← Chapters

အားသုံး၍ အစီအရင်ကို ဖျက်ခြင်း

Vol. 85 Ch. 1175

အားသုံး၍ အစီအရင်ကို ဖျက်ခြင်း

Vol. 85 Ch. 1175

တစ်လပင် ရှိခဲ့ပေပြီ။

ကျန်းရီက တစ်လလုံးလုံး ပိတ်မိနေခဲ့သည်။ သူသည် ဆန်းကြယ်နတ်ဘုရားနန်းတော်ထဲတွင် အကြံများစွာ ထုတ်ခဲ့သည်။ သို့သော် မအောင်မြင်ခဲ့ပေ။ ယမန်နေ့ကမှ နည်းလမ်းမဟုတ်သော နည်းလမ်းတစ်ခုကို သူ စဉ်းစားမိခဲ့သည်။

ထိုနည်းလမ်းမှာ အားသုံး၍ အစီအရင်ကို ဖျက်ရန် ဖြစ်သည်။

ကျန်းရီသည် အစီအရင်များကို နားမလည်သဖြင့် အစီအရင်မှ ဖောက်ထွက်နိုင်မည့် နည်းလမ်းကို မစဉ်းစားနိုင်ပေ။ ထိုအစီအရင်က ကောင်းကင်မိုးကြိုးစွမ်းအင်ကို အဆက်မပြတ် စုပ်ယူနေသဖြင့် သူ အပြင်သို့ ထွက်နိုင်ရန် ဆန်းကြယ်နတ်ဘုရားနန်းတော်ပေါ်တွင်သာ မှီခိုနေ၍ မဖြစ်ချေ။ သူ၏ကိုယ်ပိုင်စွမ်းအားပေါ်တွင်လည်း မှီခိုရမည်ဖြစ်သည်။

ဆန်းကြယ်နတ်ဘုရားနန်းတော်၏ ကျန်နေသေးသော စွမ်းအင်က အကန့်အသတ်ရှိသည်။ ကျန်းရီ၏ တိုက်ခိုက်စွမ်းအားကလည်း နန်းတော်၏ တိုက်ခိုက်စွမ်းအားကို မယှဉ်နိုင်သေးပေ။ သို့သော် သူ့တွင် အချိန်ရှိသေးသည်။ အချိန်ငါးလရှိသေးသည်။ ထိုအချိန်အတွင်း သူ့စွမ်းအားကို တိုးမြှင့်နိုင်မည့် နည်းလမ်းတစ်ခုကို စဉ်းစားနိုင်သည်။

တစ်လရှိခဲ့ပြီဖြစ်သော်လည်း မည်သူကမှ ကျန်းရီကို လာမကူညီခဲ့ပေ။ အစီအရင်က အလွန်စွမ်းအားကြီးသည်။ ထို့ကြောင့် ကျန်းရီသည် တစ်ယောက်ယောက်က သူ့ကို လာကူညီလိမ့်မည်ဟု မမျှော်လင့်ချေ။ သူ့ကိုယ်သူသာ အားကိုးရပေမည်။ အကယ်၍ ငါးလအတွင်း အစီအရင်ထဲမှ ဖောက်မထွက်နိုင်လျှင် သူ၊ ကျန်းယွင်ဟိုင်၊ ရွှေယို့လန်၊ ချမ်ကွေ့နှင့် ကျန်သူများအားလုံး သေရပေလိမ့်မည်။

အားသုံး၍ ဖျက်ဆီး ဖောက်ထွက်ခြင်း...

ကျန်းရီက စိတ်ကူယဉ်အိပ်မက် မက်နေခြင်း မဟုတ်ပေ။ သူ့တွင် လျှို့ဝှက်လက်နက်များ ရှိပေသည်။ ပုံစံပြောင်းလဲသွားသော မီးနဂါးဓားနှင့် ဆန်းကြယ်နတ်ဘုရားချပ်ဝတ်။ သူသာ နတ်ဘုရားတစ်ပိုင်းအဆင့်သို့ တက်လှမ်းနိုင်လျှင် ထိုလက်နက်နှစ်ခုကို သူ အသုံးပြုနိုင်မည်ဖြစ်သည်။ ဆန်းကြယ်နတ်ဘုရားချပ်ဝတ်က သူ့ကို လျှပ်စီးတန်းများ၏ရန်မှ ကာကွယ်ပေးနိုင်သည်။ မီးနဂါးဓားကလည်း ရှေး‌ဟောင်းအသုံးအဆောင်တစ်ခုဖြစ်သော ဆန်းကြယ်နတ်ဘုရားဓားကို ဝါးမျိုခဲ့၍ စွမ်းအားတိုးထားသည်။ သူသာ မီးနဂါးဓားကို အမိန့်ပေးနိုင်လျှင် အစီအရင်ကို ဖောက်ထွက်နိုင်လောက်သည်။

ကျန်းရီတွင် မျှော်လင့်ချက် ရှိသေးသည်။

ဟူး...ဟူး...

ကျန်းရီ အသက်ပြင်းပြင်း ရှူသွင်းလိုက်ပြီး ကောင်းကင်နှင့်လူသား ပေါင်းစည်းခြင်း အခြေအနေသို့ ဝင်လိုက်သည်။ သူသည် စိတ်ငြိမ်ငြိမ် ထားလိုက်ပြီး မည်သည့်အရာကိုမှ မတွေ့တော့ချေ။ ထို့နောက် သူ အာရုံစုစည်းကာ ‘ညပင်လယ်’ ကောင်းကင်ပန်းချီကားကို ထပ်မံ၍ စတင်လေ့လာလိုက်သည်။ သူသာ ထိုကောင်းကင်ပန်းချီကားကို သိမြင်နားလည်သွားလျှင် အနိမ်ဆုံး ကြယ်သုံးပွင့် တာအိုပုံသဏ္ဌာန်တစ်ခု ပိုင်ဆိုင်သွားပေလိမ့်မည်။ ထိုအခါ သူ နတ်ဘုရားဝိညာဉ်ကို စုစည်းလိုက်လျှင် နတ်ဘုရားတစ်ပိုင်း ဖြစ်သွားနိုင်သည်။

‘ညပင်လယ်... မင်းက ဘာလျှို့ဝှက်ချက်တွေကို ဖုံးကွယ်ထားလဲ’

ကျန်းရီသည် ဆန်းကြယ်နတ်ဘုရားနန်းတော်ကို ထိန်းချုပ်၍ စေတီမြို့ထဲမှ လျှပ်စီးတန်းများကို ရှောင်ရင်း ‘ညပင်လယ်’ ပန်ချီကားကို လေ့လာနေသည်။ သူ၏စိတ်ကာ ဗလာဖြစ်နေပြီး သူသည် သေရေး၊ ရှင်ရေး အခြေအနေကို မေ့လျော့သွားသည်။ ရီချန်၊ ယဉ်ရို့ပင်း၊ စုလောရွှယ်၊ လောကဖျက်ဆီး ကောင်းကင်မိုးကြိုးအစီအရင်နှင့် ကြိုးကိုင်သူတို့ကိုလည်း မေ့သွားသည်။ သူသည် အရာအားလုံးကို မေ့လျော့ကာ ‘ညပင်လယ်’ထဲကို စိတ်နှစ်ထားသည်။

ဆန်းကြယ်ဧကရာဇ်စံအိမ်ထဲရှိ ကျန်းယွင်ဟိုင်တို့ကလည်း အလွန်စိတ်ရှည်ကာ တည်ငြိမ်ကြသည်။ ယွင်ရှန်းသည်သာ စိတ်ဝင်တစားဖြင့် လှည့်ပတ်ကြည့်ရှုနေသည်။ နန်းတော်ထဲရှိ ရှေးဟောင်းအသုံးအဆောင်များနှင့် အတုအယောင် နတ်ဘုရား အသုံးအဆောင်များကို ကျန်းရီက သိမ်းထားသည်။ ယွင်ရှန်းက ၎င်းတို့ကို လျှောက်စမ်းကြည့်နေလျှင် ထိခိုက်သွားနိုင်ပေသည်။

မည်သို့ပင်ဖြစ်စေ ယွင်ရှန်းသည် နံရံတစ်လျှောက်တွင် ချိတ်ဆွဲထားသော သူတော်စင်အသုံးအဆောင်များကို စိတ်ဝင်စားနေသည်။ လူငယ်များသည် အသစ်အဆန်းများနှင့် တွေ့လျှင် စိတ်ဝင်စားမှုအပြည့်နှင့်ဖြစ်သွားပြီး အတိတ်မေ့သွားကြသည်။

‘အင်ပါယာရဲ့ စစ်သေနာပတိချုပ်က ဘယ်လောက်တောင် စွမ်းအားကြီးလာတာလဲ။ သူက အင်ပါယာတစ်ပါး ဖြစ်လာတာလား။ သူ့ရဲ့ စွမ်းအားက ဒဏ္ဍာရီလာ ကောင်းကင်ဧကရာဇ် အထွတ်အထိပ်အဆင့်ကို ရောက်နေပြီလား။ သူ့မှာ ဘယ်လိုလုပ် ရတနာတွေ အများကြီး ရှိနေရတာလဲ...’

ယွင်ရှန်းက ခံစားချက်များဖြင့် သက်ပြင်းချလိုက်သည်။ သူသည်လည်း ကောင်းကင်ကြယ်တာရာနယ်မြေမှ ထွက်သွားလျှင် ကျန်းရီကဲ့သို့ ကျော်ကြားလာမည်လော။ ကောင်းကင်ကြယ်တာရာနယ်မြေ အပြင်ဘက်တွင် နယ်မြေများ မည်မျှ ရှိသည်၊ လောကကြီးက မည်သို့ရှိသည်ကို သူ မသိပေ။ သူ့အတွေးထဲတွင် ကောင်းကင်ဧကရာဇ် အထွတ်အထိပ်အဆင့်က အမြင့်ဆုံးအဆင့် ဖြစ်နေသည်။ ကျန်းရီ၏ ရန်သူများက အထွတ်အထိပ်အဆင့် နတ်ဘုရားတစ်ပိုင်းများနှင့် အရှေ့ဘက် တော်ဝင်နယ်မြေရှိ ဧကရာဇ်ကိုးပါးထဲမှ ဧကရာဇ်များ ဖြစ်ကြောင်းကိုသာ သူ သိသွားလျှင် လိပ်ပြာလွင့်မတတ် ကြောက်ရွံ့သွဦးလောက်ပေသည်။

“ရှန်အာ... လမ်းလျှောက်မနေနဲ့... ထိုင်ပြီးတော့ ကျင့်ကြံနေ။ ဒီနေရာက မိုးမြေအတွင်းအားက အရမ်းသိပ်သည်းတယ်။ ဒီအခွင့်အရေးကို ကောင်းကောင်းအသုံးချပြီး ကျင့်ကြံ”

ယွင်ချန်းထျန်းက ပိုရင့်ကျက်သဖြင့် ယွင်ရှန်းကို ဆူလိုက်သည်။ ယွင်ချန်းထျန်းသည် အရင်ဆုံး ရှန်မိနိုင်ငံ၏ ဘုရင်ဖြစ်ခဲ့ပြီး နောက်တွင် အင်ပါယာဖြစ်လာခဲ့သူဖြစ်၍ ဉာဏ်ရည်ထက်မြက်ပေသည်။ သူ၊ ကျန်းယွင်ဟိုင်၊ ရွှေယို့လန်၊ ချမ်ကွေ့၊ ကျန်ရီမင်နှင့် အခြားသူများသည် ကျန်းရီက ပြဿနာကြီးတစ်ခုနှင့် ရင်ဆိုင်နေရကြောင်း မြင်နိုင်ကြသည်။ မဟုတ်လျှင် ကျန်းရီသည် သူတို့နှင့် စကားအနည်းငယ် ပြောပြီးသည်နှင့် ခပ်သွက်သွက် ပြန်ထွက်သွားမည် မဟုတ်ပေ။

“အားလုံး အရမ်းစိုးရိမ်နေဖို့ မလိုပါဘူး”

‌ရွှေယို့လန်သည် ယွင်ချန်းထျန်း၏ တည်နေသော မျက်နှာထားကို တွေ့လိုက်၍ အားလုံးကို နှစ်သိမ့်ပေးရန် ကြိုးစားလိုက်သည်။

“သခင်မဖျောင်ဖျောင်က အံ့အားသင့်လောက်တဲ့ စွမ်းအားတွေရှိတဲ့ ဉာဏ်ကြီးရှင်တစ်ယောက်ပါ။ ပြီးတော့ သူ့ရဲ့ နောက်ခံကလည်း သာမန်မဟုတ်ဘူး။ အဲ့တော့ သူ့ကလေးက သေချာပေါက် နဂါးတစ်ကောင်ဖြစ်မှာပါ။ ကျန်းရီက နှစ်အနည်းငယ်အတွင်းမှာတင် ကောင်းကင်ကြယ်တာရာ နယ်မြေမှာ သူ့အားသူကိုးပြီး ကျော်ကြားလာခဲ့တဲ့သူပဲ... ပြီးတော့ အပြင်လောကမှာလည်း အောင်မြင်မှုတွေ အများကြီး ရခဲ့သေးတယ်။ ဒီကောင်းကင်ကြယ်တာရာနယ်နမိတ်က သူ့ကို ထိန်းမထားနိုင်ပါဘူး။ ကျွန်မတို့ သူ့ကို ယုံကြည်ရမယ်။ အားလုံး စိတ်အေးအေးထားပြီး ကျင့်ကြံအနားယူကြတာပေါ့”

ချမ်ကွေ့၊ ကျန်ရီမင်နှင့် ကျန်းရန်ထူတို့၏ မျက်လုံးများ အရောင်တောက်လာသည်။ သူတို့ စကားဆက်မပြောကြတော့ဘဲ မျက်လုံးများမှိတ်ကာ ကျင့်ကြံလိုက်ကြသည်။

မျက်တောင်တစ်ခတ်အတွင်းမှာပင် နောက်တစ်လ ထပ်မံကုန်ဆုံးသွားလေသည်။

ယဉ်ဧကရာဇ်မြို့အပြင်ဘက်တွင် အင်အားသန်းသုံးဆယ်ရှိသော စစ်တပ်တစ်ပတ်ကို စုစည်းပြီးပေပြီ။ တပ်သားများအားလုံးက ကောင်းကင်ဧကရာဇ်များဖြစ်သည်။ မြို့ပြင်ရှိ လွင်ပြင်တစ်ခွင်လုံးတွင် ရွက်ဖျင်တဲများနှင့် ပြည့်နှက်နေသည်။ ၎င်းရွက်ဖျင်တဲများက အဆုံးမရှိပေ။ မျိုးနွယ်အလံများကိုလည်း မရေတွက်နိုင်။ တစ်နေ့တစ်နေ့ တပ်သားများ၏ စားနပ်ရိက္ခာအတွက် လှည်းအစီးသောင်းချီ တိုက်ရသည်။ ဧကရာဇ်ကိုးပါးမျိုးနွယ်စုက ကြွယ်ဝ၍သာ တော်ပေသေးသည်။ ထို့ပြင် အကြွယ်ဝဆုံးဖြစ်သော ထန်မျိုးနွယ်ကလည်း ထောက်ပံ့ပေးထားသဖြင့် တပ်သားများ၏ စားစရိတ်ကို လျစ်လျူရှုထားနိုင်ပေသည်။

စစ်တပ်ထဲဝင်ရန် လာရောက်ခဲ့သော ကောင်းကင်ဧကရာဇ်တိုင်း ကောင်းကင်ကျောက်တုံး တစ်သန်းနှင့် သာလွန်အဆင့် သူတော်စင် အသုံးအဆောင်တစ်ခုစီ ရကြသည်။ ထိုသတင်း ပျံ့နှံ့သွားသောအခါ စစ်တပ်ထဲဝင်လိုသူများ ပိုများလာသည်။ ထန်မျိုးနွယ်၊ ကျန်မျိုးနွယ်နှင့် ဝူမျိုးနွယ်တို့မှ စွမ်းအားကြီး သိုင်းသမားများကလည်း မဟာမိတ်စစ်တပ်ဖွဲ့၍ တိုက်စစ်၊ ခံစစ်များကို စတင်လေ့ကျင့်ကြသည်။

စစ်ပွဲကြီးတစ်ပွဲသို့ ကြိုတင်ပြင်ဆင်မှုမရှိဘဲ သွားလျှင် ရန်သူကို မသတ်နိုင်ရုံသာမက မိမိတို့ပင် ထိခိုက်သွားမည်ဖြစ်သည်။ တင်းကြပ်သော စစ်စည်းမျဉ်းများနှင့် စစ်ဗျူဟာများမရှိလျှင် စစ်တပ်တစ်တပ်လုံး ထင်းအစည်းပြေသလို ပြိုကွဲသွားနိုင်သည်။

တိုက်ပွဲဧကရာဇ်နှင့် မြောက်ဘက်ဧကရာဇ်တို့သည် သိုင်းသမားများကို စုစည်းရန်နှင့် ထိုသိုင်းသမားများကို စစ်ရေးစစ်ရာများ သင်ကြားလေ့ကျင့်ပေးရန်အတွက် သုံးလေနေမှ စစ်ချီရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။ အဆုံးမဲ့ပင်လယ်နက်က မိစ္ဆာမျိုးနွယ်၏ ပိုင်နက် မဟုတ်ပါလော။ သူတို့သာ မဟာမိတ်စစ်တပ်ကို စည်းစနစ်ကျကျ မထိန်းချုပ်နိုင်လျှင် မိစ္ဆာမျိုးနွယ်၏ ဖိနှိပ်မှုကို အလွယ်တကူ ခံလိုက်ရပေမည်။

အရှေ့ဘက် တော်ဝင်နယ်မြေရှိ သိုင်းသမား အားလုံးနီးပါးကို စုစည်းပြီးပေပြီ။ တိုက်ပွဲဧကရာဇ်တို့က မဟာမိတ်ဦးစီးအဖွဲ့ကို ဖွဲ့စည်း၍ စစ်ဗျူဟာများနှင့် တိုက်ပွဲဗျူဟာများကို နေ့ညမပြတ် ဆွေးနွေးနေကြသည်။ သူတို့သည် ဗျူဟာသုံးဆယ်ကျော်ကို ပြင်ဆင်ပြီးသွားပေပြီ။ သုံးလပြည့်သည်နှင့် မဟာမိတ်စစ်တပ်က စစ်ချီတော့မည်ဖြစ်သည်။

ရီမျိုးနွယ်ဝင်များကမူ ထွက်သွားကြပြီဖြစ်သည်။ နှင်းဒေသတွင် ပထမတစ်သုတ်ပင် အခြေချနေပေပြီ။ သူတော်စင်ဧကရီက လူစေလွှတ်၍ သူတို့ကို ကြိုဆိုခဲ့သည်။ ထို့ကြောင့် နှင်းဒေသရှိ မည်သူကမှ ရီမျိုးနွယ်ဝင်များကို မနှောင့်ယှက်ဝံ့ကြပေ။ ပထမတစ်သုတ်သည် သူတော်စင်တောင်အနီးရှိ နေရာတွင် အိမ်များ၊ ရဲတိုက်များ စတင်တည်ဆောက်လိုက်ကြသည်။ သူတို့ မြို့သစ်တစ်ခု ပြန်တည်ရမည်ဖြစ်သည်။

မကြာသေးခင်က နှင်းဒေသသည် အတော်လေး တင်းမာနေခဲ့သည်။ ရီမျိုးနွယ်မှ လူများ ရောက်ရှိလာသလို အပြစ်သားကျွန်းမှ မျိုးနွယ်(၁၃)ခုမှ လူများလည်း နှင်းဒေသို့ စတင် ရောက်ရှိလာကြသည်။ ယင်းက နှင်းဒေသ၏ အာဏာမျှခြေကို ယိမ်းယိုင်လာစေသည်။ အကယ်၍ ရီမျိုးနွယ် သို့မဟုတ် မျိုးနွယ်(၁၃)ခုက သူတော်စင်တောင်ကို လုယူလိုက်မည်ဆိုလျှင် မည်သို့လုပ်ပါမည်နည်း။

သို့သော် သူတော်စင်ဧကရီကို နှင်းဒေသ၏ ဂိုဏ်းဆယ်းဂိုဏ်းက ကြောက်ရွံ့ကြသည်။ ထို့ကြောင့် မည်သူမှ သူတို့၏အမြင်များကို ထုတ်မပြောဝံ့ကြပေ။ သူတို့သည် ရီမျိုးနွယ်နှင့် မျိုးနွယ်(၁၃)ခုက နှင်းဒေသထဲတွင် ပိုင်နက်များ ယူ၍ အိမ်များတည်ဆောက်နေသည်ကို ရပ်ကြည့်၍သာ နေရလေသည်။

သူတော်စင်ဧကရီက ကျန်းရီကို အလွန်မျက်နှာသာပေးခဲ့သည်။ သူမသည် နတ်ဘုရားတစ်ပိုင်း ပညာရှင်တစ်စုကို ခေါ်၍ သူတော်စင်တောင်အနီးတွင် ဝိညာဉ်စုဝေးအစီအရင်နှစ်ခုနှင့် ခုခံအစီအရင်နှစ်ခုကို ကိုယ်တိုင် ဆင်ခဲ့သည်။

ထိုအစီအရင်များက ရီမျိုးနွယ်နှင့် မျိုးနွယ်(၁၃)ခုကို လုံခြုံစေမည်ဖြစ်သည်။ တစ်လကျော်ကျော်အတွင်းမှာပင် သူတော်စင်တောင်နှင့် ကီလိုမီတာငါးထောင်အကွာစီ၌ မြို့အသစ်နှစ်မြို့ ထွက်ပေါ်လာသည်။ မြို့နှစ်မြို့က သူတော်စင်တောင်၏ တစ်ဘက်တစ်ချက်စီတွင် ဖြစ်၍ ကီလိုမီတာတစ်သောင်းကွာခြားသည်။ ရီမျိုးနွယ်နှင့် မျိုးနွယ်(၁၃)ခုက ရန်သူများ မဟုတ်ပါလော။ ယခု သူတို့ တစ်မိုးအောက်ထဲတွင် နေရမည်ဆိုလျှင်ပင် ဝေးနိုင်သမျှဝေးဝေးခွာ၍ နေကြမည်ဖြစ်သည်။

သူတော်စင်ဧကရီသည် အနီးတစ်ဝိုက်တွင် ပုံရိပ်ယောင်အစီအရင်ဆင်၍ သတင်းများ မပျံ့အောင် ကာကွယ်လိုက်သည်။ သို့သော် ယခုတွင် အရှေ့ဘက် တော်ဝင်နယ်မြေက ရှုပ်ထွေးနေပေရာ မည်သူကမှ နှင်းဒေသတွင် ဖြစ်နေသော ကိစ္စများကို အရေးမစိုက်ကြပေ။ ထို့ကြောင့် ရီမျိုးနွယ်နှင့် မျိုးနွယ်(၁၃)ခုတို့၏ သတင်းက ပျံ့နှံ့မသွားပေ။ မည်သူကမှလည်း သူတို့ကို လမ်းမှဖြတ်၍ မတိုက်ခိုက်ခဲ့ပေ။

“ကျန်းရီ... ဒါက မင်းအတွက် ငါ လုပ်ပေးနိုင်တာ အကုန်ပဲ”

သူတော်စင်ဧကရီသည် အရာအားလုံးကို ‌ဆောင်ရွက်ပြီးနောက် ကောင်းကင်လျှို့ဝှက်ဂိုဏ်းသို့ ပြန်သွားလိုက်သည်။ သူမသည် ရေကန်လေးအနီးရှိ အပန်းဖြေအဆောက်အဦထဲတွင် ထိုင်ကာ ရေဂယက်ကလေးများကို ကြည့်ရင်း သက်ပြင်းချ၍ ရေရွတ်လိုက်သည်။

“ငါ လောကဖျက်ဆီး ကောင်းကင်မိုးကြိုး အစီအရင်ကို မဖောက်နိုင်ဘူး။ အဲ့တော့ ငါ မင်းကို မကယ်နိုင်ဘူး။ တကယ်လို့ မင်းလည်း အဲ့အစီအရင်ကို မဖောက်နိုင်ဘူးဆိုရင် ငါ မင်းရဲ့ မျိုးနွယ်နဲ့ မင်းချစ်တဲ့သူတွေကိုပဲ ကူညီနိုင်မှာပဲ”

“သခင်မဖျောင်ဖျောင်”

သူတော်စင်ဧကရီသည် ရုတ်တရက် ကောင်းကင်သို့ မော့ကြည့်၍ အော်ပြောလိုက်သည်။

“သခင်မက ကိစ္စတွေအများကြီးကို စီစဉ်ခဲ့တယ်... ကိစ္စတွေအများကြီးကိုလည်း မှန်အောင်ခန့်မှန်းနိုင်ခဲ့တယ်။ ကောင်းကင်ကြယ်တာရာနယ်နမိတ်က ဒီလိုကပ်ဘေးကြီးနဲ့ ရင်ဆိုင်ရလိမ့်မယ်ဆိုတာကိုရော သခင်မ ခန့်မှန်းနိုင်ခဲ့လား”

***

All Chapters