မိုးမြေစွမ်းအား
Vol. 85 Ch. 1180
ဆန်းကြယ်နတ်ဘုရားနန်းတော်တွင် အမှန်ပင် စွမ်းအင်သိပ်မကျန်တော့ပေ။ လျှပ်စီးတန်းများက နေ့ညမပြတ် ကျဆင်းနေရာ သာမန် နတ်ဘုရားတစ်ပိုင်းများပင် မိနစ်အနည်းငယ်ထက်ပို၍ တောင့်ခံနိုင်မည် မဟုတ်ချေ။ ဆန်းကြယ်နတ်ဘုရားနန်းတော်က လနှင့်ချီ၍ တောင့်ခံခဲ့ပြီဖြစ်သည်။ ယင်းသို့တောင့်ခံနိုင်ခဲ့ခြင်းမှာ နှစ်ပေါင်းခုနစ်သိန်းကျော် စုဆောင်းထားခဲ့သော စွမ်းအင်များကြောင့် ဖြစ်သည်။
ကျန်းရီသည် တစ်ချိန်လုံး အခန်းအောင်း ကျင့်ကြံနေခဲ့သည်။ သူသည် တစ်ခေါက်ပင် အပြင်မထွက်ခဲ့ပေ။ ကျန်းယွင်ဟိုင်တို့ကလည်း ဆန်းကြယ်ဧကရာဇ်စံအိမ်ထဲတွင် နာခံစွာ နေ၍ အနားယူနေခဲ့ကြသည်။ သူတို့သည် အပြင်ဘက်တွင် ဖြစ်နေသော ကိစ္စများကိုလည်း မသိပေ။ သူတို့က ကျန်းရီ ပြန်ပေါ်မလာမချင်း ထိုနေရာတွင် နေရမည်ဖြစ်သည်။
ကျန်းရီက ‘ညပင်လယ်’ ပန်းချီကားကို သိမြင်နားလည်နိုင်ရန် ကြိုးစားနေဆဲဖြစ်သည်။ သူသည် အဆုံးအထိ လက်လျှော့မည် မဟုတ်ပေ။ အနိုင်ရလျှင်ရ၊ မရလျှင် ကြိုးစားရင်း အသေခံရပေမည်။ ပြီးခဲ့သော လအနည်းငယ်အတွင်း၌ သူ တိုးတက်မှု မရှိခဲ့သည်တော့ မဟုတ်ပေ။ ဆိုရလျှင် သူ များစွာ တိုးတက်ခဲ့သည်။ သူသည် ‘ညပင်လယ်’ ပန်းချီကားနောက်ကွယ်မှ လျှို့ဝှက်ချက်ကို ရှာတွေ့ခဲ့သည်။
ပန်းချီကားက အပေါ်ယံတွင် တည်ငြိမ်ပုံ ပေါ်သော်လည်း နောက်ကွယ်တွင်မူ မုန်တိုင်းကြီးတစ်ခုနေသည်။ ပန်းချီကားတစ်ချပ်လုံးက ကြည့်မိသူကို မမြင်နိုင်သော နေရာများမှာ အန္တရာယ်များကို ခံစားရစေသည်။ သို့သော် အဘယ်ကြောင့် ထိုသို့ခံစားနေရခြင်းကို ထောက်ပြရန် ခက်ခဲသည်။ ပန်းချီကားထဲမှ အရာအားလုံး အေးချမ်းနေသည်။ ပန်းချီကားမှာ ညအချိန်၏ အေးချမ်းသောရှုခင်းကို ရေးဆွဲထားခြင်းပင်။
ကျန်းရီသည် ထိုအန္တရာယ်အငွေ့အသက်က မည်သည့်နေရာမှ ထွက်ပေါ်နေခြင်းဖြစ်ကြောင်း သိခဲ့သည်။ အန္တရာယ်က ပင်လယ်၏ တည်ငြိမ်မှုထဲတွင် ရှိနေသည်။ ပင်လယ်ထဲတွင် လျှို့ဝှက်အန္တရာယ်တစ်ခု ရှိနေသည်။ အဘယ်ကြောင့်ဆိုသော ပင်လယ်ရေအောက်လှိုင်းတစ်ခု ရှိနေ၍ပင်။ အချိန်မရွေး လှိုင်းလုံးကြီးတစ်ခု ထလာပြီး ကျွန်းတစ်ခုလုံးကို ဖုံးလွှမ်းသွားတော့မည်ဟု ထင်ရသည်။ ထိုလှိုင်းလုံးကြီးထလာလျှင် လှေကလေး မှောက်သွားပြီး တံငါအိုလည်း သေရပေလိမ့်မည်။
‘ညပင်လယ်’ ပန်းချီကားက ရှင်းလင်းသည်။ သို့သော် ကျန်းရီသည် ၎င်းထဲတွင် မည်သည့်တာအိုပုံသဏ္ဌာန်အရှိန်အဝါကိုမှ မခံစားရပေ။ ထိုအစား သူ့ရင်ထဲတွင် အခြားအရာတစ်ခုကို သဘောပေါက်သွားသည်။ ထိုအရာက မီးနဂါးဓား၏ ဓားဝိညာဉ်နှင့် ဆင်တူသည်။ သို့သော် သူ ဖမ်းဆုပ်ရန် ကြိုးစားလိုက်သောအခါ ၎င်းက ပျောက်ကွယ်သွားသည်။ သူသည် ၎င်းအပေါ် ကြာရှည် အာရုံမစိုက်နိုင်၍ ၎င်းမှနေ၍ မည်သည့်အကျိုးကျေးဇူးမှ မရလိုက်ပေ။
‘ည၊ ပင်လယ်၊ ကောင်းကင်၊ တံငါသည်၊ ကျွန်း၊ အန္တရာယ်... ရေအောက်လှိုင်း။ ဆန်းကြယ်ဧကရာဇ်... ဒီပန်းချီကားထဲမှာ ခင်ဗျား ဘာတာအိုပုံသဏ္ဌာန်ကို ဝှက်ထားတာလဲ’
ကျန်းရီသည် အပြည့်အဝစိတ်နှစ်၍ တာအိုပုံသဏ္ဌာန်ကို ရှာနေခဲ့သည်။ အချိန်မည်မျှ ကုန်သွားပြီဖြစ်ကြောင်း သူမသိပေ။ ဆန်းကြယ်နတ်ဘုရားနန်းတော်က ရက်မည်မျှ တောင့်ခံနိုင်ဦးမည်ကိုလည်း သူ မသိချေ။ သူသိသည်မှာ လက်ရှိတွင် သူက အသက်ကို လောင်းကြေးထပ်ထားသည် ဆိုခြင်းပင်။ သူသည် ပန်းချီကားထဲရှိ တာအိုပုံသဏ္ဌာန် မသိမြင်မနားလည်နိုင်လျှင် စေတီမြို့နှင့်အတူ ပျက်သုဉ်းရန် ပြင်ဆင်ထားသည်။
ကျန်းရီသည် နာရီများစွာ ဆက်ထိုင်လိုက်၏။ သူသည် မျက်လုံးများဖွင့်၍ ‘ညပင်လယ်’ ပန်းချီကားကို အာရုံစိုက်ထားသည်။ ကောင်းကင်နှင့်လူသား ပေါင်းစည်းခြင်း အခြေအနေတွင် ထိုပန်းချီကားက ပို၍ရှင်းလင်းသည်။ သူ၏ဦးနှောက်ကလည်း ပို၍သွက်သည်။ သို့သော် မျက်လုံးနှင့် ကိုယ်တိုင်မြင်ရခြင်းက သူ့အတွက် ပိုစစ်မှန်ပေသည်။ ထို့ကြောင့် သူသည် မျက်လုံးဖွင့်၍ ပန်းချီကားကို ကြည့်နေခြင်းဖြစ်သည်။
ပန်းချီကားကို ကြည့်နေရင်း ကျန်းရီ၏ မျက်လုံးများ ဝေဝါးလာသည်။ သူက ပန်းချီကားထဲကို ရောက်သွားသကဲ့သို့ ခံစားလာရသည်။ သူက ပင်လယ်ထက်တွင် ရပ်နေပြီး အဝေးရှိ ကြည်လင်သော လခြမ်းကွေးကို ငေးကြည့်နေသည်။ သူသည် ညကောင်းကင်၊ ကျွန်း၊ ငါးမျှားနေသော တံငါအိုနှင့် မြူးထူးစွာ ပျံသန်းနေသော ငှက်ကလေးများကို လေ့လာနေသည်။
နောက်ဆုံးတွင် ကျန်းရီ ပင်လယ်ကို အာရုံစိုက်လိုက်သည်။ သူ အန္တရာယ်ကို ထပ်မံ ခံစားလိုက်ရပြီး ရင်တုန်သွား၏။ သူ ကောင်းကင်၊ တိမ်မည်းများနှင့် ကျွန်းကို ထပ်ကြည့်လိုက်သည်။ ထိုအခိုက်တွင် အန္တရာယ်က နေရာတိုင်းတွင် ရှိနေကြောင်းကို သူ ရုတ်တရက် သဘောပေါက်သွားသည်။ သူ ကြည့်လိုက်သော နေရာတိုင်းတွင် အန္တရာယ်ရှိသည်။ အန္တရာယ်က ထိုပန်းချီလောကတစ်ခွင်လုံးတွင် ပုန်းအောင်းနေပုံပင်။
ရွှီး...
ကျန်းရီ၏ မျက်ဝန်းများက စက္ကန့်ပိုင်းအတွင်းမှာပင် အကြိမ်ပေါင်းများစွာ တောက်ပသွားသည်။ ထို့နောက် သူ သူ့ခေါင်းသူ ရိုက်ကာ အော်ပြောလိုက်သည်။
“ငါ မှားနေခဲ့တာပဲ။ ငါ့က အဲ့ဒါကို မှားပြီး နားလည်ခဲ့တာ။ အန္တရာယ်က ပင်လယ်ထဲမှာဆိုတော့ ပန်းချီကားထဲမှာ ဝှက်ထားတဲ့ တာအိုပုံသဏ္ဌာန်က ရေဓာတ် ဖြစ်ရမယ်လို့ ငါက တထစ်ချ တွေးထားမိခဲ့တာပဲ။ ငါ အရမ်းမှားတယ်။ အဲ့တာအိုပုံသဏ္ဌာန်က ရေဓာတ် မဟုတ်ဘူး။ အဲ့ဒါက ထူးခြားတဲ့ တာအိုပုံသဏ္ဌာန်တစ်ခုပဲ... လူတွေကို ဖိနှိပ်နိုင်တယ်။ အဲ့ဒါက ပင်လယ်ရဲ့စွမ်းအား၊ အာကာပြင်ရဲ့စွမ်းအား၊ ကျွန်းရဲ့စွမ်းအား၊ မိုးမြေရဲ့စွမ်းအားကို ငှားယူနိုင်တယ်... အရာအားလုံးကို သုံးပြီး လူတွေကို အားကောင်းတဲ့ ဖိအား ခံစားရစေတယ်။ အဲ့ဒါကြောင့် ပန်းချီကားကို ကြည့်မိတဲ့သူတိုင်းက အန္တရာယ်ကို ခံစားရတာပဲ။ အဲ့တာအိုပုံသဏ္ဌာန်က ငါ ထင်ထားတာထက် ပိုအဆင့်မြင့် နေတယ်။ အဟွန်း... ဆန်းကြယ်ဧကရာဇ် ခင်ဗျားက အဲ့ဒါကို ကောင်းကောင်းဖွက်ထားနိုင်ခဲ့တာပဲ”
ကောင်းကင်ကြယ်တာရာနယ်မြေမှ လူများစွာက အရှိန်အဝါကို တစ်ကြိမ် နားလည်ခဲ့ကြသည်။ ဥပမာအားဖြင့် ကျန်းရီက သတ်ဖြတ်အရှိန်အဝါကို နားလည်ခဲ့သည်။ ထိုအရှိန်အဝါများမှာ တာအိုပုံသဏ္ဌာန်များမှ မြစ်ဖျားခံခြင်းဖြစ်သည်။
ကျန်းရီသည် သတ်ဖြတ်အရှိန်အဝါကို နားလည်ခဲ့၍လည်း ‘ညပင်လယ်’ထဲတွင် ဝှက်ထားသော တာအိုပုံသဏ္ဌာန်ကို သိမြင်သွားနိုင်ခြင်းပင်။ သို့သော် ထိုတာအိုပုံသဏ္ဌာန်က သတ်ဖြတ်အရှိန်အဝါနှင့် အရှင်သခင်အရှိန်အဝါတို့ထက် များစွာပို၍ ကြောက်စရာကောင်းသည်။ အတိအကျဆိုရလျှင် အဆရာချီ၊ ထောင်ချီ ပိုကြောက်စရာကောင်းသည်။
သတ်ဖြတ်အရှိန်အဝါနှင့် အရှင်သခင်အရှိန်အဝါတို့က ရန်သူအပေါ် သက်ရောက်နိုင်ရန် မိမိ၏ စွမ်းအားအပေါ် မှီခိုသည်။ သို့သော် ထိုတာအိုပုံသဏ္ဌာန်ကမူ မိုးမြေစွမ်းအားကို အသုံးပြု၍ ရန်သူအပေါ် သက်ရောက်ခြင်းဖြစ်သည်။
မိုးမြေစွမ်းအားက မည်မျှ ကြောက်မက်ဖွယ်ကောင်းမည်နည်း။
မီးတောက်များက အရာအားလုံးကို ဝါးမျိုနိုင်သည်။ ပင်လယ်ကလည်း အရာအားလုံးကို ဝါးမျိုနိုင်သည်။ လေများက စွမ်းအားအကြီးဆုံး သိုင်းသမားများကိုပင် အနိုင်ယူနိုင်သည်။ မြေငလျင်များက အရာအားလုံးကို အစိတ်စိတ်အမွှာမွှာ ဖြစ်သွားစေနိုင်သည်။ ကောင်းကင်ကိုးဘုံ၏ နတ်ဘုရားမိုးကြိုးများက ကြယ်ကိုးပွင့်အဆင့် ပညာရှင်များကို ရှင်းပစ်နိုင်သလို နှစ်ခုနစ်သိန်းကျော် စွမ်းအင်စုဆောင်းခဲ့သည့် ဆန်းကြယ်နတ်ဘုရားနန်းတော်ကို ခြောက်လအတွင်း ဖျက်ဆီးပစ်နိုင်သည်။ အကယ်၍ မိုးကြိုးလျှပ်စီးတန်း တစ်ရာ၊ တစ်ထောင်သာ တစ်ပြိုင်တည်း ကျဆင်းလာပါက မည်သို့ ဖြစ်မည်နည်း။
အဘယ်ကြောင့် လူသားက ကောင်းကင်ကို ဆန့်ကျင်သနည်း။ အဘယ်ကြောင့်ဆိုသော် ကောင်းကင်က စွမ်းအားကြီးလွန်း၍ပင်။
တာအိုပုံသဏ္ဌာန်တိုင်းက မိုးမြေစွမ်းအားကို ငှားယူခြင်းဖြစ်သည်။ ၎င်းတို့က မိုးမြေအတွင်ရှိ သဘာဝဓာတ်တစ်ခုကို မှီခို၍ တိုက်ခိုက်ရန်၊ ခုခံရန်အတွက် စွမ်းအင်တစ်မျိုးမျိုးကို စုစည်းခြင်းဖြစ်သည်။ သို့သော် တာအိုပုံသဏ္ဌာန်တိုင်းက မိုးမြေမှနေ၍ ကွဲပြားသော စွမ်းအားများကို ငှားယူကြသည်။ လေဓာတ်တာအိုပုံသဏ္ဌာန်များက လေစွမ်းအားကို ငှားယူသည်။ မီးဓာတ်တာအိုပုံသဏ္ဌာန်များက မီးစွမ်းအားကို ငှားယူသည်။ အာကာသတာအိုပုံသဏ္ဌာန်များက အာကာသစွမ်းအားကို ငှားယူသည်။
‘ညပင်လယ်’ ပန်းချီကားထဲရှိ တာအိုပုံသဏ္ဌာန်ကမူ မိုးမြေထဲရှိ စွမ်းအား အားလုံးကို အသုံးပြုသည်။ ၎င်းက လေဓာတ်၊ မီးဓာတ်၊ အာကာသစွမ်းအား၊ စသော စွမ်းအား အားလုံးကို ငှားယူနိုင်သည်။ ထို့ကြောင့် ကျန်းရီသည် ၎င်းက အလွန်စွမ်းအားကြီးသည်ဟု ခံစားနေရ၏။ သို့သော် ယင်းမှာ သူ၏ ခံစားချက်သာ ဖြစ်သည်။ အမှန်တကယ် မည်မျှစွမ်းအားကြီးသည်ကိုမူ သူ တာအိုပုံဿဏ္ဌာန်ကို သိမြင်နားလည်သွားပြီးမှ သိရပေလိမ့်မည်။
ကျန်းရီသည် ‘ညပင်လယ်’ ကောင်းကင်ပန်းချီကားကို နားလည်သွားပြီဖြစ်သည်။ အဘယ်ကြောင့် ၎င်းကို ကောင်းကင်ပန်းချီကားဟု ခေါ်ရသနည်း။ အဘယ်ကြောင့်ဆိုသော ပန်းချီကားထဲတွင် တာအိုပုံသဏ္ဌာန်တစ်ခု ပါဝင်၍ပင်။ ပန်းချီကားကို နားလည်သွားပြီးလျှင် တာအိုပုံသဏ္ဌာန်ကို သိမြင်နားလည်နိုင်ရန် သိပ်မလိုတော့ပေ။ ထို့ကြောင့် ကောင်းကင်ပန်းချီကားများက အလွန်အဖိုးတန်ခြင်းဖြစ်သည်။ ဗုဒ္ဓဧကရာဇ်က ကောင်းကင်ပန်းချီကားများစွာ စုဆောင်းနိုင်ခဲ့သည်။ ထို့ကြောင့် ရီချန်က တာအိုပုံသဏ္ဌာန်များစွာကို သိမြင်နားလည်နိုင်ခဲ့ခြင်းဖြစ်သည်။ သူမသည် ထိုတာအိုပုံသဏ္ဌာန်များကို ကောင်းကင်ပန်ချီကားများကို လေ့လာခြင်းမှ သိမြင်နားလည်ခဲ့ခြင်းဖြစ်သည်။ ထိုသို့အသုံးဝင်မှုကြောင့် ကျန်းရီသည် သူ၏ကောင်းကင်ပန်းချီကားများကို မြင့်မားသောဈေးဖြင့် ရောင်းနိုင်ခဲ့ခြင်းဖြစ်သည်။
ကျန်းရီသည် ချက်ချင်း ခါးမတ်မတ် ထိုင်လိုက်ပြီး ကောင်းကင်နှင့်လူသား ပေါင်းစည်းခြင်း အခြေအနေသို့ ဝင်လိုက်သည်။ ထို့နောက် သူသည် ယင်းတာအိုပုံသဏ္ဌာန်ကို သိမြင်နားလည်နိုင်ရန် အာရုံအပြည့်အဝ စိုက်လိုက်သည်။ ထိုအခိုက်တွင် သူသည် ဆန်းကြယ်နတ်ဘုရားနန်းတော်အတွက် ပူပန်မနေပေ။ နန်းတော်က လေထဲတွင် ရပ်ကာ မိုးကြိုးလျှပ်စီးတန်းများ၏ တိုက်ခိုက်မှုကို အဆက်မပြတ် ခံနေရပေသည်။
လျှပ်စီးတန်းများကို တတ်နိုင်သမျှ ရှောင်မည်ဆိုလျှင် ဆန်းကြယ်နတ်ဘုရားနန်းတော်က အနည်းဆုံး တစ်လကျော် နှစ်လ တောင့်ခံနိုင်သေးသည်။ သို့သော် ယခုတွင် မရှောင်တော့၍ အလွန်ဆုံးမှ တစ်လသာ ခံနိုင်ပေလိမ့်မည်။ ကျန်းရီသည် ထိုအကြောင်းကို သိ၏။ သို့သော် သူသည် တာအိုပုံသဏ္ဌာန်အပေါ်တွင်သာ အပြည့်အဝ စိတ်နှစ်ထားသည်။ ထိုတာအိုပုံသဏ္ဌာန်က အလွန်အရေးကြီးသည်။ ၎င်းက ဆန်းကြယ်ဧကရာဇ်သိသော စွမ်းအားအကြီးဆုံး တာအိုပုံသဏ္ဌာန်ဖြစ်နိုင်သည်။
သိုင်းသမားတိုင်းက တိုးတက်လိုကြသည်။ ကျန်းရီကလည်း ခြွင်းချက် မဟုတ်ပေ။ ထိုအခိုက်တွင် သူသည် ထိုတာအိုပုံသဏ္ဌာန်ကို မြန်နိုင်သမျှမြန်မြန် ဖမ်းဆုပ်နိုင်ရန်မှလွဲ၍ အခြားမည်သည်ကိုမှ အလိုမရှိပေ။ သူသည် ပို၍ စွမ်းအားကြီးလာကာ သူ့အား ဝန်းရံထားသည့် လျှပ်စီးလှောင်အိမ်ကို ဖောက်ထွက်လိုနေသည်။
ဂျိန်း...ဂျိန်း...ဂျိန်း...
နတ်ဘုရားမိုးကြိုးသံများက ကျန်းရီကို ဝန်းရံထားသည်။ ကောင်းကင်ထက်မှနေ၍ တစ်ခါလျှင် လျှပ်စီးတန်းဆယ်တန်း ကျဆင်းနေပြီး နန်းတော်နှင့် ကီလိုမီတာငါးထောင်ပတ်လည်အတွင်းရှိ အရာအားလုံးကို ဓာတ်လိုက်သွားစေနေသည်။ ထိုညမြင်းကွင်းက အလွန်ကြောက်မက်ဖွယ် ကောင်းပေသည်။
***
ကျန်းရီ ရှိနေသော နေရာက တိတ်ဆိတ်နေသော်လည်း အရှေ့ဘက် တော်ဝင်နယ်မြေတစ်ခွင်လုံးကမူ သက်ဝင်လှုပ်ရှားနေသည်။
အရှေ့ဘက် တော်ဝင်နယ်မြေက ဒုတိယစစ်တပ်တစ်တပ်ကို စေလွှတ်ခဲ့သည်။ အပြစ်သားကျွန်းကို အနိုင်ရခဲ့ခြင်းက တော်ဝင်နယ်မြေမှ သိုင်းသမားများကို ပို၍ ရဲတင်းသွားစေခဲ့သည်။ တပ်သားများက အပြစ်သားကျွန်းတွင် သတ်ဖြတ်လုယက်မှုများနှင့် အဓမ္မကျင့်မှုများ ကျူးလွန်ခဲ့သည်ဆိုသော သတင်းကလည်း နယ်မြေတစ်ခွင်လုံးတွင် ပျံ့နှံ့သွားသည်။ ထို့ကြောင့် တောင်ပေါ်ဓားပြအဖွဲ့များနှင့် ဂိုဏ်းငယ်လေးများမှ ဂိုဏ်းသားများ စိတ်လှုပ်ရှားလာကြသည်။ သူတို့သည် စစ်တပ်ထဲဝင်ရန် အပြေးအလွှားသွားခဲ့ကြပြီး မိစ္ဆာများကို သတ်ကာ ၎င်းတို့၏ ရတနာများကို ယူရန် စိတ်အားထက်သန်နေကြသည်။
အဆုံးမဲ့ပင်လယ်နက်ထဲတွင် ဆန်းကြယ်သိုင်းမြို့ ရှိသည်။ ထို့ပြင် ဂူ တစ်ရာ့ရှစ်ဂူလည်း ရှိသည်။ ထိုသတင်းများက အရှေ့ဘက် တော်ဝင်နယ်မြေတစ်ခွင်လုံးတွင် ပျံ့နှံ့နေသည်။ ဆန်းကြယ်သိုင်းမြို့နှင့် ဂူတစ်ရာ့ရှစ်ဂူတွင် မရေမတွက်နိုင်သော ဝိညာဉ်ဆေးပင်များ ရှိသည်ဟု ဆိုကြသည်။ အဆုံးမဲ့ပင်လယ်နက်ထဲတွင်လည်း ကောင်းကင်ကြောများစွာ ရှိသည်။ ပင်လယ်ထဲမှ မြို့များကို ကောင်းကင်ကျောက်တုံးများနှင့် တည်ဆောက်ထားခြင်းဖြစ်သည်။
သူတို့သာ အဆုံးမဲ့ပင်လယ်နက်မှ မိစ္ဆာများကို ရှင်းပစ်နိုင်လျှင် ဂုဏ်သတင်းကျော်ကြားရုံသာမက အဆုံးမဲ့ပင်လယ်နက်ထဲရှိ ရတနာများနှင့် ကောင်းကင်ကျောက်တုံးများကိုလည်း ရရှိမည်ဖြစ်သည်။ လောကထဲမှ လူများသည် သူတစ်ပါးကို ကူညီရမည်ဆိုလျှင်သာ အင်တင်တင်ဖြစ်တတ်ကြသော်လည်း မိမိအကျိုးအမြတ်ရမည်ဆိုလျှင်မူ အလွန်တက်ကြွကြသည်။ ထို့ပြင် အပြစ်သားကျွန်းကို အနိုင်ရခဲ့ခြင်းက လူသစ်များကို စစ်ပွဲသို့သွားရန် ပို၍ယုံကြည်မှု ရှိလာစေသည်။
နှစ်ပတ်အတွင်းမှာပင် အင်အားသန်းနှစ်ဆယ်ပါသော စစ်တပ်တစ်ခုကို စုစည်းပြီးသွားခဲ့သည်။ ကျန်မျိုးနွယ်၊ ဝူမျိုးနွယ်နှင့် ထန်မျိုးနွယ်တို့က ထိုစစ်တပ် ရှန်းစီမြို့သို့ ချီတက်နိုင်ရန် ကောင်းကင်ကံကြမ္မာသင်္ဘောများ စီစဉ်ပေးခဲ့သည်။ သူတို့သည် မဟာမိတ်စစ်တပ်နှင့် သွားပူးပေါင်းကာ အဆုံးမဲ့ပင်လယ်နက်ထဲရှိ မိစ္ဆာများကို သတ်ကြမည်ဖြစ်သည်။
အပြစ်သားကျွန်းမှ ထွက်ပြေးသွားသော လူအများစုသည် လိုက်လံသတ်ဖြတ် ခံလိုက်ရပြီဖြစ်သည်။ ကျွန်းအားလုံးလည်း ပျက်စီးနေသည်။ ပြန်ခုခံခဲ့သော စိတ်ဝိညာဉ်မျောလွင့် ခရီးသည်အဆင့် သိုင်းသမားများနှင့် ဗာဂျာရာအဆင့် သိုင်းသမားများပင် အသတ်ခံခဲ့ရသည်။ အသက်ရှင်ကျန်ခဲ့သော အရပ်သူ၊ အရပ်သူများက ကျွန်းများအဖြစ် အရှေ့ဘက် တော်ဝင်နယ်မြေသို့ ခေါ်သွားခံခဲ့ရသည်။
တိုက်ပွဲဧကရာဇ်နှင့် မြောက်ဘက်ဧကရာဇ်တို့သည် စစ်တပ်ကို ရှန်းစီကျွန်းတွင် စုဝေးရန် အမိန့်ပေးလိုက်သည်။ တစ်လအတွင်းမှာပင် အားလုံး ရောက်လာလိမ့်မည်ဟု သူတို့ မျှော်လင့်ထားသည်။ ဒုတိယစစ်တပ်ကလည်း အရှေ့ဘက် တော်ဝင်နယ်မြေမှနေ၍ ဘေးကင်းကင်း ရောက်လာပေလိမ့်မည်။ စစ်တပ်ကို ပြန်စုစည်းပြီးသည်နှင့် သူတို့သည် မိစ္ဆာများကို သွားရောက်ချေမှုန်းကြမည်ဖြစ်သည်။
လေပြင်းများ တိုက်ခတ်နေသည်။ စစ်ပွဲအစစ်က စတင်ပေတော့မည်။
***