အပြစ်သားကျွန်း၏ အဆုံးသတ်
Vol. 85 Ch. 1178
အပြစ်သားကျွန်းမှ တိုက်ပွဲက သိပ်မကြာခဲ့ပေ။ နှစ်ရက်အတွင်းမှာပင် တိုက်ပွဲကြီး အဆုံးသတ်သွားသည်။
လဲ့ပန်းရှန်း၊ လဲ့ကူးနှင့် အခြားများအားလုံး သေဆုံးသွားခဲ့သည်။ နတ်ဘုရားတစ်ပိုင်း ပညာရှင်တစ်ယောက်မှ မလွတ်ခဲ့ပေ။ အပြစ်သားကျွန်း၏ မျိုးနွယ်(၁၃)ခုမှ သိုင်းသမားအများစုလည်း ကောင်းကင်မိုးကြိုးကျွန်းအနီးတွင် ထာဝရအိပ်စက်အနားယူသွားရပြီဖြစ်သည်။ အနည်းငယ်သာ လွတ်မြောက်ခဲ့ပြီး အပြစ်သားကျွန်းထဲတွင် ပုန်းအောင်းနေကြသည်။ သူတို့သည် ကျွန်း၏မြေမျက်နှာသွင်ပြင်ကို အသုံးချ၍ ပျောက်ကျားတိုက်ပွဲများ ဆင်နွှဲလိုနေကြသည်။ မဟာမိတ်စစ်တပ်မှ တပ်သားများကို တတ်နိုင်သမျှများများ သတ်ရပေမည်။
အပြစ်သားကျွန်း၏ သန်းငါးဆယ်နီးပါးသော သိုင်းသမားများထဲမှ အများစု သေသွားခဲ့သည်။ သန်းအနည်းငယ်သာ လွတ်မြောက်သွားသည်။ အရှေ့ဘက် တော်ဝင်နယ်မြေဘက်တွင်လည်း အဆုံးအရှုံးကြီးခဲ့သည်။ အပြစ်သားကျွန်းမှ သိုင်းသမားများက သေမည်ကို မမှုတော့သဖြင့် အစွမ်းကုန်တိုက်ခိုက်ခဲ့ကြသည်။ သူတို့အများစုသည် ရန်သူများထံသို့ အတင်းပျံဝင်သွားပြီး သူတို့ကိုယ်သူတို့ ဖောက်ခွဲပစ်ကာ ရန်သူများကို သေရွာသို့ အပါခေါ်သွားခဲ့သည်။
မဟာမိတ်စစ်တပ်ဘက်တွင် သေဆုံးသူ၊ ဒဏ်ရာရသူ စုစုပေါင်း ဆယ်သန်းနီးပါးရှိသည်။ နတ်ဘုရားတစ်ပိုင်း ပညာရှင် အယောက်သုံးဆယ်ကျော်လည်း ကျဆုံးသွားခဲ့သည်။ ထိုအရေအတွက်က အပြစ်သားကျွန်းဘက်မှ အဆုံးအရှုံးများနှင့် ယှဉ်လျှင် မပြောပလောက်သော်လည်း ကြီးမားသော ဆုံးရှုံးမှုဟု ဆိုနိုင်ပေသေးသည်။ မဟာမိတ်စစ်တပ်၏ တိုက်ခိုက်စွမ်းအားက အပြစ်သားကျွန်းထက် အဆအနည်းငယ် ပိုကြီးခဲ့၍သာ ထိုမျှလောက်ပဲ ဆုံးရှုံးခဲ့ခြင်းဖြစ်သည်။ ထိုတိုက်ပွဲကြီးက ခြင်္သေ့အုပ်နှင့် ဝံပုလွေအုပ်တို့ တိုက်ပွဲကဲ့သို့ပင်။ ဝံပုလွေအုပ်က သေချာပေါက် ရှုံးမည်ဆိုသော်ငြား ခြင်္သေ့များလည်း မသက်သာလှပေ။ အဆုံးအရှုံးက တိုက်ပွဲဧကရာဇ်၊ မြောက်ဘက်ဧကရာဇ်နှင့် အခြားသူများ မျှော်လင့်ထားသည်ထက် များစွာ ပိုများခဲ့သည်။ အရှေ့ဘက် တော်ဝင်နယ်မြေမှ မဟာမိတ်စစ်တပ်၏ အကြီးမားဆုံး ရန်သူမှာ အဆုံးမဲ့ပင်လယ်နက်ဖြစ်သည်။ အပြစ်သားကျွန်းမှာ နှုတ်မြိန်စာလောက်သာ။ သို့သော် သူတို့ဘက်က များစွာ ဆုံးရှုံးခဲ့ရပေပြီ။ ထို့ကြောင့် အပြစ်သားကျွန်းမှ တပ်များက မည်မျှ ခက်ထန်ကြောင်း သိနိုင်ပေသည်။
စစ်ထူအောင်းနှင့် စစ်ထူနူတို့လည်း သေဆုံးခဲ့သည်။
နဂါးကိုးကောင် နတ်ဘုရားသုတ်သင်အစီအရင်က ပျက်စီးသွားခဲ့ပြီး၊ အောင်းလုနှင့် အနက်ရောင်နတ်ဘုရားတို့ကလည်း ထွက်သွားခဲ့သဖြင့် သူတို့က ထိုသို့သာ အဆုံးသတ်ရမည်ဖြစ်သည်။ သို့သော် မဟာမိတ်စစ်တပ်ဘက်က အထိအခိုက်၊ အကျအဆုံးများခဲ့ခြင်းမှာ စစ်ထူမျိုးနွယ်၏ စွမ်းဆောင်ချက် ဖြစ်ပေသည်။ လေဟာနယ်ပြောင်းရွှေ့အတတ်က စစ်ထူမျိုးနွယ်ဝင်များကို တစ္ဆေများအလား နေရာအနှံ့တွင် ပေါ်လိုက်၊ ပျောက်လိုက် ဖြစ်စေခဲ့သည်။
စစ်ထူအောင်း၏ ဗျူဟာနှင့် ရည်ရွယ်ချက်က ထင်ရှားသည်။ သူတို့က ဧကရာဇ်များနှင့် ထိပ်တိုက်မတိုက်ခိုက်ဘဲ လွယ်ကူသည့်သူများကိုသာ ပစ်မှတ်ထားခဲ့သည်။ ထို့ကြောင့် နတ်ဘုရားတစ်ပိုင်းများ မရှိသည့် နေရာတိုင်းတွင် သူတို့ ထွက်ပေါ်လာခဲ့သည်။ မြောက်ဘက်ဧကရာဇ်၊ တိုက်ပွဲဧကရာဇ်၊ သားရဲဧကရာဇ်နှင့် အခြားသူများက ခွေးရူးလုပ်ခံခဲ့ရသည်။ ထိုဗျူဟာက မဟာမိတ်စစ်တပ်၏ တိုက်စစ်ပုံစံများကိုပင် ဖျက်ဆီးနိုင်လုနီးပါး ဖြစ်ခဲ့သည်။
ကောင်းကင်မိုးကြိုးကျွန်းအနီးမှ ပင်လယ်ဒေသတွင် လူသန်းငါးဆယ်ကျော် ထာဝရအိပ်စက်အနားယူသွားပြီဖြစ်သည်။ ပင်လယ်ပြင်ထက်တွင် မရေမတွက်နိုင်သော အလောင်းများနှင့် ခြေပြတ်လက်ပြတ်များ မျောနေကြသည်။ ပင်လယ်ရေကလည်း နီရဲနေသည်။ သွေးညှီနံ့များကလည်း နေရာအနှံ့သို့ ပျံ့နှံ့နေသည်။ ပင်လယ်လေများက ထိုသွေးညှီနံ့များကို အခြားနေရာများအထိ သယ်ဆောင်သွားကြသည်။
ပတ်ဝန်းကျင်ဧရိယာက လောကငရဲဖြစ်ခဲ့သည်။ စစ်ချီရာသို့ လိုက်ပါလိုသည်ဟု ခေါင်းမာမာဖြင့် အတင်းလိုက်လာခဲ့သော လင်းရှီယာ့နှင့် သခင်မလေးတစ်စုတို့ အဆက်မပြတ် ပျို့အန်နေကြသည်။ သူမတို့သည် ကောင်းကင်ကံကြမ္မာသင်္ဘောထဲ ပြန်ဝင်သွားခဲ့ကြပြီး အပြင်သို့ ထပ်ထွက်မလာဝံ့ကြတော့ပေ။
အောက်ဘက်ရှိ အပြစ်သားကျွန်းတွင်လည်း ဒဏ်ရာရထားသူများစွာ ရှိနေသည်။ အချို့လူများဆိုလျှင် ခန္ဓာကိုယ်တစ်ခြမ်း မရှိကြတော့ပေ။ သူတို့သည် ပင်လယ်ရေထဲတွင် အသက်ငင်နေကြပြီး သူတို့၏လက်နက်များကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်၍ ညည်းတွား၊ ငိုကြွေးနေကြသည်။
“ဒဏ်ရာရထားတဲ့သူတွေကို ဘယ်လိုလုပ်လိုက်ရမလဲခင်ဗျာ”
စစ်သူကြီးအချို့က တိုက်ပွဲဧကရာဇ်နှင့် မြောက်ဘက်ဧကရာဇ်တို့ကို လာမေးကြသည်။ တိုက်ပွဲဧကရာဇ်က တောင်ပုံရာပုံ ဖြစ်နေသော အလောင်းပုံကြီးကို တစ်ချက်ကြည့်လိုက်ပြီး ဆက်၍စိတ်မတင်းနိုင်တော့သည့်ဟန်ဖြင့် ပြောလိုက်သည်။
“သူတို့ကို ဖမ်းပဲထားလိုက်ပါ”
“သူတို့ကို ဖမ်းထားတော့ရော ဘာအသုံးဝင်မှာလဲ”
မိစ္ဆာဧကရာဇ်က ခက်ထန်သော မျက်ဝန်းများဖြင့် အေးစက်စက် အော်ပြောလိုက်သည်။
“သူတို့အကုန်လုံးကို သတ်ပစ်လိုက်”
သားရဲဧကရာဇ်၏ တစ်ကိုယ်လုံးလည်း သွေးများရွှဲနေသည်။ တိုက်ပွဲဆုံးခါနီးတွင် သူသည် နတ်ဘုရားဒိုင်းကိုပင် မထုတ်တော့ဘဲ သူ၏ နဂါးလူသားခန္ဓာကိုယ်ကိုသာ သုံး၍ တိုက်ခိုက်ခဲ့သည်။ ထို့ကြောင့် သူ့တစ်ကိုယ်လုံး သွေးများရွှဲနေခြင်းဖြစ်သည်။ သူသည် ဒဏ်ရာရထားသော ရန်သူများကို ကြည့်ကာ ပြောလိုက်သည်။
“ဟုတ်တယ်... သူတို့ အကုန်လုံးကို သတ်ပစ်လိုက်”
ထန်မျိုးနွယ်ခေါင်းဆောင် ထန်ရှန်းကျိက တွန့်ဆုတ်ဟန်ဖြင့် သက်ပြင်းလေးလေးတစ်ချက် ချကာ ပြောလိုက်သည်။
“ဒီနေ့ လူတွေအများကြီး သေခဲ့ပြီးပြီ။ ကျုပ်တို့ ဆက်ပြီးသတ်ဖို့ လိုသေးလို့လား။ ဒဏ်ရာရထားတဲ့သူတွေက အနည်းဆုံး တစ်သန်းလောက်တော့ ရှိတယ်မလား။ ကျုပ်တို့ အကြောင်းမဲ့ သတ်ဖြတ်မယ်ဆိုရင် ကောင်းကင်ကို ဒေါသထွက်စေလိမ့်မယ်”
ဓားဧကရာဇ်သည်လည်း ထန်မျိုးနွယ်ခေါင်းဆောင်နှင့် သဘောချင်းတူသည်။ မြောက်ဘက်ဧကရာဇ်က လက်ဝှေ့ယမ်းကာ ပြောလိုက်လေသည်။
“သူတို့ရဲ့ မျက်နှာထားတွေကို ကြည့်လိုက်ပါဦး။ သူတို့က ကျုပ်တို့ကို ဘယ်လောက်တောင် မုန်းတီးနေလိုက်လဲ။ သူတို့က အပြစ်သားကျွန်းက သစ္စာဖောက်တွေပါ။ သူတို့က အရှေ့ဘက် တော်ဝင်အပေါ်မှာ အမုန်းတရားပဲ ရှိကြတယ်။ တကယ်လို့ ကျုပ်တို့ သူတို့ကို အရှင်ထားလိုက်မယ်ဆိုရင် ကိုယ့်ဒုက္ခကိုယ်ရှာသလို ဖြစ်သွားလိမ့်မယ်။ ကျူပင်ခုတ် ကျူငုတ်မကျန်တဲ့... သူတို့အကုန်လုံးကို ရှင်းပစ်ရမယ်။ တကယ်လို့ အဲ့လူတွေသာ ထွက်ပြေးလွတ်မြောက်သွားရင် သူတို့ရဲ့မျိုးဆက်တွေက အရှေ့ဘက် တော်ဝင်နယ်မြေက လူတွေကို ပြန်သတ်ပြီး လက်စားချေဖို့ ကြိုးစားမှာပဲ။ အဲ့လိုတွေဖြစ်လာရင် ဘယ်သူက တာဝန်ခံမှာလဲ”
ထန်ရှန်းကျိတို့ နှုတ်ဆိတ်သွားရသည်။ မြောက်ဘက်ဧကရာဇ်၏ စကားက မှန်ပေသည်။ ဤစစ်ပွဲပြီးသွားလျှင် အပြစ်သားကျွန်းမှ လူများ၏ အရှေ့ဘက် တော်ဝင်နယ်မြေအပေါ်ထားသော အမုန်းတရားက ပို၍သာ နက်ရှိုင်းလာမည်ဖြစ်သည်။ အကယ်၍ သူတို့က လွတ်မြောက်သွားပြီး အရှေ့ဘက် တော်ဝင်နယ်မြေမှ လူများကို ပြန်သတ်မည်ဆိုလျှင် အကျိုးဆက်က ဆိုးဝါးသွားပေလိမ့်မည်။
မြောက်ဘက်ဧကရာဇ်သည် ဘယ်သူကမှ ဘာမှမပြောကြသည်ကို တွေ့၍ ပြတ်ပြတ်သားသား လက်ဝှေ့ယမ်းကာ ပြောလိုက်သည်။
“ခင်ဗျားတို့ထဲက ဘယ်သူကမှ အမိန့်မပေးချင်မှတော့.. ကျုပ်ပဲ လူဆိုးအဖြစ်ခံလိုက်ပါမယ်။ တစ်ယောက်ယောက်လာစမ်း... ဒဏ်ရာရထားတဲ့ ရန်သူတွေကို သတ်ပစ်လိုက်ဖို့ တပ်သားတွေကို ပြောလိုက်။ ပြီးတော့ ငါတို့တပ်တွေကို ဖြန့်ကျက်ပြီး နဂါးကျွန်းဆွယ်ကိုးခုနှင့် ရှန်းစီကျွန်းကို တိုက်ခိုက်ဖို့ ပြောလိုက်။ ရန်သူတွေကို တစ်ယောက်မကျန် သတ်ပစ်ရမယ်။ အဲ့အမိန့်ကို ဆန့်ကျင်တဲ့သူမှန်သမျှ ကွပ်မျက်ခံရမယ်”
“ခင်ဗျား အဲ့လိုလုပ်လို့မရဘူး”
ထန်ရှန်းကျိက လျင်မြန်စွာ အော်ပြောလိုက်သည်။
“ဝူရှန်း... ကျုပ်တို့ ဒီကိစ္စကို ဆက်ပြီးဆွေးနွေးသင့်တယ်။ ခင်ဗျား အမိန့်ပေးလိုက်တာနဲ့ အပြစ်သားကျွန်းက လူတိုင်း အသတ်ခံရလိမ့်မယ်။ အပြစ်ကင်းတဲ့ အရပ်သူ၊ အရပ်သားတွေလည်း အသတ်ခံရလိမ့်မယ်”
ပြင်းထန်သော တိုက်ပွဲကြီးတစ်ပွဲကို ဆင်နွှဲခဲ့ရ၍ လူတိုင်း သွေးဆာနေကြသည်။ အကယ်၍ တပ်သားများသာ အပြစ်သားကျွန်းကို ရှင်းပစ်ရန် အမိန့်ရလိုက်လျှင် အပြစ်သားကျွန်းတွင် လူတစ်ယောက်ပင် ရှင်ကျန်ခဲ့မည် မဟုတ်ပေ။ မရေမတွက်နိုင်သော အရပ်သူ၊ အရပ်သားများ သတ်ပစ်ခံရပေလိမ့်မည်။ မိန်းမများလည်း အဓမ္မကျင့်ခံရကာ အသတ်ခံရပေမည်။ မဟာမိတ်စစ်တပ်ကို လွန်ခဲ့သော သုံးလကမှ စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် စစ်စည်းကမ်းများက အားနည်းနေသေးသည်။ ထို့ပြင် တပ်သားများထဲတွင် တောင်ပေါ်ဓားပြများစွာလည်း ပါဝင်သည်။ ထိုဓားပြများက ရှေ့မှနေ၍ လုယက်ခြင်းများ၊ အဓမ္မကျင့်ခြင်းများ လုပ်ပြလျှင် အခြားတပ်သားများကလည်း လိုက်လုပ်ကြမည်ဖြစ်သည်။ သို့ဆိုလျှင် အခြေအနေက ထိန်းမနိုင်သိမ်းမရ ဖြစ်သွားပေလိမ့်မည်။
“ဟင်းဟင်း...”
ဝူရှန်းက အေးစက်စက်ရယ်၍ ပြန်ပြောလိုက်သည်။
“အဲ့ဒါဆို ကျုပ်တို့က ဘာလုပ်ရမှာလဲ။ အခု ကျုပ်တို့က အဆုံးမဲ့ပင်လယ်နက်ကို တိုက်ကြတော့မှာ။ အဲ့ကျရင် အပြစ်သားကျွန်းက ကျုပ်တို့ ကျောဘက်မှာ ရှိနေမှာပဲ။ ကျုပ်တို့ရဲ့ နောက်ကျောက မလုံရင် တပ်သားတွေ ဖရိုဖရဲဖြစ်ကုန်မှာပေါ့။ အဲ့လိုဆို ကျုပ်တို့အကုန်လုံး အဆုံးမဲ့ပင်လယ်နက်မှာ သေရလိမ့်မယ်။ ဘယ်တစ်ခုက ပိုကောင်းလဲ။ ကျုပ်တို့ အသေခံမှာလား ဒါမှမဟုတ် အပြစ်သားကျွန်းက သစ္စာဖောက်ကို သတ်မှာလား”
မြောက်ဘက်ဧကရာဇ်၏ စကားများက အဓိပ္ပာယ်ရှိသည်။ အပြစ်သားကျွန်းက အရှေ့ဘက် တော်ဝင်နယ်မြေနှင့် အဆုံးမဲ့ပင်လယ်နက်ကြားတွင် တည်ရှိသည်။ အပြစ်သားကျွန်းကို အမြစ်မလှန်ခဲ့၍ မဟာမိတ်စစ်တပ်၏ ကျောဘက်က အတိုက်ခိုက်ခံရလျှင် သူတို့အားလုံး အဆုံးမဲ့ပင်လယ်နက်တွင် သေဆုံးသွားနိုင်သည်။ မိမိကိုယ်တိုင် သေရခြင်းထက် အခြားသူကို သတ်ရခြင်းက ပိုကောင်းသည်။
တိုက်ပွဲဧကရာဇ်သည် ခေတ္တမျှ စဉ်းစား၍ ဝင်ပြောလိုက်သည်။
“ကျုပ်တို့ ရန်သူတွေနောက်ကိုတော့ လိုက်ရမယ်။ ကျုပ်တို့တပ်သားတွေက စိတ်ဓာတ်တက်ကြွနေမှရမယ်။ ကျုပ်တို့စစ်တပ်က အလကားနားမနေသင့်ဘူး။ ဒါပေမဲ့ မဆင်မခြင်လည်း မသတ်ဖြတ်သင့်ဘူး။ ဒီလိုလုပ်ကြတာပေါ့။ ဧကရာဇ်ကိုးပါးမျိုးနွယ်စုက လူတချို့ကို ရွေးထုတ်ပြီး စည်းကမ်းထိန်းသိမ်းအဖွဲ့ဆယ်ဖွဲ့ ဖွဲ့မယ်။ အဲ့အဖွဲ့တွေက တပ်သားတွေကို စစ်စည်းကမ်းတွေ သင်ကြားပေးရမယ်၊ စည်းကမ်းတွေကို ထိန်းသိမ်းပေးရမယ်။ ဘယ်တပ်သားကမှ အရပ်သူ၊ အရပ်သားတွေကို မသတ်ရဘူး၊ မလုယက်ရဘူး အဓမ္မမကျင့်ရဘူး”
တိုက်ပွဲဧကရာဇ်၏ နည်းလမ်းက မရုတ်မလွန်ဖြစ်သဖြင့် ကျန်သူများအားလုံး ချက်ချင်း ခေါင်းညိတ်လက်ခံလိုက်ကြသည်။ မဟာမိတ်စစ်တပ်၏ နောက်ကျောဘက် လုံခြုံစေရန် တပ်ဖြန့်၍ အပြစ်သားကျွန်းမှ သိုင်းသမားအားလုံးကို လိုက်သတ်ရမည်ဆိုသော အမိန့်က တပ်ဖွဲ့ဆယ်ဖွဲ့ထံ ချက်ချင်း ရောက်ရှိသွားသည်။ ဧကရာဇ်ကိုးပါးမျိုးနွယ်စုကလည်း လူအချို့ကို ရွေးထုတ်၍ စည်းကမ်းထိန်းသိမ်းရေးအဖွဲ့များ ဖွဲ့စည်းပေးလိုက်သည်။
လင်းချီကျန့်၊ ကျန့်ဝူယင်း၊ ဝူနီ၊ ထူလုံ၊ ယဲ့ရင်နှင့် အခြားသခင်လေးများက စည်းကမ်းထိန်းသိမ်းရေးအဖွဲ့များ၏ ခေါင်းဆောင်များအဖြစ် တာဝန်ယူရသည်။ အပြစ်သားကျွန်းမှ နတ်ဘုရားတစ်ပိုင်း အားလုံးက သေဆုံးသွားပြီဖြစ်၍ အပြစ်သားကျွန်းပေါ်တွင် မည်သည့်အန္တရာယ်မှ မရှိတော့ပေ။ ဧကရာဇ်များက သူတို့ကို အတွေ့အကြုံရစေရန် ဤတစ်ခေါက်စစ်ပွဲသို့ ခေါ်လာခဲ့ခြင်းဖြစ်သည်။ ယခု သူတို့ ထိုတာဝန်ကို ယူရသည်မှာလည်း အတွေ့အကြုံရရန် ဖြစ်သည်။
တိုက်ပွဲဧကရာဇ်တို့သည် တပ်သားသန်းအနည်းငယ်ကို ခေါ်၍ ရှန်းစီကျွန်းသို့ ဦးတည်သွားလိုက်သည်။ ဧကရာဇ်များသည် အပြစ်သားကျွန်းကို အနိုင်ရခဲ့၍ ခံစားချက်ကောင်းနေကြသည်။ ထိုအောင်နိုင်မှုကို ဖျောက်ဖျက်၍မရပေ။ လွန်ခဲ့သော နှစ်ခုနစ်သိန်းကျော်အတွင်း ဧကရာဇ်ကိုးပါးမျိုးနွယ်စုက မရေမတွက်နိုင်သော သိုင်းသမားများနှင့် မဟာဗျူဟာများ ရေးဆွဲနိုင်သည့် ကြောက်မက်ဖွယ် တိုက်ခိုက်စွမ်းအားဖြင့် မျိုးနွယ်ခေါင်းဆောင်ငယ်များစွာကို အပြစ်သားကျွန်းသို့ စေလွှတ်ခဲ့သည်။ သို့သော် မည်သူကမှ အပြစ်သားကျွန်းကို အနိုင်မယူနိုင်ခဲ့ပေ။ မည်သူက အပြစ်သားကျွန်း၏ မျိုးနွယ်(၁၃)ခုကို ရှင်းပစ်နိုင်သနည်း။ မည်သူက ဧကရာဇ်ကိုးပါးမျိုးနွယ်စု ခံစားခဲ့ရသော အရှက်ရမှုကို ဖျောက်ဖျက်နိုင်သနည်း။
ဧကရာဇ်များသာ ထိုသို့ လုပ်နိုင်ပေသည်။
တိုက်ပွဲဧကရာဇ်နှင့် မြောက်ဘက်ဧကရာဇ်တို့သည်လည်း သူတို့၏တပ်များသာ ဆက်၍ ဖိအားပေးချီတက်လျှင် သူတို့က မိစ္ဆာအရှင်များ၏ အဆုံးမဲ့ပင်လယ်နက်ကို သန့်စင်ပစ်ကာ မိစ္ဆာမျိုးနွယ်ကို မျိုးတုံးသွားအောင် လုပ်နိုင်လိမ့်မည်ဟု တွေးနေကြသည်။ သူတို့သည် လက်ရှိတွင် မိစ္ဆာမျိုးနွယ်က ထိန်းချုပ်ထားသော အဆုံးမဲ့ပင်လယ်နက်၏ မြောက်ဘက်၊ တောင်ဘက်နှင့် အရှေ့ဘက်တို့ကိုလည်း သိမ်းပိုက်နိုင်ပေလိမ့်မည်။ ထို့နောက်တွင် လူသားမျိုးနွယ်က ထိုနယ်မြေများတွင် အခြေချနေထိုင်နိုင်မည်ဖြစ်သည်။ ထိုသို့ဖြင့် သူတို့၏ ပိုင်နက်က ပြန့်ကားလာမည်ဖြစ်ပြီး သူတို့၏အောင်မြင်မှုက ဆန်းကြယ်ဧကရာဇ်၏ အောင်မြင်မှုနှင့် ယှဉ်နိုင်လာပေလိမ့်မည်။
ထို့ကြောင့် ဤရက်ပိုင်းအတွင်း၌ ဧကရာဇ်များက အလွန်ပျော်နေခဲ့၏။ သူတို့သည် နေ့စဉ် စုဝေးကာ သေရည်အတူသောက်ကြသည်။ သူတို့သည် အသံလှိုင်းဧကရာဇ် ပျောက်သွားသည်ကိုပင် သတိမပြုမိကြသလို သူတို့၏ တပ်သားအချို့က အရပ်သူ၊ အရပ်သားများအပေါ် သတ်ဖြတ်ခြင်းများ၊ လုယက်ခြင်းများ ကျူးလွန်နေကြသည်ကိုလည်း အရေးမစိုက်ခဲ့ကြပေ။
ဤတစ်ကြိမ်တွင် တပ်သားများက အမှန်ပင် စွမ်းဆောင်နိုင်ခဲ့ကြသည်။ သူတို့က အစွမ်းကုန် တိုက်ခိုက်ခဲ့ပြီး အခက်အခဲများကို တောင့်ခံခဲ့ကြသည်။ အချို့က ဒဏ်ရာရခဲ့ကြပြီး အချို့လည်း သေဆုံးခဲ့ရသည်။
ယခုတွင် သူတို့က အနိုင်ရခဲ့ပြီဖြစ်၍ သူတို့၏ အာသီသများကို ဖွင့်ထုတ်ကြခြင်းမှာ ဧကရာဇ်များကို မထိခိုက်စေပေ။ ထို့ပြင် တပ်သားများက အကျိုးအမြတ်အချို့ ရခဲ့ပြီဖြစ်၍ နောက်တိုက်ပွဲများတွင် ပို၍ပင် အားထုတ်၍ တိုက်ခိုက်ကြမည် မဟုတ်လော။ စည်းကမ်းထိန်းသိမ်းရေးအဖွဲ့များက တပ်သားများ၏ စည်းကမ်းချိုးဖောက်မှုများကို ဧကရာဇ်များထံ တင်ပြခဲ့သည်။ သို့သော် ဧကရာဇ်များသည် စည်းကမ်းဖောက်ဖျက်သူများကို အပြစ်ပေးရန်သာ ပြောခဲ့သည်။ မည်သူမှ ကွပ်မျက်မခံခဲ့ရပေ။
ဧကရာဇ်များ၏ အပြစ်ဒဏ်လျှော့ပေါ့ပေးမှုက သတ်ဖြတ်ခြင်း၊ လုယက်ခြင်းနှင့် အဓမ္မကျင့်ခြင်းတို့ကို တောမီးလောင်သကဲ့သို့ ပျံ့နှံ့သွားစေသည်။ နောက်ဆုံးတွင် စည်းကမ်းထိန်းသိမ်းရေးအဖွဲ့များပင် ထိုလုပ်ရပ်များကို ကျူးလွန်လာကြသည်။ လူတိုင်း သွေးဆာနေကြသည်။ အခြေအနေက လျင်မြန်စွာပင် ထိန်းမနိုင်သိမ်းမရ ဖြစ်သွားလေသည်။
ထန်ရှန်းကျိတို့သည် ထိုသတင်းကို ရသောအခါ မျိုးနွယ်အသီးသီးမှ စစ်သူကြီးများကို အစည်းအဝေးခေါ်လိုက်သည်။ ထို့နောက် စည်းကမ်းထိန်းသိမ်းရေးအဖွဲ့အသစ်များကို ဖွဲ့စည်းလိုက်ကာ အခြေအနေကို ထိန်းစေလိုက်သည်။ သို့သော် သူတို့က ခြောက်ရက် နောက်ကျခဲ့ပေပြီ။ ထိုခြောက်ရက်အတွင်းတွင် အပြစ်သားကျွန်းမှ အရပ်သူ၊ အရပ်သား သန်းရာချီ အသတ်ခံခဲ့ရသည်။ မြို့တစ်သောင်းကျော်လည်း ဖျက်ဆီးခံခဲ့ရသည်။ အပြစ်သားကျွန်းတစ်ခွင်လုံးတွင် အလောင်းပုံကြီးများနှင့် ပြည့်နှက်နေသည်။ သွေးများကလည်း မြစ်များကဲ့သို့ စီးဆင်းနေကြသည်။ အပြစ်သားကျွန်းမှာ ငရဲကျွန်း ဖြစ်သွားပေပြီ။
***