စေတီမြို့
Vol. 84 Ch. 1167
“သေပြီ... အဘိုးက သေပြီလား။ အဖေရော သေပြီလား။ ဦးလေးသုံးနဲ့ ကျန်တဲ့သူတွေရော သေကုန်ပြီလား”
ပြုံးရွှင်ဗုဒ္ဓမြို့၏ မြို့ရိုးပေါ်တွင် ရီချန်တစ်ယောက် အတန်ငယ် မျှော်လင့်ချက်ကင်းမဲ့သွား၏။ စစ်မျိုးနွယ်မှ မျိုးနွယ်ခေါင်းဆောင်ငယ်က ဗုဒ္ဓဧကရာဇ်၏ ဗာဂျရာကျိုင်းကို ကိုင်ထားသည်။ ဗုဒ္ဓဧကရာဇ်က ထိုလက်နက်ကို အသုံးမပြုခဲ့သည်မှာ ကြာခဲ့ပြီဖြစ်သည်။ သို့သော် ဤတစ်ခေါက်တွင်မူ သူသည် လိုရမည်ရအဖြစ် ထိုလက်နက်ကို ယူသွားခဲ့သည်။ ထိုရတနာကို အတုလုပ်ရန် မဖြစ်နိုင်ပေ။ ရီချန်သည် ၎င်းကို မြင်လိုက်သည်နှင့် ချက်ချင်း မှတ်မိပေသည်။
“သခင်မလေးချန်”
စစ်မျိုးနွယ်မှ မျိုးနွယ်ခေါင်းဆောင်ငယ် စစ်ဖုန်းထျန်းက အတော်လေး ခံ့ညားကာ ကိုယ်ခန္ဓာကျစ်လစ်သည်။ ထို့ကြောင့် သူ၏ အမည်နှင့် ဆန့်ကျင်ဘက် ဖြစ်နေပေသည်။ သူက ရီချန်ကို ပြုံး၍ကြည့်ကာ ပြောလိုက်သည်။
“ဗုဒ္ဓဧကရာဇ်နဲ့ ကျန်တဲ့သူတွေ သေသွားခဲ့တာ ကြာပါပြီ။ အခု ကျွန်တော်တို့ မျိုးနွယ်သုံးဆယ့်ခြောက်ခုက အင်အားပူးပေါင်းလိုက်ပြီ။ ရီမျိုးနွယ်က ပျက်သုဉ်းရတော့မှာပဲ။ ခုခံမနေပါနဲ့တော့... အလကားပဲ။ အေးအေးဆေးဆေး အညံ့ခံမယ်ဆိုရင် သခင်မလေးတို့ မသေစေရဘူးလို့ ကျွန်တော် ကတိပေးပါတယ်။ ရီမျိုးနွယ်ဝင်တွေကိုလည်း သတ်မှာ မဟုတ်ပါဘူး”
စစ်ဖုန်းထျန်းက ရီချန်ကို သဘောကျနေကြောင်း ထင်ရှားသည်။ သို့သော် ရီချန်ကို သဘောမကျသည့် ယောက်ျားဟူ၍ ရှိပါသလော။ သူမက အရှေ့ဘက် တော်ဝင်နယ်မြေ၏ ထိပ်တန်းအလှပဂေး(၁၀)ယောက်ထဲမှ နံပါတ်(၂)ဖြစ်သည်။ ယောက်ျားတိုင်းက သူမ၏ မျက်နှာဖုံးကို ချွတ်၍ သူမကို သူတို့၏ပေါင်ပေါ်တွင် လှဲအိပ်စေလိုကြသည်။ ထိုခံစားချက်က လောကကြီးကို သိမ်းပိုက်ရသည်ထက် ပို၍စိတ်လှုပ်ရှားဖွယ်ကောင်းပေလိမ့်မည်။
ရီချန်က မည်သို့မှ ပြန်မပြောလိုက်ပေ။ သူမ၏ စိတ်က ဗလာဖြစ်နေသည်။ ဗုဒ္ဓဧကရာဇ်နှင့် ဗုဒ္ဓအင်ပါယာတို့ နှစ်ယောက်စလုံး သေသွားပြီဆိုသော သတင်းကို သူမ လက်မခံနိုင်ပေ။ ထိုအခိုက်တွင် သူမ မြို့ရိုးပေါ်၌ မားမားမတ်မတ် ဆက်ရပ်နေနိုင်သည်ကပင် ချီးကျူးစရာကောင်းနေပြီဖြစ်သည်။
စစ်ဖေးထျန်းသည် အတော်ကြာစောင့်ပြီးနောက် စိတ်မရှည်နိုင်ဖြစ်လာသည်။ ထို့ကြောင့် သူ အော်ပြောလိုက်သည်။
“သခင်မလေးရီချန်... ကျွန်တော် တစ်ကြိမ်ထပ်မေးပါမယ်။ သခင်မလေး အညံ့ခံမှာလား၊ မခံဘူးလား။ ပြုံးရွှင်ဗုဒ္ဓမြို့ ကျဆုံးသွားပြီးရင် ဗုဒ္ဓဧကရာဇ်မြို့ရဲ့ အလှည့်ပဲ။ အဲ့အခါကျရင် ရီမျိုးနွယ် ပျက်သုဉ်းသွားလိမ့်မယ်”
နောက်ဆုံးတွင် ရီချန်က အသိပြန်ကပ်လာပြီး မျှော်လင့်ချက်မဲ့နေသော မျက်နှာထားများ ရှိနေသည့် ရီမျိုးနွယ်မှ သိုင်းသမားများကို ကြည့်လိုက်သည်။ ရီကျန်း၏ မျက်နှာတွင် နာကျင်မှုများနှင့် ပြည့်နှက်နေသည်။ ရီရှန်နှင့် အခြားသူများကလည်း မျက်နှာပျက်နေကြသည်။ ထို့နောက် သူမ သက်ပြင်းသဲ့သဲ့ချလိုက်ပြီး လီဖေးယွီတို့နှင့် ပဉ္စမအကြီးအကဲကို ပြောလိုက်သည်။
“လူကြီးမင်းလီ၊ ပဉ္စမအကြီးအကဲ... ရှင်တို့ တည်နေရာပြောင်းရွှေ့ပြီး ထွက်သွားပါတော့။ ဒီကိစ္စက ရှင်တို့နဲ့ ဘာမှ မပတ်သတ်ပါဘူး။ ကျွန်မတို့ကတော့ ဆုတ်စရာမြေ မရှိတော့ဘူး။ ဒါပေမဲ့ ရီမျိုးနွယ်ဝင်တွေက သေတဲ့အထိ တိုက်ခိုက်မှာပါ... ရီမျိုးနွယ်မှာ အညံ့ခံမယ့် သူရဲဘောကြောင်တဲ့သူတွေ တစ်ယောက်မှ မရှိဘူး”
လီမျိုးနွယ်မှ နတ်ဘုရားတစ်ပိုင်းများက အတန်ငယ် ချီတုံချတုံ ဖြစ်နေကြပြီဖြစ်သည်။ မဟာမိတ်စစ်တပ်တွင် နတ်ဘုရားတစ်ပိုင်းများစွာ ရှိနေသည် မဟုတ်ပါလား။ သို့ဖြစ်ရာ သူတို့အနည်းငယ်နှင့် မည်သို့မှ ခုခံနိုင်မည် မဟုတ်ပေ။ သူတို့သာ ဝင်တိုက်ခိုက်လျှင် ရီမျိုးနွယ်နှင့်အတူ ကျဆုံးသွားရမည်သာ။ သူတို့ သေခြင်း၊ ရှင်ခြင်းက အရေးမကြီးပေ။ သို့သော် လီမျိုးနွယ်အတွက် မည်သို့လုပ်မည်နည်း။ လုံမျိုးနွယ်က အချိန်ကောင်းကို စောင့်ဆိုင်းနေခြင်းဖြစ်သည်။ အကယ်၍ သူတို့က ဤနေရာတွင် သေဆုံးသွားလျှင် လီမျိုးနွယ်လည်း သေချာပေါက် ပျက်သုဉ်းသွားပေလိမ့်မည်။
“ဟင်းဟင်း...”
သို့သော် လီဖေးယွီက ခပ်သဲ့သဲ့ရယ်ကာ ပြောလိုက်သည်။
“ဗုဒ္ဓဧကရာဇ်ကြောင့်သာ မဟုတ်ရင် ကျုပ် လီဖေးယွီ သေတာကြာပြီ။ လီမျိုးနွယ်လည်း အရင်ကတည်းက ပျက်သုဉ်းသွားပြီးပြီ။ ဒီနေ့ ရီမျိုးနွယ်က အန္တရာယ်နဲ့ ရင်ဆိုင်နေရတာကို ဘယ်လိုလုပ် ကျုပ်က မကူညီဘဲ ထွက်သွားနိုင်မှာလဲ။ သခင်မလေးချန် ဘာမှဆက်ပြောဖို့ မလိုပါဘူး။ သေရမယ်ဆိုရင်လည်း အတူတူ သေကြတာပေါ့”
ပဉ္စမအကြီးအကဲကလည်း အင်္ကျီလက်ကို ခပ်ဖွဖွ ယမ်း၍ ပြုံးကာ ပြောလိုက်သည်။
“ငါကလည်း သခင်လေးကျန်းရီရဲ့ အမိန့်ကိုပဲ နားထောင်တယ်။ သူက မင်းကို ကာကွယ်ပေးဖို့ ငါ့ကို အမိန့်ပေးထားတော့ မင်း ပြန်မဆုတ်ရင် ငါက ဘယ်လိုလုပ် ပြန်ဆုတ်နိုင်မှာလဲ”
ရီချန်သည် အားလုံးကို ကျေးဇူးတင်စွာ ကြည့်လိုက်ပြီး ဦးညွှတ်လိုက်သည်။ ထို့နောက် သူမသည် သူတို့ကို ဖျောင်းဖျရန် ကြိုးစားမနေတော့ဘဲ အမိန့်ပေးလိုက်သည်။
“ဒိုင်းတွေကို ဖယ်လိုက်ကြ။ သိုင်းသမားအားလုံး ကျွန်မရဲ့ အမိန့်ကို နားထောင်ပါ။ ကျွန်မတို့ နောက်မှာ ဗုဒ္ဓဧကရာဇ်မြို့ရှိတယ်။ တကယ်လို့ ပြုံးရွှင်ဗုဒ္ဓမြို့သာ ကျရှုံးသွားရင် ကျွန်မတို့ မျိုးနွယ် ရှင်းပစ်ခံရလိမ့်မယ်။ ကျွန်မတို့မှာ ဆုတ်စရာမြေ မရှိတော့ဘူး။ ဒီတော့ သေတဲ့အထိ တိုက်ခိုက်ကြရမယ်”
“သေတဲ့အထိ တိုက်ခိုက်မယ်”
ရီမျိုးနွယ်မှ သိုင်းသမားအားလုံးက တစ်ပြိုင်တည်း အော်လိုက်သည်။ ရီချန်က မျိုးနွယ်ခေါင်းဆောင်ငယ် မဟုတ်သော်လည်း ရီမျိုးနွယ်တွင် သူမ၏ အဆင့်အတန်းက ဗုဒ္ဓအင်ပါယာထက်သာ နိမ့်ပေသည်။ ယခု သူမက အမိန့်ပေးလိုက်ပြီဖြစ်၍ မည်သူမှ တုံ့ဆိုင်းမနေကြတော့ပေ။ ဒိုင်းကာများ လျင်မြန်စွာ ပျောက်ကွယ်သွားပြီး တပ်သားနှစ်သန်း ရှေ့သို့ထွက်လာသည်။
“သတ်ကြ...”
ရီချန်၏ ခန္ဓာကိုယ်ကို လျှပ်စီးတန်းများက ဝန်းရံထားသည်။ သူမသည် ကျန်းရီက သူမအားပေးထားသော လှပသည့် ဓားရှည်တစ်ချောင်းကိုလည်း ကိုင်ထားသည်။ ထိုဓားရှည်က ရှေးဟောင်းအသုံးအဆောင်တစ်ခုပင်။ သူမ ဓားကို မြှောက်လိုက်သောအခါ ဓားသွားက တလက်လက်တောက်ပလာပြီး ဧရာမ သက်တန့်ရောင် ဖီးနစ်ပုံရိပ်ကြီးတစ်ခု ထွက်လာသည်။ ၎င်းဖီးနစ်ပုံရိပ်ကြီးက သန်းချီသာ ရန်သူတပ်သားများဆီသို့ ပျံဝင်သွားလေသည်။
လီဖေးယွီကလည်း ရှေးဟောင်းအသုံးအဆောင်တစ်ခုကို ကိုင်ထားသည်။ ၎င်းက ကြီးမားသော သတ္တုတုတ်တစ်ချောင်းပင်။ သူက တုတ်ကို ကောင်းကင်ထက်သို့ မြှောက်လိုက်ရာ တုတ်သည် အကန့်အသတ်မရှိ စတင်ဆန့်တန်းသွား၏။ မကြာခင်မှာပင် ၎င်းသည် ဧရာမ တုတ်ချောင်းရှည်ကြီး ဖြစ်လာကာ အဖျက်အရှိန်အဝါကို သယ်ဆောင်၍ ရန်သူများကို ရိုက်ချလိုက်သည်။
“ဝိညာဉ်ဝါးမျိုရေခဲနဂါး”
ပဉ္စမအကြီးအကဲကလည်း သူမ၏ ကြယ်ငါးပွင့်အဆင့် တာအိုပုံသဏ္ဌာန်ကို ထုတ်လွှတ်လိုက်သည်။ ရုတ်ခြည်းပင် ဧရာမ ရေခဲနဂါးကြီးတစ်ကောင် ထွက်ပေါ်လာသည်။ ရေခဲနဂါးက လှည့်ပတ်ပျံသန်းလိုက်သောအခါ ပတ်ဝန်းကျင် အပူချိန်က သိသိသာသာ လျော့ကျသွားပြီး အာကာပြင်လည်း တုန်ခါသွားသည်။
“ဒီတော့ မင်းက သေလမ်းကို ရွေးမယ်ပေါ့လေ။ သတ်ကြ...”
စစ်ဖုန်းထျန်းက မဟာမိတ်စစ်တပ်၏ တပ်မှူးချုပ်ဖြစ်သည်။ သူက လက်ထဲမှ ဗာဂျရာကျိုင်းကို ဝှေ့ယမ်းလိုက်ရာ သန်းချီသော တပ်သားများက စတင် လှုပ်ရှားလိုက်ကြသည်။ သူတို့ထဲမှ နတ်ဘုရားတစ်ပိုင်း ဒါဇင်ကျော်သည်လည်း ရီချန်၏စစ်တပ်မှ နတ်ဘုရားတစ်ပိုင်းများကို ရှာ၍တိုက်ခိုက်လိုက်ကြသည်။
စစ်ဖုန်းထျန်းကလည်း နတ်ဘုရားတစ်ပိုင်း ပညာရှင် ဖြစ်သည်။ သူ၏ အကြည့်က ရီချန်ထံမှ တစ်ချက်ပင် မခွာခဲ့ပေ။ သူ၏မျက်ဝန်းများထဲတွင် တဏှာခိုးများ ဝေနေသည်။ သူက ရီချန်ကို အစိမ်းလိုက်ဝါးစားတော့မလိုပင်။ ထို့နောက် သူ အော်ပြောလိုက်သည်။
“ရီချန်... မင်း ငါ့လက်ထဲ ရောက်လာရင် စစ်မျိုးနွယ်က ယောက်ျားတွေရဲ့ အထူးအိပ်ရာဝင်အတတ်တွေကို သေချာပေါက် မြည်းစမ်းစေရမယ်”
ဝုန်း...ဝုန်း...
နှစ်ဘက်စလုံးမှ သိုင်းသမားများက သူတို့၏ စွမ်းအားအကြီးဆုံး တာအိုပုံသဏ္ဌာန်တိုက်ခိုက်မှုများကို ထုတ်လွှတ်လိုက်ကြသည်။ ပြုံးရွှင်ဗုဒ္ဓမြို့အပြင်ဘက်က သားသတ်ရုံကဲ့သို့ ဖြစ်သွားသည်။ စွမ်းအားကြီး သိုင်းသမားများစွာက တိုက်ခိုက်လိုက်သဖြင့် နှစ်ဘက်စလုံးမှ ဗာဂျရာအဆင့် သိုင်းသမားများက အများဆုံး ခံလိုက်ရသည်။ ထိုသိုင်းသမားများတွင် နတ်ဘုရားဒိုင်းများ မရှိပေ။ ထို့ကြောင့် သူတို့သည် တိုက်ခိုက်ခံရသည်နှင့် အစိတ်စိတ်အမွှာမွှာ ဖြစ်သွားကြသည်။
မကြာခင်မှာပင် သွေးမိုးရွာလာသည်။ ထိုတိုက်ပွဲကြီးက အရက်စက်ဆုံး ဖြစ်ပေသည်။ တိုက်ပွဲစသည်နှင့် တစ်ဘက်ဘက်က ပျက်သုဉ်းသွားမှသာ အဆုံးသတ်မည်ဖြစ်သည်။ အကယ်၍ တစ်ဘက်ဘက်က ထွက်ပြေးမည်ဆိုလျှင်လည်း နောက်ဆုံးတွင် သေခြင်းဖြင့်သာ အဆုံးသတ်ရမည်ဖြစ်သည်။
ပေါက်ကွဲသံများ၊ နာကျင်တကြီး အော်လိုက်သံများ၊ အဟုန်လှိုင်းသံများ စသဖြင့် စူးရှသော အသံပေါင်းစုံ ထွက်ပေါ်လာသည်။ ငါးမိနစ်အတွင်းမှာပင် သိုင်းသမားတစ်သန်းကျော် အသတ်ခံလိုက်ရသည်။ တိုက်ပွဲပြင်တွင်လည်း တပ်သားများ ပြွတ်သိပ်နေသည်။ ထိုတိုက်ပွဲက အထွတ်အထိပ်တိုက်ပွဲတစ်ခုကဲ့သို့ပင်။
ရီမျိုးနွယ်ဘက်က အဆုံးအရှုံး ပိုများကြောင်းကိုမူ ပြောနေရန်ပင် လိုမည် မထင်ပေ။ ဗုဒ္ဓဧကရာဇ်နှင့် ဗုဒ္ဓအင်ပါယာတို့က သူတို့နှင့်အတူ နတ်ဘုရားတစ်ပိုင်း ပညာရှင် အယောက်နှစ်ဆယ်ကျော် ခေါ်သွားခဲ့သည်။ ထို့ကြောင့် ရီမျိုးနွယ်တွင် ကျန်ခဲ့သော နတ်ဘုရားတစ်ပိုင်း ပညာရှင်အရေအတွက်က နှစ်ဆယ်ပင် မပြည့်တော့ပေ။ သို့သော် တစ်ဘက်မှ နတ်ဘုရားတစ်ပိုင်း ပညာရှင်အရေအတွက်မှာမူ ရီမျိုးနွယ်ဘက်ကထက် နှစ်ဆပိုများသည်။ ထို့ပြင် မဟာမိတ်စစ်တပ်ဘက်တွင် ကြယ်ခုနစ်ပွင့်အဆင့်၊ ကြယ်ရှစ်ပွင့်အဆင့် ပညာရှင်များလည်း ပါသည်။ သူတို့စစ်တပ်၏ အင်အားကလည်း ရီမျိုးနွယ်စစ်တပ်ထက် သုံးဆပိုများသည်။ သို့ဖြစ်ရာ ရီမျိုးနွယ်က ထိုတိုက်ပွဲကို မည်သို့ နိုင်နိုင်ပါမည်နည်း။
‘ပြီးသွားပြီ... ကျန်းရီ.. ဘာလို့ ရှင် အခုအထိ ရောက်မလာသေးတာလဲ’
ရီချန်သည် ရီမျိုးနွယ်ဝင်များ တစ်ယောက်ပြီတစ်ယောက် သေဆုံးသွားနေသည်ကို ကြည့်ကာ ရင်နာလာသည်။ သူမသည် ဆန်းကြယ်မှုတစ်ခု ပေါ်လာရန် မျှော်လင့်၍ တောင်ဘက်သို့ ငေးမျှော်ကြည့်လိုက်သည်။
ဟုန်...ဟုန်...
တောင်ဘက်မှနေ၍ အသံလှိုင်းတစ်ခု ထွက်ပေါ်လာသည်။ ထို့နောက်တွင် ကျယ်လောင်သော အသံကြီးတစ်သံကို ကြားလိုက်ရသည်။
“အားလုံး ရပ်လိုက်ပါ”
ရွှမ်...ရွှမ်...
ထို့နောက် စူးရှသော အသံတစ်သံ ထပ်မံ ထွက်ပေါ်လာသည်။ အထက်ပါစကားကို နတ်ဘုရားအသံ ကောင်းကင်အတတ်ကို သုံး၍ ပြောလိုက်ခြင်းဖြစ်သည်။ ထို့ပြင် ထိုအသံကို ဆန်းကြယ်နတ်ဘုရားနန်းတော်ကလည်း အစွမ်းတိုးမြှင့်ပေးထားသည်။ ထို့ကြောင့် အသံက အလွန်ကျယ်လောင်ကာ ဗာဂျရာအဆင့် သိုင်းသမားများကို ဖိနှိပ်ထားနိုင်လိုက်သည်။ သို့သော် အသံက အဝေးမှ ဖြစ်၍ နတ်ဘုရားတစ်ပိုင်းများအပေါ်တော့ မသက်ရောက်နိုင်လိုက်ပေ။
“ဆန်းကြယ်နတ်ဘုရားနန်းတော်၊ နတ်ဘုရားအသံ ကောင်းကင်အတတ်.. အဲ့ဒါ ကျန်းရီပဲ”
မဟာမိတ်စစ်တပ်မှ တပ်သားများ မျက်နှာပျက်သွားကြသည်။ သူတို့ဘက်မှ နတ်ဘုရားတစ်ပိုင်းများလည်း မျက်နှာ မည်းမှောင်သွားသည်။ ကျန်းရီနှင့် ရီချန်တို့က အမြဲ တပူးတတွဲတွဲ ရှိခဲ့ကြသည်။ ထို့ကြောင့် သူတို့သည် ကျန်းရီ ထွက်ပေါ်လာလိမ့်မည်ဟု မျှော်လင့်ထားပြီးဖြစ်သည်။ သို့သော် ကျန်းရီက ထိုမျှလျင်မြန်စွာ၊ ထိုမျှပြတ်သားစွာ ရောက်လာလိမ့်မည်ဟုတော့ သူတို့ မျှော်လင့်မထားကြပေ။
“သခင်လေး...”
“ညီလေးကျန်း...”
ပဉ္စမအကြီးအကဲနှင့် လီဖေးယွီတို့၏ မျက်နှာများ ဝင်းပသွား၏။ ကျန်းရီသာ ရောက်မလာလျှင် သူတို့ ကျဆုံးရတော့မည်ဖြစ်သည်။ ယခုတွင်မူ ကျန်းရီ ရောက်လာပြီဖြစ်၍ သူတို့ လုံးဝလုံခြုံသွားပေပြီ။ ရီမျိုးနွယ်ဘက်မှ နတ်ဘုရားတစ်ပိုင်းအားလုံးသည် ပြန်ဆုတ်သွားပြီး ရီချန်ကို ဝန်းရံလိုက်ကြသည်။
‘နောက်ဆုံးတော့ သူ ရောက်လာပြီ’
ရီချန်၏မျက်နှာပေါ်တွင် မျှော်လင့်ချက် ရောင်ခြည်လေးများ သန်းလာ၏။ ဝမ်းနည်းနာကျင်မှုများနှင့် ပြည့်နှက်နေခဲ့သော သူမ၏ မျက်ဝန်းများထဲတွင် ယခု နှစ်သိမ့်မှုအနည်းငယ် ထွက်ပေါ်လာသည်။ သူမ ဆန်းကြယ်နတ်ဘုရားနန်းတော်ကို စိုက်ကြည့်လိုက်သည်။ ထိုအခိုက်တွင် သူမ ပင်ပန်းနွမ်းနယ်မှုကို ခံစားလိုက်ရသည်။ လွန်ခဲ့သော လဝက်လုံးလုံး သူမသည် ရီမျိုးနွယ်စစ်တပ်ကို ဦးဆောင်၍ မဟာမိတ်စစ်တပ်နှင့် ဆယ်ကြိမ်မက တိုက်ခိုက်ခဲ့ရသည်။ ကျန်းရီသာ ရောက်မလာလျှင် ပြုံးရွှင်ဗုဒ္ဓမြို့က ဖျက်ဆီးခံလိုက်ရမည်ဖြစ်သည်။ ထို့နောက်တွင်မူ ဗုဒ္ဓဧကရာဇ်မြို့၏ အလှည့် ရောက်လာကာ ရီမျိုးနွယ် ပျက်သုဉ်းသွားပေလိမ့်မည်။
“ပြန်ဆုတ်ကြ”
ရီချန်က အော်ပြောလိုက်၏။ ယခုတွင် သူမသည် အရာအားလုံးကို ကျန်းရီအား လွှဲပေးလိုက်တော့မည်ဖြစ်သည်။ ကျန်းရီ ရှိနေလျှင် မည်သည့်ပြဿနာကိုမဆို ဖြေရှင်းနိုင်လိမ့်မည်ဟု သူမ ယုံကြည်မှုရှိသည်။ ထိုယောက်ျားက တိုက်ပွဲဧကရာဇ်၊ မြောက်ဘက်ဧကရာဇ်၊ သားရဲဧကရာဇ်နှင့် မိစ္ဆာဧကရာဇ်တို့ပင် ရှိန်ရသော လူတစ်ယောက် မဟုတ်ပါလား။
“ပြန်ဆုတ်ကြ... အားလုံး စေတီမြို့ကို ပြန်ဆုတ်ကြ”
စစ်ဖုန်းထျန်းကလည်း ကျန်းရီ ရောက်မလာသေးခင်မှာပင် သူ့လူများကို ပြန်ဆုတ်ရန် အမိန့်ပေးလိုက်သည်။ ရီချန်တို့ အံ့အားသင့်သွားကြ၏။ ရုတ်ခြည်းပင် သန်းချီသော တပ်သားများက လူခွဲကာ အရပ်မျက်နှာအနှံ့သို့ ထွက်ပြေးကြသည်။ သူတို့ဘက်မှ နတ်ဘုရားတစ်ပိုင်းအားလုံးကလည်း မြေအောက်ထဲသို့ ငုပ်လျှိုးသွားကြသည်။ တစ်မိနစ်အတွင်းမှာပင် နတ်ဘုရားတစ်ပိုင်းအားလုံး လွတ်မြောက်သွားသည်။
စစ်ဖုန်းထျန်းတို့သည် သူတို့၏ ပိုင်နက်ဖြစ်သော အနောက်တောင်ဘက်သို့ ပြန်မဆုတ်ဘဲ ဗုဒ္ဓဒေသ၏ အနောက်ဘက်ရှိ စေတီမြို့သို့ ပြန်ဆုတ်ရန် ရွေးချယ်ခဲ့သည်။ ထို့ကြောင့် ရီချန်နှင့် ရီမျိုးနွယ်မှ သိုင်းသမားများ အံ့အားသင့်နေကြလေသည်။
***