← Chapters

ရီချန်၏ အလောင်းကို ကောက်ရလိမ့်မည်

Vol. 84 Ch. 1166

ရီချန်၏ အလောင်းကို ကောက်ရလိမ့်မည်

Vol. 84 Ch. 1166

လက်ရှိအခြေအနေများက ကပ်ဘေး ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ၊ ဗုဒ္ဓဧကရာဇ်တို့က သေသည်ဖြစ်စေ၊ မသေသည်ဖြစ်စေ ကျန်းရီတွင် ရွေးချယ်စရာ မရှိတော့ပေ။ သူ အခြားအရာများကို မတွေးခင် အရင်ဆုံး ရီမျိုးနွယ်ကို အကောင်းဆုံးကြိုးစား၍ ကယ်တင်ရမည်ဖြစ်သည်။

ကျန်းရီသည် ပြတ်သားသော မျက်ဝန်းများဖြင့် အော်ပြောလိုက်သည်။

“ကျွန်တော် တောင်းပန်ပါတယ်၊ ကျွန်တော် ရီမျိုးနွယ်ကို ကာကွယ်ရမယ်။ အဲ့တော့ တစ်ကြိမ်မေးမယ်... ခင်ဗျားတို့ ပြန်ဆုတ်မှာလား။ ပြန်မဆုတ်ရင်တော့ ဖြစ်လာမယ့်ကိစ္စအတွက် ကျွန်တော် ကြိုတောင်းပန်ပါတယ်”

“သတ်ကြ...”

ကျန်းရီနှင့် မျက်နှာချင်း ဆိုင်နေသော နတ်ဘုရားတစ်ပိုင်းက တစ်ချက်ပင် မတုံ့ဆိုင်းခဲ့ပေ။ သူ အမိန့်ပေးလိုက်ရာ အင်အားသုံးသန်းရှိသော စစ်တပ်က အတွင်းအားများနှင့် တာအိုပုံသဏ္ဌာန်များ ထုတ်လွှတ်လိုက်ကြသည်။ ထို့နောက် နတ်ဘုရားတစ်ပိုင်းက အော်ပြောလိုက်သည်။

“ကျန်းရီ... မင်း တပ်သားတစ်ယောက်ကို သတ်လိုက်တာနဲ့ ငါတို့ရဲ့ ရန်သူ ဖြစ်သွားလိမ့်မယ်။ အဲ့ကျရင် မင်း သေရမှာပဲ”

ရွှက်...ရွှက်... ဝုန်း...ဝုန်း... ရွှီး...ရွှီး...

တပ်သားသုံးသန်း၏ တစ်ပြိုင်တည်း တိုက်ခိုက်မှုက မည်မျှ ပြင်းထန်သနည်း။ ယင်းကို သာမန်လူများ တွေးကြည့်၍ပင် မရနိုင်ပေ။ ထိုတိုက်ခိုက်မှုများက မိုးပြိုကျလာသကဲ့သို့ ဖိအားကြီးသည်။ ကြောက်မက်ဖွယ်ဖိအားက ကျန်နေသေးသော ရီမျိုးနွယ်တပ်သားနှစ်သိန်းကို မွန်းကြပ်သွားစေသည်။ သူတို့သည် ပျံဝင်လာသော တိုက်ခိုက်မှုများကို ကြောင်ကြည့်မိနေကြပြီး ရှောင်တိမ်းရန် မတွေးမိကြချေ။

“အားလုံး ပြန်ဆုတ်ကြ”

ကျန်းရီ၏ အော်သံကြီး ထွက်ပေါ်လာသည်။ သူ၏ဝိညာဉ်ပုံရိပ်ကလည်း လေထဲမှ ပျောက်ကွယ်သွားသည်။ ထို့နောက်တွင် ဆန်းကြယ်နတ်ဘုရားနန်းတော်က ထက်ရှသော ဓားတစ်စင်းအလား အရှေ့သို့ ပျံထွက်သွားသည်။ တပ်သားသုံးသန်း၏ တိုက်ခိုက်မှုများနှင့် ရင်ဆိုင်ရသောအခါ ဆန်းကြယ်နတ်ဘုရားနန်းတော်သည် လှိုင်းလုံးကြီးများကို ကျော်ဖြတ်နေရသော လှေငယ်လေးတစ်စင်းကဲ့သို့ ဖြစ်သွားသည်။ နောက်ဆုံးတွင် ရီမျိုးနွယ်တပ်သားနှစ်သိန်းလည်း အသိပြန်ကပ်လာကြသည်။ သူတို့ထဲမှ အထွတ်အထိပ်အဆင့် ကောင်းကင်ဧကရာဇ်များက အရှေ့သို့ လျင်မြန်စွာ တက်ကာ တိုက်ခိုက်မှုများကို ကာ၍ အော်ပြောလိုက်သည်။

“ဆုတ်ကြ...ဆုတ်ကြ...”

ဝုန်း...ဝုန်း...ဝုန်း...

လူအများစုက နှေးလွန်းနေသည်။ ရန်သူဘက်မှ စစ်တပ်တွင်လည်း အထွတ်အထိပ်အဆင့် ကောင်းကင်ဧကရာဇ်များစွာ ပါနေသည်။ ဤတစ်ခေါက်တွင် နတ်ဘုရားတစ်ပိုင်း ပညာရှင်နှစ်ယောက်က မတိုက်ခိုက်ခဲ့သော်လည်း အထွတ်အထိပ်အဆင့် ကောင်းကင်ဧကရာဇ်များ၏ တိုက်ခိုက်မှုများကို ခုခံရန်မှာပင် အလွန်ခက်ခဲနေပြီဖြစ်သည်။ တိုက်ခိုက်မှုတစ်ချီ ပြီးဆုံးသွားပြီးနောက်တွင် ရီမျိုးနွယ်စစ်တပ်မှ ကောင်းကင်ဧကရာဇ် မဟုတ်သူအားလုံး သေဆုံးသွားသည်။

“လခွမ်းပဲ”

ကျန်းရီသည် နောက်ထပ်လူတစ်သိန်းက သွေးမှုန်သွေးမွှားများအဖြစ် ပြောင်းလဲသွားသည်ကို တွေ့လိုက်သောအခါ အလွန်ဒေါသထွက်သွားသည်။ သူသည် ထိုနေရာတွင် ရှိမနေလျှင် အပြစ်ရှိသကဲ့သို့ ခံစားရမည် မဟုတ်ပေ။ သို့သော် ရန်သူများက ရီမျိုးနွယ်တပ်သားတစ်သိန်းကို သူ့မျက်စိရှေ့တွင် သတ်ပစ်ခဲ့သည်။ သို့ဖြစ်ရာ သူ ရီချန်ကို မည်သို့ မျက်နှာပြရတော့မည်နည်း။

ဆန်းကြယ်နတ်ဘုရားနန်းတော်က အနက်ရောင်လျှပ်စီးတန်းတစ်ခုအဖြစ် ပြောင်းလဲကာ ရန်သူစစ်တပ်အတွင်းသို့ ပျံဝင်သွားသည်။ နန်းတော်သည် တပ်သားအုပ်များကို ဝင်တိုးလိုက်သည်။ ရုတ်ခြည်းအတွင်းမှာပင် ပေတစ်ထောင်ရှည်သော လမ်းကြောင်းကြီးတစ်ခု ဖြစ်ပေါ်သွားသည်။ နန်းတော်၏ ဝင်တိုးမှုကို ခံလိုက်ရသော ကောင်းကင်ဧကရာဇ်များနှင့် ဗာဂျရာအဆင့် သိုင်းသမားအားလုံးက အမှုန့်ဖြစ်သွားသည်။ ရန်သူစစ်တပ်တွင် တပ်သားများပြွတ်သိပ်စွာ ရှိနေ၍ တစ်ချက်တိုက်ခိုက်လိုက်ရုံဖြင့် လူတစ်ထောင်၊ နှစ်ထောင်လောက် သေဆုံးသွားသည်။

“သွား...”

ဆန်းကြယ်နတ်ဘုရားနန်းတော်က စစ်တပ်အတွင်း ထပ်မံ ပျံသန်းလိုက်သည်။ နန်းတော်သည် သိုးအုပ်တစ်အုပ်ထဲသို့ ပြေးဝင်သွားသော ဆင်ကြီးတစ်ကောင်ကဲ့သို့ပင်။ တပ်သားများသည် ခုခံရန်ပင် မကြိုးစားနိုင်လိုက်ဘဲ သေဆုံးသွားကြသည်။

“လူခွဲပြီး ပြန်ဆုတ်ကြ...”

နတ်ဘုရားတစ်ပိုင်း ပညာရှင်နှစ်ယောက်သည် ဆန်းကြယ်နတ်ဘုရားနန်းတော်က သူတို့၏စစ်တပ်ကို တိုက်ခိုက်နေကြောင်း တွေ့လိုက်သောအခါ အကြည့်ချင်းဖလှယ်လိုက်ကြပြီး အမိန့်ပေးလိုက်ကြသည်။ ထိုအတိုင်း ဆက်တိုက်ခိုက်နေ၍ မဖြစ်ပေ။ အကယ်၍ ကျန်းရီက စိတ်ရှိသလို ဆက်သတ်ဖြတ်နေမည် ဆိုလျှင် တပ်သားတစ်သန်းလောက် ကျဆုံးသွားပေလိမ့်မည်။ ထို့ပြင် တပ်သားများက ပြွတ်သိပ်နေလေလေ၊ ကျန်းရီ၏ သတ်ဖြတ်မှုက ပိုမြန်လေလေ ဖြစ်မည်။ တစ်မိနစ်မပြည့်သေးခင်မှာပင် ကျန်းရီက လူတစ်သောင်းနီးပါးကို သတ်ပြီးသွားပေပြီ။

ဝှစ်...ဝှစ်...ဝှစ်...

မဟာမိတ်စစ်တပ်သည် အမိန့်ရလိုက်ပြီဖြစ်၍ ချက်ချင်း အရပ်မျက်နှာအသီးသီးသို့ ပြန်ဆုတ်ကြသည်။ သူတို့က နေရာအနှံ့သို့ သွားနေကြရာ ကျိုင်းကောင်အုပ်ကြီးနှင့်ပင် တူနေသည်။ ကျန်းရီသည် နတ်ဘုရားတစ်ပိုင်း ပညာရှင်နှစ်ယောက်ကို ပစ်မှတ်ထားလိုက်၏။ ဆန်းကြယ်နတ်ဘုရားနန်းတော်က အနက်ရောင်လျှပ်စီးတန်းတစ်ခုအဖြစ် ပြောင်းလဲကာ အရှေ့သို့ ပျံထွက်သွားလေသည်။

သို့သော် နတ်ဘုရားတစ်ပိုင်း ပညာရှင်နှစ်ယောက်က အလွန်ဉာဏ်ကောင်းသည်။ သူတို့သည် ချက်ချင်း မြေအောက်ထဲတွင် လျှိုးသွားလိုက်ကြပြီး လူခွဲ၍ ထွက်ပြေးလိုက်ကြသည်။ ထို့ပြင် သူတို့က တစ်ဖြောင့်တည်း ထွက်ပြေးခြင်း မဟုတ်ဘဲ မြွေလိမ်မြွေကောက် ထွက်ပြေးနေကြသည်။ ကျန်းရီသည် တစ်ယောက်နောက်သို့သာ လိုက်ရန် ဆုံးဖြတ်လိုက်ပြီး နတ်ဘုရားတစ်ပိုင်း ပညာရှင်တစ်ယောက်ဆီသို့ ပျံသန်းသွားလိုက်သည်။ ထိုနတ်ဘုရားတစ်ပိုင်းသည် ကျန်းရီက သူနှင့် ပေတစ်သောင်းအကွာသို့ ရောက်လာသောအခါ မလွတ်နိုင်တော့ဟု တွေးလိုက်၏။ သူက ကြယ်ခြောက်ပွင့်အဆင့် သိုင်းပညာရှင်တစ်ယောက်သာဖြစ်၍ ဆန်းကြယ်နတ်ဘုရားနန်းတော်ထက် များစွာပိုနှေးပေသည်။

“ကျန်းရီ... ငါ့ကို သတ်ရင် မင်းလည်း သေရမယ်”

နတ်ဘုရားတစ်ပိုင်းက ဒေါသတကြီး ‌အော်ပြောလိုက်၏။ ကျန်းရီသည် တစ်ချက်ပင် မျက်နှာထား ပြောင်းမသွားပေ။ ထိုကဲ့သို့သော ခြိမ်းခြောက်မှုများကို သူ အကြိမ်ပေါင်းများစွာ ကြားခဲ့ဖူးပြီးဖြစ်သည်။ သူသည် သတ်ဖြတ်ရန် ဆုံးဖြတ်ပြီးသည်နှင့် အခြားမည်သည်ကိုမှ အရေးမစိုက်တော့ချေ။ နတ်ဘုရားတစ်ပါးကို သတ်ရမည်ဆိုလျှင်ပင် သူ နောက်တွန့်မည် မဟုတ်ပေ။

ဝုန်း...

နတ်ဘုရားတစ်ပိုင်းသည် နန်းတော်၏ ဝင်တိုးမှုကို ခံလိုက်၏။ သူ၏ နတ်ဘုရားဒိုင်းက ရုတ်ခြည်း ပျက်စီးသွားသည်။ ထို့နောက် သူ့ခန္ဓာကိုယ်က အပိုင်းပိုင်းအပြတ်ပြတ် ပေါက်ကွဲထွက်သွားသည်။ သူသည် အော်ပင် မအော်နိုင်လိုက်ဘဲ သေဆုံးသွားပေပြီ။

ဝုန်း...

ဆန်းကြယ်နတ်ဘုရားနန်းတော်က မြေပြင်ထက်သို့ ပြန်တက်လာ၏။ ကျန်းရီသည် ကောင်းကင်စိတ်အာရုံကို သုံး၍ ပတ်ဝန်းကျင်ကို အာရုံခံလိုက်သည်။ တပ်သားများက အရပ်မျက်နှာအနှံ့သို့ ထွက်ပြေးနေကြကြောင်းကို မြင်လိုက်ရ၍ မည်သည့်ဘက်သို့ လိုက်ရမည်ကို သူ ဝေခွဲမရ ဖြစ်သွားသည်။

“သခင်လေးကျန်း...”

ရီမျိုးနွယ်မှ စစ်သူကြီးတစ်ယောက်က ကျန်းရီကို အော်ခေါ်လိုက်၏။ ကျန်းရီ ဆန်းကြယ်နတ်ဘုရားနန်းတော်ကို ရပ်တန့်လိုက်သည်။ စစ်သူကြီးက ပျံသန်းလာပြီး မြေပြင်ပေါ်တွင် ဒူးထောက်ကာ အော်ပြောလိုက်သည်။

“သခင်လေး... သူတို့နောက်ကို ဆက်မလိုက်ပါနဲ့တော့။ အရင်ဆုံး သခင်လေး တခြားနေရာတွေကို သွားကယ်သင့်ပါတယ်။ ဗုဒ္ဓဒေသက တိုက်ပွဲတွေက ဒီထက် ပိုဆိုးပါတယ်။ သခင်မလေးချန်တို့က အကြာကြီး ထိန်းထားနိုင်မှာ မဟုတ်ဘူး။ မဟာမိတ်စစ်တပ်က တပ်စုဆယ်စု ခွဲပြီး တစ်ချိန်တည်း တိုက်ခိုက်နေကြတာ။ အခု ဒီကစစ်တပ်က သခင်လေးကြောင့် လူစုခွဲပြီး ထွက်ပြေးသွားရပြီဆိုတော့ အချိန်တိုအတွင်း ပြန်စုစည်းနိုင်ဦးမှာ မဟုတ်ပါဘူး”

“ကောင်းပြီ”

ကျန်းရီသည် တင်ပျဉ်ခွေထိုင်လိုက်ပြီး ကောင်းကင်နားလည်သိမြင်ခြင်းကို ထုတ်လွှတ်ကာ မဟာမိတ်စစ်တပ်၏ လှုပ်ရှားမှုများကို ထောက်လှမ်းလိုက်သည်။

မကြာခင်မှာပင် ကျန်းရီသည် ကီလိုမီတာငါးသိန်းအကွာရှိ အခြားမဟာမိတ်စစ်တပ်တစ်တပ်ကို ရှာတွေ့လိုက်သည်။ ထိုမဟာမိတ်စစ်တပ်က မြို့တစ်မြို့ကို ကျူးကျော်ခဲ့ပြီးရုံသာရှိသေးသည်။ မြို့ထဲတွင် အရိုးများ၊ ပြာမှုန့်များ ပြည့်နှက်နေသည်။ သွေးများကလည်း ချောင်းစီးသကဲ့သို့ စီးနေသည်။ ထို့မြို့ထဲရှိ တပ်သားများအားလုံး အသတ်ခံခဲ့ရကြောင်း ထင်ရှားပေသည်။ ထို့နောက်တွင် ထိုမဟာမိတ်စစ်တပ်က အခြားမြို့ကြီးတစ်မြို့ဆီသို့ ရဲရဲတင်းတင်း ဦးတည်ပျံသန်းသွားလေသည်။

ရွှက်...ရွှက်...

ကျန်းရီသည် ချက်ချင်းပင် ဆန်းကြယ်နတ်ဘုရားနန်းတော်ကို ထိန်းချုပ်၍ ကောင်းကင်ရှောင်တိမ်းခြင်း သုံးလိုက်သည်။ ခေတ္တမျှကြာပြီးနောက် ဆန်းကြယ်နတ်ဘုရားနန်းတော်က အာကာပြင်အက်ကြောင်းအတွင်းမှနေ၍ ပြန်ထွက်လာသည်။ ကျန်းရီ ကောင်းကင်နားလည်သိမြင်ခြင်းကို ထုတ်ကာ အာရုံခံလိုက်သည်။ မဟာမိတ်စစ်တပ်နှင့် ကီလိုမီတာသောင်းဂဏန်းသာ ဝေးတော့သဖြင့် ကောင်းကင်ရှောင်တိမ်းခြင်းကို မသုံးတော့ဘဲ ပျံသန်းသွားရန်သာ သူ ဆုံးဖြတ်လိုက်သည်။

“ဆန်းကြယ်နတ်ဘုရားနန်းတော်လား... အဲ့ဒါ ကျန်းရီပဲ”

အင်အားသုံးသန်းပါသော ထိုမဟာမိတ်စစ်တပ်ကိုလည်း နတ်ဘုရားတစ်ပိုင်း ပညာရှင်နှစ်ယောက်ပင် ဦးဆောင်နေသည်။ သူတို့သည် ဆန်းကြယ်နတ်ဘုရားနန်းတော်က သူတို့ထံသို့ ပျံသန်းလာကြောင်းကို တွေ့လိုက်၍ ခေတ္တမျှရပ်ကာ နန်းတော်ကို ငေးကြည့်လိုက်ကြသည်။ ဤတစ်ကြိမ်တွင် ကျန်းရီသည် ဝိညာဉ်ပုံရိပ်ပင် မဖန်တီးတော့ဘဲ တိုက်ရိုက်အသံပို့လွှတ်၍သာ ပြောလိုက်သည်။

“ကျွန်တော် ဒီကို ရောက်လာတာ ရီမျိုးနွယ်ကို ကာကွယ်ဖို့ပဲ။ ခင်ဗျားတို့ ပြန်ဆုတ်မလား ဒါမှမဟုတ် ကျွန်တော်က ခင်ဗျားတို့ကို တိုက်ခိုက်ရမလား”

“ဟွန်း...”

နတ်ဘုရားတစ်ပိုင်း ပညာရှင်တစ်ယောက်က နှာခေါင်းရှုံ့ကာ ပြောလိုက်သည်။

“ကျန်းရီ... မင်းကဘာလဲ။ မင်းက ရီမျိုးနွယ်ကို ကာကွယ်နိုင်လိမ့်မယ်လို့ ထင်နေတာလား...”

ဝှစ်...

ထိုနတ်ဘုရားတစ်ပိုင်း၏စကား မဆုံးသေးခင်မှာပင် ဆန်းကြယ်နတ်ဘုရားနန်းတော်က အရှေ့သို့ ပျံသန်းသွားသည်။ ကျန်းရီသည် အခြားနတ်ဘုရားတစ်ပိုင်း ပြောမည့် စကားကိုပင် နားထောင်မနေလို‌တော့ပေ။ ထိုနတ်ဘုရားတစ်ပိုင်းက ခေါင်းမာနေသဖြင့် ကျန်းရီသည် အခြားဘာကိုမှ မတွေးတော့ဘဲ သူ့ကို သတ်ပစ်တော့မည်ဖြစ်သည်။ စစ်တပ်ကို မသတ်ဖြတ်ခင် နတ်ဘုရားတစ်ပိုင်းများကို အရင်ဆုံး ရှင်းပစ်ရပေမည်။

သို့သော် ထိုနတ်ဘုရားတစ်ပိုင်း ပညာရှင်နှစ်ယောက်က အရူးများ မဟုတ်ပေ။ သူတို့ထဲမှ တစ်ယောက်က အထက်သို့ ပျံတက်သွားပြီး ကျန်တစ်ယောက်က အောက်သို့ ပျံဆင်းသွားသည်။ တစ်ယောက်ဆို အော်ပင်အော်လိုက်သေးသည်။

“အားလုံး တိုက်ခိုက်ပြီး ဆန်းကြယ်နတ်ဘုရားနန်းတော်ကို ဖျက်ဆီးကြ၊ ကျန်းရီကို သတ်ကြ”

တပ်သာများသည် တုန်လှုပ်စွာဖြင့် တိုက်ခိုက်မှုများ ထုတ်လွှတ်လိုက်ကြ၏။ သို့သော် ဆန်းကြယ်နတ်ဘုရားနန်းတော်က တိုက်ခိုက်မှုအများစုကို ရှောင်လိုက်သည်။ ထို့နောက် နန်းတော်သည် အထက်သို့ ပျံတက်သွားသော နတ်ဘုရားတစ်ပိုင်းအနောက်သို့ လိုက်သွားလိုက်သည်။

ဝုန်း...

ဆန်းကြယ်နတ်ဘုရားနန်းတော်က ထိုနတ်ဘုရားတစ်ပိုင်းကို အလွယ်လေး လိုက်မီသွားပြီး ဝင်တိုးပစ်လိုက်သည်။ နတ်ဘုရားတစ်ပိုင်းက အပိုင်းပိုင်းအပြတ်ပြတ် ပေါက်ကွဲထွက်သွားသည်။ ထို့နောက် နန်းတော်သည် ‌အောက်ဘက်သို့ ပျံဆင်းလိုက်ပြီး မဟာမိတ်စစ်တပ်ဆီသို့ ဦးတည်လိုက်သည်။ ဤတစ်ခေါက်တွင် တပ်သားသုံးသန်းသည် တပ်မှူး၏ အမိန့်ကိုပင် မစောင့်တော့ဘဲ လူခွဲကာ ထွက်ပြေးကြသည်။ ဆန်းကြယ်နတ်ဘုရားနန်းတော်က အလွန်ကြောက်မက်ဖွယ်ကောင်းသည်။ ၎င်းက နတ်ဘုရားတစ်ပိုင်းများကိုပင် ဝင်တိုးရုံဖြင့် သတ်ပစ်နိုင်သည်။ ထို့ပြင် ကျန်းရီကလည်း သတ်ဖြတ်မှုများကြောင့် ကျော်ကြားသူဖြစ်သည်။

ဤတစ်ကြိမ်တွင် ကျန်းရီ မရပ်တန့်လိုက်ပေ။ သူသည် ထွက်ပြေးသွားသော တပ်သားများနောက်သို့ ငါးမိနစ်ကြာ လိုက်လံသတ်ဖြတ်လိုက်သည်။ တပ်သားသောင်းနှင့်ချီ၍ သေဆုံးသွားခဲ့သည်။ မဟာမိတ်စစ်တပ်တစ်ခုလုံး တကွဲတပြား ဖြစ်သွားပြီး စိတ်ဓာတ်ပျက်ပြားသွားသောအခါမှ သူ ရပ်တန့်လိုက်သည်။ ထို့နောက် သူသည် ကောင်းကင်နားလည်သိမြင်ခြင်းကို ထုတ်လွှတ်၍ ပတ်ဝန်းကျင်ကို ထပ်မံ အာရုံခံလိုက်သည်။ ဤတစ်ခေါက်တွင် သူ မဟာမိတ်စစ်တပ်နှစ်တပ်ကို တွေ့လိုက်သည်။ ထိုနှစ်တပ်ထဲမှ တစ်တပ်က အတော်လေးကြီးသည်။ ထိုစစ်တပ်က အင်အားခြောက်သန်းရှိပြီး အနည်းဆုံး နတ်ဘုရားတစ်ပိုင်း ပညာရှင် အယောက်ငါးဆယ် ပါသည်။

ထိုအခိုက်တွင် ယင်းစစ်တပ်က မြို့ကြီးတစ်မြို့ကို ဝန်းရံထားသည်။ မြို့ထဲမှ တပ်သားများကလည်း မြို့ကို ကာကွယ်နေကြသည်။ ကျန်းရီသည် မြို့ရိုးပေါ်ရှိ လူတစ်ယောက်ကို အာရုံခံမိလိုက်၏။ ထိုလူ၏ ခရမ်းရောင်ဆံပင်က အလွန်ထင်ရှားပေသည်။

‘ရီချန်ပဲ’

ကီလိုမီတာ ငါးသိန်းအကွာတွင် မဟာမိတ်စစ်တပ်တစ်တပ် ရှိနေသော်လည်း ကျန်းရီသည် ကီလိုမီတာဆယ့်ငါးသိန်းအကွာရှိ ထိုမြို့သို့သာ ကောင်းကင်ရှောင်တိမ်းခြင်း သုံး၍ သွားရန် ရွေးချယ်လိုက်သည်။ ထိုနေရာတွင် နတ်ဘုရားတစ်ပိုင်းများစွာ ရှိနေသည်။ ထို့ကြောင့် ထိုစစ်တပ်က ပင်မစစ်တပ်ဖြစ်ကြောင်း ထင်ရှားသည်။ အကယ်၍ ကျန်းရီ အရောက်နောက်ကျသွားပါက ရီချန်နှင့် အခြားသူများ၏ အလောင်းများကိုသာ ကောက်ရပေလိမ့်မည်။

***

All Chapters