လောကကြီးက ကျားကစားပွဲတစ်ခု
Vol. 85 Ch. 1179
အပြစ်သားကျွန်းက ဖျက်ဆီးခံလိုက်ရပြီဖြစ်သည်။ မြို့ပေါင်းသောင်းနဲ့ချီ ပျက်စီးသွားခဲ့သည်။ အရပ်သူ၊ အရပ်သား သန်းလေးထောင်ကျော် သေဆုံးသွားခဲ့သည်။
မဟာမိတ်စစ်တပ်သည် သူတို့ဝင်သွားသော မြို့တိုင်းကို ဖျက်ဆီးပစ်ခဲ့သည်။ သူတို့သည် ရတနာများကို လုယက်ကာ မိန်းမပျိုများကို အဓမ္မကျင့်ခဲ့ကြသည်။ စစ်တပ်က ကျွန်းဆွယ်ခြောက်ခုကို သိမ်းပိုက်ပြီးနောက် အရပ်သူ၊ အရပ်သား သုံးသန်းလောက်သာ အသက်ရှင်ကျန်တော့သည်။
ဝူနီတို့သည် အစပိုင်းတွင် တပ်သားများကို ထိန်းသိမ်းရန် ကြိုးစားခဲ့ကြသည်။ သို့သော် စည်းကမ်းဖောက်ဖျက်မှုများကို အထက်သို့ တင်ပြသောအခါ ထိုသူများအား အပြစ်ပေးရန်သာ အမိန့်ချမှတ်ခံရသည်။ ထို့ကြောင့် သူတို့သည် ရွေးချယ်စရာ မရှိတော့ဘဲ စည်းကမ်းဖောက်ဖျက်သူများကို ကြာပွတ်ဖြင့် အချက်ရာချီ ရိုက်ကာ အပြစ်ပေးခဲ့ကြသည်။ ကောင်းကင်ဧကရာဇ်များအတွက် ယင်းအပြစ်ဒဏ်မှာ ပွန်းပဲ့ရာလောက်သာ။ နာရီအနည်းငယ်နေလျှင် သူတို့၏ ဒဏ်ရာများက ပြန်ကောင်းသွားမည်ဖြစ်သည်။
နောက်ပိုင်းတွင် ဝူနီ၊ လင်းချီကျန့်နှင့် အခြားသူများသည် လက်လျှော့ရန် ဆုံးဖြတ်လိုက်ကြသည်။ စစ်တပ်ကို မည်သို့မှ စည်းကမ်းကြပ်မတ်နိုင်မည် မဟုတ်ပေ။ မဟာမိတ်စစ်တပ်က မျိုးနွယ်အနည်းငယ်နှင့် ဖွဲ့စည်းထားသော စစ်တပ်မဟုတ်။ အရှေ့ဘက် တော်ဝင်နယ်မြေတစ်ခွင်လုံးရှိ မျိုးနွယ်ကြီး၊ မျိုးနွယ်ငယ်များမှ စွမ်းအားကြီး သိုင်းသမားများနှင့် ဖွဲ့စည်းထားခြင်းဖြစ်သည်။ ထို့ကြောင့် သူတို့တစ်ယောက်ချင်းစီကို စည်းကမ်းကြပ်မတ်ရန် မဖြစ်နိုင်ပေ။ တစ်ယောက်ယောက်ကစ၍ လုယက်ခြင်းများ၊ အဓမ္မကျင့်ခြင်းများကို လုပ်ပြလျှင် ကျန်လူများက လိုက်လုပ်ကြမည်ဖြစ်သည်။
တပ်သားများ ထင်တိုင်းကျဲနေရခြင်း၏ နောက်ကွယ်တွင် အခြားအကြောင်းလည်း ရှိပေသေးသည်။ ထိုအကြောင်းမှာ အပြစ်သားကျွန်းနှင့် အရှေ့ဘက် တော်ဝင်နယ်မြေကြားမှ ရန်ငြိုးဖြစ်သည်။ အရှေ့ဘက် တော်ဝင်နယ်မြေမှ လူများသည် ငယ်စဉ်ကတည်းက ဦးနှောက်ဆေးခံခဲ့ရ၍ အပြစ်သားကျွန်းမှ လူများက မကောင်းသူများဟု ယုံကြည်ကြသည်။ အပြစ်သားကျွန်းမှလူများက အရှေ့ဘက် တော်ဝင်နယ်မြေမှ လူများ၏ ကမ္ဘာ့ရန်သူများ ဖြစ်လာခဲ့သည်။ သူတို့က လူသားမျိုးနွယ်၏ ဆူးခလုတ်ဟု သမုတ်ခံခဲ့ရသည်။ ထို့ကြောင့်လည်း ဧကရာဇ်ကိုးပါးမျိုးနွယ်စု၏ စည်းကမ်းထိန်းသိမ်းရေးအဖွဲ့များက အခက်ကြုံနေရခြင်းဖြစ်သည်။ ထိပ်ပိုင်းမှ လူများကပင် နှုတ်ဆိတ်နေရာ သူတို့ မည်သို့မှ မတတ်နိုင်တော့ပေ။
စည်းကမ်းထိန်းသိမ်းရေးအဖွဲ့အသစ်များ ရောက်ရှိလာသည်။
ဤတစ်ကြိမ်တွင် ထိုအဖွဲ့များက သေချာကိုင်တွယ်ခဲ့သည်။ မြို့များထဲတွင် အရပ်သူ၊ အရပ်သားများကို သတ်ဝံ့သူ၊ ရတနာများကို လုယက်ဝံ့သူနှင့် မိန်းမများကို အဓမ္မကျင့်ဝံ့သူများကို နေရာမှာပင် ကွပ်မျက်ခဲ့သည်။ စည်းကမ်းထိန်းသိမ်းရေးအဖွဲ့အသစ်များက ပြစ်မှုကျူးလွန်သည့် တပ်သားများစွာကို သတ်ပြပြီးနောက် မဟာမိတ်စစ်တပ်သည် များစွာပို၍ စည်းကမ်းရှိလာလေသည်။ သူတို့သည် လူများစွာကို သတ်၍ ရင်ထဲမှ ဒေါသအများစုကို ဖြေပြီးခဲ့ပြီလည်းဖြစ်သဖြင့် စိတ်ပြန်ထိန်းလာနိုင်ကြသည်။
သို့သော် မဟာမိတ်စစ်တပ်သည် အပြစ်သားကျွန်းတွင် ကျန်နေသေးသော တပ်သားများကိုမူ မညှာခဲ့ပေ။ သူတို့ကို ဆန့်ကျင်ဝံ့သူတိုင်း သေခဲ့ရသည်။ တစ်ယောက်မှ ရှင်မကျန်ခဲ့ချေ။ စစ်တပ်ကြီးသည် ကျွန်းများကို ဆက်၍ ကျူးကျော်နေသည်။ နှစ်ပတ်အတွင်းမှာပင် အပြစ်သားကျွန်းတစ်ခုလုံး မြေလန်သွားသည်။ လူသန်းပေါင်းများစွာ သေဆုံးခဲ့သည်။
တပ်သားများက ရှန်းစီမြို့ထဲသို့ ဝင်ရောက်သွားပြီး တိုက်ပွဲဧကရာဇ်က ဧကရာဇ်နန်ကုန်း၏ ရုပ်တုကို အစိတ်စိတ်အမွှာမွှာ ဖြစ်အောင် ဖျက်ဆီးလိုက်ပစ်ပြီးမှ မြောက်ဘက်ဧကရာဇ်သည် စစ်တပ်ကို ခေတ္တအနားယူ၍ အားပြန်ဖြည့်ရန် အမိန့်ပေးလိုက်သည်။ တစ်လအတွင်း သူတို့ အဆုံးမဲ့ပင်လယ်နက်ကို ကျူးကျော်မည်ဖြစ်သည်။
***
အပြစ်သားကျွန် ပျက်သုဉ်းသွားပြီဆိုသော သတင်းက အရှေ့ဘက် တော်ဝင်နယ်မြေနှင့် ကောင်းကင်ကြယ်တာရာနယ်နမိတ်တစ်ခွင်လုံးတွင် ပျံ့နှံ့သွားသည်။ အရှေ့ဘက် တော်ဝင်နယ်မြေမှ လူများက ခြိမ့်ခြိမ့်သဲသဲ အောင်ပွဲခံကြသည်။ လူများစွာသည် လမ်းမများထက်တွင် ပြေးလွှားကာ ဝမ်းသာအားရ အော်ဟစ်ကြသည်။ ရီမျိုးနွယ်ဝင်များနှင့် ဧကရာဇ်ကိုးပါးမျိုးနွယ်စုမှ အကြီးအကဲများမှလွဲ၍ နယ်မြေရှိ မြို့တိုင်းက အောင်ပွဲခံခဲ့ကြသည်။
တစ်ချိန်တည်းမှာပင် မျိုးနွယ်များစွာသည် စစ်ပွဲတွင် ကျဆုံးခဲ့သော တပ်သားသန်းချီအတွက် တိတ်တဆိတ် ပူဆွေးခဲ့ကြသည်။ သို့သော် အပြစ်သားကျွန်းမှ တပ်သားများနှင့် အရပ်သူ၊ အရပ်သားများ သေဆုံးသွားသည်ကိုမူ မည်သူမှ အရေးမစိုက်ကြပေ။ အရှေ့ဘက် တော်ဝင်နယ်မြေမှ လူများအတွက် အပြစ်သားကျွန်းမှ လူများက မကောင်းသောလူများဖြစ်သည်။ သူတို့သည် အပြစ်သားကျွန်းမှ လူများကို လူဟုပင် မသတ်မှတ်ကြပေ။
အရှေ့ဘက် တော်ဝင်နယ်မြေက အတော်လေး ငြိမ်းချမ်းလာခဲ့သည်။ မည်သည့်တိုက်ပွဲမှ ထပ်မဖြစ်တော့ပေ။ လူများသည်လည်း ကိစ္စအားလုံး၏ နောက်ကွယ်မှ ကြိုးကိုင်သူက အောင်းလုဟု သေချာနေကြသည်။ မဟုတ်လျှင် အဆုံးမဲ့ပင်လယ်နက် စတင်တိုက်ခိုက်ခံရသည်နှင့် ပရမ်းပတာကိစ္စများ ရပ်တန့်သွားခြင်းကို မည်သို့ ရှင်းပြနိုင်မည်နည်း။ အောင်းလုက မိစ္ဆာအရှင်များကို ဖြန့်ကျန်ထားခဲ့ခြင်းဖြစ်ကြောင်း ထင်ရှားပေသည်။
အရှေ့ဘက် တော်ဝင်နယ်မြေမှ မရေမတွက်နိုင်သော မြို့များသည် စစ်ပွဲအကြောင်းကို စတင် ဆွေးနွေးကြသည်။ သူတို့ စိတ်လောနေကြပြီး ထပ်ရောက်လာမည့် စစ်ပွဲသတင်းများကို စောင့်မျှော်နေကြသည်။ အဆုံးမဲ့ပင်လယ်နက် ပျက်သုဉ်းသွားပြီး သူတို့၏ သူရဲကောင်းများ အိမ်ပြန်လာပြီဆိုသော သတင်းကို သူတို့ မျှော်လင့်နေကြသည်။
“အိုက်... ငါတို့က မျိုးနွယ်တူတွေပဲ။ အဲ့ဒါကို ဘာလို့များ အချင်းချင်း ရှင်းပစ်ဖို့ စိတ်အား ထက်သန်နေကြတာလဲ”
ဗုဒ္ဓတောင်ပေါ်တွင် ရီချန်က အဖြူရောင်ဝတ်စုံကို ဝတ်ဆင်၍ တစ်ယောက်တည်း ရပ်နေသည်။ သူမသည် စက္ကူပိုက်ဆံများကို တိတ်တဆိတ် မီးရှို့နေသည်။ သူမသည် ကျဆုံးသွားသော အရှေ့ဘက် တော်ဝင်နယ်မြေမှ တပ်သားများအတွက်သာ မဟုတ် အပြစ်သားကျွန်းမှ သေဆုံးသွားသော အရပ်သူ၊ အရပ်သား သန်းပေါင်းများစွာအတွက်လည်း စက္ကူပိုက်ဆံများကို မီးရှို့ပေးနေခြင်းဖြစ်သည်။
ထိုအခိုက်တွင် ရီချန်၏ လောကကြီးအပေါ် အမြင်များက ယခင်ကနှင့် ကွဲပြားနေပြီဖြစ်သည်။ စစ်ထူရီရှောင်၊ ဟွမ်ဖူထောင်ထျန်း၊ စစ်ထူရီနျန်တို့နှင့် ပြောဆိုဆက်ဆံခဲ့ပြီးနောက်တွင် သူမ၏ အမြင်က လုံးဝပြောင်းလဲသွားခဲ့သည်။
အပြစ်သားကျွန်းမှ လူများက မိစ္ဆာများ မဟုတ်သလို ရုတ်ရင်းကြမ်းတမ်းသူများလည်း မဟုတ်ပေ။ သူတို့ကလည်း လူသားများဖြစ်သည်။ နေထိုင်ရာနေရာ မတူကြခြင်းသာ။ အပြစ်သားကျွန်းမှ လူများသည်လည်း အရှေ့ဘက် တော်ဝင်နယ်မြေမှ လူများနှင့် အတူတူသာဖြစ်သည်။ သူတို့ကလည်း ဝမ်းသာမှု၊ ဝမ်းနည်းမှု၊ ဒေါသနှင့် ပျော်ရွှင်မှုတို့ကို ခံစားရသည်။ သူတို့ကြားတွင်လည်း ယုတ်မာသူနှင့် ကြင်နာသူများ ရှိသည်။ သို့သော် လူအများစုသည် အားနည်သူများ ဖြစ်ကြသည်။
“နယ်မြေတစ်ခွင်လုံးက အနိုင်မှာ ယစ်မူးနေကြပြီ။ ဒါက တကယ့်ကပ်ဘေးကြီးတစ်ခုရဲ့ အစဆိုတာကို သူတို့ မသိကြဘူး”
ရီချန်သည် ကျန်နေသေးသော စက္ကူပိုက်ဆံများကို မီးပုံထဲသို့ ပစ်ထည့်လိုက်ပြီး အရှေ့ဘက်သို့ လှမ်းကြည့်လိုက်သည်။ သူမ၏မျက်နှာပေါ်တွင် လှပသော အပြုံးတစ်ပွင့် ထွက်ပေါ်လာသည်။ ထိုအခိုက်တွင် သူမ တစ်စုံတစ်ခုကို တွေးမိသွားသည်။ ထိုအတွေးကြောင့် သူမ ကြောက်ရွံ့သွားမိသည်။
ထိုအတွေးမှာ ကြိုးကိုင်သူက အောင်းလုမဟုတ်ဟူသော အတွေးပင်။
၎င်းအတွေးက အခြေအမြစ်မရှိ ထွက်ပေါ်လာခြင်း မဟုတ်။ လက်ရှိရထားသော သက်သေများကို အခြေခံထားသည်။ အကြံအစည်တိုင်းတွင် ရည်ရွယ်ချက်ရှိသည်။ ထိုရည်ရွယ်ချက်ကို သိရရန် နောက်ဆုံးတွင် မည်သည်အကျိုးအမြတ်ရမည်ကို ကြည့်၍ သုံးသပ်နိုင်သည်။ နောက်ဆုံးတွင် အကျိုးအမြတ်ရမည့်သူက ကိစ္စအားလုံး၏ နောက်ကွယ်မှ ကြိုးကိုင်သူ ဖြစ်နိုင်သည်။
ဤကိစ္စတစ်ခုလုံးမှနေ၍ အောင်းလုနှင့် အဆုံးမဲ့ပင်လယ်နက်က မည်သည့်အကျိုးအမြတ်မှ မရကြောင်း ထင်ရှားသည်။ အကျိုးအမြတ်မရသည့်အပြင် စစ်ပွဲစနေပြီဖြစ်၍ အောင်းလုအတွက် အသက်အန္တရာယ်ပင် စိုးရိမ်ရသည်။ အောင်းလုသာ သေသွားပါက အဆုံးမဲ့ပင်လယ်နက်ရှိ မိစ္ဆာအားလုံး ရှင်းပစ်ခံရပေလိမ့်မည်။
သို့သော် အောင်းလုက အတွက်မှားခဲ့ခြင်းလည်း ဖြစ်တော့ဖြစ်နိုင်ပေသေးသည်။ သူက လူသားများ ကြားတွင် ပဋိပက္ခများဖြစ်အောင် လုပ်ခဲ့သော်လည်း ထိုသို့သော ရလဒ်မျိုး ထွက်လာလိမ့်မည်ဟု မမျှော်လင့်မိခဲ့ခြင်း ဖြစ်နိုင်သည်။ သို့မဟုတ် သူ့တွင် လူသားမျိုးနွယ်၏ မဟာမိတ်စစ်တပ်ကို ဖျက်ဆီးနိုင်မည့် အရံအစီအစဉ်တစ်ခု ရှိထားခြင်းလည်း ဖြစ်နိုင်သည်။ သို့သော် ရီချန်သည် အကြောင်းတစ်ခုကြောင့် ထိုကိစ္စက မဖြစ်နိုင်လောက်ဟု ခံစားနေရသည်။
ရီချန်သည် ဆန်းကြယ်ဧကရာဇ်ကို နှလုံးသားတစ်ခုလုံးဖြင့် ယုံကြည်၏။
ဆန်းကြယ်ဧကရာဇ်က လူသားသမိုင်းတွင် အသန်မာဆုံး၊ စွမ်းအားအကြီးဆုံးသူ ဖြစ်သည်။ ထို့ပြင် ဉာဏ်အမြော်အမြင်အကြီးဆုံးသူလည်း ဖြစ်သည်။ မည်သူကမှ သူနှင့် မယှဉ်နိုင်ပေ။
ဆန်းကြယ်နတ်ဘုရားနန်းတော် ပြန်ထွက်ပေါ်လာလျှင် လူသားမျိုးနွယ်အပေါ် ကပ်ဘေးကြီးတစ်ခု ကျရောက်လာလိမ့်မည်ဟု လွန်ခဲ့သော နှစ်ခုနစ်သိန်းကျော်ကပင် သူ ကြိုခန့်မှန်းနိုင်ခဲ့ရာ အဘယ်ကြောင့် သူ အောင်းလုကို နန်းတော်ထဲမှ ထွက်ခွင့်ပြုခဲ့ရသနည်း။ သူက အောင်းလုကို လူသားမျိုးနွယ်အပေါ် ပြဿနာရှာနိုင်ရန် ထွက်ခွင့်ပေးလိုက်ခြင်းတော့ မဟုတ်တန်သည် မဟုတ်လော။
ဆန်းကြယ်ဧကရာဇ်က သေချာပေါက် ထိုသို့လုပ်မည် မဟုတ်ပေ။ ထို့ကြောင့် ရီချန်သည် အောင်းလုက ကြိုးကိုင်သူ မဟုတ်နိုင်လောက်ဟု တွေးမိနေခြင်းဖြစ်သည်။ ဤကိစ္စအားလုံး၏ နောက်ကွယ်တွင် ပို၍ပင် ကြောက်စရာကောင်းသူတစ်ယောက် ရှိနေလောက်သည်။ ရီချန်သည် ထိုသို့တွေးမိသောအခါ ကျောထဲစိမ့်သွားသည်။
ထိုသို့သောသူတစ်ယောက်သာ ရှိလျှင် သူက အလွန်ကြောက်မက်ဖွယ်ကောင်းပေလိမ့်မည်။ သူသည် မျိုးနွယ်ကြီးများနှင့် လောကထိပ်သီးများကို သူ့လက်ခုပ်ထဲတွင် ထား၍ ဆော့ကစားခဲ့သည်။ ဧကရာဇ်ကိုးပါးမျိုးနွယ်စု၊ အောင်းလု၊ ကျန်းရီနှင့် အပြစ်သားကျွန်းတစ်ခုလုံးက သူ၏ကျားခုံပေါ်မှ ကျားစေ့လေးများ ဖြစ်ခဲ့သည်။ ကောင်းကင်ကြယ်တာရာနယ်နမိတ်တစ်ခုလုံးက သူ၏ ကျားခုံပင်။ သို့သော် သူက နောက်ကွယ်တွင် ပုန်းအောင်းနေနိုင်ပြီး အေးဆေးစွာ ကျားကစားနိုင်နေသည်။ သူက ထိုင်၍ အကြံအစည်များ ဆွဲနေချိန်တွင် သန်းထောင်ချီသော လူများက လောင်ကျွမ်းပြာကျခဲ့ရသည်။
‘ဟူး... ငါ အတွေးလွန်တာ ဖြစ်မှာပါ။ ကြိုးကိုင်သူက မိစ္ဆာမဟုတ်ရင် လူသားတစ်ယောက်ပဲ ဖြစ်ရမယ်။ အခု လူသားတွေအများကြီး သေခဲ့ရပြီပဲ။ အဲ့ဒါက သူ့အတွက် ဘာအကျိုးမှ မရစေလောက်ပါဘူး။ သူက တစ်လောကလုံးကို ချုပ်ကိုင်နိုင်ရင်တောင် ပျက်စီးနေတဲ့ လောကကြီးကို အုပ်စိုးရတာက သူ့အတွက် ဘာအသုံးဝင်တော့မှာလဲ’
ရီချန်သည် သက်ပြင်းရှည်ကြီး ချလိုက်ပြီး အတွေးမလွန်စေရန် သူမကိုယ်သူမ ဖိအားပေးလိုက်သည်။ သူမက အတွေးလွန်နေသည်ဟု ခံစားနေရသည်။ ဤလောကထဲတွင် မည်သို့ ထိုမျှကြောက်မက်ဖွယ်ကောင်းသူတစ်ယောက် ရှိနိုင်မည်နည်း။ အဘယ်သို့ ထိုမျှစွမ်းအားကြီးသူတစ်ယောက် ရှိနိုင်မည်နည်း။
အရေးအကြီးဆုံးမှာ ကြိုးကိုင်သူ၏ ရည်ရွယ်ချက် ဖြစ်သည်။ သူက ရူးနေသဖြင့် ကောင်းကင်ကြယ်တာရာနယ်နမိတ်တစ်ခုလုံးကို ဖျက်ဆီးပစ်လိုနေခြင်း မဟုတ်လျှင် ထိုလုပ်ရပ်များကို လုပ်ရန် အခြားအကြောင်း မရှိချေ။
‘လေးလတောင် ကျော်သွားပြီ’
ရီချန်သည် ကောင်းကင်စိတ်အာရုံဖြင့် ဗုဒ္ဓဧကရာဇ်မြို့တစ်ခွင်လုံးကို အာရုံခံလိုက်၏။ ထို့နောက် သူမသည် မျက်နှာညှိုးငယ်စွာဖြင့် အနောက်ဘက်သို့ လှမ်းကြည့်လိုက်သည်။ ရီမျိုးနွယ်မှ နတ်ဘုရားတစ်ပိုင်းအချို့က ပင်လယ်နက်သို့ သွားခဲ့ကြသည်။ သို့သော် တစ်ယောက်မှ သတင်းပြန်မပို့သေးပေ။ ယခုတွင် ဗုဒ္ဓဧကရာဇ်နှင့် ဗုဒ္ဓအင်ပါယာတို့က အမှန်ပင် သေနေလောက်ပေပြီ။
ကျန်းရီ အစီအရင်ထဲတွင် ပိတ်မိနေသည်မှာလည်း လေးလကျော်သွားပြီဖြစ်သည်။ ရီမျိုးနွယ်မှ နတ်ဘုရားတစ်ပိုင်းများ၏ ခန့်မှန်းချက်အရ ဆန်းကြယ်နတ်ဘုရားနန်းတော်၏ စွမ်းအင်က နောက်တစ်လ၊ နှစ်လလောက်နေလျှင် ကုန်တော့မည်ဖြစ်ကြောင်း သိရသည်။ ထိုအခါကျလျှင် ဆန်းကြယ်နတ်ဘုရားနန်းတော်က ပျက်စီးသွားပေလိမ့်မည်။ ကျန်းရီနှင့် အခြားသူများလည်း သေရမည်ဖြစ်သည်။
‘ဖျက်ဆီးပစ်... အကုန်လုံးကို ဖျက်ဆီးပစ်...’
ရီချန်သည် မျက်လုံးများ မှိတ်၍ သက်ပြင်းချလိုက်၏။ သူမ နောက်လှည့်ကာ သူမ၏ အဆောက်အဦထဲသို့ ပြန်ဝင်သွားလိုက်သည်။ ထို့နောက် သူမသည် အစိမ်းရောင်အဝတ်ကို လဲဝတ်ကာ နံရံကို မျက်နှာချင်းဆိုင်၍ တင်ပျဉ်ခွေထိုင်လိုက်ပြီး ခံစားချက်ကင်းသော မျက်နှာထားဖြင့် သစ်သားငါးလေးကို ခပ်မှန်မှန် ခေါက်လိုက်သည်။ သူမသည် သီလရှင်တစ်ပါးအဖြစ် အရိုးထုတ်တော့မလိုပင်။
***