← Chapters

ဧကရာဇ်၏ တောင်းဆိုချက်

Vol. 85 Ch. 1174

ဧကရာဇ်၏ တောင်းဆိုချက်

Vol. 85 Ch. 1174

“အဖေ... အဖေက တကယ် သွားချင်တာလား”

နတ်ဘုရားအသံလှိုင်းတောင်ကြားထဲတွင် ချန်မျိုးနွယ်၏ မိသားစုခေါင်းဆောင်က အသံလှိုင်းဧကရာဇ်ကို ပြောလိုက်သည်။ သူ၏ မျက်နှာထားက လေးနက်မှု၊ ကူကယ်ရာမဲ့မှုတို့နှင့် ပြည့်နှက်နေသည်။ ချန်မျိုးနွယ်မှ အကြီးအကဲများနှင့် ချန်မျိုးနွယ်သခင်လေးတို့က ဘေးတွင် ရပ်ကာ အသံလှိုင်းဧကရာဇ်၏ အဖြေကို တိတ်တဆိတ် စောင့်နေကြသည်။ တိုက်ပွဲဧကရာဇ်၊ မြောက်ဘက်ဧကရာဇ်နှင့် အခြားဧကရာဇ်များက အသံလှိုင်းတောင်ကြားဆီသို့ တမတန်တော်များ စေလွှတ်၍ အသံလှိုင်းဧကရာဇ်ကို စစ်ပွဲတွင် ပါဝင်ရန် ဖိတ်ခေါ်ခဲ့ကြသည်။ အသံလှိုင်းဧကရာဇ်၏ နတ်ဘုရားအသံ ကောင်းကင်အတတ်က ဧကရာဇ်များ၏ ပြိုင်ဘက်ကင်းအတတ်များထဲမှ တစ်ခုဖြစ်သည်။ အသံလှိုင်းဧကရာဇ်က တပ်သားတစ်သိန်းနှင့် ယှဉ်နိုင်သည်။

“ငါ သွားလို့ မရဘူးလား”

အသံလှိုင်းဧကရာဇ်သည် မျက်လုံးမှိတ်၍ သူ၏ရှေးဟောင်းဗျပ်စောင်းပေါ်သို့ လက်နှစ်ဘက်တင်လိုက်၏။ ထို့နောက် သက်ပြင်းရှည်ကြီးချကာ ပြောလိုက်သည်။

“ငါ စစ်ထွက်လို့ ရတယ်... ဒါပေမဲ့ အပြစ်သားကျွန်းက စွမ်းအားကြီး သိုင်းပညာရှင်တွေကို တိုက်ခိုက်ဖို့ပဲ ကူညီပေးမှာပါ။ အဆုံးမဲ့ပင်လယ်နက်ကို ရောက်တာနဲ့ ငါ တိတ်တိတ်ကလေး ထွက်သွားမယ်”

“အဘိုးက ဘယ်ကို သွားမှာလဲ”

ချန်မျိုးနွယ်သခင်လေးက စိတ်ဝင်တစား မေးလိုက်သည်။

“နှင်းဒေသ”

အသံလှိုင်းဧကရာဇ်က မြောက်ဘက်သို့ ညွှန်ပြကာ ပြောလိုက်သည်။

“ငါတင်မဟုတ်ဘူး... ငါ သွားတာနဲ့ မင်းတို့တွေ ချန်မျိုးနွယ်ဝင်အကုန်လုံးကို နှင်းဒေသဆီ ရွှေ့‌ပြောင်းပေးရမယ်။ မင်းတို့နဲ့အတူ ထန်ရွှယ်နဲ့ ထန်ယန်တို့ကိုလည်း ခေါ်သွားပါ။ မင်းတို့အကုန်လုံး ဒီနေရာက ထွက်သွားပြီးမှ ငါလည်း စစ်ပွဲကနေ ထွက်သွားနိုင်မှာပါ”

“အာ...”

ချန်မျိုးနွယ်သခင်လေးသည် အံ့အားသင့်သွားပြီး တုန်လှုပ်စွာဖြင့် ပြောလိုက်၏။

“အဘိုး... ဘာလို့ ကျွန်‌တော်တို့က အ‌ရှေ့ဘက် တော်ဝင်နယ်မြေကနေ ထွက်သွားရမှာလဲ။ ဒီစစ်ပွဲမှာ လူသားမျိုးနွယ်က ရှုံးမှာလား။ မျိုးနွယ်တွေအကုန်လုံးက စစ်ထွက်ကျမှာမလား။ ကောင်းကင်တမလွန်ဂိုဏ်းကတောင် နဂါးကိုးကောင် နတ်ဘုရားသုတ်သင်အစီအရင်ကို ဖျက်ဆီးနိုင်မယ့် နည်းလမ်းတွေ ရှာပေးမယ်လို့ ပြောထားတယ်မလား။ အဲ့လိုဆို မိစ္ဆာတွေ သေချာပေါက် ရှုံးသွားမှာ မဟုတ်ဘူးလား”

“ဟင်းဟင်း...”

အသံလှိုင်းဧကရာဇ်က ခါးသက်သက် ရယ်ကာ ခေါင်းခါလိုက်သည်။

“အခုအထိ ငါ မသေချာမသိတဲ့ ကိစ္စတွေ ရှိနေသေးတယ်... ဒါပေမဲ့ နောက်ကွယ်မှာ ကိစ္စတချို့ ဖြစ်နေရမယ်လို့တော့ ငါ ခန့်မှန်းမိတယ်။ ဒီကိစ္စတွေက ထင်ရသလောက် မရိုးရှင်းဘူး။ မေးခွန်းတွေ အများကြီး မမေးပါနဲ့။ မင်းတို့ မကြာခင် သိရမှာပါ။ ငါတို့ နှင်းဒေသကို မရွှေ့ပြောင်းဘူးဆိုရင် ချန်မျိုးနွယ်က သေချာပေါက် ပျက်သုဉ်းသွားလိမ့်မယ်။ အဲ့ဒါက အမိန့်ပဲ”

“ဟုတ်ကဲ့ပါ”

ချန်မျိုးနွယ်မှ အကြီးအကဲများနှင့် မိသားစုခေါင်းဆောင်က တလေးတစား ပြန်ပြောလိုက်ကြသည်။ ချန်သခင်လေးသည် မေးခွန်းများ မေးလိုသေးသော်လည်း မျိုသိပ်ထားလိုက်ရသည်။ ခေတ္တကြာမှ သူ ထပ်ပြောလိုက်သည်။

“အဘိုး... ကျွန်တော်တို့ တကယ်ပဲ ကျန်းရီကို လျစ်လျူရှုထားတော့မှာလား”

“ငါတို့က သူ့ကို လျစ်လျူရှုထားတာ မဟုတ်ဘူး... အရေးမစိုက်နိုင်သေးတာပဲ”

အသံလှိုင်းဧကရာဇ်က လက်ဝှေ့ယမ်းကာ အခြားသူများအားလုံးကို အခန်းအပြင်သို့ ထွက်သွားစေလိုက်သည်။ ထို့နောက် သူ လေသံလေးလေးဖြင့် ပြောလိုက်သည်။

“မစိုးရိမ်ပါနဲ့... ဆန်းကြယ်ဧကရာဇ်ရဲ့ ဆက်ခံသူက အဲ့လောက်လွယ်လွယ် သေမှာ မဟုတ်ပါဘူး။ အဲ့ လောကဖျက်ဆီး ကောင်းကင်မိုးကြိုးအစီအရင်က ကြောက်စရာကောင်းပေမယ့် အဲ့ကောင်စုတ်လေးကို တားနိုင်မှာ မဟုတ်ပါဘူး။ နဂါးအစစ်တစ်ကောင်က အနှေးနဲ့အမြန်ဆိုသလို ကောင်းကင်ကိုးဘုံထက်ကို တက်နိုင်မှာပဲ”

***

အပြစ်သားကျွန်း...

အရှေ့ဘက် တော်ဝင်နယ်မြေက စစ်ခင်းရန် ပြင်ဆင်နေပြီဆိုသော သတင်းကို ကြားလိုက်ရသည်နှင့် ကျွန်းဆွယ်ကိုးခုနှင့် ရှန်းစီကျွန်းတို့ အုတ်အော်သောင်းနင်း ဖြစ်သွားသည်။ မျိုးနွယ်(၁၃)ခုက ရှန်းစီမြို့တွင် စုဝေးလိုက်ပြီး ဗျူဟာများ ဆွေးနွေးလိုက်ကြသည်။ ချမ်ဝမ်ကွမ်းနှင့် အခြားသူများလည်း ပြန်ရောက်နေပြီဖြစ်သည်။ စစ်ထူအောင်းက စစ်ထူမျိုးနွယ်၏ ဟင်းလင်းပြင်ရွှေ့ပြောင်းအတတ်ကို သုံးကာ သူတို့ကို အပြစ်သားကျွန်းသို့ ပြန်ခေါ်ခဲ့ခြင်းဖြစ်သည်။

ချမ်ဝမ်ကွမ်းတို့က ကျန်းရီ အဖမ်းခံထားရသည်ဆိုသော သတင်းကို သယ်ဆောင်လာ၍ မျိုးနွယ်(၁၃)ခု ပို၍ တုန်လှုပ်သွားကြသည်။ ထို့ပြင် လူသန်းထောင်ချီ သေဆုံးသွားရခြင်း၏ နောက်ကွယ်မှ ကြိုးကိုင်သူက အောင်းလုဖြစ်ကြောင်း အရှေ့ဘက် တော်ဝင်နယ်မြေမှ သိခဲ့ရသည်။ ထို့ကြောင့် လဲ့ပန်းရှန်းနှင့် အခြားမျိုးနွယ်အကြီးအကဲများ တုန်လှုပ်သွားကြသည်။

အကယ်၍ ကြိုးကိုင်သူမှာ အမှန်ပင် အောင်းလုဆိုလျှင် အပြစ်သားကျွန်းက မည်သို့ ဖြစ်သွားမည်ကို မည်သူမှ မသိနိုင်ပေ။ အပြစ်သားကျွန်းက အဆုံးမဲ့ပင်လယ်နက်နှင့် အရှေ့ဘက် တော်ဝင်နယ်မြေကြားတွင် ရှိနေသည် မဟုတ်ပါလား။ ထို့ကြောင့် မျိုးနွယ်(၁၃)ခုသည် သုံးရက်ကြာ လျှို့ဝှက်အစည်းအဝေးထိုင်၍ မည်သို့ဆက်လုပ်ရမည်ကို ဆွေးနွေးဆုံးဖြတ်ကြသည်။

ပထမဆုံးအနေဖြင့် မျိုးနွယ်များ၏ မျိုးဆက်မပြတ်စေရန် ငယ်ရွယ်သော မျိုးနွယ်ဝင်များကို နေရာရွှေ့ပြောင်းရမည်ဖြစ်သည်။ စစ်ထူရီရှောင်၊ ဟွမ်ဖူထောင်ထျန်းနှင့် အခြားမျိုးဆက်သစ်အားလုံး နေရာရွှေ့‌ပြောင်းရပေမည်။ သက်ကြီးရွယ်အိုများ၊ မသန်စွမ်းများ၊ မုဆိုးမများနှင့် မိဘမဲ့များက နှင်းဒေသသို့ ရွှေ့ပြောင်းရမည်။ နှင်းဒေသတွင် သူတို့နှင့် ပဋိပက္ခဖြစ်မည့်သူ မရှိလောက်ပေ။

နှင်းဒေသတွင် သူတော်စင်ဧကရီ ရှိသည်။ ထို့ပြင် ထိပ်တန်းလျှို့ဝှက်ဂိုဏ်းဆယ်ဂိုဏ်းလည်းရှိသည်။ အ‌ရှေ့ဘက် တော်ဝင်နယ်မြေမှ လူများနှင့် မိစ္ဆာများက ထိုဒေသကို သိမ်းပိုက်ကြမည် မဟုတ်ချေ။ ထိုဒေသက အမှန်ပင် လောကအဆုံးဖြစ်ပြီး လောကထဲတွင် ဖြစ်နေသော ကိစ္စများနှင့် ပတ်သတ်မှု မရှိပေ။

သို့သော် ဥအားလုံးကို တစ်ခြင်းထဲတွင် ထည့်၍မရချေ။ မျိုးနွယ်ကြီးများ၏ လုပ်ထုံးလုပ်ရိုးက ထိုသို့ မဟုတ်ပေ။ မျိုးနွယ်(၁၃)ခုသည် သူတို့၏ အခြား မျိုးနွယ်ဝင်များ၊ ရတနာများနှင့် အရင်းအမြစ်များကို အဆုံးမဲ့ပင်လယ်နက်၏ အ‌ရှ့ဘက်ရှိ လျှို့ဝှက်နယ်မြေတစ်ခုသို့ ပို့မည်ဖြစ်သည်။

ဒုတိယအနေဖြင့် ချမ်ဝမ်ကွမ်းနှင့် ကျန်ဝူရွှမ်းတို့က အဆုံးမဲ့ပင်လယ်နက်သို့သွား၍ အောင်းလုနှင့် လျှို့ဝှက်တွေ့ဆုံမည်ဖြစ်သည်။ ကျန်းရီက အောင်းလုနှင့် ရင်းနှီးသည်။ ထို့ကြောင့် ချမ်ဝမ်ကွမ်းနှင့် ကျန်ဝူရွှမ်းတို့က အောင်းလုနှင့် သွားတွေ့ရန် အသင့်တော်ဆုံး ကိုယ်စားလှယ်များဖြစ်နေသည်။ အကယ်၍ အောင်းလုက အမှန်တကယ် ကြိုးကိုင်သူဖြစ်နေလျှင်ပင် ကျန်းရီ၏ မိတ်ဆွေများဖြစ်သော ချမ်ဝမ်ကွမ်းနှင့် ကျန်ဝူရွှမ်းတို့ကို အန္တရာယ်ပြုလောက်မည် မဟုတ်ပေ။ ကျန်းရီက ချမ်ချမ်ကို ကယ်ခဲ့သည် မဟုတ်ပါလား။ အောင်းလုက ချမ်ဝမ်ကွမ်းတို့ကို အန္တရာယ်ပြုမည်ဆိုလျှင်ပင် ချမ်ချမ်က သေချာပေါက် ဝင်ကာပေးပေလိမ့်မည်။ သို့သော် ချမ်ဝမ်ကွမ်းတို့နှင့်အတူ အခြားသူများ ပါသွားလျှင်မူ တစ်အုပ်စုလုံး အသက်ရှင်လျက် ပြန်လာနိုင်လောက်တော့မည် မဟုတ်ပေ။

ထိုအကြံကို ပေးခဲ့သူမှာ လဲ့ထင်ဝေဖြစ်သည်။ သူ၏ ရည်ရွယ်ချက်က ထင်ရှားသည်။ စစ်ထူအောင်းက ထိုအကြံကို ဆန့်ကျင်ခဲ့သေးသည်။ သို့သော် ကျန်ဝူရွှမ်းက ကျန်မျိုးနွယ်မှ လူတစ်ယောက်ဖြစ်နေပြီး ချမ်ဝမ်ကွမ်းကလည်း အဆုံးမဲ့ပင်လယ်နက်သို့သွားကာ အောင်းလုအား ကျန်းရီကို ကယ်ပေးရန် တောင်းဆိုလိုနေသဖြင့် ထိုအကြံအတိုင်း လုပ်ဆောင်ဖြစ်သွားသည်။

တတိယမှာ ကျန်လူအားလုံးက အပြစ်သားကျွန်းတွင် နေခဲ့၍ စစ်ပွဲအတွက် ပြင်ဆင်ရန်ဖြစ်သည်။ သူတို့သည် တောင်ပေါ်ဓားပြများအားလုံးကိုလည်း စစ်ပွဲအတွက် ပြင်ဆင်ရန် ပြောရမည်ဖြစ်သည်။ မျိုးနွယ်(၁၃)ခုက အပြစ်သားကျွန်း၏ အုတ်မြစ်ဖြစ်သည်။ သူတို့မရှိလျှင် အပြစ်သားကျွန်းလည်း ပျက်သုဉ်းသွားပေလိမ့်မည်။ ဓားပြများက အပြစ်သားကျွန်းမှ ထွက်ပြေးမည်ဆိုလျှင်လည်း အသတ်ခံရမည်သာ။ ထို့ပြင် သူတို့၏ မျိုးဆက်များက အပြစ်သားကျွန်းတွင် ရှိနေသည်ဖြစ်ရာ မည်သူမှ ထွက်မပြေးလိုကြပေ။ ထို့ကြောင့် သူတို့အားလုံးသည် ရှန်းစီမျိုးနွယ်စုနှင့်အတူ ရပ်တည်လိုနေပေသည်။

ချမ်ဝမ်ကွမ်းနှင့် ကျန်ဝူရွှမ်းတို့က နောက်တစ်ရက်တွင် ထွက်သွားကြသည်။ ယွင်ဖေး၊ စစ်ထူရီရှောင်နှင့် အခြားသူများမှာမူ နှင်းဒေသသို့ သွားသော အဖွဲ့နှင့်အတူ လိုက်သွားသည်။ ချမ်ဝမ်ကွမ်းနှင့် ကျန်ဝူရွှမ်တို့ကမူ မည်သည့်ကိုယ်ရံတော်မှ မခေါ်ဘဲ ကောင်းကင်ကံကြမ္မာသင်္ဘောကို စီး၍ အောင်းလုနှင့်တွေ့ဆုံရန် အဆုံးမဲ့ပင်လယ်နက်သို့ သွားလိုက်သည်။ ထိုကိစ္စများနောက်ကွယ်မှ ကြိုးကိုင်သူက အမှန်ပင် အောင်းလုဖြစ်နေလျှင် သူတို့သည် အဆုံးမဲ့ပင်လယ်နက်တွင် အသက်စွန့်ရန် ဆုံးဖြတ်ထားပြီးဖြစ်သည်။ ထိုသေဆုံးခြင်းကို အဆုံးမဲ့ပင်လယ်နက်တွင် အထီးကျန်နေသော ကျန်းရှောင်နူအား အဖော်ပြုပေးခြင်းဟုသာ သူတို့ မှတ်ယူပေမည်။

စစ်ထူရီရှောင်၊ ယွင်ဖေး၊ ဟွမ်ဖူထောင်ထျန်းနှင့် အခြားသူများကလည်း တိတ်တဆိတ် ထွက်ခွာသွားကြသည်။ ဟွမ်ဖူထောင်ထျန်းက တစ်ဖွဲ့လုံး၏ ခေါင်းဆောင်ဖြစ်သည်။ သူက မျိုးနွယ်(၁၃)ခုစလုံးမှ မျိုးဆက်သစ်များ၏ လုံခြုံရေးကို တာဝန်ယူထားရသည်။ မျိုးနွယ်(၁၃)ခုက သူတို့နှင့်အတူ မည်သည့် နတ်ဘုရားတစ်ပိုင်းမှ ထည့်မပေးလိုက်ပေ။ သူတို့ နှင်းဒေသတွင် ရှင်သန်နိုင်မည်၊ မနိုင်မည်က ဟွမ်ဖူထောင်ထျန်းနှင့် စစ်ထူရီရှောင်တို့ပေါ်တွင်သာ မူတည်နေသည်။ သူတော်စင်ဧကရီက ကျန်းရီ၏ မျက်နှာကြောင့် သူတို့ကို စောင့်ရှောက်ပေးလိမ့်မည်ဟုတော့ သူတို့ မျှော်လင့်ထားကြသည်။ သို့သော် သူတို့သည် ကျန်းရီက တိုက်ခိုက်ခဲ့ဖူးသော မျိုးနွယ်ဆယ်ခုကိုမူ ကြောက်နေကြပေသည်။

အပြစ်သားကျွန်းတွင် ကျန်ခဲ့သူများက စစ်ပွဲအတွက် စတင် ပြင်ဆင်ကြသည်။ မျိုးနွယ်(၁၃)ခုမှ သိုင်းသမားများသည် ရှန်းစီပင်လယ်ရှိ ကျွန်းကိုးကျွန်းကို စတင် ကင်းလှည့်လိုက်ကြသည်။ အရှေ့ဘက် တော်ဝင်နယ်မြေနှင့် စစ်မတိုက်လိုသူများ၊ စစ်တပ်ထဲ မဝင်လိုသူများက အသတ်ခံရသည်။ အရှေ့ဘက် တော်ဝင်နယ်မြေမှ သူလျှိုများကလည်း အသတ်ခံလိုက်ရသည်။

မကြာခင်တွင် စစ်ဖြစ်တော့ပေမည်။ မိမိတို့၏ စစ်တပ်က အင်အားမကြီးလျှင် သေချာပေါက် ရှုံးနိမ့်သွားမည်ဖြစ်သည်။

အချိန်တိုအတွင်းမှာပင် အရှေ့ဘက် တော်ဝင်နယ်မြေနှင့် အပြစ်သားကျွန်းတို့က စစ်ပွဲအတွက် ပြင်ဆင်လိုက်ကြသည်။ ထိုရက်ပိုင်းအတွင်း ရာသီဥတုကလည်း နှစ်ဘက်စလုံး၏ အငွေ့အသက်နှင့် ကိုက်ညီနေသည်။ ကောင်းကင်က မည်းမှောင်နေပြီး တိမ်များက နေကို ကာထားကြရာ မုန်တိုင်းကြီးတစ်ခု ဖြစ်ပေါ်လာတော့မည်ဟုပင် ထင်ရပေသည်။

***

ဝှစ်...

ရှန်းစီမျိုးနွယ်စု၏ အရှေ့ဘက်တွင် ထိပ်တန်းအဆင့် ကောင်းကင်ကံကြမ္မာသင်္ဘောတစ်စီး ပျံသန်းနေသည်။ ချမ်ဝမ်ကွမ်းက ချမ်းသာသည်။ ထို့ကြောင့် သူ၏ ကောင်းကင်ကံကြမ္မာသင်္ဘောက အကောင်းတကာ့ အကောင်းဆုံး ဖြစ်သည်။ သို့သော် သင်္ဘောပေါ်တွင်မူ အစောင့်အနည်းငယ်နှင့် သင်္ဘောမောင်းရန် တာဝန်ယူရသူ အနည်းငယ်သာ ရှိပြီး အစေခံမလေးများ တစ်ယောက်ပင် ရှိမနေပေ။

ကောင်းကင်ကံကြမ္မာသင်္ဘောက အလွန်လျင်မြန်စွာ ပျံသန်းနေသည်။ နှစ်ရက်အတွင်းမှာပင် ချမ်ဝမ်ကွမ်းတို့ ရှန်းစီမျိုးနွယ်စု၏ အရှေ့ဘက်သို့ ရောက်သွားသည်။ မကြာခင်တွင် သူတို့ အဆုံးမဲ့ပင်လယ်နက်သို့ ရောက်တော့မည်ဖြစ်သည်။ ထို့ကြောင့် သူတို့ ကုန်းပတ်ပေါ်သို့တက်ကာ ပင်လယ်ပြင်ကြီးကို ကြည့်လိုက်ကြသည်။ သူတို့၏ အကြည့်များက ခိုင်မာပြတ်သားနေသည်။

ကျန်းရီက သူတို့၏ ညီနောင်ဖြစ်သည်။ ကျန်းရီကို ကယ်နိုင်ရန်အတွက် သူတို့ အစွမ်းကုန်ကြိုးစားမည်သာ။ ယခုတွင် ကျန်းရီကို ကယ်နိုင်သော တစ်ယောက်တည်းသူမှာ အောင်းလုဖြစ်နေသည်။ ထို့ကြောင့် သူတို့သည် မည်သည့်အန္တရာယ်နှင့် ရင်ဆိုင်ရပါစေ အဆုံးမဲ့ပင်လယ်နက်သို့ အရောက်သွားမည်ဖြစ်သည်။

ဝှစ်...ဝှစ်...

ကောင်းကင်ကံကြမ္မာသင်္ဘောက ရှန်းစီမျိုးနွယ်စုမှထွက်ကာ အဆုံးမဲ့ပင်လယ်နက်ထဲသို့ ဝင်ရောက်သွားသည်။ နယ်စပ်မှ မိစ္ဆာများက အင်အားမကြီးပေ။ သူတို့ ကီလိုမီတာတစ်ထောင် ဆက်သွားပြီးမှ အင်အားကြီး မိစ္ဆာများနှင့် ကြုံတွေ့ရနိုင်သည်။  မိစ္ဆာအရှင်များနှင့်လည်း တွေ့ရလောက်သည်။

မျှော်လင့်ထားသကဲ့သို့ပင်...

မိနစ်အနည်းငယ် ကြာပြီးနောက် အဆုံးမဲ့ပင်လယ်နက်ထဲတွင် ဧရာမလှိုင်းလုံးကြီးများ ထလာသည်။ လှိုင်းလုံးကြီးတစ်လုံးထဲမှနေ၍ ပင်လယ်မြွေကြီးတစ်‌ကောင် ခုန်ထွက်လာ၏။ ထိုမြွေကြီးက လေထဲတွင် လူသားအသွင် ပြောင်းလဲသွားသည်။ သူသည် ကောင်းကင်ကံကြမ္မာသင်္ဘောကို အေးစက်စက် စိုက်ကြည့်ကာ အော်ပြောလိုက်သည်။

“အဲ့မှာ ရပ်လိုက်။ ဒါက အဆုံးမဲ့ပင်လယ်နက်ပဲ။ ကျုပ်တို့က လူသားတွေကို မကြိုဆိုဘူး”

ဝုန်း...ဝုန်း...ဝုန်း...

ပတ်ပတ်လည်တွင် လှိုင်းလုံးကြီးများ ထပ်မံ ထလာသည်။ ထိုလှိုင်းလုံးများထဲမှနေ၍ ပင်လယ်မိစ္ဆာများ ထွက်လာကြသည်။ ၎င်းတို့သည် ခက်ထန်သော မျက်နှာထားများဖြင့် ကျန်ဝူရွှမ်းနှင့် ချမ်ဝမ်ကွမ်းတို့ကို စိုက်ကြည့်နေကြသည်။ သင်္ဘောသာ ရှေ့ဆက်တိုးလျှင် ၎င်းတို့က တိုက်ခိုက်တော့မည့်ပုံပင်။

ကျန်ဝူရွှမ်း၏ လက်ထဲ၌ လှံရှည်တစ်ချောင်း ထွက်ပေါ်လာ၏။ သူ့ကိုယ်ပေါ်တွင်လည်း အစိမ်းရောင်စစ်ချပ်ဝတ်တစ်ခု ထွက်ပေါ်လာသည်။ သူ၏ပုံစံက သတ်ဖြတ်နတ်ဘုရားတစ်ပါးနှင့် တူနေပေသည်။ ချမ်ဝမ်ကွမ်းက အရှေ့သို့ ခြေနှစ်လှမ်းတိုးလိုက်ပြီး လက်ဆုပ်ကာ ပြောလိုက်သည်။

“ကျုပ်တို့က ကျန်းရီရဲ့ ညီနောင်တွေပါ။ ဒီတစ်ခေါက် ကျုပ်တို့က အရှင်အောင်းလုကို...”

“မင်းတို့ သွားကြတော့”

ချမ်ဝမ်ကွမ်း၏ စကား မဆုံးသေးခင်မှာပင် ပင်လယ်ထဲမှနေ၍ အသံတစ်သံ ထွက်လာသည်။ ပင်လယ်က ထက်ခြမ်းကွဲသွားပြီး အနက်ရောင်ချပ်ဝတ် ဝတ်ဆင်ထားသည့် အေးစက်စက် လူတစ်ယောက်က ရေထဲမှ ပျံထွက်လာသည်။ သူက လက်ဝှေ့ယမ်းကာ ပြောလိုက်သည်။

“လူသားတွေ... ဧကရာဇ်က မင်းတို့ကို တွေ့ချင်နေတယ်”

“အရှင်အနက်ရောင်နတ်ဘုရား”

ချမ်ဝမ်ကွမ်းနှင့် ကျန်ဝူရွှမ်းတို့က ရုတ်ခြည်း ပြုံးသွား၏။ အနက်ရောင်နတ်ဘုရားကိုယ်တိုင် သူတို့ကို လာခေါ်နေပေပြီ။ ယင်းမှာ ဖော်ရွေခြင်းလော သို့မဟုတ် ထောင်ချောက်လော။

“သွားမယ်”

မည်သို့ပင်ဖြစ်စေ ချမ်ဝမ်းကွမ်းနှင့် ကျန်ဝူရွှမ်းတို့က အောင်းလုနှင့် တွေ့ရပေမည်။ သူတို့နှစ်ယောက်သည် ကောင်းကင်ကံကြမ္မာသင်္ဘောကို အနက်ရောင်နတ်ဘုရားနောက်သို့ လိုက်သွားစေလိုက်သည်။ အနက်ရောင်နတ်ဘုရားက သူတို့ကို ပင်လယ်ထဲသို့ ခေါ်သွားသည်။ မကြာခင်မှာပင် သင်္ဘောက ရေထဲဝင်ရောက် ပျောက်ကွယ်သွားလေတော့သည်။

***

All Chapters