အောင်းလုပဲ
Vol. 84 Ch. 1172
ကျန်းရီသည် ကျန်းယွင်ဟိုင်တို့အား ကောင်းကင်ကြယ်တာရာနယ်မြေတွင် ဖြစ်ပျက်ခဲ့သော အရာအားလုံးကို ပြန်ပြောပြလိုက်၏။ သို့သော် သူ အသေးစိတ်တော့ မပြောနိုင်ခဲ့ပေ။ သူကိုယ်တိုင် မသိသေးသော အရာများစွာရှိနေသေးသည် မဟုတ်ပါလား။ ထို့ပြင် ကျန်းယွင်ဟိုင်၊ ရွှေယို့လန်နှင့် အခြားသူများက ကောင်းကင်ကြယ်တာရာနယ်မြေမှ တစ်ခါပင် ထွက်မသွားဖူးပေ။ ထို့ကြောင့် သူတို့လည်း ကိစ္စများစွာကို နားမလည်ကြချေ။ ကျန်းရီကလည်း သူတို့အား လက်ရှိ ရင်ဆိုင်နေရသော အန္တရာယ်အကြောင်းကို မပြောလိုက်ပေ။ ယခုတွင် သူတို့က အစီအရင်ထဲ၌ ပိတ်မိကာ လွတ်လမ်းရှာနေရပေသည်။
“ဦးလေးချမ်၊ ဦးလေးကျန်၊ အင်ပါယာယွမ်၊ မျှော်စင်သခင်မရွှေ၊ ဦးလေးရန်ထူ...”
ကျန်းရီသည် အားလုံးကိုကြည့်၍ ပြောလိုက်၏။
“မစိုးရိမ်ပါနဲ့... ဝမ်ကွမ်း၊ အစ်ကိုဝူရွှမ်း၊ ယွင်ဖေး၊ ရွှေချမ်လော့နဲ့ ချမ်မျိုးနွယ်ဝင်တွေ၊ ကျန်မျိုးနွယ်ဝင်တွေ၊ ယွမ်မျိုးနွယ်ဝင်တွေ၊ ကျန်းမျိုးနွယ်ဝင်တွေအကုန်လုံး အခု လုံလုံခြုံခြုံ ရှိနေပါတယ်။ ကျွန်တော် ဒီအစီအရင်ကနေ ဖောက်ထွက်နိုင်တာနဲ့ ဦးလေးတို့ကို သူတို့နဲ့ တွေ့ရအောင် ခေါ်သွားပေးပါမယ်။ ပြီးတော့ ဦးလေးကျန်နဲ့ အင်ပါယာယွမ်... အစ်ကိုဝူရွှမ်းနဲ့ ယွင်ဖေးတို့က ဦးလေးတို့အတွက် ချစ်စရာကောင်းတဲ့ မြေးလေးတစ်ယောက် မွေးပေးထားတယ်။ သူ့နာမည်က ကျန်ဝူတိတဲ့”
“အင်း...အင်း...” “ကောင်းတယ်... ကောင်းတယ်”
ကျန်ရီမင်၊ ယွင်ချန်းထျန်းနှင့် ယွင်ရှန်တို့သည် ထိုသတင်းကောင်းကြောင့် အတန်ငယ် စိတ်သက်သာရာရသွားကြသည်။ သူတို့၏ မိသားစုများနှင့် မျိုးနွယ်ဝင်များ အသက်ရှင်နေသေးသ၍ သူတို့၏မျိုးနွယ်က ရှင်သန်နိုင်ဦးမည်ဖြစ်သည်။
သို့သော် ကျန်းရီသည် ထိုလူစုထံမှနေ၍ မည်သည့် အသုံးဝင်သော သတင်းအချက်အလက်မှ မရလိုက်ပေ။ သူတို့က ကောင်းကင်ကြယ်တာရာနယ်မြေတွင် နတ်ဘုရားတစ်ပိုင်းအချို့ ထွက်ပေါ်လာပြီး သူတို့ကို သတိလစ်သွားအောင် လုပ်၍ ဖမ်းခေါ်သွားသည်ကိုသာ သိကြသည်။ ကောင်းကင်ကြယ်တာရာနယ်မြေမှ ထွက်လာပြီးနောက်တွင် သူတို့အားလုံး သတိမေ့နေခဲ့ကြပြီး ယခုမှ သတိပြန်လည်လာခြင်းဖြစ်သည်။ ကောင်းကင်ကြယ်တာရာနယ်မြေက ပျက်သုဉ်းလုနီးနီး ဖြစ်သွားခဲ့သည်ကို ကျန်းရီပြောပြမှသာ သူတို့ သိရပေသည်။
ကျန်းယွင်ဟိုင်က နာကျင်သော မျက်နှာထားဖြင့် ပြောလိုက်သည်။
“ရှောင်ရီ... မင်း ကောင်းကင်ကြယ်တာရာနယ်မြေက သန်းရာချီတဲ့ လူတွေအတွက် လက်စားချေပေးရမယ်။ ဟုတ်သား... မင်းအမေကို ရှာတွေ့ပြီလား”
“အမေလား”
ကျန်းရီက ခါးသက်သက် ပြုံးကာ ပြောလိုက်သည်။
“အမေက ကောင်းကင်ကြယ်တာရာနယ်နမိတ်မှာ မဟုတ်ဘူး။ သူ့ကို ရှာတွေ့ဖို့က တော်တော်လိုလိမ့်ဦးမယ်။ အဲ့အကြောင်းကို နောက်မှ ရှင်းပြပါမယ်။ အခုလောလောဆယ်တော့ ဒီမှာ နားနေကြပါဦး။ ကျွန်တော် ဒီအစီအရင်ကို ဖောက်ထွက်ပြီးမှ ထပ်ပြောကြတာပေါ့”
“ကောင်းပြီ”
အားလုံး ခေါင်းညိတ်လိုက်၏။ ထို့နောက် ကျန်းယွင်ဟိုင်က ပြောလိုက်သည်။
“ငါတို့အတွက် မပူပါနဲ့။ မင်း လုပ်စရာရှိတာကို သွားလုပ်ပါ။ ငါတို့က အများကြီး မကူညီနိုင်ဘူး။ မင်း မင်းကိုယ်မင်းပဲ အားကိုးရမှာ။ ဒါပေမဲ့ ငါ မင်းကို တစ်ခုတော့ ပြောမယ်... မင်း ကြိုးစားလုပ်ဆောင်တယ်ဆိုရင်၊ လိပ်ပြာလုံတယ်ဆိုရင် ရလဒ်အတွက် သိပ်ပြီး ဂရုစိုက်မနေနဲ့။ ဘဝဆိုတာ ဆယ်စုနှစ်နည်းနည်းလောက်ပဲ ကြာတာ... အဲ့အချိန်အတွင်း အပြည့်အဝ ရှင်သန်နိုင်မယ်ဆိုရင် လုံလောက်ပြီ”
“ဟုတ်ကဲ့ပါ”
ကျန်းရီသည် ကျန်းယွင်ဟိုင်၏စကားများကြောင့် အားတက်သွားပြီး စိတ်လည်းတည်ငြိမ်သွားသည်။ သူ ကျန်းယွင်ဟိုင်တို့ကို အားဖြည့်ဆေးလုံးများနှင့် ကောင်းကင်ကျောက်တုံးများကို ပေးလိုက်ပြီး ဘေးမှ ခန်းမတစ်ခုဆီသို့ တည်နေရာပြောင်းရွှေ့ပေးလိုက်သည်။ ထို့နောက်တွင် သူသည် ထိုအစီအရင်ကို ဖောက်ထွက်နိုင်မည့် နည်းလမ်းကို စတင် ရှာဖွေလိုက်သည်။
ကျန်းရီသည် ကောင်းကင်နှင့်လူသား ပေါင်းစည်းခြင်း အခြေအနေသို့ ဝင်လိုက်ပြီး ဆန်းကြယ်နတ်ဘုရားနန်းတော်ကို ထိန်းချုပ်ကာ လျှပ်စီးတန်းများကို ရှောင်လိုက်သည်။ သူသည် စိတ်ငြိမ်ငြိမ်ထား၍လည်း လွတ်မြောက်နိုင်မည့် နည်းလမ်းများကို စဉ်းစားလိုက်သည်။ ထိုအစီအရင်က ဖောက်၍မရနိုင်ဟု သူ မျှော်လင့်ချက် ကုန်ဆုံးနေပြီးဖြစ်သော်လည်း ကျန်းယွင်ဟိုင်၏ စကားများက သူ့ကို ပြန်အားတက်သွားစေခဲ့သည်။ ထို့ကြောင့် သူ နောက်ဆုံးအချိန်အထိ အလျှော့ပေးတော့မည် မဟုတ်ပေ။
ဝုန်း...ဝုန်း...ဝုန်း...
စေတီမြို့က ပျက်စီးနေပြီးဖြစ်သည်။ သို့သော် မြို့၏မြင်ကွင်းက ထူးခြားနေသည်။ ဧရာမ ခရမ်းရောင်အစီအရင်ကြီးတစ်ခုက မြို့ကို လွှမ်းခြုံထားသည်။ အစီအရင်အထက်တွင်မူ လျှပ်စီးတန်းများ ရစ်သိုင်းနေသည်။ မြို့ထဲသို့လည်း လျှပ်စီးတန်းများ အဆက်မပြတ် ကျဆင်းနေသည်။ သို့ဖြစ်ရာ မြို့ကို အဝေးမှ လှမ်းကြည့်မည်ဆိုလျှင်ပင် ကြောက်ရွံ့ရင်တုန်သွားပေမည်။
ထိုအစီအရင်အတွင်း၌ နန်းတော်တစ်ခုက လျင်မြန်စွာ ပျံသန်းနေသည်။ မိုးကြိုးလျှပ်စီးများကလည်း နေရာအနှံ့သို့ ကျဆင်းနေပြီး မြေပြင်ကို တုန်ခါနေစေသည်။ မြေတုန်သံများကို ကီလိုမီတာငါးသိန်းပတ်လည်အတွင်း ကြားနေရသည်။ ထိုအခြင်းအရာများက ပတ်ဝန်းကျင်ဒေသများမှ လူအားလုံးကို အာရုံစိုက်မိသွားစေသည်။ မျိုးနွယ်များစွာက အခြေအနေကို စုံစမ်းရန် ထောက်လှမ်းရေးများ စေလွှတ်လိုက်သည်။ သို့သော် သူတို့အားလုံးသည် အစီအရင်နှင့် ကီလိုမီတာငါးဆယ်အကွာသို့ မရောက်ခင်မှာပင် ကြောက်ရွံ့စွာ ပြန်ဆုတ်သွားကြသည်။
အထွတ်အထိပ်အဆင့် ကောင်းကင်ဧကရာဇ်အချို့ကမူ ကောင်းကင်စိတ်အာရုံကို သုံး၍ အစီအရင်ကို အာရုံခံရန် ကြိုးစားခဲ့ကြသည်။ သို့သော် အစီအရင်အပြင်ရှိ လျှပ်စီးတန်းများက သူတို့၏ ကောင်းကင်စိတ်အာရုံများကို ဖျက်ဆီးပစ်လိုက်၍ သူတို့ နာကျင်တကြီးဖြင့် မြေပေါ် လဲကျသွားကြရသည်။
ထို့နောက်တွင် အခြား အထွတ်အထိပ်အဆင့် ကောင်းကင်ဧကရာဇ်အချို့ကလည်း အစီအရင်အနီးသို့ ကပ်ရန် ကြိုးစားခဲ့ကြသည်။ သို့သော် သူတို့သည် အစီအရင်နှင့် နှစ်ဆယ့်ငါးကီလိုမီတာအကွာသို့ ရောက်သောအခါ ရပ်တန့်လိုက်ကြပြီး အရှေ့သို့ ဆက်မတိုးဝံ့ကြတော့ပေ။ ကောင်းကင်မှ ကျဆင်းနေသော လျှပ်စီးတန်းများက အလွန်ကြောက်မက်ဖွယ်ကောင်းသည်။ ၎င်းတို့၏ အရှိန်အဝါက ကောင်းကင်နှင့် မြေကြီးကိုပင် ဖျက်ဆီးပစ်နိုင်လောက်သည်ဟု ထင်ရသည်။ ၎င်းတို့အနီးသို့ ကပ်သွားသည်နှင့် အမှုန့်ဖြစ်သွားလောက်မည်ဟုပင် ခံစားနေရသည်။
ရီချန်သည် ထိုသတင်းကို ရလိုက်၍ အခြေအနေကို စုံစမ်းရန် နတ်ဘုရားတစ်ပိုင်း ပညာရှင်နှစ်ယောက် စေလွှတ်လိုက်သည်။
ရီမျိုးနွယ်မှ နတ်ဘုရားတစ်ပိုင်း ပညာရှင်နှစ်ယောက်သည်လည်း ကောင်းကင်စိတ်အာရုံဖြင့် ထောက်လှမ်းလိုက်သည်နှင့် နာကျင်တကြီး လဲကျသွားကြသည်။ သူတို့သည် ပြန်ကောင်းလာသောအခါ အနီးသို့ ကိုယ်တိုင်သွား၍ စုံစမ်းရန် လုပ်လိုက်ကြသည်။ သို့သော် သူတို့ အလွန်နီးနီးတော့ ကပ်မသွားဝံ့ကြပေ။ သူတို့သည် စေတီမြို့နှင့် ဆယ်ကီလိုမီတာအကွာမှနေ၍သာ စူးစမ်းလိုက်ကြသည်။ လျှပ်စီးတန်းများက စေတီမြို့ကို အဆက်မပြတ် ထိမှန်နေကြောင်း သူတို့ တွေ့လိုက်ရသည်။ ထိုမြို့အနားသို့ ကပ်သွားသူတိုင်း သေချာပေါက် သေဆုံးသွားမည်သာ။ ကြယ်ရှစ်ပွင့်အဆင့် သိုင်းပညာရှင်များပင် မရှင်သန်နိုင်လောက်ပေ။
ရီချန်သည် ထိုသတင်းကို ကြားလိုက်သောအခါ စိုးရိမ်သွားပြီး လီဖေးယွီနှင့် နတ်ဘုရားတစ်ပိုင်းများကို ခေါ်ကာ ကိုယ်တိုင်သွားစုံစမ်းလိုက်သည်။ သို့သော် ကြယ်ခုနစ်ပွင့်အဆင့် ပညာရှင်ဖြစ်သော လီဖေးယွီသည်ပင် စေတီမြို့အနီးသို့ မကပ်ဝံ့ပေ။ ထို့ပြင် မည်သူမှလည်း စေတီမြို့ကို လွှမ်းခြုံထားသော အစီအရင်အကြောင်းကို မသိကြချေ။
ရီချန်သည် အတော်ကြာ စူးစမ်းခဲ့သော်လည်း ရူးမိုက်သည့် လုပ်ရပ်မျိုးကို မလုပ်ခဲ့ပေ။ သူမသည် အားလုံးကို ဗုဒ္ဓတောင်သို့ ပြန်ခေါ်သွားပြီး အမိန့်များ ပြတ်သားစွာ ပေးလိုက်သည်။ ရီမျိုးနွယ်ဝင်များက နှင်းဒေသသို့ စတင် ရွှေ့ပြောင်းရတော့မည်ဖြစ်သည်။ တစ်ချိန်တည်းမှာပင် သူမသည် ဆန်းကြယ်ဧကရာဇ်မြို့၊ မြောက်ဘက်ဧကရာဇ်မြို့၊ မိစ္ဆာဧကရာဇ်မြို့၊ သားရဲဧကရာဇ်မြို့နှင့် ဓားဧကရာဇ်မြို့တို့သို့ လူစေလွှတ်ကာ အကူအညီတောင်းလိုက်သည်။ ထို့ပြင် သူမသည် ထိပ်တန်းလျှို့ဝှက်ဂိုဏ်းဆယ်ဂိုဏ်းသို့လည်း လူစေလွှတ်ကာ ခရမ်းရောင်အစီအရင်ကို ဖျက်နိုင်မည့် နည်းလမ်းကို မေးလိုက်သည်။
ထိုသတင်း ပျံ့နှံ့သွားသောအခါ အရှေ့ဘက် တော်ဝင်နယ်မြေတစ်ခွင်လုံး အုတ်အော်သောင်းနင်းဖြစ်သွားသည်။ ထို ကြောက်မက်ဖွယ် အစီအရင်ကြီးအကြောင်းကို သာမန်လူများ မဆိုထားနှင့် ဧကရာဇ်ကိုးပါးမျိုးနွယ်စုကပင် မသိကြပေ။ သို့ဖြစ်ရာ ထိုအစီအရင်ထဲ၌ ပိတ်မိနေသူက တိုက်ပွဲဧကရာဇ်ပင်ဖြစ်စေ သို့မဟုတ် မြောက်ဘက်ဧကရာဇ်ပင်ဖြစ်စေ သေသွားလောက်သည်။ ထို့ကြောင့် တိုက်ပွဲဧကရာဇ်၊ မြောက်ဘက်ဧကရာဇ်၊ မိစ္ဆာဧကရာဇ်၊ သားရဲဧကရာဇ်နှင့် ဓားဧကရာဇ်တို့ပင် ကြောက်ရွံ့သွားကြသည်။ အကယ်၍ ထိုကဲ့သို့သော အစီအရင်တစ်ခု ထပ်မံ ထွက်ပေါ်လာပြီး သူတို့ကို ဖမ်းချုပ်လိုက်မည်ဆိုလျှင် သူတို့အားလုံး သေရပေလိမ့်မည်။
သားရဲဧကရာဇ်နှင့် တိုက်ပွဲဧကရာဇ်တို့က စေတီမြို့သို့ လျှို့ဝှက်ကာ သွား၍ အခြေအနေကို သူတို့ကိုယ်တိုင် လေ့လာလိုက်သည်။ သို့သော် သူတို့သည် ထိုအစီအရင်ကို ဖောက်နိုင်မည့် နည်းလမ်းမရှိဟုသာ ရီချန်ထံ သတင်းပို့လိုက်ရသည်။ တိုက်ပွဲဧကရာဇ်သည်ပင် ထိုအစီအရင်အနားသို့ အရမ်းကပ်မသွားဝံ့ပေ။ သူက အစီအရင်ကို အားသုံး၍ ဖျက်ဆီးရန် ကြိုးစားခဲ့သေးသော်လည်း ကျရှုံးခဲ့သည်။
အရှေ့ဘက် တော်ဝင်နယ်မြေမှ လူအားလုံး တုန်လှုပ်နေကြသည်။ တိုက်ပွဲဧကရာဇ်၊ မြောက်ဘက်ဧကရာဇ်၊ သားရဲဧကရာဇ်၊ မိစ္ဆာဧကရာဇ်နှင့် ဓားဧကရာဇ်တို့လည်း ကြောက်ရွံ့နေပုံပေါ်သည်။ သို့သော် ယခုတွင် ကျန်းရီက အစီအရင်ထဲ၌ ပိတ်မိနေပြီဖြစ်၍ ကျန်းရီ၏ရန်ကိုတော့ စိုးရိမ်နေရန် မလိုတော့ပေ။ ထို့ကြောင့် တိုက်ပွဲသည် မျိုးနွယ်ကြီးအားလုံးကို ဆန်းကြယ်ဧကရာဇ်မြို့သို့ ဖိတ်ခေါ်ကာ လက်ရှိအခြေအနေများအကြောင်းကို ဆွေးနွေးလိုက်သည်။ အရှေ့ဘက် တော်ဝင်နယ်မြေက ဤကဲ့သို့ ပရမ်းပတာ ဆက်ဖြစ်နေ၍ မရပေ။ နောက်ကွယ်မှ ကြိုးကိုင်နေသူကို ရှာကာ သတ်ပစ်ရပေမည်။
စစ်မျိုးနွယ်နှင့် ရှစ်မျိုးနွယ်တို့ကလည်း ရီမျိုးနွယ်ကို ထပ်မံ တိုက်ခိုက်ရန် ပြင်ဆင်နေကြပေပြီ။ သို့သော် ဤတစ်ခေါက်တွင် တိုက်ပွဲဧကရာဇ်က တမန်တော်တစ်ယောက် စေလွှတ်၍ သူတို့သာ ဆက်၍ တိုက်ခိုက်နေမည်ဆိုလျှင် တိုက်ပွဲဧကရာဇ်၊ မြောက်ဘက်ဧကရာဇ်နှင့် အခြားဧကရာဇ်များက ကိုယ်တိုင်လာရောက်ကာ ကျူးကျော်သူများကို ဖျက်ဆီးပစ်မည်ဟု ပြောစေလိုက်သည်။ ထို့ပြင် တိုက်ပွဲဧကရာဇ်သည် မျိုးနွယ်အချို့မှ မျိုးနွယ်ခေါင်းဆောင်များကိုလည်း ဆန်းကြယ်ဧကရာဇ်မြို့သို့ လာ၍ အခြေအနေကို ရှင်းပြရန် ဆင့်ခေါ်လိုက်သည်။ သူတို့ မလာလျှင် အကျိုးဆက်ကို ရင်ဆိုင်ရပေလိမ့်မည်။
ကျန်မျိုးနွယ်၊ ဝူမျိုးနွယ်၊ ထူမျိုးနွယ်၊ ရှီးမျိုးနွယ်၊ ကျန့်မျိုးနွယ်၊ ထန်မျိုးနွယ်နှင့် အခြားမျိုးနွယ်ကြီးများက ပူးပေါင်းလိုက်ပေပြီ။ ထို့ကြောင့် အရှေ့ဘက် တော်ဝင်နယ်မြေတစ်ခွင်လုံးရှိ တိုက်ပွဲများနှင့် ပဋိပက္ခများ ရပ်တန့်သွားသည်။
သို့သော် ရီချန်တစ်ယောက် စိတ်မသက်မသာ ခံစားနေရဆဲပင်။ ထို့ကြောင့် သူမသည် ရီမျိုးနွယ်ဝင်များကို လျှို့ဝှက်ရွှေ့ပြောင်းထားစေသည်။ ကြိုးကိုင်သူက ထိုကဲ့သို့ အကြံအစည်ကြီးတစ်ခုကို အကောင်အထည် ဖော်နိုင်ရာ တိုက်ပွဲဧကရာဇ်တို့ အင်အားပူးပေါင်းလိုက်လျှင်ပင် အခြေအနေက များစွာကွာခြားသွားလောက်မည် မဟုတ်ဟု သူမ ယုံကြည်သည်။ ထို့ပြင် အကယ်၍ ဗုဒ္ဓဧကရာဇ်တို့က အမှန်ပင် သေဆုံးသွားခြင်းဖြစ်လျှင် အရှေ့ဘက် တော်ဝင်နယ်မြေက ပျက်စီးရတော့မည်သာ။
တိုက်ပွဲဧကရာဇ်တို့က တိုက်ပွဲများကို ထိန်းထားသဖြင့် ရီချန်သည် ပင်လယ်နက်သို့ လူစေလွှတ်ကာ စုံစမ်းရန် စီစဉ်နိုင်လာသည်။ တစ်ချိန်တည်းမှာပင် သူမသည် ချမ်ဝမ်ကွမ်း၊ စစ်ထူရီရှောင်နှင့် အခြားသူများကို အပြစ်သားကျွန်းသို့ ပြန်ပို့ရန်လည်း စီစဉ်လိုက်သည်။ သူတို့ကို ပြန်ပို့ရန် စီစဉ်ခြင်းမှာ ဗုဒ္ဓတောင်က မလုံခြုံ၍ မဟုတ်ပေ။ သူမက စစ်ထူရီရှောင်ကို ချမ်ချမ်နှင့် အောင်းလုတို့ဆီ လူစေလွှတ်ကာ အကူအညီတောင်းစေလို၍ဖြစ်သည်။ ကျန်းရီကို လာကယ်ပေးရန် သူမ အောင်းလုအား အကူအညီတောင်းလိုနေသည်။
အောင်းလုက ကြိုးကိုင်သူလည်း ဖြစ်နေနိုင်သည်။
ထို့ကြောင့် ရီချန်၏ လုပ်ရပ်တွင် အကြောင်းနှစ်ခု ရှိပေသည်။ အကယ်၍ အောင်းလုက အမှန်ပင် ကြိုးကိုင်သူဖြစ်နေလျှင် ကျန်းရီကို လာကယ်မည် မဟုတ်ပေ။ အောင်းလုက ကြိုးကိုင်သူမဟုတ်လျှင်မူ ကျန်းရီကို ကယ်နိုင်မည့် နည်းလမ်းများကို ရှာဖွေပေလိမ့်မည်။ အောင်းလုက အစီအရင်ပိုင်းတွင် အလွန်ကျွမ်းကျင်ကြောင်း ရီချန်သိသည်။ အဆုံးမဲ့ပင်လယ်နက်မှ အစီအရင်များက အပြစ်သားကျွန်း၏ နဂါးကိုးကောင် နတ်ဘုရားသုတ်သင်အစီအရင်ထက်ပင် များစွာပို၍ ကြောက်မက်ဖွယ်ကောင်းသည်။
ချမ်ဝမ်ကွမ်းနှင့် ကျန်ဝူရွှမ်းတို့က ကောင်းကင်ကြယ်တာရာနယ်မြေမှ လူအားလုံးကို ခေါ်၍ ထွက်သွားကြသည်။ သို့သော် စုလောရွှယ်၊ ယဉ်ရို့ပင်းနှင့် မိုယောင်အာတို့ကတော့ ဗုဒ္ဓတောင်မှာပင် နေခဲ့သည်။ ယဉ်ရို့ပင်းက အခန်းအောင်း ကျင့်ကြံနေဆဲဖြစ်၍ အပြင်တွင် ဖြစ်ပျက်နေသော ကိစ္စများကို မသိပေ။ စုလောရွှယ်နှင့် မိုယောင်အာတို့မှာမူ နှင်းဒေသသို့သွားရန် ငြင်းဆန်ခဲ့ခြင်းဖြစ်သည်။
ကျန်းရီ အစီအရင်ထဲတွင် ပိတ်မိနေခဲ့သည်မှာ လဝက်ရှိသွားပြီဖြစ်သည်။
ဆန်းကြယ်ဧကရာဇ်မြို့မှ အစည်းအဝေးကိုလည်း နိဂုံးချုပ်လိုက်နိုင်ပြီဖြစ်သည်။ အားလုံးသည် သတင်းအချက်အလက်များ၊ သက်သေများ၊ စုံစမ်းထောက်လှမ်းမှုများနှင့် စစ်၊ မာနှင့် ရှစ်မျိုးနွယ်တို့မှ ရသော အချက်အလက်များကို အခြေခံ၍ ကြိုးကိုင်သူမှာ အောင်းလုဖြစ်သည်ဟု ကောက်ချက်ချလိုက်ကြလေသည်။
***