိတ်လိုက်၏။ ဗုဒ္ဓဧကရာဇ်တို့က သေခဲ့ပေပြီ။ မြောက်ဘက်ဧကရာဇ်၊ တိုက်ပွဲဧကရာဇ်၊ သားရဲဧကရာဇ်၊ မိစ္ဆာဧကရာဇ်နှင့် ကျန်သူများကလည်း သူတို့၏ကိစ္စကိုသာ အရေးစိုက်နေကြသည်။ ကြိုးကိုင်သူ၏ အကြံအစည်ကို တားဆီးနိုင်မည့်သူ တစ်ယောက်မှ မရှိတော့ပေ။

ထိုကြိုးကိုင်သူက ဗုဒ္ဓဧကရာဇ်ကိုပင် သတ်နိုင်စွမ်းရှိ၏။ သို့ဆိုလျှင် သူက ကျန်းရီထင်ထားခဲ့သည်ထက် များစွာပို၍ စွမ်းအားကြီးပေလိမ့်မည်။ ကျန်းရီသည် အရာအားလုံးကို တစ်ယောက်တည်း မလုပ်နိုင်ပေ။ ထို့ကြောင့် သူသည် ကောင်းကင်ကြယ်တာရာနယ်နမိတ်က ချောက်နက်အတွင်းသို့ တစ်လှမ်းချင်း သွားနေသည်ကို ကြည့်၍သာ နေနိုင်တော့သည်။

***

All Chapters