ရှောင်ရီ အသုံးမကျပါဘူး
Vol. 84 Ch. 1171
‘အဲ့ဒါက တကယ့်ကို ထောင်ချောက်ပဲ’
ကျန်းရီ စိတ်မလှုပ်ရှားသွားပေ။ ကျန်းယွင်ဟိုင်တို့ကို ကယ်နိုင်ခဲ့ပြီဖြစ်၍ သူ စိတ်အေးနေသည်။ သူတို့က စေတီမြို့ထဲတွင် ပိတ်မိနေသော်လည်း ဆန်းကြယ်နတ်ဘုရားနန်းတော်ထဲတွင် ရှိနေမည်ဆိုလျှင် ချက်ချင်းကြီး အန္တရာယ်နှင့် ကြုံရမည် မဟုတ်ပေ။ အစီအရင်ကို ဖောက်ထွက်နိုင်မည့် နည်းလမ်းကိုမူ ဖြည်းဖြည်းချင်း တွေးယူ၍ ရပေသည်။
ကျန်းရီသည် ဆန်းကြယ်နတ်ဘုရားနန်းတော်အား မြို့ရိုးများကို အပြင်းအထန် ဝင်ဆောင့်စေလိုက်၏။ ကောင်းကင်ရှောင်တိမ်းခြင်းကို အသုံးမပြုနိုင်လျှင် အစီအရင်ကို ဖောက်ထွက်ရပေမည်။
ဝုန်း...
ဆောင့်ချက်က ကျယ်လောင်သော အသံကြီးတစ်သံ ထွက်ပေါ်လာစေ၏။ သို့သော် အစီအရင်က အတန်ငယ်ပင် ထိခိုက်မသွားချေ။ နန်းတော်၏ အကာအရံများက လင်းလက်လာပြီး မြို့ရိုးက အပိုင်းပိုင်းအစစ ဖြစ်သွားသော်လည်း မြို့ရိုးအပြင်ဘက်ရှိ ခရမ်းရောင်အကာအရံအလွှာကို ထင်ထင်ရှားရှား မြင်နေရသေးသည်။ ၎င်းက တစ်မြို့လုံးကို ဖုံးအုပ်လွှမ်းခြုံထားသည်။
ဝုန်း...ဝုန်း...
ထွက်ပေါက်မရှိဟု ကျန်းရီ မယုံပေ။ ထို့ကြောင့် သူသည် ဆန်းကြယ်နတ်ဘုရားနန်းတော်ကို ထိန်းချုပ်ကာ နေရာအနှံ့သို့ ပျံသန်းစေ၍ မြို့ရိုးများကို ဝင်ဆောင့်စေနေသည်။ သို့သော် ခရမ်းရောင်အလွှာက အမှန်ပင် တစ်မြို့လုံးကို လွှမ်းခြုံထားသည်။ ကျန်းရီသည် ခွက်တစ်ခွက်အောက်တွင် ပိတ်မိနေသော ပိုးကောင်တစ်ကောင်ကဲ့သို့ ခံစားနေရသည်။ သူ မည်မျှကြိုးစားပါစေ အပြင်သို့ မထွက်နိုင်ပေ။
ဝုန်း...ဝုန်း...
ကျန်းရီသည် ဆန်းကြယ်နတ်ဘုရားနန်းတော်အား နေရာတစ်ခုတည်းကိုသာ အဆက်မပြတ် ဆောင့်စေလိုက်သည်။ မည်သည့်အစီအရင်မဆို တည်ရှိနိုင်ရန် စွမ်းအင်လိုသည်ဟု ကျန်းရီ ယုံကြည်သည်။ ဆန်းကြယ်နတ်ဘုရားနန်းတော်တွင် စွမ်းအင်များစွာ ရှိပေသေးသည်။ ထိုအစီအရင်၏ စွမ်းအင်က မည်မျှကြာကြာ ခံမည်နည်း။
ရွှင်...ရွှင်...
အကြိမ်တစ်ရာ ဆောင့်ပြီးနောက် ခရမ်းရောင်အစီအရင်က ခရမ်းရောင်အလင်း စတင်လင်းလက်လာသည်။ ထို့နောက်တွင် ခရမ်းရောင်အလွှာအထက်၌ လျှပ်စီးတန်းများ တောက်ပလာသည်။ အစီအရင်အထက်ရှိ လေများနှင့် တိမ်များကလည်း ဝေ့လည်သွားပြီး ကောင်းကင်ထက်မှနေ၍ ခရမ်းရောင်လျှပ်စီးတန်းများက ဧရာမနဂါးကြီးများအလား ကျဆင်းလာလေသည်။
ဂျိန်း...ဂျိန်း...ဂျိန်း...
ထိုလျှပ်စီးတန်းများနှင့်အတူ မိုးချုန်းသံများလည်း ထွက်ပေါ်လာသည်။ ထိုအသံများက အလွန်ကျယ်လောင်သဖြင့် ကီလိုမီတာငါးရာအဝန်းအဝိုင်းအတွင် ပဲ့ထင်ထပ်သွားသည်။ အကယ်၍ စေတီမြို့အပြင်တွင် သာမန် ဗာဂျရာအဆင့် သိုင်းသမားတစ်ယောက် ရှိနေလျှင် ထိုလျှပ်စီးတန်းများနှင့် မိုးချုန်းသံများကြောင့် လိပ်ပြာလွင့်မတတ် ကြောက်ရွံ့သွားပေလိမ့်မည်။
ဝုန်း...ဝုန်း...ဝုန်း...
စေတီမြို့ထဲတွင်လည်း ပေါက်ကွဲသံများ အဆက်မပြတ် ထွက်ပေါ်နေသည်။ ထိုလျှပ်စီးတန်းများက ခရမ်းရောင်အစီအရင်ကို ထိမှန်သွားသည်။ သို့သော် ခရမ်းရောင်အလွှာက အနည်းငယ်ပင် တုန်ခါမသွားပေ။ ထိုအစား လျှပ်စီးတန်းများက ခရမ်းအလွှာကို ဖြတ်၍သာ မြို့ထဲသို့ အဆက်မပြတ် ကျဆင်းလာသည်။ စေတီမြို့ထဲရှိ စံအိမ်များနှင့် ရဲတိုက်များအားလုံး အပိုင်းပိုင်းအစစ ဖြစ်ကုန်သည်။ ဝတ်ရုံနက်အချို့လည်း သေဆုံးသွားသည်။ ဆန်းကြယ်နတ်ဘုရားနန်းတော်သည်လည်း ထိုတဒင်္ဂလေးအတွင်းမှာပင် မိုးကြိုးဆယ်ကြိမ် အပစ်ခံလိုက်ရသည်။
‘မျိုးမစစ်တွေ၊ အဲ့ဒါက ဘယ်လိုအစီအရင်မျိုးလဲ။ ဘာလို့ အဲ့လောက်ကြောက်စရာကောင်းနေရတာလဲ’
ကျန်းရီသည် ဆန်းကြယ်နတ်ဘုရားနန်းတော်ထဲတွင် ရှိနေသည်ပင် ပေါက်ကွဲသံများကို ကြားနေရသည်။ လျှပ်စီးတန်းများက အလွန်လျင်မြန်ပေသည်။ ကျန်းရီသည် ဆန်းကြယ်နတ်ဘုရားနန်းတော်ကို ထိန်းချုပ်၍ လျှပ်စီးတန်းများကို ရှောင်ရန် ကြိုးစားနေသော်လည်း ၎င်းတို့က အစီအရင်အတွင်းရှိ နေရာအနှံ့တွင် ရှိနေသည်။ ထို့ကြောင့် ကျန်းရီသည် ၎င်းတို့ကို မည်သို့မှ မရှောင်နိုင်ချေ။
ဝှစ်...ဝှစ်...
ကျန်းရီသည် အံကြိတ်လိုက်ပြီး ခရမ်းရောင်အလွှာကို ထပ်မံ ဝင်ဆောင့်လိုက်သည်။ လျှပ်စီးတန်းများကလည်း ကောင်းကင်မှ အဆက်မပြတ် ကျဆင်းနေသည်။ ထိုအစီအရင်က ကောင်းကင်မိုးကြိုးကျွန်းမှ မိုးကြိုးစုဝေးအစီအရင်နှင့် ဆင်တူသည်။ ၎င်းက ကောင်းကင်မှ လျှပ်စီးမိုးကြိုးများကို ဆွဲယူနိုင်သည်။ ကျန်းရီ ထိုအစီအရင်ထဲမှ ဖောက်မထွက်နိုင်လျှင် ဆန်းကြယ်နတ်ဘုရားနန်းတော်၏စွမ်းအင်က အနှေးနှင့်အမြန်ဆိုသလို ကုန်သွားပေလိမ့်မည်။ သို့ဆိုလျှင် နန်းတော်က ပျက်စီးသွားပြီး ကျန်းရီလည်း သေသွားမည်ဖြစ်သည်။
ဝုန်း...
ခရမ်းရောင်အလွှာကိုလည်း လျှပ်စီးတန်းများစွာက ဝန်းရံထားသည်။ ထို့ကြောင့် ဆန်းကြယ်နတ်ဘုရားနန်းတော်က အလွှာကို ဝင်ဆောင့်လိုက်တိုင်း လျှပ်စီးတန်းများက နန်းတော်ကို အနောက်သို့ ပြန်တွန်းထုတ်ပစ်နေသည်။ ကျန်းရီသည် နန်းတော်၏ လက်ကျန်စွမ်းအင်ကို စစ်ဆေးလိုက်ပြီးနောက် အလွှာကို ဆက်၍ မဆောင့်ဝံ့တော့ပေ။ နန်းတော်၏ စွမ်းအင်က အလွန်လျင်မြန်စွာ ကုန်ဆုံးနေသည်။
ခရမ်းရောင်အလွှာကို ဝန်းရံထားသော လျှပ်စီးတန်းများက အလွန်များလွန်းသည်။ ထို့ပြင် လျှပ်စီးတန်းအဟောင်းများ ပျောက်သွားလျှင် လျှပ်စီးတန်းအသစ်များ ဖြစ်ပေါ်လာနေသည်။ အစီအရင်ကလည်း လျှပ်စီးတန်းများမှနေ၍ စွမ်းအင်ရနေသည်။ ထို့ကြောင့် ဆန်းကြယ်နတ်ဘုရားနန်းတော်သည် ခရမ်းရောင်အစီအရင်ကို မဖောက်နိုင် ဖြစ်နေသည်။
အခြေအနေမှာ မလွတ်မြောက်နိုင်သော အခြေအနေပင်။
ကျန်းရီ အကြံကုန်နေပေပြီ။ လျှပ်စီးတန်းများက ဆန်းကြယ်နတ်ဘုရားနန်းတော်၏ စွမ်းအင်ကို ကုန်သွားအောင် လုပ်ပြီးသည်အထိ စောင့်နေရုံသာ ရှိတော့သည်။ ထို့နောက်တွင်မူ သူနှင့် ကျန်းယွင်ဟိုင်တို့က သေလမ်းကို မြန်းရပေလိမ့်မည်။
‘စိတ်ငြိမ်ငြိမ်ထား၊ စိတ်ငြိမ်ငြိမ်ထား။ ကျန်းရီ... မင်း စိတ်ငြိမ်ငြိမ်မထားရင် သေလိမ့်မယ်။ မင်းသေရင် ဆန်းကြယ်နတ်ဘုရားနန်းတော်ထဲက လူတွေလည်း သေလိမ့်မယ်။ ယဉ်ရို့ပင်းတို့လည်း ပြဿနာတက်လိမ့်မယ်’
ကျန်းရီသည် ဆန်းကြယ်နတ်ဘုရားနန်းတော်ကို ထိန်းချုပ်ကာ လျှပ်စီးတန်းများကို ရှောင်ရင်း သူ့ကိုယ်သူ စိတ်တည်ငြိမ်အောင် လုပ်လိုက်သည်။ ထို့နောက် အစီအရင်မှ ဖောက်ထွက်နိုင်မည့် နည်းလမ်းကို သူ အသည်းအသန် စဉ်းစားလိုက်သည်။
ဝုန်း...ဝုန်း...ဝုန်း...
လက်ရှိတွင် ထိုအစီအရင်က ကောင်းကင်ထက်မှ လျှပ်စီးတန်းများကို ကျဆင်းလာစေနေသည်။ လေထုထဲတွင် မိုးချုန်းသံများ ပြည့်နှက်နေသည်။ ထိုနေရာက ကောင်းကင်မိုးကြိုးကျွန်းအဖြစ် ပြောင်းလဲသွားသကဲ့သို့ပင်။
သို့သော် ထိုနေရာ၌ လျှပ်စီးတန်းများက မရပ်တန့်ပေ။ ကောင်းကင်မိုးကြိုးကျွန်းတွင်မူ လျှပ်စီးတန်းများက ညဘက်တွင် မကျဆင်းချေ။ ထို့ကြောင့် ထိုအစီအရင်က ကောင်းကင်မိုးကြိုးမြို့မှ မိုးကြိုးစုဝေးအစီအရင်ထက် များစွာပို၍ ကြောက်မက်ဖွယ်ကောင်းပေသည်။ ကောင်းကင်မိုးကြိုးမြို့တွင် လျှပ်စီးတန်းများက တစ်ခါတလေမှ ကျဆင်းသည်။ ထိုနေရာတွင်မူ လျှပ်စီးတန်းများက အဆက်မပြတ် ကျဆင်းနေသည်။ ထို့ပြင် လျှပ်စီးတန်းဆယ်တန်းက တစ်ချိန်တည်း ကျဆင်းပေသည်။
ဆန်းကြယ်နတ်ဘုရားနန်းတော်က စွမ်းအင်များကို နှစ်သိန်းချီ စုစည်းထားခဲ့သည်။ ထိုစွမ်းအင်အချို့ကို ဆန်းကြယ်ဧကရာဇ်မြို့၊ မိစ္ဆာဧကရာဇ်မြို့နှင့် သားရဲဧကရာဇ်မြို့တို့တွင် အသုံးပြုခဲ့သည်။ ထို့ပြင် ကောင်းကင်ရှောင်တိမ်းခြင်း သုံးရန်အတွက်လည်း စွမ်းအင် လိုအပ်သည်။ ထို့ကြောင့် ကျန်းရီက နန်းတော်ထဲတွင် သိုလှောင်ထားသော စွမ်းအင်၏ ဆယ်ပုံတစ်ပုံကို အသုံးပြုပြီးသွားလောက်ပေပြီ။
ကျန်းရီ စိတ်ထဲမှ တွက်ချက်လိုက်၏။ လက်ရှိအတိုင်း ဆက်သွားပါက ဆန်းကြယ်နတ်ဘုရားနန်းတော်သည် အလွန်ဆုံး နှစ်ဝက်ခန့် တောင့်ခံနိုင်လောက်သည်။ ထိုနှစ်ဝက်အတွင်း အစီအရင်ကို ဖောက်မထွက်နိုင်ပါက ကျန်းရီ၊ ကျန်းယွင်ဟိုင်၊ ရွှေယို့လန်နှင့် အခြားသူများအားလုံး အမှုန့်ဖြစ်သွားပေလိမ့်မည်။
‘နှစ်ဝက်... ငါ့မှာ နှစ်ဝက်တောင် အချိန်ရှိသေးတာပဲ။ မလောနဲ့... ငါ လောလေလေ၊ ကိစ္စတွေက ရှုပ်ထွေးလာလေလေပဲ။ အဲ့လိုဆို စွမ်းအင်လည်း ပိုမြန်မြန် ကုန်လိမ့်မယ်’
ကျန်းရီသည် အကြိမ်အနည်းငယ် အသက်ပြင်းပြင်းရှူလိုက်၏။ တဖြည်းဖြည်းဖြင့် သူ စိတ်တည်ငြိမ်လာသည်။ ထိုအစီအရင်ကို ကြိုးကိုင်သူက ဖန်တီးထားခြင်းဖြစ်ကြောင်း ထင်ရှားသည်။ စစ်မျိုးနွယ်၊ ရှစ်မျိုးနွယ်နှင့် မျိုးနွယ်(၃၆)ခုထဲမှ အခြားမျိုးနွယ်များက ကြိုးကိုင်သူ၏ ထိန်းချုပ်မှုကို ခံထားရခြင်း သို့မဟုတ် အသုံးချခံနေရခြင်း ဖြစ်မည်။
ကျန်းယွင်ဟိုင်တို့က ငါးစာဖြစ်ပြီး ထိုအစီအရင်က ပိုက်ကွန်ဖြစ်သည်။ ၎င်းပိုက်ကွန်မှာ ကျန်းရီကို ဖမ်း၍ သတ်မည့် ပိုက်ကွန်ပင်။
ကြိုးကိုင်သူသည် ကျန်းရီက ဆန်းကြယ်နတ်ဘုရားနန်းတော်ကို စွန့်ခွာလိမ့်မည်မဟုတ်ကြောင်း သိသည်။ ကျန်းရီက ထိုမျှ မရူးပေ။ သူ ကျန်းရီကို နှစ်ကြိမ်အသုံးချပြီးပြီဖြစ်သည်။ ထို့ကြောင့် ကျန်းရီကို ထပ်မံအသုံးချရန် မဖြစ်နိုင်လောက်တော့ပေ။ အသုံးချ၍ မရသောသူက သူ့အတွက် တန်ဖိုးမရှိပေ။ သို့ဖြစ်၍ သူသည် ဆန်းကြယ်နတ်ဘုရားနန်းတော်ကို ဖျက်ဆီး၍ ကျန်းရီကို သတ်ရန် ထိုထောင်ချောက်ကို ဆင်ခဲ့ခြင်းပင်။
‘ကြိုးကိုင်သူက တကယ်ပဲ အောင်းလု ဖြစ်နေမလား’
ထိုကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသော အစီအရင်ကို ယခင်က မည်မျှမှ မကြားခဲ့ဖူးပေ။ ထို့ပြင် ထိုအစီအရင်ကို တစ်လအတွင်းမှာပင် အောင်အော်မြင်မြင် ဆင်နိုင်ခဲ့သည်။ ထိုအစီအရင်ကို ဆင်ခဲ့သူက သေချာပေါက် အစီအရင်ပိုင်းတွင် ပညာရှင်တစ်ယောက်ဖြစ်ရပေမည်။ သူ၏ အစီအရင်ဆင်သည့် စွမ်းရည်က ဆန်းကြယ်ဧကရာဇ်ထက်ပင် သာသည်။ ဆန်းကြယ်နတ်ဘုရားနန်းတော်၏ အစီအရင်များကပင် ထိုအစီအရင်ကို မယှဉ်နိုင်ဟု ကျန်းရီ ခံစားနေရသည်။
အောင်းလုက ဆန်းကြယ်နတ်ဘုရားနန်းတော်ထဲတွင် နှစ်ခုနစ်သိန်း ပိတ်မိနေခဲ့သည်။ ထို့ကြောင့် သူ၏ အစီအရင်ဆင်သည့် စွမ်းရည်က အလွန်မြင့်လောက်သည်။ သူသည် အဆုံးမဲ့ပင်လယ်တစ်ခုလုံးကို လွှမ်းခြုံထားနိုင်သော အစီအရင်တစ်ခုကိုလည်း ဆင်ခဲ့သည်။ ထို့ပြင် အဆုံးမဲ့ပင်လယ်ထဲတွင် သူ ဆင်ထားသော အစီအရင်များက ယခင်က ကျန်းရီ တစ်ခါမှ မကြားဖူးသည့် အစီအရင်များဖြစ်သည်။
အောင်းလုမှလွဲ၍ အခြားမည်သူက ထိုကဲ့သို့သော အစီအရင်မျိုးကို ဆင်နိုင်မည်နည်း။
“ရှောင်နူ...”
ကျန်းရီသည် အောင်းလုအကြောင်းကို တွေးနေရင်း ရှောင်နူကို အမှတ်ရသွား၏။ သူ ထပ်မံ၍ စိတ်လှုပ်ရှားလာပြန်သည်။ အကယ်၍ ကျန်းယွင်ဟိုင်သာ သတိလည်လာပါက ကျန်းရီသည် သူ့အား ကျန်းရှောင်နူအကြောင်းကို မည်သို့ရှင်းပြရမည် မသိပေ။
‘အဘိုး...’
ကျန်းရီသည် ရင်တုန်စွာဖြင့် ကျန်းယွင်ဟိုင်တို့ကို လှမ်းကြည့်လိုက်၏။ သူသည် သူတို့ကို ကယ်ပြီးနောက်တွင် မစစ်ဆေးကြည့်ရသေးပေ။ ထို့ကြောင့် သူ ကောင်းကင်စိတ်အာရုံဖြင့် စစ်ဆေးကြည့်လိုက်သည်။ သူတို့က မထိခိုက်ထားသလို နှိပ်စက်လည်း မခံထားရကြောင်း သိလိုက်ရမှ သူ စိတ်အေးသွားသည်။ ကြိုးကိုင်သူက စိတ်ကောင်းဝင်ခဲ့ခြင်းလော။ သူတို့သည် ဆေးလုံးများကြောင့် သတိလစ်နေခြင်းမှလွဲ၍ အခြားမည်သည့်ဒဏ်ရာမှ မရထားပေ။
ရွှီး...
ကျန်းရီသည် ဝိညာဉ်နိုးထဆေးလုံးအနည်းငယ်ကို ထုတ်၍ ကျန်းယွင်ဟိုင်တို့ကို တိုက်လိုက်၏။ မကြာခင်မှာပင် ရွှေယို့လန်က ပထမဆုံး သတိလည်လာသည်။ သူမသည် မှင်တက်စွာ မျက်တောင်ခတ်လိုက်၏။ ထို့နောက် ချက်ချင်းပင် သူမ၏ခန္ဓာကိုယ်မှနေ၍ သတ်ဖြတ်အရှိန်အဝါ ထွက်လာသည်။ သူမ ဒေါသတကြီး ထရပ်လိုက်ပြီး ဓားရှည်တစ်ချောင်းကိုလည်း ထုတ်လိုက်သည်။ သို့သော် သူမသည် ကျန်းရီကို မြင်လိုက်သောအခါ တစ္ဆေတစ်ကောင်ကို မြင်လိုက်သကဲ့သို့ ဖြစ်သွားသည်။ သူမ မျက်လုံးပွတ်သပ်လိုက်ပြီး တုန်တုန်ယင်ယင်ဖြင့် မေးလိုက်သည်။
“မင်း... မင်းက ကျန်းရီလား”
“ဟင်းဟင်း...”
ကျန်းရီက ခါးသက်သက် ပြုံးကာ ပြောလိုက်သည်။
“မျှော်စင်သခင်မရွှေ... မတွေ့တာတောင် ကြာပြီနော်”
“ကျန်းရီ... တကယ်ပဲ မင်းလား”
နှစ်အနည်းငယ် ကြာခဲ့ပြီဖြစ်သော်လည်း ရွှေယို့လန်သည် များစွာ မပြောင်းလဲသေးဘဲ ယခင်ကအတိုင်း လှနေဆဲပင်။ သို့သော် ထိုအခိုက်တွင် သူမ၏ မျက်နှာက စက္ကူတစ်စကဲ့သို့ ဖြူစွတ်နေသည်။ ထို့နောက် သူမ ထိတ်ထိတ်ပျာပျာဖြင့် မေးလိုက်သည်။
“ကျန်းရီ... အခု ငါတို့ ဘယ်ရောက်နေတာလဲ။ ချမ်လော့ရော ဘယ်မှာလဲ။ ကြယ်တံခွန်ကျွန်းရော ဘာဖြစ်သွားပြီလဲ”
“မျှော်စင်သခင်မ... ချမ်လော့က အဆင်ပြေပါတယ်။ စိတ်အေးအေးထားပါ”
ကျန်းရီ ရွှေ့ယို့လန်ကို နှစ်သိမ့်လိုက်သည်။ ထိုစဉ်တွင် ကျန်းယွင်ဟိုင်လည်း သတိလည်လာသည်။ ထို့ကြောင့် ကျန်းရီသည် ခပ်သွက်သွက်လျှောက်သွားလိုက်ပြီး ကျန်းယွင်ဟိုင်ရှေ့တွင် ဒူးထောက်ကာ ရိုရိုသေသေဖြင့် သုံးကြိမ်ကန်တော့လိုက်သည်။ ထို့နောက် သူ ပြောလိုက်သည်။
“အဘိုး... ရှောင်ရီက အသုံးမကျပါဘူး။ ကျွန်တော် အဘိုးတို့ကို ဒုက္ခခံရစေခဲ့ပါပြီ။ ကျွန်တော့်ကြောင့်နဲ့ ကောင်းကင်ကြယ်တာရာနယ်မြေက သန်းရာချီတဲ့လူတွေလည်း သေခဲ့ရပါတယ်...”
“ရှောင်ရီ...”
ကျန်းယွင်ဟိုင်က အလွန်အိုခဲ့ပေပြီ။ သူသည် ကျန်းရီ ချန်ခဲ့သော ကောင်းကင်ကျောက်တုံးများကို သုံး၍ စိတ်ဝိညာဉ်မျောလွင့် ခရီးသည် အထွတ်အထိပ်အဆင့်ကို ရောက်အောင် ကျင့်ကြံနိုင်ခဲ့သော်လည်း လက်တစ်ဘက်ပြတ်နေသဖြင့် ခန္ဓာကိုယ်က မပြည့်စုံရာ အိုလွယ်ခဲ့သည်။
ကျန်းယွင်ဟိုင်သည် သူ့မြင်နေရသည်ကို မယုံနိုင်သဖြင့် မျက်လုံးများကို ပွတ်သပ်လိုက်သည်။ သူ့အရှေ့တွင် ရှိနေသူက အမှန်ပင် ကျန်းရီဖြစ်ကြောင်း အတည်ပြုပြီးမှ သူ အော်ပြောလိုက်သည်။
“ရှောင်ရီ...ထပါ။ အဘိုး မင်းကို ဘာသင်ပေးခဲ့လဲ။ ယောက်ျားတစ်ယောက်က မတ်မတ်ရပ်ပြီး ရှင်သန်ရမယ်၊ ဒူးထောက်ပြီး မသေဆုံးရဘူး။ ထပါ”
***