← Chapters

ရှင်းမုန့်ဝမ်

Vol. 85 Ch. 1176

ရှင်းမုန့်ဝမ်

Vol. 85 Ch. 1176

အချိန်က မျက်တောင်တစ်ခတ်အတွင်းမှာပင် ကုန်ဆုံးသွားသည်။ တောင်များ၊ တောများတွင် ရွက်ဝါများ မြေခလာပေပြီ။ နောက်ဆုံးတွင် ဆောင်းဦး ရောက်လာပြီဖြစ်သည်။ သုံးလကြာ ပြင်ဆင်ခဲ့ရသော လူသားမျိုးနွယ်ကလဲ့စားမဟာမိတ်ကလည်း စတင် စစ်ချီလေပြီ။

အင်အားသန်းငါးဆယ်ရှိသော စစ်တပ်...

တပ်သားများက ကောင်းကင်ဧကရာဇ်များ ဖြစ်ပြီး နတ်ဘုရားတစ်ပိုင်း ငါးရာကျော်လည်း ပါသည်။ ထို့ပြင် ကြယ်ကိုးပွင့်အဆင့် သိုင်းပညာရှင်များ ဖြစ်ကြသော တိုက်ပွဲဧကရာဇ်နှင့် မြောက်ဘက်ဧကရာဇ်တို့လည်း သူတို့နှင့်အတူ ပါလာသည်။ အသံလှိုင်းဧကရာဇ်တို့ကဲ့သို့ ကြယ်ရှစ်ပွင့်အဆင့် သိုင်းပညာရှင် အရေအတွက်ကလည်း တစ်ဒါဇင်ကျော်သည်။

နတ်မြင်းပျံနယ်မြေ၊ ပန်းရဉ်နယ်မြေ၊ သားရဲလူသားနယ်မြေနှင့် အခြားနယ်မြေကြီး၊ နယ်မြေငယ်များမှ သိုင်းသမားများအားလုံးကလည်း စုဝေးခဲ့ကြသည်။ လူသားမျိုးနွယ်တစ်ခုလုံး စုဝေးခဲ့သည်ဟု ဆိုနိုင်ပေသည်။ သူတို့သည် မိစ္ဆာမျိုးနွယ်ကို တိုက်ခိုက်ရန်နှင့် သေဆုံးခဲ့ရသော သန်းထောင်ချီသည့် လူသားများအတွက် လက်စားချေရန် စုဝေးခဲ့ကြခြင်းပင်။

ကောင်းကင်ကံကြမ္မာသင်္ဘော အစီးတစ်သန်းက ကောင်းကင်ထက်သို့ တစ်ပြိုင်တည်း ပျံတက်သွားကြသည်။ ၎င်းတို့က ကြယ်များနှင့် လကိုပင် ကွယ်သွားကြသည်။ ယဉ်ဧကရာဇ်မြို့မှ အရပ်သူ၊ အရပ်သားများသည် ထိုမြင်ကွင်းကြောင့် အံ့အားသင့်သွားကြသည်။ ထိုနေရာရှိ လူအားလုံးသည် ၎င်းမြင်ကွင်းကို တစ်သက်မေ့နိုင်တော့မည် မဟုတ်ချေ။ ထိုစစ်ပွဲကလည်း သမိုင်းမှတ်တမ်းဝင်‌ပေလိမ့်မည်။

ကောင်းကင်ကံကြမ္မာသင်္ဘော အစီးတစ်သန်း စုဝေးနေသော မြင်ကွင်းကို တွေးကြည့်ရန်ပင် ခက်ပေလိမ့်မည်။ ထိုသင်္ဘောများမှာ မျိုးနွယ်ကြီးများက ဖြန့်ဝေပေးထားသော ထိပ်တန်းအဆင့် သင်္ဘောများ ဖြစ်ကြသည်။ သင်္ဘောအစီးတိုင်းတွင် သိုင်းသမားများ ပြည့်နှက်နေသည်။ သူတို့၏ စစ်ချပ်ဝတ်များနှင့် လက်နက်များက တလက်လက် တောက်ပနေကြသည်။ အရှိန်အဝါများကလည်း တောင်ထိပ်မှ လေဖိအားကဲ့သို့ပင်။ ထို့ကြောင့် မြေပြင်ရှိ လူအားလုံးသည် မွန်းကြပ်မှုကို ခံစားနေကြရသည်။

ထိုအခိုက်တွင် ကောင်းကင်ကလည်း ကြည်လင်နေသည်။ သင်္ဘောကုန်းပတ်ပေါ်တွင် စီတန်းရပ်နေသည့် သိုင်းသမားများ၏ နောက်ကျောပြင်များကို ကြည့်မိလျှင်ပင် တုန်လှုပ်သွားနိုင်သည်။ သူတို့က ကောင်းကင်ကိုးဘုံမှ နတ်စစ်သည်များကဲ့သို့ပင်။ သူတို့သည် မိစ္ဆာအမျိုးမျိုးနှင့် သားရဲအမျိုးမျိုးကို ရှင်းပစ်ကာ လူသားမျိုးနွယ်ကို ကာကွယ်မည့် သားကောင်းအာဇာနည်များပင်။

ကောင်းကင်ကံကြမ္မာသင်္ဘောတစ်သန်းက အရှေ့ဘက် တော်ဝင်နယ်မြေမှနေ၍ အပြစ်သားပင်လယ်ထဲသို့ ရဲရဲတင်းတင်း ပျံဝင်သွားကြသည်။ ယခင်တွင် အပြစ်သားပင်လယ်ထဲ၌ ပင်လယ်ဓားပြများစွာ ရှိခဲ့သော်လည်း ယခုတွင်မူ တစ်ကောင်တစ်မြီးမှ မတွေ့ရပေ။ ထို့ပြင် ပင်လယ်ထဲ၌ အဆင့်နိမ့် မိစ္ဆာသားရဲအချို့ ရှိနေသော်လည်း အသိဉာဏ်ရှိသည့် မိစ္ဆာဘုရင် သို့မဟုတ် မိစ္ဆာဧကရာဇ်များကို မတွေ့ရချေ။

ကောင်းကင်ကံကြမ္မာသင်္ဘောများ၏ အမြန်နှုန်းက အလွန်မြန်သည်။ သန်းဆယ်ချီသော တပ်သားများကလည်း အဖွဲ့ဆယ်ဖွဲ့ခွဲ၍ ဖြန့်ကျက်ထားကြသည်။ သင်္ဘောများက အရပ်မျက်နှာအနှံ့ ကီလိုမီတာငါးသောင်းအတွင်း ကင်းလှည့်နေကြသည်။ ထောက်လှမ်းရေးများကိုမူ စေလွှတ်ထားခဲ့သည်မှာ ကြာပြီဖြစ်သည်။ သူတို့က အပြစ်သားကျွန်းတစ်ဝိုက်တွင် ပုန်းအောင်းနေကြသည်။ သတင်းထူးရှိသည်နှင့် ထိုသတင်းက မဟာမိတ်စစ်တပ်ထံ ချက်ချင်း ရောက်လာမည်ဖြစ်သည်။

မဟာမိတ်စစ်တပ်၏ လမ်းခရီးက ချောမွေ့နေခဲ့သည်။ လမ်းတစ်လျှောက်တွင် မည်သည့်အဟန့်အတားနှင့်မှ မကြုံရချေ။ ရက်နှစ်ဆယ်အတွင်းမှာပင် သူတို့က အပြစ်သားကျွန်းအနီးသို့ ရောက်သွားကြသည်။ တပ်ဖွဲ့ဆယ်ဖွဲ့က အပြစ်သားကျွန်းကို ဝန်းရံပိတ်ဆို့လိုက်ကြသည်။

နဂါးကိုး‌ကောင် နတ်ဘုရားသုတ်သင်အစီအရင်က နိုးနေပြီဖြစ်သည်။ ထိုအစီအရင်မှနေ၍ ရောင်စုံအလင်းများ အဆက်မပြတ် တောက်ပနေသည်။ ၎င်းအစီအရင်သည် အပြစ်သားကျွန်းတစ်ကျွန်းလုံးကို လွှမ်းခြုံထားသည်။ ၎င်းသည် အလွယ်တကူ ဖျက်ဆီး၍ မရနိုင်သော ကောင်းကင်နတ်ဘုရားအစီအရင်တစ်ခုကဲ့သို့ပင်။ သမိုင်းအရ ထိုအစီအရင်ကို ဖျက်နိုင်ခဲ့သူ မရှိသေးပေ။

“တင်ပြပါတယ်... အဆုံးမဲ့ပင်လယ်နက်ထဲမှာ ဘာမူမမှန်တဲ့လှုပ်ရှားမှုမှ မရှိပါဘူး”

“တင်ပြပါတယ်... သွေးညအကြောက်တရားပင်လယ်မှာလည်း ဘာမူမမှန်မှုမှ မရှိပါဘူး”

“တင်ပြပါတယ်... ပင်လယ်နက်ကလည်း တိတ်ဆိတ်နေပါတယ်”

“...”

စစ်တပ်အလယ်ရှိ ထိပ်တန်းအဆင့် ကောင်းကင်ကံကြမ္မာသင်္ဘောပေါ်တွင် ကျန်မျိုးနွယ်၏ ရွှေသိမ်းငှက်အလံကို လွှင့်ထူထားသည်။ လူများကလည်း ထိုသင်္ဘောထဲသို့ ဝင်ကာ၊ ထွက်ကာဖြင့် သတင်းများ တင်ပြနေကြသည်။ ထိုအခိုက်တွင် ၎င်းသင်္ဘောကြီးထဲ၌ စွမ်းအားကြီး သိုင်းပညာရှင်များစွာ စုဝေးနေသည်။ အခြားတပ်ဖွဲ့ကိုးဖွဲ့ကို အမိန့်ပေးနေရသော နတ်ဘုရားတစ်ပိုင်းတပ်မှူးများမှ လွဲ၍ ကျန်နတ်ဘုရားတစ်ပိုင်းအားလုံး စုဝေးနေကြသည်။ တိုက်ပွဲဧကရာဇ်၊ မြောက်ဘက်ဧကရာဇ်၊ သားရဲဧကရာဇ်နှင့် အခြားသူများကလည်း စင်ပေါ်တွင် စီတန်း၍ ထိုင်နေကြသည်။

ဧကရာဇ်များအပြင် အခြားသုံးယောက်လည်း ထိုင်နေသည်။ ထိုသုံးယောက်မှာ အသံလှိုင်းဧကရာဇ်၊ ထန်မျိုးနွယ်ခေါင်းဆောင်နှင့် လှပသောမိန်းမပျိုလေးတို့ ဖြစ်သည်။

မိန်းမပျိုလေးက အသက်နှစ်ဆယ်လောက်သာ ရှိသေးသော်လည်း ဧကရာဇ်များနှင့် တန်းတူထိုင်နိုင်နေပြီလော။

အကယ်၍ ထိုအကြောင်းကိုသာ အပြင်မှ လူများသိသွားပါက သေချာပေါက် အုတ်အော်‌သောင်းနင်း ဖြစ်သွားပေလိမ့်မည်။ သို့သော် ထိုသင်္ဘောခန်းမထဲရှိ အခြားမျိုးနွယ်‌ခေါင်းဆောင်များ၊ ရာချီသော နတ်ဘုရားတစ်ပိုင်းများနှင့် ဒါဇင်ချီသော သခင်မလေးများက မည်သည့်မေးခွန်းမှလည်း မမေးကြသလို ဆန့်ကျင်ခြင်းလည်း မပြုကြပေ။

တင်ပြမှုအားလုံးကို ရရှိပြီးနောက် တိုက်ပွဲဧကရာဇ်က ထရပ်ကာ လက်ဝှေ့ယမ်း၍ မိန်းမပျိုလေးကို ပြောလိုက်သည်။

“အကုန်လုံး စီစဉ်ထားတဲ့အတိုင်းပါပဲ။ မိန်းကလေးမုန့်ဝမ်... မိန်းကလေး စလို့ရပါပြီ။ အားလုံးက မိန်းကလေးရဲ့ လက်ထဲမှာပါပဲ”

“တိုက်ပွဲဧကရာဇ်... ဧကရာဇ်က ကြင်နာလွန်းနေပေပါပြီ။ ကျွန်မတို့ရဲ့ မျိုးနွယ်စည်းမျဉ်းတွေက ကျွန်မတို့ကို ပဋိပက္ခတွေထဲမှာ ဝင်မပါရဘူးလို့ ကန့်သတ်ထားတယ်။ ဒါပေမဲ့ ကျွန်မတို့ကလည်း လူသားမျိုးနွယ်ဆိုတော့ ဘယ်လိုလုပ် ဝင်ပါဘဲနဲ့ ရပ်ကြည့်နေနိုင်မှာလဲ။ အပြစ်သားကျွန်းက အပြစ်သားတွေက မိစ္ဆာမျိုးနွယ်နဲ့ ပူးပေါင်းပြီး ကျွန်မတို့ လောကထဲမှာ သောင်းကျန်းခဲ့တယ်... အဲ့တော့ သူတို့ကို ရှင်းပစ်သင့်တယ်”

မိန်းမပျိုလေးက တောက်ပစွာ ပြုံး၍ ထရပ်ကာ ဦးညွှတ်လိုက်သည်။သူမ၏ အရပ်အမောင်းက မြင့်ပြီး သူမ၏အပြုံးက သွားမပေါ်ခဲ့ပေ။ သူမထံမှ အငွေ့အသက်ကလည်း ကြော့ရှင်းကာ ဆွဲဆောင်မှု ရှိနေသည်။ သင်္ဘောထဲမှ သခင်လေးများ၏ မျက်လုံးများက သူမထံမှ မခွာနိုင်ကြပေ။ မျိုးနွယ်အားလုံးနီးပါးမှ ဂုဏ်သရေရှိ သခင်လေးများက ဤစစ်ပွဲတွင် ပါဝင်ခဲ့ကြသည်။ အကယ်၍ သူတို့ စစ်ပွဲတွင် ရှင်ကျန်ခဲ့လျှင် အနာဂတ်၌ သူတို့၏ မျိုးနွယ်များကို ပိုကောင်းစွာ အုပ်ချုပ်နိုင်လာမည်ဖြစ်သည်။

ထိုသခင်လေးများထဲတွင် ကျန့်ဝူယင်း၊ လင်းချီကျန့်၊ ယဲ့ရင်၊ ဝူနီနှင့် အခြားသူများလည်း ပါသည်။

ဝူနီသည်လည်း အခြားသခင်လေးများကဲ့သို့ပင် မိန်းမပျိုလေးကို ရင်ခုန်စိတ်လှုပ်ရှားစွာ ကြည့်နေသည်။ ထိုမိန်းမပျိုလေးက အလွန်လှပေသည်။ သူမ၏အလှက ရီချန်နှင့် ယဉ်ရို့ပင်းတို့နှင့်ပင် ယှဉ်နိုင်သည်။ သူမ၏ ဆွဲဆောင်မှုအရှိဆုံးအရာမှာ အကျင့်စရိုက်ဖြစ်သည်။ သူမ၏စရိုက်က သူမ၏ကြော့ရှင်းသန့်စင်သော ရုပ်ရည်နှင့် ဆန့်ကျင်ဘက်ဖြစ်သည်။ ထိုဆန့်ကျင်မှုကပင် သခင်လေးများစွာကို ဆွဲဆောင်နိုင်နေခြင်းပင်။

သို့သော် အထက်ပါအကြောင်းများက အရေးအကြီးဆုံး မဟုတ်သေး။ အရေးအကြီးဆုံးမှာ ထိုမိန်းမပျိုလေး၏ ဇစ်မြစ်ဖြစ်သည်။ သူမက မုန့်ဝမ်ဟုခေါ်သည်။ သူမသည် ကောင်းကင်တမလွန်ဂိုဏ်းမှ ပါရမီရှင် မျိုးဆက်သစ်တစ်ယောက်ဖြစ်ပြီး လက်ထောက်ဂိုဏ်းချုပ်လည်းဖြစ်သည်။ ယခုနှစ်တွင် သူမက အသက်(၂၃)နှစ်ပြည့်မည်ဖြစ်သည်။ သို့သော် သူမ၏ စွမ်းအားက ထိုနေရာရှိ အကြီးအကဲများစွာ၏ ချီးကျူးမှုကို ခံရပေသည်။

ကြယ်ခုနစ်ပွင့်အဆင့်...

လွန်ခဲ့သော နှစ်အနည်းငယ်က ရှင်းမုန့်ဝမ်သည် လောကထဲတွင် ပထမဆုံး ထွက်ပေါ်လာခဲ့သည်။ ထိုစဉ်က သူမသည် အသက်(၂၀)ပင် မပြည့်သေးသော်လည်း ကောင်းကင်ဧကရာဇ် အထွတ်အထိပ်အဆင့်တွင် ရှိခဲ့သည်။ ပြီးခဲ့သောနှစ်တွင် သူမ ထပ်မံ ထွက်ပေါ်လာသောအခါ ကြယ်ခုနစ်ပွင့်အဆင့်သို့ ရောက်နေခဲ့ပြီဖြစ်သည်။ ဧကရာဇ်ကိုးပါးမျိုးနွယ်စုမှ သခင်လေးများနှင့် သခင်မလေးများသည် အားလည်းကျကြသလို သူတို့၏ အဆင့်အတွက်လည်း ရှက်မိသွားကြသည်။ သို့သော် ရှင်းမုန့်ဝမ်က အမြဲပင် သိုသိုသိပ်သိပ်သာ နေခဲ့သည်။ ထို့ကြောင့် မျိုးနွယ်ကြီးများမှလွဲက အရှေ့ဘက် တော်ဝင်နယ်မြေရှိ သာမန်လူများက သူမအကြောင်းကို မသိကြပေ။

ရီချန်နှင့် ယဉ်ရို့ပင်းတို့က လောကထိပ်တန်း အလှပဂေးဆယ်ယောက်စာရင်းတွင် နံပါတ်(၂)နှင့် နံပါတ်(၃)အဖြစ် ကျော်ကြားသော်လည်း နံပါတ်(၁)က မည်သူဆိုကြောင်းမှာ အမြဲပဟေဠိတစ်ခုသာ ဖြစ်နေခဲ့သည်။ အပြင်လူများက မသိကြပေ။ ဧကရာဇ်ကိုးပါးမျိုးနွယ်စုနှင့် အခြားမျိုးနွယ်ကြီးများမှ သခင်လေးများကသာ အလှပဂေး နံပါတ်(၁)မှာ ထိုမိန်းကလေးမုန့်ဝမ်ဖြစ်ကြောင်းကို သိကြသည်။

ရှင်းမုန့်ဝမ်၏ အလှက ပြိုင်ဘက်ကင်းသည်။ ထို့ပြင် သူမသည် ထိပ်တန်းလျှို့ဝှက်ဂိုဏ်းဆယ်ဂိုဏ်းထဲမှ နံပါတ်(၁)ဖြစ်သော ကောင်းကင်တမလွန်ဂိုဏ်း၏ လက်ထောက်ဂိုဏ်းချုပ်လည်း ဖြစ်သည်။ သူမသည် ကြယ်ခုနစ်ပွင့်အဆင့် စွမ်းအားကိုလည်း ပိုင်ဆိုင်ထားသည်။ ထို့ပြင် သူမက ထိပ်တန်းနတ်ဘုရားမီးဖိုဆယ်လုံးထဲမှ တစ်လုံးဖြစ်သည်ဟူသော ကောလာဟလများလည်း ရှိနေသည်။ သို့သော် မည်သူကမှ အတိအကျ မသိကြပေ။

ထိုကဲ့သို့သော အရည်အချင်းများရှိသည့် မိန်းမပျိုလေးက နံပါတ်(၁) ဖြစ်နေခြင်းမှာ အံ့ဩစရာတော့ မရှိချေ။

“အစီအရင်ကို ဖျက်မယ်”

ရှင်းမုန့်ဝမ်က လက်ဝှေ့ယမ်းလိုက်ရာ နတ်ဘုရားတစ်ပိုင်း ပညာရှင်ကိုးယောက်က ထရပ်လိုက်ပြီး သူမနောက်သို့ လိုက်ကာ အပြင်သို့ ထွက်သွားလိုက်ကြသည်။ တိုက်ပွဲဧကရာဇ်တို့ကလည်း သူမတို့နောက်သို့ လိုက်သွားကြသည်။ နဂါးကိုးကောင် နတ်ဘုရားသုတ်သင် အစီအရင်ကို ဖျက်နိုင်၊ မဖျက်နိုင် ဆိုသောအချက်က ဤစစ်ပွဲတွင် အခရာဖြစ်သည်။ ရှင်းမုန့်ဝမ်နှင့် ကောင်းကင်တမလွန်ဂိုဏ်းမှ လူများက အစီအရင်ကို ဖျက်ကြမည်ဖြစ်၍ တိုက်ပွဲဧကရာဇ်တို့က သူမတို့၏ လုံခြုံရေးကို တာဝန်ယူရပေမည်။

ဝှစ်...ဝှစ်...ဝှစ်...

နတ်ဘုရားတစ်ပိုင်း ရာဂဏန်းအနည်းငယ်က ပျံထွက်သွားပြီး ရှင်းမုန့်ဝမ်နှင့် သူမ၏လူများကို ဝန်းရံလိုက်ကြသည်။ ပတ်ဝန်းကျင်မှ ကောင်းကင်ကံကြမ္မာသင်္ဘောများကလည်း သူမတို့ကို ဝန်းရံကာ အချိန်မရွေး တိုက်ခိုက်ရန် အသင့်ပြင်ထားလိုက်ကြသည်။ ထောက်လှမ်းရေးများမှာလည်း အရပ်မျက်နှာအနှံ့သို့ ပျံသန်းသွားကြပြီး အခြေအနေများကို အချိန်နှစ်တစ်ပြေးညီ တင်ပြနေကြသည်။

“အစီအရင်စ”

ရှင်းမုန့်ဝမ်၏ အသံ ထွက်ပေါ်လာ၏။ သူမ၏ ဝတ်စုံက လေထဲတွင် ဝဲလွင့်နေပြီး သူမ၏မျက်နှာက ပြတ်သားနေသည်။ သူမသည် ကောင်းကင်ကိုးဘုံမှ နတ်မိမယ်လေးကဲ့သို့ အဖြူရော်အလင်း တောက်ပလာသည်။ သူမ၏အမိန့်ကြောင့် သူမနောက်မှ နတ်ဘုရားတစ်ပိုင်း ပညာရှင် ကိုးယောက်က မက်မွန်ကြယ်အစီအရင်ကို စတင်ဖန်တီးလိုက်ကြသည်။ သူတို့၏ ခန္ဓာကိုယ်များမှ အဖြူရောင်အလင်းတန်းများက ကောင်းကင်ထက်သို့ ထိုးတက်သွားကြသည်။ သူမတို့ဆယ်ယောက်ထံမှနေ၍ ကြောက်မက်ဖွယ်အရှိန်အဝါတစ်ခုလုံး ထွက်လာသည်။

ထိုနေရာတစ်ခုလုံး အပ်ကျသံပင် ကြားရလောက်အောင် တိတ်ဆိတ်သွားသည်။ ကျန့်ဝူယင်း၊ လင်းချီကျန့်နှင့် အခြားသခင်လေးများက အဝေးမှ လှမ်းကြည့်နေကြပြီး အသက်ပင် မရှူဝံ့ကြပေ။ ရှင်းမုန့်ဝမ်အနောက်မှ နတ်ဘုရားတစ်ပိုင်းများက ထူးဆန်းသော လက်ဟန်များ ပြုနေကြ၏။ လေများနှင့် တိမ်များက စတင်၍ အရောင်ပြောင်းလာသည်။ ပတ်ဝန်းကျင်မှ မိုးမြေအတွင်းအားကလည်း သူမတို့ဆယ်ယောက်ထံသို့ ရွေ့လျားနေရာ သူမတို့ခန္ဓာကိုယ်များမှ အဖြူရောင်အလင်းက ပို၍ တောက်ပလာသည်။ ‌နောက်ဆုံးတွင် တိုက်ပွဲဧကရာဇ်၊ မြောက်ဘက်ဧကရာဇ်၊ သားရဲဧကရာဇ်နှင့် အခြားဧကရာဇ်များမှလွဲ၍ ကြည့်နေသူများသည် အဖြူရောင်အလင်းပြင်ကြီးကိုသာ မြင်ကြရပြီး ကောင်းကင်တမလွန်ဂိုဏ်းမှ လူဆယ်ယောက်ကို မမြင်ကြရတော့ပေ။

“ချိုးဖျက်...”

ငါးမိနစ်ကြာပြီးနောက် ရှင်းမုန့်ဝမ်၏ အသံ ထပ်မံ ထွက်ပေါ်လာပြီး တိတ်ဆိတ်မှုကို ဖြိုခွင်းသွားသည်။ သူမပတ်ပတ်လည်တွင် လေထန်လာပြီး အာကာပြင်က တုန်ခါလာသည်။ အောက်ဘက်ရှိ ပင်လယ်ရေပြင်ကလည်း လှိုင်းတံပိုးထန်လာသည်။ ကြောက်မက်ဖွယ် အဖြူရောင်အလင်းရိပ် ဆယ်ရိပ်က နဂါးကိုးကောင် နတ်ဘုရားသုတ်သင်အစီအရင်ထံသို့ တန်းတန်းမတ်မတ် ပျံသန်းသွားကြသည်။ အလင်းတန်းဆယ်တန်းက မတူသော ဦးတည်ရာများသို့ ပျံသန်းသွားပြီး နဂါးကိုးကောင် နတ်ဘုရားသုတ်သင်အစီအရင်ကို မထိမှန်ခင်တွင် တစ်စုတစ်စည်းတည်း ပေါင်းစည်းသွားသည်။ ထို့နောက် ၎င်းအလင်းတန်းကြီးသည် အစီအရင်ကို ထိုးဖောက်သွားလေသည်။

မည်သည့်ပေါက်ကွဲမှုမှ ဖြစ်မလာပေ။

မည်သည့်အသံမှလည်း ထွက်ပေါ်မလာချေ။

အဖြူရောင်အလင်းတန်းကြီးက မြွေဖြူကြီးတစ်ကောင်အလား အစီအရင်ထဲတွင် တွန့်လိမ်ပျံသန်းနေသည်။ မြွေဖြူကြီး ဖြတ်သန်းသွားသော နေရာတိုင်းရှိ အစီအရင်က ကြက်ဥအခွံ ကွဲသကဲ့သို့ ကွဲအက်သွားသည်။ သို့သော် မြွေဖြူကြီးသည် ပျံသန်းရင်းဖြင့် သေးလာသည်။ ၎င်း၏စွမ်းအင်က ကုန်ဆုံးလာခြင်းဖြစ်ကြောင်း ထင်ရှားပေသည်။

“ကောင်းပြီ”

တိုက်ပွဲဧကရာဇ်နှင့် မြောက်ဘက်ဧကရာဇ်တို့သည် အစီအရင်ကြီးပေါ်ရှိ အက်ကြောင်းများကို မြင်လိုက်ရသောအခါ မျက်လုံးများ လင်းလက်သွားကြသည်။ တိုက်ပွဲဧကရာဇ်၏လက်က တောက်ပလာသည်။ ထို့နောက် သူ အော်ပြောလိုက်သည်။

“နတ်ဘုရားတစ်ပိုင်းတွေ အကုန်လုံး တိုက်ခိုက်ကြ။ အခုက အစီအရင်ကို ဖျက်ရမယ့်အချိန်ပဲ”

***

All Chapters