အဆုံးမဲ့ပင်လယ်နက်ဆီသို့
Vol. 85 Ch. 1183
“အိုက်ယား...”
ပုံမှန်ဆိုလျှင် ရီချန်သည် နာကျင်မှုကြောင့် အော်မည် မဟုတ်ပေ။ သို့သော် အစောတွင် တိုက်ခိုက်ခံထားရသဖြင့် သူမ တစ်ကိုယ်လုံး နာကျင်နေသည်။ ကျန်းရီသည် ချက်ချင်း သူမကို ပြန်ပွေ့ချီလိုက်ပြီး ဘေးခန်းတစ်ခန်းသို့ ခေါ်သွားလိုက်သည်။
ကျန်းရီသည် ရီချန်ကို ကုတင်ပေါ်တွင် ချပေးလိုက်ပြီး အားဖြည့်ဆေးလုံးအချို့ ပေးလိုက်သည်။ ထို့နောက် စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။
“ရီချန်... အဲ့ဒါက ကြယ်ကိုးပွင့်အဆင့် တာအိုပုံသဏ္ဌာန်ဆိုတာ သေချာလား။ မဖြစ်နိုင်လောက်ပါဘူး။ ငါက ကောင်းကင်ပန်းချီကားကို လေ့လာရုံနဲ့ ကြယ်ကိုးပွင့် တာအိုပုံသဏ္ဌာန်တစ်ခုကို သိမြင်နားလည်သွားတာလား။ ဘယ်လိုလုပ် အဲ့လောက်လွယ်မှာလဲ။ အဲ့လောက်သာ လွယ်ရင် လူတိုင်း ကြယ်ကိုးပွင့်အဆင့် သိုင်းပညာရှင်တွေ ဖြစ်ကုန်မှာပေါ့။ ငါက နတ်ဘုရားတစ်ပိုင်းအဆင့်တောင် မရောက်သေးဘူး။ မီးနတ်ဘုရားဓားကို ဘာလို့ ထိန်းချုပ်နိုင်ခဲ့တာလဲ။ ပြီးတော့ ဆန်းကြယ်နတ်ဘုရားချပ်ဝတ်ကို မသန့်စင်ရသေးပေမဲ့ သုံးလို့ရခဲ့တယ်။ အဲ့ဒါက ထူးဆန်းလိုက်တာ...”
“အဲ့ဒါက တကယ်ပဲ ထူးဆန်းတယ်...”
ရီချန်သည် အတန်ကြာ အနားယူပြီးနောက် သက်သာလာ၏။ သူမ ကုတင်ကို ကျောမှီကာ မျက်မှောင်ကြုတ်၍ ပြောလိုက်သည်။
“ကျွန်မတို့မျိုးနွယ်မှာ ဆန်းကြယ်ဧကရာဇ်ရဲ့ စွမ်းအားအကြီးဆုံး တိုက်ခိုက်မှုသုံးခုကို မှတ်တမ်းတင်ထားတဲ့ မှတ်တမ်းတစ်ခု ရှိတယ်။ ပထမတစ်ခုက ဝိညာဉ်လေတိုက်ခိုက်မှုတွေပဲ။ ဒုတိယတစ်ခုက နတ်ဘုရားဇီဝိန်ခြွေ။ တတိယတစ်ခုကတော့ ကြောက်စရာအကောင်းဆုံးပဲ။ နတ်ဘုရားဇီဝိန်ခြွေဆိုတဲ့ နာမည်ကို ဆန်းကြယ်ဧကရာဇ်ကိုယ်တိုင် ပေးထားတာ။ အပြင်လူတွေက အဲ့ဒါကို မသိကြဘူး။ တကယ်လို့ အဲ့တာအိုပုံသဏ္ဌာန်က နတ်ဘုရားဇီဝိန်ခြွေဆိုတာသာ ရှင် သေချာရင် အဲ့ဒါက ကြယ်ကိုးပွင့်အဆင့် တာအိုပုံသဏ္ဌာန်ဆိုတာ သံသယဖြစ်စရာ မရှိဘူး”
“ဒါပေါ့ ငါ သေချာပါတယ်”
ကျန်းရီက ယုံကြည်မှုရှိရှိ ပြောလိုက်သည်။
“ငါက အဲ့နာမည်ကို ကောင်းကင်ပန်းချီကားကနေ သိခဲ့ရတာ။ အဲ့တာအိုပုံသဏ္ဌာန်က နတ်ဘုရားဇီဝိန်ခြွေတဲ့။ မဟုတ်သေးပါဘူး... ဘာလို့ ကြယ်ကိုးပွင့်အဆင့် တာအိုပုံသဏ္ဌာန်က ကြယ်တာရာစွမ်းအားကို မပေးရတာလဲ။ အဲ့တာအိုပုံသဏ္ဌာန်ကလည်း မိုးကြိုးအမျက်လို မဟာတာအိုပုံသဏ္ဌာန်လား”
အောင်းလုက ကျန်းရီအား တာအိုပုံသဏ္ဌာန် အမျိုးအစား သုံးခုရှိသည်ဟု သင်ပေးခဲ့သည်။ ပထမတစ်မျိုးမှာ လေဓာတ်၊ မီးဓာတ်၊ ရေဓာတ် စသော ဓာတ်တာအိုပုံသဏ္ဌာန်များဖြစ်သည်။ ဒုတိယတစ်မျိုးမှာ အဖျက်တာအိုပုံသဏ္ဌာန်၊ အာကာသတာအိုပုံသဏ္ဌာန်နှင့် အချိန်တာအိုပုံသဏ္ဌာန်တို့ကဲ့သို့ မိုးမြေတာအိုပုံသဏ္ဌာန်ဖြစ်သည်။ နောက်ဆုံးတစ်မျိုးမှာမူ မဟာတာအိုပုံသဏ္ဌာန်များဖြစ်သည်။
‘ငါအရှင်က လူသားတွေရဲ့ ကျင့်ကြံခြင်းကို သိပ်နားမလည်ဘူး။ ဒါပေမဲ့ မင်းရဲ့ တာအိုပုံသဏ္ဌာန်က မိုးမြေစွမ်းအားကို တိုက်ရိုက် ငှားယူနိုင်တော့ မဟာတာအိုပုံသဏ္ဌာန်ပဲ ဖြစ်လိမ့်မယ်။ အဲ့တာအိုပုံသဏ္ဌာန်အမျိုးအစားက ဓာတ်တာအိုပုံသဏ္ဌာန်နဲ့ မိုးမြေတာအိုပုံသဏ္ဌာန်တို့ထက် သာတယ်။ သိမြင်နားလည်နိုင်ဖို့လဲ အရမ်းခက်ခဲတယ်။ မင်းက မိုးမြေရဲ့စွမ်းအားကို တိုက်ရိုက်ငှားယူနိုင်နေမှတော့ မိုးမြေက မင်းကိုဘာလို့ ကြယ်တာရာစွမ်းအား ချီးမြှင့်နေဦးမှာလဲ’
ကျန်းရီသည် အောင်းလု၏ စကားများကို ပြန်တွေးလိုက်၏။ ရုတ်တရက် နတ်ဘုရားဇီဝိန်ခြွေက သူ့အတွက် အဓိပ္ပာယ်ရှိသွားသည်။ မိုးကြိုးအမျက်က မိုးကြိုးလျှပ်စီးစွမ်းအားကို တိုက်ရိုက်ငှားယူ၍ ရန်သူများကို တိုက်ခိုက်သည်။ ယခုတွင် နတ်ဘုရားဇီဝိန်ခြွေက ပို၍ပင် စွမ်းအားကြီးနေသည်။ ၎င်းက မိုးမြေစွမ်းအားကို ငှားယူကာ ရန်သူများကို တိုက်ခိုက်သည်။ ထို့ကြောင့် မိုးမြေက သူ့အား ကြယ်တာရာစွမ်းအား မချီးမြှင့်ခြင်းမှာ သဘာဝကျပေသည်။
“ဒီနတ်ဘုရားဇီဝိန်ခြွေက တကယ်ပဲ ကြယ်ကိုးပွင့်အဆင့်ထင်တယ်။ အဲ့ဒါက မဟာတာအိုပုံသဏ္ဌာန်ပဲ။ ဒါပေမဲ့... အရင်တုန်းက ငါ မိုးကြိုးအမျက်ကို သိမြင်နားလည်ခဲ့တုန်းက ကောင်းကောင်းအသုံးချနိုင်ဖို့ အချိန်အများကြီး ပေးခဲ့ရတယ်။ ပြီးတော့ ငါက အဆင့်နိမ့် တာအိုပုံသဏ္ဌာန်တွေကို တစ်ခုချင်း ပေါင်းစည်းပြီးမှ အဲ့ဒါကို သိမြင်နားလည်ခဲ့တာ။ ဒါပေမဲ့ ဒီနတ်ဘုရားဇီဝိန်ခြွေကိုတော့ အလွယ်လေး နားလည်ခဲ့တာပဲ။ အဲ့ဒါက ဆန်းကြယ်နတ်ဘုရားနန်းတော်၊ ငါ့ရဲ့ ထူးခြားတဲ့ ခန္ဓာကိုယ်အမျိုးအစားနဲ့ မီးနဂါးဓားတို့နဲ့များ သက်ဆိုင်နေမလား”
ကျန်းရီ နားမလည်နိုင်ပေ။ သို့သော် ထိုမေးခွန်းများကို ချက်ချင်း ဘေးဖယ်ထားလိုက်သည်။ သူသည် ထူးဆန်းသော ကိစ္စများစွာကို တွေ့ကြုံခဲ့ရသဖြင့် အရေထူနေပြီဖြစ်သည်။ သူ၏ စွမ်းအားနှင့် ဗဟုသုတ တိုးပွားလာလျှင် ထိုမေးခွန်းများ၏ အဖြေများကို သိနိုင်လောက်သည်။ လောလောဆယ်တွင်တော့ ၎င်းမေးခွန်းများကို မတွေးတောရန်သာ ဆုံးဖြတ်လိုက်သည်။
ကျန်းရီသည် သက်ပြင်းနှစ်ချက် ချလိုက်ပြီး မေးလိုက်သည်။
“ရီချန်... မင်းက ဘာလို့ ဒီလောက်မိုက်ရူးရဲဆန်ရတာလဲ။ ဘာလို့ အဲ့မိုးကြိုးအစီအရင်နားကို ကပ်လာရတာလဲ။ မင်းက ငါ့နဲ့အတူ သေချင်လို့လား။ တကယ့်ကို မိန်းမရူးလေးပဲ။ အပြင်မှာ ဘာတွေ ဖြစ်နေပြီလဲ”
ရီချန်က ခါးသက်သက် ပြုံးလိုက်သည်။ သူမသည် အစီအရင်နားကိုပင် မကပ်နိုင်ခဲ့ဘဲ အစီရင်ကို ချိုးဖျက်ရန် စိတ်ကူးယဉ်ခဲ့သေးသည်။ ထို့ကြောင့် ရှင်းပြနေလျှင်လည်း အကျိုးရှိမည် မဟုတ်တော့ပေ။ ထို့နောက် သူမ အားတင်း၍ ပြောလိုက်သည်။
“အပြင်က အခြေအနေတွေက တော်တော်ဆိုးတယ်။ ဒါပေမဲ့ ကျွန်မ ရီမျိုးနွယ်ဝင်တွေကိုတော့ နှင်းဒေသဆီ ရွှေ့ပြောင်းထားပါတယ်။ စစ်ထူရီရှောင်နဲ့ တခြားသူတွေလည်း အပြစ်သားကျွန်းကို ပြန်သွားကြပြီ။ ကောင်းကင်ကြယ်တာရာနယ်မြေကလူတွေကတော့ နှင်းဒေသကို ပြောင်းရွှေ့သွားကြတယ်။ ရို့ပင်းက အခန်းအောင်း ကျင့်ကြံနေတုန်းပဲ။ ရှင့်ရဲ့... တခြားမိန်းကလေးနှစ်ယောက်ကလည်း ဗုဒ္ဓတောင်ပေါ်မှာ လုံလုံခြုံခြုံ ရှိနေပါတယ်”
ရီချန်သည် နောက်ဆုံးစကားကို ပြောသောအခါ ကျန်းရီကို စိုက်ကြည့်လိုက်သည်။ ထို့ကြောင့် ကျန်းရီသည် အပြစ်ရှိဟန်ဖြင့် နှာခေါင်းကုတ်လိုက်သည်။ ထို့နောက် သူ စိတ်တင်းကာ မေးလိုက်သည်။
“တော်တော်ဆိုးတယ်ဆိုတာ ဘယ်လောက်ဆိုးတာလဲ”
ရီချန်၏ မျက်နှာထားက ပုံမှန်ပြန်ဖြစ်သွားသည်။ ထို့နောက် လေသံတိုးတိုးဖြင့် ပြန်ပြောလိုက်သည်။
“အပြစ်သားကျွန်းက ပျက်သုဉ်းသွားပြီ။ လွန်ခဲ့တဲ့ နှစ်ပတ်တုန်းက အပြစ်သားကျွန်း ဖျက်ဆီးခံခဲ့ရတယ်။ မျိုးနွယ်(၁၃)ခုစလုံး အရှေ့ဘက် တော်ဝင်နယ်မြေက စစ်တပ်ရဲ့ လက်ထဲမှာ ကျဆုံးသွားပြီ။ သန်းဆယ်ချီတဲ့ သူရဲကောင်းတွေ သေခဲ့တယ်... သန်းရာချီတဲ့ အရပ်သူ၊ အရပ်သားတွေလည်း သေခဲ့ရတယ်...”
“ဘာ...”
ကျန်းရီ၏ အကြည့်များ တင်းမာသွားသည်။ ထို့နောက် အသံတုန်တုန်ယင်ယင်ဖြင့် ပြောလိုက်သည်။
“ဝမ်ကွမ်း၊ အစ်ကိုဝူရွှမ်း၊ အစ်ကိုရီရှောင်နဲ့ အစ်ကိုထောင်ထျန်းတို့ရော ဘာဖြစ်သွားလဲ”
“သူတို့က မသေပါဘူး”
ရီချန်က ဆက်ပြောလိုက်သည်။
“မျိုးနွယ်(၁၃)ခုက မျိုးဆက်သစ်တွေ အကုန်လုံး နှင်းဒေသကို လျှို့ဝှက်ရွှေ့ပြောင်းသွားကြတယ်။ သူတော်စင်ဧကရီကလည်း ရှင့်မျက်နှာကြောင့် သူတို့ကို စောင့်ရှောက်ပေးထားပါတယ်။ ဒါပေမဲ့... ကျွန်မရဲ့ သတင်းအရင်းအမြစ်တွေအရ ဝမ်ကွမ်းနဲ့ ကျန့်ဝူရွှမ်းတို့က အဆုံးမဲ့ပင်လယ်နက်ဆီ သွားခဲ့တယ်လို့ သိရတယ်။ သူတို့က အောင်းလုကို ရှင့်အတွက် အစီအရင်ကို ဖျက်ပေးဖို့ သွားအကူအညီတောင်းကြတာ။ ဒါပေမဲ့ အောင်းလုက ပေါ်မလာခဲ့ဘူး။ အဲ့ကတည်းက သူတို့နှစ်ယောက်က အဆုံးမဲ့ပင်လယ်နက်ထဲက ပြန်ထွက်မလာတော့တာပဲ”
“အာ...”
ကျန်းရီ မျက်နှာမည်းသွားသည်။ သူသည် မျက်လုံးကလယ်ဖြင့် အခြေအနေကို သုံးသပ်လိုက်သည်။ ထို့နောက် ထပ်မေးလိုက်သည်။
“အပြစ်သားကျွန်းက ဘယ်လို ဖျက်ဆီးခံခဲ့ရတာလဲ။ ငါ့ကို အသေးစိတ် ပြောပြပါ”
“ကောင်းပြီ...”
ရီချန်သည် အားတင်း၍ ဖြစ်ပျက်ခဲ့သော ကိစ္စအားလုံးကို အသေးစိတ် ပြောပြလိုက်သည်။ ထိုကိစ္စက အရေးကြီးကြောင်း သူမ သိသည်။ မဟာမိတ်စစ်တပ်က မိစ္ဆာများနှင့် စစ်ခင်းတော့မည်ဖြစ်သည်။ ထိုသို့သာ ဖြစ်လာလျှင် လူများစွာ ထပ်မံသေဆုံးရပေလိမ့်မည်။ မဟာမိတ်စစ်တပ်ထဲတွင် အရှေ့ဘက် တော်ဝင်နယ်မြေမှ စွမ်းအားကြီး သိုင်းသမားအားလုံးနီးပါး ပါသည်။ ထိုအုပ်စုက တိုက်ပွဲတွင် သေသွားပြီး နောက်ဆုံးကျမှ ကြိုးကိုင်သူ ထွက်လာလျှင် အရှေ့ဘက် တော်ဝင်နယ်မြေသည် ထိုသူကို ခုခံနိုင်တော့မည် မဟုတ်ပေ။
ရီချန်သည် အောင်းလုက ကြိုးကိုင်သူဟု မယုံသေးပေ။ သူမသည် ကျန်းရီအား အဖြစ်အပျက်အလုံးစုံကို ပြောပြပြီးနောက် သူမ၏ သုံးသပ်ချက်များကိုလည်း ရှင်းပြလိုက်သည်။ ကျန်းရီသည် အခြေအနေကို သူ့ဘာသာ သုံးသပ်ကာ ကောက်ချက်ချရမည်ဖြစ်သည်။
ရီချန်က ကျန်းရီကို ပင်လယ်နက်သို့ သွားရန် မလောလိုက်ပေ။ အကယ်၍ ဗုဒ္ဓဧကရာဇ်နှင့် ဗုဒ္ဓအင်ပါယာတို့က သေပြီးသွားပြီဆိုပါက လောလျှင်လည်း အသုံးမဝင်ပေ။ အကယ်၍ မသေသေးဆိုလျှင်လည်း အတန်ကြာ ဆက်တောင့်ခံရန် ပြဿနာရှိမည် မဟုတ်ချေ။ ကမ္ဘာစစ်ကြီးက စတင်တော့မည်ဖြစ်သည်။ သူတို့ အမှားလေးတစ်ခု ပြုမိသည်နှင့် လူသားမျိုးနွယ်က ပေးဆပ်ရပေလိမ့်မည်။ ရီချန်သည် ကျန်းရီကို ထိုကပ်ဘေးအား ရပ်တန့်ပေးစေလိုနေသည်။
မိသားစုထက် တိုင်းပြည်က ပိုအရေးကြီးသည်။ တိုင်းပြည်ထက် လောကကြီးက ပိုအရေးကြီးသည်။
တစ်လောကလုံး ဖျက်ဆီးခံလိုက်ရလျှင် တိုင်းပြည်ရော၊ အိမ်ရော ရှိနိုင်တော့မည် မဟုတ်ပေ။
‘ဘာလို့ အောင်းလုက အစီအရင်ကို ဖျက်ဖို့ မကူညီပေးခဲ့ရတာလဲ။ ဘာလို့ သူက အပြစ်သားကျွန်းကို မကူညီရတာလဲ။ ဘာလို့ အပြစ်သားကျွန်း ပျက်သုဉ်းရမှာကို ရပ်ကြည့်နေခဲ့တာလဲ’
ကျန်းရီ၏ ရင်ထဲတွင် မေးခွန်းများစွာ ရှိနေသည်။ သူ စိတ်ရှုပ်ထွေးနေသည်။ ရီချန်၏ သုံးသပ်ချက်ကလည်း အကျိုးအကြောင်း ဆီလျော်နေသည်။ ဆန်းကြယ်ဧကရာဇ်က လူသားမျိုးနွယ်ကြားထဲသို့ မိစ္ဆာတစ်ကောင် လွှတ်မပေးလောက်ပေ။ သို့သော် အောင်းလု၏ လုပ်ရပ်များက မေးခွန်းထုတ်စရာကောင်းနေသည်။ ထို့ကြောင့် ကျန်းရီ ကောက်ချက်မချနိုင် ဖြစ်နေသည်။
‘အဆုံးမဲ့ပင်လယ်နက်ဆီ သွားကြတာပေါ့’
ကျန်းရီ လျင်မြန်စွာပင် စိတ်ဆုံးဖြတ်လိုက်သည်။ အောင်းလုက ကြိုးကိုင်သူ ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ သူ အဆုံးမဲ့ပင်လယ်နက်သို့ သွားရပေမည်။ ကျန်းရှောင်နူ၊ ချမ်ဝမ်ကွမ်းနှင့် ကျန်ဝူရွှမ်းတို့က ထိုပင်လယ်တွင် ရှိနေသည်။ သူ ထိုသို့သွား၍ အောင်းလုကို ကိုယ်တိုင်မေးကာ အတည်ပြုရမည်ဖြစ်သည်။
“အောင်းလု... ခင်ဗျားက တကယ်ပဲ ကြိုးကိုင်သူဆိုရင် ကျွန်တော် ခင်ဗျားကို တောင်းပဲတောင်းပန်နိုင်တော့မယ်။ ကျွန်တော် ခင်ဗျားကို သတ်ပစ်ရမယ်။ ကောင်းကင်ကြယ်တာရာနယ်မြေက သန်းရာချီတဲ့ အသက်တွေအတွက် လက်စားမချေလို့မရဘူး။ လူသားတွေအများကြီး သေခဲ့ရတယ်။ အဲ့သွေးကြွေးက နက်ရှိုင်းတယ်...”
ကျန်းရီသည် အေးစက်စက် ရေရွတ်လိုက်သည်။ သူ့မျက်ဝန်းများထဲတွင် သတ်ဖြတ်အရှိန်အဝါနှင့် ပြည့်နှက်နေသည်။ သူက အောင်းလုအပေါ် များစွာအကြွေးတင်နေသော်လည်း ထိုကိစ္စက သူ့ကိစ္စထက် များစွာပိုကြီးသည်။ ထို့ကြောင့် စိတ်ပျော့၍ မဖြစ်ပေ။ ထိုအရေးက သူနှင့်အောင်းလု ကြားထဲမှ အရေးမဟုတ်၊ လူသားမျိုးနွယ်နှင့် မိစ္ဆာမျိုးနွယ်ကြားမှ အရေးဖြစ်သည်။
ရီချန်က ရုတ်တရက် ပြောလိုက်၏။
“တကယ်လို့ အောင်းလုက ကြိုးကိုင်သူ မဟုတ်ဘူး ဆိုရင်ရော။ အဲ့လိုဆို ရှင် ဘာလုပ်မှာလဲ။ ကျွန်မတို့ အဆုံးမဲ့ပင်လယ်နက်ကို ရောက်သွားတဲ့အချိန်မှာ လူသားတွေနဲ့ မိစ္ဆာတွေရဲ့ စစ်ပွဲက စနေလောက်ပြီ။ ရှင် ဘယ်ဘက်ကို ကူညီမှာလဲ။ မိစ္ဆာတွေကို ကူညီပြီး လူသားတွေကို သတ်မှာလား”
“ငါ...”
ကျန်းရီ ချီတုံချတုံ ဖြစ်သွားသည်။ မည်သို့လုပ်သင့်သည်ကို သူ မသိပေ။ ရီချန်က သိမ်မွေ့စွာ ပြုံးလိုက်သည်။
“ကျန်းရီ... ကျွန်မသာ ရှင့်နေရာမှာဆိုရင် မိစ္ဆာတွေကို ကူညီပြီး စစ်ပွဲကို အစကတည်းက အဆုံးသတ်လိုက်မယ်။ အောင်းလုက ကြိုးကိုင်သူ မဟုတ်ရင် ကြိုးကိုင်သူက လူသားတစ်ယောက်ပဲ။ ရှင် ကြိုးကိုင်သူကို သူ့ရဲ့ရည်ရွယ်ချက် အထမြောက်သွားအောင် မကူညီသင့်ဘူး။ သူက စစ်ပွဲကို စချင်နေတာ မျိုးနွယ်နှစ်ခုစလုံးကို ရှင်းပစ်ချင်လို့ ဖြစ်မယ်။ အဲ့တော့ ရှင် စစ်ပွဲမဖြစ်လာအောင် တားရမယ်။ အဲ့ဒါမှ သူ့ရဲ့အစီအစဉ်က ပျက်သွားပြီး လူသားမျိုးနွယ်ရဲ့ အင်အားကိုလည်း ထိန်းထားနိုင်လိမ့်မယ်...”
“ဟုတ်တယ်...”
ကျန်းရီ ဝမ်းမြောက်သွားသည်။ သူသည် ရီချန်၏လက်ကို ဆုပ်ကိုင်ကာ အလေးအနက် ခေါင်းညိတ်၍ ပြောလိုက်သည်။
“ရီချန်... မင်း အနားယူလိုက်ပါဦး။ နှစ်နှစ်ခြိုက်ခြိုက်အိပ်လိုက်ပါ။ ကျန်တဲ့ကိစ္စတွေကို ငါ့တာဝန်ထားလိုက်။ ငါ ကြိုးကိုင်သူကို ရှာပြီး ကပ်ဘေးကို တားမယ်”
“အွန်း...”
ရီချန်က ချိုသာစွာ ပြုံး၍ မျက်လုံးများမှိတ်ကာ တစ်ရေးအိပ်လိုက်သည်။ သူမ၏ လှပေသောမျက်နှာလေးပေါ်မှ အပြုံးက ယောက်ျားတိုင်းကို ရင်ခုန်ရပ်သွားစေမည်ဖြစ်သည်။
***