← Chapters

နတ်ဘုရားဇီဝိန်ခြွေ

Vol. 85 Ch. 1182

နတ်ဘုရားဇီဝိန်ခြွေ

Vol. 85 Ch. 1182

ဂျိန်း...ဂျိန်း...ဂျိန်း...

မိုးကြိုးလျှပ်စီးများက ကောင်းကင်ကို ဆက်၍ တုန်ခါနေစေသည်။ လောကဖျက်ဆီး ကောင်းကင်မိုးကြိုးအစီအရင်နှင့် နီးကပ်လာလေလေ လျှပ်စီးတန်းများက ပို၍ကြောက်မက်ဖွယ် ကောင်းလာလေလေပင်။ ရီချန်သာ သူမ၏ အကြားအာရုံကို မပိတ်ထားလျှင် ယခုလောက်ဆို နားစည်ကွဲကာ သတိလစ်နေလောက်ပေပြီ။ လျှပ်စီးတန်းများက အစီအရင်အတွင်းရှိ နန်းတော်ကို အဆက်မပြတ် ထိမှန်နေသည်။ အဆက်မပြတ်သော လျှပ်စီးတန်းများက ပတ်ဝန်းကျင်လေထုကို တုန်ခါနေစေသည်။

ရီချန်သည် အစီအရင်နှင့် နီးလာသောအခါ ပို၍အားကောင်းသော ဖိအားကို ခံစားလိုက်ရသည်။ နတ်ဘုရားများအပါအဝင် လူတိုင်းသည် ၎င်းအစီအရင်နားသို့ ကပ်မိလျှင် တုန်လှုပ်သွားကြမည်သာ။ သူတို့၏ အတွင်းအားလည်း ရှုပ်ထွေးကုန်ကြမည်သာ။ ထိုအခါ သူတို့သည် ပြန်ဆုတ်ကြမည် ဖြစ်သည်။

ရီချန်သည်လည်း ပြန်ဆုတ်လိုနေသည်။ သို့သော် သူမရင်ထဲမှ တွန်းအားက သူမကို အရှေ့သို့ ဆက်သွားနေစေသည်။ သူမသည် မီးကိုတိုးသော ပိုးဖလံတစ်ကောင်ကဲ့သို့ အစီအရင်ဆီ ဆက်သွားနေသည်။ သူမသည် အတွင်အားများ ရှုပ်ထွေးလာကြောင်း ခံစားနေရသော်လည်း မရပ်တန့်လိုက်ပေ။

မီတာတစ်ထောင့်ငါးရာ၊ မီတာငါးရာ၊ မီတာသုံးရာ... မီတာတစ်ရာ့ငါးဆယ်...

ရွှစ်...ရွှစ်...

အစီအရင်အလွှာထက်မှ လျှပ်စီးတန်းများက ရီချန် ရောက်ရှိလာသည်ကို သိသွားကြ၏။ လျှပ်စီးတန်းအချို့က သူမထံသို့ ဦးတည်သွားသည်။ လျှပ်စီးတန်းများက သူမခန္ဓာကိုယ်ကို ထိမှန်သွားသောအခါ သူမ တုန်ယင်သွားပြီး နာကျင်စွာ မျက်ကြောရှုံ့လိုက်သည်။ သူမ၏ ထိုပုံစံကို တွေ့လိုက်ရသူတိုင်း စိတ်မကောင်းဖြစ်မိပေလိမ့်မည်။

ရီချန်က အလွန်လှပသူတစ်ယောက်ဖြစ်သည်။ သူမ၏ ရုပ်သွင်က အလွန်ချောမောပြီး သူမ၏ ပါးလေးများ နီမြန်းနေသည်။ ယောက်ျားတိုင်း သူမကို အလိုရှိကြမည်သာ။ သို့သော် ထိုအခိုက်တွင် သူမ၏ ပါးပြင်၌ မည်သည့်သွေးရောင်မှ ရှိမနေပေ။ အဘယ်ကြောင့်ဆိုသော် လျှပ်စီးတန်းများ ထိမှန်ခံလိုက်ရသည်နှင့် သူမ တစ်စုံတစ်ခုကို သေချာသွား၍ပင်။ သူမ၏ ကောင်းကင်မိုးကြိုးခန္ဓာက မပြီးပြည့်စုံသေးပေ။ သူမသည် အစီအရင်မှ နတ်ဘုရားမိုးကြိုးလျှပ်စီးများ၏ စွမ်းအားကို မခံနိုင်ချေ။

“ရှေ့ဆက်တိုး...’

ရီချန် ရေရွတ်လိုက်၏။ နောက်ပြန်ဆုတ်၍ မရတော့သဖြင့် သူမ အရှေ့သို့သာ ဆက်တိုးရပေမည်။

ရွှီ...ရွှီ...

လျှပ်စီးတန်းများက ရီချန်၏ ခန္ဓာကိုယ်ကို တိုက်ခိုက်နေသည်။ သူမ၏ ကိုယ်ပိုင်လျှပ်စီးတန်းများက ပျောက်ကွယ်သွားပြီဖြစ်သည်။ သူမ၏ သွယ်လျသော ခန္ဓာကိုယ်လေးက ထိန်းမနိုင်သိမ်းမရ တုန်ယင်နေသည်။ သူမ၏ မွေးညင်းများကလည်း ထောင်ထနေသည်။ သူမသည် မျက်နှာရှုံ့မဲ့နေပြီး တဖြည်းဖြည်း နှေးလာသည်။ သို့သော် မရပ်တန့်သေးပေ။

မီတာခြောက်ဆယ်၊ မီတာသုံးဆယ်... ဆယ်မီတာ...

နောက်ဆုံးတွင် ရီချန် ရပ်လိုက်သည်။ သူမ မရပ်တန့်လိုသော်လည်း ခန္ဓာကိုယ်က မခံနိုင်တော့ချေ။ သူမသည် ကောင်းကင်မိုးကြိုးခန္ဓာကို ပိုင်ဆိုင်ထားသော်လည်း လူသားတစ်ယောက်သာ။ မိုးကြိုးလျှပ်စီးများက သူမ၏အတွင်းအားကို ရှုပ်ထွေးနေစေသည်။ ထို့ကြောင့် သွေးများက နှလုံးဆီသို့ ပြောင်းပြန် ပြန်စီးကြသည်။ နှလုံးခုန်နှုန်းလည်း မြန်လာကာ သွေးကြောများက ပေါက်ထွက်တော့မလို ဖြစ်လာသည်။ သူမ၏ စိတ်ဝိညာဉ်သည်ပင် သက်ရောက်မှုကို ခံနေရသည်။

“ဆယ်မီတာ... ငါက မိုးကြိုးအစီအရင်နားတောင် မကပ်နိုင်ဘူး။ အဲ့ဒါတောင် အစီအရင်ကို ဖျက်နိုင်လိမ့်မယ်လို့ ထင်ခဲ့သေးတယ်... ဟင်းဟင်း။ ကျန်းရီ... ကျွန်မ ရှင့်ကို မကယ်နိုင်တော့ဘူး။ ကျွန်မ သေရတော့မယ်။ နောက်ဘဝမှာလည်း ကျွန်မရဲ့ မျက်နှာဖုံးကို ချွတ်မဲ့သူက ရှင် ဖြစ်နေမလား”

ထိုအခိုက်တွင် ရီချန်သည် ခံစားနေရသော နာကျင်မှုအားလုံးကို မေ့လျော့သွားသည်။ သေခြင်းနှင့် ရှင်ခြင်းကိုလည်း မေ့လျော့သွားသည်။ သူမ၏အတွင်းအားက ဆက်၍ ဗြောင်းဆန်နေသည်။ သူမ၏ခန္ဓာကိုယ်ကလည်း မလှုပ်မယှက်ရှိနေသည်။ လျှပ်စီးတန်းများက သူမအရှေ့မှနေ၍ သူမထံ ဦးတည်လာကြသည်။ ထိုလျှပ်စီးတန်းများကို သူမ ခံနိုင်မည် မဟုတ်ပေ။

ရွှီ...ရွှီ...

လျှပ်စီးတန်းများက ရီချန်ဆီသို့ ပျံဝင်လာသည်။ ရီချန်၏မျက်လုံးများ စတင် ဝေဝါးလာသည်။ သူမ သက်ပြင်းတစ်ချက် ချလိုက်သည်။ သူမ မသေခင်တွင် ကျန်းရီကို နောက်ဆုံးတစ်ခေါက်အဖြစ် မမြင်လိုက်ရခြင်းမှာ စိတ်မကောင်းစရာပင်။

ရွှီး...

ရီချန်သည် ဆန်းကြယ်နတ်ဘုရားနန်းတော်က ရုတ်တရက် တောက်ပလာပြီး အရွယ်ကျုံ့သွားသည်ကို မြင်လိုက်ရ၏။ သူမအရှေ့တွင် အနက်ရောင်ချပ်ဝတ် ဝတ်ဆင်ထားသော လူတစ်ယောက် ထွက်ပေါ်လာသည်။ သူ့လက်ထဲတွင် တစ်မီတာရှည်သော အနီရောင်ဓားတစ်ချောင်း ရှိနေသည်။ သူက လေကိုခွင်းလိုက်ပြီး မိုးကြိုးလျှပ်စီးတန်းများကို သူ့အား တိုက်ခိုက်စေလိုက်သည်။

‘ကျန်းရီလား... ဒါက မသေခင်မှာ မြင်ရတဲ့ ပုံရိပ်ယောင်လား’

ရီချန်၏ ခေါင်းထဲတွင် အတွေးတစ်ခု ပြည့်နှက်နေသည်။ ပုံရိပ်က ထူးဆန်းလွန်းသည်။ ကျန်းရီ၏ခန္ဓာကိုယ်က အဘယ်သို့ လျှပ်စီးတန်းများ၏ တိုက်ခိုက်မှုကို ခံနိုင်နေရသနည်း။ ကောင်းကင်မိုးကြိုးခန္ဓာကို ပိုင်ဆိုင်ထားသော သူမသည်ပင် မခံနိုင်ခဲ့သည် မဟုတ်လော။

ရွှက်...ရွှက်...

ထိုအခိုက်တွင် ရီချန်သည် အလွန်ထူးဆန်းသော အရာတစ်ခုကို တွေ့လိုက်ရ၏။ သူမသည် ဝေဝါးနေသော အမြင်မှတဆင့် အနက်ရောင်လူက ဓားရှည်ကို မြှောက်၍ လေကို ခုတ်နေသည်ကို တွေ့လိုက်သည်။ အစီအရင်မှ လျှပ်စီးများက ဓားအတွင်းသို့ စုပ်ယူခံနေရသည်။ အစောတွင် ရီချန်ထံသို့ ဦးတည်လာသော လျှပ်စီးတန်းများလည်း စုပ်ယူခံလိုက်ရသည်။

ဟူး...ဟူး....

လေက ဦးတည်ချက်ပြောင်းသွားပုံပင်။ မိုးမြေအတွင်းအားက မိုးကြိုးအစီအရင်ထံသို့ ရွေ့လျားသွားသည်။ ရီချန်သည် လျှပ်စီးများ၏ တိုက်ခိုက်မှုကို ထပ်မခံရတော့ပေ။ ထို့ကြောင့် သူမ၏ အတွေးက ရှင်းလာပြီး မျက်လုံးများ ပြန်ကြည်လင်လာသည်။ သို့သော် သူမသည် ကိုယ့်မျက်လုံးကိုယ် မယုံနိုင်ဖြစ်ကာ ပါးစပ်အဟောင်းသားဖြင့် တုန်ယင်နေလေသည်။

ဂါး...ဂါး...

အနက်ရောင်လူ၏ ဓားမှနေ၍ ဧရာမ မီးနဂါးကြီးသုံးကောင် ပျံထွက်သွားသည်။ ထိုမီးနဂါးသုံးကောင်က ဝိညာဉ်ပုံရိပ်များဟု မထင်ရဘဲ အစစ်အမှန်ဟု ထင်ရသည်။ တစ်ကောင်ကို မီတာသုံးရာကျော် ရှည်သည်။ ကြောက်မက်ဖွယ် ဖိအားတစ်ခုက ရီချန်ကို ထိုနဂါးများမှာ ထိပ်တန်းအဆင့် မိစ္ဆာအရှင်များဟု ထင်သွားစေသည်။ ၎င်းတို့က နဂါးအစစ်များပင်။ နဂါးသုံးကောင်သည် ၎င်းတို့နှင့်အတူ ကမ္ဘာဖျက်စွမ်းအားကို သယ်ဆောင်လာသည်။ ၎င်းတို့က ခရမ်းရောင်မိုးကြိုးအစီအရင်ဆီသို့ ပျံသန်းသွားကြသည်။ အနက်ရောင်လူကလည်း ရီချန်၏ မြင်ကွင်းထဲသို့ လျှပ်တစ်ပြက် ရောက်လာသည်။

ဝုန်း...ဝုန်း...ဝုန်း...

ပေါက်ကွဲသံကြီး သုံးသံ ထွက်ပေါ်လာသည်။ ထို့နောက်တွင် အစီအရင်က စတင် ပျက်စီးသွားသည်။ အနက်ရောင်လူက အချိန်မီ ပျံထွက်လိုက်သည်။ ထို့နောက် နန်းတော်ကြီး တစ်ခု ထွက်ပေါ်လာကာ ရီချန်သည် နန်းတော်ထဲသို့ စုပ်ယူခံလိုက်ရသည်။

ဝုန်း...ဝုန်း...ဝုန်း...ဝုန်း...

အစီအရင်ကြီး ပျက်စီးသွားပေပြီ။ ပေါက်ကွဲသံများလည်း အဆက်မပြတ် ထွက်ပေါ်လာသည်။ ပတ်ဝန်းကျင်လေထုကလည်း လုံးဝတွန့်ခေါက်သွားသည်။ ကောင်းကင်ထဲတွင် ဧရာမအက်ကြောင်းကြီးများ ထွက်ပေါ်လာကာ အဝေးသို့ ပြန့်ကားသွားသည်။ ၎င်းတို့သည် ကီလိုမီတာထောင်ချီ ပြန့်ကားသွားကာ လမ်းတစ်လျှောက်ရှိ အရာအားလုံးကို အမှုန့်ဖြစ်သွားစေသည်။ မြေပြင်ကလည်း ပြားကပ်သွားသည်။ ပတ်ဝန်းကျင် ကီလိုမီတာငါးဆယ်အတွင်း ဖုန်မှုန်းများ ထောင်းထောင်ထနေသည်။ ‌ပေါက်ကွဲသံများက အဝေးသို့ ပဲ့တင်ထပ်သွားသည်။

“ဟားဟားဟားဟား”

လေထန်နေပြီး တောင်များ တုန်ခါနေသည်။ အဟုန်လှိုင်းများက တောင်များကို ပြားကပ်သွားစေပြီး မိုင်ထောင်ချီအထိ ပျံ့နှံ့သွားသည်။ သို့သော် အနက်ရောင်လူအပေါ်ကိုမူ မည်သို့မှ မသက်ရောက်ချေ။ သူက အဝေးတွင် ရပ်နေပြီး ဟက်ဟက်ပက်ပက် ရယ်မောနေသည်။ သူ ကြာမြင့်စွာ မျိုသိပ်ထားခဲ့ရသော ဒေါသကို နောက်ဆုံးတွင် ဖွင့်ထုတ်နိုင်လိုက်ပေပြီ။

“ပျက်သွားပြီ... ငါ အစီအရင်ကို ဖျက်နိုင်လိုက်ပြီ။ နောက်ဆုံးတော့ ငါ အသက်ရှင်ရက် ထွက်လာနိုင်ပြီ”

အနက်ရောင်လူက အဆက်မပြတ် အော်ဟစ်နေသည်။ ပတ်ဝန်းကျင်လေထုက တည်ငြိမ်သွားမှ သူလည်း ပါးစပ်ပိတ်သွားသည်။ ကောင်းကင်ထဲမှ အက်ကြောင်းများ ပျောက်ကွယ်သွားပြီဖြစ်ပြီး ဖုန်မှုန့်များလည်း မြေပြင်ပေါ် ပြန်ရောက်သွားပေပြီ။ အနက်ရောင်လူ၏ မျက်နှာပေါ်တွင် စိတ်လှုပ်ရှားသည့် အရိပ်အယောင်များ ရှိနေသည်။ သူက သူ၏ မီးနဂါးဓားနှင့် ဆန်းကြယ်နတ်ဘုရားချပ်ဝတ်ကို ဝင်းဝင်းတောက်သော မျက်ဝန်းများဖြင့် ကြည့်နေသည်။ သူက သူအချစ်ရဆုံး အမျိုးသမီးကို ကြည့်နေသကဲ့သို့ပင်။

“ဒီနတ်ဘုရားဇီဝိန်ခြွေရဲ့ စွမ်းအားက အရမ်းကြီးတာပဲ။ အဲ့တာအိုပုံသဏ္ဌာန်က ကြယ်ဘယ်နှစ်ပွင့်အဆင့်ရှိလောက်လဲ။ ခုနစ်ပွင့်လား ဒါမှမဟုတ် ရှစ်ပွင့်လား။ အဲ့တာအိုပုံသဏ္ဌာန်နဲ့ဆို ငါ နတ်ဘုရားတစ်ပိုင်း မဖြစ်သေးခင်မှာတောင် မီးနဂါးဓားကို နှိုးလို့ရတယ်။ ဆန်းကြယ်နတ်ဘုရားချပ်ဝတ်ကိုလည်း မသန့်စင်ရ‌သေးဘဲနဲ့ သုံးလို့ရတယ်။ ပြီးတော့... ဒီမီးနဂါးဓားက သောက်ရမ်းကြမ်းတာပဲဟ။ တစ်ချက်တည်းနဲ့ အဲ့သောက်အစီအရင်ကို ဖျက်ဆီးပစ်လိုက်နိုင်တယ်။ ငါ့ရဲ့ အစွမ်းတွေက ကြယ်ဘယ်နှစ်ပွင့် ပညာရှင်နဲ့ ယှဉ်နိုင်နေပြီလဲ...”

ကျန်းရီတွင် အဖြေမရှိသော မေးခွန်းများစွာ ရှိနေသည်။ သူက ကိစ္စကြီးတစ်ခုကို လုပ်‌ဆောင်နိုင်ခဲ့ပေပြီ။ နောက်ပိုင်းတွင် ထောက်လှမ်းရေးများက သူ့အနောက်တွင် ခြေချင်းလိမ်နေတော့မည်ဖြစ်ကြောင်း သူ သိပေသည်။ လောကဖျက်ဆီး ကောင်းကင်မိုးကြိုးအစီအရင်က ဖျက်ဆီးခံလိုက်ရပြီဖြစ်သည်။ မကြာခင်တွင် သူ့နောက်သို့ ထောက်လှမ်းရေးများ လိုက်လာပေလိမ့်မည်။

ကျန်းရီသည် အစီအရင်ထဲတွင် လပေါင်းများစွာ ပိတ်မိနေခဲ့သည်။ ထိုအတောအတွင် အပြင်ဘက်၌ မည်သည့်ကိစ္စများ ဖြစ်ခဲ့သည်ကို သူ မသိပေ။ ထို့ကြောင့် သူသည် ဆန်းကြယ်နတ်ဘုရားနန်းတော်ထဲသို့ ဝင်၍ ရီချန်ကို မေးမြန်းပြီးမှ မည်သို့ဆက်လုပ်ရမည်ကို ဆုံးဖြတ်ရန် တွေးလိုက်လေသည်။

ရွှီး...ရွှီး..

ကျန်းရီ ဆန်းကြယ်နတ်ဘုရားနန်းတော်ထဲသို့ ဝင်ပြီးနောက် နန်းတော်ကို ကောင်းကင်ရှောင်တိမ်းခြင်းသုံးစေလိုက်သည်။ နန်းတော်က အာကာပြင်အက်ကြောင်းထဲသို့ ဝင်ကာ ပျောက်ကွယ်သွားသည်။

“ကျန်းရီ... တကယ်ပဲ ရှင်လား။ ရှင် တကယ်ပဲ အသက်ရှင်နေတာလား”

ရီချန်က ကောင်းကင်ပန်းချီကားသုံးချပ်ရှိနေသည့် အခန်းထဲသို့ အပို့ခံလိုက်ရခြင်းပင်။ သူမသည် ခံခဲ့ရသော တိုက်ခိုက်မှုများကြောင့် တုန်လှုပ်နေဆဲဖြစ်သည်။ သို့သော် ကျန်းရီကို မြင်လိုက်ရသည့်အခိုက်တွင် သူမ၏ မျက်ဝန်းများထဲ၌ ပျော်ရွှင်မှုများ ပြည့်နှက်သွားသည်။ သူမ ထရပ်ရန် ကြိုးစားလိုက်သည်။

ကျန်းရီက ဆန်းကြယ်နတ်ဘုရားချပ်ဝတ်ကို သိမ်းလိုက်သည်။ ရီချန်က ယိုင်နေပြီး ထမရပ်နိုင်သည်ကို တွေ့လိုက်သောအခါ သူ အပြေးလေးသွားလိုက်ပြီး သူမကို ထိန်းကိုင်ပေးလိုက်သည်။ ထို့နောက် သူသည် သိမ်မွေ့သောလေသံဖြင့် မေးလိုက်သည်။

“ချန်အာလေး... တင်တောင်းမဲ့ ပစ္စည်းတွေ အသင့်ဖြစ်ရင် ငါ မင်းကို လာလက်ထပ်မယ်လို့ ပြောခဲ့တယ်မလား”

ရီချန်၏ ဖြူဖျော့နေသော မျက်နှာကလေးက ရုတ်ခြည်း နီမြန်းသွားသည်။ သူမ ခေတ္တမျှ မျက်လုံးမှိတ်ကာ အနားယူလိုက်သည်။ သို့သော် သူမသည် သိလိုစိတ်ကို မထိန်းနိုင်သဖြင့် မျက်လုံးများ ပြန်ဖွင့်ကာ မေးလိုက်သည်။

“ကျန်းရီ... ရှင်က နတ်ဘုရားတစ်ပိုင်းအဆင့်ကို မရောက်သေးဘူးမလား။ ဘယ်လိုလုပ် အဲ့နတ်ဘုရားလက်နက်တွေကို နှိုးနိုင်ခဲ့တာလဲ။ ပြီးတော့ အစောက ရှင့်ရဲ့ တိုက်ခိုက်မှုက အရမ်းကြောက်စရာကောင်းတာပဲ။ အဲ့ဒါက ဘာတာအိုပုံသဏ္ဌာန်လဲ”

ကျန်းရီ မျက်တောင်ပုတ်ခတ်လိုက်ပြီး ပခုံးတွန့်ကာ ပြောလိုက်သည်။

“ငါလည်း အခုထိ သေချာ မသိသေးဘူး။ ငါက ဆန်းကြယ်ဧကရာဇ် ချန်ခဲ့တဲ့ ကောင်းကင်ပန်းချီကားတစ်ချပ်ကို လေ့လာခဲ့တာ။ နောက်တော့ ဒီတာအိုပုံသဏ္ဌာန်ကို သိမြင်နားလည်သွားတာပဲ။ အဲ့ဒါကို နတ်ဘုရားဇီဝိန်ခြွေလို့ ခေါ်တာလားပဲ”

“နတ်ဘုရားဇီဝိန်ခြွေလား.. ဘုရားရေ...”

ရီချန်သည် တုန်ယင်သွားပြီး စိတ်လှုပ်တရှား ပြောလိုက်သည်။

“အဲ့ဒါက ဆန်းကြယ်ဧကရာဇ်ရဲ့ စွမ်းအားအကြီးဆုံး တာအိုပုံသဏ္ဌာန်ပဲ။ အဲ့ဒါက ကြယ်ကိုးပွင့်အဆင့် တာအိုပုံသဏ္ဌာန်...”

ဘုတ်...

ကျန်းရီ ကြက်သေသေသွားသည်။ သူ့လက်နှစ်ဘက်က တုန်ယင်လာသည်။ သူ ထိန်းကိုင်ပေးထားသော ရီချန်သည်လည်း ကြမ်းပြင်ပေါ်သို့ ပြုတ်ကျသွားတော့သည်။

***

All Chapters