တစ်ယောက်တည်းသွားမည်
Vol. 84 Ch. 1168
ကျန်းရီသည် ဆန်းကြယ်နတ်ဘုရားနန်းတော်ကို ထိန်းချုပ်၍ ပျံသန်းသွားပြီး တပ်သားထောင်ကျော်ကို သတ်ပစ်လိုက်သည်။ သူ မြေအောက်ထဲသို့ ဝင်၍ မဟာမိတ်စစ်တပ်၏ နတ်ဘုရားတစ်ပိုင်းများကို သတ်ရန် ဟန်ပြင်လိုက်စဉ်တွင် ရီချန်က အော်ပြောလိုက်သည်။
“ကျန်းရီ... သူတို့နောက်ကို မလိုက်တော့နဲ့။ အလစ်တိုက်ခံရလိမ့်မယ်”
မဟာမိတ်စစ်တပ်တွင် ကြယ်ရှစ်ပွင့်အဆင့် သိုင်းပညာရှင်တစ်ယောက်ရှိသည်။ ထိုသိုင်းပညာရှင်မှာ စစ်မျိုးနွယ်မှ နံပါတ်(၁)အကြီးအကဲဖြစ်သည်။ မဟာမိတ်တပ်မှ တပ်သားများသည် ကျန်းရီ မတိုက်ခိုက်နိုင်ရန် ရီမျိုးနွယ်မှ တပ်သားများအနားတွင် ကပ်နေနိုင်သည်။ သို့သော် သူတို့သည် ကျန်းရီ ရောက်လာသည်နှင့် ပြန်ဆုတ်သွားကြသည်။ ထို့ပြင် သူတို့ ပြန်ဆုတ်သွားရာဘက်ကလည်း သူတို့ပိုင်နက်ရှိရာဘက် မဟုတ်ပေ။ ထို့ကြောင့် ရီချန်သည် ယင်းက ထောင်ချောက်တစ်ခု ဖြစ်နေမည်ကို စိုး၍ ကျန်းရီအား ရပ်တန့်ရန် လှမ်းအော်ပြောလိုက်ခြင်းဖြစ်သည်။
မဟာမိတ်စစ်တပ်က ပြန်ဆုတ်သွားပြီး ကျန်းရီလည်း ရောက်လာပြီဖြစ်၍ ကျန်ကိစ္စများကို အရှည်ဆွေးနွေးနိုင်ပြီဖြစ်သည်။
ဝုန်း...
ဆန်းကြယ်နတ်ဘုရားနန်းတော်က မြေကြီးထဲမှ ပြန်ထွက်လာသည်။ ကျန်းရီသည် ကောင်းကင်စိတ်အာရုံဖြင့် ပတ်ဝန်းကျင်ကို အာရုံခံလိုက်၏။ ရီချန်တို့က ဘာမှမဖြစ်ခဲ့ကြောင်း တွေ့လိုက်ရ၍ သူ အတန်ငယ် စိတ်အေးသွားသည်။ ဤဘက်သို့ လာရန် ရွေးချယ်ခဲ့ခြင်းအတွက်လည်း သူ စိတ်ထဲမှ ကျေနပ်နေသည်။ မဟုတ်လျှင် အကျိုးဆက်များက တွေးကြည့်၍ပင် ရနိုင်မည် မဟုတ်ပေ။
ဝှစ်...
ကျန်းရီသည် ဆန်းကြယ်နတ်ဘုရားနန်းတော်ကို မြို့ရိုးဆီသို့ ပျံသန်းသွားစေလိုက်ပြီး ရီချန်၊ လီဖေးယွီ၊ ပဉ္စမအကြီးအကဲနှင့် အခြားသူများကို နန်းတော်ထဲသို့ ခေါ်လိုက်သည်။ ထို့နောက် သူ လေသံတိုးတိုးဖြင့် ပြောလိုက်သည်။
“တခြားမဟာမိတ်စစ်တပ်တွေက တခြားမြို့တွေကို တိုက်ခိုက်နေကြတယ်။ အရင်ဆုံး အဲ့မဟာမိတ်တပ်တွေ ရှေ့ဆက်မတိုးနိုင်အောင် သွားတာကြတာပေါ့”
“အင်း...”
ရီချန်က ခေါင်းညိတ်လိုက်ပြီး ကျန်းရီအား သူမကို နန်းတော်အပြင်သို့ ခေတ္တ ပြန်ပို့ပေးရန် ပြောလိုက်သည်။ သူမသည် အပြင်သို့ ရောက်သောအခါ ရီမျိုးနွယ်မှ သိုင်းပညာရှင်များအား ပြုံးရွှင်ဗုဒ္ဓမြို့ကို စောင့်ကြပ်နေရန်နှင့် ပတ်ဝန်းကျင်မှ သတင်းများကို စုံစမ်းထားရန် အမိန့်ပေးလိုက်သည်။ ထို့နောက် သူမ နန်းတော်ထဲသို့ ပြန်ဝင်လိုက်သည်။
“အာ...”
ကျန်းရီသည် ကောင်းကင်နားလည်သိမြင်ခြင်းကို အသုံးပြ၍ ပတ်ဝန်းကျင်ကို ထပ်မံ အာရုံခံလိုက်၏။ ကီလိုမီတာငါးသောင်းအကွာမှ မဟာမိတ်စစ်တပ်တစ်ခုကလည်း အနောက်ဘက်သို့ ဆုတ်ခွာနေကြောင်းကို သူ တွေ့လိုက်ရသည်။ ထို့ကြောင့် သူ စိတ်ဝင်တစား မေးလိုက်သည်။
“ဟိုဘက်က စစ်တပ်တစ်ခုကလည်း အနောက်ဘက်သို့ ဆုတ်ခွာနေကြတယ်။ ငါတို့ နောက်ကလိုက်သွားကြမလား”
“လောလောဆယ်တော့ သူတို့ကို လွှတ်ထားလိုက်ကြတာပေါ့။ အရင်ဆုံး မြောက်ဘက်က အခြေအနေကို သွားကြည့်ကြမယ်”
ရီချန်က ခေတ္တမျှ တွေးတောပြီးနောက် ပြန်ပြောလိုက်သည်။ ကျန်းရီသည် ဆန်းကြယ်နတ်ဘုရားနန်းတော်ကို မြောက်ဘက်သို့ ပျံသန်းသွားစေလိုက်၏။ လမ်းတစ်လျှောက်မှ မဟာမိတ်စစ်တပ်များသည်လည်း အနောက်ဘက်သို့ ဆုတ်ခွာနေကြသည်။ သူတို့က စေတီမြို့သို့ ဦးတည်နေကြခြင်းပင်။
မဟာမိတ်စစ်တပ်လေးခုကို ခြေရာခံပြီးနောက် ရီချန်က ကျန်းရီကို ရပ်တန့်ရန် ပြောလိုက်သည်။ ထို့နောက် သူမသည် ဆန်းကြယ်နတ်ဘုရားနန်းတော် အပြင်သို့ ထွက်ကာ အနီးရှိ မြို့ကြီးတစ်မြို့ဆီ သွားလိုက်ပြီး ရီမျိုးနွယ်၏ ထောက်လှမ်းရေးကွန်ရက်မှနေ၍ သတင်းအချက်အလက်များ စုဆောင်းလိုက်သည်။ ထို့နောက် သူမ နန်းတော်သို့ ပြန်လာကာ ပြောလိုက်လေသည်။
“မဟာမိတ်စစ်တပ်တွေအကုန်လုံး ပြန်ဆုတ်သွားပြီ။ သူတို့က စေတီမြို့ကို သွားနေကြတာ”
“စေတီမြို့က စေတီတောင်နားက မြို့မလား။ အဲ့မြို့က မင်းတို့ပိုင်တဲ့ မြို့လား၊ ဝူမျိုးနွယ်ပိုင်တဲ့မြို့လား”
ကျန်းရီက စိတ်ဝင်တစား မေးလိုက်သည်။
“အဲ့မြို့က ကျွန်မတို့ပိုင်တဲ့ အနောက်ဘက်က မြို့ကြီးတစ်မြို့ပါ”
ရီချန်က ရှင်းပြလိုက်သည်။
“ဒါပေမဲ့ အဲ့မြို့ ကျရှုံးခဲ့တာ ကြာပြီ... တစ်လလောက်တောင် ရှိလောက်ပြီ။ ဘာလို့ မဟာမိတ်စစ်တပ်တွေက အဲ့မြို့ကို သွားနေရတာလဲ။ သူတို့က ဆက်မတိုက်ရဲတော့လို့ ပြန်ဆုတ်မယ်ဆိုရင်လည်း ဘာလို့ သူတို့ပိုင်နက်ဆီကို ပြန်မဆုတ်ကြတာလဲ”
ရီချန် နားမလည်နိုင်ပေ။ သူမသည် ထိုအကြောင်းကို တွေးတောကြည့်လိုက်ပြီးနောက် ဆက်ပြောလိုက်သည်။
“အရင်ဆုံး ဗုဒ္ဓဧကရာဇ်မြို့ကို ပြန်ကြတာပေါ့... မြို့ကိုရောက်မှ အဲ့အကြောင်းကို ဆက်ဆွေးနွေးကြမယ်။ လက်ရှိမှာ ရီမျိုးနွယ်က ခေါင်းဆောင်မရှိဘူး ဖြစ်နေတယ်။ အဘိုးနဲ့ အဖေတို့က ဘာဖြစ်နေလဲ မသိဘူး။ ကျွန်မ ပြန်မသွားရင် မျိုးနွယ်က ပရမ်းပတာ ဖြစ်သွားလိမ့်မယ်”
“မင်းရဲ့ အစ်ကိုတွေ ရှိတယ်မလား”
ကျန်းရီက ရီချန်ကို ကရုဏာသက်ဟန်ဖြင့် ကြည့်၍ ပြောလိုက်သည်။
“အဲ့ဝန်ထုပ်ဝန်ပိုးတွေကို မင်းတစ်ယောက်တည်း ပခုံးထမ်းစရာ မလိုပါဘူး။ မင်းက လူငယ်လေးပဲ ရှိပါသေးတယ်။ ဗုဒ္ဓဧကရာဇ်တို့အတွက်လည်း မစိုးရိမ်ပါနဲ့... သူတို့က အရမ်းစွမ်းအားကြီးပါတယ်။ သူတို့ သေချာပေါက် လုံခြုံမှာပါ။ မင်း အရမ်းမကောင်းမမြင်သင့်ဘူး။ အခု ငါလည်း ဒီမှာ ရှိနေပြီပဲ”
ကျန်းရီ၏ နောက်ဆုံးစကားက ရီချန်ကို အတန်ငယ် တုန်ယင်သွားစေသည်။ သူမ မျက်လုံးမှိတ်ကာ သက်ပြင်းသဲ့သဲ့ချလိုက်သည်။
“ငယ်ငယ်ကတည်းက ကျွန်မက အရမ်းအပြိုင်အဆိုင်ကြီးခဲ့တယ်၊ အနိုင်လိုချင်ခဲ့တယ်။ ပြီးတော့ ကျွန်မက ရီမျိုးနွယ်မှာ ပါရမီအရှိဆုံးသူပဲ။ ကျွန်မရဲ့ အစ်ကိုတွေ၊ မောင်တွေက အေးအေးဆေးဆေးသမားတွေ... တိုက်ခိုက်ရတာတွေ၊ ယှဉ်ပြိုင်ရတာတွေကို မကြိုက်ဘူး။ သူတို့က သိမ်လည်းသိမ်မွေ့ကြတော့ ဒီလို ကိစ္စကြီးတစ်ခုကို ရင်ဆိုင်နိုင်မှာ မဟုတ်ဘူး။ အရင်ဆုံး ပြန်သွားကြတာပေါ့...”
ကျန်းရီသည် ဆန်းကြယ်နတ်ဘုရားနန်းတော်၏ ကောင်းကင်ရှောင်တိမ်းခြင်းကို သုံး၍ ဗုဒ္ဓဧကရာဇ်မြို့သို့ တစ်ရက်အတွင်း သွားလိုက်သည်။ ဆန်းကြယ်နတ်ဘုရားနန်းတော် ထွက်ပေါ်လာသောအခါ ဗုဒ္ဓဧကရာဇ် ပြန်လာသကဲ့သို့ ဗုဒ္ဓဧကရာဇ်မြို့တစ်မြို့လုံး အုတ်အော်သောင်းနင်းဖြစ်သွားသည်။ ယခုတွင် မြို့သူမြို့သားအားလုံး စိတ်အေးသွားပြီဖြစ်သည်။
ကျန်းရီသည် ဆန်းကြယ်နတ်ဘုရားနန်းတော်ထဲမှ မထွက်လိုက်ပေ။ သူ့အနေဖြင့် ရီမျိုးနွယ်၏ အတွင်းရေးကိစ္စများတွင် ဝင်ပါရန် မသင့်တော်ချေ။ ထို့ကြောင့် သူသည် လီဖေးယွီတို့ကိုသာ ရီချန်နှင့်အတူ ဗုဒ္ဓတောင်သို့ လိုက်သွားရန် ပြောလိုက်သည်။
ကျန်းရီသည် ရီချန်ထံမှနေ၍ ရီမျိုးနွယ်၏ ဒေသလေးခုစလုံးတွင် အခြေအနေဆိုးနေကြောင်း သိခဲ့ရသည်။ အရှေ့မြောက်ဘက်ရှိ ဒေသကြီးမှလွဲ၍ ကျန်ဒေသသုံးခုစလုံးရှိ မြို့ထက်ဝက်ကျော်က ဖျက်ဆီးခံလိုက်ရပြီဖြစ်သည်။ မရေမတွက်နိုင်သော ရီမျိုးနွယ်ဝင်များသည် မကျရှုံးသေးသော မြို့များသို့ ရွှေ့ပြောင်းသွားကြပေပြီ။ လက်ရှိတွင် ဒေသလေးခုစလုံးမှ လူအားလုံးက တုန်လှုပ်နေကြပြီး မြို့များစွာကလည်း ရှုပ်ထွေးနေကြသည်။ ဤတစ်ခေါက်တွင် ရီမျိုးနွယ်က တပ်သားဆယ်သန်း ဆုံးရှုံးခဲ့ရသည်။ အကယ်၍ ကျန်းရီသာ ရက်အနည်းငယ် နောက်ကျပြီးမှ ရောက်လာပါက ဗုဒ္ဓဧကရာဇ်မြို့လည်း ဖျက်ဆီးခံလိုက်ရနိုင်ပေသည်။ ရီမျိုးနွယ်ဝင်အများစုကလည်း မြို့နှင့်အတူ ကျဆုံးသွားပေလိမ့်မည်။
ရီချန်သည် ဗုဒ္ဓတောင်သို့ ပြန်ရောက်သောအခါ အလွန်အလုပ်များနေ၏။ သူမသည် မကျရှုံးသေးသော မြို့များကို ထိန်းကွပ်ရန် တပ်သားများစေလွှတ်ခဲ့သည်။ သတင်းအချက်အလက်များ စုံစမ်းရန်အတွက်လည်း ထောက်လှမ်းရေးများ စေလွှတ်ခဲ့သည်။ ကျဆုံးသွားခဲ့သောသူများ၏ အလောင်းများကို ပြန်ယူရန် လုပ်ဆောင်ခဲ့သည်။ ဒဏ်ရာရသူများကို ကုသပေးခဲ့သည်။ အထောက်အပံ့များ ဖြန့်ဝေပေးခဲ့သည်။ သူမသည် သုံးရက်၊ သုံးညတိုင်တိုင် အလုပ်များနေခဲ့ပြီးနောက် ပင်ပန်းနွမ်းနယ်စွာဖြင့် ဆန်းကြယ်နတ်ဘုရားနန်းတော်ဆီသို့ ပြန်သွားလိုက်သည်။
“မဟာမိတ်စစ်တပ်တွေ အကုန်လုံးက စေတီမြို့ဆီ ဆုတ်သွားကြပြီ။ သူတို့ရဲ့လူတွေက နေရာအနှံ့မှာ ရှိနေတော့ အဲ့ထက်ပိုပြီး မသိနိုင်တော့ဘူး”
ရီချန်သည် ကျန်းရီကို တွေ့သောအခါ အာရုံစိုက်၍ အခြေအနေကို ရှင်းပြလိုက်၏။
“ကျွန်မ ရီမျိုးနွယ်ရဲ့ နာမည်ကို သုံးပြီး ဝူမျိုးနွယ်၊ ကျန့်မျိုးနွယ်နဲ့ ကျန်မျိုးနွယ်တို့ကို စစ်ကူလှမ်းတောင်ထားတယ်။ ဒါပေမဲ့... သူတို့က အကြောင်းမပြန်ကြသေးဘူး။ ရီမျိုးနွယ်မှာ စွမ်းအားကြီး သိုင်းပညာရှင်တွေ အများကြီး မကျန်တော့ဘူး။ အဲ့တော့ ပင်လယ်နက်က အခြေအနေကို လူလွှတ်ပြီး စုံစမ်းခိုင်းလို့ မရဘူးဖြစ်နေတယ်။ ကျန်းရီ... အခု ကျွန်မ ဘာလုပ်သင့်လဲ”
“အဲ့ဒါတွေက အရေးမကြီးပါဘူး”
ကျန်းရီက အေးစက်စက် မျက်ဝန်းများဖြင့် ပြောလိုက်သည်။
“စေတီမြို့ကိုသွားပြီး မဟာမိတ်စစ်တပ်တွေကို ရှင်းပစ်ကြတာပေါ့။ ပြီးရင် ရှေးဟောင်းမျိုးနွယ် သုံးခုကို မင်းအဘိုးရဲ့ ဗာဂျရာကျိုင်းကို ဘယ်ကရလာတာလဲဆိုပြီး စစ်မေးကြတာပေါ့။ အဲ့လိုဆို ငါတို့ ကြိုးကိုင်သူရဲ့ သဲလွန်စကို ရနိုင်လောက်တယ်။ အခြေအနေတွေ တည်ငြိမ်သွားတာနဲ့ ငါကိုယ်တိုင် ပင်လယ်နက်ကိုသွားပြီး စုံစမ်းပေးပါမယ်”
ဗုဒ္ဓဧကရာဇ်တို့က အန္တရာယ်နှင့် ရင်ဆိုင်ခဲ့ရသည်ဖြစ်စေ၊ ရင်မဆိုင်ခဲ့ရသည်ဖြစ်စေ ထိုကိစ္စက ကြိုးကိုင်သူနှင့် သေချာပေါက် ပတ်သတ်နေပေသည်။ စစ်ဖုန်းထျန်းက ဗုဒ္ဒဧကရာဇ်၏ ဗာဂျရာကျိုင်းကို ရထားသဖြင့် ယခင်တွင် ကြိုးကိုင်သူနှင့် ဆက်သွယ်ခဲ့ဖူးလောက်သည်။ သူတို့သာ သူ့ကို စစ်မေးလိုက်မည်ဆိုလျှင် သတင်းအချက်အလက်အချို့ ရရှိနိုင်သည်။
ထို့ပြင် ဗုဒ္ဓဧကရာဇ်တို့ သေသည်၊ မသေသည်က အရေးမပါပေ။ ပင်လယ်နက်သို့ တစ်ခေါက်တော့ သွားရမည်ဖြစ်သည်။
“ဒါပေမဲ့...”
ရီချန်က အတန်ငယ် စိုးရိမ်ဟန်ဖြင့် ပြောလိုက်သည်။
“”စေတီမြို့မှာ ထောင်ချောက်တစ်ခု ရှိနေရင်ရော... ရန်သူတွေက အဲ့ကို ဆုတ်သွားတာကိုက ထူးဆန်းနေပြီ”
“အဲ့မြို့က မင်းတို့မျိုးနွယ်ရဲ့မြို့မလား။ ဘာထောင်ချောက်တွေ ရှိနိုင်မှာမလို့လဲ”
ကျန်းရီက လက်ဝှေ့ယမ်းကာ ပြောလိုက်သည်။
“ငါတို့ အများကြီးတွေးနေလို့ မရဘူး။ မဟာမိတ်စစ်တပ်တွေ ရှိနေသေးရင် ငါတို့ ဒီမှာ ပိတ်မိနေမှာပဲ။ အဲ့လိုဆို မင်းအဘိုးနဲ့ ကျန်တဲ့သူတွေ ဘယ်လိုဖြစ်နေလဲဆိုတာကို သေချာစုံစမ်းနိုင်မှာ မဟုတ်ဘူး။ မင်းအဘိုးတို့ကို မကယ်နိုင်ဘူးဆိုရင် ကောင်းကင်ကြယ်တာရာနယ်နမိတ်က တကယ် အဆုံးသတ်သွားမှာပဲ”
ကျန်းရီသည် ဗုဒ္ဓဧကရာဇ်တို့က မသေသေးဟူသော မျှော်လင့်ချက်ကို ဆွဲကိုင်ထားဆဲပင်။ ထို့ကြောင့် သူသည် စိတ်အေးနိုင်ဖို့ ပင်လယ်နက်သို့ တစ်ခေါက်သွားရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။
“အဲ့ဒါဆိုလည်း ကောင်းပြီလေ”
ရီချန် ခေါင်းညိတ်လိုက်သည်။ စေတီမြို့က ရီမျိုးနွယ်၏ မြို့တစ်မြို့ဖြစ်သည်။ စေတီမြို့က အန္တရာယ်ရှိမည်ဆိုလျှင် အခြားမြို့များကလည်း အန္တရာယ်ရှိမည်သာ။ ထို့ကြောင့် သူမသည် ကျန်းရီ၏ အကြံကို လက်ခံလိုက်ပြီး ဗုဒ္ဓတောင်သို့ ပြန်သွားကာ စီစဉ်စရာရှိသည်များကို စီစဉ်လိုက်သည်။ ညရောက်လာသောအခါမှ သူမ ဆန်းကြယ်နတ်ဘုရားနန်းတော်သို့ ပြန်လာသည်။ ထို့နောက်တွင် နန်းတော်က ကောင်းကင်ရှောင်တိမ်းခြင်းကို သုံး၍ ထွက်သွားလေသည်။
တစ်ညလုံး သွားပြီးနောက် အရုဏ်တက်လာသောအခါ ကျန်းရီတို့ စေတီမြို့အနီးသို့ ရောက်လာသည်။ ထိုစေတီမြို့က စေတီတောင်နှင့် သိပ်မဝေးပေ။ အတိတ်တွင် ကျန်းရီသည် စေတီတောင်တွင် အရည်ကျိုနတ်ဘုရားမီးဖိုကို အသုံးပြု၍ ဝူမျိုးနွယ်မှ နတ်ဘုရားတစ်ပိုင်း ပညာရှင်ငါးယောက်ကို သတ်ခဲ့သည်။
“အာ...”
ကျန်းရီသည် စေတီမြို့နှင့် ငါးကီလိုမီတာအကွာသို့ ရောက်သောအခါ ကောင်းကင်နားလည်သိမြင်ခြင်းကို ထုတ်လွှတ်၍ မြို့အား ထောက်လှမ်းလိုက်သည်။ သို့သော် သန်းဆယ်ချီသော မဟာမိတ်စစ်တပ်များက ပျောက်ကွယ်သွားပြီဖြစ်ကြောင်း သူ သိလိုက်ရသည်။ မြို့ထဲတွင် နတ်ဘုရားတစ်ပိုင်း ပညာရှင် ဒါဇင်အနည်းငယ်သာ ရှိနေသည်။ ကျန်းရီသည် မြို့ထဲမှ အခြေအနေကို စေ့စေ့စပ်စပ် ထပ်၍အာရုံခံကြည့်လိုက်၏။ ရုတ်ခြည်းပင် သူ တုန်ယင်သွားသည်။ သူ့ကိုယ်မှနေ၍လည်း သတ်ဖြတ်အရှိန်အဝါ ထွက်လာသည်။
စေတီမြို့၏ မြို့ရင်ပြင်တွင် လူများစွာကို ကြိုးတုပ်ထားသည်။ ထိုလူများမှာ ကျန်းယွင်ဟိုင်၊ ချမ်ကွေ့၊ ကျန်ရီမင်၊ ယွင်ချန်းထျန်း၊ ရွှေယို့လန်နှင့် အခြားသူများဖြစ်သည်။ ကောင်းကင်ကြယ်တာရာနယ်မြေမှ အဖမ်းခံလိုက်ရသူအားလုံးက စေတီမြို့ထဲတွင် ရှိနေသည်။
“ကြိုးကိုင်သူက ထိပ်တန်းရှေးဟောင်းမျိုးနွယ်ဆယ်ခုကလား”
ကျန်းရီ အံကြိတ်၍ အော်လိုက်သည်။ ရီချန်တို့သည် သူ၏အော်သံကို ကြားလိုက်သောအခါ လန့်သွားကြ၏။ ရီချန်သည် ကျန်းရီအား ချက်ချင်း အကျိုးအကြောင်း မေးလိုက်သည်။ အခြေအနေကို သိပြီးသောအခါ သူမသည် ကျန်းရီကို ဆွဲထားကာ ပြောလိုက်သည်။
“ကျန်းရီ အရမ်းစိတ်မလှုပ်ရှားပါနဲ့။ အဲ့စေတီမြို့က သေချာပေါက် ထောင်ချောက်ပဲ။ ရှင် မြို့ထဲကို ဝင်သွားရင် သေလိမ့်မယ်”
“ဟင်းဟင်း”
ကျန်းရီက ခါးသက်သက်ပြုံးကာ မချိတင်ကဲ ပြောလိုက်သည်။
“ငါ ဝင်လို့မရဘူးတဲ့လား။ တကယ်လို့ မြို့ထဲမှာ ရှိနေတာက ဗုဒ္ဓဧကရာဇ်ဆိုရင် မင်း မဝင်ဘဲနေမှာလား”
ရီချန် နှုတ်ဆိတ်သွားသည်။ ကျန်းရီသည်လည်း စိတ်လျှော့လိုက်ပြီး ခေတ္တမျှ စဉ်းစားကာ ပြတ်ပြတ်သားသား ပြောလိုက်သည်။
“မင်းတို့အကုန်လုံး ဆန်းကြယ်နတ်ဘုရားနန်းတော်ထဲက ထွက်လိုက်ကြပါ။ တကယ်လို့ အခြေအနေတွေ ဆိုးသွားရင် အကုန်လုံး နှင်းဒေသကို သွားလိုက်ကြပြီး အရှေ့ဘက် တော်ဝင်နယ်မြေကို ဘယ်တော့မှ ပြန်မလာကြနဲ့တော့။ ပဉ္စမအကြီးအကဲနဲ့ ကျန်တဲ့သူတွေကို မင်းလက်ထဲ အပ်လိုက်ပြီ။ စေတီမြို့ထဲကို ငါ တစ်ယောက်တည်း သွားမယ်”
***