မီးကိုတိုးသော ပိုးဖလံတစ်ကောင်ကဲ့သို့
Vol. 85 Ch. 1181
ဝှစ်...ဝှစ်...
အရှေ့ဘက် တော်ဝင်နယ်မြေမှနေ၍ ဒုတိယစစ်တပ်ထွက်ခွာသွားသည်မှာ ငါးရက်ကြာပြီးနောက် ဗုဒ္ဓတောင်မှနေ၍ လူများစွာ ထွက်လာကြသည်။ ရီချန်၏ အကြီးဆုံးအစ်ကိုနှင့် ဒုတိယအစ်ကို ဖြစ်သော ရီကျန်းနှင့် ရီရှန်တို့အပါအဝင် ချန်မျိုးနွယ်မှ နတ်ဘုရားတစ်ပိုင်းအချို့လည်း ပါကြသည်။ သူတို့က ဗုဒ္ဓဧကရာဇ်မြို့ဆီသို့ အသည်းအသန် ပျံသန်းသွားနေကြသည်။ ရီကျန်းက အဝေးမှနေ၍ အော်ပြောလိုက်သည်။
“ညီမလေး... မင်း ဘယ်ကို သွားနေတာလဲ။ တည်နေရာပြောင်းရွှေ့မှာကို ရပ်လိုက်”
တည်နေရာပြောင်းအရွှေ့အစီအရင်မှ တပ်သားများက ရီချန်ကို တည်နေရာပြောင်းရွှေ့ပေးရန် လုပ်နေကြသော်လည်း ရီကျန်း၏ အမိန့်ကို ကြားလိုက်သောအခါ ရပ်လိုက်ကြသည်။ တည်နေရာပြောင်းရွှေ့အစီအရင်ထဲတွင် ရှိနေသော ရီချန်က ရီကျန်းတို့အုပ်စုကို လှမ်းကြည့်ကာ ပြောလိုက်သည်။
“ကျွန်မ စိတ်ဆုံးဖြတ်ပြီးသွားပြီ။ ကျွန်မကို ဖျောင်းဖျဖို့ မကြိုးစားပါနဲ့တော့။ အစ်ကိုကြီး၊ အစ်ကိုနှစ်... အစ်ကိုတို့က ကျွန်မရဲ့ အကျင့်စရိုက်ကို သိပါတယ်။ ရီမျိုးနွယ်ကို အစ်ကိုတို့လက်ထဲပဲ ထည့်ခဲ့တော့မယ်”
“မဖြစ်ဘူး”
ရီကျန်းတို့အုပ်စုက အရှေ့သို့ ဆက်ပျံသန်းလာကြသည်။ ရီကျန်းက ပြတ်သားသော မျက်နှာထားဖြင့် လှမ်းအော်ပြောလိုက်သည်။
“ညီမလေး... ရူးမိုက်တာတွေ မလုပ်နဲ့။ မင်း ကျန်းရီကို မကယ်နိုင်ဘူး။ ကိုယ်သေးလမ်းကိုယ်ရှာသလိုပဲ ဖြစ်သွားလိမ့်မယ်”
ရီရှန်ကလည်း ခေါင်းညိတ်ကာ ပြောလိုက်သည်။
“ညီမလေး... အဘိုးနဲ့ အဖေတို့က မသေလောက်သေးပါဘူး။ မင်း ရူးရူးမိုက်မိုက် လုပ်လို့ မဖြစ်ဘူး။ ကျန်းရီလို လူတစ်ယောက်က ဘေးကင်းကင်းနဲ့ ပြန်ထွက်လာနိုင်မှာပါ။ မင်း သူ့ကို ကူညီစရာ မလိုပါဘူး”
“ဟင်းဟင်း...”
ရီချန် ခါးသက်သက် ရယ်လိုက်သည်။
“အဘိုးနဲ့ အဖေက မသေလောက်သေးဘူးဆိုတာကို ကျွန်မ ယုံပါတယ်။ ဒါပေမဲ့ ကျွန်မတို့နဲ့တင် သူတို့ကို မကယ်နိုင်ဘူး။ ကျန်းရီကမှ သူတို့ကို ကယ်နိုင်မှာ။ အဲ့ဒါကြောင့် အရင်ဆုံး ကျွန်မ ကျန်းရီကို သွားကယ်ရမယ်။ ကျွန်မအတွက် စိတ်မပူပါနဲ့... ကျွန်မမှာ ကောင်းကင်မိုးကြိုးခန္ဓာ ရှိပါတယ်။ မိုးကြိုးတွေ၊ လျှပ်စီးတွေက ကျွန်မကို မသတ်နိုင်ပါဘူး။ ငါးလတောင် ကျော်သွားပြီ... ကျန်းရီက အစီအရင်ထဲက ထွက်မလာနိုင်သေးဘူး။ ကျွန်မသာ သွားမကယ်ရင် သူ သေချာပေါက် သေသွားလိမ့်မယ်”
“အာ...”
ရီကျန်းရော ရီရှန်ပါ မည်သို့ ပြန်ပြောလိုက်ရမည်မသိ ဖြစ်သွားကြသည်။ ပင်လယ်နက်က အလွန်အန္တရာယ်များပေသည်။ ဗုဒ္ဓအင်ပါယာနှင့် ရီမျိုးနွယ်မှ နတ်ဘုရားတစ်ပိုင်းများက ပင်လယ်နက်သို့ သွားခဲ့သော်လည်း ယခုတွင် သူတို့ကိုပါ ဆက်သွယ်၍ မရတော့ပေ။ သို့ဖြစ်ရာ ရီမျိုးနွယ်သည် လက်ရှိအင်အားဖြင့် ဗုဒ္ဓဧကရာဇ်နှင့် ဗုဒ္ဓအင်ပါယာတို့ကို ကယ်တင်နိုင်မည် မဟုတ်ချေ။ ကျန်းရီတွင်မူ ဆန်းကြယ်နတ်ဘုရားနန်းတော်ရှိသည်။ ထို့ကြောင့် သူက ကြိုးစားကြည့်နိုင်လောက်သည်။
ရီချန်တွင်လည်း အမှန်ပင် ဝိညာဉ်ခန္ဓာတစ်ခုဖြစ်သော ကောင်းကင်မိုးကြိုးခန္ဓာ ရှိပေသည်။ ထိုအကြောင်းကို အားလုံးသိကြသည်။ သူမက ထိုခန္ဓာကြောင့် မိုးကြိုးလျှပ်စီးအတတ်ကို ကျင့်ကြံခဲ့ခြင်းဖြစ်သည်။ တစ်ခါက သူမသည် အထီးကျန် အရှေ့ပိုင်းပင်လယ်ထဲတွင် သုံးနှစ်ကြာ မိုးကြိုးလျှပ်စီးများ ကျဆင်းစေခဲ့ဖူးသည်။ သူမ၏ခန္ဓာကိုယ်က မိုးကြိုးလျှပ်စီးများ၏ တိုက်ခိုက်မှုကို အလွန်ခံနိုင်ရည်ရှိသည်။ သို့သော် ကျန်းရီ ပိတ်မိနေသည့် လောကဖျက်ဆီး ကောင်းကင်မိုးကြိုးအစီအရင်ကမူ ကွဲပြားပေသည်။ ထိုအစီအရင်မှ လျှပ်စီးတန်းများက ကောင်းကင်ကိုးဘုံးအထက်မှ လျှပ်စီးတန်းများဖြစ်သည်။ ထို့ကြောင့်လည်း အားလုံးက သူမအတွက် စိုးရိမ်နေခြင်းပင်။
သို့သော် ရီကျန်းတို့သည် ရီချန်၏ စကားများမှနေ၍ သူမ၏ ပြတ်သားမှုကို ခံစားနေရသည်။ သူမက စိတ်ဆုံးဖြတ်ပြီးပြီဖြစ်ကြောင်း ထင်ရှားသည်။ သူမသည် ကျန်းရီကို ကယ်နိုင်မည်ဟု ယုံကြည်မှုမရှိလျှင်ပင် ကြိုးစားရင်း သေရန် ပြင်ဆင်ပြီးလောက်ပေပြီ။
“မင်း သွားမယ်ဆိုရင် ငါတို့လည်း သွားမယ်”
ရီကျန်းက အံကြိတ်ကာ စက္ကန့်ပိုင်းမျှ တွေးတော၍ အော်ပြောလိုက်သည်။ ရီရှန်ကလည်း ခေါင်းညိတ်လိုက်သည်။ ရီမျိုးနွယ်မှ အကြီးအကဲများက ကူကယ်ရာမဲ့သည့်ပုံ ပေါက်နေကြသည်။ ရီကျန်းနှင့် ရီရှန်တို့က တည်ငြိမ်ကာ သိမ်မွေ့သူများဖြစ်ပြီး တိုက်ခိုက်တတ်သူများ မဟုတ်ပေ။ အကယ်၍ ရီချန်သာ ကျန်းရီကို သွားကယ်ရင်း သေသွားပါက ရီမျိုးနွယ်၏ ကျောထောက်နောက်ခံကို ဆုံးရှုံးလိုက်ရမည်ဖြစ်သည်။
“အစ်ကိုကြီး၊ အစ်ကိုနှစ်”
ရီချန်က သူတို့နှစ်ယောက်စလုံးကို အေးစက်စက်ကြည့်ကာ အလွန်လေးနက်သော အသံဖြင့် ပြောလိုက်သည်။
“ကျွန်မတို့က အိမ်မှာ ကစားနေတဲ့ ကလေးတွေ မဟုတ်ဘူး။ အစ်ကိုတို့နှစ်ယောက်စလုံးက အရွယ်ရောက်နေပါပြီ။ ပိုပြီး ရင့်ကျက်လို့ မရဘူးလား။ မျိုးနွယ်က အချိန်မရွေး ဖျက်ဆီးခံရတော့မယ်... အစ်ကိုတို့က ပြန်ခုခံဖို့ အသင့်ပြင်နေရမှာ။ အဘိုးနဲ့ အဖေက ဒီမှာ မရှိဘူး။ အဲ့တော့ အစ်ကိုတို့နှစ်ယောက်ပဲ မျိုးနွယ်တစ်ခုလုံးကို ဦးဆောင်ရမှာ။ မြို့လေးမြို့မှာရှိတဲ့ သန်းရာချီတဲ့ အရပ်သူ၊ အရပ်သားတွေကို အစ်ကိုတို့ပဲ ကာကွယ်ရမှာ။ ဒီလိုအချိန်မျိုးမှာ အစ်ကိုတို့က ကျွန်မနောက်ကို လိုက်ခဲ့ချင်သေးတာလား...”
“ရီမျိုးနွယ်ဝင်တွေ နားထောင်ကြ။ ကျွန်မ မရှိတဲ့အချိန် အစ်ကိုကြီးက ခေါင်းဆောင်ပဲ။ တကယ်လို့ တစ်ခုခု ဖြစ်လာရင် နှင်းဒေသကို ချက်ချင်းသွားပါ”
ရီချန်သည် အမိန့်ပေးပြီးသည်နှင့် ချက်ချင်း နောက်လှည့်ကာ အော်ပြောလိုက်သည်။
“တည်နေရာပြောင်းရွှေ့အစီအရင်ကို နှိုးကြ”
ရီကျန်းနှင့် ရီရှန်တို့ မည်သို့မှ ဆက်မပြောနိုင်တော့ပေ။ သူတို့သည် တိတ်တဆိတ်ရပ်ကာ တည်နေရာပြောင်းရွှေ့အစီအရင် နိုးထလာသည်ကိုသာ ကြည့်နေရတော့သည်။ ရီချန်၏ သွယ်လျသော ခန္ဓာကိုယ်လေး တည်နေရာပြောင်းရွှေ့အစီအရင်ထဲမှ ပျောက်ကွယ်သွားသောအခါ သူတို့ နာကျင်စွာ မျက်လုံးမှိတ်လိုက်ကြသည်။ မိမိတို့၏ ညီမအရင်းလေးက သေလမ်းသို့ သူမဘာသာ သွားသည်ကို ကြည့်ရသည်ထက် မည်သည်က ပိုနာကျင်နိုင်ပါဦးမည်နည်း။
***
ရီချန်သည် ကိုယ်ရံတော်တစ်ယောက်မှ မခေါ်ဘဲ ထွက်လာခဲ့ခြင်းဖြစ်သည်။ သူမသည် ထိုဆုံးဖြတ်ချက် ချနိုင်ရန် လပေါင်းများစွာ စိတ်ပြင်ဆင်ခဲ့ရသည်။ ထိုလအနည်းငယ်အတွင်း၌ သူမသည် ရီမျိုးနွယ်၏ ကိစ္စအဝဝကို စီစဉ်ကာ လက်လွှဲပေးခဲ့သည်။ ထိုအတောအတွင်း ဆန်းကြယ်မှုတစ်ခု ဖြစ်လာကာ ဗုဒ္ဓဧကရာဇ်နှင့် ဗုဒ္ဓအင်ပါယာတို့ ပြန်ရောက်လာဖို့လည်း သူမ မျှော်လင့်နေခဲ့သည်။ ကျန်းရီက သူ့ဘာသာ အစီအရင်ထဲမှ ဖောက်ထွက်လာနိုင်ပါစေဟုလည်း မျှော်လင့်ခဲ့သည်။
သို့သော် ဘာမှ ဖြစ်မလာခဲ့ပေ။ ထို့ကြောင့် ရီချန်သည် ရွေးချယ်စရာ မရှိတော့ဘဲ စွန့်စားရန်သာ ဆုံးဖြတ်လိုက်ရတော့သည်။ သူမသည် အစီအရင်ကို ဖျက်နိုင်မည့် နည်းလမ်းကိုရှာ၍ ကျန်းရီကို ကယ်တင်ရပေမည်။ သို့သော် သူမ ကျန်းရီကို ကယ်ရန် ဆုံးဖြတ်ခဲ့ခြင်းမှာ ကျန်းရီက ဗုဒ္ဓဧကရာဇ်နှင့် ဗုဒ္ဓအင်ပါယာတို့ကို ကယ်တင်နိုင်လောက်၍သာ မဟုတ်ပေ။ အခြား အရေးကြီးသော အကြောင်းတစ်ခုလည်း ရှိသေးသည်။ ရီချန်သည် သူမက အပြစ်သားကျွန်းမှ သူလျှို၊ ဆွဲဆောင်မှုရှိ၍ ဆန်းကြယ်သောယောက်ျား ကျန်းရီကို နက်နက်ရှိုင်းရှိုင်း ချစ်မိနေကြောင်း သိသွားခဲ့သည်။
ရီချန် ကျန်းရီကို ချစ်မိခြင်းမှာ ကျန်းရီက အထီးကျန် အရှေ့ပိုင်းပင်လယ်တွင် သူမ၏ တစ်ကိုယ်လုံးကို တွေ့ခဲ့ဖူး၍ ဖြစ်နိုင်သည်။ သို့မဟုတ် ကျန်းရီထံတွင် ဆန်းကြယ်မှုများစွာ၊ ထူးဆန်းမှုများစွာ ရှိနေ၍လည်း ဖြစ်နိုင်သည်။ ကျန်းရီက ဆန်းကြယ်နတ်ဘုရားနန်းတော်၏ ရေခဲကန်တွင် သူမကို ချန်ထားခဲ့မည့်အစား အတူအသေခံရန် ရွေးချယ်ခဲ့၍လည်း ဖြစ်လောက်သည်။ သို့တည်းမဟုတ် ဧကရာဇ်ကိုးပါးမျိုးနွယ်စုမှ သခင်မလေးတစ်ယောက်ဖြစ်သည့် ယဉ်ရို့ပင်းကလည်း ကျန်းရီကို ချစ်ခဲ့မိ၍ ဖြစ်မည်။
ပြီးခဲ့သော လအနည်းငယ်အတွင်း၌ ရီချန်သည် ကျန်းရီကို စွန့်လွှတ်၍ တစ်သက်လုံး အထီးကျန်စွာ ရှင်သန်နိုင်မည်လောဟု သူမကိုယ်သူမ မေးခဲ့သည်။
ကျန်းရီ မရှိသော ဘဝက အလွန်ခြောက်ကပ်ကာ ပျင်းစရာ ကောင်းပေလိမ့်မည်။
ရီချန်က ဇင်ကို ကျင့်ကြံသူဖြစ်သည်။ သို့သော် သူမသည် ဗုဒ္ဓဧကရာဇ်၏ ဇင်အဆင့်အထိ မရောက်နိုင်ခဲ့သဖြင့် တစ်ဘဝလုံး အထီးကျန်စွာ မနေလိုပေ။ သူမ၏နှလုံးသားက စိတ်လှုပ်ရှားဖွယ်ဘဝကို တောင့်တသည်။ သူမသည် ပျင်းရိစွာဖြင့် အသက်ရှည်ရှည် နေမည့်အစား စိတ်လှုပ်ရှားဖွယ်ဘဝနောက်သို့လိုက်ရင်း အသေခံမည် ဖြစ်သည်။
ထို့ကြောင့် ရီချန်သည် စေတီမြို့သို့သွားရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။ သူမ အစီအရင်ကို မဖျက်နိုင်လျှင် ကျန်းရီနှင့်အတူ အသေခံပေမည်။
စစ်မျိုးနွယ်အပါအဝင် မျိုးနွယ်(၃၆)ခုက သူတို့၏ တပ်သားများကို ပြန်ဆုတ်ရန် အမိန့်ပေးခဲ့ပြီဖြစ်သည်။ မြို့များစွာက ပျက်စီးနေပြီဖြစ်သော်လည်း မြို့ကြီးများရှိ တည်နေရာပြောင်းရွှေ့အစီအရင်များက အကောင်းအတိုင်း ရှိနေကြသေးသည်။ ထို့ကြောင့် ရီချန်သည် တစ်မြို့မှတစ်မြို့ အလွန်လျင်မြန်စွာ တည်နေရာပြောင်းရွှေ့နိုင်နေသည်။ နေ့ဝက်အတွင်းမှာပင် သူမသည် စေတီမြို့၏ အရှေ့ဘက် ကီလိုမီတာတစ်ထောင်အကွာရှိ မြို့ကြီးတစ်မြို့သို့ ရောက်သွားသည်။
ရီချန်သည် ထိုမြို့သို့ရောက်သောအခါ ဆက်၍ တည်နေရာပြောင်းရွှေ့မရတော့ကြောင်း သိလိုက်ရသည်။ ထို့ကြောင့် သူမသည် သူမဘာသာ မြို့ထဲမှပျံထွက်ကာ စေတီမြို့ဆီသို့ လျင်မြန်စွာ သွားလိုက်သည်။ သူမက ကြယ်ငါးပွင့်အဆင့် သိုင်းပညာရှင်တစ်ယောက်ဖြစ်၍ အတော်လေး စွမ်းအားကြီးပေသည်။ သို့သော် လမ်းတွင် နတ်ဘုရားတစ်ပိုင်း ပညာရှင်တစ်ယောက်နှင့် တွေ့ဆုံလျှင် သေသွားမည် ဖြစ်ကြောင်းကို သူမသိသည်။ သို့သော် သူမ မကြောက်ပေ။ သူမသည် ခရမ်းရောင်လျှပ်စီးတန်းတစ်တန်းအလား စေတီမြို့ဆီသို့ ပျံသန်းသွားနေပေသည်။
ဂျိန်း...ဂျိန်း...ဂျိန်း...
ကောင်းကင်ထက်မှ မိုးချုန်းသံများက ရီချန်၏ နားကို နာကျင်သွားစေသည်။ သူမက မျက်နှာဖုံးချွတ်ထားပြီး လှပသော မျက်နှာလေးကို လှစ်ဟပြထားသည်။ သို့သော် နတ်ဘုရားဒိုင်းကိုတော့ မထုတ်ထားပေ။ ထိုအစား သူမ မိုးကြိုးအတတ်ကို နှိုးထားသည်။ လျှပ်စီးတန်းများက သူမကို ဝန်ရံထားသည်။ သူမ၏ ခရမ်းရောင် ဝတ်စုံနှင့် ဆံနွယ်များက လေထဲတွင် ဝဲလွင့်နေသည်။ မည်းမှောင်နေသော ကောင်းကင်ကြီးက နောက်ခံအဖြစ် ရှိနေရာ သူမက လျှပ်စီးနတ်ဘုရားမတစ်ပါးနှင့် တူနေပေသည်။
ရီချန်သည် စေတီမြို့နှင့် နီး၍ နီး၍ လာသည်။ ခရမ်းရောင် ကောင်းကင်မိုးကြိုးအစီအရင်ကြီးကို လှမ်းမြင်နေရပေပြီ။ မိုးချုန်းသံများကလည်း ပို၍ ကြောက်မက်ဖွယ်ကောင်းလာသည်။ ရီချန်သည် ရွေးချယ်စရာ မရှိတော့သဖြင့် အကြားအာရုံကို ပိတ်ထားလိုက်ရသည်။ မဟုတ်လျှင် ထိုအသံများက သူမ၏ နားစည်ကို ကွဲသွားစေပေလိမ့်မည်။
လျှပ်စီးတန်းများက ညကောင်းကင်ကို စုတ်ဖြဲနေသည်။ လျှပ်စီးချက်တိုင်းတွင် မြေပြင်ကို သိမ့်သိမ့်တုန်စေမည့် အရှိန်အဝါ ပါလာသည်။ ထို့ပြင် ကြောက်မက်ဖွယ်ဖိအားကြီးတစ်ခုကလည်း ရီချန်ကို ဖိနှိပ်ထားသည်။ သူမ ရင်ခုန်မြန်လာပြီး အတွင်းအား ရှုပ်ထွေးလာသည်။ သူမသည် သေခြင်းတရား၏ ရနံ့ကိုပင် အနံ့ခံမိလာသည်။
‘ဟင်... ဘာလို့ ဆန်းကြယ်နတ်ဘုရားနန်းတော်က မလှုပ်တာလဲ။ ကျန်းရီ ရူးသွားပြီလား’
ရီချန်သည် ဆန်းကြယ်နတ်ဘုရားနန်းတော်က မိုးကြိုးအစီအရင်ထဲတွင် ရပ်တန့်နေသည်ကို အဝေးမှ လှမ်းမြင်လိုက်ရ၏။ သူမ၏ လှပသော မျက်ဝန်းလေးများက ဝေ့ဝဲကြည့်လိုက်သည်။ ဆန်းကြယ်နတ်ဘုရားနန်းတော် အစီအရင်အထဲတွင် ပိတ်မိနေခဲ့သည်မှာ ခြောက်လပြည့်ရန် နှစ်ပတ်သာ လိုတော့သည်။ သို့သော် နန်းတော်က လျှပ်စီးတန်းများကို မရှောင်လျှင် ခြောက်လပြည့်အောင် ခံနိုင်မည် မဟုတ်ကြောင်း ရီချန် သေချာသိသည်။ သို့ဖြစ်ရာ နန်းတော်က ရက်ပိုင်းအတွင်းမှာပင် ပျက်စီးသွားပေတော့မည်။
နန်းတော်သည် အချိန်မရွေး ပျက်စီးတော့မည်။
ရီချန်သည် အနားသို့ ဆက်တိုးသွားလိုက်သည်။ မိုးကြိုးအစီအရင်အလွှာကို ဖောက်၍ ဆန်းကြယ်နတ်ဘုရားနန်းတော်အား လှမ်းမြင်နေရသည်။ နန်းတော်ပတ်ပတ်လည်ရှိ အလင်းက မှေးမှိန်လာနေသည်။ လျှပ်စီးတန်းများက နန်းတော်၏ အကာအရံများကို အဆက်မပြတ် တိုက်ခိုက်နေသည်။ မကြာခင်မှာပင် အလင်းက လုံးဝပျောက်ကွယ်သွားတော့ပေမည်။ ကြည့်ရသည်မှာ နန်းတော်က စွမ်းအင်ကုန်တော့မည့်ပုံပင်။ ၎င်းက အချိန်မရွေး ပေါက်ကွဲသွားနိုင်သည်။
‘စွန့်စားမယ်...’
ရီချန်သည် ဆယ်ရက်ကျော်စော၍ ထွက်လာခဲ့ရန် ဆုံးဖြတ်ခဲ့မိသည့် သူမကိုယ်သူမ ကျေးဇူးတင်မိသွားသည်။ သူမသာ ရက်အနည်းငယ် နောက်ကျပြီးမှ ထွက်လာခဲ့ပါက ဆန်းကြယ်နတ်ဘုရားနန်းတော်က ပျက်စီးနေလောက်ပေပြီ။ သူမ၏ လှပသော မျက်ဝန်းများထဲတွင် ပြတ်သားမှုများ ပြည့်နှက်နေသည်။ သူမခန္ဓာကိုယ်ကို ဝန်းရံထားသော လျှပ်စီးတန်းများကလည်း ပိုအားကောင်းလာသည်။ ထို့နောက် သူမသည် မိုးကြိုးအစီအရင်ဆီသို့ ပြေးဝင်သွားလိုက်သည်။
အရှေ့ဘက် တော်ဝင်နယ်မြေတွင် ကောင်းကင်မိုးကြိုးခန္ဓာ ရှိသူမှာ ရီချန်တစ်ယောက်တည်းသာ ဖြစ်လောက်သည်။ သူမက လျှပ်စီးတန်းများကို စုပ်ယူနိုင်သည်။ ထိုအခိုက်တွင် သူမသည် ကောင်းကင်ကိုးဘုံအထက်မှ ကျဆင်းလာသော လျှပ်စီးတန်းများကို စုပ်ယူရန် ဆုံးဖြတ်ထားသည်။ အစီအရင်ကိုလည်း ထိုနည်းဖြင့်ပင် ချိုးဖျက်ရမည်ဖြစ်သည်။
ရီချန်သည် အသက်ကိုရင်း၍ စွန့်စားတော့မည်ဖြစ်သည်။ သူမ၏ခန္ဓာကိုယ်က ထိုလျှပ်စီးတန်းများ၏ စွမ်းအားကို မခံနိုင်လျှင် သူမ အမှုန့်ဖြစ်သွားပေလိမ့်မည်။ သူမသည် မီးကိုတိုးသော ပိုးဖလံတစ်ကောင်ကဲ့သို့ပင်။
***