← Chapters

ကျွန်းနှင့်အတူ ရှင်မည်၊ ကျွန်းနှင့်အတူ သေမည်

Vol. 85 Ch. 1177

ကျွန်းနှင့်အတူ ရှင်မည်၊ ကျွန်းနှင့်အတူ သေမည်

Vol. 85 Ch. 1177

ရွှီး...ရွှီး...

ရာချီသော နတ်ဘုရားတစ်ပိုင်းများက သူတို့၏ စွမ်းအားအကြီးဆုံး တိုက်ခိုက်မှုများကို တစ်ပြိုင်တည်း ထုတ်လွှတ်လိုက်ကြသည်။ အာကာပြင်သည်ပင် ထက်ခြမ်းပြတ်သွားသကဲ့သို့ ထင်လိုက်ရသည်။ နတ်ဘုရားတစ်ပိုင်းများ၏ ကြောက်မက်ဖွယ် အရှိန်အဝါများက ဝူနီ၊ ကျန့်ဝူယင်းနှင့် အခြားသခင်လေးများကို ကြောက်ရွံ့တကြီး နောက်ဆုတ်သွားစေသည်။ အနီးမှ ကောင်းကင်ကံကြမ္မာသင်္ဘောများကလည်း တိုက်ခိုက်မှုများမှ ထွက်ပေါ်လာသော အဟုန်များကြောင့် နောက်သို့ ရွေ့သွားကြသည်။ တိုက်ခိုက်မှုများနှင့် အနီးဆုံး သင်္ဘောဆိုလျှင် အနောက်သို့ ပေတစ်သောင်း ရွေ့သွားပေသည်။

ဝုန်း...ဝုန်း...ဝုန်း...

နဂါးကိုး‌ကောင် နတ်ဘုရားသုတ်သင်အစီအရင် အထက်ရှိ ရောင်စုံအလင်းများက စတင်တောက်ပလာသည်။ ၎င်းပေါ်ရှိ အက်ကြောင်းများကလည်း စတင် ဗျက်ကျယ်လာသည်။ မကြာခင်မှာပင် အစီအရင်အလယ်တွင် အပေါက်ကြီးတစ်ပေါက် ပေါက်သွားလေတော့သည်။ ထိုအပေါက်က ဆက်၍ ကျယ်နေဆဲဖြစ်သည်။ နဂါးကိုးကောင် နတ်ဘုရားသုတ်သင်အစီအရင်က ပျက်စီးတော့ပေမည်။

“ဟွန်း...”

နှာမှုတ်သံ တစ်သံ ထွက်ပေါ်လာပြီး နဂါးကိုးကောင် နတ်ဘုရားသုတ်သင်အစီအရင်က တောက်ပစွာ လင်းလက်လာသည်။ ဆန့်တန်းနေသော အက်ကြောင်းများက ၎င်းတို့ဘာသာ ပြန်ဆက်သွားကြသည်။ အပြစ်သားကျွန်းမှ စွမ်းအားကြီး သိုင်းပညာရှင်များက စတင်လှုပ်ရှားပြီဖြစ်ကြောင်း ထင်ရှားပေသည်။ သူတို့သည် အတွင်းအားများ ထုတ်လွှတ်၍ အစီအရင်ကို ပြန်ပြုပြင်ရန် ကြိုးစားနေကြခြင်းပင်။

“ဆက်တိုက်ခိုက်ကြ”

အနိုင်က လက်တစ်ကမ်းအကွာတွင် ရှိနေပေပြီ။ တိုက်ပွဲဧကရာဇ်နှင့် မြောက်ဘက်ဧကရာဇ်တို့သည် သူတို့၏ ကြိုးပမ်းမှုများကို ရေဆုန်မျောခံမည် မဟုတ်ပေ။ တိုက်ပွဲဧကရာဇ်က အော်၍ အမိန့်ပေးလိုက်သောအခါ တာအိုပုံသဏ္ဌာန်အမျိုးမျိုးက အဆက်မပြတ် ပျံထွက်သွားကြသည်။ နဂါးကိုးကောင် နတ်ဘုရားသုတ်သင်အစီအရင်က အလွန်တောက်ပနေသည်။ စူးရှသော အလင်းရောင်များကြောင့် မည်သည့် တာအိုပုံသဏ္ဌာန်များက မည်သူ့ထံမှ ထွက်လာသည်ကို မခွဲနိုင်ပေ။ တာအိုပုံသဏ္ဌာန်အမျိုးအစားများကိုလည်း ခွဲ၍ မရချေ။ အလွန်ကျယ်လောင်သော ပေါက်ကွဲသံများကိုသာ ကြားနေရသည်။ လူအားလုံးသည် တိုက်ခိုက်မှုအဟုန်များက လောကကိုပင် တုန်ခါစေနေသည်ဟု ခံစားနေရလေသည်။

ထိုအခိုက်တွင် တိုက်ပွဲဧကရာဇ်သည်ပင် ၎င်းတိုက်ခိုက်မှုများအကြား ရောက်သွားပါက အပိုင်းပိုင်းအပြတ်ပြတ် ဖြစ်သွားပေလိမ့်မည်။

“အစီအရင်ဆင်...”

ရှင်းမုန့်ဝမ်၏အသံ ထွက်ပေါ်လာသည်။ သူမတို့သည် အစီအရင်ကို ချိုးဖောက်နိုင်ခဲ့ပြီဖြစ်၍ လမ်းတစ်ဝက်တွင် အလျှော့ပေးတော့မည် မဟုတ်ပေ။ မက်မွန်ကြယ်အစီအရင်က ထပ်မံ တောက်ပလာပြီး အလင်းတန်းဆယ်တန်း ပျံထွက်သွားသည်။ ၎င်းအလင်းတန်းများက ဧရာမမြွေဖြူကြီးကဲ့သို့ ပေါင်းစည်းကာ နဂါးကိုးကောင် နတ်ဘုရားသုတ်သင်အစီအရင်ကို ထပ်မံ တိုက်ခိုက်လိုက်ကြသည်။ ထိုမြွေဖြူကြီးက မယုံနိုင်လောက်သော စွမ်းအင်ပမာဏကို ပိုင်ဆိုင်ထားပုံပေါ်သည်။ ၎င်း ဖြတ်သန်းသွားသော နေရာတိုင်းရှိ အစီအရင်လွှာက တိုက်စားခံလိုက်ရသည်။ မြွေဖြူကြီး၏ တိုက်ခိုက်မှုနှင့် တိုက်ပွဲဧကရာဇ်တို့၏ တိုက်ခိုက်မှုများကို ပေါင်းလိုက်သောအခါ အစီအရင်ကြီး၏ စွမ်းအင်များက လျင်မြန်စွာ ကုန်ဆုံးလာသည်။

အင်အားသာခြင်း...

နဂါးကိုးကောင် နတ်ဘုရားသုတ်သင်အစီအရင်၏ စွမ်းအားကို သံသယဖြစ်စရာ မရှိပေ။ လဲ့ပန်းရှန်းတို့ကိုလည်း လျှော့တွက်၍မရချေ။ ထို့ပြင် အပြစ်သားကျွန်းပေါ်၌ စွမ်းအားကြီး သိုင်းသမားများစွာ ရှိနေသည်။ သို့သော် သူတို့ရင်ဆိုင်နေရသော ရန်သူက သူတို့ထက် အင်အားများစွာသာပိုသာပေသည်။ ရန်သူဘက်တွင် နတ်ဘုရားတစ်ပိုင်း ပညာရှင် အယောင်ငါးရာပါပြီး ကြယ်ခုနစ်ပွင့်၊ ကြယ်ရှစ်ပွင့်နှင့် ကြယ်ကိုးပွင့် ပညာရှင်များစွာလည် ပါပေသည်။

ဧကရာဇ်ကိုးပါးမျိုးနွယ်စု ပူးပေါင်းတိုက်ခိုက်ခဲ့သည့် အခါတိုင်း သူတို့၏ တိုက်ခိုက်စွမ်းအားက ကြီးခဲ့သည်။ သို့သော် လက်ရှိအင်အားက ထိုထက်ပင် အဆများစွာ ပိုကြီးနေသည်။ ဤတစ်ခေါက်တွင် ဧကရာဇ်အချို့ကိုယ်တိုင် ဝင်တိုက်ခိုက်ခဲ့ပြီး အခြားမျိုးနွယ်ကြီးများမှ စွမ်းအားကြီး သိုင်းပညာရှင်များလည်း ပါဝင်ပူးပေါင်းထားသည်။ ယခင်တွင် လဲ့ပန်းရှန်းတို့သည် အမြဲပင် ထိပ်တိုက် ထွက်တိုက်ခဲ့ကြသည်။ နဂါးကိုးကောင် နတ်ဘုရားသုတ်သင်အစီအရင်ကြောင့် သူတို့၏ စွမ်းအားက ကြယ်တစ်ပွင့်၊ ကြယ်နှစ်ပွင့် ပိုတိုးသွားကြသည်။ ဤတစ်ခေါက်တွင်တော့ မည်သူမှ အစီအရင်အပြင်သို့ ထွက်မလာဝံ့ကြပေ။

အဘယ်ကြောင့်ဆိုသော် ဤတစ်ခေါက်တွင် အဆုံးမဲ့ပင်လယ်နက်က စစ်ကူအဖြစ် မိစ္ဆာအရှင်တစ်ပါးပင် မပို့ပေးခဲ့၍ဖြစ်သည်။ အကယ်၍ လဲ့ပန်းရှန်းတို့သာ အစီအရင်အပြင်သို့ ထွက်လိုက်ပါက ချက်ချင်း အသတ်ခံလိုက်ရပေလိမ့်မည်။

ဝုန်း...ဝုန်း...ဝုန်း...

ငါးမိနစ်ကြာပြီးနောက် အစီအရင်ပေါ်မှ အက်ကြောင်းများက စတင် တိုးပွားလာသည်။ အပေါ်ကြီးကလည်း ပို၍ ကြီးလာသည်။ နောက်ဆုံးတွင် ခေါင်မိုးပြိုကျသကဲ့သို့ အစီအရင်တစ်ခုလုံး ပြိုကျပေါက်ကွဲသွားလေသည်။ ပတ်ဝန်းကျင်မှ အဖြူရောင်မြူခိုးများလည်း ပျောက်ကွယ်သွားသည်။ ဆန်းကြယ်သော အပြစ်သားကျွန်းသည် ဂါဝန်အလှန်ခံလိုက်ရသော မိန်းမပျိုလေးကဲ့သို့ အရှေ့ဘက် တော်ဝင်နယ်မြေ၏ မဟာမိတ်စစ်တပ်ရှေ့တွင် ပြူးပြူးကြီး ပေါ်သွားပေပြီ။

“ပြီးသွားပြီ...”

လဲ့ပန်းရှန်းသည် အစိတ်စိတ်အမွှာမွှာ ဖြစ်သွားသော နဂါးကိုးကောင် နတ်ဘုရားသုတ်သင်အစီအရင်ကိုကြည့်၍ သက်ပြင်းလေးလေးတစ်ချက် ချလိုက်၏။ ထိုအခိုက်တွင် သူသာမဟုတ် အပြစ်သားကျွန်းရှိ သိုင်းသမားအားလုံး ရင်ကွဲသွားကြသည်။ ထိုအစီအရင်က နှစ်သိန်းပေါင်းများစွာ အပြစ်သားကျွန်းကို ကာကွယ်ပေးခဲ့သော အစီအရင်ဖြစ်သည်။ ၎င်းက သူတို့၏ နတ်ဘုရားဒိုင်းကြီးပင်။ ယနေ့တွင်မူ ၎င်းက ပျက်စီးသွားပေပြီ။ ယင်းမှာ အပြစ်သားကျွန်း၏ မျိုးနွယ်(၁၃)ခုလည်း ပျက်စီးရတော့မည်ဟူသော အဓိပ္ပာယ်ပင်။

‘တကယ်ကို အောင်းလုက ကြိုးကိုင်သူပဲ။ သူက ဒီလိုအခိုက်မှာတောင် ထွက်မလာသေးဘူး’

စစ်ထူအောင်း၏ မျက်နှာထားက မျှော်လင့်ချက်ကင်းမဲ့နေသည်။ စစ်ကူများ ရောက်မလာရုံသာမက သူသည် သူ၏သားမက်ကို သေတွင်းထဲသို့ ပို့ခဲ့မိပြီဖြစ်သည်။ ထို့ကြောင့် စစ်ထူအောင်း ဒေါသထွက်နေခြင်းမှာ အံ့ဩစရာမရှိပေ။ စစ်ထူမျိုးနွယ်တွင် ဟင်းလင်းပြင်ပြောင်း‌ရွှေ့ခြင်းဟူဟော ထူးခြားသည့်စွမ်းရည်တစ်ခုရှိသည်။ ၎င်းကို သုံး၍ အပြစ်သားကျွန်းရှိ သိုင်းသမားများကို ထွက်ပြေးနိုင်အောင် ကူညီပေးနိုင်သည်။

သို့သော် ထိုအခိုက်တွင် စစ်ထူအောင်းသည် ထွက်ပြေးရန် တွေးပင်မတွေးမိပေ။ သူ ကျယ်လောင်စွာ အော်ပြောလိုက်သည်။

“ငါတို့က ကျွန်းနဲ့အတူ ရှင်မယ်၊ ကျွန်းနဲ့အတူ သေမယ်။ သတ်ကြ...”

“ကျွန်းနဲ့အတူ ရှင်မယ်၊ ကျွန်းနဲ့အတူ သေမယ်”

သန်းဆယ်ချီသော သိုင်းသမားများက တစ်ညီတည်း အော်လိုက်ပြီး အရှေ့သို့ ပျံထွက်ကာ တိုက်ခိုက်မှုများ ထုတ်လွှတ်လိုက်ကြသည်။ လဲ့ပန်းရှန်းတို့က ထိုသိုင်းသမားများကို ဦးဆောင်ကာ ဧကရာဇ်ကိုးပါးမျိုးနွယ်၏ နတ်ဘုရားတစ်ပိုင်းများကို ပစ်မှတ်ထား တိုက်ခိုက်လိုက်ကြသည်။ သို့သော် သူတို့သည် မြောက်ဘက်ဧကရာဇ်နှင့် တိုက်ပွဲဧကရာဇ်တို့ကိုတော့ မတိုက်ခိုက်လိုက်ကြပေ။

နဂါးကိုးကောင် နတ်ဘုရားသုတ်သင်အစီအရင် မရှိလျှင် သူတို့က ဧကရာဇ်များကို မယှဉ်နိုင်ကြောင်း သူတို့ သိပေသည်။ ထို့ကြောင့် သူတို့သည် မသေခင်တွင် ရန်သူများကို သတ်နိုင်သမျှသာ သတ်သွားရမည်ဖြစ်သည်။

ဝှစ်...ဝှစ်...ဝှစ်...

သန်းဆယ်ချီသော လူများက လေထဲသို့ တစ်ပြိုင်တည်း ပျံတက်လာသည့်မြင်ကွင်းက အလွန်ရှိန်ဖွယ်‌ကောင်းသည်။ သူတို့၏ တိုက်ခိုက်မှုများကလည်း ပြင်းထန်ကာ  အံ့အားသင့်စရာကောင်းသည်။ ထိုအခိုက်တွင် ၎င်းမြင်ကွင်းများက တစ်ခုတည်းအဖြစ် ပေါင်းစည်းသွားသကဲ့သို့ ထင်ရသည်။ ကောင်းကင်ကလည်း ပြိုကျတော့မလို ထင်ရသည်။ လေပြင်းများ တိုက်ခတ်နေပြီး တောင်များ ပြိုကျနေသဖြင့် ပင်လယ်ရေပြင်က တဗွမ်းဗွမ်း ဖြစ်နေသည်။ စစ်ပွဲကြီး စတင်ပေပြီ။

သတ်ကြ...

ဧကရာဇ်အားလုံးနှင့် အခြားသူများအားလုံး၏ မျက်ဝန်းများထဲတွင် မီးဟုန်းဟုန်းတောက်နေကြ၏။ ယခုစစ်ပွဲက သူတို့၏ အရှက်ရမှုအတွက် လက်စားချေနိုင်မည့် အခွင့်အရေးပင်။ အဆုံးမဲ့ပင်လယ်နက်နှင့် စစ်ပွဲက မည်သို့ အဆုံးသတ်သွားမည်ဖြစ်စေ ယ‌နေ့သည် သမိုင်းမှတ်တမ်းဝင်သွားပေလိမ့်မည်။ သူတို့သည် ပုန်ကန်သူများကို ရှင်းပစ်ကာ အပြစ်သားကျွန်းကို ဖျက်ဆီးပစ်မည်ဖြစ်သည်။

နှစ်ဘက်စလုံးတွင် လူသန်းဆယ်ချီ၍ ရှိနေသည်။ ကျန်တပ်ဖွဲ့ကိုးဖွဲ့ကလည်း ထိုနေရာသို့ လျင်မြန်စွာ လာပေါင်းကြသည်။ လေထဲရှိ ကောင်းကင်ကံကြမ္မာသင်္ဘောများ ပျောက်ကွယ်သွားပြီး ချပ်ဝတ်ပြည့် ဝတ်ဆင်ထားသော သိုင်းသမားများ ပေါ်ထွက်လာသည်။ အပြစ်သားကျွန်းအထက်တွင် လူသန်းတစ်ရာနီးပါးက တိုက်ခိုက်နေကြသည်။ ကောင်းကင်ကြယ်တာရာနယ်မြေ၏ အကြီးမားဆုံး လူသားစစ်ပွဲကြီး စတင်နေပေပြီ။

သို့သော်...

နှစ်ဘက်၏ တိုက်ခိုက်စွမ်းအားများက ကွာခြားကြသည်။ နှစ်ဘက်စလုံးက အင်အားအတူတူနီးပါး ဖြစ်သော်လည်း တစ်ဘက်က စွမ်းအားကြီး ကောင်းကင်ဧကရာဇ်များချည်းဖြစ်ပြီး ကျန်တစ်ဘက်တွင်မူ ကောင်းကင်ဧကရာဇ်အနည်းငယ်သာ ရှိသည်။ ထိုအရေအတွက်ရခဲ့သည်မှာပင် အပြစ်သားကျွန်းရှိ မျိုးနွယ်အားလုံး ပူးပေါင်းခဲ့၍ဖြစ်သည်။

နတ်ဘုရားတစ်ပိုင်း အရေအတွက် ကွာခြားမှုကလည်း သိသာသည်။ မဟာမိတ်စစ်တပ်ဘက်တွင် နတ်ဘုရားတစ်ပိုင်း ပညာရှင် အယောက်ငါးရာကျော် ရှိသော်လည်း အပြစ်သားကျွန်းဘက်တွင် ဒါဇင်အနည်းငယ်သာ ရှိသည်။ သူတို့ထဲက စွမ်းအားအကြီးဆုံး လဲ့ပန်းရှန်းသည်ပင် ကြယ်ခုနစ်ပွင့်အဆင့် သိုင်းပညာရှင်တစ်ယောက်သာဖြစ်သည်။ နဂါးကိုးကောင် နတ်ဘုရားသုတ်သင်အစီအရင် ရှိနေသေးလျှင်မူ သူ၏စွမ်းအားက ကြယ်ရှစ်ပွင့် သို့မဟုတ် ကြယ်ကိုးပွင့်အဆင့်အထိ တိုးတက်သွားနိုင်သည်။ သို့ဆိုလျှင် သူ၏ ပြောင်းပြန်အချိန်စီးကြောင်းက အသက်များစွာကို ကယ်နိုင်လောက်သည်။

သို့သော် ထိုအခိုက်တွင် လဲ့ပန်းရှန်းသည် မြောက်ဘက်ဧကရာဇ်၊ တိုက်ပွဲဧကရာဇ်တို့နှင့် သွားမတိုက်ခိုက်ဝံ့ပေ။ သူတို့နှစ်ယောက်စလုံးက ကြယ်ကိုးပွင့်အဆင့် တာအိုပုံသဏ္ဌာန်များကို ပိုင်ဆိုင်ထားကြရာ သူ၏ ပြောင်းပြန်အချိန်စီးကြောင်းက သူတို့အပေါ် သက်ရောက်နိုင်လိမ့်မည် မဟုတ်ပေ။

ဖုန်း...ဖုန်း...ဖုန်း...

နေရာအနှံ့တွင် ပေါက်ကွဲသံများ မြည်ဟည်းနေသည်။ သိုင်းသမားများကလည်း စက္ကန့်မလပ် သေဆုံးနေကြသည်။ သူတို့၏ခန္ဓာကိုယ်များက ပေါက်ကွဲထွက်ကာ အစိတ်စိတ်အမွှာမွှာ ဖြစ်သွားကြသည်။ အသားစများက လွင့်ပျံသွားသည်။ ထို့ကြောင့် ကောင်းကင်မှနေ၍ သွေးမိုးရွာချသကဲ့သို့ ဖြစ်နေသည်။ နာကျင်တကြီး အော်လိုက်သံများ၊ ဒေါသတကြီးအော်သံများ၊ ဝမ်းနည်းတကြီး အော်သံများကလည်း နားနှင့်မဆန့်နိုင်အောင် ပွက်ပွက်ညံနေသည်။ ထိုနေရာက ကောင်းကင်မိုးကြိုးကျွန်းနှင့် သိပ်မဝေးပေ။ သို့ဖြစ်ရာ အဝေးရှိ ကောင်းကင်တွင် လျှပ်စီးများလက်နေသည်ကို လှမ်းမြင်ရသည်။ ထိုလျှပ်စီးတန်းများများက ပင်လယ်ပြင်ကို အလင်းပေးနေသဖြင့် ရဲရဲနီနေသော သွေးပင်လယ်ကို မြင်နေရသည်။ ထိုမြင်ကွင်းမှာ အလွန်မနှစ်မြို့ဖွယ်ကောင်းသော မြင်ကွင်းပင်။

“ဟူး...”

လူအုပ်ကြီးတစ်ခု၏ ဝန်းရံမှုကို ခံထားရသော ရှင်းမုန့်ဝမ်သည် ထိုသတ်ဖြတ်မှုများကို ကြည့်ရင်း စိတ်မကောင်းသော မျက်နှာထားဖြင့် သက်ပြင်းတစ်ချက် ချလိုက်သည်။ ထို့နောက် သူမသည် ကောင်းကင်တမလွန်ဂိုဏ်းမှ နတ်ဘုရားတစ်ပိုင်းများကို လှည့်ကြည့်၍ လက်ဝှေ့ယမ်းကာ ပြောလိုက်လေသည်။

“ကျွန်မတို့ လုပ်စရာရှိတာကို လုပ်ပြီးသွားပြီ။ သွားကြမယ်။ ကျွန်မတို့ ကောင်းကင်တမလွန်ဂိုဏ်းကို ပြန်ကြမယ်... ဘာတွေ ဆက်ဖြစ်မယ်ဆိုတာကို ကျွန်မတို့ စိတ်ပူစရာမလိုဘူး”

“သွားကြမယ်...”

ကောင်းကင်တမလွန်ဂိုဏ်းမှ နတ်ဘုရားတစ်ပိုင်း ပညာရှင်ကိုးယောက်သည်လည်း တိုက်ခိုက်လိုစိတ် မရှိပေ။ ထို့ကြောင့် သူတို့အားလုံးသည် ရှင်းမုန့်ဝမ်နောက်သို့ လိုက်ကာ အ‌ရှေ့ဘက် ‌တော်ဝင်နယ်မြေဆီသို့ ဦးတည်ပျံသန်းသွားလိုက်ကြသည်။ မကြာခင်မှာပင် သူတို့သည် မြင်ကွင်းမှ ပျောက်ကွယ်သွားတော့သည်။

***

စစ်ပွဲကြီးက ခါးသီးစွာ ဆက်လက်ဖြစ်ပွားနေသည်။ ကောင်းကင်မိုးကြိုးကျွန်း၏ အ‌ရှေ့ဘက် ကီလိုမီတာငါးထောင်အကွာတွင် လူနှစ်ယောက်က တိတ်တဆိတ် ရပ်နေသည်။ သူတို့ထဲမှ တစ်ယောက်က အေးစက်၍ ကြမ်းတမ်းပုံပေါ်သော အနက်ရောင်ချပ်ဝတ် ဝတ်ဆင်ထားသည့် အသက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ယောက်ဖြစ်သည်။ ကျန်တစ်ယောက်မှာမူ အစိမ်းရောင်ဆံပင်ရှိသော အဘိုးအိုတစ်ယောက်ပင်။

အကယ်၍ စစ်ထူအောင်းနှင့် ဟွမ်ဖူချီတို့သာ ထိုနှစ်ယောက်ကို မြင်လိုက်ပါက မယုံနိုင်လောက်အောင် အံ့အားသင့်သွားပေလိမ့်မည်။

ထိုနှစ်ယောက်မှာ အောင်းလုနှင့် အနက်ရောင်နတ်ဘုရားတို့ဖြစ်သည်။ ထူးဆန်းသည်မှာ သူတို့က လေထဲတွင် ရပ်နေကြခြင်းဖြစ်သော်လည်း အောက်ဘက်ကုန်းမြေရှိ မည်သူကမှ သူတို့နှစ်ယောက်ကို မမြင်နိုင်ခြင်းပင်။ သူတို့သည် ကိုယ်ပျောက်နေသကဲ့သို့ပင်။

အောင်းလု၏ မျက်နှာက အေးစက်ကာ ခံစားချက်ကင်းမဲ့နေသည်။ သူသည် လက်နောက်ပစ်၍ အေးစက်စက်မျက်လုံးများဖြင့် အပြစ်သားပင်လယ်ကို ကြည့်နေသည်။ သူက ကီလိုမီတာငါးထောင်အကွာရှိ သတ်ဖြတ်မှုများကို မြင်နိုင်နေပုံပင်။ အနက်ရောင်နတ်ဘုရားကလည်း စကားတစ်ခွန်းမှမဆိုဘဲ မလှုပ်မယှက် ရပ်နေသည်။ သူက အောင်းလုထက်ပင် ပိုအေးစက်ကာ ပို၍ကြောက်မက်ဖွယ်ကောင်းနေသည်။ သူတို့နှစ်ယောက်သည် တစ်လက်မမှ မလှုပ်ကြသလို ဝင်ကူပေးရန်လည်း ဆန္ဒမရှိကြပေ။

“သွားကြစို့... ဆန်းကြယ်သိုင်းမြို့ကို ပြန်သွားမယ်”

ခြောက်နာရီကြာပြီးနောက် အပြစ်သားကျွန်းဘက်မှ သိုင်းသမားအများစုနှင့် နတ်ဘုရားတစ်ပိုင်း ထက်ဝက်ကျော်လောက် သေဆုံးသွားသည်။ အောင်းလုက လက်ဝှေ့ယမ်း၍ အရေးမစိုက်ဟန်ဖြင့် ပြောလိုက်သည်။ ထိုအချိန်တွင် အနက်ရောင်နတ်ဘုရား၏ မျက်နှာထားက ဖြစ်ပျက်နေသည်များကို မခံစားနိုင်သည့်ပုံ ပေါ်နေသည်။ သို့သော် သူ မည်သို့မှတော့ မပြောလိုက်ပေ။ သူတို့နှစ်ယောက်သည် အဖြူရောင်အလင်းတန်းများအဖြစ် ပြောင်းလဲကာ အဆုံးမဲ့ပင်လယ်နက်ဆီသို့ ပျံသန်းသွားလိုက်ကြသည်။ ထိုအခိုက်တွင်ပင် အပြစ်သားကျွန်းက မည်သူကမှ သူတို့နှစ်ယောက် ရောက်လာခဲ့ကြောင်းကို သတိမပြုမိကြသေးပေ။

စစ်ပွဲကြီးက အနောက်တွင် နေဝင်သည်အထိ ဆက်၍ ဖြစ်သွားနေသည်။ ကောင်းကင်တစ်ခြမ်းက ရဲရဲနီနေပေပြီ။ ဆည်းဆာနေရောင်ကြောင့် အနီရင့်ရောင် အပြစ်သားပင်လယ်က ပို၍ပင် နီလာလေသည်။

***

All Chapters