မလွတ်မြောက်နိုင်သော အခြေအနေ
Vol. 84 Ch. 1170
စေတီမြို့က အလွန်တိတ်ဆိတ်နေသည်။ မြို့ရင်ပြင်တွင် ကြိုးတုပ်ခံထားရသော ကျန်းယွင်ဟိုင်တို့နှင့် သူတို့ကို ဝန်းရံထားသော ဝတ်ရုံနက်အချို့မှလွဲ၍ မြို့ထဲတွင် အခြားမည်သူမှ ရှိမနေချေ။ ထို့ကြောင့် ထိုမြို့က ခြောက်ကပ်ကာ ကြောက်ရွံ့ဖွယ်ပင် ကောင်းနေပေသည်။
ကျန်းယွင်ဟိုင်တို့က သတိမေ့နေကြသည်။ ရီချန်တို့ ချမ်ကွေ့ကို တွေ့ခဲ့စဉ်ကလည်း ချမ်ကွေ့က သတိမေ့နေခဲ့သည်။ ကျန်းယွင်ဟိုင်၊ ချမ်ကွေ့နှင့် အခြားသူများက မသန်မာပေ။ ထို့ကြောင့် မည်သည့် ဆေးလုံးကမဆို သူတို့ကို လအနည်းငယ်လောက် သတိမေ့သွားစေနိုင်သည်။ သူတို့ သတိမေ့နေလျှင် ထိန်းချုပ်၍ အလွန်လွယ်ကူမည်ဖြစ်သည်။
ကျန်းရီသည် ဆန်းကြယ်နတ်ဘုရားနန်းတော်ကို ထိန်းချုပ်၍ စေတီမြို့ အနီးတစ်ဝိုက်တွင် ငါးမိနစ်မျှ လှည့်ပတ်ပျံသန်းကာ ထောက်လှမ်းလိုက်သည်။ ကျန်းယွင်ဟိုင်တို့နှင့် ဝတ်ရုံနက်အချို့မှ လွဲ၍ စစ်ဖုန်းထျန်းနှင့် နတ်ဘုရားတစ်ပိုင်းများအားလုံး ပျောက်ကွယ်သွားပေပြီ။ သို့သော် မြို့ထဲရှိ မြို့အရှင်စံအိမ်၏ အကာအရံများကို နှိုးထားရာ သူတို့အားလုံးက မြို့အရှင်စံအိမ်ထဲတွင် ပုန်းအောင်းနေခြင်းဖြစ်နိုင်သည်။
ကျန်းရီသည် ဖြစ်နိုင်ခြေအားလုံးနှင့် ပြန်တုံ့ပြန်နိုင်မည့် နည်းလမ်းများကို တွေးတောသုံးသပ်လိုက်သည်။ သူက လူကယ်ရန် ရောက်လာခြင်းဖြစ်၍ ထိုနေရာတွင် မသေလိုပေ။ သူသည် ဓားစာခံများကို မကယ်တင်နိုင်ဘဲနှင့် အသက်စွန့်ရလောက်အောင် မရူးချေ။ ထို့ကြောင့် သူသည် မြို့ထဲသို့ မဝင်သေးဘဲ ဆန်းကြယ်နတ်ဘုရားနန်းတော်ကို ထိန်းချုပ်ကာ မြို့ကို လှည့်တပ်၍ ပျံသန်းနေခြင်းဖြစ်သည်။
ရန်သူဘက်က စလှုပ်ရှားလာအောင် စောင့်ရပေမည်။
ကျန်းရီသည် ရန်သူက အရင်လှုပ်ရှားလာမည်ကို စောင့်နေခြင်းပင်။ အကယ်၍ သူ စိတ်မထိန်းနိုင်ဘဲ မဆင်မခြင် လုပ်လိုက်လျှင် သူ့အတွက်သာမဟုတ် သူ့မိသားစုနှင့် မိတ်ဆွေများအတွက်ပါ အခြေအနေဆိုးသွားနိုင်ပေသည်။
ဆယ့်ငါးမိနစ်၊ တစ်နာရီ... တစ်ရက်...
ညရောက်လာသောအခါ ရန်သူများသည် ဆက်မစောင့်နိုင်ကြတော့ပေ။ မြို့အရှင်စံအိမ်၏ အကာအရံများက လင်းလက်သွားပြီး စံအိမ်အတွင်းမှနေ၍ နတ်ဘုရားတစ်ပိုင်း ဒါဇင်ကျော် ထွက်လာသည်။ စစ်ဖုန်းထျန်းနှင့် စွမ်းအားအကြီးဆုံး အကြီးအကဲတို့က ထိုအုပ်စု၏ အလယ်တွင် ရပ်နေသည်။ ထိုအကြီးအကဲက အလွန်ပိန်းပါးကာ အရိုးနှင့်အရေသာရှိသည်။ ထို့ပြင် သူက ပုစွန်ထုပ်ကွေးတစ်ကောင်ကဲ့သို့ ခါးကိုင်းနေသည်။ သူ၏ပုံစံက သင်္ချိုင်းကုန်းကို ခြေတစ်ဘက်လှမ်းနေသူတစ်ယောက်၏ပုံစံနှင့် တူပေသည်။
ကျန်းရီသည် နတ်ဘုရားတစ်ပိုင်းအားလုံး၏ အရှိန်အဝါကို အာရုံခံလိုက်ပြီးနောက် ထိုအကြီးအကဲက စစ်မျိုးနွယ်၏ နံပါတ်(၁) အကြီးအကဲဖြစ်နိုင်ကြောင်း သိလိုက်ရ၏။ သူက ကြယ်ရှစ်ပွင့်အဆင့် သိုင်းပညာရှင်ဖြစ်သည်။ မြို့အရှင်စံအိမ်၏ အကာအရံများက ပျောက်ကွယ်သွားပြီဖြစ်၍ ကျန်းရီသည် တစ်မြို့လုံးကို ထောက်လှမ်းနိုင်သွားပြီဖြစ်သည်။ သို့သော် ကြိုးကိုင်သူ စေလွှတ်လိုက်သော စွမ်းအားကြီး သိုင်းပညာရှင်များကို သူ ရှာမတွေ့ပေ။ မြို့ရင်ပြင်ရှိ ဝတ်ရုံနက်များကမူ ကောင်းကင်ဧကရာဇ်အဆင့်သာ ရှိကြရာ စတေးခံများဖြစ်ကြောင်း ထင်ရှားသည်။
“ကျန်းရီ... မင်း ရောက်လာပြီဆိုမှတော့ ဘာလို့ ဝင်မလာတာလဲ။ မင်း ဒီလူတွေကို မကယ်ချင်ဘူးလား”
စစ်ဖုန်းထျန်းက အဖြူရောင်ဝတ်စုံနှင့် ခရမ်းရောင်ခါးပတ်ကို ဝတ်ဆင်ထားသည်။ ထို့ပြင် သူသည် ငွေဖိနပ်ကို စီးထားပြီး လက်ထဲတွင် အဖြူရောင် ဓားရှည်တစ်ချောင်းကို ကိုင်ထားသည်။ သူ၏ ပုံပန်းသွင်ပြင်နှင့် အငွေ့အသက်က ကျန်ထျန်းလဲ့တို့နှင့် ဆင်တူနေသည်။ သူသည် မသိမသာပြုံးကာ ကျန်းယွင်ဟိုင်တို့ကို ကြည့်၍ ဆက်ပြောလိုက်သည်။
“အဲ့လက်တစ်ဘက်ပြတ်နေတဲ့ အဘိုးကြီးက မင်းရဲ့အဘိုးမလား။ အဲ့ခွေးမကတော့ ကောင်းကင်ကြယ်တာရာနယ်မြေက ရွှေယွဲ့လျန်မျှော်စင်က မျှော်စင်သခင် မဟုတ်လား။ မင်း သူ့အပေါ် အကြွေးတင်နေတယ်လို့လည်း ပြောကြတယ်။ ပြီးတော့ သူတို့က မင်းရဲ့ ဦးလေးတွေမလား။ မင်း သူတို့ သေမှာကို ရပ်ကြည့်နေမှာတော့ မဟုတ်ပါဘူးနော်”
ကျန်းရီသည် မည်သည့်စကားမှ မပြောသေးပေ။ ရန်သူက လူလုံးထွက်ပြလိုက်ပြီဖြစ်၍ ယခုတွင် သူ လိုက်လျောညီထွေ ပြုမူနိုင်နေပြီဖြစ်သည်။ သူ ကောင်းကင်နှင့်လူသား ပေါင်းစည်းခြင်း အခြေအနေသို့ ဝင်လိုက်ပြီး အစွမ်းကုန်သုံးကာ မြို့တစ်ခွင်လုံးကို ထပ်မံ အာရုံခံလိုက်သည်။ ထို့ပြင် ကောင်းကင်နားလည်သိမြင်ခြင်းကို သုံး၍လည်း ကီလိုမီတာငါးသိန်းပတ်လည်အတွင်းကို ထောက်လှမ်းလိုက်ကာ ပုန်းအောင်းနေသော ရန်သူများ ရှိ၊ မရှိ ရှာလိုက်သည်။
မြို့တစ်ခွင်လုံးကို အကြိမ်ပေါင်းများစွာ အာရုံခံလိုက်သော်လည်း နတ်ဘုရားတစ်ပိုင်း ဒါဇင်ကျော်မှ လွဲ၍ အခြားမည်သူ့ကိုမှ ရှာမတွေ့ခဲ့ပေ။ မြို့ထဲတွင် မည်သည့် အစီအရင်မှလည်း ရှိမနေချေ။ ကီလိုမီတာငါးသိန်းပတ်လည်အတွင်း၌လည်း မည်သည့် ထောင်ချောက်၊ မည်သည့် စွမ်းအားကြီး သိုင်းပညာရှင်မှ မရှိချေ။
စစ်ဖုန်းထျန်းသည် အတော်ကြာစောင့်ပြီးနောက် စိတ်မရှည်နိုင် ဖြစ်လာကာ အော်ပြောလိုက်သည်။
“ကျန်းရီ... ကြည့်ရတာ မင်းက သူတို့ကို မကယ်ချင်တဲ့ပုံပဲ။ အဲ့လိုဆိုမှတော့... ငါက သူတို့ကို သူတို့ရဲ့လမ်းဆီ ပို့ပေးရမှာပေါ့”
စစ်ဖုန်းထျန်းက လက်ဟန်ပြလိုက်ရာ ဝတ်ရုံနက်တစ်ယောက်က သူ၏ဓားရှည်ကို မြှောက်၍ ကျန်းရမ်ထူ၏ခေါင်းကို ဖြတ်ရန် ရွယ်လိုက်သည်။ ထိုအခိုက်တွင် ကျန်းရီ လှုပ်ရှားလိုက်သည်။ ဆန်းကြယ်နတ်ဘုရားနန်းတော်က အရှေ့သို့ ပျံထွက်သွားပြီး မြို့ရိုးအထက်တွင် ရပ်တန့်လိုက်သည်။
ထို့နောက် ဆန်းကြယ်နတ်ဘုရားနန်းတော်အထက်တွင် ကျန်းရီ၏ ဝိညာဉ်ပုံရိပ်ကြီး ထွက်ပေါ်လာသည်။ ကျန်းရီသည် စစ်ဖုန်းထျန်းကို စိုက်ကြည့်လိုက်ပြီး အော်ပြောလိုက်သည်။
“မင်းက စစ်မျိုးနွယ်ရဲ့ မျိုးနွယ်ခေါင်းဆောင်ငယ်လား။ အဲ့လူတွေကို မင်း ဖမ်းလာတာလား။ တကယ်လို့ သူတို့ကို မင်း ဖမ်းလာတယ်ဆိုရင် ကောင်းကင်ကြယ်တာရာနယ်မြေက လူသန်းရာချီကိုလည်း မင်းတို့ပဲ သတ်ပစ်လိုက်တာလား။ ဗုဒ္ဓဧကရာဇ်တို့ကိုလည်း မင်းတို့ပဲ သတ်လိုက်တာလား။ မင်းတို့တွေ မင်းတို့ ဘာလုပ်နေတယ်ဆိုတာကိုရော သိကြရဲ့လား...”
“အဆုံးမဲ့ပင်လယ်နက်က မိစ္ဆာမျိုးနွယ်တွေက အချိန်ကောင်းကို စောင့်နေကြတာ၊ အပြစ်သားကျွန်းက မျိုးနွယ်(၁၃)ခုကလည်း အခွင့်အရေးကောင်းကို စောင့်နေကြတာ.... မင်းတို့က ကောင်းကင်ကြယ်တာရာနယ်နမိတ်က လူသားမျိုးနွယ်ကို ရှင်းပစ်ချင်နေတာလား။ မင်းတို့တွေက ကိုယ့်မျိုးနွယ်ကိုကိုယ် ရှင်းပစ်ဖို့ ကြိုးစားနေကြတာလား။ မင်းတို့တွေက လူသားမျိုးနွယ်ရဲ့ ရန်သူတွေ ဖြစ်ချင်နေတာလား”
“အာ...”
အားလုံး မျက်နှာမည်းသွားပြီး မျက်မှောင်ကြုတ်သွားကြသည်။ ထိုအခိုက်တွင် စစ်မျိုးနွယ်၏ နံပါတ်(၁)အကြီးအကဲပင် မျက်နှာပျက်သွားသည်။ ကျန်းရီသည် ထိုအခြင်းအရာများကို ကြည့်၍ သူ့ဘာသာ ကောက်ချက်ဆွဲကာ ချက်ချင်း အော်ပြောလိုက်သည်။
“မင်းတို့က ကြိုးကိုင်သူတွေ မဟုတ်တဲ့ပုံပဲ။ ငါ မင်းတို့ကို ရှင်းရှင်းပဲ ပြောမယ်... မကြာသေးခင်က ဖြစ်ခဲ့တဲ့ တိုက်ပွဲတွေ၊ ပဋိပက္ခတွေကြောင့် လူသန်းသုံးထောင်ကျော် လေးထောင်လောက် သေခဲ့ရတယ်...”
“ပြီးတော့... တိုက်ပွဲတွေက ဆက်ဖြစ်နေတုန်းပဲဆိုတော့ လူတွေ ဆက်သေကြဦးမှာပဲ။ ငါ မိစ္ဆာဧကရာဇ်မြို့နဲ့ သားရဲဧကရာဇ်မြို့ကို သွားခဲ့ရတာက နောက်ကွယ်က ကြိုးကိုင်သူရဲ့ ဖိအားပေးမှုကြောင့်ပဲ။ အဲ့မှာ တိုက်ပွဲတွေဖြစ်ခဲ့တာကလည်း ကြိုးကိုင်သူရဲ့ လှည့်စားမှုကြောင့်ပဲ။ ဗုဒ္ဓဧကရာဇ်၊ ညဧကရီနဲ့ တခြားသူတွေ ပင်လယ်နက်ကို သွားခဲ့ရတာကလည်း ကြိုးကိုင်သူရဲ့ အစီအစဉ်တွေကြောင့်ပဲ။ မင်းတို့ ရီမျိုးနွယ်ကို တိုက်ခိုက်ခဲ့တာနဲ့.. အခု ဒီမှာ ဖြစ်နေတဲ့ကိစ္စတွေအကုန်လုံးက ကြိုးကိုင်သူရဲ့ အကြံအစည်တွေပဲ။ သူတို့ရဲ့ ရည်ရွယ်ချက်က ရှင်းပါတယ်... အရှေ့ဘက် တော်ဝင်နယ်မြေကို ဖျက်ဆီးပစ်ဖို့၊ ဧကရာဇ်ကိုးပါးမျိုးနွယ်စုကို ရှင်းပစ်ဖို့... လူသားမျိုးနွယ်တစ်ခုလုံး ပျက်သုဉ်းသွားဖို့ပဲ...”
“အခု မင်းတို့ရဲ့ လုပ်ရပ်တွေကြောင့် မင်းတို့က ကြိုးကိုင်သူရဲ့ ကြံရာပါတွေ ဖြစ်သွားပြီ။ မင်းတို့ ဒီအတိုင်း ဆက်လုပ်နေဦးမယ်ဆိုရင်တော့ မင်းတို့ မျိုးနွယ်(၃၆)ခုစလုံးက လူသားမျိုးနွယ်ရဲ့ ဘုံရန်သူတွေ ဖြစ်သွားလိမ့်မယ်။ ဒါပေမဲ့ မင်းတို့ အသိတရားပြန်ဝင်ပြီး တိုက်ခိုက်မှုတွေကို ရပ်မယ်ဆိုရင်တော့ ငါ ပြီးခဲ့တာတွေကို လျစ်လျူရှုပေးနိုင်တယ်။ ငါ မင်းတို့ကို ရှေးဟောင်းအသုံးအဆောင် ဒါဇင်ကျော်လည်း ပေးမယ်။ အဲ့ရှေးဟောင်းအသုံးအဆောင်တွေက ဆန်းကြယ်ဧကရာဇ် ချန်ခဲ့တဲ့ မူလရတနာတွေပဲ”
ကျန်းရီ၏ စကားလုံးများက ပစ်မှတ်ကို ထိသွားပေသည်။ ထိုနေရာရှိလူအားလုံး သူ့စကားများကြောင့် တုန်ယင်သွားကြသည်။ စစ်ဖုန်းထျန်းတို့သည်လည်း အရှေ့ဘက် တော်ဝင်နယ်မြေတွင် ဖြစ်ပျက်နေသော ကိစ္စများကို ရှင်းရှင်းလင်းလင်း သိထားသည်။ ထိုအခိုက်တွင် ကျန်းရီ၏ စကားများက သူတို့ကို ပို၍ပင် ရှင်းလင်းသွားစေသည်။ ထို့ပြင် ကျန်းရီ၏ ကမ်းလှမ်းမှုက မက်စရာကောင်းသည်။ ဆန်းကြယ်ဧကရာဇ် ချန်ခဲ့သော ရှေးဟောင်းအသုံးအဆောင် မူလရတနာ ဒါဇင်ကျော်ကို မလိုချင်သူ ရှိမည် မဟုတ်ချေ။
ထို့ကြောင့် အားလုံး အတွေးနက်သွားပြီး တိတ်ဆိတ်သွားကြသည်။ သူတို့သည် အကျိုးအမြတ် တွက်ချက်နေကြပေသည်။
ထိုအခိုက်တွင်...
ကျန်းရီ၏ မျက်ဝန်းများက အေးစက်သွားပြီး သူ့ဝိညာဉ်ပုံရိပ်ကြီး ပျောက်ကွယ်သွားသည်။ ထို့နောက်တွင် ဆန်းကြယ်နတ်ဘုရားနန်းတော်က စူးရှသော အသံကြီးဖြင့် အရှေ့သို့ ပျံထွက်သွားပြီး မြို့အရှင်စံအိမ်အရှေ့တွင် ရပ်နေသော စစ်ဖုန်းထျန်းကို ဝင်တိုးသွားလိုက်သည်။ တစ်ချိန်တည်းမှာပင် ကျန်းရီက နတ်ဘုရားအသံ ကောင်းကင်အတတ်ကိုလည်း ထုတ်လွှတ်လိုက်သည်။ ထွက်ပေါ်လာသော အသံများသည် ဆန်းကြယ်နတ်ဘုရားနန်းတော်၏ အစွမ်းမြှင့်ပေးခြင်းကို ခံထားရသဖြင့် ပို၍ပင် ကြောက်မက်ဖွယ်ကောင်းနေသည်။ ထိုအသံများကြောင့် ဓားစာခံများကို ဖမ်းထားသော ဝတ်ရုံနက်များသည် သူတို့၏ ခေါင်းကို ဆုပ်ကိုင်ကာ မြေပြင်တွင် လူးလွန့်သွားကြသည်။
“ငါတို့ လှည့်စားခံလိုက်ရပြီ... တိုက်ကြ”
စစ်မျိုးနွယ်မှ နံပါတ်(၁)အကြီးအကဲသည် အော်ဟစ်အမိန့်ပေးကာ စစ်ဖုန်းထျန်းကို ချက်ချင်းခေါ်၍ မြို့အရှင်စံအိမ်ထဲသို့ ပြန်ဆုတ်သွားသည်။ အခြားနတ်ဘုရားတစ်ပိုင်းများသည် ဒေါသတကြီးဖြင့် လူစုခွဲလိုက်ပြီး အတွင်းအားများထုတ်၍ အဆက်မပြတ် တိုက်ခိုက်လိုက်ကြသည်။ တစ်ခဏအတွင်းမှာပင် မြို့ထဲရှိ စံအိမ်များနှင့် ရဲတိုက်များ ပျက်စီးသွားလေသည်။
ဟုတ်၏။
ကျန်းရီသည် စစ်ဖုန်းထျန်းတို့နှင့် ညှိနှိုင်းရန်ဆန္ဒမရှိပေ။ သူ ထိုစကားများကို ပြောခဲ့ခြင်းမှာ လှုပ်ရှားဖို့ အခွင့်အရေးတစ်ခု ရလာစေရန်သာ ဖြစ်သည်။ သူသည် အခြားသူများထက် သူ့ကိုယ်သူသာ အားကိုမည်ဖြစ်သည်။ အကယ်၍ ကျန်းယွင်ဟိုင်တို့ကို မကယ်တင်နိုင်လျှင် သူ သူတို့၏ကျေးဇူးကြွေးကို မည်သည့်အခါတွင်မှ ပြန်ဆပ်နိုင်တော့မည် မဟုတ်ပေ။
ထို့ကြောင့် ကျန်းရီ အလွန်ပြတ်သားနေသည်။ သူ စစ်ဖုန်းထျန်းကို ပစ်မှတ်ထားခဲ့သည်။ သို့ဆိုလျှင် ကြယ်ရှစ်ပွင့်အဆင့် သိုင်းပညာရှင်က စစ်ဖုန်းထျန်းကို ကာကွယ်ရန်သာ အာရုံစိုက်နေရမည်ဖြစ်သည်။ ထိုမှ သူ ဓားစာခံများကို ကယ်တင်နိုင်ရန် အခွင့်အရေး ရပေလိမ့်မည်။
ဝုန်း...ဝုန်း...ဝုန်း...
နတ်ဘုရားတစ်ပိုင်းများ၏ အဆက်မပြတ် တိုက်ခိုက်မှုများက မြို့ထဲရှိ အဆောက်အဦများစွာကို ပျက်စီးနေစေသည်။ ထို့နောက် ၎င်းအဆောက်အဦအပြိုအပျက်များ၏ အောက်မှနေ၍ အလင်းတန်းများ စတင် တောက်ပလာသည်။ ယင်းမှာ သားရဲဧကရာဇ်မြို့တွင် မြင်ခဲ့ရသလိုမျိုးပင်။ အလင်းတန်းများက ကောင်းကင်ထက်သို့ ထိုးတက်သွားကြသည်။ ၎င်းတို့က စွမ်းအားကြီး အစီအရင်တစ်ခုကို ဖန်တီးတော့မည့်ပုံပင်။
‘မဟာအစီအရင်လား...’
ကျန်းရီ မျက်နှာမည်းသွားသည်။ ယခု သူ ကောင်းကင်ရှောင်တိမ်းခြင်းကိုသုံး၍ ထွက်ပြေးမည်ဆိုလျှင် အလွယ်တကူ ထွက်ပြေးနိုင်သည်။ သို့သော် သူက ကျန်းယွင်ဟိုင်တို့ကို ကယ်တင်နိုင်တော့မည်ဖြစ်သည်။ သို့ဖြစ်ရာ သူ အဘယ်သို့ ထိုအခွင့်အရေးကောင်းကို လက်လွတ်ခံနိုင်ပါမည်နည်း။ သူသည် မည်သည်ကိုမှ အရေးမစိုက်တော့ဘဲ ကျန်းယွင်ဟိုင်တို့ထံသို့ ဦးတည်ပျံသန်းသွားလိုက်ပြီး ဆန်းကြယ်နတ်ဘုရားနန်းတော်၏ အကာအရံများကို ခေတ္တမျှ ဖယ်ကာ သူတို့ကို အထဲသို့ ဆွဲခေါ်လိုက်သည်။
ရွှီး...
အလင်းတန်းများက လေထဲတွင် ပေါင်းစည်းသွားသည်။ ထို့နောက် ခရမ်းရောင် အစီအရင်တစ်ခု ဖြစ်ပေါ်လာလေသည်။ ထိုအစီအရင် ထွက်ပေါ်လာသည်နှင့် အာကာပြင်တစ်ခုလုံး တုန်ခါသွားပြီး ကြောက်မက်ဖွယ် အရှိန်အဝါတစ်ခု ထွက်ပေါ်လာသည်။
“ပြန်ဆုတ်ကြ...”
နတ်ဘုရားတစ်ပိုင်းအားလုံး မြို့အရှင်စံအိမ်ထဲသို့ ပျံဝင်သွားကြသည်။ ကျန်းရီသည်လည်း ကျန်းယွင်ဟိုင်တို့အကုန်လုံးကို ကယ်တင်နိုင်လိုက်ပြီဖြစ်သည်။ ထို့ကြောင့် သူသည် နတ်ဘုရားတစ်ပိုင်းများနောက်သို့ မလိုက်တော့ဘဲ ချက်ချင်း ကောင်းကင်ရှောင်တိမ်းခြင်းသုံးရန် ကြိုးစားလိုက်သည်။ သို့သော် ဆန်းကြယ်နတ်ဘုရားနန်းတော်က တုန်ခါရုံသာ တုန်ခါသွားသည်။ သားရဲဧကရာဇ်မြို့မှာကဲ့သို့ ထပ်ဖြစ်ပေပြီ။ သူ ကောင်းကင်ရှောင်တိမ်းခြင်းကို သုံး၍ မရတော့ပေ။
ရွှီး...
ထိုစဉ် မြို့အရှင်စံအိမ်မှနေ၍ အဖြူရောင်အလင်းတန်းတစ်ခု ပျံတက်သွားသည်။ ကျန်းရီသည် ကောင်းကင်စိတ်အာရုံ ထုတ်လွှတ်၍ အာရုံခံလိုက်၏။ သူ ထပ်မံ မျက်နှာပျက်သွားသည်။ စစ်ဖုန်းထျန်းတို့အားလုံးက တည်နေရာပြောင်းရွှေ့သွားပေပြီ။ သူတို့ ထွက်သွားပြီးနောက်တွင် ထိုတည်နေရာပြောင်းရွှေ့အစီအရင်က ပေါက်ကွဲသွားလေသည်။
***