← Chapters

လူသား မိုဝူကျိ

Vol. 78 Ch. 1078

လူသား မိုဝူကျိ

Vol. 78 Ch. 1078

“ ဆောက်လို့ မဖြစ်ဘူး  … တကယ်လို့ နတ်ဘုရားမျှော်စင်သာ ဆောက်လိုက်ရင်  နတ်ဘုရားကမ္ဘာက သူတို့စားကျက် ဖြစ်သွားလိမ့်မယ် ” ခွန်းယွင်က ထရပ်ကာ စိုးရိမ်တကြီး ပြောလိုက်သည်။

မိုဝူကျိက လီထန်းတို့သည် ဘာမှမပြောကြဘဲ တစ်ယောက်နှင့် တစ်ယောက် အကြည့်ချင်း ဖလှယ်နေသည်ကို သတိထားမိလိုက်သည်။ မိုဝူကျိက သူတို့သည် တွေဝေနေကြောင်း သိလိုက်၏။

ဤသည်မှာ ဝိဇ္ဇာတစ်ယောက်၏ အမိန့်မှာတမ်း မဟုတ်ပါလော ….

ထိုမျှတင် မကဘဲ နတ်ဘုရားအရိုက်အရာများလည်း ကတိပေးထားသေး၏။

ယနေ့ ဤလူအုပ်စုမှာ နတ်ဘုရားကမ္ဘာ၏ ထိပ်တန်း၌ ရပ်တည်နေသော တည်ရှိမှုမျိုး ဖြစ်ကြပေသည်။ အကယ်၍ ဝိဇ္ဇာလော့ရှုသည် နတ်ဘုရားအရိုက်အရာကို အမှန်တကယ် ချီးမြင့်ပေးမည်ဆိုလျှင် သူတို့က သေချာပေါက် ရယူနိုင်စွမ်း ရှိကြ၏။

ဝိဇ္ဇာအမိန့်မှာတမ်း မတိုင်ခင် သူတို့က ခွန်းယွင်ကို ယုံကြည်ဖို့ ရွေးချယ်ထားကြသည်။ သို့သော် ထိုအမိန့်မှာတမ်းအပြီးတွင် ခွန်းယွင် စကားများက နောက်ရောက်သွားတော့သည်။

ခွန်းယွင်က အလွန်အမင်း စိုးရိမ်နေသော်လည်း လီထန်းတို့က တိတ်ဆိတ်နေကြသေး၏။

“ ညီအစ်ကို  ဝူကျိ  … ငါ အမှန်အတိုင်း ပြောနေတာပါ ” ခွန်းယွင်က မိုဝူကျိဘက် လှည့်ကာ ပြောလိုက်သည်။

အကယ်၍ လူတစ်ယောက်၊ နှစ်ယောက်သာ သူ့အား မယုံလျှင် ခွန်းယွင်က သူတို့ကို အတင်းဇွတ် နားထောင်ခိုင်း၍ ရပေသည်။ သို့သော်လည်း နတ်ဘုရားကမ္ဘာတစ်ခုလုံး ဖြစ်နေလျှင် သူ့ကို ရပ်တန့်နိုင်ပေသည်။

ခွန်းယွင် တင်မကဘဲ လီထန်းတို့ကလည်း မိုဝူကျိဘက် လှည့်ကြည့်လိုက်ကြသည်။ မိုဝူကျိအပေါ် ထားသည့် သူတို့၏ ယုံကြည်မှုမှာ ခွန်းယွင်ထက် ကျော်လွန်ပေသည်။

မိုဝူကျိက အေးအေးဆေးဆေး ပြောလိုက်သည်   “ ဝိဇ္ဇာလော့ရှုရဲ့ နတ်ဘုရားအရိုက်အရာအတွက် ကတိစကားက အမှန်လို့ ထင်တယ် ”

သူက ထိုစကားများကို ပြောလိုက်စဉ် ခွန်းယွင် မျက်နှာမှာ ဖြူဖျော့သွားလေ၏  “ ညီအစ်ကို  ဝူကျိ … ကျုပ် လျှောက်ပြောနေတာ မဟုတ်ပါဘူးဗျာ ”

မိုဝူကျိက လက်ဝေ့ပြကာ ဆက်ပြောလိုက်သည်

“ ဒါပေမဲ့ ကျုပ်က အစ်ကို ခွန်းယွင်ရဲ့ စကားကို ယုံတယ်။ ကျုပ်ကို များများ မေးနေဖို့တော့ မလိုပါဘူး။ ကျုပ်က နတ်ဘုရားမျှော်စင်ထဲ ရောက်ဖူးပြီးတော့ အထဲအထိ ဝင်ဖူးလို့ပဲ …. နတ်ဘုရားမျှော်စင်ထဲမှာ အင်မော်တယ် ပိတ်လှောင်ရေး အစီအရင်တစ်ခု ရှိတယ်။ အဲဒီအစီအရင်ထဲမှာ နတ်ဘုရားမြောက်များစွာ ပိတ်မိနေကြတယ်။ ပြီးတော့  သူတို့ တစ်ဦးချင်းစီက ခင်ဗျားတို့ထက် ပိုအားကောင်းတယ် ”

ခွန်းယွင်က ခေါင်းညိတ်ကာ  “ ဟုတ်တယ်  … နတ်ဘုရားမျှော်စင်ဆိုတာက နတ်ဘုရားတွေကို ပိတ်လှောင်ဖို့နဲ့ မြင့်တင်ဖို့ နေရာတစ်ခုပဲ … သူတို့က ကမ္ဘာရဲ့ ကံကြမ္မာကို ဆွဲနှုတ်ပြီးတော့ သူတို့ရဲ့ တာအိုနဲ ပေါင်းစပ်ကြတာ။ သူတို့ မလုပ်နိုင်တာ ဘာမှမရှိဘူး။ သူတို့က နတ်ဘုရားမျှော်စင် အပြည့်အဝ တည်ဆောက်ဖို့တောင် မလိုဘူး။

အုတ်မြစ်သာ ပြီးသွားတာနဲ့ သူတို့က နတ်ဘုရားမျှော်စင်ကို သုံးပြီး နတ်ဘုရားကမ္ဘာထဲ ဝင်လာနိုင်ပြီ။ အဲဒီနောက်ကျ သူတို့က နတ်ဘုရားကမ္ဘာရဲ့ ကံကြမ္မာကို ဆွဲနှုတ်ပြီးတော့ နတ်ဘုရားကမ္ဘာရဲ့ အမြစ်ကြောကိုပါ စုပ်ယူကြလိမ့်မယ် ”

ခွန်းယွင် စကားမဆုံးခင် ဟုန်ချီက ဆုံးဖြတ်ချက် ပြတ်သားစွာဖြင့်

“ တကယ်လို့ နတ်ဘုရားကမ္ဘာရဲ့ အုတ်မြစ် အဖျက်စီးခံရမယ်ဆိုရင် ကျုပ် ဟုန်ချီကို နတ်ဘုရား ဧကရာဇ် အရိုက်အရာ ပေးမယ်ဆိုရင်တောင် သေချာပေါက် မလုပ်နိုင်ဘူး။ ကျုပ်က ဂိုဏ်းချုပ်မိုရဲ့ စကားကို ယုံတယ်။ ကျုပ်တို့တွေ နတ်ဘုရားမျှော်စင် လုံးဝ ဆောက်လို့ မဖြစ်ဘူး ”

လီထန်းကလည်း တုံ့ဆိုင်းမနေဘဲ ဝင်ပြောလိုက်သည်   “ ကျုပ်လည်း ဂိုဏ်းချုပ်မိုရဲ့ စကားကို ယုံတယ်။ ကျုပ်အတွေးကလည်း ဟုန်ချီနဲ့ အတူတူပဲ။ ကျုပ်တို့တွေ နတ်ဘုရားကမ္ဘာ ပျက်စီးစေလို့ မဖြစ်ဘူး ”

ဟုန်ချီနှင့် လီထန်းတို့ ဦးဆောင်မှုဖြင့် ဝမ်မင်ယန်နှင့် မော့ဟိုင်တို့လည်း ထောက်ခံလိုက်ကြသည်။

မိုဝူကျိက ဟုန်ချီနှင့် လီထန်းတို့သည် ထိုအမိန့်မှာတမ်းနှင့် ပတ်သတ်၍ မကျေမနပ် ဖြစ်သွားကြောင်း ခံစားမိသော်လည်း ဝမ်မင်ယန်နှင့် မော့ဟိုင်တို့သည်ကား တခြားအတွေး ရှိနေဟန် ပေါ်သည်။

“ ညီအစ်ကို  ဝူကျိ … ငါတို့ နှစ်ယောက် အဲဒီရွှေရောင်လှေကားကို အတူတူ သွားဖျက်စီးပစ်ရအောင် … ဒီကိစ္စ ပြီးသွားမှ နတ်ဘုရားဂူသင်္ချိုင်းတောင်ကြားဆီ သွားပြီး မင်းရဲ့ တာအိုလက်တွဲဖော် သွားရှာကြတာပေါ့ ” မိုဝူကျိက သူ့အား ထောက်ခံပေးသလို ဟုန်ချီနှင့် လီထန်းတို့ကလည်း သဘောတူနေသော်လည်း ခွန်းယွင်က နေမထိ ထိုင်မသာ ဖြစ်နေမိသေး၏။

မိုဝူကျိက နတ်ဘုရားမျှော်စင်သည် ခွန်းယွင်အတွက် ဘာမှမကောင်းကြောင်း မှန်းဆမိလိုက်သည်။ သို့သော်လည်း သူက ဘာမှတော့ မပြောလိုက်ပေ။ အကြောင်းမှာ သူက နတ်ဘုရားမျှော်စင်သည် မည်သို့အရာဖြစ်ကြောင်း သေချာသိနေ၍ ဖြစ်၏။

ခွန်းယွင်က အမှန်တကယ် စိုးရိမ်နေမိသည်။ နတ်ဘုရားကမ္ဘာ ပြန်လည် ကောင်းမွန်လာမှုဖြင့် နတ်ဘုရားဘုရင်များက သဟဇာတ နတ်ဘုရားအဆင့် ရောက်ရှိသွားကြသည်။ လီထန်းတို့ အကူအညီဖြင့်ပင်  နတ်ဘုရားကမ္ဘာတစ်ခုလုံးကို နှိုင်းယှဉ်ကြည့်လျှင် ဘာမှ မပြောပလောက်ပေ။

မိုဝူကျိက မရေမရာ မေးလိုက်၏  “ အစ်ကို ခွန်းယွင် တကယ်လို့ ကျုပ်တို့ အဲဒီလှေကားကို ဖျက်စီးပစ်လိုက်ရင် နောက်ထပ် ထပ်ပေါ်လာဦးမှာလား ”

ခွန်းယွင်က ပြတ်သားစွာဖြင့်

“ သေချာပေါက် ဘယ်ပေါ်ပါ့မလဲ  … ဒီရွှေရောင်လှေကားက ဖန်ဆင်းမှုစွမ်းအား အကူအညီနဲ့ ဖန်ဆင်းထားတာ။ နတ်ဘုရားကမ္ဘာက မကြာခင် အခြေကျသွားတော့မှာဆိုတော့ အခြေကျပြီးတာနဲ့ အဲဒီလူတွေ ရွှေရောင်လှေကားကို ထပ်မဖန်တီးနိုင်ခင် တခြားနည်းလမ်းကို သုံးရလိမ့်မယ်။ အဲဒီအခါကျ နှစ်များစွာ ကုန်သွားလောက်ပြီ ”

မိုဝူကျိက အေးစက်စွာ ရယ်မောလိုက်၏  “ အဲလိုဆိုရင် ဆိုလိုတာက  နောက်ထပ် နှစ်တွေကြာပြီးရင် သူတို့တွေက နတ်ဘုရားကမ္ဘာကို ထပ်ရောက်လာဦးမှာလား ”

ခွန်းယွင်က အလေးနက်ဆုံး ပြောလိုက်သည်

“ ဟုတ်တယ်  … အနည်းဆုံးတော့ သူတို့ အခု ရောက်မလာနိုင်တော့တာပေါ့။ နှစ်တွေကြာပြီးတဲ့နောက်ကျ ဒီဇာတ်ကြောင်းက ပြောင်းသွားလောက်ပြီလေ။ ငါလည်း နတ်ဘုရားအရိုက်အရာကို ပြန်ရသွားလောက်ပြီဆိုတော့ နတ်ဘုရားကမ္ဘာအတွက် တစ်ခုခု လုပ်ပေးလို့ ရပြီ ”

မိုဝူကျိက စိတ်ထဲ မထားဘဲ ပြောလိုက်သည်   “ ဘာလုပ်နိုင်မှာမလို့လဲ …. ခင်ဗျားက ဝန်မင်းအဆင့်ပဲ ရှိသေးတာကို ”

ခွန်းယွင် မျက်နှာပေါ်၌ ရှက်ရွံ့သည့် အမူအယာ ပေါ်လာလေ၏။ သူက မိုဝူကျိသည် အမှန်တွေ ပြောနေကြောင်း သိပေသည်။ သူ့အမြင်၌ ပင်မနတ်ဘုရားထဲမှ ဝန်မင်းတစ်ယောက် ဖြစ်ရသည်မှာ အဆင့်မြင့်မြင့် အနေအထား ဖြစ်နေလေပြီ။ သို့သော် ဝိဇ္ဇာများအတွက် ဤသည်မှာ သေးတိသေးမွှားလေးသာ ဖြစ်၏။

ခွန်းယွင်က နတ်ဘုရားကမ္ဘာ ဖျက်စီးခံရမည့် ကိစ္စကို သိပ်အလေးမထားပေ။ သူက ဘာမှမဖြစ်သေးခင် သူ့အရိုက်အရာ ပြန်ယူနိုင်မည့်အရေးကိုသာ စိတ်ဝင်စား၏။

အားလုံးက ခွန်းယွင် စကားကို နားလည်ကြပေသည်။ မည်သူကမှ သူ့အား ပြန်လည် မချေပကြပေ။ ယခု ကပ်ဘေး ဖြစ်ခြင်းထက် နှစ်များစွာ ကြာပြီးမှ ဖြစ်လာလျှင် ကြိုတင်ပြင်ဆင်ထားနိုင်သည် မဟုတ်ပါလော။

မိုဝူကျိက သက်ပြင်းချကာ  “ သွားကြတာပေါ့ …. နိဗာန တိတ်ဆိတ်မှုပင်လယ်ဆီ သွားကြမယ်။ ဘယ်လိုဖြစ်ဖြစ် ကျုပ်တို့တွေ နတ်ဘုရားမျှော်စင် ဆောက်လို့ မဖြစ်ဘူး ”

မိုဝူကျိက နတ်ဘုရားမျှော်စင်၏ ကြီးကျယ်ခမ်းနားမှုကို မြင်ဖူးပြီးသား ဖြစ်၏။

………………

ကံကောင်းစွာဖြင့် နိဗာနတိတ်ဆိတ်မှုပင်လယ်ပြင်အထက်ရှိ ရွှေရောင်လှေကားသည် လူသားဂိုဏ်းနှင့် သိပ်မဝေးလှပေ။

မိုဝူကျိတို့ နိဗာန တိတ်ဆိတ်မှုပင်လယ်ဆီ ရောက်ရှိလာသည့်အချိန် ရွှေရောင်လှေကား ဘေးပတ်လည်မှာ ကျင့်ကြံသူများနှင့် ပြည့်နေလေပြီ။ ထို့အပြင် မိုဝူကျိတို့သာ ပြေးလာခြင်း မဟုတ်ပေ။ မြောက်များစွာသော အလင်းတန်းများက နိဗာန တိတ်ဆိတ်မှုပင်လယ်ဆီ ရောက်လာနေကြ၏။

ပိန်ပါးပါး အမျိုးသားတစ်ဦးက ကျယ်လောင်စွာ ပြောလိုက်သည်

“ တော်တော်များများလည်း ကျုပ်ကို သိလိမ့်မယ်လို့ ယုံတယ်။ အခု နတ်ဘုရားအရိုက်အရာ အခွင့်အရေးက ပေါ်လာပြီဆိုတော့ အားလုံးက ကျုပ်ကို ထောက်ပံ့ပေးပြီး နတ်ဘုရားမျှော်စင် တည်ဆောက်ပေးလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ တကယ်လို့ ကျုပ်သာ နတ်ဘုရားအရိုက်အရာ အခွင့်အရေး ရရှိခဲ့မယ်ဆိုရင် ကျုပ်ကို ထောက်ပံ့ပေးခဲ့တဲ့ တာအိုရောင်းရင်းတို့ကို မမေ့ပါဘူး။ ကျုပ်ဘေးမှာ ခင်ဗျားတို့အတွက် နေရာရှိပါတယ် ”

“ ကျုပ် ဖန်းရှီ  အရိုက်အရာခံ နတ်ဘုရား ဝိညာဉ်မီးတောက်ကို ထောက်ပံ့ပေးမယ် ”

“ ကျုပ် ဖန်ကျုံး အရိုက်အရာခံ နတ်ဘုရား ဝိညာဉ်မီးတောက်ကို ထောက်ပံ့ပေးမယ် ”

……………………

ဝိညာဉ်မီးတောက်၏ စကားသံအဆုံးတွင် လူအုပ်ကြီးက သဘောတူလာကြသည်။

ခွန်းယွင်က ရယ်မောကာ   “ နတ်ဘုရားအရိုက်အရာနဲ့ မိုင်ပေါင်းကုဋေလောက် ဝေးနေတဲ့ ဒီငတိက သူ့ကိုယ်သူ အရိုက်အရာခံ နတ်ဘုရားလို့ ခေါ်ရဲသေးတယ် … ”

“ ခင်ဗျားက ဘယ်သူလဲ ” ဝိညာဉ်မီးတောက်က ထိုမေးခွန်းကို မေးလိုက်ရင်း အကြည့်တို့က လီထန်းဆီ ရောက်လာသည်။ ဟုန်ချီနှင့် ဝမ်မင်ယန်တို့ကိုတော့ လျစ်လျူရှုထားလေ၏။ နောက်တွင် ရှိနေသည့်  မိုဝူကျိကိုလည်း လုံးဝ လျစ်လျူရှုထားသည်။

“ အို … ဒါက လီထန်း မဟုတ်ဘူးလား။ ဟားဟား  … လီထန်း ဒီနှစ်တွေမှာ မင်းက ငါ့ကို အမြဲတမ်း ကျော်တက်နိုင်ခဲ့တယ်ဆိုတာနဲ့ ငါက မင်းကို ကြောက်နေမယ် ထင်မနေနဲ့။ တကယ်လို့ မင်း ငါ့ကို  နတ်ဘုရားအရိုက်အရာ ရဖို့ တားဆီးမယ်ဆိုရင် မင်းကို သေချာပေါက် သတ်ပစ်မယ်။ တကယ်လို့ မင်းသာ ကောင်းကောင်းမွန်မွန် နေမယ်ဆိုရင်တော့ မင်းလည်း အကူအညီ တောင်းနိုင်ပါတယ်။ နတ်ဘုရားအရိုက်အရာက တစ်ခု မကဘူးလေ။ မင်းလည်း နေရာရမှာတော့ ပုံမှန်ပါပဲ ” ဝိညာဉ်မီးတောက်၏ အသံတွင် သတ်ဖြတ်ငွေ့များ ကြီးစိုးနေသည်။ ဘေးပတ်လည်ရှိ ပင်လယ်ရေတို့မှာ သူ့သတ်ဖြတ်ငွေ့ကြောင့် နောက်ပြန်ဆုတ်သွားကြသောကြောင့် လှိုင်းလုံးကြီးများ ဖြစ်လာစေသည်။

အဆင့်နိမ့် ကျင့်ကြံသူများက မြန်မြန် နောက်ဆုတ်ကုန်ကြသည်။

မိုဝူကျိက ဝိညာဉ်မီးတောက်ကို သိပေသည်။ ဤလူက မဟာနတ်ဘုရားဘုရင် ဆယ်ယောက်ထဲမှ ဒုတိယမြောက် ဖြစ်ပြီး ပြောကြသည်ကား လီထန်းနှင့် သူက တွင်းရေနှင့် မြစ်ရေလိုမျိုး ဖြစ်ကြသည်။

( ရေအတူတူပေမဲ့ မရောဘူးဆိုတဲ့ အဓိပ္ပါယ်ပါ )

လီထန်းက အလျှင်စလို ပြောလိုက်သည်

“ ဝိညာဉ်မီးတောက်  …. ဒီနတ်ဘုရားမျှော်စင်ကို ဆောက်လို့ မဖြစ်ဘူး။ တကယ်လို့ ဆောက်ခဲ့ရင် ငါတို့ နတ်ဘုရားကမ္ဘာက အမြစ်ကနေ နှုတ်ခံရပြီးတော့ ကံကြမ္မာကိုလည်း ဆွဲနှုတ်ခံရလိမ့်မယ်။ နတ်ဘုရားကမ္ဘာရဲ့ ကျင့်ကြံသူတွေကို ပုရွက်ဆိတ်တွေလို သဘောထားခံရလိမ့်မယ်။ မင်း ဒါကို လုပ်ရဲလား ”

ဝိညာဉ်မီးတောက်က သရော်ရယ်ကာ

“ လီထန်း … မင်းရဲ့ စကားတွေကို အရူးပဲ ယုံလိမ့်မယ်။ ငါ ဝိညာဉ်မီးတောက်က မင်းကို ကောင်းကောင်းကြီး နားလည်ထားပြီးသား  .. မင်းက နတ်ဘုရားကမ္ဘာကို ဂရုစိုက်ချင်ယောင်ဆောင်နေတဲ့ သူတော်ကောင်း ယောင်ဆောင်ထားတာပဲ …. ဒီနေ့ ငါ ဝိညာဉ်မီးတောက်က မင်းကို ပြောလိုက်မယ်။

ဒီနေ့ကစပြီး မင်း  လီထန်းက မင်းရဲ့ လီထန်းနန်းတော်မှာပဲ နေနေလိုက်။ တကယ်လို့ အပြင်ထွက်လာပြီး နတ်ဘုရားအရိုက်အရာအတွက် ငါနဲ့ လာတိုက်ခိုက်မယ်ဆိုရင် မင်းကို ညှာတာမပေးဘဲ သတ်ပစ်မယ် ”

ဝိညာဉ်မီးတောက်က ပြောလိုက်ရင်း လူအုပ်ဘက် လှည့်လိုက်သည်။ သူက အားလုံး သူ့အား ထောက်ခံပေးဖို့ရာ မျှော်လင့်နေလေ၏။ နတ်ဘုရားဘုရင် အချို့နှင့် သဟဇာတ နတ်ဘုရားတစ်ယောက်မှလွဲ၍ အားလုံးက တွေဝေနေကြသည်။

ထို့အပြင် နတ်ဘုရားနယ်မြေအပေါ် လီထန်း၏ လွှမ်းမိုးမှုမှာ အတော်လေး ကြီးမား၏။ လူတချို့သာ လီထန်းအား  ပွင့်ပွင့်လင်းလင်း ဆန့်ကျင်ရဲကြသည်။

“ ကျုပ် ဟယ်မိုက တာအိုရောင်းရင်း ဝိညာဉ်မီးတောက်ကို ထောက်ပံ့ပေးပါ့မယ်။ တကယ်လို့ ကျုပ်တာအိုကို ဆန့်ကျင်နေတယ်ဆိုရင်တော့ အဲဒါနဲ့ ကျုပ်ကို သတ်တဲ့ကြား ဘာကွာခြားဦးမှာလဲ ”

“ ကျုပ် ဖန်းချီလည်း တာအိုရောင်းရင်း ဝိညာဉ်မီးတောက်ကို ထောက်ပံ့ပေးပါ့မယ်။ ဒီနေရာလာပြီး မောက်မာပြနေရအောင် လီထန်းက ဘယ်သူမလို့လဲ  …. ”

………….…

အသံဆယ်သံကျော်လောက် ဆက်တိုက် ထွက်ပေါ်လာသည်။ ထို့နောက် လူပုံရိပ်များစွာက ဝိညာဉ်မီးတောက်ဘေး ရောက်ရှိလာကြသည်။

လီထန်း မျက်နှာအမူအယာမှာ ပြောင်းလဲသွားလေသည်။ သူက အလျှင်စလို ဆူပူလိုက်တော့၏   “ ဝိညာဉ်မီးတောက်  … မင်းက လူသားမျိုးနွယ် ကျင့်ကြံသူ ဖြစ်နေရက်နဲ့ နတ်ဘုရားကမ္ဘာဆီ ကပ်ဘေး ယူဆောင်လာဖို့ နတ်ဘုရားမျိုးနွယ်နဲ့ အဖွဲ့ဖွဲ့ရဲတယ်ပေါ့လေ ”

ဘေးရှိ မော့ဟိုင်က မိုဝူကျိအား ပြောလိုက်သည်  “ ဂိုဏ်းချုပ်မို  … သူတို့အားလုံးက နတ်ဘုရားမျိုးနွယ်ဝင်တွေလေ ”

မိုဝူကျိက ခေါင်းညိတ်ပြလိုက်သည်။ သူက မြင်ဖူးပြီးသား ဖြစ်၏။ ရောက်ရှိလာသည့် လူများအနက် သဟဇာတ နတ်ဘုရားငါးယောက်နှင့် နတ်ဘုရားဘုရင် ဆယ်ယောက်ကျော် ရှိပေသည်။

ဟယ်မိုက ရယ်မောကာ လီထန်းအား လက်ညိုးထိုးလိုက်ပြီး

“ တာအိုရောင်းရင်း လီထန်း  … ခင်ဗျားရဲ့ စကားတွေက ကိုယ့်ပါးကို ပြန်ရိုက်နေတာနဲ့ မတူဘူးလား။ အရင်နှစ်တွေတုန်းက ကျုပ်က နတ်ဘုရားမျိုးနွယ်ကို ကိုယ်စားပြုပြီးတော့ နတ်ဘုရားနယ်မြေဆီ လာတွေ့ခဲ့တယ်။ ခင်ဗျားကိုယ်တိုင်ပဲ ကြိုဆိုခဲ့ပြီးတော့ ကျုပ်တို့ တောင်းဆိုချက်ကို သဘောတူခဲ့တာ မဟုတ်ဘူးလား။ ပြီးတော့ ခင်ဗျားက နတ်ဘုရားမျိုးနွယ်နဲ့ နတ်ဘုရားနယ်မြေ မရှိတော့ဘူး။

ကျုပ်တို့ အားလုံး နတ်ဘုရားကမ္ဘာက ကျင့်ကြံဿူတွေပဲ ဆိုပြီး ပြောခဲ့သေးတယ်လေ။ ဒီနေ့တော့ ခင်ဗျားက  မျိုးနွယ်စု ကိစ္စကို အစပြန်ဖော်လိုက်တာက ကိုယ့်ပါးကို ပြန်ချလိုက်တာနဲ့ မတူဘူးလား ”

လီထန်း မျက်နှာက ဒေါသဖြင့် နီတွတ်လာသော်လည်း ဆက်လက် မငြင်းဆန်တော့ပေ။ အကြောင်းမှာ ဟယ်မို စကားများက အမှန်ဖြစ်နေ၍ ဖြစ်သည်။ ယခင်နှစ်များက သူသည် ဟယ်မို၏ တောင်းဆိုချက်ကို လိုလိုလားလား သဘောတူပေးခဲ့သည်။

မိုဝူကျိက စိတ်မရှည်စွာ ပြောလိုက်သည်  “ အစ်ကို ခွန်းယွင် ဦးဆောင်လိုက်ပြီး အဲဒီ ငတိတွေကို ရှင်းပစ်လိုက်တော့  …. သူတို့ပါးစပ်ကနေ လျှောက်ပြောခိုင်းမနေနဲ့တော့။ ကျုပ်မှာ အချိန်သိပ်မရဘူး ”

မိုဝူကျိက ခွန်းယွင် မည်မျှ အားကောင်းကြောင်း အမှန်တကယ် မြင်တွေ့လိုလှသည်။

ခွန်းယွင်က နေရခက်စွာ ပြန်ဖြေလိုက်၏  “ ငါ အများဆုံး နှစ်ယောက်၊ သုံးယောက်လောက်ပဲ ရှင်းနိုင်လိမ့်မယ်၊ သဟဇာတ နတ်ဘုရား အများကြီးကျ ငါလည်း မတတ်နိုင်ဘူး ”

မိုဝူကျိက ခွန်းယွင်အား မယုံကြည်နိုင်စွာ ကြည့်လိုက်သည်။ အချိန်များစွာ ကြာပြီးနောက် သူက ပြောလိုက်တော့သည်  “ အစ်ကိုကြီး ခွန်းယွင်  … ခင်ဗျား ဒီနှစ်တွေမှာ ဘာလုပ်နေတာတုန်း ”

ခွန်းယွင်က သူ့နောက်ကျောရှိ အိုးကြီးကို ကြည့်ကာ မိုဝူကျိဆီ စိတ်ဖြင့် ဆက်သွယ်ကာ ပြောလိုက်၏  “ ညီအစ်ကို  ဝူကျိ … ဒီနှစ်တွေမှာ ငါက ဘာမှမကျင့်ကြံခဲ့ရဘူးလေ။ ဒီအိုးအပေါ်မှာပဲ အာရုံစိုက်ထားရတာ ”

မိုဝူကျိက ရုတ်တရက် နားလည်သွားလေသည်။ ဤခွန်းယွင်က ပြန်ပေးဖို့ရာ ရည်ရွယ်ချက် မရှိဘဲ ဌားယူထားခြင်း ဖြစ်၏။ သူက ခွန်းယွင်အား မကျေမနပ် ကြည့်လိုက်ကာ   “ ခွန်းယွင် … ခင်ဗျားရဲ့ ဒီလိုအကျင့်မျိုးနဲ့ ကျုပ်ဆီက ဘာမှလာမဌားနဲ့နော်။ မဟုတ်ရင် ခင်ဗျားကို သေတဲ့အထိ ရိုက်ပစ်မှာ ”

လီထန်းတို့က မိုဝူကျိအား လှည့်ကြည့်လိုက်ကြသည်။ အားလုံးက စကားပြောနေကြခြင်းကိုပဲ မကြည့်သင့်ပေ။ အကယ်၍ အားလုံးက တိုက်ခိုက်ကြလျှင် ကိစ္စများက ပြင်းထန်သော ပေါက်ကွဲမှုကြီး ဖြစ်လာစေနိုင်သည်။ အကယ်၍ သူတို့ဖက်သာ အရေးနိမ့်သွားခဲ့လျှင် ဘေးပတ်လည်ရှိ ကျင့်ကြံသူတို့က ဝိညာဉ်မီးတောက်အဖွဲ့ဆီ အလိုလို ရောက်ရှိသွားကြမည် ဖြစ်ပေသည်။

မိုဝူကျိက ရှေ့တိုးလာကာ

“ အားလုံး စိတ်အေးအေးထားကြပါ။ ကျုပ် သိသလောက်ပြောရရင် တာအိုရောင်းရင်း လီထန်းရဲ့ စကားက အမှန်တွေပါ။ နတ်ဘုရားမျှော်စင်ကို သေချာပေါက် ဆောက်လုပ်လို့ မဖြစ်ပါဘူး။ တကယ်လို့ ဆောက်လုပ်ခဲ့ရင် နတ်ဘုရားကမ္ဘာအတွက် ကပ်ဘေးကြီး ဖြစ်လာစေလိမ့်မယ် ”

မိုဝူကျိက အရည်အချင်းရှိသည့် စကားပြောသူဟု မယုံပေ။ ထို့ကြောင့် သူက ပြောနေရင်း သူ့စိတ်ဝိညာဉ် သိုလှောင်ရေး လမ်းကြောင်းမှတဆင့် အာကာပြင် သင်္ကေတများကို ရေးထွင်းထားလိုက်သည်။

“မင်းက ဘယ်သူလဲ … ဒီနေရာလာပြီး အရှက်မရှိ မျက်နှာလာပြောင်ရဲတယ်လား ” ဝိညာဉ်မီးတောက်က အလျှင်စလို အော်ပြောလိုက်သည်။ အကယ်၍ လီထန်းအပေါ်  စိုးရိမ်နေမှုကြောင့်သာ မဟုတ်လျှင် သူက မိုဝူကျိအား ရိုက်လွှတ်ပြီးလောက်လေပြီ။

“ ကျုပ်က မျက်နှာပြောင်တယ်။ ဘာဖြစ်လဲ .. လာကိုက်လေ  ” မိုဝူကျိက ရယ်မောလိုက်ရင်း  လက်တစ်ဖက် မြှောက်လိုက်သည်နှင့်  လခြမ်းကွေး ပုဆိန်လှံရှည်က သူ့လက်ထဲ ရောက်ရှိလာသည်။

“ လူသား မိုဝူကျိလား ” ထိုပုဆိန်လှံရှည်အား ကြည့်ကာ ဝိညာဉ်မီးတောက်၏ အမူအယာက ပြောင်းလဲသွားလေ၏။ နောက်ဆုံးတော့ သူက မိုဝူကျိကို သတိပြုမိခဲ့လေပြီ။

***

All Chapters