← Chapters

ကလဲ့စားစစ်ပွဲ

Vol. 84 Ch. 1173

ကလဲ့စားစစ်ပွဲ

Vol. 84 Ch. 1173

စစ်၊ မာ၊ ရှစ်နှင့် အခြားမျိုးနွယ်များသည် ကြိုးကိုင်သူကို မသိကြပေ။ ထို့ပြင် သူတို့က ကြိုးကိုင်သူ၏ ထိန်းချုပ်မှုကို ခံခဲ့ရခြင်းမဟုတ်ဘဲ အသုံးချမှုကိုသာ ခံခဲ့ရခြင်းဖြစ်သည်။

ကြိုးကိုင်သူက ဝတ်ရုံနက်များကိုသာ စေလွှတ်ခဲ့သည်။ ထိုဝတ်ရုံနက်အားလုံးက နတ်ဘုရားတစ်ပိုင်းများ ဖြစ်သော်လည်း ထိုသူများက မည်သူဖြစ်ကြောင်းကိုမူ မည်သူမှ မသိကြပေ။

ထိုဝတ်ရုံနက်များက ဗုဒ္ဓဧကရာဇ်၊ ညဧကရီ၊ ယဉ်ဧကရာဇ်နှင့် ရွှမ်ဧကရာဇ်တို့၏ ကျော်ကြားသော လက်နက်များကို ယူလာခဲ့ပြီး ဗုဒ္ဓဧကရာဇ် သေဆုံးသွားပြီဖြစ်၍ ရီမျိုးနွယ်ကို စိတ်ကြိုက်တိုက်ခိုက်နိုင်ပြီဟု မျိုးနွယ်သုံးခုကို ပြောခဲ့သည်။ ထို့ပြင် သူတို့သည် အကယ်၍ အခြားမျိုးနွယ်များက ရီမျိုးနွယ်ကို ကူညီပေးမည်ဆိုလျှင် သူတို့က မျိုးနွယ်သုံးခုဘက်မှ လာကူမည်ဟုလည်း ကတိပေးခဲ့သေးသည်။ ရီမျိုးနွယ် ပျက်စီးသွားသည်နှင့် မျိုးနွယ်သုံးခုကို ဧကရာဇ်မျိုးနွယ်များ ဖြစ်လာအောင် ကူညီပေးမည်ဟုလည်း ကတိပေးခဲ့သည်။

ဗုဒ္ဓဧကရာဇ်၊ ညဧကရီ၊ ရွှမ်ဧကရာဇ်နှင့် ယဉ်ဧကရာဇ်တို့၏ ကျော်ကြားသော လက်နက်များကြောင့် မျိုးနွယ်သုံးခုသည် ဝတ်ရုံနက်များ၏ စကားများကို ယုံကြည်ခဲ့ကြသည်။ ဗုဒ္ဓဧကရာဇ် မသေလျှင် သူ၏လက်နက်ကို သူ့ထံမှ ယူလာနိုင်မည် မဟုတ်ပေ။

ထို့ပြင် ဗုဒ္ဓဧကရာဇ်တို့ ပျောက်ဆုံးနေခဲ့သည်မှာ ကြာပြီဖြစ်သည်။ ဗုဒ္ဓအင်ပါယာ၊ ယဉ်အင်ပါယာနှင့် အခြားသူများသည် နတ်ဘုရားတစ်ပိုင်းများကို ခေါ်၍ ဧကရာဇ်များကို သွားကယ်ခဲ့သည်။ သို့သော် မည်သူမှ ပြန်မလာခဲ့ပေ။ ထို့ကြောင့် မျိုးနွယ်သုံးခုသည် ဗုဒ္ဓဧကရာဇ်တို့က အမှန်ပင် သေသွားခြင်းဖြစ်မည်ဟု ကောက်ချက်ချခဲ့သည်။

ဧကရာဇ်မျိုးနွယ် ဖြစ်လာရန်မှာ မျိုးနွယ်တိုင်း၏ ရည်မှန်းချက်ကြီးဖြစ်သည်။ ထို့ပြင် မျိုးနွယ်သုံးခုသည် ရီမျိုးနွယ်အပေါ် နက်ရှိုင်းသော ရန်ငြိုးများ ရှိကြသည်။ ရီမျိုးနွယ်ကြောင့်သာ မဟုတ်လျှင် မျိုးနွယ်သုံးခုသည် ထန်မျိုးနွယ်ထက်ပင် ပိုအင်အားကြီးနေမည်ဖြစ်သည်။ အတိတ်တွင် မျိုးနွယ်သုံးခုက ထိပ်တန်းရှေးဟောင်းမျိုးနွယ်ဆယ်ခုထဲတွင် အင်အားအကြီးဆုံးဖြစ်ခဲ့သည်။ ယခုတွင်မူ သူတို့က အောက်ဆုံးသို့ ရောက်နေပေပြီ။

ကြိုးကိုင်သူက မျိုးနွယ်သုံးခု၏ ယုံကြည်မှုကို များစွာတိုးမြှင့်ပေးလိုက်သည်။ အခြား အရေးကြီးသော အကြောင်းတစ်ခုမှာ ကြိုးကိုင်သူ၏ အစီအရင်စွမ်းရည်ဖြစ်သည်။ ကြိုးကိုင်သူသည် မျိုးနွယ်သုံးခုမှ မြို့တော်သုံးခု၏ လုံခြုံရေးအတွက် အစီအရင်သုံးခု ဆင်ပေးခဲ့သည်။ စစ်မျိုးနွယ်၏ နံပါတ်(၁) အကြီးအကဲသည်ပင် ထိုအစီအရင်များကို မ‌ဖောက်နိုင်ခဲ့ပေ။

ထို့ကြောင့် မျိုးနွယ်သုံးခုသည် အခြားမျိုးနွယ်(၃၃)ခုနှင့် ပူးပေါင်းကာ ရီမျိုးနွယ်ကို တိုက်ခိုက်ဝံ့ခဲ့ခြင်းဖြစ်သည်။ နောက်ပိုင်းကိစ္စများကို ပြောနေရန်ပင် လိုတော့မည် မထင်ပေ။ မျိုးနွယ်သုံးခုက ရီမျိုးနွယ်၏ မြို့များကို ဖျက်ဆီးပစ်ခဲ့သည်။ အကယ်၍ ကျန်းရီ ရောက်မလာပါက ရီမျိုးနွယ် ပျက်သုဉ်းသွားခဲ့မည်ဖြစ်သည်။

ကြိုးကိုင်သူ၏ ဉာဏ်ရည်ကိုလည်း ထပ်မံ မြင်တွေ့ခဲ့ရသည်။ သူသည် စေတီမြို့တွင် အခြားအစီအရင်တစ်ခုကို ဆင်၍ စစ်ဖုန်းထျန်းတို့ကို စေတီမြို့ဆီ ပြန်ဆုတ်ရန် ပြောခဲ့သည်။ ကျန်းရီ စေတီမြို့ထဲသို့ သေချာပေါက် ဝင်လာအောင်လည်း ဓားစာခံများကို စေတီမြို့သို့ ပို့ခဲ့သည်။ ထိုမှ ကျန်းရီကို သတ်နိုင်မည်ဖြစ်သည်။

အစီအစဉ်က ပြီးပြည့်စုံပေသည်။ ထိုအစီအရင်၏ စွမ်းအားက အားလုံး၏ စိတ်ကူးကိုပင် ကျော်လွန်ခဲ့သည်။

သို့သော် မျိုးနွယ်သုံးခုသည် စေတီမြို့ထဲတွင် ကျန်းရီပြောခဲ့သော စကားများကြောင့် ထိတ်လန့်သွားခဲ့ရသည်။ အကယ်၍ ကြိုးကိုင်သူက အမှန်ပင် အောင်းလုဖြစ်နေပါက လူသားမျိုးနွယ်အတွက် အန္တရာယ်ရှိပေသည်။ ထို့ကြောင့် တိုက်ပွဲဧကရာဇ်က ဆင့်ခေါ်လိုက်သောအခါ မျိုးနွယ်ခေါင်းဆောင်သုံးယောက်သည် ဆန်းကြယ်ဧကရာဇ်မြို့သို့ သွားကာ ကိစ္စအားလုံးကို ရှင်းပြခဲ့ကြသည်။

မျိုးနွယ်သုံးခုသည် အမှန်ပင် ဧကရာဇ်မျိုးနွယ် ဖြစ်လိုကြသည်။ သို့သော် ကြိုးကိုင်သူက အောင်းလုဖြစ်နေလျှင် သူတို့သည် ဧကရာဇ်မျိုးနွယ် မဖြစ်ရုံသာမက လူသားမျိုးနွယ်နှင့်အတူ ပျက်သုဉ်းသွား‌ရပေလိမ့်မည်။ မိစ္ဆာမျိုးနွယ်၏ ရက်စက်ကြမ်းကြုတ်သော သဘာဝကို ထိုရှေးဟောင်းမျိုးနွယ်များက အသိဆုံးဖြစ်သည်။

လူများ၏ စိတ်ကို သက်ရောက်နိုင်သော အမည်မသိ မိစ္ဆာအတတ်တစ်ခု၊ စွမ်းအားကြီးသော အစီအရင်များ၊ ထူးဆန်းသော ကောင်းကင်ရှောင်တိမ်းခြင်းအတတ်များနှင့် ဆန်းကြယ်သော နတ်ဘုရားတစ်ပိုင်းများ...

အရာအားလုံးက အောင်းလုကို ညွှန်ပြနေသည်။ မျိုးနွယ်ကြီးများသည် ကောင်းကင်ကြယ်တာရာနယ်နမိတ်ရှိ စွမ်းအားကြီး လူသားသိုင်းပညာရှင်များကို သိကြသည်။ သို့သော် ထိုဆန်းကြယ်သော ဝတ်ရုံနက် နတ်ဘုရားတစ်ပိုင်းများကို မည်သူမှ မသိကြပေ။ အရေးအကြီးဆုံးအချက်မှာ ကျန်းရီကို ဖမ်းချုပ်ထားသော ကောင်းကင်မိုးကြိုးအစီအရင်က အခြားမျိုးနွယ်များ ဖန်တီးနိုင်သော အစီအရင်တစ်ခု မဟုတ်ခြင်းပင်။ ထိုအစီအရင်သည် ကြယ်ကိုးပွင့်အဆင့် သိုင်းပညာရှင်များကိုပင် သတ်ပစ်နိုင်သည်။ သို့ဖြစ်ရာ နှစ်ပေါင်းခုနစ်သိန်းကျော် နေထိုင်ခဲ့သည့် ထူးဆန်းသော မိစ္ဆာအိုကြီးမှလွဲ၍ အခြားမည်သူမှ ထိုကဲ့သို့သော အစီအရင်တစ်ခုကို မဖန်တီးနိုင်လောက်ပေ။

အောင်းလု၏ သက်တမ်းက နှစ်နှစ်သိန်းကျော် ကျန်သေးသည်။ သူက ဆန်းကြယ်နတ်ဘုရားနန်းတော်ထဲတွင် နှစ်ပေါင်းခုနစ်သိန်းကျော် ပိတ်မိနေခဲ့သည်။ ထို့ကြောင့် သူက လူသားမျိုးနွယ်အပေါ် ရန်ငြိုးထားကာ မိစ္ဆာမျိုးနွယ် ပြန်ဦးမော့လာနိုင်အောင် လုပ်လိုခြင်း ဖြစ်နိုင်သည်။

ထိုသို့ ကောက်ချက်ချပြီးနောက်...

တိုက်ပွဲဧကရာဇ်နှင့် မြောက်ဘက်ဧကရာဇ်တို့က ဦးဆောင်၍ လူသားမျိုးနွယ်ကလဲ့စားမဟာမိတ်အဖွဲ့ကို ဖွဲ့စည်းခဲ့သည်။ ထို့နောက် ကလဲ့စားချေရန်အတွက် စတင်၍ လျှို့ဝှက်ညှိနှိုင်းလိုက်ကြသည်။ ဤတစ်ခေါက်တွင် မရေမတွက်နိုင်သော စွမ်းအားကြီး သိုင်းပညာရှင်များ သေဆုံးခဲ့သည်။ ဗုဒ္ဓဧကရာဇ်တို့၏ အခြေအနေအမှန်ကိုလည်း မသိရသေးပေ။ သန်းထောင်ချီသော အရပ်သူ၊ အရပ်သားများကလည်း သေသူကသေ၊ ဒဏ်ရာရသူကရနှင့် ဖြစ်နေကြသည်။ ထိုသွေးကြွေးကို ကလဲ့စားချေရပေမည်။

ထို့ပြင် အပြင်ရန်သူတစ်ယောက် ရှိလာခြင်းက လူသားမျိုးနွယ်ကို စည်းလုံးသွားစေသည်။ တိုက်စစ်မှာ အကောင်းဆုံး ခံစစ်ဖြစ်သည်။ မိစ္ဆာမျိုးနွယ်ကို ဖျက်ဆီးပစ်မှသာ လူသားမျိုးနွယ်အတွက် ငြိမ်းချမ်းပေလိမ့်မည်။

ထိုကိစ္စများအကြားတွင် အရေးအကြီးဆုံးမှာ အပြစ်သားကျွန်းဖြစ်သည်။

အပြစ်သားကျွန်း တည်ရှိနေသ၍ ဧကရာဇ်ကိုးပါးမျိုးနွယ်စုက အရှက်ရနေရမည်ဖြစ်သည်။ ထို့ကြောင့် တိုက်ပွဲဧကရာဇ်၊ မြောက်ဘက်ဧကရာဇ်နှင့် အခြားသူများသည် အရှေ့ဘက် တော်ဝင်နယ်မြေ စည်းလုံးနေသည့် ရှားရှားပါးပါး အခွင့်အရေးကို အသုံးချ၍ အပြစ်သားကျွန်းကို ရှင်းပစ်နိုင်ရန် မျှော်လင့်နေကြသည်။

အရှေ့ဘက် တော်ဝင်နယ်မြေတစ်ခွင်လုံးတွင် သတင်းများ ပျံ့နှံ့နေသည်။ မြောက်ဘက်ဧကရာဇ်၊ တိုက်ပွဲဧကရာဇ်၊ ဓားဧကရာဇ်နှင့် အခြားဧကရာဇ်များ၏ တမတန်တော်များသည် ကောင်းကင်တမလွန်ဂိုဏ်း၊ ကောင်းကင်လျှို့ဝှက်ဂိုဏ်းနှင့် ထိပ်တန်းလျှို့ဝှက်ဂိုဏ်းဆယ်ဂိုဏ်းမှ အခြားဂိုဏ်းများအားလုံးသို့သွား၍ မဟာမိတ်ဖွဲ့ရန် ကမ်းလှမ်းခဲ့သည်။ တိုက်ပွဲဧကရာဇ်နှင့် မြောက်ဘက်ဧကရာဇ်တို့သည် စွမ်းအားကြီး သိုင်းပညာရှင်အားလုံး၏ ပူးပေါင်းအင်အားဖြင့် အပြစ်သားကျွန်း၏ နဂါးကိုးကောင် နတ်ဘုရားသုတ်သင်အစီအရင်ကို ဖျက်စီးကာ အဆုံးမဲ့ပင်လယ်နက်အထိ သွားရောက် သတ်ဖြတ်နိုင်ရန် မျှော်လင့်နေကြသည်။

ထိပ်တန်းလျှို့ဝှက်ဂိုဏ်းဆယ်ဂိုဏ်းမှ ဂိုဏ်းအများစုက ကမ်းလှမ်းမှုကို လက်ခံလိုက်ကြသည်။

လူသားမျိုးနွယ် ပျက်သုဉ်းရမည်ဆိုလျှင် လျှို့ဝှက်ဂိုဏ်းများလည်း ပျက်သုဉ်းသွားပေလိမ့်မည်။ သူတို့ ကမ္ဘာအဆုံးအထိ သွားပုန်းနေလျှင်ပင် လွတ်မည် မဟုတ်ချေ။ သုံးရက်အတွင်းမှာပင် ကောင်းကင်တမလွန်ဂိုဏ်းနှင့် ကောင်းကင်လျှို့ဝှက်ဂိုဏ်းတို့မှ လွဲ၍ ကျန်ဂိုဏ်းရှစ်ဂိုဏ်းလုံးက မဟာမိတ်အဖွဲ့နှင့် ပူးပေါင်းလိုက်ကြသည်။ ထိပ်တန်းရှေးဟောင်းမျိုးနွယ်ဆယ်ခုကလည်း ပူးပေါင်းကြသည်။ ယဲ့မျိုးနွယ်၊ လင်းမျိုးနွယ်နှင့် ယဉ်မျိုးနွယ်တို့ကလည်း လူများစေလွှတ်ပေးရန် သဘောတူလိုက်ကြသည်။ သို့သော် ရီမျိုးနွယ်ကမူ သိုင်းပညာရှင်များစွာ ဆုံးရှုံးခဲ့သည်ကို အကြောင်းပြ၍ မဟာမိတ်နှင့် မပူးပေါင်းခဲ့ပေ။

လေးရက်မြောက်နေ့တွင် သူ‌တော်စင်ဧကရီသည် တမန်တော်တစ်ယောက် စေလွှတ်၍ နှင်းဒေသက အရှေ့ဘက် တော်ဝင်နယ်မြေ၏ ကိစ္စတွင် ဝင်ပါမည်မဟုတ်ဟု ဆိုကာ မဟာမိတ်အဖွဲ့နှင့် ပူးပေါင်းရန် ငြင်းလိုက်သည်။ ထို့ကြောင့် မျိုးနွယ်များစွာက ကြိမ်းမောင်း၊ ကျိန်ဆဲလိုက်ကြသည်။

ကောင်းကင်တမလွန်ဂိုဏ်းသည် ငါးရက်မြောက်နေ့မှ အကြောင်းပြန်ခဲ့သည်။ သူတို့ကလည်း ဂိုဏ်းစည်းမျဉ်းအရ မဟာမိတ်အဖွဲ့နှင့် မပူးပေါင်းနိုင်ဟု ငြင်းလိုက်သည်။ သို့သော် လူသားမျိုးနွယ်အတွက် နဂါးကိုးကောင် နတ်ဘုရားသုတ်သင်အစီအရင်ကို ဖျက်ဆီးနိုင်မည့် နည်းလမ်းများကို စဉ်းစားပေးမည်ဟုတော့ ပြောလိုက်သည်။ သို့ရာတွင် အပြစ်သားကျွန်းနှင့် မိစ္ဆာမျိုးနွယ်ကို တိုက်ခိုက်ခြင်းနှင့် နဂါးကိုးကောင် နတ်ဘုရားသုတ်သင်အစီအရင်ကို ဖျက်ဆီးရာတွင်မူ သူတို့ဂိုဏ်းက ဝင်ပါမည် မဟုတ်ပေ။ အခြားသူများနှင့် ပဋိပက္ခ မဖြစ်ရဟူသော စည်းမျဉ်းမှာ သူတို့ နှစ်သိန်းပေါင်းများစွာ လိုက်နာခဲ့သော ဂိုဏ်းစည်းမျဉ်းဖြစ်သည်။

ထိုသတင်းပျံ့နှံ့သွားသောအခါ မဟာမိတ်စစ်တပ်ထဲရှိ သိုင်းသမားများ စိတ်အားတက်ကြွသွားကြသည်။ သူတို့က နဂါးကိုးကောင် နတ်ဘုရားသုတ်သင်အစီအရင်ကို အစိုးရိမ်ဆုံးဖြစ်သည်။ ဧကရာဇ်ကိုးပါးမျိုးနွယ်စုက အပြစ်သားကျွန်းကို တိုက်ခိုက်ရန် အကြိမ်ပေါင်းများစွာ ကြိုးစားခဲ့သည်။ သို့သော် ထိုအစီအရင်နှင့် အဆုံးမဲ့ပင်လယ်နက်မှ မိစ္ဆာများကြောင့် ကျရှုံးခဲ့ရသည်။ အကယ်၍ ထိုအစီအရင်ကိုသာ ဖျက်ဆီးနိုင်မည်ဆိုပါက အပြစ်သားကျွန်းကို အလွယ်တကူ ရှင်းပစ်နိုင်ပေလိမ့်မည်။ မဟာမိတ်စစ်တပ်ကလည်း အဆုံးမဲ့ပင်လယ်နက်သို့ ဝင်၍ လက်စားချေနိုင်မည်ဖြစ်သည်။

ခြောက်ရက်မြောက်နေ့တွင် တိုက်ပွဲဧကရာဇ်နှင့် မြောက်ဘက်ဧကရာဇ်တို့က တပ်သားများကို တော်ဝင်စစ်ပွဲအတွက် စုဝေးရန် အမိန့်ပေးလိုက်သည်။ အ‌ရှေ့ဘက် တော်ဝင်နယ်မြေကို ကာကွယ်ရန် တာဝန်ရှိသူများမှလွဲ၍ နယ်မြေရှိ မျိုးနွယ်အားလုံးမှ ကောင်းကင်ဧကရာဇ်အဆင့်နှင့်အထက် သိုင်းသမားအားလုံးက ယဉ်ဧကရာဇ်မြို့တွင် သုံးလအတွင်း စုဝေးရမည်ဖြစ်သည်။ သုံးလပြည့်သည်နှင့် သန်းထောင်ချီသော တပ်သားများက တစ်စုတစ်စည်းတည်း ချီတက်ကာ အပြစ်သားကျွန်းနှင့် အဆုံးမဲ့ပင်လယ်နက်ကို ရှင်းပစ်ကြမည်ဖြစ်သည်။

ထိုအမိန့် ပေးပြီးသွားသည်နှင့် အ‌ရှေ့ဘက် တော်ဝင်နယ်မြေတစ်ခွင်လုံး အုတ်အော်သောင်းနင်းဖြစ်သွားသည်။

ယခု တပ်သားစုစည်းမှုမှာ ဆန်းကြယ်ဧကရာဇ်ခေတ်နောက်ပိုင်း အကြီးဆုံး စုစည်းမှုဖြစ်သည်။ ထိုကိစ္စတွင် ပါဝင်သော မျိုးနွယ်အားလုံးက သမိုင်းကို ပြန်ရေးသားနေသကဲ့သို့ပင်။ မျိုးနွယ်ငယ်များသည် မျိုးနွယ်ကြီးများ၏ ဆင့်ခေါ်မှုကို ရရှိလိုက်သောအခါ စုဝေးလိုက်ကြသည်။ လူသားမျိုးနွယ်နှင့် မိစ္ဆာမျိုးနွယ်က ကမ္ဘာ့ရန်ဘက်များဖြစ်သည်။ ယခုတွင် လူသားမျိုးနွယ်က များစွာဆုံးရှုံးခဲ့ရပြီဖြစ်သည်။ ထို့ကြောင့် သူတို့သည် သူတို့၏ဓားများကို သွေးကာ အဆုံးမဲ့ပင်လယ်နက်သို့သွား၍ လက်စားချေလိုနေကြသည်။

အရှေ့ဘက် တော်ဝင်နယ်မြေရှိ ဒေသအရှင်အားလုံးသည်လည်း ထိုသုံးလအတွင်း ကောင်းကင်ဧကရာဇ်အဆင့်နှင့်အထက် သိုင်းသမားတိုင်း တည်နေရာပြောင်းရွှေ့အစီအရင်များကို အလကားအသုံးပြုနိုင်ကြောင်း ကြေညာခဲ့သည်။ စစ်ပွဲတွင် ပါဝင်လိုသူတိုင်းသည် ယဉ်ဧကရာဇ်မြို့အထိ အခမဲ့ တည်နေရာပြောင်းရွှေ့နိုင်မည်ဖြစ်သည်။ ကျန်မျိုးနွယ်၊ ဝူမျိုးနွယ်၊ ရှီးမျိုးနွယ်၊ ထန်မျိုးနွယ်နှင့် အခြားမျိုးနွယ်ကြီးများကလည်း နယ်မြေတစ်ခွင်လုံးကို ကြေညာချက်တစ်ခု ထုတ်ပြန်လိုက်သည်။ စစ်ပွဲတွင် ပါဝင်မည့် ကောင်းကင်ဧကရာဇ်တိုင်းက ကောင်းကင်ကျောက်တုံးတစ်သန်း ရရှိမည်ဖြစ်သည်။ စစ်ပွဲတွင် ကျဆုံးသွားသူတိုင်းအတွက်လည်း ကောင်းကင်ကျောက်တုံးငါးသန်း လျော်ကြေးရပေးမည်ဖြစ်သည်။

ထိုကဲ့သို့သော ဆုလာဘ်မျိုးနှင့်ဆိုလျှင် သတ္တိကောင်းသူများ သေချာပေါက် ထွက်ပေါ်လာပေလိမ့်မည်။

ထိုကောင်းကင်ကျောက်တုံးပမာဏက စစ်ပွဲတွင် ပါဝင်သူတိုင်း၏ မိသားစုများအတွက် တစ်ဘဝစာ ဖူလုံသွားစေမည်ဖြစ်သည်။ ထို့ကြောင့် ဓားပြများသည်ပင် တောင်များမှ ထွက်လာကြပြီး တော်ဝင်စစ်ပွဲတွင် ပါဝင်ရန် ယဉ်ဧကရာဇ်မြို့သို့ တည်နေရာပြောင်းရွှေ့သွားကြသည်။

အရှေ့ဘက် တော်ဝင်နယ်မြေတစ်ခွင်လုံး လှုပ်လှုပ်ရှားရှားဖြစ်နေသော်လည်း ဗုဒ္ဓတောင်က တိတ်ဆိတ်နေသည်။ ရီချန်သည် သူမ၏ မူလအစီအစဉ်အတိုင်း ရီမျိုးနွယ်ဝင်များကို နှင်းဒေသသို့ ရွှေ့ပြောင်းစေခဲ့သည်။ ရီမျိုးနွယ်၏ လက်အောက်ခံမျိုးနွယ်များသည်လည်း ဆန္ဒရှိလျှင် နှင်းဒေသသို့ လိုက်ခဲ့နိုင်သည်။ သူတော်စင်ဧကရီက ရီမျိုးနွယ်အတွက် နေရာတစ်ခု ပေးခဲ့သည်။ ထိုနေရာက သူတော်စင်တောင်အနီးတွင် ဖြစ်သည်။

ကျန်းရီ အစီအရင်ထဲတွင် ပိတ်မိနေခဲ့သော နှစ်ဆယ့်ငါးရက်အတွင်းမှာပင် ဗုဒ္ဓဧကရာဇ်မြို့က ဗလာဖြစ်ကာ တိတ်ဆိတ်ခြောက်ကပ်သွားလေသည်။ ယခုတွင် ရီချန်က ဗုဒ္ဓတောင်ပေါ်တွင် ရပ်ကာ ဗုဒ္ဓဧကရာဇ်မြို့ကို ငုံ့ကြည့်နေသည်။ သူမ၏ ခရမ်းရောင်ဝတ်စုံနှင့် ခရမ်းရောင်ဆံပင်က လေထဲတွင် ဝဲလွင့်နေသည်။

ထိုအခိုက်တွင် ရီချန်သည် ရုတ်တရက် အထီးကျန်မှုကို  ခံစားလိုက်ရ၏။ သူမ အနောက်ဘက်သို့ လှမ်းကြည့်ကာ သက်ပြင်းလေးလေးတစ်ချက် ချလိုက်သည်။

“ကျန်းရီ... မကြာခင် ကျွန်မ ရှင့်နောက် လိုက်ခဲ့မှာပါ။ ကောင်းကင်ကြယ်တာရာနယ်နမိတ်က လူသားအားလုံးကလည်း ရှင့်နောက် လိုက်လာကြမှာပါ။ ဆန်းကြယ်နတ်ဘုရားနန်းတော် ပြန်ထွက်ပေါ်လာရင် ကပ်ဘေးကြီးတစ်ခုနဲ့ ရင်ဆိုင်ရလိမ့်မယ်... လူသားမျိုးနွယ် မျိုးတုံးသွားလိမ့်မယ်”

***

All Chapters